အခန်း (၁၂၀၅-၁၂၀၆)
Vol. 82 Ch. 1205-1206
အခန်း (၁၂၀၅) စိတ်ညစ်နေရတဲ့ သခင်လေးလီ
နှစ်သစ်ကူးပွဲတော် ပြီးလွန်သွားသည့်အခါ ဖုန်းယွီသည် ဟောင်ကောင်သို့ လေယာဉ်ဖြင့် တစ်ခေါက် ထပ်သွားလိုက်ပြန်သည်။ ဒီတစ်ခေါက်တွင်လည်း ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီသို့ သွားရောက်ပြီး ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို စစ်ဆေးကြည့်ရှုရန် ဖြစ်သည်။
ဟိုတစ်လောက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များ အတွင်း၌ ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီသည် ရွှေကို ၂၇၅ ဒေါ်လာဝန်းကျင် ဈေးဖြင့် ဝယ်ယူခဲ့ပြီး ၂၉၀ ဒေါ်လာဝန်းကျင်တွင် အကုန်ပြန်ထုတ်ရောင်းခဲ့သည်။ ဖုန်းယွီ၏ အရင်ဘဝ မှတ်ဉာဏ်များအရ ရွှေဈေးအတက်အကျ လှိုင်းဂယက်မှာ ဤမျှလောက်သာ ရှိခဲ့ဖူးသည်။
လက်တွေ့တွင်လည်း လန်ဒန်ရွှေဈေးကွက်၏ အမြင့်ဆုံးဈေးနှုန်းမှာ တစ်အောင်စလျှင် ၂၉၄ ဒေါ်လာအထိ ရောက်ရှိခဲ့သော်လည်း အတက်အကျ အလွန်ကြမ်းခဲ့သည်။ ရင်းနှီးမြှုပ်နှံသူ အများစုမှာ ဖုန်းယွီကဲ့သို့ပင် ၂၉၀ ဒေါ်လာ ကျော်သည်နှင့် ချက်ချင်း အရောင်းအဝယ် စာရင်းရှင်းကာ အမြတ်ထုတ်ပြီး ငွေပြန်ဖော်လိုက်ကြသည်။
သို့သော် လောင်းကစားသမားနှင့် တူသော လူအချို့ကမူ ဈေးထပ်တက်မည်ဟု ထင်ကာ ဆက်ကိုင်ထားခဲ့ကြသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့၏ တွက်ဆမှု လွဲချော်သွားခဲ့ခြင်းပင်။ ရွှေဈေး ၃၀၀ ဒေါ်လာ ကျော်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။
ထိုအချိန်တွင် ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီကမူ ပြောင်းပြန်လှန်ကာ ဈေးကျမည့်ဘက်မှနေ၍ အရောင်းစာရင်း ဖွင့်လိုက်သည်။ လူအများစုက နားမလည်နိုင် ဖြစ်ကုန်ကြသည်။ စစ်မက်ဖြစ်ပွားနေသည့် ကာလမျိုးတွင် ရွှေဈေး တက်ရမည် မဟုတ်ပါလော။ ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီက ဘာကြောင့်များ ဈေးကျမည်ဟု မြင်နေရသနည်း။
ရလဒ်ကတော့ အမေရိကန်ပြည်ထောင်စုက အာဖဂန်နစ္စတန်သို့ စစ်တပ်စေလွှတ်လိုက်သည်ဟု ကြေညာလိုက်ချိန်တွင် ရွှေဈေးသည် တရှိန်ထိုး ပြန်ကျသွားပြီး ၂၇၅ ဒေါ်လာဈေးသို့ ပြန်ရောက်သွားလေသည်။ အကြောင်းမှာ ရင်းနှီးမြှုပ်နှံသူ အများစုက အမေရိကန်သည် အာဖဂန်ရှိ အကြမ်းဖက်သမားများကို မုန်တိုင်းတိုက်သလို ခြေမှုန်းပစ်လိုက်နိုင်မည်ဖြစ်ပြီး အမေရိကန် စီးပွားရေးလည်း ချက်ချင်း ပြန်လည်ဦးမော့လာမည်ဟု ယုံကြည်ထားကြသောကြောင့် ဖြစ်သည်။ ထိုအချိန်ကျလျှင် လူအများက ငွေကြေးများကို ရှယ်ယာဈေးကွက်ထဲသို့သာ ပို့ဆောင်ကြလိမ့်မည်။
ထိုအချိန်သည် ဖူမိသားစု၊ လီမိသားစု စသည့် သူဌေးကြီးများ ဈေးကွက်ထဲ အလုံးအရင်း ဝင်ရောက်လာချိန်လည်း ဖြစ်သည်။ သူတို့သည် ပထမလှိုင်း အမြတ်အစွန်းကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီသည် Leverageအဆမမြင့်မားလှသော အချိုးကိုသာ သုံးစွဲထားပြီး အကာအကွယ်ယူကာ ရင်းနှီးမြှုပ်နှံထားသော်လည်း ရင်းနှီးငွေ ပမာဏ ကြီးမားလွန်းသဖြင့် နှစ်လမပြည့်ခင် အချိန်တိုအတွင်း ဒေါ်လာ ဘီလီယံချီသော အမြတ်ငွေကို ရရှိလိုက်လေသည်။
ယခုတစ်ခါ ရွှေဈေး ၂၇၅ ဒေါ်လာသို့ ပြန်ကျလာချိန်တွင် ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီသည် ရွှေကို ပြန်ဝယ်ယူပြီး ဈေးတက်မည့်ဘက်မှ ရပ်တည်ပြန်သည်။ ဖုန်းယွီက သူတို့ကို မှာကြားထားသည်မှာ “ဒီတစ်ခါတော့ ရေရှည်ဆွဲပြီး ကစားရမယ့်အချိန် ရောက်ပြီ” ဟူ၍ ဖြစ်သည်။
အဘယ်ကြောင့်နည်း။ အမေရိကန်က အာဖဂန်ကို စစ်တပ်လွှတ်လိုက်သော်လည်း သူတို့ထင်သလို အမြန်အဆန် အနိုင်မရဘဲ ပြင်းထန်သော ခုခံမှုများနှင့် ကြုံတွေ့နေရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဤတိုက်ပွဲသည် စစ်ပွဲအစစ်အမှန် ဖြစ်လာပြီး ဖုန်းယွီ ပြောဖူးသည့် “ကမ္ဘာပျက်မယ့် ခေတ်ပျက်ကြီး” ပုံစံ ပေါက်လာတော့သည်။
လက်ရှိအချိန်တွင် ရွှေဈေး အတက်အကျမှာ မငြိမ်မသက် ဖြစ်နေပြီး တက်မည့် အရိပ်အယောင်လည်း သိပ်မမြင်ရသေးပေ။ အောက်တိုဘာလဆန်းပိုင်းက ၂၇၅ ဒေါ်လာသို့ ပြန်ကျသွားပြီးနောက် အမြင့်ဆုံး ၂၈၀ ဒေါ်လာလောက်ထိသာ တက်ခဲ့ဖူးပြီး ၂၇၂ ဒေါ်လာအထိ ပြန်ကျသွားသည့် အကြိမ်ပေါင်းလည်း မနည်းတော့ပေ။
ဟယ်ကျောင်းကျီတို့ အဖွဲ့ကတော့ သက်သောင့်သက်သာပင် ကစားနေနိုင်သည်။ သူတို့က Leverage အဆနိမ့်နိမ့်သာ ယူထားပြီး အကာအကွယ်လည်း ကောင်းကောင်း ယူထားသဖြင့် ရွှေဈေး ၂၆၀ အထိ ကျသွားလျှင်တောင် အချိန်မီ စာရင်းရှင်းနိုင်သလို တန်ပြန်ရင်းနှီးမြှုပ်နှံရန် ငွေအလုံအလောက် ရှိနေသည်။ အရှုံးမရှိစေရဟု အာမခံထားနိုင်သည်။
သို့သော် လီမိသားစုကတော့ စိတ်ညစ်နေရပြီ ဖြစ်သည်။ အထူးသဖြင့် လီဇီခိုင် (လီသခင်လေး) ပင် ဖြစ်သည်။
လီဇီခိုင် ဝင်လာသည့်အချိန်က မစောလွန်း မနောက်လွန်း၊ ကွက်တိကြီးတွင် ဖြစ်နေသည်။ ရွှေဈေး ၂၉၀ ဒေါ်လာဝန်းကျင်၊ တစ်နည်းအားဖြင့် ထိုကာလ၏ အမြင့်ဆုံးဈေးတန်းတွင် ဝင်ဝယ်မိလိုက်ခြင်း ဖြစ်သည်။
ဝယ်ပြီးသည်နှင့် ဈေးက ထိုးကျသွားတော့သည်။ ဖုန်းယွီသာ လူလွှတ်ပြီး အချိန်မီ သတိပေးကာ ပြောင်းပြန် အရောင်းစာရင်း ဖွင့်ခိုင်းခဲ့ခြင်း မရှိလျှင် လီဇီခိုင်တစ်ယောက် ဒီတစ်ခါ အကြီးအကျယ် ရှုံးပြီဖြစ်သည်။ ဖုန်းယွီကြောင့် မရှုံးလိုက်သော်လည်း ဘာအမြတ်မှ မရလိုက်ပေ။ ထိုကိစ္စကြောင့် ဖခင်ဖြစ်သူ လီသူဌေးကြီးက သူ့ကို ရွှေဈေးကွက်ထဲထည့်ရန် ပိုက်ဆံထပ်မချေးတော့ပေ။
အမေရိကန်က စစ်တပ်လွှတ်ကြောင်း ကြေညာလိုက်လျှင် ရွှေဈေး အကြီးအကျယ် လှုပ်ခတ်မည်၊ ဈေးထိုးတက်လျှင်တက်၊ မတက်လျှင် ထိုးကျမည်ဟု ဖုန်းယွီက ရှင်းရှင်းလင်းလင်း သတိပေးခဲ့သည်။ သို့သော် လီဇီခိုင်က ရွှေဈေးတက်မည် ဆိုသည့်ဘက်တွင် လောင်းကြေးထပ်ခဲ့သည်။
လီချုံရိန်သာ အချိန်မီ ငွေလှမ်းပို့ပြီး ကယ်တင်ကာ ဈေးကျမည့်ဘက်ကို ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံခိုင်းခြင်း မရှိခဲ့လျှင် သူ ပြာကျသွားလောက်ပြီ။
ဖူမိသားစုလည်း ပါဝင်ခဲ့သည်။ သို့သော် ဖူရုန်ချီ ဆိုတာ ဘယ်သူလဲ။ ဟောင်ကောင်သာမက အာရှတစ်ခွင်လုံးက လေးစားရသည့် ငွေကြေးလောက၏ ထိပ်သီးဆရာကြီး ဖြစ်သည်။ သူ့ကုမ္ပဏီ၏ အဓိက လုပ်ငန်းက ငွေကြေးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကြီးမားခိုင်မာသည့် ကျွမ်းကျင်ပညာရှင် အဖွဲ့ကြီးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ဖူမိသားစုကလည်း ရွှေဈေးတက်မည်ဆိုသော ဖုန်းယွီ့စကားကို ယုံကြည်သည်။ သို့သော် ဈေးထိုးကျနိုင်ခြေ ရှိသည်ကိုလည်း သူတို့ နားလည်ကြသည်။ ထို့ကြောင့် ဖူမိသားစုသည် လီဗာရေ့ချ် အဆနိမ့်နိမ့်နှင့် အကာအကွယ်ယူကာ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
ဒီတစ်ခေါက် ကစားပွဲတွင် ဖူမိသားစု၏ အမြတ်က ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီလောက် မများသော်လည်း မဆိုးလှပေ။ ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံပြီး သန်း ၄၀၀၊ ၅၀၀ လောက် ပြန်မြတ်ခဲ့သည်။
ဖူမိသားစုသည် ရွှေဈေးတက်မည်ဟု ယူဆထားသော်လည်း “ကြက်ဥတွေကို ခြင်းတောင်းတစ်လုံးတည်းထဲ အကုန်မထည့်” သည့် မူဝါဒအတိုင်း အခြား ငွေကြေးဈေးကွက် ထုတ်ကုန်များတွင်လည်း ရင်းနှီးမြှုပ်နှံထားကြသည်။ မတော်တဆ အခြေအနေ တစ်ခုခုဖြစ်ခဲ့လျှင် အဆင်သင့် ဖြစ်စေရန် အရံငွေများကိုလည်း ဖယ်ထားကြသည်။
လီချုံရိန်က လီဇီခိုင်ကို ဆုံးမသည်။ “မင်း ငွေကြေးဈေးကွက်ထဲ ဝင်ကစားချင်ရင် ရပါတယ်။ ဒါပေမဲ့ ဟိုက ဖုန်းယွီလိုမျိုး ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့တော့ ပီပီပြင်ပြင် ရှိမှပေါ့ကွ။ ဖုန်းယွီက အမေရိကန် စစ်တပ်လွှတ်ရင် ရွှေဈေးတက်မယ်လို့ ပြောခဲ့တာ မှန်တယ်။ ဒါပေမဲ့ သူ့စကားရဲ့ အသေးစိတ်ကို မင်း သေချာ နားထောင်ခဲ့ရဲ့လား။ မင်းက ရွှေဈေးတက်မယ် ဆိုတာလောက်ပဲ ကြားပြီး မျက်စိမှိတ် လိုက်ဝယ်တာကိုး။ ဖုန်းယွီက မိတ်ဆွေပီသလို့သာ ရောင်းထုတ်သင့်တဲ့အချိန်မှာ လှမ်းသတိပေးခဲ့တာ။ မဟုတ်ရင် မင်း ငါ့ဆီက ပိုက်ဆံလာချေးပြီး ပြန်ဖော်ဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး”
လက်ရှိအချိန်တွင် ရွှေဈေးက လှုပ်ခတ်နေသော်လည်း တက်မလာသေးပေ။ ဖူမိသားစုကတော့ တောင့်ခံထားနိုင်သည်။ ရေရှည်ဆွဲကစားရမည်ဟု ဖုန်းယွီ ပြောထားသည် မဟုတ်လား။
ဒါပေမဲ့ လီဇီခိုင်၏ စိတ်က မရှည်တော့။ ရွှေဈေးက ၂၉၀ ဒေါ်လာနား ပြန်ကပ်နေပြီ။ ဖုန်းယွီတို့၊ ဖူမိသားစုတို့က ဘာလို့ အရောင်းအဝယ် စာရင်းမရှင်းကြသေးတာလဲ။
လီဇီခိုင်က ဖုန်းယွီထံ ဖုန်းဆက်မေးသည်။ ဘယ်တော့ ပြန်ရောင်းမှာလဲ ပေါ့။ ဖုန်းယွီက ဒီနှစ်ထဲတွင် ရွှေဈေးသည် ၃၀၀ ဒေါ်လာ အထက် ရောက်မည်ဖြစ်ပြီး ၃၅၀ ဒေါ်လာအထိပင် ရောက်သွားနိုင်ကြောင်း၊ သို့သော် အချိန်အနည်းငယ် ကြာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးထိုးကျသည့် အခြေအနေမျိုး မဖြစ်မချင်း ရောင်းမည်မဟုတ်ကြောင်း ပြောပြလိုက်သည်။
လီဇီခိုင် အံ့သြသွားသည်။ ဖုန်းယွီက ရွှေဈေး ၃၅၀ အထိ ရောက်မယ် ပြောတယ် ဟုတ်လား။ ဖုန်းယွီပြောသည့် “ဖြစ်နိုင်ခြေရှိတယ်” ဆိုသော စကားကို သူ အမှုမထားတော့။
ဖုန်းယွီသည်လည်း မကြာသေးမီက ရွှေဈေး အတက်အကျနှင့် အခြားသော အချက်အလက်များကို စုဆောင်းသုံးသပ်ကာ လီဗာရေ့ချ် အဆတိုးမတိုး ဆုံးဖြတ်ရန် ဟောင်ကောင်သို့ ရောက်လာခြင်း ဖြစ်သည်။
ဖုန်းယွီ ရောက်သည်နှင့် လီဇီခိုင်နှင့် ဖူကွမ်းကျန့်တို့လည်း ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီသို့ ချက်ချင်း ရောက်လာကြသည်။
“အစ်ကိုခိုင်... ပြီးခဲ့တဲ့ တစ်ခေါက်က ကိစ္စအတွက် တောင်းပန်ပါတယ်။ အဲဒီတုန်းက ကျွန်တော် ရှင်းရှင်းလင်းလင်း မပြောမိလိုက်တော့ အစ်ကိုခိုင် နစ်နာလုနီးပါး ဖြစ်သွားရတယ်” ဖုန်းယွီက တောင်းပန်စကား ဆိုလိုက်သည်။ လီဇီခိုင်က ဒီလောက်အထိ ပရော်ဖက်ရှင်နယ် မဆန်မှန်း သူ ဘယ်သိပါ့မလဲ။ ငွေကြေးအကျိုးဆောင်တစ်ယောက်တည်း ငှားပြီး လုပ်ရဲတာ သတ္တိကတော့ ခဲခါးပဲ။
လီဇီခိုင်လည်း မျက်နှာပူသွားပြီး “ညီလေးဖုန်းကလည်း နောက်နေပြန်ပြီ။ အစ်ကိုက ကျေးဇူးတင်ရမှာပါ။ ညီလေးသာ အချိန်မီ ပြောင်းပြန် ပြန်ဝယ်ဖို့ သတိမပေးရင် အစ်ကို အကြီးအကျယ် ရှုံးတော့မှာ။ အခုတော့ သဲထိတ်ရင်ဖိုနဲ့ အရင်းပြန်ရလိုက်ပါတယ်။ ပိုက်ဆံမမြတ်ပေမဲ့ မရှုံးဘူးပေါ့။ ဒါနဲ့ အစ်ကိုလည်း သင်ခန်းစာ ရသွားပါတယ်။ ဒီလို ကုန်စည်ဒိုင် ကစားပွဲတွေက လူတိုင်း ကစားနိုင်တာ မဟုတ်ဘူးဆိုတာကိုလေ”
“ဟားဟား... ခင်ဗျားတို့နှစ်ယောက်ကလည်း။ တစ်ယောက်နဲ့ တစ်ယောက် ယဉ်ကျေးမနေကြပါနဲ့တော့။ လီသခင်လေး... ခင်ဗျားပိုက်ဆံတွေကို ကျုပ်ရဲ့ ဖန်တီးထားတဲ့ ရန်ပုံငွေအဖွဲ့ထဲ ထည့်လိုက်ပါလား။ ဒါမှမဟုတ် ဖုန်းယွီ အတိုင်ပင်ခံ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံလိုက်လေ။ ကျုပ်တို့က ကော်မရှင် နည်းနည်း ပိုယူပေမဲ့ ခင်ဗျားပိုက်ဆံတွေကိုတော့ စွန့်စားခန်း ဖွင့်မှာမဟုတ်ဘူး” ဖူကွမ်းကျန့်က ရယ်မောရင်း ပြောလိုက်သည်။
“ကိုကွမ်းကျန့်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်ပဲ လေ့လာရင်း လုပ်ချင်လို့ပါ”
လီဇီခိုင်က ဖူကွမ်းကျန့်လက်ထဲ သူ့ပိုက်ဆံတွေကို ဘယ်ထည့်ပါ့မလဲ။ တခြားနေရာမှာ ရင်းနှီးမြှုပ်နှံရင်လည်း အမြတ်ရတာပဲလေ။ လီမိသားစု ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ရှယ်ယာဈေးတွေ ကျနေတယ် ဆိုပေမဲ့ ပြည်မကြီးမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေ၊ လုပ်ငန်းတွေက တန်ဖိုးတက်နေတာပဲ။
ပြီးတော့ လီဇီခိုင်၏မာနကလည်း ဖူကွမ်းကျန့်ကို ဦးမညွတ်ချင်။ ပိုက်ဆံအပ်လိုက်ရင် သူက ဖူကွမ်းကျန့်လောက် မတော်ဘူးလို့ ဝန်ခံလိုက်သလို ဖြစ်နေမည်။ ဖုန်းယွီဆီ အပ်တာကတော့ စဉ်းစားလို့ရသည်။ ဒါပေမဲ့ ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီက အနည်းဆုံး ကော်မရှင် ၂၀ ရာခိုင်နှုန်း ယူသည်။ သူတို့ဘာသာ လုပ်ရင် အဲဒီ ကော်မရှင်ခ သက်သာမယ် မဟုတ်လား။ ဘယ်သူမဆို နှမြောကြမှာပဲလေ။
“လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက် ရှိကြတာပဲလေ။ လီသခင်လေး ကိုယ်တိုင် ကစားချင်တာ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ သတိနည်းနည်း ထားဦးနော်” ဖုန်းယွီက ပြုံးရင်း ပြောလိုက်သည်။
******
အခန်း (၁၂၀၆) ကျန်းမိသားစု၏ ပူးပေါင်းလိုမှု
လာမည့် တစ်နှစ်တာ ကာလအတွင်း ရွှေဈေးနှုန်းသည် အတက်အကျ လှိုင်းဂယက်များ ရှိနေဦးမည် ဖြစ်သော်လည်း ခြုံငုံကြည့်ပါက မြင့်တက်လာမည့် လမ်းကြောင်းပေါ်တွင်သာ ရှိနေပြီး ၃၅၀ ဒေါ်လာ ဈေးတန်းကိုပင် ထိတွေ့သွားနိုင်လေသည်။ ဆိုလိုသည်မှာ ဖုန်းယွီအနေဖြင့် Leverage ခေါ် အဆပွား ရင်းနှီးမြှုပ်နှံမှုကို မသုံးစွဲဘဲ သူ၏လက်ဝယ်ရှိ ကြီးမားလှသော ငွေလုံးငွေရင်း အားသာချက်ကို အသုံးပြုလိုက်ရုံဖြင့် တစ်နှစ်အတွင်း ဒေါ်လာ ဘီလီယံနှင့်ချီသော အမြတ်အစွန်းကို ရရှိနိုင်မည် ဖြစ်သည်။
သို့သော် ဖုန်းယွီသည် Leverageကို လုံးဝ မသုံးစွဲဘဲ နေမည်မဟုတ်ပေ။ အဆနိမ့်နိမ့်ယူပြီး Hedging ရယူကာ ကစားဦးမည်သာ ဖြစ်သည်။ ထို့ကြောင့် ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်အတွင်း နှစ်ဆ တက်လာပေလိမ့်မည်။
ဤအခြေအနေအတိုင်းသာ ဆက်လက်ရှိနေမည်ဆိုပါက ဖုန်းယွီ၏ အခြားကုမ္ပဏီများကို ရှယ်ယာဈေးကွက်သို့ မတင်ရသေးလျှင်တောင်မှ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုတန်ဖိုးများ ကျဆင်းလာချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဖုန်းယွီသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို ရယူနိုင်တော့မည် ဖြစ်သည်။
လက်ရှိအချိန်တွင် အမေရိကန် ရှယ်ယာဈေးကွက်သည် ကျဆင်းနေဆဲ ဖြစ်သည်။ ယခင်ကကဲ့သို့ အကြီးအကျယ် ထိုးကျသွားခြင်းမျိုး မဟုတ်သော်လည်း အခြေအနေ ဆိုးရွားနေဆဲပင်။ အထူးသဖြင့် အခြေခိုင် ကုမ္ပဏီကြီးများ၏ ရှယ်ယာများကို ဝယ်ယူရဲသူ မရှိသဖြင့် ဈေးပြန်တက်မည့် အရိပ်အယောင် မမြင်ရပေ။ ကုမ္ပဏီအငယ်စားလေးများ၏ ရှယ်ယာများ ဈေးတက်နေသည်ကို တွေ့ရသော်လည်း ၎င်းမှာ လူကစားများပြီး ဈေးကစားခံထားရသောကြောင့်ဖြစ်ကြောင်း ဖုန်းယွီ သတိထားမိလိုက်သည်။
ထို့ပြင် ရှယ်ယာဈေးကွက်အတွင်းမှ ငွေကြေးအမြောက်အမြားသည် ရွှေဈေးကွက်အတွင်းသို့ စီးဝင်သွားကြသည်။ ဤသည်မှာလည်း ရွှေဈေးနှုန်းကို ဆက်လက်မြင့်တက်စေသော အဓိက အကြောင်းရင်းပင် ဖြစ်သည်။
အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်သို့ တပ်ဖွဲ့စေလွှတ်လိုက်ခြင်းသည် ဤမျှ လွယ်လွယ်ကူကူနှင့် ပြီးဆုံးသွားမည့်ကိစ္စ မဟုတ်ပေ။ အရင်ဘဝ မှတ်ဉာဏ်များအရ ဖုန်းယွီ မကွယ်လွန်မီ နှစ်နှစ်၊ သုံးနှစ်ခန့် အလိုကျမှ အမေရိကန်က စစ်ပွဲပြီးဆုံးကြောင်း ကြေညာခဲ့သည် မဟုတ်ပါလော။ နာမည်ခံအားဖြင့် ဘင်လာဒင်ကို သတ်ဖြတ်နိုင်လိုက်သောကြောင့်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ပြည်တွင်းမှ စီးပွားရေး ဖိအားများနှင့် လူထုဖိအားများကို အမေရိကန်တို့ ဆက်လက်မတောင့်ခံနိုင်တော့၍သာ ဖြစ်သည်။
ပြည်ပသို့ တပ်လွှတ်ထားရသည့် စရိတ်စကသည် တစ်နှစ်လျှင် နည်းနည်းနောနော မဟုတ်ပေ။ အထူးသဖြင့် ကမ္ဘာ့ထိပ်တန်း လစာပေးထားရသော အမေရိကန် စစ်သားများ၏ လစာစရိတ်ပင် ဖြစ်သည်။ (အီတလီစစ်သားများ လစာလောက်တော့ မများသော်လည်းပင်။)
ဤတစ်ကြိမ် တပ်လွှတ်လိုက်ခြင်းက အမေရိကန် ပြည်တွင်းပဋိပက္ခများကို လျော့ပါးသွားစေသော်လည်း အမေရိကန် အစိုးရအပေါ် ကြီးမားသော စီးပွားရေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။ အရင်ဘဝတုန်းကဆိုလျှင် အမေရိကန် အစိုးရသည် “ဒေဝါလီခံသည်” ဟုပင် ကြေညာခဲ့ဖူးသည်။ အမှန်တကယ်တော့ ဗြောင်ကျကျ အကြွေးမဆပ်ချင်၍ လုပ်ခြင်းသာ။
ဒေဝါလီ ခံလိုက်ပါက ငွေပြန်လည်ပေးဆပ်ရန် မလိုတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ယခုစစ်ပွဲက အမေရိကန်နှင့် NATO အဖွဲ့ဝင် နိုင်ငံများ၏ ကြီးမားသော စစ်ရေးစွမ်းရည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။ ရုရှားက ဝင်ရောက်စွက်ဖက်ခြင်း မရှိသရွေ့ လက်ရှိအချိန်တွင် အမေရိကန်ကို စစ်ရေးအရ ယှဉ်ပြိုင်ရဲသည့် နိုင်ငံမရှိသေးပေ။ တရုတ်နိုင်ငံလည်း မယှဉ်နိုင်သေး။
တရုတ်နိုင်ငံ၏ စစ်ရေးစွမ်းရည်မှာ ဤနှစ်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာသော်လည်း တိုက်ခိုက်ရေးလက်နက်ပိုင်းတွင် လိုအပ်ချက် ရှိနေသေးသည်။ ကမ္ဘာ့အင်အားအကြီးဆုံး ကြည်းတပ်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုသော်လည်း တရုတ်နှင့် အမေရိကန်သည် နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိပေ။ ဆိုလိုသည်မှာ သူတစ်ပါးက မိမိအိမ်တံခါးဝသို့ လာရောက်တိုက်ခိုက်လျှင် ခံရမည်ဖြစ်ပြီး မိမိက သူတစ်ပါးအိမ်သို့ သွားရောက်တိုက်ခိုက်နိုင်စွမ်း မရှိသေးခြင်း ဖြစ်သည်။ စစ်ပွဲ ဆုံးရှုံးမှု ရှုထောင့်မှ ကြည့်လျှင် တရုတ်က များစွာ နစ်နာနေသေးသည်။
ကံကောင်းသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း မြန်ဆန်လာပြီး ငွေကြေးတတ်နိုင်လာသဖြင့် လေယာဉ်တင်သင်္ဘော စီမံကိန်းများကို စတင် အကောင်အထည် ဖော်လာနိုင်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက ကြားနေ ငြိမ်းချမ်းရေးဝါဒီဟု ကြွေးကြော်ထားသော်လည်း အမှန်တကယ် ကြားနေနိုင်ရန်အတွက် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသော စစ်ရေးအင်အား လိုအပ်ပေသည်။ အထူးသဖြင့် မိမိ၏ အိမ်နီးချင်းက အင်အားကြီးမားလှသော ဝင်ရိုးစွန်း ဝက်ဝံကြီး (ရုရှား) ဖြစ်နေလျှင် ပို၍ လိုအပ်သည်။
နိုင်ငံတော် အကျိုးစီးပွား ရှုထောင့်မှ ကြည့်လျှင် တရုတ်နိုင်ငံ အင်အားကြီးမားလာခြင်းသည် အမေရိကန်အတွက်ရော၊ ရုရှားအတွက်ပါ ခြိမ်းခြောက်မှတစ်ခု ဖြစ်လာစေသည်။ အမေရိကန်က ဆရာကြီး လုပ်ကျင့်ပါနေသူဖြစ်ပြီး ရုရှားကမူ မည်သူ့ကိုမျှ ဂရုစိုက်သူ မဟုတ်ပေ။
ရှေးခေတ်ကတည်းက ရှိခဲ့သော “အဝေးကလူကို မိတ်ဆွေဖွဲ့၊ အနီးကလူကို တိုက်ခိုက်” ဆိုသည့် မူဝါဒအတိုင်း တရုတ်နှင့် ရုရှား ဆက်ဆံရေးသည်လည်း ကောင်းလိုက် ဆိုးလိုက် ဖြစ်နေခဲ့သည်။ အမေရိကန်သာ မရှိလျှင် ထိုနှစ်နိုင်ငံ တိုက်ခိုက်ကြသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ရုရှား၏ အရိပ်အာဝါသအောက်တွင် အမြဲနေသွားရန် အစီအစဉ် မရှိပေ။ ရုရှား သို့မဟုတ် ယခင် ဆိုဗီယက်ယူနီယံ၏ ထောက်ပံ့မှုကို ရယူထားသော နိုင်ငံများကို အမေရိကန်က ဝင်ရောက်တိုက်ခိုက်စဉ်က ရုရှားက မည်သည့်စကားမျှ ဝင်မပြောခဲ့သည်ကို ကြည့်ပါ။ ရှင်းရှင်းပြောရလျှင် ငွေကြေးမရှိ၍ ဝင်မတိုက်နိုင်ခြင်း ဖြစ်သလို အမေရိကန်နှင့် တကယ်တမ်း ထိပ်တိုက် မတွေ့ရဲသောကြောင့်လည်း ဖြစ်သည်။
ဤနိုင်ငံကို ထောက်ပံ့၍ မရတော့လျှင် နောက်တစ်နိုင်ငံ ပြောင်းလဲထောက်ပံ့လိုက်ရုံသာ ရှိသည်။ စစ်ဖြစ်နေခြင်းက ရုရှား၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီသည်။ ကမ္ဘာ့နာမည်အကြီးဆုံး AK-47 သေနတ်သည် ရုရှားထုတ် မဟုတ်ပါလော။ အမေရိကန်ကို တော်လှန်တိုက်ခိုက်နေသည့် နိုင်ငံအများစုသည် ရုရှားလက်နက်များကို ဝယ်ယူကြသည်။ ရုရှားအနေဖြင့် ကိုယ်တိုင်ဝင်တိုက်စရာ မလိုဘဲ ငွေရှာနေရုံသာ ဖြစ်သည်။
အရင်ဘဝတုန်းက ဤစစ်ပွဲသည် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း ရုရှားစီးပွားရေး အကြီးအကျယ် ဖွံ့ဖြိုးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်စီးပွားရေးလည်း ထိုးတက်လာခဲ့သည်။
ပြောရလျှင် ဤစစ်ပွဲကြောင့် အမေရိကန်၏ ကမ္ဘာ့ဆရာကြီး နေရာသည် အကြီးအကျယ် စိန်ခေါ်ခံလိုက်ရခြင်း ဖြစ်သည်။
ဗိုလ်ကျစိုးမိုးရေးဝါဒသည် တရုတ်၏ ယဉ်ကျေးမှုနှင့် မကိုက်ညီသော်လည်း သုံးပွင့်ဆိုင် အားပြိုင်သည့် အနေအထားကိုမူ လက်ခံသည်။ ငါက သူတစ်ပါးကို အနိုင်မကျင့်၊ သို့သော် သူတစ်ပါးက ငါ့ကိုလာပြီး အနိုင်ကျင့်ရန်တော့ စိတ်မကူးနှင့်။
အကယ်၍ ငါ့မိတ်ဆွေကို လာအနိုင်ကျင့်လျှင်မူ ငါက ဝင်ရောက်ကူညီပြီး ပြန်လည်တိုက်ခိုက်ပေးမည်သာ။
ဖုန်းယွီ၊ ဖူကွမ်းကျန့်နှင့် လီဇီခိုင်တို့ သုံးဦးသား စကားအကြာကြီး ပြောဖြစ်ကြသည်။ ဖုန်းယွီက အနာဂတ် ရွှေဈေးကွက် သုံးသပ်ချက်များကို သူတို့အား ရှင်းပြပြီး လီဇီခိုင်ကို သတိထားရန် ထပ်မံမှာကြားလိုက်သည်။
သမိုင်းဘီးက လမ်းကြောင်းပြောင်းသွားမလား ဆိုတာ ဖုန်းယွီ မသိနိုင်ပေ။ အကယ်၍ ဘင်လာဒင်သာ ရုတ်တရက် သေဆုံးသွားခဲ့လျှင် ကမ္ဘာ့စီးပွားရေး လမ်းကြောင်းနှင့် နိုင်ငံရေး အခင်းအကျင်းပါ ပြောင်းလဲသွားနိုင်သည်။
ဖြစ်နိုင်ခြေ နည်းပါးသော်လည်း ဖုန်းယွီ သတိထားရမည်။ ထို့ကြောင့် သူသည် ရွှေဈေးကွက်တွင် ရှိသမျှ ငွေကြေးအကုန်ပုံအောပြီး Leverage အမြင့်ကြီးနှင့် မကစားရဲခြင်း ဖြစ်သည်။ အရေးကြုံလျှင် Leverage လျှော့ချရန်ဖြစ်စေ၊ ပြောင်းပြန် အကာအကွယ်ယူရန်ဖြစ်စေ အသုံးပြုနိုင်အောင် အရန်ငွေကို ချန်ထားရမည်။
“ညီလေးဖုန်း... မင်းနဲ့ ကီရီလန်ကိုတို့ ရုရှားမှာ ရွှေတွင်းတွေ ပိုင်ထားတယ် မဟုတ်လား” ဖူကွမ်းကျန့်က ရုတ်တရက် မေးလာသည်။
ဖုန်းယွီ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်တို့ ရုရှားမှာ သတ္တုတွင်းတွေ အများကြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ ကျွန်တော်တို့ တရုတ်လူမျိုးတွေရဲ့ အစဉ်အလာအတိုင်း ရွှေဆိုတာ ရင်းနှီးမြှုပ်နှံသင့်တဲ့အရာလေ။ ရုရှားမှာလည်း ဒီအတိုင်းပါပဲ”
လီဇီခိုင် ကြားသောအခါ စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဒါဆို ဖုန်းယွီရဲ့ ကြွယ်ဝမှုက ထပ်ပြီးတော့ကို တိုးဦးမှာပေါ့။ ရွှေဈေးကစားလို့ မြတ်တာအပြင် သူပိုင်တဲ့ ရွှေတွင်းတွေကနေလည်း အမြတ်တွေ အများကြီး ရတော့မှာပဲ။
ကြည့်ရတာ အဖေပြောတာ တကယ်မှန်နေပြီ။ ရင်းနှီးမြှုပ်နှံမှု အမြော်အမြင်အပိုင်းမှာ သူက ဖုန်းယွီကို ဘယ်လိုမှ မမီဘူး။ ဖုန်းယွီက သတ္တုတွင်းလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံနေတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကပဲ။ ဆိုဗီယက် ပြိုကွဲစ ကာလတုန်းက ဈေးပေါပေါနဲ့ လိုက်ဝယ်ထားခဲ့တာ။
သတ္တုဈေးတွေ မတက်တုန်းက သူတို့က သိပ်ပြီး ထုတ်မရောင်းခဲ့ဘူး။ ပြန်ရောင်းဖို့လည်း စိတ်မကူးဘဲ နောက်ထပ် သတ္တုတွင်းတွေတောင် ထပ်ဝယ်နေလိုက်သေးတယ်။ ဒီနှစ်ကစပြီး သူတို့ သတ္တုတွင်းတွေ ရွှေခေတ် ရောက်တော့မှာပဲ။
“ညီလေးဖုန်း... အစ်ကို့မိတ်ဆွေ တစ်ယောက်ရှိတယ်။ သူ့မိသားစုက ရွှေလုပ်ငန်း လုပ်တာလေ။ သူတို့ အမှတ်တံဆိပ်က ကမ္ဘာ့ ရတနာဆိုင်ကြီး ၁၀ ခု စာရင်းဝင်တယ်။ လက်ရှိ အဆင့် ၁၀ လောက်မှာ ရှိပေမဲ့ ရွှေထည်သီးသန့် အပိုင်းမှာတော့ ကမ္ဘာ့ထိပ်တန်း ၃ နေရာမှာ ဝင်တယ်။ သူတို့က ရွှေကုန်ကြမ်း တည်ငြိမ်မယ့် လမ်းကြောင်း လိုချင်နေတာ။ ညီလေး စိတ်ဝင်စားမလား” ဖူကွမ်းကျန့်က မေးလိုက်သည်။
ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ ဖူကွမ်းကျန့် ဘယ်သူ့ကို ပြောနေသလဲဆိုတာ သူ ရိပ်မိလိုက်ပြီ။
“ခင်ဗျားပြောတာ ကျန်းမိသားစုလား။ သူတို့က အမေရိကနဲ့ အာဖရိကဘက်ကနေ ရွှေတင်သွင်းနေတာ မဟုတ်ဘူးလား။ ပြည်မကြီးမှာလည်း မိတ်ဖက်တွေ အများကြီး ရှိတယ်လေ။ ဘာလို့ ကျွန်တော်နဲ့ ပူးပေါင်းချင်ရတာလဲ”
“ဟုတ်တယ်... ကျန်းမိသားစုပဲ။ အာဖရိကဘက်က လမ်းကြောင်းမှာ ပြဿနာတချို့ ရှိနေလို့တဲ့။ ပြည်မကြီးမှာကျတော့လည်း ကန့်သတ်ချက်တွေ များလွန်းတယ်။ ပြီးတော့ ပြိုင်ဘက်တွေကလည်း များလာပြီကိုး။ ဒါကြောင့် သူတို့က ကုန်ကြမ်းလမ်းကြောင်းသစ် ရှာချင်နေတာ။ အဲဒါ အစ်ကို့ကို အကူအညီတောင်းထားလို့ မေးကြည့်ပေးတာပါ။ အဆင်ပြေမပြေကတော့ ညီလေး သဘောပါပဲ”
ဖူကွမ်းကျန့် စကား၏ အဓိပ္ပာယ်မှာ သူနှင့် ကျန်းမိသားစုသည် သာမန် မိတ်ဆွေအဆင့်သာ ရှိပြီး သူ့မျက်နှာကို ထောက်စရာမလိုဘဲ ဖုန်းယွီ စိတ်ကြိုက် ဆုံးဖြတ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
“တကယ်လို့ သူတို့က နိုင်ငံတကာ ရွှေပေါက်ဈေးအတိုင်း လစဉ် ဈေးနှုန်းညှိနှိုင်းပေးချေမယ် ဆိုရင်တော့ ပူးပေါင်းဖို့ စဉ်းစားလို့ရပါတယ်။ ဒီလိုလုပ်... မနက်ဖြန်ကျရင် သူ့ကို ချိန်းလိုက်ပါ။ ကျွန်တော် သူနဲ့ ဆွေးနွေးကြည့်မယ်”
ရွှေတွင်းက ရွှေတွေကိုလည်း ထုတ်ရောင်းသင့်ရင် ရောင်းရတော့မည်လေ။
******