ရှန်ဝူတစ်မြို့လုံးကို သွေးနဲ့ဆေးရမလား
Vol. 1 Ch. 439
ကျန်းရီပြန်လာပြီ...
ထိုသတင်းသည် ရှန်ဝူတစ်မြို့လုံးသို့ လေတိုက်သည့်အလား ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ ရှန်ဝူမြို့၏ လမ်းများတွင် စစ်သည်များဖြင့် ပြည့်နေသော်လည်း မြို့သူမြို့သားများ၏ သိလိုစိတ်ကို ထိုအချက်က မတားဆီးနိုင်။
ရှန်ဝူမြို့တော်တွင် နေထိုင်နိုင်ကြသူများမှာ နန်းတွင်းစစ်တပ်နှင့် ဆက်စပ်နေသည့် အင်အားကြီးဂိုဏ်းများသာ ဖြစ်သည်။ ထို့ကြောင့် သူတု့ိအတွက် သတင်းရရန်မှာ အလွန်လွယ်ကူသည်။ ထို့ပြင် ကျန်းရီသည် ရှန်ဝူမြို့၏ တောင်ဘက်ဂိတ်တံခါးမှ ပျံသန်းလာနေသည်။ ယာ့ဇီသားရဲ၏ ဖိအားသည် ရှန်ဝူမြို့ တစ်ဝက်ကျော်ခန့်ကို ဖုံးလွှမ်းနေပြီဖြစ်သည်။
ကျန်းရီသည် ယာ့ဇီသားရဲ၏ ကျောထက်တွင် ရပ်၍ ရှန်ဝူတစ်မြို့လုံးအား ဝေခွဲမရသည့် မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။
သူသည် ရှန်ဝူနိုင်ငံတွင် မွေး၍ သူ့ကိုယ်သူ ရှန်ဝူနိုင်ငံသားတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်။ အတိတ်က သူ့ရင်ထဲတွင် ရှန်ဝူမြို့တော်သည် အရှိန်အဝါကြီး၍ မြင့်မြတ်သော နေရာတစ်ခု ဖြစ်ခဲ့သည်။ သူငယ်စဉ်က အကြီးမားဆုံး အိပ်မက်မှာ ရှန်ဝူမြို့တော်သို့ လာရောက်လည်ပတ်၍ ရှန်ဝူနိုင်ငံ၏ စောင့်ရှောက်သူနတ်ဘုရား ကျန်းပိုင်လီကို တွေ့ခွင့်ရရန်ဖြစ်သည်။
ထိုအကြောင်းကို ပြန်တွေးကြည့်လျှင် အလွန်ရယ်စရာကောင်းလှသည်။ ကျန်းပိုင်လီသည် သူ၏ ဖခင်ရင်း ဖြစ်နေပြီး ရှန်ဝူမြို့သည် သူရင်အကွဲခဲ့ရဆုံးသော နေရာဖြစ်သည်။ ဤမြို့ထဲတွင် သူ၏ကမ္ဘာ့ရန်သူ ရှားထင်ဝေ့လည်း ရှိနေသည်။
အတိတ်က သူသည် နိုင်ငံသစ္စာဖောက်မှုဖြင့် စီရင်ခံရပြီး ရှန်ဝူနိုင်ငံ၏ သစ္စာဖောက်ခွေးအဖြစ် ဝရမ်းအထုတ်ခံထားရသည်။ ကျန်းပိုင်လီသည် သူ့အား ကျန်းဂိုဏ်းမှ ထုတ်ပယ်၍ သူ့ဘဝတစ်လျှောက်လုံး နာမည်ဆိုးကို သယ်ဆောင်သွားရအောင် လုပ်ခဲ့သည်။ သူသည် လူသူမနီးသော နေရာသို့ ထွက်ပြေး၍ တိတ်တဆိတ် နေထိုင်သွားရန်တောင် ပြင်ဆင်ခဲ့သေးသည်။
ယနေ့ သူသည် တစ်ဦးတည်း ဝံ့ကြွားစွာ ပြန်လာခဲ့သည်။ သူသည် နိုင်ငံသစ္စာဖောက်မှု ကျူးလွန်ထားသော သစ္စာဖောက်တစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး ရှန်ဝူမြို့တော်သည် စစ်သည်များ ပြည့်နေသည့်၊ ဗာဂျရာအဆင့် ပုဂ္ဂိုလ်ကြီးနှစ်ဦး ကာကွယ်ပေးခြင်းခံရသည့် နေရာတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။ သို့သော် လျှိုယွိ သေမှ ဖြစ်မည့်အတွက် ကြောက်ရွံ့မှု စိုးစဉ်းမျှ သူမခံစားမိပေ။
ကျန်းရီသည် ဖော်ရွေကြင်နာတတ်သော၊ လေးစားထိုက်သော၊ ခြေထောက်မသန်စွမ်းသော ထိုအဘိုးအိုအတွက် တရားမျှတမှုရအောင် လုပ်ပေးရမည်ဖြစ်သည်။
သူသည် အပိုစကားများ ပြောမနေတော့ဘဲ ကောင်းကင်စိတ်အာရုံသုံး၍ အောက်ဘက်ရှိ မြို့ထဲသို့ စစ်ဆေးကြည့်လိုက်သည်။ မြို့တံတိုင်းပေါ်တွင် စနစ်တကျ နေရာယူထားသော စစ်သည်တစ်သောင်းခန့်ကို သူမြင်သည်၊ မြို့ထဲရှိ မရေမတွက်နိုင်သော အိမ်တော်များ၊ ခြံဝန်းများကို သူမြင်သည်။
နောက်ဆုံးတွင် သူလိုချင်သော အဖြေကို သူရသွားခဲ့သည်။
အံ့သြထိတ်လန့်နေသည့် လေသံများနှင့် ဆွေးနွေးသံများအကြားတွင် လျှိုယွိမြို့ထဲ ဝင်လာပြီဟူသော စကားကို သူကြားလိုက်ရသည်။ လျှိုယွိအား မြို့ထဲ ဝင်ခွင့်ပြုလိုက်သော တပ်မှူးသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီဖြစ်ကြောင်းနှင့် ထိုသူမှာ ကျန်းစွန်းဂိုဏ်းမှ ဖြစ်ကြောင်းလည်း သူသိရှိလိုက်ရသည်။
ထိုခဏတွင် ကျူးကော့ချမ်ယွမ်သည် ရှန်ဝူနိုင်ငံ၏ အကွက်ချခြင်း ခံခဲ့ရသည်ဟု သူသတ်မှတ်လိုက်သည်။ အနည်းဆုံးတော့ သူတို့ ပါဝင်ပတ်သက်နေသည်။ ရှားထင်ကျွင်းနှင့် ကျန်းစွန်းဂိုဏ်းမှ သမက်တို့က အထင်ရှားဆုံး သက်သေများပင် ဖြစ်သည်။
သူသည် အတွင်းအားတို့ကို ချက်ချင်းထုတ်ဖော်၍ အော်ဟစ်လိုက်သည်။
"ရှားထင်ဝေ့...ထွက်လာပြီး ကျုပ်ကိုလာတွေ့"
"ဝိုး..."
မြို့တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။ လူတိုင်းသည် ရှားထင်ဝေ့၏ နာမည်ကို သိသော်လည်း မည်သူမှ ထုတ်မပြောရဲကြပေ။ ၎င်းမှာ သူတို့၏ ခေါင်းများ ဆုံးရှုံးသွားနိုင်သည့် အရာဖြစ်သည်။ ရှားထင်ဝေ့သည် မြင့်မြတ်သော အုပ်ချုပ်သူ၊ ရှန်ဝူနိုင်ငံ၏ ကောင်းကင်နှင့် နတ်ဘုရားဖြစ်သည်။
ယခု ရှန်ဝူမြို့၏ ကောင်းကင်ထက်တွင်ရပ်၍ ရှားထင်ဝေ့အား အမည်တပ်၍ ခေါ်ဝံ့သော တစ်စုံတစ်ဦး ရှိနေခဲ့သည်။
ကျန်းရီ ရှားထင်ဝေ့ကို မရိုမသေ လုပ်နေသည်။ အဓိပ္ပါယ်မှာ သူသည် ရှန်ဝူနိုင်ငံနှင့် ရှန်ဝူနိုင်ငံအတွင်း နေထိုင်ကြသူများကို မလေးစားဟူသည့် သဘောပင်။ ကျင့်ကြံသူ အမြောက်အများသည် သည်းမခံနိုင်ကြတော့ဘဲ အိမ်တော်ကြီးများမှ ထွက်၍ မြို့တောင်ဘက်ဂိတ်တံခါးသို့ ပျံသန်းသွားကြသည်။ ခပ်လှမ်းလှမ်းမှ အော်ဟစ်နေကြသူများလည်း ရှိလေသည်။
"ကျန်းရီ...မင်း ဘယ်လိုတောင် မာန်တက်ပြီး မင်းကြီးကို နာမည်တပ် ခေါ်ရဲရတာလဲ။ မင်းက ယုတ်ညံ့တဲ့ ပြစ်မှုကို ကျူးလွန်နေတာပဲ။ မင်းအပြစ်ပေးခံရသင့်တယ်"
"အမှန်ပဲ။ ကျန်းရီ...မင်းက ရှားနိုင်ငံရဲ့ ကိုယ်စားအုပ်ချုပ်သူ ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီနေရာက မင်းရဲ့ ရှားနိုင်ငံ မဟုတ်ဘူး...မင်း မရိုမသေ ခေါ်နေရင် သွေးပွက်ပွက်အန်ပြီး သေလိမ့်မယ်"
"မြန်မြန်ဒူးထောက်ပြီး တောင်းပန်စမ်း...မဟုတ်ရင် မင်းကို ငါတို့ မင်းကို အလွတ်မပေးဘူး"
"ကျန်းရီ...မြန်မြန်အညံ့ခံပြီး မင်းကြီး မင်းကို စီရင်မှာကို စောင့်နေစမ်း...မဟုတ်ရင် မင်းအတွက် သချုႋင်းနေရာတောင် ရှိမှာမဟုတ်ဘူး"
"..."
အောက်တွင် လူစုလူဝေးကြီးတစ်ခု ဖြစ်နေခဲ့သည်။ အနည်းဆုံး စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် အယောက်တစ်ရာခန့်သည် ဒေါသတကြီးနှင့် ကျန်းရီကို ပြစ်တင်ကြိမ်းမောင်းနေကြသည်။ သူတို့၏ ဒေါသတကြီးလေသံများသည် မြို့တောင်ဘက်ခြမ်းတွင် ပဲ့တင်ထပ်နေသည်။ သူတို့သည် သူတို့အသံကို မည်သူမှ မကြားမည်ကို စိုးရိမ်နေသည့်အလား။ သို့သော်လည်း မည်သူမှ ကျန်းရီကို စတင်မတိုက်ခိုက်ရဲပေ။
ကျန်းရီသည် ထိုလူတစ်သိုက်နှင့် မလိုအပ်သည့် စကားများ ပြောဆိုနေရန် စိတ်မဝင်စားချေ။ တကယ်တမ်းတွင် အစောပိုင်းက သူအတော်ယဉ်ကျေးထားခဲ့သည်ဖြစ်သည်။ မဟုတ်ပါက ရှားထင်ဝေ့အား အပြင်ထွက်လာ၍ သူ့ကိုတွေ့ရန် သူတောင်းဆိုမည်ပင် မဟုတ်ချေ၊ 'မင်းဖင်ကို ဒီရွှေ့လာခဲ့'ဟု တိုက်ရိုက်အော်လိုက်မည်သာဖြစ်သည်။
သူသည် အောက်မှလူများကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ပါးစပ်ပိတ်ထား...မပိတ်ရင် သေရမယ်"
နေရာသည် ချက်ချင်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ကျန်းရီ မည်သူနည်း။ ရှန်ဖျင်းမြို့ပြင်တွင် ရှားထင်ကျွင်း၏ အလောင်း လဲလျောင်းလျက် ရှိနေသေးသည်။ သူတို့သာ ကျန်းရီကို ဒေါသထွက်အောင် လုပ်မိပါက သူသည် သူ့သတ်ဖြတ်ခြင်းအင်အားကို ထုတ်ဖော်လိုက်ရုံသာ။ သူ၏ မီးနဂါးဓားပါ ထပ်ထွက်လာလျှင် ကျန်းပိုင်လီနှင့် မိန်းမစိုးလင်းတောင် သူတို့ကို ကယ်နိုင်မည် မဟုတ်ပေ။
ကျန်းရီသည် အကြည့်အား မြို့မြောက်ဘက်ခြမ်းသို့ ပို့လိုက်ပြီး ထပ်မံအော်ဟစ်လိုက်ပြန်သည်။
"ရှားထင်ဝေ့...ကျုပ်ခင်ဗျားကို မျက်နှာသာပေးပြီးပြီ။ ခင်ဗျားရဲ့ ညစ်ပတ်တဲ့ တော်ဝင်နန်းတော်ကို ကျုပ်ဖြိုချပစ်မယ်ဆို ခင်ဗျားယုံမလား"
"ဝိုး..."
မြို့တစ်ခုလုံးသည် အာမေဋိတ်သံများ ထပ်မံထွက်ပေါ်လာခဲ့သည်။ လူများသည် ထပ်မံကျိန်ဆဲရန် ပြင်လိုက်ကြသော်လည်း ကျန်းရီ၏ လူသတ်ငွေ့ကို ခံစားမိလိုက်ကြသောကြောင့် စကားများကို ပြန်မျိုချလိုက်ကြသည်။
ဂရား....
မြို့မြောက်ဘက်ပိုင်းမှ ကျယ်လောင်သော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အတောင်ပံလေးခုပါသော အနက်ရောင်နဂါး ဆယ့်နှစ်ကောင်သည် ကောင်းကင်ထက်တွင် ပျံသန်းလာခဲ့သည်။ နဂါးနက်တိုင်း၏ ကျောထက်တွင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် ဆယ်ယောက်ကျော် ပါလာခဲ့ပြီး အလယ်မှနဂါး၏ ကျောထက်တွင် လူနှစ်ယောက်သာ ရှိလေသည်။
တစ်ယောက်မှာ နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်တော်ဝင်သော ကိုယ်ရောင်ကိုယ်ဝါတို့ကို ထုတ်လွှတ်နေသည်။ သူ၏ မျက်လုံးများသည် စူးရဲတောက်ပနေပြီး အောက်မှ လူများအား တည့်တည့်မကြည့်ရဲ ဖြစ်စေသည်။ သူ၏ဘေးတွင် ပိန်ပါး၍ အားနည်းဟန်ရှိသည့် ဆံပင်ဖြူများနှင့် ခါးကိုင်းကိုင်း မိန်းမစိုးအိုကြီး ရှိသည်။ ထိုသူ၏ မျက်နှာထက်တွင် ကပ်ဖားရပ်ဖား အပြုံးတစ်ခု ရှိနေလေရာ သူ့အား ခွေးအိုကြီးတစ်ကောင်နှင့် တူသွားစေသည်။
အနက်ရောင်နဂါးများသည် အားလုံးစုပေါင်းလိုက်လျှင် ယာ့ဇီသားရဲအောက်မလျော့သည့် အရှိန်အဝါ ရှိလေသည်။ အောက်ရှိ အိမ်တော်ဝင်းများထဲမှ မြို့သူမြို့သားများနှင့် လမ်းများထက်မှ စစ်သည်များသည် မြင်ကွင်းကို မြင်ကြလျှင် ဒူးတစ်ဖက်ထောက်ထိုင်ချ၍ သံပြိုင်အော်ဟစ်လိုက်ကြသည်။
"မင်းကြီး သက်တော်ရှည်ပါစေ...မင်းကြီး သက်တော်တစ်သောင်းရှည်ပါစေ"
ရှားထင်ဝေ့ ထွက်လာခဲ့ပြီဖြစ်သည်။
ကျန်းရီ၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သူလူအများကြီး မသတ်လိုပေ။ မြို့ထဲတွင် သာမန်ပြည်သူများ အမြောက်အများ ရှိသည်။ ဤနေရာတွင် တိုက်ပွဲတစ်ခု ထဖြစ်ပွားပါက မတော်တဆ ထိခိုက်မှုများ ရှိလာနိုင်သည်။ စစ်သည်များကို သတ်ရန် သူ မျက်တောင်ပင်မခတ်သော်လည်း သာမန်ပြည်သူများမှာ အပြစ်ကင်းလေသည်။
ကျန်းပိုင်လီ မလာဘူးလား။ မြို့ထဲမှာ သူမရှိလို့လား ဒါမှမဟုတ် ဒီအခြေအနေကို ရှောင်တိမ်းဖို့ ကြိုးစားနေတာလား...
ကျန်းရီ၏စိတ်သည် ခဏတာ ပျံ့လွင့်သွားခဲ့သည်။ သို့သော် အနက်ရောင် နဂါးများ နီးကပ်လာသည်ကို တွေ့သည့်အခါ သူ့မျက်လုံးများ ပြန်လည်အေးစက်သွားခဲ့ပြီး ရှားထင်ဝေ့ကို ရဲတင်းစွာ စိုက်ကြည့်လိုက်သည်။ မိန်းမစိုးလင်းအား သူမြင်သောအခါ သူ့မျက်လုံးများတွင် ရန်မူလိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြန်သည်။ ဤမိန်းမစိုးအိုကြီး လက်ချက်ကြောင့် ရှားယွိမြို့တိုက်ပွဲတွင် သူသေလုနီးပါးဖြစ်ခဲ့သည်။ ဤလူသည် သေမင်းပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုအတွက် သံသယဝင်စရာ အကောင်းဆုံးလူလည်းဖြစ်သည်။
ရှားထင်ဝေ့နှင့် သူ့နောက်လိုက်များသည် ကျန်းရီနှင့် သုံးကီလိုမီတာထက် ဝေးသောနေရာတွင် ရပ်တန့်လိုက်ကြသည်။ ကျန်းရီ၏ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်သည် သုံးကီလိုမီတာခန့် အကွာအဝေးဖြစ်ကြောင်း သူတို့မှတ်မိနေသည်။ ထို့ပြင် အနီးတွင် မိန်းမစိုးလင်း ရှိနေလေရာ ဤမျှ အကွာအဝေးသည် ဘေးကင်းလေသည်။
"ကျန်းရီ..."
ရှားထင်ဝေ့သည် ရောက်လာသည်နှင့် ကျန်းရီအား အေးစက်စက် မျက်လုံးများနှင့် ကြည့်၍ အော်ဟစ်လိုက်သည်။
"သုံးနှစ်ကတိက မပြည့်သေးဘူး။ မင်းဘာလို့ ငါ့ရှန်ဝူနိုင်ငံကို ရောက်လာတာလဲ။ မင်းက ကတိကို တစ်ဖက်သတ် ချိုးဖျက်ပြီး ရှန်ဝူနိုင်ငံနဲ့ စစ်ပွဲစတော့မလို့လား"
ဉာဏ်ကောင်းလိုက်တာ...
ကျန်းရီသည် စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။ ဤရှားထင်ဝေ့သည် အင်အားအကြီးဆုံး လက်အောက်ခံနိုင်ငံ၏ အုပ်ချုပ်သူ အမှန်တကယ် ဖြစ်ထိုက်ပါပေသည်။ သူသည် ချက်ချင်း စကားပြော၍ သမာသမတ်ကျဟန် ဆောင်နိုင်သည်။ ကျန်းရီသာ ဘာမှမပြောဘဲ စတင်တိုက်ခိုက်လျှင် သူတို့ ကျန်းရီကို သတ်နိုင်လိမ့်မည်။ ကျန်းရီမှာ စတင်တိုက်ခိုက်သူ ဖြစ်သည့်အတွက် နတ်ဆိုးဧကရီ၊ ရွှေယို့လန်နှင့် ကျန်လူများ ဘာမှပြောနိုင်လိမ့်မည်မဟုတ်။
ကျန်းရီသည် အရူးမဟုတ်လေရာ ကမူးရှူးထိုး စတင်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သူသည် ရှားထင်ဝေ့ ထွက်လာသည်အထိ ရပ်စောင့်နေခဲ့သည်။ ထို့နောက် သူသည် ခြောက်ကပ်ကပ်ရယ်၍ စကားစလိုက်သည်။
"ရှားထင်ဝေ့...ခင်ဗျား ဒီလောက် အရှက်မဲ့လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး။ ခင်ဗျားက အပြစ်ရှိသူ ဖြစ်နေတာတောင် ဆင်ခြေပေးနေသေးတာလား။ ခင်ဗျားမှာ လုပ်ရဲတဲ့ သတ္တိကျရှိပြီး ဝန်မခံရဲဘူးလား။ ခင်ဗျားက လျှိုယွိနဲ့ ပူးပေါင်းပြီး ကျုပ်ရဲ့မြင့်မြတ်တဲ့ဆရာ ကျူးကော့ချမ်ယွမ်ကို လုပ်ကြံတယ်။ တရားခံကို ခင်ဗျား ထုတ်မပေးဘူးဆိုရင် ရှန်ဝူမြို့ကို သွေးနဲ့ဆေးတဲ့အတွက် ကျုပ်ကို လာအပြစ်မတင်နဲ့"
"ဝိုး..."
မြို့တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျူးကော့ချမ်ယွမ် အသတ်ခံရသည့် ကိစ္စကို တစ်မြို့လုံး သိပြီးသားဖြစ်သည်။ သို့သော် သာမန်လူများသည် အသေးစိတ် အချက်အလက်များကို သိရှိရန် အရည်အချင်း မမှီလေရာ မြို့ထဲသို့ လျှိုယွိ ရောက်နေသည့် ကိစ္စကို လူတိုင်း မသိကြပေ။
"ကျန်းရီ...မင်း မဟုတ်တာတွေ လာမစွပ်စွဲနဲ့"
ရှားထင်ဝေ့သည် ဒေါသတကြီး ပြန်အော်ဟစ်လာခဲ့သည်။
"ဒီဘုရင်က ကျောင်းအုပ်ကျူးကော့ကို အမြဲလေးစားခဲ့တာ ဘာလို့ သူ့ကို အန္တရာယ် ပြုရမှာလဲ။ ပြီးတော့ မိန်းမစိုးလင်းနဲ့ ပိုင်လီက မြို့ထဲမှာ တစ်ချိန်လုံး ရှိနေတယ်။ မြို့သားတွေနဲ့ နိုင်ငံ့တပ်မတော်က သက်သေလုပ်ပေးနိုင်တယ်။ သူတို့ကိုလွဲရင် စီနီယာကျူးကော့ကို သတ်နိုင်တဲ့ အစွမ်းအစ ဘယ်သူ့မှာ ရှိလို့လဲ။ မင်းက ပေါက်ကရတွေပြောပြီး ဒီဘုရင်ရဲ့ ပိုင်နက်ထဲမှာ လူသတ်ရဲတယ်။ အခု ငါ့ကိုတောင် စွပ်စွဲအပုပ်ချရဲနေပြီပေါ့လေ။ ဒီနေ့ မင်းသေချာ ဖြေရှင်းချက် မပေးရင် နတ်ဆိုးဧကရီနဲ့ သခင်မရွှေက မင်းကို ကာကွယ်နေတယ်ဆိုရင်တောင် ဒီဘုရင်က မင်းကို ကွပ်မျက်ရလိမ့်မယ်"
"ဟားဟားဟား"
ကျန်းရီသည် အားရပါးရ ရယ်ချလိုက်သည်။ သူ၏ သွေးနီရောင် ဆံပင်များမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။ သူ့ကိုယ်မှ လူသတ်ငွေ့များလည်း ထွက်ပေါ်လာခဲ့သည်။ သူသည် မီးနဂါးဓားကို ရှေ့သို့ ရွယ်၍ အော်ဟစ်လိုက်သည်။
"မိန်းမစိုးလင်းနဲ့ ကျန်းပိုင်လီ မြို့ထဲမှာ ရှိမရှိဆိုတာ ကောင်းကင်ဘုံကပဲ သိလိမ့်မယ်။ ခင်ဗျားရဲ့ လူတွေကိုတောင် မျက်မြင်သက်သေအဖြစ် သုံးချင်သေးတယ်ဟုတ်လား။ ခင်ဗျားမှာ ဘယ်လိုတောင် ပြောရဲတဲ့သတ္တိ ရှိနေတာလဲ။ ကျုပ်မေးမယ်...ကျောင်းအုပ်ချီတို့အဖွဲ့ လျှိုယွိနောက် လိုက်နေတုန်းက ဘာလို့ နှောင့်ယှက်ခံရတာလဲ"
"လျှိုယွိ ရှန်ဝူနိုင်ငံမှာ ငြိမ်းချမ်းရေး ပျက်ပြားအောင်လုပ်နေတော့ ရှန်ဝူနိုင်ငံက သူ့ကို ဘာကြောင့် မနှိမ်နင်းတာလဲ။ ရှန်ဖျင်းမြို့ထဲ လျှိုယွိ ဘာလို့ လွယ်လွယ်ကူကူ ဝင်နိုင်တာလဲ။ ရှန်ဖျင်းမြို့စားက သူ့ကို ထွက်မသွားခိုင်းရုံတင်မကဘူး၊ ကျောင်းအုပ်ချီတို့အဖွဲ့ကိုပါ ကိုယ်တိုင်ထွက်ပြီး အချိန်ဆွဲခဲ့သေးတယ်။ အခုရော ရှန်ဝူမြို့ထဲကို လျှိုယွိ အတားအဆီးမရှိ ဝင်နိုင်တာ ဘာကြောင့်လဲ။ မြို့တောင်ဘက်ဂိတ်တံခါးကို စောင့်ရတဲ့ တပ်မှူးက ဘာလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာလဲ။ ရှားထင်ဝေ့...အဓိပ္ပါယ်မရှိတာတွေ တော်လောက်ပြီ။ တရားခံကို ခင်ဗျားပေးမပေးသာ ပြောလိုက်၊ မပေးဘူးဆိုရင် ကျုပ်စပြီး တိုက်ခိုက်တော့မယ်"
***