← Chapters

ကျန်းရီ...သေပေတော့

Vol. 1 Ch. 440

ကျန်းရီ...သေပေတော့

Vol. 1 Ch. 440

စစ်သူကြီးထိုက်ရှစ်သည် လျှိုယွိကို ရှာမတွေ့သေးသည့်အတွက် ရှားထင်ဝေ့တွင် ထုတ်ပေးစရာ တရားခံလည်း မရှိပေ။ လျှိုယွိကို သူတို့ရှာတွေ့လျှင်တောင် ရှားထင်ဝေ့အနေဖြင့် ထုတ်ပေးမည် မဟုတ်ပေ။

ကျန်းရီသည် ဘာမို့နည်း။ ကျန်းရီတောင်းသည်နှင့် ရှားထင်ဝေ့က အဘယ်ကြောင့် တရားခံကို ထုတ်ပေးရမည်နည်း။ သူတို့သာ ထုတ်ပေးလိုက်ပါက ရှန်ဝူနိုင်ငံသည် ကျန်းရီကို ကြောက်သည်ဟူသော အဓိပ္ပာယ် သက်ရောက်မသွားပေလော။ ဤသတင်းသာ ပျံ့နှံ့သွားပါလျှင် ကောင်းကင်ကြယ်တာရာနယ်မြေရှိ အင်အားအကြီးဆုံး တိုင်းပြည်အနေနှင့် ရှန်ဝူနိုင်ငံသည် လူအများ ရယ်စရာဟာသ ဖြစ်သွားပေလိမ့်မည်။ သူ၊ ရှားထင်ဝေ့ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဂုဏ်သရေအားလုံးသည် အောက်ဆုံးသို့ ထိုးကျသွားပေလိမ့်မည်။

ကျန်းရီသည် ဒေါသထွက်နေလေရာ စကားအား ဒေါသတကြီး ပြောသွားခဲ့သည်။ ရှားထင်ဝေ့သည် သူ့မေးခွန်းများအား မဖြေခြင်းအားဖြင့် နှုတ်ဆိတ်နေလိုက်သည်။ သူ့ထံတွင် ရှင်းပြစရာလည်း မရှိချေ။ သူသည် လှောင်ရယ်၍ ပြောလိုက်သည်။

"ဟားဟားဟား...ပြစ်မှုဆိုတာ လူတစ်ယောက်က တခြားတစ်ယောက်ကို စွပ်စွဲပြီး အပုပ်ချလိုက်ရုံနဲ့တင် မြောက်နေတာ။ ကျန်းရီ...မင်းဘယ်လိုတောင် ကျိုးကြောင်းမဆင်ခြင်ဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေရဲတာလဲ။ လာစမ်းပါ...မင်းတိုက်ခိုက်ချင်ရင် ငါတို့ကလည်း ဖြည့်ဆည်းပေးရတာပေါ့။ ငါ့ရှန်ဝူနိုင်ငံရဲ့ ဘယ်မျိုးဆက်က သစ္စာမစောင့်သိ၊ မမျှမတ၊ အကြင်နာမဲ့ပြီး ကျေးဇူးမသိတတ်တဲ့ သားတစ်ယောက်ကို ကြောက်နေမလဲလို့ ငါကြည့်ဦးမယ်"

"သစ္စာမစောင့်သိ၊ မမျှမတ၊ အညှာအတာမဲ့ပြီး ကျေးဇူးမသိတတ်ဘူး ဟုတ်လား...ဟားဟားဟား"

ကျန်းရီသည် လုံးဝဒေါသထွက်နေပြီ ဖြစ်ရကား အဓိပ္ပါယ်မရှိသည့် စကားဝိုင်းကို ဆက်လက်ရန် စိတ်ကူးမရှိတော့ပေ။ ရှားထင်ဝေ့က သူပိုင်ဆိုင်သော စိတ်ဝိဉာဉ်အားဖြည့်ဆေးပင်ကို လုမသွားလျှင် သူသစ္စာမစောင့်သိဘဲ နေပါမည်လော။ သူ့တွင် ကျန်းပိုင်လီလို အဖေမျိုးသာ မရှိခဲ့လျှင် သူ ကျေးဇူးမသိတတ်ဘဲ နေပါမည်လော။ 'မမျှတ'နှင့် 'အညှာအတာမဲ့'ဟူသော စကားလုံးတို့မှာ ပို၍ အဓိပ္ပါယ် မဲ့လှချေသည်။ သူသည် ချက်ချင်း အမိန့်ပေးလိုက်သည့။

"နတ်ဆိုးသားရဲဘုရင်...စပြီးတိုက်ခိုက်တော့။ သာမန်ပြည်သူ မဟုတ်သရွေ့ မင်းကို တိုက်ခိုက်လာတဲ့သူ မှန်သမျှကို ဘာမှမစဉ်းစားဘဲ သတ်လို့ရတယ်"

ကျန်းရီသည် စကားပြောပြီးသည်နှင့် မြို့ပြင်ဘက် သုံးကီလိုမီတာ အကွာခန့်သို့ နေရာရွှေ့ပြောင်း သွားခဲ့သည်။ ယာ့ဇီသားရဲသည် ကောင်းကင်သို့ ထိုးတက်၍ ၎င်း၏ ကြမ်းတမ်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်လေရာ လေထုမှာ တုန်ခါလာခဲ့သည်။ ၎င်း၏ ဦးခေါင်းထက်မှ မီးတောက်သဏ္ဍာန် ချိုကြီးသည် အလင်းများ ဖြာထွက်လာခဲ့ပြီး အလင်းတန်းတစ်ခု ပြေးထွက်လာခဲ့သည်။ ပစ်မှတ်မှာ ရှားထင်ဝေ့ ဖြစ်လေသည်။

ယာ့ဇီသားရဲတွင်လည်း အခြားရွေးချယ်စရာ မရှိပေ။ စုန်းနတ်ဘုရားသည် သူ့အား ကျန်းရီအတွက် ချန်ထားခဲ့သည်။ ထို့ပြင် စုန်းနတ်ဘုရားသည် သူ့ဝိဉာဉ် အပိုင်းအစ ပျောက်ကွယ်မသွားခင်ကလည်း ဤတစ်သက်တွင် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ချင်လျှင် ကျန်းရီထံတွင် စိတ်နှစ်၍ အမှုထမ်းကာ သူ့အမိန့်မှန်သမျှကို နာခံဟု ယာ့ဇီသားရဲအား မှာကြားခဲ့သေးသည်။

ယာ့ဇီသားရဲသည် စုန်းနတ်ဘုရား၏ မှာကြားချက်အပေါ် လုံးဝသံသယမဝင်ချေ။ ၎င်းသည် အစပိုင်းက ကျန်းရီကို မနှစ်မြို့သော်လည်း အချိန်တစ်ခုအကြာ အတူဖြတ်သန်းပြီးနောက်တွင် ကျန်းရီအား အလိုလို နာခံလျက် ဖြစ်သွားခဲ့သည်။ ကျန်းရှောင်နူ၏ လျှို့ဝှက်သည့် အဆင့်အတန်း မပါလျှင်တောင် မြေအောက်လောကတွင် ကျန်းရီ၏ လုပ်ဆောင်နိုင်စွမ်း တစ်ခုတည်းကပင် ယာ့ဇီသားရဲအတွက် ကျန်းရီထံ အသက်နှင့်သစ္စာကို အပ်နှင်းရန် လုံလောက်လေသည်။

"မင်းကြီး...မြန်မြန်နောက်ဆုတ်ပါ"

မိန်းမစိုးလင်း၏ ကိုင်းနေသော ခါးသည် မတ်သွားခဲ့ပြီး သူ့ကိုယ်မှ ကြောက်စရာ အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ သူသည် အနက်ရောင်နဂါးအား နောက်သို့ကန်၍ ခုန်ဆင်းလိုက်သည်။ နဂါးသည် အနောက်သို့ ရွေ့သွားခဲ့လေရာ ကြောက်စရာအလင်းတန်းမှာ ရှားထင်ဝေ့အား လွဲချော်သွားခဲ့သည်။

ဝုန်း...

အဖြူရောင်အလင်းတန်းသည် လေကိုခွင်း၍ နန်းမြင့်ဆောင်တစ်ခု နံရံကို သွားရောက်ထိမှန်သည်။ ထို့နောက် ပေါက်ကွဲသံကျယ်ကြီး တစ်ခုနှင့်အတူ အဆိုပါနန်းဆောင်သည် တစ်စစီ ဖြစ်သွားခဲ့သည်။ ကျောက်သားအပိုင်းအစတို့သည် အရပ်ပေါင်းစုံသို့ လွင့်သွားကြပြီး ဖုန်မှုန့်သည် မှိုပွင့်ကြီးပမာ ကောင်းကင်သို့ လွင့်သွားကြသည်။ မသိလျှင် နန်းတော်ကြီးတစ်ခုလုံးပင် တုန်ခါသွားသယောင်။

"သားရဲကောင်...မင်းမှာ သတ္တိရှိရင် ကောင်းကင်ပေါ်မှာ တိုက်ကြတာပေါ့"

မိန်းမစိုးလင်း၏ လူသတ်ချင်သည့် အငွေ့အသက်တို့သည် ယာ့ဇီသားရဲအပေါ်တွင် စုစည်းကျရောက်သွားခဲ့ပြီး အထင်သေးသည့် မျက်လုံးများဖြင့် စိန်ခေါ်လိုက်သည်။ ယာ့ဇီသားရဲသည် ရှားထင်ဝေ့ထံ ပြေးဝင်သွားချင်ပါသော်လည်း ထိုမျက်လုံးများ၏ ရန်စခြင်းကို ခံလိုက်ရသည်။ ထို့ပြင် ၎င်းသည် လူသားမျိုးနွယ်၏ အမျက်ဒေါသကို မခံစားလို၍ အပြစ်ကင်းသည့် သာမန်ပြည်သူများကို ထိခိုက်အောင် မလုပ်ချင်ပေ။ လူသားများသာ စုပေါင်း၍ ယာ့ဇီသားရဲကို လိုက်လံနှိမ်နင်းပါက ၎င်းသည် ဆိုးဆိုးဝါးဝါး သေဆုံးသွားရလိမ့်မည်။ ယာ့ဇီသားရဲသည် ကျန်းရီအား လှည့်ကြည့်၍ ဟိန်းသံတစ်ချက် ပြုလိုက်ပြီးနောက် ကောင်းကင်အမြင့်တွင် ရှိနေသော မိန်းမစိုးလင်းထံ ပျံတက်သွားခဲ့သည်။

"ဟက်...ဟက်...သားရဲကောင်၊ မင်းက အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်ဆိုရင်တောင် လူသားအသွင်ကို ယူနိုင်သေးတာ မဟုတ်ဘူး။ ဒါကြောင့် မင်းက သားရိုင်းတစ်ကောင်သာသာပဲ ရှိတယ်။ ဒီကုန်းကုန်းက မင်းသခင်ဆီ မင်းဘယ်တော့မှ ပြန်သွားလို့ မရအောင် လုပ်ပေးမယ်"

မိန်းမစိုးလင်းသည် မကောင်းဆိုးဝါးရယ်သံတစ်ချက် ပြုလိုက်ပြီး မိုင်တစ်သောင်းခန့် မြင့်သည်အထိ ပျံတက်သွားခဲ့သည်။ ယာ့ဇီသားရဲသည်လည်း ဒေါသတကြီး ဟိန်းဟောက်ရင်း မီးလုံးကြီးတစ်ခုအသွင်နှင့် နောက်မှ လိုက်သွားခဲ့သည်။

"အဲ့ဒီသစ္စာဖောက်ရဲ့ခေါင်းကို ဒီဘုရင်အတွက် ယူလာပေးကြ"

ရှားထင်ဝေ့၏ အော်သံအဆုံးတွင် သူ့ဘေးမှ အနက်ရောင်နဂါးအားလုံးသည် ရှေ့တက်လာကြသည်။ နဂါးများအားလုံး တတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲများ ဖြစ်ကြပြီး ၎င်းတို့အပေါ်တွင် စီးနင်းထားသူများမှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်  အမြင့်ဆုံးအဆင့်များ ဖြစ်ကြသည်။ သူတို့သည် ကျန်းရီ၏ ပတ်လည်တွင် ယပ်တောင်သဖွယ် နေရာယူကြပြီး အတွင်းအားလှိုင်းများ ပစ်ထုတ်လာကြသည်။

ရှားထင်ဝေ့က သူ့ကိုယ်သူ အန္တရာယ် အကျခံနေတယ်။ ငါက စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အဆင့်မှာ ပြိုင်ဘက်ကင်းပြီးသားပဲ။ သူက ငါနေရာရွှေ့ပြောင်းပြီး သူ့ကို လာသတ်မှာ မကြောက်ဘူးလား...

ကျန်းရီသည် ချက်ချင်းမတိုက်ခိုက်သေးဘဲ မျက်လုံးများကို မှေးကျဉ်း၍ စဉ်းစားလိုက်သည်။ ထိုမိန်းမစိုးအဘိုးကြီးသည် အင်အားအရာတွင် နတ်ဆိုးသားရဲဘုရင်ကို မယှဉ်နိုင်ပေ။ သို့သော် သူသည် ယာ့ဇီသားရဲအား တိုက်ခိုက်ရန် စိန်ခေါ်သွားခဲ့သည်။ မိန်းမစိုးတစ်ဦးအနေနှင့် သူ့တာဝန်မှာ ရှားထင်ဝေ့ အနီးတွင် နေ၍ စောင့်ရှောက်ရန် မဟုတ်ပေလော။

ကျန်းပိုင်လီ အခုဘယ်မှာများလဲ။ သူရှန်ဝူမြို့ထဲမှာပဲ မရှိတာလား။ ဒါမှမဟုတ် ငါ့ကို တစ်ချက်တည်းနဲ့သတ်ဖို့ ပုန်းကွယ်ပြီးစောင့်နေတာလား...

ဝုန်း...ဝုန်း...

အတွင်းအားလှိုင်းများ တိုးဝင်လာလေရာ ကျန်းရီထံတွင် ဆက်စဉ်းစားနေရန် အချိန်မရှိတော့ပေ။ တိုက်ပွဲသည် စတင်ခဲ့ပြီဖြစ်ရာ သူ့တွင် နောက်ဆုတ်စရာ အကြောင်းမရှိပေ။ ယနေ့ ရှားထင်ဝေ့နှင့် မိန်းမစိုးလင်းကို သူရအောင် သတ်ရပေမည်။

အကျိုးဆက်အနေနှင့် ကျန်းရီသည် သူတို့နှင့်အတူ ငရဲကို သွားရန်ပင် ပြင်ဆင်ထားခဲ့သည်။

ကျန်းရီ၏ မျက်ဝန်းများသည် ဆုံးဖြတ်ချက်နှင့်အတူ ပိုမိုအေးစက်သွားခဲ့သည်။ ကျန်းပိုင်လီ လာရောက်တိုက်ခိုက်လျှင်တောင် ကျန်းရီသည် သေချာပေါက် ပြန်တိုက်ခိုက်မည်ဖြစ်သည်။ ကျန်းပိုင်လီက သူ့အား သားအနေနှင့် အသိအမှတ်မပြုလျှင် အဘယ်ကြောင့် သူ့ဘက်မှ ကျန်းပိုင်လီအား အဖေအဖြစ် အသိအမှတ်ပြုရမည်နည်း။

ဝှစ်...

သူ့ကိုယ်သည် နေရာမှ ပျောက်ကွယ်သွားခဲ့ပြီး အထက်သို့ နေရာရွှေ့ပြောင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအင်အား ထွက်ပေါ်လာသည်နှင့် သူ့မျက်လုံးအစုံသည် သွေးနီရောင် ပြောင်းသွားခဲ့သည်။ လေထဲရှိ အနက်ရောင် နဂါးများ အားလုံးနှင့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များမှာ တစ်မုဟုတ်ချင်း ဖိနှိပ်ခံလိုက်ရသည်။

"လေပြည်အသင်္ချေ"

သူသည် သူ၏ အင်အားအကောင်းဆုံးတိုက်ကွက်ကို ချက်ချင်းအသုံးပြုလိုက်သည်။ သူသည် အခြားသူများကဲ့သို့ အားအနည်းဆုံး တိုက်ကွက်ကို သုံးပြီးမှ အားအကောင်းဆုံးတိုက်ကွက်ကို ထုတ်ဖော်ခြင်း ဘယ်တုန်းကမှ မပြုခဲ့ပေ။ ထိုသည်မှာ အရူးများ၏ တိုက်ခိုက်နည်းသာဖြစ်သည်။ အမှန်တကယ် အင်အားကြီးသူတို့ တိုက်ခိုက်လျှင် လှုပ်ရှားမှုတစ်ခုတည်းဖြင့် ပွဲသိမ်းကြသည်။ အဘယ့်ကြောင့် တစ်ဖက်လူကို အချိန်ပေး၍ အစွမ်းကုန်တိုက်ခိုက်ခွင့် ပေးရမည်နည်း။

မီးနဂါးအသင်္ချေ ပြေးထွက်သွားခဲ့သည်။ အနက်ရောင်နဂါးများ မပြောနှင့်၊ ၎င်းတို့၏ ကျောထက်မှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များပင် မလှုပ်ရှားနိုင် ဖြစ်ကုန်ကြသည်။ သူတို့ လှုပ်ရှားနိုင်လျှင်ပင် ဤမျှ အားပြင်းသည့် တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲပေလိမ့်မည်။ ကျန်းရီ ထုတ်ဖော်လိုက်သည်မှာ အလယ်အလတ်အဆင့် တာအိုတိုက်ကွက် မဟုတ်ပေလော။

ဖောင်း...ဖောင်း...ဖောင်း...

ကောင်းကင်ထက်တွင် မီးပန်းများ ပေါက်သွားသည့်နှယ် သွေးမှုန်များ ဖြာထွက်လာခဲ့သည်။ နဂါးနက်နှစ်ကောင်နှင့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အမြင့်ဆုံးအဆင့် ဆယ်ယောက်ကျော်သည် အသားစများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်တွင် ခြေပြတ်လက်ပြတ်များ၊ ကိုယ်တွင်းအဂါၤများနှင့် သွေးများ မိုးရွာသည့်နှယ် ကျဆင်းလာခဲ့သည်။ မြင်ကွင်းသည် မေ့ပျောက်ရန် ခက်ခဲလှချေသည်။ ၎င်းသည် ကြည့်မိရုံနှင့်ပင် အော့အန်သွားစေနိုင်သည့် အစွမ်းရှိလေသည်။

လူတိုင်းသည် ကြက်သေသေနေကြပြီး ခပ်လှမ်းလှမ်းရှိ ရှားထင်ဝေ့သည် မျက်နှာပျက်သွားခဲ့သည်။ သူသည် အနက်ရောင်နဂါးအား ဦးလှည့်၍ တော်ဝင်နန်းတော်ထံ မောင်းနှင်လိုက်သည်။ အနီးအနားရှိ သိုင်းသမားများအားလုံးသည် အတွင်းအားလှိုင်းများ ပစ်လွှတ်ရင်း ကျန်းရီအား တားဆီးရန် ကြိုးစားလိုက်ကြသည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား..."

ကျန်းရီသည် လှောင်ပြောင်လိုက်သည်။ သူသည် တိုးဝင်လာနေသော တိုက်ခိုက်မှုများကို ရှောင်ရှားရင်း ဆက်တိုက်နေရာရွှေ့ပြောင်းလိုက်သည်။ ရှားထင်ဝေ့သည် သူနှင့် မီတာအနည်းငယ်မျှသာ ကွာဝေးတော့သည်။

သတ်ဖြတ်ခြင်း အင်အား၏ ဖိနှိပ်မှုကြောင့် အနက်ရောင်နဂါးမှာ ဆက်လက်မလှုပ်ရှားနိုင်တော့ဘဲ လေထုအလယ်တွင်ပင် ထိတ်လန့်သော မျက်လုံးများနှင့် ရပ်တန့်နေခဲ့သည်။ ရှားထင်ဝေ့၏ မျက်ဝန်းများတွင်လည်း ထိတ်လန့် မွန်းကြပ်မှုများ ပြည့်နေခဲ့သည်။

"မင်းကြီး..."

သိုင်းသမားအတော်များများသည် အော်ဟစ်လိုက်ကြရင်း ပျံသန်းလာရန် ကြိုးစားနေကြသည်။ တစ်ချိန်တည်းတွင် ကြောက်စရာကောင်းသော အရှိန်အဝါ တစ်ခုနှင့်အတူ အနက်ရောင်အရိပ်တစ်ခု ပျံသန်းလာနေခဲ့သည်။ ကျန်းရီ၏ နားထဲတွင် စိတ်ဖြင့် ဆက်သွယ်၍ ပြောသော စကားတစ်ခွန်း ပဲ့တင်ထပ်လာခဲ့သည်။

"သတိထား..."

နောက်ဆုံးတွင် ကျန်းပိုင်လီ ရောက်လာခဲ့ချေပြီ။

သတိထား...သူဘယ်သူ့ကို သတိထားခိုင်းနေတာလဲ...

ကျန်းရီသည် မှင်တက်သွားသော်လည်း သူ့လှုပ်ရှားမှုများမှာ နှေးကွေးမသွားခဲ့ပေ။ သူ့မီးနဂါးဓားသည် ရှေ့သို့ တိုးဝင်သွားခဲ့ပြီး မီးနဂါးလေးအသင်္ချေသည် ရှားထင်ဝေ့ထံ ပြေးထွက်သွားခဲ့သည်။

ဝှစ်...

ထိုခဏတွင် နားလည်ရခက်သည့် အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရှားထင်ဝေ့သည် ပြုံးလိုက်ပြီး သူ့ဘေးမှ လေထုသည် တုန်ခါလာခဲ့သည်။ နောက်တစ်စက္ကန့်တွင် ရှားထင်ဝေ့၏ ကိုယ်မှာ မူလနေရာဆီမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။

နေရာရွှေ့ပြောင်းသွားခြင်း...ရှားထင်ဝေ့သည် သူ့သတ်ဖြတ်ခြင်းအင်အားအောက်တွင် မည်သို့လှုပ်ရှားနိုင်သနည်း။ ရှားထင်ဝေ့သည် ဗာဂျရာအဆင့်သို့ ရောက်နေခဲ့သည်လော။

ကျန်းရီသည် ထိုခဏတွင်မှ သဘောပေါက်သွားခဲ့သည်။ ကျန်းပိုင်လီ၏ 'သတိထား'ဟူသော စကားသည် အကြောင်းမဲ့ပြောခြင်း မဟုတ်ပေ။ သူသည် ကျန်းရီအား ရှားထင်ဝေ့ကို သတိထားရန် သတိပေးခြင်းဖြစ်သည်။

သူ၏ သတ်ဖြတ်ခြင်းအင်အားသည် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်ကိုပင် အလွယ်တကူ ဖိနှိပ်နိုင်သော်လည်း ရှားထင်ဝေ့သည် လှုပ်ရှားနေနိုင်ခဲ့သည်။ သူသည် လေထုထဲမှ ပျောက်ကွယ်သွားသေးလေရာ လေဟာနယ်ထိန်းချုပ်ခြင်းတာအိုကို သူနားလည်နေခြင်းသာ ဖြစ်နိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် ရှားထင်ဝေ့သည် ဗာဂျရာအဆင့်သို့ ရောက်နေပြီးသား ဖြစ်သည်။

မိန်းမစိုးလင်းသည် ရှားထင်ဝေ့ကို စိတ်မပူဘဲ ထားခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ ယာ့ဇီသားရဲအား တိုက်ခိုက်ရန် စိန်ခေါ်သည်မှာလည်း ကျန်းရီ ရှားထင်ဝေ့ကို သွားရောက်တိုက်ခိုက်စေရန်ဖြစ်သည်။ ရှားထင်ဝေ့သည် ကြောက်လန့်သည့်ဟန် ပြခဲ့သည်မှာလည်း ကျန်းရီရောက်လာသည်ကိုစောင့်ရန် သက်သက်သာဖြစ်ချေသည်။

ကျန်းရီ၏ ကိုယ်သည် အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ချက်ချင်း နေရာရွှေ့ပြောင်းလိုက်သည်။

ထိုခဏတွင် ကျန်းရီ၏ ခေါင်းအထက် လေဟာနယ်ထဲမှ လက်ဝါးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုလက်ဝါးကြီး ကျဆင်းလာချိန်တွင် လေထုမှာ ကြောက်စရာကောင်းအောင် တုန်ခါလာခဲ့သည်။ ကျန်းရီသည် နေရာမရွှေ့ပြောင်းနိုင်ရုံတင်မက လေဟာနယ်တစ်ခုလုံး တုန်ခါနေသောကြောင့် သူ့ကိုယ်ကိုပင် ငြိမ်သက်အောင် မထိန်းနိုင်တော့ပေ။ ကျန်းရီ၏ အဖြစ်သည် လှိုင်းလုံးကြီးများအကြားမှ လှေငယ်လေးအလား။

"ဟားဟားဟား...ကျန်းရီ...သေလိုက်တော့"

ရှားထင်ဝေ့၏ကိုယ် လေဟာနယ်ထဲမှ ပြန်လည်ထွက်ပေါ်လာချိန်တွင် သူ့လက်ဝါးသည် ကျန်းရီ၏ မြင်ကွင်းထဲတွင် ပြည့်နေခဲ့ပြီဖြစ်သည်။ ထိုလက်ဝါးသည် အလင်းရောင်များ ဖြာထွက်နေပြီး ကြောက်စရာကောင်းသည့် အရှိန်အဝါ ရှိလေသည်။ မသိလျှင် ကြီးမားလှသော တောင်ကြီးတစ်လုံးသည် ကျန်းရီအား အမှုန့်ဖြစ်သည်အထိ ဖိချေတော့မည့်အသွင် ဖြစ်သည်။

***

All Chapters