ပူလောင်နေသော အာလူး
Vol. 41 Ch. 482
လုနင်းရှန် ရဲ့ ဖော်ပြချက်တွေ နောက်တစ်ကြိမ် နားထောင်ပြီးနောက် သူမကို ရိုးအလွန်းတယ်လို့ လိမ္မာပါးနပ်စွာ ပြောရမလား၊ ဒါမှမဟုတ် တုံးတယ်လို့ပဲ တည့်တည့် ပြောလိုက်ရမလား ဆိုတာ ကျန်းပေရန် ဆုံးဖြတ်ရ ခက်ခဲနေလေသည်။
လုနင်းရှန်ရဲ့ စကားတွေ အရ အဲ့ဒီ နို့ထိန်းက သူမကို ငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့ပြီး ဂရုစိုက်မှုနဲ့ မေတ္တာအများဆုံး ပေးခဲ့သူ ဖြစ်လေသည်။
ဒါပေမဲ့ အဲ့ဒါတွေက အရေးမကြီးပေ။
နို့ထိန်းက နန်းတော် အတွင်းထဲမှာ အဆက်အသွယ် ကောင်းမွန်သူ တစ်ယောက် ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် အလေးပေး ပြောဆိုပြီးနောက် သူမကို နန်းတော် အပြင်ဘက် ပို့ဆောင်မယ့် အစီအစဉ် တစ်ခု နို့ထိန်း တစ်ယောက်က ရေးဆွဲနိုင်လိမ့်မယ်လို့ သူမ တကယ် ယုံကြည်ခဲ့လေသည်။
ပြဿနာက လက်ရှိ နန်းတော် အခြေအနေက အတိတ်က နန်းတော်နဲ့ ဘယ်လိုလုပ် တူညီနိုင်မှာလဲ။
မင်းသမီး…….. အချိန်တွေက ပြောင်းလဲသွားခဲ့ပါပြီ။
အဲ့ဒီတုန်းက မင်းက နန်းတော်ထဲမှာ မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ မင်းသမီးလေး ဖြစ်ခဲ့ပေမယ့် အခုတော့ အိမ်အကျယ်ချုပ် ကျနေတဲ့ အကျဉ်းသား တစ်ယောက် သက်သက်သာ ဖြစ်လေသည်။
အဲ့ဒီနှစ်ခုကို ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ။
ဒါပေမဲ့ ကျန်းပေရန် စိတ်ထဲကနေ ဘယ်လောက်ပဲ ဝေဖန်နေပါစေ အရင်က လုနင်းရှန် ကတော့ ဒါတွေ အားလုံးကို နှလုံးသား အပြည့်နဲ့ ယုံကြည်ခဲ့လေသည်။
သူမ သယ်ဆောင်ထားတဲ့ မွှေးပျံ့အိတ် မှာ ပြဿနာ တစ်ခုခု ရှိနေကြောင်း ကျန်းပေရန် သူမကို မပြောခင် အချိန်ထိ သူမ နို့ထိန်းက သူမကို နန်းတော် အပြင်ဘက် ပို့ဆောင်ပေးဖို့ အသက် စွန့်စားခဲ့တယ်လို့ သူမ ယုံကြည်ခဲ့လေသည်။
အခုချိန်ထိတောင် လူတွေ သူမကို အမြဲ ရှာတွေ့နိုင်ခဲ့တာက ဒီ မွှေးပျံ့အိတ် ကြောင့် ဆိုတာကို လုနင်းရှန် မယုံချင် ဖြစ်နေတုန်းပဲ။
ဒါပေမဲ့ အဖြစ်မှန်ကတော့ မွှေးပျံ့အိတ်ကို ယူလိုက်ပြီးနောက် သူမ တည်နေရာကို အလွယ်တကူ ရှာဖွေလို့ မရတော့တာပါပဲ။
ပြီးတော့ သူမ မယုံချင်ရတဲ့ အကြောင်းရင်းကတော့ သဘာဝကျကျ ဒီ မွှေးပျံ့အိတ်က သူမ မထွက်ခွာခင်လေးမှာ သူမ နို့ထိန်း ပေးခဲ့တဲ့ လက်ဆောင် ဖြစ်နေလို့ပါပဲ။
ဘုရားကျောင်း တစ်ခုကနေ ရခဲ့တာ ဖြစ်ပြီး သူမကို ဘေးကင်းစေနိုင်တယ်လို့ နို့ထိန်းသည်က ပြောခဲ့လေသည်။
ဒီအကြောင်း ပြောနေရင်း လုနင်းရှန် ရဲ့ စိတ်ခံစားမှုက အလွန် နိမ့်ကျနေလေသည်။
ဒီကမ္ဘာကြီးမှာ သူမ အယုံကြည်ဆုံး လူကတောင် သူမကို လှည့်စားခဲ့တယ် ဆိုတော့ အနာဂတ်မှာ ဘယ်သူ့ကို သူမ ယုံကြည်ရတော့မလဲ...
"ဒါဆို မင်းရဲ့ နို့ထိန်းကလည်း မင်းရဲ့ ခမည်းတော် ဘဏ္ဍာတိုက် ဘယ်မှာ ရှိလဲ ဆိုတာ မင်း သိကြောင်း သိနေတာပေါ့"
ဒါကို ကြားပြီးနောက် လုနင်းရှန် ခဏ တိတ်ဆိတ်နေပြီးမှ ဖြေလိုက်လေသည်။
"ဟုတ်တယ် ဆရာက အဲ့ဒီ မွှေးပျံ့အိတ်ကို ယူလိုက်မှ နန်းတော်ထဲကနေ ထွက်ပြေးနိုင်သူက ကျွန်မ တစ်ယောက်တည်း ဘာလို့ ဖြစ်နေရတာလဲ ဆိုတာ နားလည်ခဲ့ရတယ် သူတို့က ကျွန်မ အဖေရဲ့ ဘဏ္ဍာတိုက် တည်နေရာ ရှာဖွေရာမှာ ကျွန်မကို ကူညီစေချင်ကြတာ"
သို့သော် ကျန်းပေရန် က ဒါကို ကြားပြီးနောက် ခေါင်းခါလိုက်လေသည်။
"မင်းရဲ့ ဦးလေးတွေနဲ့ အဒေါ်တွေကို မင်း လျှော့တွက်နေတာပဲ"
လုနင်းရှန် မျက်တောင်ခတ်လိုက်ပြီး ဇဝေဇဝါ ဖြစ်စွာ မေးလိုက်လေသည်။
"ဒါ... ဒါ မဟုတ်ဘူးလား"
ဆူပွက်နေတဲ့ အိုးထဲ နောက်ထပ် ဆေးဖက်ဝင် အပင် အနည်းငယ် ပစ်ထည့်လိုက်ပြီး ကျန်းပေရန် အဖုံး ပြန်ပိတ်ကာ ပြောလိုက်လေသည်။
"မင်းနှုတ်က ဘယ်လောက် လုံနိုင်မယ်လို့ မင်း ထင်လဲ"
သူ့စကားတွေ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်လိုက်ပြီး လုနင်းရှန် လက်သီးဆုပ်လိုက်လေသည်။
"ဂိုဏ်းက လုံးဝ ပြောင်းလဲသွားပြီ ဆိုပေမယ့်... သူတို့က ကျွန်မကို နှိပ်စက်ညှဉ်းပန်းတဲ့ အထိတော့ လုပ်ကြမှာ မဟုတ်ပါဘူး"
"သူတို့ အခု လောလောဆယ် မင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန် မရှိသေးတာ ဖြစ်နိုင်တယ် ဒါပေမဲ့ အခြေအနေ ငြိမ်သက်သွားတဲ့ အခါ သူတို့ မင်းအပေါ် ဒီလောက် သိမ်မွေ့နေဦးမယ်လို့ မင်း ထင်လား ဒါ့အပြင် နှိပ်စက်ညှဉ်းပန်းတာထက် သတင်းအချက်အလက် ရယူနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိသေးတယ်"
"ဒါဆို... ဒါဆို ဘာလို့ သူတို့ ကျွန်မကို လွှတ်ပေးလိုက်တာလဲ"
"အကြောင်းရင်းတွေ အများကြီး ရှိနိုင်တယ် ပထမဆုံး အနေနဲ့ မင်းအဖေက ပျောက်ဆုံးနေတာပဲ ရှိသေးတယ် မဟုတ်လား"
ဒါကို ကြားတော့ လုနင်းရှန် ရဲ့ မျက်နှာထား နောက်တစ်ကြိမ် မှေးမှိန်သွားလေသည်။
"ပျောက်ဆုံးတယ်လို့ ပြောကြပေမယ့် အဖေသာ အသက်ရှင်နေသေးရင် ကျွန်မတို့ကို လျစ်လျူရှုထားမှာ မဟုတ်ဘူးလို့ ကျွန်မ ခံစားရတယ်"
လုနင်းရှန် ရဲ့ ဆိုလိုရင်းက ရိုးရှင်းလေသည်။
သူမအဖေ ပျောက်ဆုံးနေတယ်လို့ ပြောပေမယ့် သူမ စိတ်ထဲမှာတော့ တစ်ခုခု ဖြစ်သွားပြီလို့ ကောက်ချက်ချထားပြီး ဖြစ်လေသည်။
"ဟူး"
ကျန်းပေရန် သူ့နဖူးသူ ရိုက်လိုက်လေသည်။
"ငါ ပြောမယ် မင်းအဖေ အတွက် ကောင်းတာ တစ်ခုခု မင်း တစ်ခါလောက် တွေးပေးလို့ မရဘူးလား"
ဒါကို ကြားပြီးနောက် လုနင်းရှန် မသိစိတ်နဲ့ ပြန်ပြောချင်ပေမယ့် အံ့သြတကြီး မော့ကြည့်လိုက်လေသည်။
"ဆရာ ကျွန်မ အဖေ မသေသေးဘူးလို့ ထင်တာလား"
"မင်းအဖေသာ တကယ် သေဆုံးသွားပြီ ဆိုရင် မင်းတို့ မိသားစု နန်းတော်ထဲမှာ အေးအေးဆေးဆေး အကျယ်ချုပ် ကျနေနိုင်ဦးမယ်လို့ မင်း ထင်လား"
"ဒါက..."
လုနင်းရှန် ခဏတာ ဘယ်လို ဖြေရမလဲ မသိ ဖြစ်သွားပြီးနောက် ထပ်ဖြည့်ပြောလိုက်လေသည်။
"ဒါပေမဲ့ မောင်လေး ထီးနန်းတက်ကတည်းက ဂိုဏ်းထဲက လူအများကြီးက ကျွန်မတို့ကို အပြီးတိုင် ရှင်းပစ်ချင်တဲ့ ဆန္ဒ ထုတ်ပြခဲ့ကြတယ်လေ..."
လုနင်းရှန် စကားမဆုံးခင် ကျန်းပေရန် ဖြတ်ပြောလိုက်လေသည်။
"မင်းမောင်လေး ထီးနန်းပေါ်မှာ ရှိနေသေးလား"
"ရှိတယ်"
"ဒါဆိုရင် ဟုတ်ပြီလေ သူတို့ တွေးရုံသာ တွေးရဲပြီး တကယ် မလုပ်ရဲကြဘူးလို့ မင်း ကိုယ်တိုင် ပြောခဲ့တာပဲ သူတို့ ဘာလို့ မလုပ်ရဲကြတာလဲ ဆိုတဲ့ အကြောင်းရင်းကို မင်း ဘယ်လို ထင်လဲ"
လုနင်းရှန် ရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပလာလေသည်။
"ဘာလို့လဲဆိုတော့ အဖေ တကယ် သေဆုံးသွားပြီလား ဆိုတာ သူတို့ မသေချာသေးလို့ပါ"
"အင်း လုံးဝ တုံးအတာတော့ မဟုတ်သေးဘူးပဲ"
"ကျွန်မ..."
တုံးအတယ်လို့ အခေါ်ခံရတာကြောင့် လုနင်းရှန် ပြန်ပြောချင်ပေမယ့် ဒီလောက် ရိုးရှင်းတဲ့ အမှန်တရားကိုတောင် သူမ မစဉ်းစားမိခဲ့တာ တွေးမိပြီး ခေါင်းပြန်ငုံ့သွားလေသည်။
သို့သော် သူမအဖေ မသေသေးဘူး ဆိုတဲ့ အတွေးက သူမ စိတ်ဓာတ်ကို ချက်ချင်း မြှင့်တင်ပေးလိုက်လေသည်။
ဒီအချိန်မှာ ကျန်းပေရန် အိုးဖုံး ဖွင့်လိုက်ပြီး မဲနက်နေတဲ့ ဆေးရည် တစ်ခွက် ခပ်ယူကာ လုနင်းရှန် ကို ကမ်းပေးလိုက်လေသည်။
"ဒါ သောက်လိုက် မင်းခန္ဓာကိုယ် အခြေအနေက အရမ်း ဆိုးရွားနေသေးတယ်"
လုနင်းရှန် ကို ကျန်းပေရန် ကူညီချင်ရတဲ့ အကြောင်းရင်းက တစ်စိတ်တစ်ပိုင်း အားဖြင့် စနစ်ရဲ့ ရွေးချယ်မှုလို့ ခံစားရလို့ ဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်း အားဖြင့်တော့ ဒီမင်းသမီးက တကယ် ကြင်နာတတ်တဲ့ နှလုံးသား ရှိလို့ ဖြစ်လေသည်။
သူမ ခန္ဓာကိုယ်က တစ်ရက် နှစ်ရက် အတွင်း လက်ရှိ အခြေအနေ အထိ ယိုယွင်းသွားတာ မဟုတ်ပေ။
ဒီတောင်တန်းတွေထဲမှာ သူမ ပုန်းအောင်းနေတာ တစ်ပတ်လောက် ရှိလောက်ပြီ ဖြစ်ပြီး ဒီလောက် မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာတောင် သူ့ကို အကူအညီ တောင်းဖို့ လုံးဝ မတတ်နိုင်တော့တဲ့ အချိန်ထိ သူမ တောင့်ခံထားခဲ့လေသည်။
ဒါက ပြီးခဲ့တဲ့ တစ်ခေါက် ညသန်းခေါင်ယံမှာ တိတ်တဆိတ် ထွက်ခွာသွားတုန်းကလိုပါပဲ။
တတ်နိုင်ရင် ဒီမင်းသမီးက သူမကို ကူညီတဲ့ သူ အသက်အန္တရာယ် ရှိစေနိုင်တဲ့ ပြဿနာထဲ သူ့ကို ဆွဲမထည့်ချင်ခဲ့ပေ။
"ကျေးဇူးတင်ပါတယ်"
ဆေးရည်ကို သူ့ဆီက ယူလိုက်ပြီး လုနင်းရှန် အနည်းငယ် အရင် သောက်ကြည့်လိုက်ရာ သူမ မျက်ခုံးတွေ ချက်ချင်း တွန့်ချိုးသွားလေသည်။
ဆေးသောက်ရတာကို ငယ်ငယ်ကတည်းက သူမ အကြောက်ဆုံး ဖြစ်လေသည်။
အကြိမ်တိုင်း သူမရဲ့ နို့ထိန်းက သူမကို ဝိုင်းချော့ဖို့ နန်းတွင်း အစေခံ တစ်ဒါဇင်လောက် ခေါ်လာရလေ့ ရှိလေသည်။
ဒါပေမဲ့ အခု အဲ့ဒီ တစ်ချိန်တုန်းက နွေးထွေးခဲ့တဲ့ မြင်ကွင်းတွေကို ပြန်တွေးမိတဲ့ အခါ လုနင်းရှန် အပြုံးအရိပ်အယောင် နည်းနည်းလေးမှ မခံစားရပေ။
သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆေးရည် တစ်ခွက်လုံးကို ရုတ်တရက် မော့သောက်လိုက်လေသည်။
ဆေးက ခါးသက်နေတုန်းပဲ ဖြစ်ပေမယ့် မကြာသေးမီက သူမ ကြုံတွေ့ခဲ့ရတာတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့ပေ။
"ကျေးဇူးတင်ပါတယ် ဆရာ"
ပန်းကန်လုံးကို ပြန်ပေးရင်း လုနင်းရှန် ပြောလိုက်လေသည်။
ပန်းကန်လုံးကို ယူလိုက်ပြီး ကျန်းပေရန် သူတို့ရဲ့ ယခင် ခေါင်းစဉ်ကို ဆက်ပြောလိုက်လေသည်။
"သူတို့ မင်းကို လွှတ်ပေးလိုက်တဲ့ အကြောင်းရင်းက ရည်ရွယ်ချက် အများကြီး ရှိနိုင်တယ် မင်းအဖေရဲ့ ဘဏ္ဍာတိုက်ကို ရှာဖွေဖို့ မင်းကို အသုံးပြုတာက တစ်ခု ဖြစ်ပေမယ့် သူတို့အတွက် ဒါက ဒုတိယ ဦးစားပေး ရည်ရွယ်ချက် ဖြစ်သင့်တယ် သူတို့ တကယ် သိချင်တာက ဒီလို အခြေအနေမျိုး အတွက် မင်းတို့ မိသားစုမှာ အရန် အစီအစဉ်တွေ ရှိမရှိ ဆိုတာပါပဲ"
"အရန်... အစီအစဉ်တွေ ဟုတ်လား"
လုနင်းရှန် နည်းနည်း နားမလည်ဘဲ မေးလိုက်လေသည်။
"မင်း ပြောသလိုပဲ မင်းအဖေက ၁၆ နှစ်ကြာ နန်းစံခဲ့တယ် သူ့မှာ တစ်ခုခု ဖြစ်ခဲ့ရင် အသုံးပြုဖို့ မတော်တဆမှု ဆိုင်ရာ အစီအစဉ်တချို့ ပြုလုပ်ထားတာက လုံးဝ ပုံမှန် ဖြစ်လိမ့်မယ် ဒါကြောင့် မင်းရဲ့ ဦးလေးတွေနဲ့ အဒေါ်တွေက ဒီလို အရန် အစီအစဉ်တွေ ရှိမရှိ သိရအောင် မင်းကို အသုံးပြုချင်ကြတာ ဖြစ်လောက်တယ်"
"ဒါပေမဲ့ မင်းကို အခု ကြည့်ရတာ ဒီလို အရန် အစီအစဉ်တွေ မရှိဘူး ဆိုတာ ထင်ရှားနေတယ်"
"ဟုတ်တယ် ဘာမှ မရှိဘူး..."
လုနင်းရှန် ခေါင်းခါလိုက်လေသည်။
"ဒါဆို နောက်ထပ် အကြောင်းရင်း တစ်ခုက မင်းအဖေကို မျှားခေါ်ဖို့ မင်းကို အသုံးပြုခြင်း ဖြစ်လိမ့်မယ် မင်းတို့ဂိုဏ်းက လူတွေက မင်းအဖေ အရိပ်ထဲမှာ ပုန်းအောင်းနေတုန်းပဲလို့ ယုံကြည်ဖို့ အလားအလာ အရမ်း များတယ် ဒါကြောင့် သူ့ကို ဆွဲထုတ်ဖို့ မင်းကို ငါးစာ အဖြစ် အသုံးပြုဖို့ ကြိုးစားချင်ကြတာ"
"ဒါပေမဲ့ ရလဒ် အနေနဲ့ အဲ့ဒီ လမ်းကြောင်းကလည်း သူတို့အတွက် အလုပ်မဖြစ်ခဲ့ဘူး တခြား ဖြစ်နိုင်ချေတွေ အများကြီး ရှိသေးတယ် ဒါပေမဲ့ မင်းရဲ့ မွှေးပျံ့အိတ်ကို ငါ ပြုပြင်လိုက်ပြီးနောက် သူတို့ အဲ့ဒါတွေကို အကောင်အထည် ဖော်နိုင်တော့မှာ မဟုတ်ဘူး"
"ဆရာ... ကျွန်မ အခု ဘာလုပ်သင့်လဲ"
သူမ ထွက်ပြေးလွတ်မြောက်လာရတဲ့ အကြောင်းရင်းတွေကို အခု သိလိုက်ရပေမယ့် လုနင်းရှန် အတွက် ဘာအဓိပ္ပာယ်မှ မရှိပေ။
သူမ အခု လိုအပ်တာက နည်းလမ်း တစ်ခုပါ၊ သူမ မိသားစု တစ်ခုလုံးကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်း တစ်ခု ဖြစ်လေသည်။
ဘာလုပ်ရမလဲ။
ကျန်းပေရန် သဘာဝကျကျ သူမကို ကိုယ်တိုင် မကူညီနိုင်ပေ။
ဘာပဲဖြစ်ဖြစ် ထန်တိုင်းပြည် တစ်ခုလုံးရဲ့ အသန်မာဆုံး ဂိုဏ်းကို ရန်သူ လုပ်ဖို့ သူ့မှာ ရည်ရွယ်ချက် မရှိဘူးလေ။
သူ့ကိုယ်သူ ကလွဲရင် ကျန်းပေရန် မှာ ရှိတဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ယန်ကွမ်းချင်း ကို ရှာဖွေဖို့ ဖြစ်လေသည်။
သန်မာသည် ဖြစ်စေ၊ အားနည်းသည် ဖြစ်စေ သူက ထန်တိုင်းပြည် မှာ ကျန်းပေရန် သိတဲ့ တစ်ဦးတည်းသော စွမ်းအားကြီး ဒေသခံ ပုဂ္ဂိုလ် ဖြစ်လေသည်။
'ဒါပေမဲ့ ဒီလို ပူလောင်နေတဲ့ အာလူး တစ်လုံးကို... ယန်ကွမ်းချင်း လက်ခံချင်ပါ့မလား'
ခဏ စဉ်းစားပြီးနောက် အများကြီး မစဉ်းစားတော့ဖို့ ကျန်းပေရန် ဆုံးဖြတ်လိုက်လေသည်။
သူ့မှာ တခြား ရွေးချယ်စရာ မရှိမှတော့ မေးကြည့်လိုက်တာ အကောင်းဆုံးပါပဲ။
ဒါကြောင့် သူ အဆောင်လက်ဖွဲ့ စာရွက် တစ်ရွက် တိုက်ရိုက် ထုတ်ယူပြီး တရားဝင် လာရောက် လည်ပတ်ခွင့် ကတ်ပြား ရေးသားကာ စက္ကူစွန် အဖြစ် ခေါက်ပြီး လွှတ်တင်လိုက်လေသည်။
တရားဝင် လာရောက် လည်ပတ်ခွင့် ကတ်ပြား ထဲမှာ လုနင်းရှန် အကြောင်း ကျန်းပေရန် ထည့်မရေးခဲ့ပေ။
ဘာပဲဖြစ်ဖြစ် ဒီလို ကြီးမားတဲ့ ကိစ္စ အတွက် မျက်နှာချင်းဆိုင် ပြောတာ ပိုကောင်းလေသည်။
မကြာခင်မှာ စက္ကူစွန် တစ်ကောင် ကျန်းပေရန် လက်ထဲ ပြန်ရောက်လာလေသည်။
ဂိုဏ်းချုပ်ယန် ရဲ့ အကြောင်းပြန်စာ ဖြစ်လေသည်။
စာလုံးရေ အများကြီး မပါပေမယ့် သူ့သဘောထားက အလွန် စိတ်အားထက်သန်နေလေသည်။
စာရွက် တစ်ခုလုံးက "နွေးထွေးစွာ ကြိုဆိုပါတယ်" လို့ အော်ဟစ်နေသလိုပါပဲ။
ဒါက အပတ်တိုင်း သူ လာလည်ပြီး ဂိမ်းကစားဖို့ စိတ်အားထက်သန်စွာ စောင့်ဆိုင်းတတ်တဲ့ အတန်းဖော် တစ်ယောက်ကို ကျန်းပေရန် မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်စေခဲ့လေသည်။
ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်း ဂိမ်းကစားတာက သူငယ်ချင်း တစ်ယောက်နဲ့ ကစားတာလောက် ဘယ်လိုလုပ် ပျော်ဖို့ ကောင်းမှာလဲ။
ပြီးတော့ လက်ရှိ ယန်ကွမ်းချင်း က သူ့ "ကစားဖော်" ကို စောင့်ဆိုင်းနေတဲ့ အင်တာနက် စွဲလမ်းနေတဲ့ ဆယ်ကျော်သက်လေး တစ်ယောက်လို ဖြစ်နေပြီး အစီအရင်တွေကို အတူတူ လေ့လာဖို့ ကျန်းပေရန် ပြန်လာမှာကို စိတ်အားထက်သန်စွာ မျှော်လင့်နေလေသည်။
စာကို သူ့ သိုလှောင်လက်စွပ် ထဲ ထည့်လိုက်ပြီး ကျန်းပေရန် သူ့ သိုလှောင်လက်စွပ် ထဲက ရိက္ခာခြောက်တချို့နဲ့ ရေကို အရင် ထုတ်ယူကာ မီးပုံဘေးမှာ ချထားလိုက်လေသည်။
အဲ့ဒီနောက် လုနင်းရှန် ကို ပြောလိုက်လေသည်။
"ဒီဂူက အရမ်း ဘေးကင်းတယ် မင်း လောလောဆယ် ဒီမှာပဲ နေလိုက်ဦး ငါ အပြင်ခဏ သွားလိုက်ဦးမယ်"
အဲ့ဒီနောက် လုနင်းရှန် မေးခွန်း မေးတာကို မစောင့်တော့ဘဲ ကျန်းပေရန် နေရာမှာတင် ပျောက်ကွယ်သွားလေသည်။
"ဟာ……"
လုနင်းရှန် မတ်တတ်ရပ်ပြီး သူ့ကို ဖမ်းဆွဲဖို့ ကြိုးစားလိုက်ပေမယ့် လေဟာနယ်ကိုသာ ဖမ်းမိလိုက်လေသည်။
လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပေမယ့် အခု အများကြီး ပိုနွေးထွေးနေတဲ့ ဂူကို သူမ ကြည့်လိုက်လေသည်။
လုနင်းရှန် မီးပုံဘေး ပြန်ထိုင်လိုက်ပြီး ဆုတောင်းဖို့ မျက်လုံး မှိတ်လိုက်လေသည်။
ဒီအချိန်မှာ ကျန်းပေရန် က သူ့ ပျံသန်းသော စံအိမ် ထဲ ပြန်ရောက်နေပြီး ကောင်းကင်လွှမ်းမိုးဂိုဏ်း ဆီ ပျံသန်းသွားနေလေသည်။
သူတို့ ပြောသလိုပါပဲ အစီအစဉ်တွေက ပြောင်းလဲမှုတွေကို အမှီမလိုက်နိုင်ဘူး တဲ့။
ရှေးဟောင်း အပျက်အစီးများ ထဲက ထူးခြားဆန်းပြား သားရဲ ဌာနချုပ်ကို စုံစမ်းစစ်ဆေးဖို့နဲ့ ချူယန်ဇယ် အတွက် အစီအစဉ်တွေ ပြုလုပ်ပေးဖို့ ဇန်တိုင်းပြည် မှာ နေထိုင်ဖို့ ကျန်းပေရန် မူလက စီစဉ်ထားခဲ့တာ ဖြစ်လေသည်။
ဒါပေမဲ့ သူ ထွက်ခွာဖို့ ပြင်လိုက်တုန်းမှာပဲ လုနင်းရှန် ရဲ့ အကူအညီ တောင်းခံမှု အချက်ပြကို လက်ခံရရှိခဲ့လေသည်။
လုနင်းရှန် ရဲ့ အခြေအနေကို နားလည်ပြီးနောက် အချိန်ဆွဲလို့ မရတော့မှန်း ကျန်းပေရန် သိလိုက်လို့ ချူယန်ဇယ် ကို ခေါပြီး ထန်တိုင်းပြည် ကို ပြန်လာခဲ့တာ ဖြစ်လေသည်။
ရှီဖုန်းလန် ရဲ့ ပျံသန်းသော စံအိမ်သာ မရှိရင် သူ ဒီလောက် လွတ်လပ်စွာ အသွားအပြန် ခရီးနှင်နိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း သူ ဝန်ခံရမည်။
လက်ဖက်ရည် တစ်ခွက် သောက်စာလောက် အချိန် မပြည့်ခင်မှာတင် ပျံသန်းသော စံအိမ် က ကောင်းကင်လွှမ်းမိုးဂိုဏ်း အပေါ်မှာ ရပ်တန့်သွားခဲ့လေသည်။
အဲ့ဒီနောက် လုပ်ရိုးလုပ်စဉ် အတိုင်း ကြေငြာပြီးနောက် ဂိုဏ်းချုပ် နေထိုင်ရာ ကွေ့ပတ်နေသော တောင်ကုန်းထိပ် ဆီ ရှဲ့လင်းတန်း နဲ့ အတူ ကျန်းပေရန် ချောမွေ့စွာ ရောက်ရှိသွားခဲ့လေသည်။
အိမ်ရှေ့ ခန်းမဆောင် ထဲ ကျန်းပေရန် ခြေမချခင်မှာတင် ယန်ကွမ်းချင်း ရဲ့ ပျော်ရွှင်နေတဲ့ အသံကို ကြားလိုက်ရပြီး ဖြစ်လေသည်။
"ပေရန် ဝင်လာခဲ့ ဝင်လာခဲ့"
ရှဲ့လင်းတန်း ကို ဝင်ပေါက်မှာ စောင့်ခိုင်းထားခဲ့ပြီး ကျန်းပေရန် ပင်မ ခန်းမဆောင် တံခါးခုံကို ကျော်ဖြတ်ကာ အတွင်းထဲက လူကို လက်သီးဆုပ် ဦးညွှတ်လိုက်လေသည်။
"ဂါရဝပြုပါတယ် ဂိုဏ်းချုပ်ယန်"
"ငါတို့ကြားမှာ ဒီလို ယဉ်ကျေးမှုတွေ မလိုပါဘူး ဒီတစ်ခေါက် ဘာလို့ ဒီလောက် ကြာသွားရတာလဲ မင်းသာ သတင်း မပို့လာရင် ငါ မင်းကို လိုက်ရှာတော့မလို့"
"အရေးတကြီး ဆောင်ရွက်စရာ ကိစ္စတချို့ ရှိနေလို့ပါ ဂိုဏ်းချုပ်ယန် ရဲ့ ဂရုစိုက်မှု အတွက် ကျေးဇူးတင်ပါတယ်"
"တကယ်ပါပဲ ဒီလူအိုကြီး မင်းကို တော်တော် စိတ်ပူနေခဲ့တာ လာ အတွင်းထဲမှာ စကားပြောကြတာပေါ့"
ပြောပြီးနောက် ယန်ကွမ်းချင်း အတွင်း ခန်းမဆောင် ဆီ သွားဖို့ ပြင်လိုက်လေသည်။
"ဂိုဏ်းချုပ်ယန် ကျေးဇူးပြုပြီး ခဏလောက် နေပါဦး ဒီဂျူနီယာ ဒီနေ့ လာခဲ့တာက ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ အရေးကြီး ကိစ္စ တစ်ခု ရှိလို့ပါ"
ကျန်းပေရန် ရဲ့ လေးနက်တဲ့ လေသံကို ကြားတော့ ယန်ကွမ်းချင်း တိတ်တဆိတ် နောက်လှည့်ပြီး သခင် ထိုင်ခုံမှာ ပြန်ထိုင်လိုက်လေသည်။
"ပြောပါ ဘာကိစ္စက မင်းကို ဒီလောက် လေးနက်သွားစေတာလဲ"
ယန်ကွမ်းချင်း ဘက် လက်သီးဆုပ်ပြီး ကျန်းပေရန် စတင် ပြောဆိုလိုက်လေသည်။
"ပြီးခဲ့တဲ့ တစ်ခေါက် ဂိုဏ်းချုပ်ယန် နဲ့ ဒီဂျူနီယာ သဘောတူညီထားတဲ့ အတိုင်း ရှီမျိုးနွယ်စု နဲ့ ချိတ်ဆက်နိုင်အောင် ဒီဂျူနီယာ ကူညီပေးနိုင်သရွေ့ ရှန့်တိုင်းပြည် နဲ့ ထန်တိုင်းပြည် ကြား မဟာမိတ် ဖွဲ့ဖို့ အတွက် စေ့စပ်ညှိနှိုင်းသူ အဖြစ် ခင်ဗျား ဆောင်ရွက်ပေးမယ် ဆိုတာလေ"
"အင်း ငါ အဲ့လို ပြောခဲ့တာ မှန်ပါတယ်"
ယန်ကွမ်းချင်း ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးတွေ တောက်ပလာလေသည်။
"မင်း စီစဉ်ပြီးပြီလား"
"ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ် ဒါပေမဲ့ ဒီဂျူနီယာ မှာ ဂိုဏ်းချုပ်ယန် ကို မေးချင်တဲ့ မေးခွန်း တစ်ခု ရှိနေလို့ပါ"
"မေးလေ"
"ထန်တိုင်းပြည် ရဲ့ အကြီးဆုံး ဂိုဏ်း ဖြစ်တဲ့ နယ်နိမိတ်မဲ့ ချောက်ကမ်းပါးဂိုဏ်း က ကွဲပြားသွားပုံ ရတယ်လို့ ဒီဂျူနီယာ ကြားသိထားပါတယ်"
"အို" ယန်ကွမ်းချင်း နက်ရှိုင်းတဲ့ အဓိပ္ပာယ်နဲ့ ကျန်းပေရန် ကို ကြည့်လိုက်လေသည်။
"ငါ့ရဲ့ ထန်တိုင်းပြည် အကြောင်း မင်း သုတေသန လုပ်ထားပုံ ရတာပဲ မှန်တယ် အဲ့လို ကိစ္စ ဖြစ်ပွားခဲ့တယ် မင်း ဘာပြောချင်တာလဲ"
"ဒီဂျူနီယာ ဆိုလိုတာက ထန်တိုင်းပြည် ရဲ့ ပြည်တွင်းရေးတွေ ဒီလောက် ရှုပ်ထွေးနေချိန်မှာ ခင်ဗျား ဒီစေ့စပ်ညှိနှိုင်းသူ အဖြစ် ဆောင်ရွက်နိုင်ပါဦးမလား"
သူ့မုတ်ဆိတ်မွေးကို နှစ်ကြိမ်လောက် ပွတ်သပ်လိုက်ပြီး ယန်ကွမ်းချင်း တံခါးဘက် ရုတ်တရက် လှမ်းကြည့်လိုက်ကာ မေးလိုက်လေသည်။
"ပေရန် မင်းစိတ်ထဲ ရှိတာ ပြောလိုက်ပါ ဒီလူအိုကြီး နဲ့ ကွေ့ဝိုက်နေစရာ မလိုဘူး"
"ဂိုဏ်းချုပ်ယန် ကျွန်တော့်ကို ကွေ့ဝိုက်ခွင့် ပြုတာ ပိုကောင်းပါလိမ့်မယ် ဒါကို တိုက်ရိုက် မပြောနိုင်ဘူး မဟုတ်ရင် ခင်ဗျားအတွက်ရော၊ ဒီဂျူနီယာ အတွက်ပါ မကောင်းဘူး"
ယန်ကွမ်းချင်း သဘောကျသွားလေသည်။
သူ မတ်တတ်ရပ်ပြီး ကျန်းပေရန် ဆီ လျှောက်သွားကာ သူ့ကို အကဲခတ်လိုက်လေသည်။
"မင်း မပတ်သက်သင့်တဲ့ ကိစ္စ တစ်ခုခုနဲ့ ရှုပ်ထွေးမနေဘူး မဟုတ်လား"
"ကြီးမားတဲ့ ပြဿနာ တစ်ခုထဲ မတော်တဆ ရောက်ရှိသွားတာတော့ အမှန်ပဲ"
"ရှီး..."
ယန်ကွမ်းချင်း သူ့မုတ်ဆိတ်မွေးကို နောက်တစ်ကြိမ် ပွတ်သပ်လိုက်ပြီး တစ်ခုခု ခန့်မှန်းမိသွားသလို ဖြစ်နေပေမယ့် ထုတ်မပြောခဲ့ပေ။
အဲ့ဒီအစား သူ ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီ ဒီလူအိုကြီး မင်းနဲ့ အတူ လိုက်ကစားပေးပါ့မယ် ငါ စေ့စပ်ညှိနှိုင်းသူ အဖြစ် ဆောင်ရွက်နိုင်သေးလား လို့ မင်း မေးခဲ့တယ် မဟုတ်လား ဒါပေါ့ လုပ်နိုင်တာပေါ့ နယ်နိမိတ်မဲ့ ချောက်ကမ်းပါးဂိုဏ်း ရဲ့ ကမောက်ကမ ဖြစ်မှုက ကြီးမားပေမယ့် ကမောက်ကမ ဖြစ်မှု အားလုံးက နောက်ဆုံးတော့ ငြိမ်သက်သွားတတ်တာပဲ မဟုတ်ဘူးလား"
"အဲ့ဒါ သဘာဝကျပါတယ် ဒါပေမဲ့ ဒီဂျူနီယာ က ထန်တိုင်းပြည် အကြောင်း ဘာမှ မသိသလောက် နီးပါး ဖြစ်ပြီး နယ်နိမိတ်မဲ့ ချောက်ကမ်းပါးဂိုဏ်းကြောင့် ဖြစ်ပေါ်လာတဲ့ ကမောက်ကမ ဖြစ်မှုက ဘယ်လောက် ကြီးမားလဲ ဆိုတာ နားမလည်ဘူး ဂိုဏ်းချုပ်ယန် ဒီဂျူနီယာ ကို ရှင်းပြပေးနိုင်မလား"
"အသေးစိတ် အချက်အလက်တွေ အနေနဲ့ ဆိုရင်တော့ သိပ်မစုံစမ်းဖို့ ဒီလူအိုကြီး မင်းကို အကြံပေးချင်တယ် ငါ မင်းကို ပြောပြနိုင်တဲ့ တစ်ခုတည်းသော အရာက ဒါပါပဲ - ဒီ ကမောက်ကမ ဖြစ်မှုက ထန်တိုင်းပြည် ရဲ့ အခင်းအကျင်း တစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ သေချာပေါက် လုံလောက်ပါတယ်"
'ဒီ ထန်တိုင်းပြည် ရဲ့ အခင်းအကျင်း...'
ဒီစကားလုံးတွေကို သေချာ စဉ်းစားကြည့်ရင် ယန်ကွမ်းချင်း ကိုယ်တိုင်လည်း ဒီ ကမောက်ကမ ဖြစ်မှုထဲ ပါဝင်ပတ်သက်နေမယ် ဆိုတဲ့ သဘောသက်ရောက်မှုကို အာရုံခံဖို့ မခက်ခဲပေ။
ဒါပေမဲ့ အဓိပ္ပာယ် ရှိလေသည်။
ထန်တိုင်းပြည် ရဲ့ ထိပ်တန်း ဂိုဏ်းတွေထဲက တစ်ခု အနေနဲ့ ကောင်းကင်လွှမ်းမိုးဂိုဏ်း သက်ရောက်မှု မရှိဘူး ဆိုရင် ထူးဆန်းနေမှာ ဖြစ်လေသည်။
ဒါပေမဲ့ ကောင်းကင်လွှမ်းမိုးဂိုဏ်း ဘယ်လို ပါဝင်ပတ်သက်နေလဲ ဆိုတာကိုတော့ ကျန်းပေရန် ခန့်မှန်းရုံသာ တတ်နိုင်လေသည်။
နယ်နိမိတ်မဲ့ ချောက်ကမ်းပါးဂိုဏ်း ရဲ့ ကွဲပြားမှုမှာ ယန်ကွမ်းချင်း ဘက်ရွေးပြီးပြီလား၊ ဒါမှမဟုတ် နယ်နိမိတ်မဲ့ ချောက်ကမ်းပါးဂိုဏ်း ကို သမိုင်း ဖုန်မှုန့်တွေထဲ မြှုပ်နှံပစ်ဖို့နဲ့ အာဏာရယူဖို့ ဒီ ကမောက်ကမ ဖြစ်မှုကို သူ အားကိုးမလား။
သို့သော် ဘယ်ဇာတ်လမ်းပဲ ဖြစ်ဖြစ် ကျန်းပေရန် အတွက် လက်ခံနိုင်ဖွယ် ရှိလေသည်။
ဒီ ကမောက်ကမ ဖြစ်မှုထဲ ပါဝင်ဖို့ ယန်ကွမ်းချင်း ကိုယ်တိုင် ဆန္ဒရှိနေသရွေ့ လုနင်းရှန် က သူ့အတွက် ပူလောင်နေတဲ့ အာလူး တစ်လုံး ဖြစ်ချင်မှ ဖြစ်တော့မှာ ဖြစ်လေသည်။
သူမက အရေးကြီးတဲ့ ညှိနှိုင်းစရာ အပေါင်ပစ္စည်း တစ်ခုတောင် ဖြစ်လာနိုင်လေသည်။
"ကျွန်တော့်ကို အသိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယန် ဒီဂျူနီယာ နားလည်ပါပြီ"
ဒါကို ကြားလိုက်ရတော့ စူးရှတဲ့ အရိပ်အယောင် တစ်ခု ယန်ကွမ်းချင်း ရဲ့ မျက်လုံးတွေထဲ ရုတ်တရက် ဖြတ်ပြေးသွားလေသည်။
သူ ကျန်းပေရန် ကို စူးစိုက်ကြည့်ပြီး မေးလိုက်လေသည်။
"ဒီ ကမောက်ကမ ဖြစ်မှုထဲမှာ မင်းကောင်လေးလည်း ဝေစု တစ်ခု လိုချင်နေတယ်လို့ မပြောနဲ့နော် အဲ့လို ဆိုရင်တော့ ဒီလူအိုကြီး မင်းကို တားချင်တယ် ဒီမှာ ရေက အရမ်း နက်တယ် မင်းက ရှီမျိုးနွယ်စု ရဲ့ အထိန်းတော် ဖြစ်ရင်တောင် စတေးခံရတဲ့ နယ်ရုပ် တစ်ရုပ် အဖြစ် အသုံးမချခံရအောင် သတိထားပါ"
ယန်ကွမ်းချင်း ရဲ့ စကားတွေထဲက သတိပေးချက်က လေးလံနေပြီ ဖြစ်လေသည်။
ဒါပေမဲ့ သတိပေးချက် အပြင် နောက်ထပ် အဓိပ္ပာယ် တစ်ခုကိုလည်း ကျန်းပေရန် ထောက်လှမ်းမိလိုက်လေသည်။
'ရေက ဘယ်လောက် နက်လဲ ဆိုရင် အနက်ရောင်သူတော်စင် အဆင့် မျိုးနွယ်စု တစ်စုတောင် ဝင်မပါရဲဘူး... ဒါမှမဟုတ် ဝင်မပါချင်ကြဘူး ပေါ့'
'အထင်ကြီးစရာပဲ'