← Chapters

တုနှိုင်းမဲ့ ကျင့်စဉ် 'ယွမ်ချူး အင်းကွက်ကျမ်း'၊ အင်းတစ်ကွက်တည်းဖြင့် အင်းပေါင်းသောင်းခြောက်ထောင်ကို စိုးမိုးခြင်း

Vol. 9 Ch. 119

တုနှိုင်းမဲ့ ကျင့်စဉ် 'ယွမ်ချူး အင်းကွက်ကျမ်း'၊ အင်းတစ်ကွက်တည်းဖြင့် အင်းပေါင်းသောင်းခြောက်ထောင်ကို စိုးမိုးခြင်း

Vol. 9 Ch. 119

"အင်းကွက်ကျင့်ကြံသူ ဆိုတာ ဘာလဲဟင်"

စုဝေဝေက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

သူမသည် ကျင့်ကြံခြင်းလောကအကြောင်းကို ပို၍ပို၍ စိတ်ဝင်စားလာခဲ့ပြီ ဖြစ်သည်။

သူမ၏ အမျိုးသားဖြစ်သူ ကျန်းဖန်ထံမှ ဗဟုသုတအချို့ ရရှိထားသော်လည်း ကျင့်ကြံသူဆိုသည်မှာ အမှန်တကယ်တမ်း မည်သို့သောသူများ ဖြစ်ကြောင်းနှင့် မည်မျှအထိ အစွမ်းထက်ကြသည်ကိုမူ သူမ အပြည့်အဝ နားမလည်နိုင်သေးပေ။

"ကျင့်ကြံခြင်းလောကမှာ လုပ်ငန်းကျွမ်းကျင်မှု အမျိုးမျိုး ရှိကြတယ်"

"အဲ့ဒီအထဲမှာ ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ အင်းကွက်စီရင်ခြင်း နဲ့ ဝင်္ကပါခင်းကျင်းခြင်း ဆိုပြီး အခြေခံ အတတ်ပညာကြီး (၄) မျိုး ရှိတယ်"

"ဒီအတတ်ပညာတွေအပေါ် အခြေခံပြီး ဆေးကျင့်ကြံသူ၊ လက်နက်ကျင့်ကြံသူ၊ အင်းကွက်ကျင့်ကြံသူနဲ့ ဝင်္ကပါကျင့်ကြံသူဆိုပြီး ကွဲပြားသွားတာပေါ့"

"ဆေးကျင့်ကြံသူ ဆိုတာ ဝိညာဉ်ဆေးလုံးတွေကို အဓိကထားပြီး ဖော်စပ်ကြတဲ့သူတွေပဲ။ သူတို့က တိုက်ပွဲတွေမှာတောင် ဆေးလုံးတွေကို လက်နက်အဖြစ် သုံးနိုင်ကြတယ်။ ဆေးဆရာတိုင်းက ကျင့်ကြံခြင်းလောကမှာ အရမ်း မျက်နှာပွင့်တဲ့သူတွေ"

"လက်နက်ကျင့်ကြံသူတွေကတော့ ကျင့်ကြံခြင်းလောကရဲ့ အဓိက အင်အားစုတွေပေါ့။ သူတို့က ဝိညာဉ်လက်နက် အမျိုးမျိုးကို အာရုံစိုက်ကြပြီး 'လူနဲ့လက်နက် တစ်သားတည်းကျခြင်း' ကို အရောက်လှမ်းကြသူတွေပဲ။ ဓားကျင့်ကြံသူ၊ လှံကျင့်ကြံသူ စသဖြင့် ခေါ်ဝေါ်ကြပြီး ဝိညာဉ်လက်နက်တွေကို သူတို့ရဲ့ အသက်သဖွယ် သဘောထားကြတယ်"

"ဝင်္ကပါကျင့်ကြံသူတွေကတော့ ဝင်္ကပါ အစီအမံတွေကို အခြေခံပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေကို နားလည်အောင် ကြိုးစားကြတဲ့သူတွေ။ သူတို့ လှုပ်ရှားလိုက်ပြီဆိုရင် သဘာဝတရားရဲ့ စွမ်းအားတွေကို အသုံးချပြီး ကြီးမားတဲ့ ဝင်္ကပါကြီးတွေကို ခင်းကျင်းနိုင်ကြတယ်။ အစွမ်းကတော့ အကန့်အသတ်မရှိဘူး။ ဒါပေမဲ့ ဝင်္ကပါအတတ်ကို နားလည်ဖို့က အလွန်ခက်ခဲတာကြောင့် ထူးကဲတဲ့ ဉာဏ်ရည်ရှိသူတွေပဲ တတ်မြောက်နိုင်ကြတယ်"

"ငါတို့ရဲ့ အင်းကွက်ကျင့်ကြံသူတွေကတော့ ပိုပြီး ရိုးရှင်းပါတယ်။ အင်းကွက်တွေကို အဓိကထားပြီး 'ပင်ကိုအင်းကွက်' ကို သန့်စင်ကြတယ်။ အင်းကွက်စွမ်းအားနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ အရှိန်အဝါတွေကို ထိန်းချုပ်ကြတာပေါ့။ အဆင့်မြင့်သွားတဲ့အခါမှာတော့ တောင်တွေကို ရွှေ့နိုင်၊ ပင်လယ်တွေကို မှောက်လှန်နိုင်ရုံတင်မကဘဲ လက်တစ်ဖက်တည်းနဲ့ ကြယ်တွေကိုတောင် ဆွတ်ခူးနိုင်ကြတယ်။

ဒါပေမဲ့ အင်းကွက်အတတ်က သင်ယူဖို့ လွယ်ပေမဲ့ ကျွမ်းကျင်ဖို့တော့ အရမ်းခက်တယ်။ အထွတ်အထိပ်ကို ရောက်ဖို့ဆိုရင် ထူးခြားတဲ့ ပါရမီနဲ့ နားလည်သဘောပေါက်မှုတွေ လိုအပ်တယ်"

"ဒါ့အပြင် ဂူကျင့်ကြံသူ၊ အဆိပ်ကျင့်ကြံသူ၊ သားရဲကျင့်ကြံသူ စတဲ့ လမ်းစဉ်ပေါင်းများစွာလည်း ရှိသေးတာပေါ့။ အတိုချုပ်ပြောရရင် ကျင့်ကြံခြင်းလောကမှာ လျှောက်လှမ်းစရာ လမ်းစဉ်တွေက မရေမတွက်နိုင်အောင် ရှိတယ်"

အဖိုးဖူ (ယွမ်ချူး ဝိညာဉ်အင်းကလောင်) က စိတ်ရှည်လက်ရှည် ရှင်းပြပေးလိုက်လေသည်။

"သဘောပေါက်ပါပြီ"

ကျန်းဖန်နှင့် စုဝေဝေတို့က ခေါင်းညိတ်လိုက်ကြသည်။

ကျင့်ကြံခြင်းလောကသည် သာမန်လူ့လောကထက် များစွာ ပိုမိုကျယ်ပြောပြီး နက်နဲကြောင်း သူတို့ သိရှိသွားခဲ့ပြီ ဖြစ်သည်။

"ငါတို့ရဲ့ ယွမ်ချူး ဝိညာဉ်အင်းဂိုဏ်းကလည်း အင်းကွက်ကျင့်ကြံခြင်း လမ်းစဉ်မှာ ထိပ်တန်းကပဲ"

"ငါတို့ ဂိုဏ်းက အလေးအမြတ် ထားခံရတဲ့ အကြောင်းရင်းကတော့ 'ယွမ်ချူး အင်းကွက်ကျမ်း' ကြောင့်ပဲ"

"ဒီကျင့်စဉ်က ငါတို့ ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒါက ဘာလို့ ဒီလောက်အထိ အစွမ်းထက်ရတာလဲဆိုရင် မိမိရဲ့ ပင်ကိုအင်းကွက်အဖြစ် ယွမ်ချူးအင်းကို သန့်စင်ရလို့ပဲ။ ဒီအင်းကွက်ရဲ့ စွမ်းအားက လောကမှာရှိသမျှ အင်းကွက်အားလုံးကို လွှမ်းခြုံနိုင်စွမ်း ရှိတယ်"

"အင်းတစ်ကွက်တည်းနဲ့ အင်းပေါင်းသောင်းခြောက်ထောင်ရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တာဟာ ငါတို့ ဂိုဏ်းက လောကကို စိုးမိုးနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ပဲ။ ဒါပေမဲ့ ဒီကျင့်စဉ်ကို စတင်လေ့ကျင့်ဖို့ကတော့ လုံးဝကို မလွယ်ကူဘူး"

အဖိုးဖူက ဂုဏ်ယူစွာဖြင့် ပြောကြားလိုက်သည်။

ကျင့်ကြံခြင်းလောကတွင် အခြားသော အင်းကွက်ဂိုဏ်းများ ရှိသော်လည်း ၎င်းတို့မှာ လမ်းစဉ်တစ်ခုတည်းကိုသာ ကျွမ်းကျင်ကြခြင်း ဖြစ်သည်။ ဥပမာ - မီးအင်း၊ လျှပ်စီးအင်း၊ ရေအင်း စသဖြင့်ပေါ့။

သို့သော် ယွမ်ချူး ဝိညာဉ်အင်းဂိုဏ်းကသာ စွမ်းအားအားလုံးကို အင်းတစ်ကွက်တည်းတွင် စုစည်းနိုင်ခြင်းဖြစ်ရာ ကျင့်ကြံသူတိုင်း တောင့်တရသော အမြင့်ဆုံး အမွေအနှစ်ပင် ဖြစ်သည်။

ဤသည်ကို ကြားလိုက်ရချိန်တွင် ကျန်းဖန်၏ ရင်ထဲ၌ ဝမ်းသာအားရ ဖြစ်သွားမိသည်။ ဤသည်မှာ သူစောင့်မျှော်နေသော ပဉ္စမအဆင့် အခွင့်အရေးကြီးပင် မဟုတ်ပါလော။

ရက်အနည်းငယ် စောင့်ဆိုင်းခဲ့ရခြင်းမှာ အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ 'ချင်းမုကျင့်စဉ်' ကဲ့သို့ သာမန်ကျင့်စဉ်မှာ ယွမ်ချူး အင်းကွက်ကျမ်းနှင့် ယှဉ်လိုက်ပါက မြေကြီးနှင့် ကောင်းကင်ကဲ့သို့ ကွာခြားလှသည်။

ထိပ်တန်းကျင့်စဉ်တစ်ခုကသာ အမြင့်ဆုံးသော ကျင့်ကြံခြင်း အခြေခံကို တည်ဆောက်ပေးနိုင်မည် ဖြစ်သည်။ အကယ်၍ အခြေခံမှားသွားပါက နောင်တွင် ပြန်ပြင်ရန်မှာ မတွေးရဲစရာပင်။

"ဒါနဲ့... ဒီမိန်းကလေးက မင်းရဲ့ ကျင့်ကြံဖော် မဟုတ်လား"

"သူ့မှာ အဆင့်မြင့် ဝိညာဉ်အမြစ် ရှိရုံတင်မကဘဲ အထူး ဝိညာဉ်ခန္ဓာကိုယ်ဖြစ်တဲ့ 'ထိုက်ယင် အပျိုစင်ကိုယ်' ကိုလည်း ပိုင်ဆိုင်ထားတယ်"

"ဒီလို ကိုယ်ခံတည်ဆောက်ပုံမျိုးဟာ အကောင်းဆုံးသော 'ကျင့်ကြံရေးဖို' ပဲ"

"အကယ်၍ မိစ္ဆာကျင့်ကြံသူတွေသာ သိသွားရင် သူ့ကို မရရအောင် လာလုကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီလို အမျိုးသမီးမျိုးနဲ့ အတူတူ ကျင့်ကြံရင် သူမဆီကနေ 'ထိုက်ယင်ချီ' တွေကို အဆက်မပြတ် ရရှိနိုင်လို့ပဲ"

"ဒါက အရိုးအကြောတွေကို သန့်စင်ပေးနိုင်ရုံတင်မကဘဲ ကျင့်ကြံမှု အရှိန်အဟုန်ကိုပါ အနည်းဆုံး နှစ်ဆလောက် မြန်ဆန်စေတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... အကယ်၍ အမျိုးသားရဲ့ 'ယန်ချီ' သာ မလုံလောက်ဘူးဆိုရင် သူမက ထိုအမျိုးသားကို လုံးဝ ဝါးမြိုသွားပြီး အမျိုးသားရဲ့ ဝိညာဉ်ပါ ပျက်စီးသွားစေလိမ့်မယ်"

"မင်းကတော့ ကံကောင်းတယ်၊ 'မြွေပျံသိုင်းကျမ်း' ကို လေ့ကျင့်ထားတာကြောင့် မင်းရဲ့ ယန်ချီက အရမ်း အားကောင်းနေတယ်။ အကယ်၍သာ မင်းက သာမန်လူတစ်ယောက် ဖြစ်နေပြီး သူမနဲ့ အတူနေခဲ့မယ်ဆိုရင် မင်း သေချာပေါက် အသက်တိုသွားမှာပဲ"

အဖိုးဖူက ကျန်းဖန်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ဘာ..."

ဤစကားကို ကြားလိုက်ရချိန်တွင် ကျန်းဖန်မှာ တုန်လှုပ်သွားရသည်။

စုဝေဝေ၏ ကိုယ်ခံတည်ဆောက်ပုံမှာ ထူးခြားမည်ဟု သူ ထင်ထားခဲ့သော်လည်း ဤမျှအထိ ကြောက်စက်ဖွယ်ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထို့ကြောင့်ပင် သူသည် မွေးရာပါအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်နေလင့်ကစား သူမကို ခက်ခဲစွာ ကိုင်တွယ်နေရခြင်း ဖြစ်ပေလိမ့်မည်။

ထို့ပြင် သူမသည် တစ်နေ့ထက်တစ်နေ့ ပို၍ ဆွဲဆောင်မှု ရှိလာနေသည် မဟုတ်ပါလော။ သာမန်အမျိုးသားများမှာမူ သူမ၏ အရှိန်အဝါကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူနှင့် စုဝေဝေတို့ ဆုံတွေ့ခဲ့ရခြင်းမှာလည်း သူ၏ 'ကံကြမ္မာဇယား' ကြောင့်သာ ဖြစ်ရမည်ဟု ကျန်းဖန် တွေးမိလိုက်သည်။

ကြီးမားသော ကံကြမ္မာရှိသူဖြစ်သဖြင့် စုဝေဝေကဲ့သို့ ထူးခြားသော အမျိုးသမီးက သူ့ထံသို့ ဆွဲဆောင်ခြင်း ခံခဲ့ရဟန်တူသည်။ ၎င်းမှာ ယင်နှင့် ယန် သံလိုက်နှစ်ခုကဲ့သို့ပင် အချင်းချင်း ဆွဲငင်နေကြခြင်း ဖြစ်သည်။

"ယောကျာ်း..."

စုဝေဝေမှာမူ မျက်တောင်လေး တဖျတ်ဖျတ် ခတ်ရင်း ဘာတွေပြောနေကြသည်ကို နားမလည်ဘဲ ဇဝေဇဝါ ဖြစ်နေရှာသည်။ သူမကိုယ်သူမ သာမန်အမျိုးသမီး တစ်ဦးဟုသာ ထင်မှတ်ထားခဲ့သည် မဟုတ်ပါလော။

"ဒါဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိပါသလား"

ကျန်းဖန်က နှိမ့်ချစွာဖြင့် အကြံဉာဏ် တောင်းခံလိုက်သည်။ ဤသည်မှာ သူ၏ အနာဂတ် ပျော်ရွှင်မှုနှင့် သက်ဆိုင်နေသဖြင့် ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။

"ဒါကို ဖြေရှင်းဖို့က ရိုးရှင်းပါတယ်"

"အဲ့ဒါကတော့ ယွမ်ချူး ဝိညာဉ်အင်းဂိုဏ်းရဲ့ သီးသန့် ဝိညာဉ်အင်းဖြစ်တဲ့ 'ယင်ယန် ကရဝိက်အင်း' ကို သန့်စင်ဖို့ပါပဲ"

All Chapters