အခန်း (၁၃၈)
Vol. 14 Ch. 138
လီကျယ်ရှန်း သည် ဒူကူယန်၊ ယဲ့လင်းလင်း နှင့် ယွီထျန်းဟန် အပါအဝင် အခြားအသင်းသား ခြောက်ဦးကို ဦးဆောင်ကာ စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ ဤပွဲတွင် အော်စလို ကတော့ အရံလူအဖြစ်သာ နေခဲ့သည်။
ကွင်းပြင်၏ ဆန့်ကျင်ဘက်တွင် ဝိဉာဉ်နန်းတော် ဒုတိယအသင်း သည်လည်း ဖြည်းဖြည်းချင်း တက်လာသည်။ အသင်းနှစ်သင်းမှာ မီတာအနည်းငယ်အကွာတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ ပရိသတ်များ၏ ဟိန်းဟောက်သံများမှာ နားကွဲမတတ် ကျယ်လောင်လှသည်။
“ဝိဉာဉ်နန်းတော်က အနှိုင်းမဲ့ပဲ”
“ဘာတော်ဝင်အဖွဲ့လဲ၊ ဘာဓားဝိုင်လဲ၊ ဒါက ဝိဉာဉ်မြို့တော်ကွ၊ အားလုံး ဒူးထောက်စမ်း”
“ထျန်းဒိုမြို့တော်ရဲ့ နာမည်ကျော်ကြားမှုက ဘာအသုံးကျလို့လဲ။ တကယ့်ပါရမီရှင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ဓားဝိုင် ကို သိအောင်လုပ်ပြလိုက်စမ်း”
“ရွှေရောင်မျိုးဆက် အကြီးအကဲ သုံးယောက်ကို လက်စားချေမယ် ဟုတ်လား၊ မင်းကိုယ်မင်း ဘယ်လောက်အဆင့်ရှိလဲဆိုတာ ပြန်ကြည့်ဦး”
ဝိဉာဉ်မြို့တော်၏ ဝိဉာဉ်သခင်များသည် မြင့်မြတ်သောမြို့တော်သားပီပီ ထူးခြားသော မောက်မာမှုများကို ပိုင်ဆိုင်ထားကြသည်။ အသံလှိုင်းများမှာ တစ်ဟုန်ထိုး မြင့်တက်လာသည်။ သို့သော်လည်း လူအုပ်ထဲတွင် ဓားဝိုင် အတွက် ထျန်းဒိုမြို့တော်မှ တကူးတက လာရောက်အားပေးကြသည့် ဝိဉာဉ်သခင်များလည်း ရှိနေသည်။
“ဓားဝိုင် နိုင်ရမယ်”
“ဝိဉာဉ်နန်းတော် ဒုတိယအသင်းက အစွမ်းထက်တယ် ဟုတ်လား။ ဓားဝိုင် ရဲ့ ဓားတစ်ချက်ဆိုရင် လုံလောက်ပြီ”
“ငါ စက္ကူနဲ့ ကလောင် အသင့်ပြင်ထားတယ်။ ဓားဝိုင် သာ ချန်ပီယံဖြစ်ရင် အဲ့ဒီသတင်းကို ပုံပြောသူ အဘိုးကြီးဆီ မိုင် ၈၀၀ အမြန်ချောနဲ့ ပို့ပေးမယ်”
ပြင်းထန်လှသော အကြည့်များအောက်တွင် ကွင်းပြင်ပေါ်ရှိ အသင်းနှစ်သင်းမှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ တော်ဝင်တိုက်ပွဲဝင်အဖွဲ့ သည် သူတို့ လေ့ကျင့်နေကျ အသုံးအများဆုံး စစ်ဗျူဟာကို အသုံးပြုလိုက်သည်။ ဒူကူယန် နှင့် ယွီထျန်းဟန် က ရှေ့တန်း ဘယ်ညာတွင် ရှိနေပြီး ယွီဖုန်း က ဘေးတိုက်စစ်ဆင်ရန် နေရာယူသည်။ ရှီညီအစ်ကို က ယဲ့လင်းလင်း ကို ကာကွယ်ပေးထားသည်။
လီကျယ်ရှန်း ကတော့... သူသည် အနောက်ဘက်တွင် အေးအေးဆေးဆေး ရပ်နေပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြင့် တိုက်ပွဲကို စောင့်ကြည့်နေသည်။ ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ဝိဉာဉ်သခင်ပြိုင်ပွဲ သည် လူငယ်ဝိဉာဉ်သခင်များစွာအတွက် အိပ်မက်စင်မြင့်တစ်ခု ဖြစ်သည်။ ဒူကူယန်၊ ယဲ့လင်းလင်း နှင့် အခြားသူများသည်လည်း ဤနေရာတွင် တောက်ပခွင့် ရှိသင့်သည်။ ထို့ပြင် ပဏာမအဆင့်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသည့် တော်ဝင်တိုက်ပွဲဝင်အဖွဲ့ အနေဖြင့် အတွေ့အကြုံသစ်များ ရရှိရန် အင်အားကြီးရန်သူများနှင့် ရင်ဆိုင်ရန် လိုအပ်သည်။
ဆန့်ကျင်ဘက်တွင်တော့ ဝိဉာဉ်နန်းတော် ဒုတိယအသင်း ၏ စစ်ဗျူဟာမှာ ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။ အဖွဲ့ဝင်ခုနစ်ဦးစလုံး တစ်ပြိုင်နက်တည်း ရှေ့သို့ လှမ်းတက်လာကြသည်။ ပြင်းထန်သော ဝိဉာဉ်စွမ်းအားများမှာ ဒီရေပမာ ထွက်ပေါ်လာသည်။
ဝူး —!
ဝူး —!
ဝံပုလွေ ဟောင်သံများမှာ ကျောချမ်းစရာ ကောင်းလှသည်။ သူတို့ ခုနစ်ဦး၏ ခန္ဓာကိုယ်များမှာ လျင်မြန်စွာ ဖောင်းကားလာပြီး သူတို့၏ အပေါ်ဝတ်စုံများမှာ အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်။ အမည်းရောင်နှင့် မီးခိုးရောင် အမွေးအမျှင်များမှာ သူတို့၏ မျက်နှာနှင့် လက်မောင်းများတွင် ဖုံးလွှမ်းလာပြီး မျက်လုံးများမှာ နီရဲသော သားရဲမျက်လုံးများအဖြစ် ပြောင်းလဲသွားကာ ဖြူဖွေးသော အစွယ်များမှာ နှုတ်ခမ်းမှ ထွက်ပေါ်လာသည်။ ဤဒုတိယအသင်းမှာ အဖွဲ့ဝင်အားလုံး ဝံပုလွေ ဝိဉာဉ်များကို ပိုင်ဆိုင်ထားသည့် အစွန်းရောက်အသင်းတစ်သင်း ဖြစ်နေသည်။
“ဟင်း... ဓားဝိုင် ဆိုတာ အမှိုက်ပါပဲ၊ ဝိဉာဉ်နန်းတော်ရှေ့မှာ မင်းက ဘာမှမဟုတ်ဘူး”
ဒုတိယအသင်းခေါင်းဆောင်သည် ယန် ၏ အမူအရာအတိုင်း လီကျယ်ရှန်း ကို လည်ပင်းလှီးပြသည့် အမူအရာ လုပ်ပြလိုက်သည်။ ကျန်ခြောက်ဦးကလည်း ပြုံးဖြဲဖြဲဖြင့် သူတို့၏ လည်ပင်းများကို တစ်ပြိုင်နက်တည်း လက်ဖြင့် လှီးပြလိုက်ကြသည်။
“မင်းတို့ သေချင်နေတာပဲ”
ယွီထျန်းဟန် ဟိန်းဟောက်လိုက်သည်။ သူ၏ ခြေထောက်အောက်တွင် အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း ဝိဉာဉ်ကွင်း လေးကွင်း ထွက်ပေါ်လာသည်။ သူ၏ ပထမဝိဉာဉ်ကွင်းမှာ ရုတ်တရက် တောက်ပလာသည်။
“ပထမဝိဉာဉ်စွမ်းရည် — မိုးကြိုးနဂါးလက်သည်း”
ယွီထျန်းဟန်၏ နဂါးအဖြစ် ပြောင်းလဲနေသော ညာဘက်လက်မောင်းတွင် အပြာရောင် လျှပ်စီးများ ဝန်းရံသွားသည်။ သူသည် ရှေ့ဆုံးမှ ပြေးထွက်ကာ ဒုတိယအသင်းခေါင်းဆောင်ကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။
တိုက်ခိုက်ရေး အမျိုးအစား ဝိဉာဉ်သခင် ခုနစ်ဦးမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာသည်။ ဝိဉာဉ်စွမ်းအားများကြားတွင် ဝိဉာဉ်ကွင်းများမှာ တောက်ပနေသည်။ ဝိဉာဉ်နန်းတော် ဒုတိယအသင်း တွင် ဝိဉာဉ်ဘိုးဘေးသုံးဦးနှင့် ဝိဉာဉ်အကြီးအကဲလေးဦး ပါဝင်နေပြီး အားလုံးမှာ အကောင်းဆုံး ဝိဉာဉ်ကွင်း ပုံစံများကို ပိုင်ဆိုင်ထားကြသည်။ ဝိဉာဉ်စွမ်းအား အဆင့်အရဆိုလျှင် သူတို့သည် အခြေခံကျောင်းတော်များထက်ပင် မနိမ့်ပါးပေ။
“ဒုတိယဝိဉာဉ်စွမ်းရည် — သွေးလက်သီး”
ဒုတိယအသင်းခေါင်းဆောင်၏ လက်သီးတွင် သွေးဝံပုလွေဘုရင်၏ ပုံရိပ်မှာ စုစည်းသွားပြီး မိုးကြိုးနဂါးလက်သည်း နှင့် ထိပ်တိုက်တွေ့ဆုံရာ လျှပ်စီးများမှာ ကောင်းကင်အနှံ့ ပေါက်ကွဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် ဒူကူယန် ၏ မြစိမ်းရောင်မြွေ အဆိပ်မြူများမှာ ပြန့်နှံ့သွားပြီး အရောင်အသွေးစုံသော အဆိပ်နယ်မြေတစ်ခုကို ဖြစ်ပေါ်စေသည်။ အဖွဲ့တွင် ဝိဉာဉ်စွမ်းအား အမြင့်ဆုံးဖြစ်သူပီပီ သူမသည် တစ်ဦးတည်းနှင့် ပြိုင်ဘက်နှစ်ဦးကို ထိန်းထားနိုင်သည်။ သို့သော် ဘေးဘက်မှ အခြားပြိုင်ဘက်တစ်ဦးမှာ သူမထံသို့ ခုန်အုပ်လာသည်။
“တတိယဝိဉာဉ်စွမ်းရည် — လေဓားဖြတ်ချက်”
ယွီဖုန်း ၏ အတောင်ပံများမှာ လျင်မြန်စွာ တုန်ခါသွားပြီး အမွေးအတောင်ပုံစံ လေဓားခုနစ်လက်မှာ ထွက်ပေါ်လာကာ ဒူကူယန် ထံ ဦးတည်လာသည့် ရန်သူကို ကြားဖြတ်တိုက်ခိုက်လိုက်သည်။ ရှီညီအစ်ကို သည်လည်း ရန်သူ့စစ်ကြောင်းထဲသို့ ပုခုံးချင်းယှဉ် တိုးဝင်သွားပြီး တစ်ဦးလျှင် တစ်ယောက်စီ ထိန်းထားလိုက်သည်။
ခဏချင်းမှာပင် စင်မြင့်ပေါ်တွင် ဝိဉာဉ်စွမ်းရည်များ ရောယှက်သွားပြီး ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားလာတော့သည်။ ပရိသတ်များမှာ မျက်နှာများ နီရဲလာသည်အထိ အော်ဟစ်အားပေးနေကြသည်။ အခြားအသင်းများသည်လည်း ဤအင်အားချင်းယှဉ်သည့် ပွဲစဉ်ကို လေးနက်သော မျက်နှာထားဖြင့် စောင့်ကြည့်နေကြသည်။
စူးစမ်းသောအကြည့်များမှာ မလှုပ်မယှက် ရှိနေသေးသည့် ဝတ်စုံဖြူလူငယ်ထံသို့ ခဏခဏ ရောက်ရှိနေသည်။ အရမ်းကို မောက်မာလွန်းတယ်၊ လူတိုင်း ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လီကျယ်ရှန်း သည် အခြေအနေကို ထိန်းကျောင်းနေခြင်း ဖြစ်သည်။ အခြေအနေကို ထိန်းကျောင်းတယ်ဆိုတာ ဘာလဲ။ အကြွင်းမဲ့ အင်အားဖြင့် တိုက်ပွဲတစ်ခုလုံးကို ထိန်းချုပ်ထားတာကို ပြောတာပဲ။
ဝိဉာဉ်နန်းတော် ပထမအသင်း ၏ နားနေခန်းတွင်...
ယန် က လက်ပိုက်လျက် မကျေမနပ် နှာခေါင်းရှုံ့လိုက်သည်။
“ဒီ လီကျယ်ရှန်း က ဘာလို့ အခြေအနေကို ထိန်းနေတာလဲ၊ ဒုတိယအသင်းကို သူက အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား”
ရှဲ့ယွဲ့ က မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်ဟန် ဖြစ်နေသည်။
ဟူလျဲ့နာ ၏ မြေခွေးမျက်ဝန်းများမှာ နက်ရှိုင်းသွားပြီး သူမက ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။
“လီကျယ်ရှန်း လှုပ်ရှားတော့မယ်”
ဝိဉာဉ်နန်းတော် မှ လူများပီပီ အစပိုင်းတွင် တော်ဝင်တိုက်ပွဲဝင်အဖွဲ့ အဖွဲ့ဝင် ခြောက်ဦးမှာ သူတို့နှင့် အညီအမျှ တိုက်ခိုက်နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူတစ်ယောက် လျော့နည်းနေသည့် အားနည်းချက်မှာ စတင်ပေါ်ပေါက်လာသည်။
ဘုန်း —!
ယွီထျန်းဟန် က ပြိုင်ဘက်တစ်ဦးကို တားဆီးထားစဉ် ဒုတိယအသင်းခေါင်းဆောင်၏ လက်သီးက သူ၏ ရင်ဘတ်ကို ထိမှန်သွားသည်။
“ဝေါ့ —!”
ယွီထျန်းဟန် သွေးတစ်လုပ် ထွေးထုတ်လိုက်ရပြီး အနောက်သို့ ဆယ်လှမ်းကျော် ဆုတ်ခွာသွားရသည်။ ဒူကူယန်၊ ယွီဖုန်း နှင့် ရှီညီအစ်ကို တို့မှာ ဒဏ်ရာရသွားသော ယွီထျန်းဟန် ကို အလယ်တွင် ထားကာ အလျင်အမြန် ကာကွယ်လိုက်ကြသည်။ ယဲ့လင်းလင်း က သူမ၏ နှလုံးသားကိုးခုပန်းကို မြှောက်ကိုင်လိုက်ရာ နူးညံ့သော ကုသခြင်းအလင်းမှာ သူတို့ငါးဦးအပေါ် ကျရောက်လာသည်။
ဒုတိယအသင်းက သူတို့ကို အသက်ရှူချိန် မပေးပေ။ပရိသတ်များ၏ ရူးသွပ်သော အော်ဟစ်သံများကြားတွင် ဝံပုလွေဟောင်သံများမှာ အဆက်မပြတ် ထွက်ပေါ်လာသည်။ သွေးညှီနံ့များ ထွက်ပေါ်နေသော သူတို့ခုနစ်ဦးမှာ ဝံပုလွေအုပ်စုတစ်စုပမာ ခုန်အုပ်လာကြတော့သည်။
“တိုက်ကြ”
ဒူကူယန် သွားကို တင်းတင်းကြိတ်လိုက်သည်။
ထိုအချိန်မှာပင် နူးညံ့သော လေအဝှေ့တစ်ခုမှာ သူတို့ခြောက်ဦး၏ ခါးကို ပတ်လျှက် တိုက်ပွဲအတွင်းမှ ညင်သာစွာ ဆွဲထုတ်သွားသည်။ ထို့နောက် မျှော်လင့်တကြီး ကြည့်နေသူများ၊ သံသယရှိသူများနှင့် လှောင်ပြောင်နေသူများ၏ အကြည့်အောက်တွင် လီကျယ်ရှန်း သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူသည် တော်ဝင်တိုက်ပွဲဝင်အဖွဲ့ ခြောက်ဦး၏ ရှေ့တွင် ရပ်တည်လိုက်သည်။ ဒုတိယအသင်းခေါင်းဆောင်၏ သွေးဝံပုလွေ လက်သည်းများမှာ လေထုကို ဖြတ်သန်းကာ အပေါ်မှ ရိုက်ချလာပြီ ဖြစ်သည်။ ပစ်မှတ်က လီကျယ်ရှန်း ဖြစ်သွားသည်ကို မြင်သောအခါ သူ၏ ကြောက်မက်ဖွယ် အပြုံးမှာ ပို၍ ကျယ်ပြန့်သွားပြီး လက်သည်းထဲမှ ခွန်အားကို နောက်ထပ် သုံးပုံတစ်ပုံ တိုးလိုက်သည်။
ရှစ် —!
သွေးဝံပုလွေ လက်သည်း၏ ထက်မြက်သော ထိပ်ဖျားမှာ လီကျယ်ရှန်း ၏ နဖူးနှင့် တစ်လက်မအကွာတွင် ရုတ်တရက် ရပ်တန့်သွားသည်။ သူက ဝိဉာဉ်စွမ်းအားကို ဘယ်လောက်ပဲ မြှင့်တင်ပါစေ၊ လက်သည်းထိပ်မှာ မမြင်ရသော ခိုင်မာသည့် အတားအဆီးတစ်ခုတွင် ငြိနေသကဲ့သို့ ရှေ့သို့ တစ်လက်မပင် တိုးမရတော့ပေ။ အနီးကပ် ကြည့်မည်ဆိုလျှင် ထိုနေရာတွင် သေးငယ်ပြီး ကြည်လင်နေသော ဓားရိပ်ပေါင်းများစွာမှာ အတားအဆီးတစ်ခုအဖြစ် စီတန်းနေသည်ကို တွေ့ရလိမ့်မည်။
“မင်း...” ဒုတိယအသင်းခေါင်းဆောင်မှာ အကြီးအကျယ် ထိတ်လန့်သွားသည်။
လီကျယ်ရှန်း ၏ ဆံပင်များမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။ သူသည် ခေါင်းမော့လိုက်ရာ သူ၏ မျက်ဝန်းများမှာ မှေးစက်သွားပြီး နဖူးပေါ်တွင် ကြာပန်းစိမ်းဓား အမှတ်အသား ပေါ်ထွက်လာကာ သူ၏ မျက်ဝန်းထဲမှ ထက်မြက်လှသော ဓားစွမ်းအင်နှစ်ခု ထွက်ပေါ်လာသည်။ ဒုတိယအသင်းခေါင်းဆောင်မှာ ဓားတစ်သောင်းက သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များကြားမှ သွေးများမှာ ပန်းပွင့်များပမာ ပွင့်ထွက်လာသည်။ သူ၏ အော်ဟစ်သံနှင့်အတူ ပြတ်တောက်သွားသော စွန်တစ်ခုပမာ အနောက်သို့ လွင့်ထွက်သွားတော့သည်။
သူသည် မီတာဆယ်ကျော်အထိ လွင့်ထွက်သွားပြီးမှ ရပ်တန့်သွားသည်။ သူ၏ အသင်းသား ခြောက်ဦးမှာ ထိတ်လန့်သွားပြီး အရှိန်သတ်ကာ နောက်ဆုတ်ရန် ပြင်ကြသည်။ သို့သော် သူတို့၏ အရှိန်မှာ လီကျယ်ရှန်း ကို ဘယ်မှာ ယှဉ်နိုင်ပါမည်နည်း။
လီကျယ်ရှန်း ၏ ညာဘက်လက်မှာ လေထဲတွင် တစ်ခုခုကို ဖမ်းဆွဲလိုက်သလို လုပ်လိုက်ရာ ဓားရိုးတစ်ခုမှာ သူ၏ လက်ထဲတွင် အလိုအလျောက် ပေါ်လာသည်။ ၎င်းနောက်တွင် ကြည်လင်သော ကျောက်စိမ်းရောင် ဓားကိုယ်ထည်မှာ တစ်လက်မချင်း ထွက်ပေါ်လာသည်။
ချလွင် —!
ကြာပန်းစိမ်းဓား ကို လီကျယ်ရှန်း ကိုင်ဆောင်လိုက်ချိန်တွင် ကြည်လင်သော ဓားမြည်သံမှာ ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ဓား၏ ထက်မြက်မှုမှာ လူတို့၏ မျက်လုံးများကို စူးရှစေသဖြင့် တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲလှသည်။
လီကျယ်ရှန်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဝုန်း —
သူ၏ ခြေထောက်အောက်တွင် ပထမဆုံး ခရမ်းရောင် ဝိဉာဉ်ကွင်း တောက်ပလာသည်။ သူ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြန်သည်။
ဝုန်း —
ဒုတိယ ခရမ်းရောင် ဝိဉာဉ်ကွင်း ပေါ်လာသည်။ တတိယ ခြေလှမ်း နင်းလိုက်ချိန်တွင် သူသည် ဝိဉာဉ်နန်းတော် ဒုတိယအသင်း ၏ အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝုန်း —
အသွေးအရောင်စုံလင်ပြီး ဓားမွှေး ၁၂ ခု ပါဝင်သော ထူးခြားလှပသည့် ဝိဉာဉ်ကွင်းကြီး ထွက်ပေါ်လာသည်။
“ဒုတိယဝိဉာဉ်စွမ်းရည် — ဓားသုံးလက်၏ တောက်ပမှု”
“ကြာပန်းစိမ်းဓားေတးသွား၊ ပထမပုံစံ — ယောင်ကွမ်း”
ကြာပန်းစိမ်းဓား ၏ ကိုယ်ထည်ပေါ်တွင် ကြာပန်း ၁၂ ပွင့်မှာ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်ထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ထက်မြက်မှုလှိုင်းများမှာ ပြန့်နှံ့သွားသည်။ နေ့ခင်းဘက်ဖြစ်သော်လည်း ကြယ်ရောင်အစုအဝေးတစ်ခုမှာ အပေါ်မှ ဝဲဆင်းလာပြီး လီကျယ်ရှန်း ၏ ဓားသွားကို ရစ်ပတ်သွားသည်။
လီကျယ်ရှန်း က ဓားရိုးကို ပြောင်းပြန်ကိုင်ကာ ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်။ ဤဓားချက်မှာ မြန်လွန်းသဖြင့် ပျောက်ကွယ်သွားသကဲ့သို့ ထင်ရပြီး ကဗျာတစ်ကြောင်းပမာ လှပလွန်းလှသည်။ ဝိဉာဉ်နန်းတော် ဒုတိယအသင်း မှ ခုနစ်ဦးစလုံးသည် သူတို့၏ လည်ပင်းတွင် အေးစက်မှုကိုသာ ခံစားလိုက်ရသည်။ ထို့နောက် ပြင်းထန်သော ခွန်အားတစ်ခုက သူတို့၏ လည်ပင်းကို ရိုက်ခတ်လိုက်သည်။
“ဝေါ့ —”
သူတို့အားလုံး သွေးတစ်လုပ်စီ ထွေးထုတ်လျက် အနောက်သို့ လွင့်ထွက်ကာ စင်ပေါ်မှ ပြုတ်ကျသွားကြတော့သည်။ လူတစ်ဦးချင်းစီ၏ လည်ပင်းတွင် လက်သုံးချောင်းစာ အကျယ်ရှိသော ခရမ်းပြာရောင် ဓားရာတစ်ခုစီ ထင်ကျန်ရစ်သည်။ ဝိဉာဉ်သခင်ပြိုင်ပွဲ တွင် လူသတ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။ သို့မဟုတ်ပါက ဤတိုက်ပွဲတစ်ခုတည်းနှင့်ပင် တိုက်ကြီးပေါ်ရှိ ပါရမီရှင်များမှာ ကွက်လပ်ဖြစ်သွားပေလိမ့်မည်။
အားလုံးမှာ မြန်လွန်းလှသည်။
အတွေးများပင် လိုက်မမှီနိုင်လောက်အောင် မြန်ဆန်လှသဖြင့် ကွင်းပြင်တစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားတော့သည်။ အံ့သြတုန်လှုပ်နေသော အကြည့်များမှာ ဓားကို ကိုင်ဆောင်ထားသည့် ဝတ်စုံဖြူလူငယ်ထံသို့ စိုက်ကြည့်နေကြသည်။
သို့သော် လီကျယ်ရှန်း က ဓားကို ဓားအိမ်ထဲသို့ ပြန်မထည့်သေးပေ။ သူသည် ခရမ်း၊ ခရမ်း နှင့် ထူးခြားလှပသော ဝိဉာဉ်ကွင်း သုံးကွင်းအောက်တွင် မတ်တပ်ရပ်နေသည်။ ကြယ်ရောင်များဖြင့် ဖွဲ့စည်းထားသကဲ့သို့ရှိသော ကြာပန်းစိမ်းဓားကို ကိုင်ဆောင်လျက် သူ၏ အကြည့်မှာ နားနေခန်းရှိ ထန်စန်း၊ တိုက်မုပိုင် နှင့် ရွှေရောင်မျိုးဆက် သုံးဦးထံသို့ လှမ်းကြည့်လိုက်သည်။
ဟိန်းထွက်နေသော ဓားစွမ်းအင်များကြောင့် သူ၏ ဝတ်စုံဖြူမှာ တလွင့်လွင့် ဖြစ်နေသည်။ လီကျယ်ရှန်း ၏ မျက်ဝန်းများမှာ ရေခဲပြင်ကဲ့သို့ အေးစက်လှသည်။
အင်အားကို ဖုံးကွယ်ထားရမှာလား။ လျှို့ဝှက်ထားရမှာလား။ တဖြည်းဖြည်းမှ ထုတ်ပြရမှာလား။
မဟုတ်ဘူး၊ သူ လီကျယ်ရှန်း သည် မိမိအလိုအတိုင်းသာ လုပ်ဆောင်မည်။ ဘယ်ပြိုင်ဘက်မဆို လာတိုက်နိုင်သည်၊ သူ ဘာကိုမှ မကြောက်ပေ။