← Chapters

အခြေအနေ အလှည့်အပြောင်း

Vol. 1 Ch. 441

အခြေအနေ အလှည့်အပြောင်း

Vol. 1 Ch. 441

"အာ..."

နေရာရှိ လူတိုင်းသည် မိန်းမစိုးလင်းထက် ပို၍ အားကောင်းသည့် အရှိန်အဝါရှိသော ရှားထင်ဝေ့အားကြည့်၍ မှင်တက်နေကြသည်။ သူတို့သည် မြင်ကွင်းအား မရင်းနှီးလေရာ ဤသူမှာ သူတို့၏ ဘုရင် ဟုတ်ပါရဲ့လားဟုပင် တွေးနေမိကြသည်။

ရှားထင်ဝေ့သည် ယခင်က စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် စတုတ္ထအဆင့်၊ ပဉ္စမအဆင့်ခန့်တွင်သာ ရှိခဲ့သည်။ ယခု သူထုတ်ဖော်နေသည့် အင်အားမှာ ဗာဂျရာအဆင့် အမှန်တကယ် ဖြစ်နေခဲ့သည်။ ထို့ပြင် ကြည့်ရသည်မှာ သူသည် ဗာဂျရာပဉ္စမအဆင့်ပင် ကျော်လွန်နေသည့်ပုံပေါ်သည်။

ထိုသည်မှာ အရေးမကြီးသေး။ အရေးကြီးသည့်အချက်မှာ ရှားထင်ဝေ့သည် သူဗာဂျရာအဆင့်သို့ ရောက်နေသည့့်အချက်ကို ဖုံးကွယ်ထားခြင်းဖြစ်သည်။ ကျန်းရီသာ ရှန်ဝူမြို့ကို လာရောက်တိုက်ခိုက်ခြင်း မပြုပါက ထိုအချက်ကို သူထုတ်ပြမည့်ပုံ မရချေ။

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ထဲက လူတစ်ယောက်သည် ဗာဂျရာအဆင့်သို့ ရောက်ရှိနေခဲ့သည်။ သို့သော် သူသည် သူ၏ အောင်မြင်မှုမျှနှင့် မရောင့်ရဲသောကြောင့် သူ၏တိုင်းသူပြည်သားများ၏ ဂုဏ်ပြုမှုကို ခံယူရန်ပင် ထိုအချက်ကို ထုတ်မပြောခဲ့ပေ။ သူသည် ထိုအကြောင်းကို သူ၏ဇနီး၊ သားနှင့် အယုံကြည်ရဆုံးသော မှူးမတ်များကိုပင် ထုတ်မပြောခဲ့ပေ။

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကဆိုလျှင် ရှားထင်ဝေ့သည် အိမ်ရှေ့စံမင်းသားအဖြစ်သာ ရှိနေသေးပြီး ထီးနန်းမဆက်ခံရသေးပေ။ သူသည် အသက်သုံးဆယ်တောင် မပြည့်သေးသည့် ရွှင်လန်းတက်ကြွ၍ ပျော်ပါး၍ကောင်းသော အရွယ်တွင်သာ ရှိနေသေးသည်။

ထီးနန်းဆက်ခံမည့် အိမ်ရှေ့စံမင်းသားသည် ဗာဂျရာအဆင့်သို့ ရောက်ရှိပြီးသားဖြစ်သည်။ ထိုသတင်းသာ ပျံ့နှံ့သွားခဲ့ပါလျှင် ရှားထင်ဝေ့သည် နယ်မြေတစ်ခုလုံးကို အံ့အားသင့်သွားစေလိမ့်မည်။ အခြားသူသာဆိုပါက ထိုသတင်းကို လူအများသိအောင် ကြေငြာပေလိမ့်မည်။ ထိုသို့ဆိုပါက သူ၏ ထီးနန်းသည်လည်း တောင်တစ်လုံးပမာ မြဲမြံတည်ငြိမ်ပေလိမ့်မည်။ ရှန်ဝူနိုင်ငံ၏ အာဏာစက်သည်လည်း သိသိသာသာ တိုးပွားလာလိမ့်မည်။ သို့သော် ရှားထင်ဝေ့သည် ထိုအချက်ကို နှစ်နှစ်ဆယ်ကျော်ကြာ ဖုံးကွယ်ထားခဲ့သည်။

ထိုအချက်ကို တွေးမိကြလျှင် လူတိုင်းကြက်သီးထလာကြသည်။

ရှားထင်ဝေ့သည် အလွန်စိတ်ရှည်သောသူဖြစ်သည်။ သို့သော် ထိုအချက်ကို အဘယ်ကြောင့် သူဖုံးကွယ်ခဲ့သနည်း။ ဤအခိုက်အတန့်အတွက်ပေလော၊ သို့မဟုတ် နယ်မြေကို သိမ်းပိုက်ရန် သူရည်ရွယ်ခဲ့သည်လော။ နောက်အချက်ကြောင့် ဖုံးကွယ်ခဲ့သည် ဆိုပါလျှင် သေရေးရှင်ရေး အချိန်မှ တိုက်ခိုက်ရန် သူပြင်ဆင်ခဲ့သည်လော။ အံ့ဖွယ်တစ်ခု သူဖန်တီးချင်ခဲ့၍ပေလော။ သို့သော် ကျန်းရီကြောင့် သူဖုံးကွယ်ထားသည့်အရာကို ထုတ်ပြလိုက်ရသည်။

အကြောင်းအရင်းမှာ အရေးမကြီးချေ။

လက်ရှိရှားထင်ဝေ့သည် လူအများစု၏ ရင်ထဲတွင် ဖော်ပြ၍မရသော ကြောက်ရွံ့မှုကို ဖြစ်တည်လာစေသည်။ သူသည် လူအရေခြုံထားသော နှစ်တစ်ထောင်သက်တမ်းရှိသည့် မကောင်းဆိုးဝါးဟူသည့် ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။ လူအတော်များများသည် သူ့အား အလွန်ကြောက်ရွံ့သည့် မျက်ဝန်းများဖြင့် ကြည့်နေမိကြသည်။

သို့သော် လေးစားအားကျသည့် မျက်လုံးများဖြင့် ကြည့်နေသည့် စိတ်လှုပ်ရှားနေသူများလည်း ရှိလေသည်။ ယခု သူတို့တွင် ဤမျှ အင်အားကြီးသော အုပ်ချုပ်သူ ရှိလာပြီဖြစ်ပြီး ရှန်ဝူနိုင်ငံ၏ ဗာဂျရာအဆင့် ပုဂ္ဂိုလ်အရေအတွက်မှာ သုံးယောက် ဖြစ်သွားချေပြီ။

ရှားထင်ဝေ့သည် သူ၏ အင်အားအစစ်အမှန်ကိုပင် ဖုံးကွယ်ခဲ့သေးရာ သူ့တွင် ဝှက်ဖဲမည်မျှရှိသည်ကို မည်သူမှ မသိနိုင်ပေ။ ဤဘုရင်နောက် သူတို့လိုက်လျှင် ရှန်ဝူနိုင်ငံ၏ အနာဂတ်သည် အတိုင်းအဆမဲ့ပေလိမ့်မည်။ ရှန်ဝူနိုင်ငံမှပင် ရှန်ဝူအင်ပါယာဟူ၍ပင် ဖြစ်လာနိုင်သေးသည်။

ဝှစ်...

ကျန်းပိုင်လီသည် လျှပ်စီးအလျင်နှင့် ပြေးလာခဲ့ပြီး ဝေခဲရခက်နေသည့် မျက်လုံးအစုံ ရှိနေခဲ့သည်။ သူ့အုပ်ချုပ်သူ သခင်သည် တစ်ဖက်တွင်ဖြစ်ပြီး သူ့သွေးသားသည် တစ်ဖက်ဖြစ်သည်။ သူသည် ဆုံးဖြတ်ရခဲ့နေပြီး ဘာမှမစဉ်းစားဘဲ အလျင်စလို ပြေးလာခဲ့ခြင်း ဖြစ်သည်။ ရောက်လာပြီးနောက် ဘာလုပ်ရမည်ကို သူမစဉ်းစားခဲ့မိပေ။

"ပိုင်လီ...ဒီဘုရင်ကို စိတ်ပျက်ရအောင် မလုပ်နဲ့။ ဒီဘုရင်က မင်းကို သမိုင်းရဲ့ နံပါတ်တစ် အရာရှိဖြစ်စေချင်ပြီး ကျန်းဂိုဏ်းကို တစ်သက်တာလုံး ကောင်းစားသွားစေချင်တာ"

ထိုအသံ နားထဲသို့ ဝင်ရောက်လာသည်နှင့် ကျန်းပိုင်လီ၏ကိုယ်သည် ဆတ်ခနဲ ဖြစ်သွားခဲ့သည်။ သူ့မျက်လုံးများတွင် အလွန်နာကျင်သည့် အရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ ရှားထင်ဝေ့သည် သူ့အားနည်းချက်ကို ဆုပ်ကိုင်ထားခဲ့သည်။ သူ့တစ်သက်လုံး နံပါတ်တစ်အရာရှိ ဖြစ်ချင်ခဲ့သည်မှာ မှန်ခဲ့သော်လည်း အရေးကြီးဆုံးမှာ ရှားထင်ဝေ့ ထည့်ပြောသွားသည့် ကျန်းဂိုဏ်းဖြစ်သည်။

ဤမြေပေါ်တွင် ကျန်းဂိုဏ်း ရပ်တည်ခဲ့သည်မှာ နှစ်တစ်သောင်းကျော် ကြာခဲ့ပြီဖြစ်သည်။ ကျန်းဂိုဏ်းတွင် တိုက်ရိုက်မျိုးဆက် တစ်ထောင်ကျော်ရှိပြီး ဝမ်းကွဲဆွေမျိုးနွယ်များ တစ်သောင်းမကရှိသည်။ ရှားထင်ဝေ့ ကျန်းရီကို သတ်ခြင်းမှ သူတားဆီးလျှင် တစ်သောင်းမကသော ကျန်းဂိုဏ်းသားတို့ ကျန်းရီအတွက် သေပေးရပေလိမ့်မည်။

သူသည် ကျန်းရီ၏ ဖခင်ဖြစ်သလို ကျန်းဂိုဏ်း၏ ခေါင်းဆောင်လည်း ဖြစ်နေသည်။

ရှားထင်ဝေ့၏ လက်ဝါးသည် ဆက်လက်ကျဆင်းလာခဲ့ပြီး လေထု၏ တုန်ခါမှုမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။ ကျန်းရီသည် ရေလှိုင်းကြားမှ ဗေဒါပင်လေးအလား လေထုအလယ်တွင် တုန်ခါနေခဲ့သည်။ နေရာရွှေ့ပြောင်းရန် မဆိုထားနှင့်၊ သူ့အနေဖြင့် ရှားထင်ဝေ့ကို ချိန်ရွယ်၍ မရသောကြောင့် တိုက်ခိုက်ရန်ပင် မဖြစ်နိုင်ချေ။

သူသည် တုန်လှုပ်မနေဘဲ မနီးမဝေး နေရာတွင် ရှိနေသော ကျန်းပိုင်လီအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျန်းပိုင်လီသည် အလောတကြီး ပြေးလာခဲ့ပြီး သူ့ကို နာနာကျင်ကျင် ကြည့်၍ ရုတ်တရက် ရပ်တန့်သွားသည်ကို သူမြင်သည်။ ထိုခဏတွင် ကျန်းရီ၏ ရင်ထဲ၌ နွေးထွေးမှု သေးသေးလေး ခံစားလိုက်ရသည်။ သွေးသည်ရေထက် ပျစ်ပေသည်။ ကျန်းရီအား သားအဖြစ် သတ်မှတ်သေးသည့်အတွက် ကျန်းပိုင်လီသည် နှလုံးသားမဲ့သောသူ မဟုတ်ချေ။

ထို့ကြောင့် ကျန်းရီသည် ရင်ထဲမှပါသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။ ထို့နောက် သူသည် သေရန်ပြင်ဆင်သည့်အလား မျက်လုံးများကို မှိတ်ချလိုက်သည်။

"သေစမ်း..."

ရှားထင်ဝေ့သည် သူ့လက်ဝါး လျင်လျင်မြန်မြန် ကျဆင်းလာသည်နှင့် သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ သူသည် တစ်လောက်လုံး အံ့အားသင့်သွားစေရန် ဤလိုအခိုက်အတန့်လေးအတွက် နှစ်နှစ်ဆယ်ကျော် သူ့အင်အားကို ဖုံးကွယ်ခဲ့ရသည်။

ကျန်းရီသည် ရှားဂိုဏ်း၏ ကမ္ဘာ့ရန်ဖက်ဖြစ်ပြီး သူ့အင်အားသည် အလွန်လျင်မြန်စွာ တိုးတက်လာနေသည်။ ကျန်းရီကို ဒီအတိုင်းလွှတ်ပေးထားပါလျှင် သူ၏ ကြိုးစားအားထုတ်မှုမှန်သမျှသည် ကျန်းရီ၏ လက်ထဲတွင် ပျက်စီးကုန်ပေလိမ့်မည်။ လျှိုယွိကို ဖမ်းဆီးရန် အလျင်စလို အမိန့်မပေးခဲ့ခြင်းမှာ ဤလိုအခိုက်အတန့်ကို သူဖန်တီးချင်၍ဖြစ်သည်။

ကျန်းရီသည် မျက်လုံးမှိတ်၍ သေခြင်းတရားကို စောင့်ဆိုင်းနေခဲ့ပြီး ကျန်းပိုင်လီမှာ ဝင်မနှောင့်ယှက်ရဲပေ။ ယာ့ဇီသားရဲသည် မိန်းမစိုးလင်းနှင့် တိုက်ခိုက်နေဆဲပင် ရှိသေးသည်။ အရာရာပြည့်စုံနေသည်ကို ကြည့်ရင်း ရှားထင်ဝေ့၏ အပြုံးမှာ ပိုမိုပီပြင်လာခဲ့သည်။

သို့သော်လည်း ထိုခဏတွင် ကျန်းရီသည် ထပ်မံပြုံးလိုက်သည်။ သူ့မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး ဓားသွားပမာ ထက်ရှသည့် အကြည့်တစ်စုံသည် ရှားထင်ဝေ့ထံ ကျဆင်းလာခဲ့သည်။ ကျန်းရီ၏ မျက်ဝန်းထဲမှ လှောင်ရိပ်များကို ရှားထင်ဝေ့ မြင်နိုင်လေသည်။

"မကောင်းတော့ဘူး"

ရှားထင်ဝေ့သည် သေနိုင်လောက်သည့် အန္တရာယ်ကို ခံစားမိလိုက်သောကြောင့် ရင်တဒိန်းဒိန်း ဖြစ်လာခဲ့သည်။ သို့သော်လည်း သူတုံ့ပြန်ရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ကျန်းရီ၏ လက်ဝါးများသည် လေထဲတွင် လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်သည်။ ကျန်းရီ၏ လက်ဝါးအတွင်းမှ ဖြစ်တည်လာသော မီးလျှံတစ်စသည် မီးပင်လယ်အဖြစ် ပြောင်းလဲသွားကာ ရှားထင်ဝေ့ထံ တိုးဝင်သွားခဲ့သည်။

မီးလျှံများသည် အစိမ်းရောင်ဖျော့ဖျော့သန်းနေပြီး မီးလျှံတစ်စစီတိုင်း၏ အထဲတွင် နဂါးတစ်ကောင် ကူးခတ်နေသည့်အသွင် ရှိလေသည်။ မီးလျှံများ ပေါ်ထွက်လာသည်နှင့် ပြင်းထန်လှသော အပူရှိန်ကြောင့် ရှားထင်ဝေ့သည် သူ့ကိုယ် ပြာကျသွားတော့မည်ဟုပင် ခံစားနေရသည်။

ကျန်းရီသည် ရှားထင်ဝေ့ကို မချိန်ရွယ်နိုင်သလို ချိန်ရွယ်စရာလည်း မလိုခဲ့ပေ။ သူ့တိုက်ခိုက်မှုမှာ အတွင်းအားတိုက်ခိုက်မှုမဟုတ်ဘဲ မီးလျှံများဖြစ်သည်။

ရှားထင်ဝေ့သည် ဆောက်တည်ရာမရ ဖြစ်သွားခဲ့သည်။ ဤသည်မှာ အတွင်းအားတိုက်ခိုက်မှု သို့မဟုတ် တာအိုတိုက်ကွက်တစ်ခု ဆိုပါက သူတားဆီးနိုင်လောက်သည်။ သို့သော်လည်း သူ့ထံတိုးဝင်လာသည်မှာ ကောင်းကင်နှင့်မြေကြီး၏ မီးလျှံတစ်ခုဖြစ်သည်။ ထိုမီးလျှံများသာ သူ့အနီးသို့ရောက်လာပါက သူ့ခန္ဓာကိုယ် မည်မျှပင် ကြံ့ခိုင်စေကာမူ သူပြာကျသွားပေလိမ့်မည်။

သူ့လက်ဝါးများသည် လေထဲတွင် လှုပ်ရှားသွားခဲ့ပြီး သူ့ပတ်လည်မှ လေထုသည် တုန်ခါလာခဲ့သည်။ လေထဲတွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့ပြီး လေဟာနယ်မှာ ဆုတ်ဖြဲခံရသည့်ပုံ ပေါ်လာခဲ့သည်။ ရှားထင်ဝေ့သည် သူနားလည်ထားသော တာအိုကိုအသုံးချ၍ နီးကပ်လာသော ကောင်းကင်ကိုးဆင့်နဂါးမီးလျှံတို့ကို တားဆီးရန် ပြင်လိုက်သည်။

ရှားထင်ဝေ့သည် လေဟာနယ်အက်ကွဲကြောင်းအတွင်း ပြေးဝင်၍ အဝေးသို့ နေရာရွှေ့ပြောင်း ချင်ခဲ့သည်။

"အား..."

သူသည် သူ့တာအိုကို အလွန်အထင်ကြီးပြီး ကောင်းကင်ကိုးဆင့်နဂါးမီးလျှံတို့၏ အစွမ်းကို အထင်သေးမိသွားခဲ့သည်။

သူ့ကိုယ်သည် လေဟာနယ်အက်ကွဲကြောင်းအတွင်း ဝင်ရောက်လုဆဲဆဲတွင် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံတို့သည် တိုးဝင်လာခဲ့ပြီး သူ့ခြေထောက်အား လာရောက်မီးစွဲလေသည်။ မီးလျှံတို့သည် အထက်သို့ ဆက်တက်၍ ရှားထင်ဝေ့၏တစ်ကိုယ်လုံးအား ဝါးမျိုလုနီးပါးပင်။

ဝှစ်...

ရွှေရောင်ရှိသည့် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုသည် ရှားထင်ဝေ့၏ လက်အတွင်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရှားထင်ဝေ့သည် ၎င်းကို ပစ်ချလိုက်သည်။ ကျောက်စိမ်းပြားသည် တဖြည်းဖြည်း ကြီးလာခဲ့ပြီး ရွှေရောင်အကာအကွယ်အလွှာတစ်ခု ဖြစ်လာကာ ကျန်ရှိနေသော မီးတောက်များကို တားဆီးလိုက်သည်။

ရှားထင်ဝေ့သည် ဓားရှည်ကို ဆွဲထုတ်၍ သူ့ခြေထောက်များကို ဖြတ်ပစ်ကာ မီးလျှံများ ဆက်တက်လာမည့်အရေးကို တားဆီးလိုက်သည်။ ကျန်ရစ်နေသည့် သူ့ကိုယ်တစ်ပိုင်းသည် လေဟာနယ်အက်ကွဲကြောင်းအတွင်း တိုးဝင်သွားရင်း နာကျည်မုန်းတီးမှုများ ပြည့်နေသည့် စကားတစ်ခွန်းကို အော်ဟစ်သွားခဲ့သည်။

"ကျန်းရီ...ဒီဘုရင်က ဒီဘဝမှာ မင်းကိုရအောင်သတ်ဖို့ ကျိန်ဆိုတယ်"

ရွှေရောင်ကျောက်စိမ်းပြားသည် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံတို့ကြောင့် အလျင်အမြန် လောင်ကျွမ်းသွားခဲ့ပြီး လေထဲတွင်ပင် အနက်ရောင်ပြာများ ဖြစ်သွားခဲ့သည်။ ရှားထင်ဝေ့၏ ခြေထောက်များသည်လည်း အနက်ရောင်ပြာမှုန့်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။ အစိမ်းဖျော့ဖျော့ သမ်းနေသည့် မီးလျှံတို့သည် လေထဲတွင် ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး ရှန်ဝူမြို့သည် မီးဖိုပေါ်မှ အိုးတစ်လုံးပမာ ပူပြင်းနေခဲ့သည်။

နေရာတစ်ခုလုံးသည် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

အပြည့်အဝပင် မပြုံးလိုက်ရသော အပြုံးများရှိသလို စိတ်လှုပ်ရှားပျော်ရွှင်မှုများမှာလည်း ရစ်ဝဲနေဆဲဖြစ်သည်။ သို့သော် ထိုအရာများအားလုံးသည် ထိတ်လန့်မှု၊ အံ့အားသင့်မှု၊ ကြောက်ရွံ့မှုများအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

အစောပိုင်းလေးကတင် ရှားထင်ဝေ့သည် ရှင်ဘုရင်အဖြစ်မှသည် အင်အားကြီးသော ကျင့်ကြံသူတစ်ဦး အဖြစ် ပြောင်းလဲသွားကာ ကျန်းရီကို သတ်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ကျန်းရီသည် မီးပင်လယ်တစ်ခု ပေါ့ပေါ့ပါးပါး ထုတ်လွှတ်ကာ အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ ရှားထင်ဝေ့၏ ခြေထောက်များ ပြတ်သွားခဲ့ပြီး လူမှာ ဘယ်ရောက်နေမှန်း မသိရပေ။ သူအသက် ရှင်မရှင်တောင် မသိရချေ။ လူအများစုသည် ဤဇာတ်လမ်းဆန်ဆန် အလှည့်အပြောင်းတို့ကို လိုက်မမှီကြတော့။

သို့သော်လည်း လူတိုင်း တစ်စုံတစ်ခုကို သဘောပေါက်သွားကြသည်။ ယနေ့ ကျန်းပိုင်လီသာ မတိုက်ခိုက်လျှင် သို့မဟုတ် သူသည် ကျန်းရီ၏ ပြိုင်ဘက်မဟုတ်လျှင် ရှန်ဝူမြို့သည် အမှန်တကယ် သွေးဖြင့် အဆေးခံရလိမ့်မည်။

***

All Chapters