ကပ်ဘေးကျင့်ကြံသူကို သုတ်သင်ခြင်းနှင့် အင်းကွက်ပေါင်းသောင်းခြောက်ထောင်၏ အရှင်သခင် (၃)
Vol. 9 Ch. 125
"မြစိမ်းတော ဈေးတန်းရဲ့ နောက်ကွယ်မှာတော့ ရွှေအမြုတေအဆင့်ရှိတဲ့ 'နေမင်းတရား ဓားဂိုဏ်း' ရှိနေတာပဲ။"
"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာခန့်က နေမင်းတရား ဓားဂိုဏ်းဟာ နယ်မြေချဲ့ထွင်ရေး အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ်။"
"သူတို့ဟာ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ အုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရှိတဲ့ မျိုးနွယ်စုတွေကို မြေယာအသစ်တွေ ဖော်ထုတ်ဖို့အတွက် သားရဲတစ်သောင်း တောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာတွေအထိ သွားရောက်ဖို့ အမိန့်ပေးခဲ့ကြတာ။"
"နှစ်ပေါင်း တစ်ရာကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက်၊ သူတို့ဟာ သားရဲမိစ္ဆာတွေနဲ့ မိစ္ဆာ အမြောက်အမြားကို သုတ်သင်နိုင်ခဲ့ပြီး၊ နောက်ဆုံးမှာတော့ ဈေးတန်းပေါင်း ဒါဇင်နဲ့ချီ တည်ထောင်နိုင်ခဲ့ကြတယ်။"
"မြစိမ်းတော ဈေးတန်းဟာ အဲ့ဒီထဲက တစ်ခုပေါ့။"
"ဒီရာစုနှစ်တွေအတွင်းမှာ သားရဲတစ်သောင်း တောင်တန်းကြီးက ဒီလောက်အထိ ပြောင်းလဲသွားတယ်ဆိုတာ မဆန်းတော့ပါဘူး။"
"ဒါဆိုရင် ရွှေအမြုတေအဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုက နယ်မြေချဲ့ထွင်ဖို့အတွက် သားရဲတစ်သောင်း တောင်တန်းထဲကို ချီတက်လာခဲ့တာပေါ့"
ယွမ်ချူး ဝိညာဉ်အင်းကလောင်က ရုတ်တရက် သဘောပေါက်သွားခဲ့၏၊ သူသည် ဤကာလအတွင်း သားရဲတစ်သောင်း တောင်တန်းတွင် ဖြစ်ပေါ်ခဲ့သည့် များပြားလှသော အပြောင်းအလဲများကို သတိပြုမိသွားခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်းလောကသည် အလွန် ကျယ်ပြောပြီး အဆုံးမရှိသည်ကို လူတိုင်း သိထားကြသည်။
လူသားကျင့်ကြံသူများသည် ဤနယ်မြေ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ သိမ်းပိုက်ထားနိုင်ကြ၏။
ပိုကြီးသော အစိတ်အပိုင်းများကိုမူ သားရဲမိစ္ဆာများနှင့် မိစ္ဆာများက သိမ်းပိုက်ထားဆဲပင်။
အကယ်၍ လူသားကျင့်ကြံသူများသာ အရင်းအမြစ်များနှင့် နယ်မြေများကို ပိုမိုရချင်လျှင် မြေယာအသစ်များကို ဖော်ထုတ်ဖို့ရန် လိုအပ်လိမ့်မည်။
လူသားဂိုဏ်းတစ်ခု၏ နယ်မြေချဲ့ထွင်မှုတိုင်းသည် သွေးထွက်သံယိုမှုများနှင့် ရင်းခဲ့ရပြီး၊ ကျင့်ကြံသူ အများအပြား၏ အသက်များကိုလည်း ပေးဆပ်ခဲ့ရသည်။
သို့သော် တစ်ခါ အောင်မြင်သွားလျှင်လည်း ရရှိမည့် အကျိုးအမြတ်များသည် အဆုံးမရှိသလို၊ အဆက်မပြတ်လည်း ရရှိနေမည်ပင်။
မည်သို့ဆိုစေ လူသားကျင့်ကြံသူများအတွက်မူ အရင်းအမြစ်များက အလွန် အရေးကြီးသည် မဟုတ်ပါလော။
ဂိုဏ်းတစ်ခုက နယ်မြေချဲ့ထွင်တိုင်း ၎င်းသည် ကျင့်ကြံသူများ အတွက် တကယ့် အစားအသောက် ပွဲတော်ကြီးကဲ့သို့ ဖြစ်သွားလိမ့်မည်။
တစ်ချိန်တည်းမှာပင် အောက်ခြေအဆင့် ကျင့်ကြံသူများအတွက်လည်း ယင်းသည် အရှိန်အဟုန်နှင့် တက်လှမ်းဖို့အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်။
ထို့ကြောင့်လည်း နှစ်များကြာလာသည်နှင့်အမျှ လေလွင့်ကျင့်ကြံသူများသည် သားရဲတစ်သောင်း တောင်တန်းဆီသို့ ပိုရောက်လာကြခြင်း ဖြစ်သည်။
လေလွင့်ကျင့်ကြံသူ အများအပြားသည်လည်း နေထိုင်ဖို့အတွက် အဓိက ဈေးတန်း အသီးသီးတွင် စုဝေးနေကြသည်။
ဤဈေးတန်းများကို ဗဟိုပြုပြီး သူတို့သည် သားရဲတစ်သောင်း တောင်တန်း၏ အစွန်အဖျား ဧရိယာများကို တစ်စတစ်စနှင့် သိမ်းပိုက်နေကြ၏။
အတွင်းပိုင်း ဧရိယာများအထိတောင် ချဉ်းကပ်လာကြပေပြီ။
အချိန်တန်သည့်အခါ သားရဲတစ်သောင်း တောင်တန်း တစ်ခုလုံးသည် လူသားဂိုဏ်းများ၏ နယ်မြေအဖြစ် သတ်မှတ်ခံရနိုင်ချေ ရှိနေသည်။
"မြစိမ်းတော ဈေးတန်း၊ နေမင်းတရား ဓားဂိုဏ်း၊"
"ဒါက ကျင့်ကြံသူတွေရဲ့ ကမ္ဘာပေါ့"
ကျန်းဖန်သည် သူ့ရဲ့ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ တရိပ်ရိပ် တက်လာသည်ကို ခံစားမိလိုက်သည်။
သူသည် ကျင့်ကြံသူများ၏ ကမ္ဘာထဲသို့ ယခုလောက်ထိ မြန်မြန်ဆန်ဆန် ရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူကိုယ်တိုင်သည် သိုင်းလမ်းစဉ်မှ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ဝင်လာခဲ့သူဖြစ်ပြီး ယွမ်ချူး အင်းကွက်ကျမ်းကိုလည်း လေ့ကျင့်နေသူဖြစ်ရာ၊ ယခုအခါ သူကိုယ်တိုင်သည်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ကျင့်ကြံသူများ၏ ကမ္ဘာထဲသို့ ဝင်ရောက်ဖို့ဆိုသည်မှာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ပေ။ အချိန်တစ်ခုသာ လိုအပ်သည်။
"ဒါပေမဲ့ မြစိမ်းတော ဈေးတန်းဆီကို သွားဖို့က အနည်းဆုံး ကီလိုမီတာ ဆယ်ဂဏန်းလောက် ဝေးသေးတယ်။"
"မင်းရဲ့ လက်ရှိခွန်အားနဲ့က ဒီလိုခရီးကို ဖြတ်သန်းဖို့ဆိုတာ မလွယ်ဘူး။"
"အကယ်၍ မင်း မြစိမ်းတော ဈေးတန်းကို ရောက်သွားခဲ့ရင်တောင် အဲ့ဒီမှာ ရှင်သန်ဖို့က စိန်ခေါ်မှု တစ်ခုပဲ ဖြစ်မှာ။"
"ဒီလူသုံးယောက်ရဲ့ မှတ်ဉာဏ်တွေအရဆို မြစိမ်းတော ဈေးတန်းရဲ့ ဆင်းရဲသားရပ်ကွက်မှာ နေထိုင်ဖို့တောင် တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး သုံးတုံး ပေးရတယ်၊ တခြား ကျင့်ကြံခြင်း အရင်းအမြစ်တွေအတွက် ဆိုရင်တော့ မတွေးဝံ့စရာပဲ။"
"မင်းအနေနဲ့ မြစိမ်းတော ဈေးတန်းဆီကို သွားဖို့ဆိုရင် အနည်းဆုံးတော့ ချီကျင့်ကြံခြင်း အဆင့် (၃) ဒါမှမဟုတ် အဆင့် (၄) လောက်အထိ ရောက်ဖို့ လိုအပ်တယ်။"
"ဒါမှသာ မင်းကိုယ်မင်း ကာကွယ်နိုင်မယ့် စွမ်းရည်အချို့ ရှိလာမှာ။"
ယွမ်ချူး ဝိညာဉ်အင်းကလောင်က လေးနက်စွာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့။"
ကျန်းဖန်က သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။
သာမန်လူ့လောကတွင် သူသည်ပြိုင်ဘက်ကင်း ဖြစ်နေသော်လည်း ကျင့်ကြံခြင်းလောကတွင်မူ သူသည် ပြောပစရာမရှိသော သာမန်လူသစ်လေး တစ်ယောက်သာ ဖြစ်နေသေးသည်။
အကယ်၍ သူသာ မြစိမ်းတော ဈေးတန်းစီသို့ မဆင်မခြင် သွားခဲ့မည်ဆိုလျှင် သူ့အနေနှင့် မည်သည့် အကျိုးအမြတ်မှ မရနိုင်ပါ။
ခဏအကြာတွင် ကျန်းဖန်သည် ရှေ့တိုးပြီး အလောင်းဖျောက်ရေစင်ကို လောင်းချကာ အလောင်းသုံးလောင်း၏ အကြွင်းအကျန်များကို ရှင်းပစ်လိုက်သည်။
ထို့နောက် သူသည် ထိုလူသုံးဦး၏ သိုလှောင်အိတ်များကို ယူလိုက်သည်။
"ဒေါင်"
နောက်တစ်စက္ကန့်အကြာ၌ သူ့၏ အသိစိတ်အာရုံ နက်ရှိုင်းသောနေရာမှ သတင်းစကားတစ်ခု ပေါ်ထွက်လာ၏ - 'သားရဲတစ်သောင်း တောင်တန်းမှာ ကပ်ဘေးကျင့်ကြံသူ သုံးဦးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မင်းဟာ ပြင်းထန်စွာ တုံ့ပြန်ခဲ့ပြီး ကပ်ဘေးကျင့်ကြံသူ သုံးဦးကို သတ်ဖြတ်နိုင်ခဲ့ကာ၊ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့တယ်။ ထို့အတွက် ကံကောင်းခြင်းအမှတ် တစ်ထောင့်နှစ်ရာ ရရှိပါတယ်'။
"ဘာ..."
ကျန်းဖန် မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ထို ကပ်ဘေးကျင့်ကြံသူ သုံးဦးကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခဲ့သည်။ သို့ရာတွင် အဘယ့်ကြောင့် 'ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်သူ' ဖြစ်သွားရသနည်း။
သို့သော် ခွန်အားကို ထည့်တွက်မည်ဆိုပါက သူသာ ချက်ချင်း မတိုက်ခိုက်ခဲ့လျှင် ရလဒ်သည် သေချာနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် ကံကောင်းစွာ အသက်ရှင်ကျန်ရစ်သူဟု ဆိုခြင်းကို မှားသည်ဟုတော့ မဆိုနိုင်ပါ။
မည်သို့ဖြစ်စေ ရလာသည့် ကံကောင်းခြင်းအမှတ်၁၂၀၀ကို မြင်လိုက်ရချိန်တွင် သူသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။
သူသည် ကံကောင်းခြင်းအမှတ် အများအပြားရမည်ဟု ထင်ခဲ့သော်လည်း ယခုလောက်ထိ များမည်လို့တော့ မတွေးခဲ့မိပါ။
ကျင့်ကြံသူများ ပိုင်ဆိုင်ထားသည့် ကံကြမ္မာသည် သာမန်လူများနှင့် ယှဉ်လို့မရသည်မှာ အမှန်ပင် ဖြစ်ရမည်။
ထို့ကြောင့်လည်း ဤကပ်ဘေးကျင့်ကြံသူ သုံးဦးကို ရှင်းလင်းလိုက်ခြင်းက သူ့အတွက် ကံကောင်းခြင်းအမှတ် အများအပြားကို ရစေခြင်းဖြစ်သည်။
ယခင်ရထားသည့် အမှတ်များနှင့် ပေါင်းလိုက်လျှင် ၂၇၆၀အထိ ရှိသွားပြီ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် သူ ဤမျှအထိ ချမ်းသာဖူးသည်မှာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။
အမှန်တကယ်တမ်းတွင် ကျင့်ကြံခြင်းလောက၌ ရှိနေသော ကံကြမ္မာသည် သာမန်လူ့လောကနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်သည်မှာ အမှန်ပင်။
ဤမျှများပြားသော ကံကောင်းခြင်း အမှတ်များသည် ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ၊ မန္တန်အတတ်၊ အင်းကွက်အတတ်နဲ့ ကျင့်စဉ်များတွင်လည်း ကျွမ်းကျင်မှုများကို တိုးတက်စေနိုင်သည်။
ယင်းသည် တကယ့်ကို အသုံးဝင်လှသော စွမ်းအားတစ်မျိုးပင်။
ဤသို့ တွေးတောရင်း ကျန်းဖန်သည် စိတ်ကို တည်ငြိမ်စေလိုက်ပြီး သိုလှောင်အိတ် သုံးအိတ်လုံးကို ဖွင့်ကာ အတွင်းရှိပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။
သိုလှောင်အိတ်များထဲတွင် စုစုပေါင်း ဝိညာဉ်ကျောက်တုံး သုံးဆယ် ရှိနေသည်ကို သူ တွေ့ရှိလိုက်ရသည်။
ဆေးလုံး လေး၊ငါးပုလင်း။
ထို့အပြင် ရွှေ၊ ငွေ၊ ရတနာများနှင့် အခြားသော အသုံးအဆောင်ပစ္စည်း အထွေထွေ။
ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ရေ စသည်များ ပါသည်။
ယင်းတို့မှလွဲ အခြားအရာများတော့ သိပ်မရှိပါ။
ခြုံကြည့်ရလျှင် ဤသုံးဦးသည် ဆင်းရဲသာ ကျင့်ကြံသူတစ်သိုက် ဖြစ်ရမည်။
သို့သော်လည်း ကျန်းဖန် အလွန် ကျေနပ်နေမိသည်။ 'ခြင်လည်း အသားပဲ' ဆိုသည့်အတိုင်း ဘာမှမရှိတာထက်စာရင် အနည်းအကျဉ်း ရှိခြင်းက ပိုကောင်းလေ၏။
စဉ်းစားကြည့်မည်ဆိုလျှင် ယင်းသည် အလကား ရရှိခဲ့တာသာ ဖြစ်သည်။ ယခုလောက်ရသည်မှာလည်း ပုံမှန်ပါပင်။
ယခင် ရရှိထားသော ဝိညာဉ်ကျောက်တုံးများနှင့် ပေါင်းလိုက်လျှင် ယခုအခါ သူ့တွင် စုစုပေါင်း ဝိညာဉ်ကျောက်တုံး ခြောက်ဆယ့်ငါးတုံး ရှိနေပြီ ဖြစ်သည်။
ခန့်မှန်းချက်အရ ယင်းသည် မြစိမ်းတော ဈေးတန်းမှာ ခဏလောက် နေထိုင်ဖို့အတွက်တော့ လုံလောက်လှပြီ။
"အဖိုးဖူ... ဒီဆေးလုံးတွေက ဘာဆေးလုံးတွေလဲ"
ကျန်းဖန်က မေးမြန်းလိုက်၏။ သူသည် ကျင့်ကြံခြင်းလောကရှိ ဆေးလုံးများနှင့် ပတ်သက်လျှင် သူစိမ်းတစ်ယောက် ဖြစ်နေသေးသောကြောင့်ပင်။
မိမိ၏ ကျင့်ကြံခြင်းလောက စွယ်စုံကျမ်းကြီးကို မေးခြင်းက အကောင်းဆုံးပင်။
"အော်... မင်း တော်တော်လေး ကံကောင်းတာပဲ။"
"ပုလင်း နှစ်ပုလင်းထဲမှာ 'အဆင့်နိမ့် ဝိညာဉ်စုစည်းဆေးလုံး' တွေ ပါတယ်၊ တစ်ပုလင်းမှာ သုံးလုံးစီဆိုတော့ စုစုပေါင်း ခြောက်လုံးပေါ့။"