အခန်း (၁၂၀၉-၁၂၁၀)
Vol. 82 Ch. 1209-1210
အခန်း (၁၂၀၉) လူသစ်ရွေးပွဲ မဝင်ဘဲ အသင်းပြောင်းခြင်း
၂၀၀၂ ခုနှစ် တရုတ်နှစ်သစ်ကူး ပြီးလွန်သွားသည်နှင့် ဖုန်းယွီသည် အမေရိကန်သို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ ဒီတစ်ခေါက်တွင်တော့ ဖုန်းယွီ၏ လေယာဉ်ပေါ်၌ အရပ်အမောင်း မြင့်မားကာ ထွားကျိုင်းလှသော တရုတ် ဘတ်စကက်ဘော ကစားသမား နှစ်ဦး ပါလာလေသည်။
ဤနှစ်ဦးသည် ဖုန်းယွီက အမေရိကန် ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘော လိဂ်(NBA)သို့ ပို့ဆောင်ပေးမည့် ကစားသမားများ ဖြစ်ကြသည်။ တစ်ယောက်မှာ မွန်ဂိုလီးယား နွယ်ဖွားဖြစ်ပြီး ကိုယ်လုံးကိုယ်ထည် အလွန်တောင့်တင်း သန်မာသူ ဖြစ်သည်။ သူ့ကို Netအသင်း (New Jersey Nets) သို့ ပို့ပေးမည် ဖြစ်သည်။ နောက်တစ်ယောက်မှာ လက်မြှောက်လိုက်ရုံနှင့် ဘတ်စကက်ဘော ကွင်းပေါက်ကို ထိနိုင်လောက်အောင် အရပ်ရှည်သူဖြစ်ပြီး ဖုန်းယွီက သူ့ကို ကိုယ်ပိုင်အသင်းဖြစ်သည့် ဖုန်းယွီအသင်းတွင် ခေါ်ယူထားခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် All-Star ပွဲစဉ်ပြီးဆုံးပြီး ၄ ရက်အကြာတွင် ကစားသမား အပြောင်းအရွှေ့ စာရင်းပိတ်သည်။ ကြီးမားသော ဒဏ်ရာရရှိမှုမျိုး မရှိပါက ကစားသမား အသစ်ခေါ်ယူခြင်း၊ စာချုပ်ချုပ်ဆိုခြင်းများကို တားမြစ်ထားသည်။ ကံကောင်းသည်မှာ သူတို့နှစ်ဦး၏ စာချုပ်ကိစ္စများကို ကြိုတင်စီစဉ်ပြီးသား ဖြစ်နေခြင်းပင်။ ယခု ဟိုရောက်လျှင် ဆေးစစ်မှု အောင်မြင်သည်နှင့် အသင်းလူစာရင်းတွင် ဝင်ရောက်သွားမည် ဖြစ်သည်။ ဆေးစစ်တယ် ဆိုတာကလည်း အသင်းပိုင်ရှင် သဘောပါပဲလေ။
Net အသင်းသည် ဒီနှစ်တွင် ခြေစွမ်းထက်မြက်နေသည်။ Kidd သည် အရင်ဘဝတုန်းကလို ဒူးဒဏ်ရာ မရရှိသေးသဖြင့် ထိုးဖောက်ဝင်ရောက် ကစားပုံမှာ ကောင်းမွန်နေဆဲ ဖြစ်သည်။ လွန်ခဲ့သော နှစ်ရာသီက အသင်းညံ့ဖျင်းနေချိန်တွင် Shooting ပိုင်းကို သေချာလေ့ကျင့်ထားခဲ့သဖြင့် ယခုနှစ် All-Star ပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ယခင်က Kidd သည် ခြေစွမ်းပြပြီး ဂိုးဖန်တီးမှုများခဲ့သော်လည်း ပရိသတ်က သိပ်သဘောမကျကြပေ။ အကြောင်းမှာ သူသည် ကိုယ်တိုင် ဂိုးသွင်းနိုင်စွမ်း နည်းပါးသောကြောင့် ဖြစ်သည်။ ရာသီအဆက်ဆက် ပျမ်းမျှ ၁၅ မှတ်အောက်သာ ရခဲ့သည်။ ဂိုးဖန်တီးမှု ၁၀ ကြိမ်ကျော်၊ Rebound ဖမ်းယူမှု နောက်တန်းကစားသမားများတွင် အများဆုံး ဖြစ်သော်လည်း ပရိသတ်က ကိုယ်တိုင် ဂိုးသွင်းနိုင်သူများကိုသာ ပိုကြိုက်ကြသည် မဟုတ်ပါလော။
ဒီနှစ်တွင် ကာတာ၊ ဂါဆော၊ အန်ဒရေကီရီလန်ကိုနှင့် ရန်းဒေါ့ဖ်တို့ ရောက်ရှိလာသဖြင့် Net အသင်းသည် အသင်းငယ်လေး ဘဝမှ အရှေ့ပိုင်းဇုန်၏ ချန်ပီယံဆုကို စိန်ခေါ်နိုင်သော အသင်းကြီး ဖြစ်လာခဲ့သည်။
ကာတာ က ပျမ်းမျှ ၂၄.၃ မှတ်၊ ၃.၆ ကြိမ် ဂိုးဖန်တီးမှု၊ ၄.၈ ကြိမ် ရီဘောင်။ Kidd က ပျမ်းမျှ ၁၈.၁ မှတ်၊ ၁၀.၉ ကြိမ် ဂိုးဖန်တီးမှု၊ ၈.၇ ကြိမ် ရီဘောင်။ ဂါဆော သည် ဒီနှစ် အကောင်းဆုံး လူသစ်ဆုရရန် မျှော်မှန်းထားပြီး ပျမ်းမျှ ၁၆.၉ မှတ်၊ ၁၀.၄ ကြိမ် ရီဘောင်၊ ၄.၁ ကြိမ် ဂိုးဖန်တီးမှု၊ ၁.၉ ကြိမ် Block ရရှိထားသည်။
ရုရှားအသင်းနှင့် စာချုပ်ကုန်ဆုံးပြီး Net အသင်းသို့ ပြောင်းလာသော အန်ဒရေ ကီရီလန်ကိုသည် ပျမ်းမျှ ၁၃.၁ မှတ်၊ ၄.၄ ကြိမ် ဂိုးဖန်တီးမှု၊ ၅.၁ ကြိမ် ရီဘောင်၊ ၂.၁ ကြိမ် ဘောလုံးလုယူမှု၊ ၁.၈ ကြိမ် ဘလောက် ရရှိထားသည်။
လူတိုင်း အထင်သေးခဲ့ကြသော ရန်းဒေါ့ဖ် သည်ပင် အရန်ကစားသမားများကို ဦးဆောင်ကစားရာ၌ ပျမ်းမျှ ၁၂.၆ မှတ်၊ ၇.၆ ကြိမ် ရီဘောင်၊ ၂.၃ ကြိမ် ဂိုးဖန်တီးမှု ရရှိထားသည်။
ဒီနှစ်တွင် Net အသင်း၌ ပျမ်းမျှ ၁၀ မှတ်အထက် ရရှိသော ကစားသမား ၅ ဦးအထိ ရှိနေသဖြင့် အခြားအသင်းများက “Net အသင်းမှာ စစ်သားကောင်းတွေချည်းပဲ” ဟု ချီးကျူးနေကြရသည်။
ဒီနှစ် All-Star လူသစ်ပွဲစဉ်တွင် Net အသင်းမှ ဂါဆော၊ အန်ဒရေ ကီရီလန်ကိုနှင့် ရန်းဒေါ့ဖ်တို့ သုံးဦး ပါဝင်ခွင့်ရရှိခဲ့သည်။ ဖုန်းယွီအသင်း ဖန်တီးခဲ့ဖူးသော စံချိန်ဖြစ်သည့် ၄ ဦး ပါဝင်ခွင့်ရရှိမှုကို မီလုနီးပါး ဖြစ်ခဲ့သည်။ Parker က နည်းနည်းလေး လိုသွားသဖြင့် လွဲချော်ခဲ့ရသည်။
Net အသင်းသည် အရှေ့ပိုင်းဇုန် ချန်ပီယံ ဖြစ်မည်ဟု ယုံကြည်မှု ရှိနေသည်။ သို့သော် အနောက်ပိုင်းဇုန်မှ တက်လာနိုင်ချေ အများဆုံးမှာ O'Neal (ငါးမန်းကြီး) ပါဝင်သော Lakers အသင်း ဖြစ်နေသည်။
O'Neal ၏ ခန္ဓာကိုယ် ထွားကျိုင်းမှုကို Net အသင်း၏ အတွင်းစည်းကစားသမားများ ယှဉ်နိုင်စွမ်း မရှိပေ။ သူတို့၏ ခံစစ်မှူးနှစ်ယောက်လုံး O'Neal ကို မထိန်းနိုင်သလို ဂါဆော နှင့် ရန်းဒေါ့ဖ် လည်း မတားဆီးနိုင်ပေ။ O'Neal ကို မထိန်းနိုင်လျှင် ချန်ပီယံဖြစ်ဖို့ မသေချာပေ။
ဖုန်းယွီအတွက်ကတော့ ချန်ပီယံ မဖြစ်လည်း ကိစ္စမရှိ။ သူ့အသင်းက တစ်ခါရဖူးပြီးသား။ သို့သော် ကီရီလန်ကို (ရုရှားသူဌေး) အတွက်မူ ချန်ပီယံ မဖြစ်လျှင် ပေါလ်အယ်လန်ကို ဘယ်လိုလုပ် လှောင်ပြောင်နိုင်တော့မည်နည်း။ NBA လောကကို မွှေနှောက်ကစားရသည့် အရသာ ပျက်သွားမည် မဟုတ်ပါလော။
ရုရှားနှင့် ယခင် ဆိုဗီယက် နိုင်ငံများတွင် ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းသော Center ကစားသမား ရှာမတွေ့သဖြင့် ဖုန်းယွီက ဘာတဲကို ညွှန်းပေးလိုက်ခြင်း ဖြစ်သည်။
အရင်ဘဝတုန်းက ဘာတဲကို Spurs အသင်းက O'Neal ကို ထိန်းချုပ်ရန် ခေါ်ယူခဲ့ဖူးသည်။ နည်းဗျူဟာမှာ O'Neal ကို အတင်းဝင်တိုက်ပြီး ခွန်အားကုန်ခမ်းအောင် လုပ်ခြင်း၊ ပြီးလျှင် Power Forwardက ကူညီကာကွယ်ပေးခြင်းဖြင့် O'Neal ခြေစွမ်းမပြနိုင်အောင်၊ ခွန်အားကုန်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။
ဖုန်းယွီ ထောက်ခံပေးလိုက်သည်နှင့် Net အသင်းမှ ကင်းထောက်များ ရောက်လာကြသည်။ ဘာတဲ၏ ခန္ဓာကိုယ် အချိုးအစားနှင့် ခွန်အားကို စမ်းသပ်ကြည့်ပြီးနောက် အလွန်ကျေနပ်သွားကြသည်။ ဘာပဲပြောပြော သူ့ကို ဂိုးသွင်းခိုင်းဖို့မှ မဟုတ်တာ။ ရီဘောင် ဖမ်းပေးမယ်၊ လူကပ်ပေးမယ်၊ လိုအပ်ရင် ပြစ်ဒဏ်ဘောလုပ်ပေးမယ်၊ ဒါဆို ရပြီလေ။
ထို့ကြောင့် Net အသင်းက ဖုန်းယွီ မျက်နှာကိုထောက်ပြီး ဘာတဲကို အာမခံ စာချုပ်တစ်စောင် ပေးလိုက်သည်။
ဖုန်းယွီသည် ယောင်မင်းကို ရရှိနိုင်မည့် နည်းလမ်းတစ်ခုကို ရုတ်တရက် တွေ့ရှိသွားသည်။ အကယ်၍ ယောင်မင်းသာ ဒီနှစ် လူသစ်ရွေးပွဲဝင်လျှင် နံပါတ် ၁ မဖြစ်တောင် နံပါတ် ၂ နေရာတော့ သေချာပေါက် ရရှိမည်။ လူအများစုကတော့ ယောင်မင်းသည် နံပါတ် ၁ ဖြစ်မည်ဟု သတ်မှတ်ထားကြသည်။ ဆစ်ဒနီ အိုလံပစ်ပွဲတော်တွင် ယောင်မင်းကို ကင်းထောက် အများအပြားက မျက်စိကျခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ ယောင်မင်းကို လူသစ်ရွေးပွဲ မဝင်ခိုင်းဘဲ ဖုန်းယွီအသင်းသို့ တိုက်ရိုက် ခေါ်ယူရန် ဖြစ်သည်။
ဒီလိုလုပ်လျှင် လစာကန့်သတ်ချက်ကြောင့် ယောင်မင်း၏ လစာ နည်းသွားနိုင်သလို မီဒီယာ အာရုံစိုက်မှုလည်း လျော့နည်းသွားနိုင်သည်။ သို့သော် ယောင်မင်း ဒီထက်ပိုရစေရမည်ဟု ဖုန်းယွီ အာမခံသည်။
ပိုက်ဆံကိစ္စလား... ကြော်ငြာရိုက်ခွင့် စာချုပ်တွေ ပေးလိုက်ရင် လစာထက် အများကြီး ပိုရမှာပေါ့။ မီဒီယာ အာရုံစိုက်မှုလား... ဖုန်းယွီက သတင်းတွေ ဖြန့်ပေးလိုက်ရင် ရပြီ။ ယောင်မင်းသာ ခြေစွမ်းပြနိုင်ရင် မီဒီယာတွေက အလိုလို ဝိုင်းလာကြမှာပဲ။
ထို့ကြောင့် ဖုန်းယွီ၏ စည်းရုံးမှုအောက်တွင် ယောင်မင်းသည် NBA အသင်းများ၏ ကတိကဝတ်များကို စွန့်လွှတ်ကာ ဖုန်းယွီအသင်းနှင့် စာချုပ်ချုပ်ဆိုလိုက်လေသည်။
ဒီနှစ်ပိုင်းတွင် တရုတ် ဘတ်စကက်ဘော အသင်းသည် အမေရိကန်သို့ မကြာခဏ လာရောက်လေ့ကျင့်လေ့ရှိရာ ဖုန်းယွီက သူ့အသင်းကို လေ့ကျင့်ဖော်အဖြစ် ကူညီစေခဲ့သည်။ ရည်ရွယ်ချက်မှာ တရုတ်ကစားသမားများ အမေရိကန် ကစားကွက်ကို နားလည်စေရန်နှင့် မိမိတို့ မည်မျှ ကွာခြားချက် ရှိနေသည်ကို သိရှိစေရန် ဖြစ်သည်။
ကာယကြံ့ခိုင်မှု မကောင်းဘူးဆိုတာ ဆင်ခြေသက်သက်သာ။ Pierce ကို ကြည့်ပါလား။ NBA မှာ သူ့ကာယကြံ့ခိုင်မှုက အလယ်အလတ် အဆင့်ပဲ ရှိတယ်။ ဒါပေမဲ့ ကစားကွက် စည်းချက်ကောင်းမွန်မှု၊ လက်စွမ်းကောင်းမွန်မှုနှင့် လေ့ကျင့်ယူထားသော ကြံ့ခိုင်မှုတို့ကြောင့် All-Star အဆင့် ဝင်နိုင်ခဲ့သည် မဟုတ်ပါလော။
လေ့ကျင့်ရေး ကာလများအတွင်း ယောင်မင်းသည် ဖုန်းယွီ၏ ဘတ်စကက်ဘောအပေါ် ထားရှိသော ဝါသနာနှင့် စေတနာကို နားလည်ခံစားမိသဖြင့် ဖုန်းယွီ လိမ်မည်မဟုတ်ဟု ယုံကြည်သည်။ ဒီလောက်ချမ်းသာတဲ့ သူဌေးကြီးက သူ့ကို အလကားသက်သက် လာလိမ်ပါ့မလား။
အားကစား ဝန်ကြီးဌာနဘက်တွင်လည်း ဝမ်တုန်းကျွင်းက ကြားခံ ဆက်သွယ်ပေးထားသဖြင့် အရာအားလုံး အဆင်ပြေ ချောမွေ့သွားခဲ့သည်။
ယောင်မင်းနှင့် ဘာတဲတို့ စာချုပ်ချုပ်ဆိုလိုက်သည့် သတင်း ထွက်ပေါ်လာသောအခါ NBA လောကတစ်ခုလုံး ပွက်လောရိုက်သွားသည်။ အသင်းပိုင်ရှင် အများအပြားက မဲမသမာမှု ရှိသည်ဟု အော်ဟစ်ကြသည်။
ယောင်မင်းသည် နံပါတ် ၁ ရွေးချယ်ခံရမည့် ကစားသမားဟု သတ်မှတ်ခံထားရသူ ဖြစ်ရာ လူသစ်ရွေးပွဲ မဝင်ဘဲ ဖုန်းယွီအသင်းသို့ ရောက်သွားခြင်းက မဖြစ်သင့်ပေ။ ဘာတဲကိုတော့ သူတို့ သိပ်ဂရုမစိုက်။ အခြေခံ မပိုင်၊ ခွန်အားကြီးရုံ သက်သက်မို့ ဒုတိယအကျော့လောက်သာ တန်ကြေးရှိသည်ဟု ယူဆထားကြသည်။
တမင်သက်သက် ရှုံးပွဲဆက်ကာ အဆင့်အောက်ဆုံး ရောက်အောင် ကစားပြီး ယောင်မင်းကို ရွေးချယ်ရန် ကြံစည်နေကြသော Rockets၊ Bulls၊ Warriors၊ Grizzlies၊ Nuggets စသည့် အသင်းများက ဖုန်းယွီအသင်း မသမာမှု လုပ်သည်ဟု အော်ဟစ်နေကြသော်လည်း လုပ်စရာ ဘာမှမရှိကြပေ။
သူတို့အားလုံးက မဲနှိုက်လို့ နံပါတ် ၁ နေရာရလျှင် ယောင်မင်းကို ရွေးမည်ဟု ဆုံးဖြတ်ထားကြသူများ ဖြစ်သည်။ ယောင်မင်းသည် နိုင်ငံတကာ ပွဲစဉ်များတွင် မိမိအရည်အချင်းကို သက်သေပြပြီးသား ကစားသမား ဖြစ်သည်။
မနှစ်က ဂါဆော လိုပေါ့။ NBA ရောက်တာနဲ့ ချက်ချင်း အသားကျသွားပြီး ၃ နှစ်အတွင်း All-Star ဖြစ်လာနိုင်သူ။ လူအများစုက ယောင်မင်းသည် ဂါဆော ထက်ပင် အလားအလာ ပိုရှိသည်ဟု ပြောကြသည်။ ခန္ဓာကိုယ် အားသာချက် ပိုရှိသည် မဟုတ်ပါလော။
အရပ်အမောင်း မြင့်မားခြင်း၊ လက်စွမ်း နူးညံ့ခြင်း၊ ခြေလှမ်း သွက်လက်ခြင်းတို့ကြောင့် Rockets အသင်းက သူ့ကို အိုလာဂျူဝမ်၏ မျိုးဆက်သစ်အဖြစ် တင်စားကာ သူ့ကို ဗဟိုပြုပြီး အသင်းပြန်လည် တည်ဆောက်မည်ဟုပင် ကြွေးကြော်ထားသည်။ (အခုလည်း ပြန်လည်တည်ဆောက်နေတာပဲ၊ ဒါပေမဲ့ စုတ်ပြတ်သတ်နေတာပေါ့)။
မဲမသမာမှု ရှိသည်ဟု သူတို့ သိနေလျှင်ကော ဘာတတ်နိုင်မည်နည်း။ သူတို့နှစ်ယောက် NBA ဝင်လာခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည်။ ယောင်မင်းက နံပါတ် ၁ နေရာကို စွန့်လွှတ်တယ်၊ လစာများများ ရမယ့်အရေးကို စွန့်လွှတ်တယ်၊ ဒါ ဘာဖြစ်လဲ။
All-Star ကစားသမားတွေတောင် ချန်ပီယံ ဖြစ်ချင်လို့ လစာလျှော့ယူပြီး အသင်းတစ်သင်းတည်းမှာ သွားစုနေကြတာပဲ။ အခု အော်နေတဲ့ လူတွေကော... တကယ်လို့ အဲဒီကစားသမားတွေ ခင်ဗျားတို့အသင်းကို လာမယ်ဆိုရင် ငြင်းကြမှာမို့လို့လား။
သူတို့ဘာသာ စိတ်လိုလက်ရ လာတာလေ၊ ခင်ဗျားတို့ ဘာတတ်နိုင်မှာမို့လို့လဲ။ တော်ရင် ခင်ဗျားတို့လည်း လူသစ်တန်း ကစားသမားတွေကို ရွေးပွဲမဝင်ဘဲ ကိုယ့်အသင်း လာကစားအောင် သွားစည်းရုံးကြပေါ့။
ဖုန်းယွီက ယောင်မင်းနှင့် ဘာတဲကို ကြည့်ကာ မှာကြားလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက် အသင်းရောက်ရင် ကြိုးကြိုးစားစား လေ့ကျင့်ကြနော်။ အနာဂတ် တရုတ်ဘတ်စကက်ဘော လောက ပြန်လည်ဦးမော့လာဖို့ ခင်ဗျားတို့ ပခုံးပေါ်မှာ တာဝန်ရှိတယ်”
******
အခန်း (၁၂၁၀) ဥရောပ အချမ်းသာဆုံးပုဂ္ဂိုလ် ညှလေးကီ
လော့စ်အိန်ဂျလိစ်မြို့သို့ ရောက်ရှိသောအခါ ယောင်မင်းသည် ပြည်ပမှ ရောက်လာသူ ဖြစ်သည့်အပြင် လူသစ်ရွေးပွဲ မဝင်ဘဲ အသင်းသို့ တိုက်ရိုက်ဝင်ရောက်လာသူ ဖြစ်သော်လည်း သူ့အား အထုပ်ဆွဲခိုင်းရဲသူ၊ အနိုင်ကျင့်ရဲသူ မရှိပေ။ ထို့ပြင် အိုလာဂျူဝမ်က သူ၏ ခြေကွက်များနှင့် နည်းစနစ်များကို ယောင်မင်းအား အကုန်အစင် သင်ကြားပေးမည်ဖြစ်ကြောင်း ချက်ချင်း ကြေညာလိုက်လေသည်။
အခြားကစားသမားများကလည်း ဤလူသစ်သည် သူဌေး၏ လူမျိုးတူချင်း ဖြစ်ကြောင်း သိထားကြသည်။ ယောင်မင်းကို မျက်နှာပျက်အောင် လုပ်ရဲသူရှိပါက ပွဲပယ်ခံရမည်၊ သို့မဟုတ် အသင်းမှ ထုတ်ပယ်ခံရမည်ကို သူတို့ နားလည်ကြသည်။
ကောလဟာလ သတင်းများအရ ကာတာ အသင်းပြောင်းခံလိုက်ရခြင်းမှာ တရုတ်အသင်းနှင့် ခြေစမ်းပွဲကစားစဉ်က မောက်မာလွန်းခဲ့သောကြောင့်ဟု ဆိုကြသည်။ သို့မဟုတ်ပါက မာတင်လို ကစားသမားမျိုးနှင့် ကာတာကို ဘယ်သူက လဲလှယ်မည်နည်း။ မာတင်သည် နံပါတ် ၁ ရွေးချယ်ခံရသူ ဖြစ်သော်လည်း သမိုင်းတစ်လျှောက် အညံ့ဆုံး နံပါတ် ၁ ဟု သတ်မှတ်ခံထားရသူ မဟုတ်ပါလော။ (ယခုတော့ မဟုတ်တော့ပေ။ ၂၀၀၁ ခုနှစ် နံပါတ် ၁ ကောင်က ပိုညံ့သည်)။
ဂျော်ဒန်ကြီး၏ လူရွေးသည့် မျက်လုံးကတော့... ကျွတ်... ကျွတ်...။
ကီရီလန်ကိုသည်လည်း လော့စ်အိန်ဂျလိစ်သို့ လာရောက်ကစားသည့် ပွဲစဉ်ရှိနေသဖြင့် တစ်ခါတည်း လိုက်ပါလာခဲ့သည်။ တစ်ချက်က ဘာတဲကို လာကြိုခြင်းဖြစ်ပြီး ပိုအရေးကြီးသည့် အချက်မှာ ဖုန်းယွီနှင့် စကားပြောချင်သောကြောင့် ဖြစ်သည်။
ရွှေဈေး အနည်းငယ်တက်ပြီးနောက် ရုတ်တရက် ပြန်ကျသွားသဖြင့် ဒါ ပုံမှန်ဟုတ်မဟုတ် ဖုန်းယွီကို မေးမြန်းလိုခြင်း ဖြစ်သည်။
...
“ညီလေးကီ... ဒီရက်ပိုင်း ပင်ပန်းနေပြီမလား” ဖုန်းယွီက ပြုံးရင်း နှုတ်ဆက်လိုက်သည်။
“ဟားဟား... မပင်ပန်းပါဘူး။ ငါက လူခေါ်ပြီး ရွှေတွင်းတွေ လိုက်ဝယ်ရုံပဲလေ။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကျတော့ မင်းဆီက ရတာကိုး။ မင်းကသာ အမေရိကန်ဘက်ကို မလာတာ ကြာနေပြီ။ ဘာလဲ... မိန်းမက မလွှတ်လို့လား” ကီရီလန်ကိုက နောက်ပြောင်လိုက်သည်။
“ငါက မခွဲနိုင်လို့ မလာတာပါ။ ဒီတစ်ခေါက်လည်း ရက်နည်းနည်းနေပြီးရင် ပြန်မှာ။ အမေရိကန်မှာက ဘာမှ ထွေထွေထူးထူး ကိစ္စရှိတာမှ မဟုတ်တာ။ ကိုယ့်တိုင်းပြည်မှာ နေရတာပဲ ပိုသက်တောင့်သက်သာ ရှိပါတယ်” ဖုန်းယွီက ပျင်းရိလေးတွဲ့စွာ ပြောလိုက်သည်။
“ငါ့အသင်း ဗိုလ်လုပွဲတက်ရင် မင်း လာကြည့်မှ ဖြစ်မယ်နော်။ ဒီနှစ်ကုန်ရင် ငါ့အသင်းကို ဘရွတ်ကလင်းဘက် ရွှေ့တော့မလို့”
ဖုန်းယွီ အကြီးအကျယ် အံ့သြသွားသည်။ အရင်ဘဝတုန်းက ရုရှားသူဌေးသည် နောက်ထပ် နှစ်အနည်းငယ်ကြာမှ Netအသင်းကို ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ရွှေ့ပြောင်းရန်အတွက်လည်း ပေးဆပ်ရမှုများ ရှိခဲ့သည်။ ကီရီလန်ကိုက ဒီလောက် လွယ်လွယ်ကူကူနှင့် ကိစ္စပြတ်သွားသည်လား။ နယူးယောက်ဘက်က မကန့်ကွက်ဘူးလား။ NBA အဖွဲ့ချုပ်ကရော သဘောတူလိုက်သလား။
နယူးဂျာစီနှင့် ဘရွတ်ကလင်းသည် မြစ်တစ်စင်းသာ ခြားသော်လည်း စီးပွားရေး အခြေအနေ ကွာခြားမှုက မသေးငယ်လှပေ။ Net အသင်းသည် ဒီနှစ်ပိုင်းအတွင်း ခြေစွမ်းမပြဘဲ ကစားခဲ့သဖြင့် နယူးဂျာစီတွင် ပရိသတ် သိပ်မရှိတော့ပေ။ ဒီနှစ်သာ ကာတာ ရောက်မလာခဲ့လျှင်၊ အသင်းရလဒ်များ မတက်လာခဲ့လျှင် ပွဲကြည့်ပရိသတ် အရေအတွက် စံချိန်တင် ကျဆင်းသွားနိုင်သည်။
ဒီနှစ် ကစားပုံကောင်းပြီး ပွဲကြည့်ကောင်းသော်လည်း Net အသင်း၏ ပရိသတ် လာရောက်ကြည့်ရှုနှုန်းမှာ အလယ်အလတ် အဆင့်တွင်သာ ရှိနေသည်။ ကီရီလန်ကိုသည် ဖုန်းယွီအသင်း၏ ပရိသတ် အားပေးမှုကို မြင်တွေ့ဖူးသည်။ ဟိုတုန်းက ဖုန်းယွီအသင်းသည် Net အသင်းထက်ပင် ညံ့ဖျင်းသော်လည်း လက်မှတ်များ ရောင်းကုန်သလို ဈေးလည်း ကောင်းသည်။ အကြောင်းမှာ ထိုဘက်မှ လူများက ပိုက်ဆံချမ်းသာကြသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကီရီလန်ကိုသည် အဖွဲ့ချုပ်နှင့် ညှိနှိုင်းကာ နေရာပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ ပြောင်းရွှေ့ရန်အတွက် ကီရီလန်ကို ပေးဆပ်လိုက်ရသည့် တန်ကြေးမှာ မနည်းလှပေ။ သို့သော် ပြောင်းရွှေ့ခွင့်ရမည် ဆိုလျှင် တန်သည်ဟု သူ ယူဆထားသည်။
ဘရွတ်ကလင်းဘက်ရှိ ဘတ်စကက်ဘော ကွင်းသစ်ကြီးကို မနှစ်ကတည်းက စတင်ဆောက်လုပ်နေခြင်း ဖြစ်သည်။ ကီရီလန်ကိုက ဘတ်ဂျက်ငွေ ထပ်ပေါင်းထည့်လိုက်သဖြင့် တည်ဆောက်ရေး လုပ်ငန်းခွင် အရှိန်အဟုန် မြင့်တက်သွားကာ ယခုနှစ် စက်တင်ဘာလကုန်တွင် ဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်။ နောက်ဆိုလျှင် Net အသင်းသည် နယူးယောက်အသင်း ဖြစ်လာတော့မည်။
မူလ နယူးယောက်အသင်း ဖြစ်သည့် Knicks အသင်းလား... ခြေစွမ်းက သိပ်ညံ့ဖျင်းလွန်းသဖြင့် ပရိသတ်များ Net အသင်းဘက်သို့ ပါလာကြတော့မည်။ ချန်ပီယံ ဖြစ်နိုင်မည့် အသင်းကို အားမပေးဘဲ အောက်ဆုံးရောက်တော့မည့် အသင်းကို ဘယ်သူက အားပေးမှာလဲ။
ကီရီလန်ကို တွက်ဆထားသည်မှာ ဟုတ်တိပတ်တိပင်။ ချန်ပီယံ ဂုဏ်ပုဒ်နှင့်အတူ နယူးယောက်သို့ ဝင်ရောက်သွားမည်ဖြစ်ရာ နယူးယောက်သားများ ငြင်းပယ်ကြမည် မဟုတ်ပေ။ ပြီးတော့ ဈေးကွက် ပိုကြီးသည့်နေရာ၊ လူတွေ ပိုချမ်းသာသည့် နေရာသို့ ရောက်သွားမည်ဖြစ်ရာ Net အသင်းသည် နောင်တွင် Knicks အသင်းကဲ့သို့ပင် ပိုက်ဆံရှာပေးနိုင်မည့်အပြင် ပို၍ပင် များပြားလာပေလိမ့်မည်။
“ကောင်းပြီလေ... ဗိုလ်လုပွဲကျရင် ငါ သေချာပေါက် လာခဲ့မယ်” ဖုန်းယွီ ကတိပေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် မထင်မှတ်ထားသော ကိစ္စများ မဖြစ်ပေါ်ပါက ဗိုလ်လုပွဲသည် Net အသင်းနှင့် Lakers အသင်းတို့၏ ပွဲစဉ်သာ ဖြစ်လာလိမ့်မည်။ Lakers အသင်းဆိုတာကလည်း လော့စ်အိန်ဂျလိစ်မှာ ရှိနေတာမို့ ဖုန်းယွီအတွက် ကိုယ့်အိမ်ကွင်းမှာ ကြည့်ရသလိုပါပင်။
ဖုန်းယွီ ကတိပေးလိုက်သော်လည်း ကီရီလန်ကိုက သက်ပြင်းချလိုက်သည်ကို မြင်လိုက်ရသည်။ မျက်နှာကလည်း မကောင်း၊ ဘာဖြစ်ရပြန်တာလဲ။
“ညီလေးကီ... ဘာဖြစ်လို့လဲ”
“ဟူး... ပေါလ်အယ်လန်ရဲ့ Blazers အသင်းက ကွာ... ကစားလေ ညံ့လေ ဖြစ်နေတယ်။ သူ့အသင်းသာ ဗိုလ်လုပွဲ တက်လာရင် ဘယ်လောက်ကောင်းမလဲ။ ငါ့အသင်းနဲ့ တွေ့ပြီး ပြတ်ပြတ်သားသား အနိုင်ယူပြချင်တာ။ နှမြောစရာပဲကွာ... တကယ် နှမြောစရာပဲ”
ဖုန်းယွီ “......”
ညီလေးကီက ပေါလ်အယ်လန်ကို လှောင်ပြောင်ချင်နေတာ ဗူးပေါ်သလို ပေါ်နေတာပဲ။
“ဒါပေမဲ့ နောက်သုံးရက်နေရင် သူတို့ကွင်းမှာ သွားကစားရမယ်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ၁၈ မှတ်အသာနဲ့ပဲ နိုင်ခဲ့တာ။ ဒီတစ်ခါတော့ အမှတ် ၂၀ အသာနဲ့ နိုင်မှ ဖြစ်မယ်” ကီရီလန်ကိုက မဲမဲရရ ပြောလိုက်သည်။
သူတို့နှစ်ယောက်ကြားတွင် လောင်းကြေးတစ်ခု ရှိနေသည် မဟုတ်ပါလော။ အကယ်၍ Net အသင်းကသာ ဒီရာသီတွင် Blazers အသင်းကို ပွဲတိုင်း အနိုင်ယူနိုင်ခဲ့လျှင် ပေါလ်အယ်လန်က Blazers အသင်းသည် Net အသင်းလောက် မကောင်းကြောင်း၊ သူကိုယ်တိုင်လည်း ကီရီလန်ကိုလောက် မတော်ကြောင်း လူသိရှင်ကြား ဝန်ခံရမည့်အပြင် ဦးညွတ်ဂါရဝပြုရမည် ဖြစ်သည်။
ထိုမြင်ကွင်းကို တွေးမိတိုင်း ကီရီလန်ကို တစ်ယောက်တည်း ရယ်မောနေတတ်သည်။
မင်း ပေါလ်အယ်လန်... ဟိုတုန်းက ငါ့ရှေ့မှာ ဆရာကြီး လာလုပ်တယ်လေ။ အခု ဘာဖြစ်သွားပြီလဲ။ စီးပွားရေးလုပ်တော့လည်း မင်းက ငါ့ကို မမီ၊ အသင်းပိုင်ရှင် လုပ်တော့လည်း မင်းက ငါ့လောက် မတော်ပါလား။
ပေါလ်အယ်လန်က ကမ္ဘာ့ပရိသတ်ရှေ့မှောက်တွင် သူ့ကို ဦးညွတ်လာမည့်အချိန်ကျရင် ဘယ်လို ပြန်ပြောလိုက်မယ်ဆိုတာကိုတောင် သူ စဉ်းစားထားပြီးပြီ။ ဒီတစ်ခါတော့ ပေါလ်အယ်လန်ကို ကောင်းကောင်းကြီး အရှက်ခွဲပစ်ရမယ်။
IQ မြင့်တာ ဘာဖြစ်လဲ။ ငါ့ထက် IQ မြင့်တဲ့ကောင်တွေ အများကြီးပဲ။ ဒါပေမဲ့ ငါ့လောက် ချမ်းသာတဲ့ကောင် ဘယ်နှစ်ယောက် ရှိလို့လဲကွ။
“အေးပါ... ဒါဆိုလည်း ငါ အဲဒီပွဲကြည့်ပြီးမှပဲ ပြန်တော့မယ်”
“ဒါနဲ့ ဖုန်း... ဒီရက်ပိုင်း ရွှေဈေး နည်းနည်း ပြန်ကျသွားတယ်။ ငါတို့ တစ်ခုခု လုပ်ဖို့ လိုမလား” ကီရီလန်ကိုက လေးလေးနက်နက် မေးလိုက်သည်။
ဒါက ပိုက်ဆံနည်းနည်းမှ မဟုတ်တာ။ သူ အလေးထားရမှာပေါ့။
“ရွှေဈေးကျတာက ပုံမှန် အတက်အကျ သဘောပါပဲ။ ဂရုစိုက်စရာ မလိုပါဘူး။ ရေရှည်အတွက်ပဲ ဆက်ကိုင်ထား။ မင်း Leverage အမြင့်ကြီး မသုံးထားဘူးမလား”
“မသုံးပါဘူး... မသုံးပါဘူး။ ဖုန်းယွီအတိုင်ပင်ခံ ကုမ္ပဏီလိုပဲ ရှေးရိုးစွဲ ရင်းနှီးမြှုပ်နှံမှုပဲ လုပ်ထားတာပါ။ မင်းပဲ ပြောထားတယ်လေ... ဒီတစ်ခေါက် ရင်းနှီးမြှုပ်နှံမှုမှာလည်း အန္တရာယ်ရှိတယ်၊ သတိထားရမယ်ဆိုလို့။ သတိထားပြီး ရင်းနှီးထားရင်တောင် အမြတ်က နည်းမှာမှ မဟုတ်တာ” ကီရီလန်ကိုက အမြန်ပြန်ပြောလိုက်သည်။
“ဒါဆို ပြီးတာပါပဲ။ အခု နည်းနည်းကျသွားတယ် ဆိုပေမဲ့ ငါတို့ ဝယ်ထားတဲ့ ဈေးထက် မြင့်နေတုန်းပဲလေ။ ဘာမှစိတ်ပူစရာ မလိုဘူး။ ဈေးပြန်တက်လာတာကို ထိုင်စောင့်နေလိုက်။ တကယ်လို့ ၂ ရက်၊ ၃ ရက်လောက် ဆက်တိုက် ပြန်တက်လာတဲ့ လမ်းကြောင်းမြင်ရရင် ပိုက်ဆံထပ်ထည့်လို့ ရတယ်။ ဒါပေမဲ့ အများကြီး ထပ်မထည့်နဲ့။ အရန်ငွေ အလုံအလောက် ချန်ထားဖို့တော့ လိုမယ်” ဖုန်းယွီက သတိပေးလိုက်သည်။
“စိတ်ချပါ... ငါ နားလည်ပါတယ်။ ငါ မလောဘပါဘူး။ ဒီတစ်ခေါက် ၁ ဘီလီယံ၊ ၂ ဘီလီယံလောက် မြတ်ရင် ရပါပြီ”
ကီရီလန်ကိုရဲ့ စကားကို တခြားလူများ ကြားသွားရင် ရင်ဘတ်စည်တီးပြီး သေသွားလောက်တယ်။ တစ်နှစ်တောင် မပြည့်သေးဘူး... ၁ ဘီလီယံ၊ ၂ ဘီလီယံလောက် မြတ်ရင် ရပြီတဲ့။ ဒါကို မလောဘဘူး ခေါ်သလား။ ဒါဆို ဘယ်လောက်လိုချင်မှ လောဘကြီးတယ် ခေါ်မှာလဲ။
ငွေပမာဏ အများကြီး ရင်းနှီးမြှုပ်နှံထားရင် တစ်နှစ်ကို အမြတ် ၁၀ ရာခိုင်နှုန်းရတာတောင် မဆိုးဘူးလို့ ပြောလို့ရတယ်။ ၂၀ ရာခိုင်နှုန်းဆိုရင် သိပ်ကောင်းနေပြီ။ ကီရီလန်ကိုက ဒေါ်လာ ဘီလီယံချီ ရင်းနှီးထားတာ ဆိုတော့ သူ့ရည်မှန်းချက်က အမြတ် ၃၀ ရာခိုင်နှုန်းအထက် ဖြစ်နေသည်။
“ပြဿနာ မရှိပါဘူး။ မနှစ်က နှစ်ခေါက် ကစားလိုက်တာတောင် မင်း တော်တော်မြတ်လိုက်တယ် မဟုတ်လား။ ဒီနှစ်က ပိုသေချာအောင် ကစားတာဆိုပေမဲ့ အမြတ်က နည်းမှာမဟုတ်ပါဘူး”
“ဟားဟား... ကြည့်ရတာ မကြာခင် ငါ ဥရောပရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာတော့မယ် ထင်တယ်”
ဖုန်းယွီက ပြုံးရင်း ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး... တကယ်တမ်းပြောရရင် မင်းက အခုကို ဥရောပ အချမ်းသာဆုံး ဖြစ်နေပြီ။ Ferrero မိသားစုရဲ့ ပိုင်ဆိုင်မှုက သားအမိ နှစ်ယောက်ပေါင်း ပိုင်ဆိုင်ထားတာ။ သူတို့ပိုင်ဆိုင်မှုက မင်းထက် များတယ်ဆိုပေမဲ့ အဲဒါက နှစ်ယောက်ပေါင်း ပိုင်ဆိုင်မှုကို မင်းတစ်ယောက်တည်းနဲ့ ယှဉ်ထားလို့လေ။ ပုံမှန်အတိုင်းဆိုရင် ဒီနှစ်ကုန်ရင် မင်းက သူတို့ သားအမိနှစ်ယောက်ပေါင်း ပိုင်ဆိုင်မှုကိုပါ ကျော်တက်သွားလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာကိုပဲ မင်းက ဥရောပရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စစ်စစ် ဖြစ်နေပါပြီ”
ကီရီလန်ကို ကြောင်အသွားသည်။ ငါက ဥရောပ အချမ်းသာဆုံး ဖြစ်နေပြီ ဟုတ်လား။ ဘာလို့ ဘယ်သူမှ လာမပြောကြတာလဲ။
******