အခန်း (၁၄၄)
Vol. 15 Ch. 144
သူ၏ ကြာပန်းစိမ်းဓားသည် သေအံ့ဆဲဆဲ ဖြစ်နေသော နှစ်သောင်းချီ သက်တမ်းရှိ ဘေးဒုက္ခပန်းဆီသို့ ဝှေ့ယမ်းခုတ်ချလိုက်သည်။ ဓားသွားမှာ ဘာအတားအဆီးမှ မရှိဘဲ ပင်စည်ကို တိခနဲ ဖြတ်တောက်သွားခဲ့သည်။
လီကျယ်ရှန်း ရှေ့သို့ တက်လှမ်းရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့သည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အရွက် ၁၂ ခက်သည် တစ်ခဏချင်းမှာပင် စိုရွှဲတောက်ပသော သွေးရောင်အဖြစ် ပြောင်းလဲသွားသည်။ ပြင်းထန်လွန်းလှသော သွေးညှီနံ့များမှာ လေထုထဲတွင် ပျံ့နှံ့သွားပြီး တောအုပ်တစ်ခုလုံးကို သွေးမြူများဖြင့် ဖုံးလွှမ်းသွားစေသည်။
ချွင် —!
ချွင် —!
ဘေးဒုက္ခပန်း ဟူသည်မှာ သူ၏ သက်တမ်းတစ်လျှောက်တွင် ဝိဉာဉ်စွမ်းရည်ကို တစ်ကြိမ်သာ ထုတ်ဖော်ခွင့်ရှိပြီး၊ ထိုအချိန်မှာ သူ သေဆုံးခါနီးအချိန်ပင် ဖြစ်သည်။ ဤသည်မှာ အတူတကွ ပျက်စီးခြင်းသို့ ရှေးရှုသော နောက်ဆုံးအစွမ်းဖြစ်ရာ မည်သူမျှ ပေါ့ပေါ့တန်တန် သဘောမထားနိုင်ပေ။
လီကျယ်ရှန်း ၏ နှလုံးသားထဲတွင် အန္တရာယ်ရှိသော ခေါင်းလောင်းသံများ ပြင်းထန်စွာ မြည်ဟည်းလာပြီး သူ၏ မျက်မှောင်များမှာလည်း တလှုပ်လှုပ် ဖြစ်လာသည်။ ရုတ်တရက် ပေါက်ကွဲထွက်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် သူ၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာပြီး နှလုံးသားမှာလည်း တင်းကျပ်သွားရသည်။
ထိုလျှပ်စီးပမာ မြန်ဆန်လှသော အချိန်အတွင်းမှာပင်...
သူ၏ ကျောရိုးရှိ ဓားအရိုးမှ စွမ်းအားများ ကောင်းကင်သို့ ပျံတက်လာသည်။ ကြယ်စင်၊ ရေခဲမီးတောက်၊ လေပြေနှင့် လျှပ်စီး ဟူသော ဓားဆန္ဒလေးမျိုးဖြင့် ဖွဲ့စည်းထားသည့် ကြာပန်းစိမ်းဓား သည် သူ၏နောက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။
သူ၏လက်ထဲရှိ ကြာပန်းစိမ်းဓားစီတွင် နက်မှောင်သော ခရမ်းရောင် ဝိဉာဉ်ကွင်းတစ်ခု ရစ်ပတ်လာသည်။
“ဒုတိယ ဝိဉာဉ်စွမ်းရည် - ဓားသုံးသွယ်တောက်ပခြင်း”
“ခုတ်ပိုင်းစမ်း”
လီကျယ်ရှန်း သည် ဒေါသတကြီး အော်ဟည်လိုက်ရာ သူ၏ ဝတ်ရုံများမှာ တဖျပ်ဖျပ် လွင့်ပျံသွားသည်။ ဓားဆန္ဒအမျိုးမျိုး ပါဝင်သော ကြာပန်းစိမ်းဓား စွမ်းအင်လေးသွယ်မှာ တောက်ပသော သက်တံ့ရှည်ကြီးများအဖြစ် ပြောင်းလဲသွားပြီး၊ သူတို့ထံသို့ ဖိနှိပ်လာသော သွေးရောင်ဓားသွားများကို ရဲရင့်စွာ ရင်ဆိုင်လိုက်တော့သည်။
ချန်ရန်ရွယ်၏ တုံ့ပြန်မှုမှာလည်း လျှပ်စီးပမာ မြန်ဆန်လှသည်။ နက်မှောင်သော ဝိဉာဉ်ကွင်းတစ်ခု သူမ၏ ခြေထောက်အောက်မှ တက်လာသည်။
“ပဥ္စမ ဝိဉာဉ်စွမ်းရည် - နတ်ဘုရားဓား”
သူမ၏ သွယ်လျလှပသော လက်ချောင်းလေးများပေါ်တွင် တောက်ပသော နတ်ဘုရားမီးတောက်များ စတင်လောင်မြိုက်လာသည်။ ထိုမီးတောက် ပေါ်လာသည်နှင့် ပတ်ဝန်းကျင် အပူချိန်မှာ ရုတ်တရက် မြင့်တက်သွားပြီး သစ်ရွက်များမှာ ညှိုးနွမ်းလိပ်ကောက်သွားရသည်။ နတ်ဘုရားမီးတောက်များမှာ ဓားတစ်စင်းအဖြစ် စုစည်းသွားသည်။ ချန်ရန်ရွယ်သည် နတ်ဘုရားဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ လီကျယ်ရှန်း နှင့် ပုခုံးချင်းယှဉ်လျက် ပျက်စီးခြင်း သွေးရောင်စွမ်းအားများကို ရင်ဆိုင်လိုက်သည်။
ဘုန်း! ဘုန်း! ဘုန်း!
အဆုံးစွန်သော ပြင်းထန်သည့် စွမ်းအားသုံးရပ်သည် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံကြသည်။ ထိုစွမ်းအားများ တိုက်မိသည့် အလယ်ဗဟိုမှနေ၍ ဒြပ်စင်အမျိုးမျိုး၏ ထက်မြက်သော စွမ်းအင်များမှာ အပြင်သို့ ပေါက်ကွဲထွက်လာသည်။
တစ်ခဏအတွင်းမှာပင် ကြယ်အလင်းတန်းများ လက်ခနဲဖြစ်သွားပြီး၊ မီးတောက်များနှင့် နှင်းခဲများမှာ ရောယှက်ကာ သောင်းကျန်းနေတော့သည်။ လျှပ်စီးများ ပါဝင်နေသော လေပြေများသည်လည်း လေထုထဲတွင် ပျောက်ကွယ်သွားလိုက်၊ ပြန်ပေါ်လာလိုက်နှင့် ဖြစ်နေသည်။ ထိုစွမ်းအားများ တိုက်မိသော နေရာကို ဗဟိုပြု၍ ပေဒါဇင်ပေါင်းများစွာအတွင်းရှိ သစ်ပင်တောအုပ်များမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားကြရသည်။
လီကျယ်ရှန်း နှင့် ချန်ရန်ရွယ် တို့၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သေအံ့ဆဲဆဲ ဖြစ်နေသော ဘေးဒုက္ခပန်း ၏ နောက်ဆုံးစွမ်းအားမှာ ထင်ထားသည်ထက် ပို၍ ထိတ်လန့်စရာ ကောင်းနေသည်။ သူတို့နှစ်ဦး၏ အစွမ်းကုန် စွမ်းအားဖြင့်ပင် တောင့်ခံရန် ခဲယဉ်းနေသည်။
ပြင်းထန်သော တုန်ခါမှုက သူတို့ဆီသို့ ရိုက်ခတ်လာသည်။ လီကျယ်ရှန်း ၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး အနောက်သို့ လွင့်စဉ်သွားရသည်။ ချန်ရန်ရွယ်လည်း အနောက်သို့ တွန်းပို့ခံလိုက်ရသော်လည်း၊ လေထဲမှာပင် သူမ၏ ကျောနောက်မှ ကောင်းကင်တမန် အတောင်ပံ ခြောက်ခု ပွင့်ထွက်လာသည်။ အတောင်ပံများကို အရှိန်အဟုန်ဖြင့် ခတ်လိုက်ပြီး သူမသည် လီကျယ်ရှန်း ၏ အနောက်သို့ ပျံသန်းကာ သူ၏ကျောပြင်ကို လက်နှစ်ဖက်ဖြင့် ထိန်းထားပေးလိုက်သည်။
သူတို့နှစ်ဦး အတူတကွ ဆယ်မီတာကျော်ခန့် အနောက်သို့ လွင့်သွားပြီးနောက်တွင်မှ အဝတ်အစားများ ဖရိုဖရဲဖြစ်လျက် မြေပြင်ပေါ်သို့ ပြန်လည်ခြေချနိုင်တော့သည်။
“လီကျယ်ရှန်း... နင် အဆင်ပြေရဲ့လား”
ချန်ရန်ရွယ် ၏ အသံမှာ အသည်းအသန် စိုးရိမ်မှုများ ပါဝင်နေသည်။
လီကျယ်ရှန်းက ခေါင်းခါပြလိုက်သည်။ သူ၏ နက်မှောင်သော မျက်ဝန်းများထဲတွင် တောက်လောင်နေသော စိတ်အားထက်သန်မှုများ ပေါ်ပေါက်လာသည်။
“ငါ အဆင်ပြေတယ်””
သူတို့နှစ်ဦး နောက်သို့ လှည့်ကြည့်လိုက်ရာ... ညှိုးနွမ်းသွားသော ဘေးဒုက္ခပန်း ၏ အထက်တွင် နက်မှောင်သော ဝိဉာဉ်ကွင်းတစ်ခု ဖြည်းဖြည်းချင်း စုစည်းပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသည်။ ထိုဝိဉာဉ်ကွင်း၏ မျက်နှာပြင်ပေါ်တွင် သွေးရောင်အဆင်းရှိသော ပုံစံများမှာ အသက်ရှိသကဲ့သို့ ရစ်ပတ်စီးဆင်းနေသည်။ ၎င်းမှာ သာမန် နှစ်ေသာင်းချီဝိဉာဉ်ကွင်းများထက် များစွာကျော်လွန်သော ထူးဆန်းသည့် တုန်ခါမှုများကို ထုတ်လွှတ်နေသည်။
“ဒါက...”
ချန်ရန်ရွယ်၏ လှပသော မျက်နှာပေါ်တွင် အံ့သြမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လီကျယ်ရှန်း က ထိုဝိဉာဉ်ကွင်းကို စိုက်ကြည့်ရင်း သူ၏ မျက်ဝန်းထဲမှ စိတ်အားထက်သန်မှုမှာ ပို၍ ပြင်းထန်လာသည်။
“ရှားပါးသားရဲဆိုတာ နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါ စွန်းထင်နေတဲ့ ဝိဉာဉ်သားရဲပဲ။ သူ့ရဲ့ ဝိဉာဉ်ကွင်းကတော့ တကယ့်ကို ထူးခြားဆန်းကြယ်မှာ သေချာတယ်။”
ချန်ရန်ရွယ်က လေးစားစွာဖြင့် ခေါင်းငြိမ့်ပြနေချိန် ရုတ်တရက် သူမ၏ မျက်မှောင်လေးများ ကျုံ့သွားကာ စိုးရိမ်မှုများ ပေါ်လာသည်။
“ဒီဝိဉာဉ်ကွင်းရဲ့ အရှိန်အဝါက အရမ်းပြင်းထန်လွန်းတယ်။ ငါထင်တာတော့ သက်တမ်းက နှစ်သောင်းချီလောက် ရှိမယ်။ ဒါက ဝိဉာဉ်ဘိုးဘေးတစ်ယောက် စုပ်ယူနိုင်တဲ့ အကန့်အသတ်ထက် အများကြီး ကျော်လွန်နေပြီ။”
“လီကျယ်ရှန်း... နင်...”
သို့သော် လီကျယ်ရှန်း မှာ ထိုဝိဉာဉ်ကွင်းရှေ့တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး ဖြစ်သည်။
“ချန်ရန်ရွယ်... ငါ့ကို စောင့်ရှောက်ပေးပါ။”
“အင်း”
ချန်ရန်ရွယ်က ထပ်ပြီး မတားတော့ဘဲ လေးနက်စွာ တုံ့ပြန်လိုက်သည်။ သူမသည် ပတ်ဝန်းကျင်ရှိ အသေးငယ်ဆုံးသော လှုပ်ရှားမှုတိုင်းကို အာရုံစူးစိုက်ထားသည်။ သူမ၏ ရွှေရောင်မီးတောက်များ လှည့်ပတ်နေသော မျက်ဝန်းများမှာ ဝိဉာဉ်ကွင်း စုပ်ယူနေသည့် ဝတ်စုံဖြူလူငယ်လေးဆီမှ အကြည့်မခွာဘဲ စောင့်ကြည့်နေတော့သည်။
မိုးပြာလျှပ်စီးနဂါးမျိုးနွယ်စုရဲ့ လျှပ်စီးနဲ့ သန့်စင်မှုကို ခံယူပြီးနောက်မှာ ငါ့ရဲ့ ခန္ဓာကိုယ်က သုံးသွယ်ဝိဉာဉ်ကြောခန္ဓာ အဖြစ် ပြောင်းလဲသွားပြီ။ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက သာမန် ဝိဉာဉ်ဧကရာဇ် တစ်ယောက်နဲ့တောင် ယှဉ်နိုင်တယ်။ နှစ်သောင်းချီဝိဉာဉ်ကွင်းက အန္တရာယ်ရှိပေမယ့်၊ စမ်းသပ်ကြည့်ရကျိုး နပ်ပါတယ်။
လီကျယ်ရှန်း ၏ စိတ်ဓာတ်မှာ ပြတ်သားနေသည်။ မိမိအဆင့်ထက် ကျော်လွန်သော ဝိဉာဉ်ကွင်းများကို စုပ်ယူခြင်းမှာ သူ့အတွက် အထူးအဆန်း မဟုတ်တော့ပေ။ သန့်စင်ပြီး အာဏာရှိသော နက်မှောင်သည့် ဝိဉာဉ်စွမ်းအားများသည် ဝိဉာဉ်ကွင်းမှ ထွက်ပေါ်လာကာ လီကျယ်ရှန်း ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာသည်။ တဖြည်းဖြည်းနှင့် သူ၏ ပတ်ပတ်လည်တွင် ထူထဲသော စွမ်းအင်ပိုးအိမ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ပြင်းထန်လှသော နာကျင်မှု၊ ဖော်ပြ၍မရနိုင်သော ဝေဒနာများက သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ လီကျယ်ရှန်း သည် သွားကို တင်းတင်းကြိတ်ထားပြီး သူ၏ ကြွက်သားများမှာလည်း သံမဏိတုံးများကဲ့သို့ တင်းမာနေသည်။ သူ၏ ဝိဉာဉ်ကြောများနှင့် အသားမျှင်များသည် ပြင်းထန်သော စွမ်းအားများကြောင့် အချိန်မရွေး ပေါက်ထွက်သွားနိုင်သကဲ့သို့ ခံစားနေရသည်။ အထူးသဖြင့် ဝိဉာဉ်ကွင်းထဲတွင် ရောယှက်နေသော သွေးရောင်စွမ်းအားများမှာ ဘေးဒုက္ခပန်း ၏ “ခဏတာ ပွင့်လန်းခြင်း” မှ ထွက်ပေါ်လာသော ပြတ်သားသည့် ဓားသွားများကဲ့သို့ပင်။ ၎င်းတို့က သူ၏ အသားများကို လှီးဖြတ်ပြီး အရိုးများကို ထွင်းဖောက်နေသကဲ့သို့ ခံစားနေရသည်။
နတ်ဘုရားအရှိန်အဝါ စွန်းထင်နေသော ရှားပါးသားရဲတစ်ကောင်၏ ဝိဉာဉ်ကွင်းကို စုပ်ယူရခြင်းမှာ သာမန် သက်တမ်းတူ ဝိဉာဉ်ကွင်းများထက် များစွာ ပိုမိုခက်ခဲလွန်းလှသည်။
ချန်ရန်ရွယ်၏ သွယ်လျသော လက်ချောင်းလေးများမှာ တင်းတင်းဆုပ်ထားမိသည်။ လီကျယ်ရှန်း ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစက်ကလေးများမှာ အက်ကြောင်းများပမာ ပေါ်လာသည်။ ကွဲအက်လုနီးပါး ဖြစ်နေသော ကြွေထည်ပစ္စည်းတစ်ခုကဲ့သို့ပင်။
“လီ... လီကျယ်ရှန်း...”
ချန်ရန်ရွယ် အတွက်တော့ လီကျယ်ရှန်း ဝိဉာဉ်ကွင်း စုပ်ယူရင်း ဤမျှအထိ ဒုက္ခရောက်နေသည်ကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူမ၏ နှလုံးသားမှာ ရုတ်တရက် တင်းကျပ်သွားပြီး နာကျင်မှုကို မထိန်းချုပ်နိုင်တော့ပေ။ သူမ သိပါသည်။ လီကျယ်ရှန်း အနေဖြင့် ဤမျှအထိ အသည်းအသန် ကြိုးစားရန် မလိုပါ။ သူ၏ အစွမ်းဖြင့်ဆိုလျှင် ဝိဉာဉ်ကွင်း သုံးကွင်းတည်းနှင့်ပင် ဝိဉာဉ်ပညာရှင် ပြိုင်ပွဲတွင် ထိပ်တန်းက ရပ်တည်နိုင်ပါသည်။
သူ ဤမျှအထိ အသက်ဘေးနှင့် ရင်းပြီး တိုက်ပွဲဝင်နေရခြင်းမှာ ထိုမိန်းမကြီး (ပီပီတုန်း) ပေးထားသော တောင်တန်းကြီးပမာ ဖိအားများကြောင့်သာ ဖြစ်သည်။ ထိုဖိအားမှာ သူ၏ ဦးခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဓားတစ်စင်းကဲ့သို့ပင်။ ထိုအရာက လီကျယ်ရှန်း ကို ပိုမိုသန်မာလာစေရန် တွန်းအားပေးနေခြင်း ဖြစ်သည်။ မိမိကြောင့်ပင် လီကျယ်ရှန်း မှာ ဤကဲ့သို့ အသက်အန္တရာယ် ကြုံတွေ့နေရသည်ဟု တွေးမိရင်း၊ ထိုမိန်းမကြီးနှင့် မိမိကြားရှိ ပတ်သက်မှုများကို ပြန်လည်အမှတ်ရလာသည့်အခါ ချန်ရန်ရွယ်သည် သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်မိပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် ဖော်ပြ၍မရသော ဝမ်းနည်းမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထိုစဉ် ကြည်လင်သောစမ်းရေ ဝိုင်အိုးလေးမှာ လေထဲသို့ ပျံတက်လာသည်။ အိုးနှုတ်သီးမှာ စောင်းသွားပြီး ဝိုင်ရည်များမှာ လီကျယ်ရှန်း ၏ ဟဟလေးဖြစ်နေသော ပါးစပ်ထဲသို့ စီးဝင်သွားသည်။ ပြင်းထန်သော ဝိဉာဉ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနေသော်လည်း၊ သူ၏ ဝိုင်ဝိဉာဉ်ကမူ ဒဏ်ရာများကို အဆက်မပြတ် ပြန်လည်ကုသပေးနေသည်။ ဖျက်ဆီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကြားရှိ သိမ်မွေ့သော ဟန်ချက်ညီမှုထဲတွင် လီကျယ်ရှန်းသည် ဝိဉာဉ်ကွင်း၏ စွမ်းအားများကို ခက်ခဲပင်ပန်းစွာ စုပ်ယူနေတော့သည်။
အချိန်များမှာ တိတ်တဆိတ် ကုန်ဆုံးသွားသည်။ နေမွန်းတည့်ချိန်မှ နေဝင်ရီတရောအချိန်၊ ထို့နောက် ညဦးပိုင်းသို့ ရောက်ရှိလာသည်။ အမှောင်ထုမှာ ဖရိုဖရဲဖြစ်နေသော တောအုပ်လေးကို ဝါးမြိုသွားသည်။ လီကျယ်ရှန်း မှာမူ မလှုပ်မယှက် ဆက်လက်ထိုင်နေဆဲဖြစ်ပြီး၊ သူ၏ရှေ့မှ ဝိဉာဉ်ကွင်းမှာ လုံးဝကွယ်ပျောက်သွားကာ ခေါင်းမာလှသော သွေးရောင်စွမ်းအား အနည်းငယ်သာ ကျန်ရှိတော့သည်။
ချန်ရန်ရွယ်ကမူ ပေါ့ဆခြင်းမရှိဘဲ ဆက်လက်စောင့်ရှောက်ပေးနေသည်။ ညအချိန်သည် ဝိဉာဉ်သားရဲများ အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။ ပြီးတော့ လီကျယ်ရှန်း ၏ အက်ကွဲနေသော အရေပြားမှ ထွက်ပေါ်နေသည့် သွေးနံ့များမှာလည်း တိတ်ဆိတ်နေသော တောအုပ်အတွင်းသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။
ရှပ် — ရှပ် —
ထူထပ်လှသော ချုံပုတ်များနှင့် မှောင်ရိပ်ကျနေသော တောနက်ထဲမှ သစ်ကိုင်းသစ်ရွက်များ နင်းဖြတ်သံမှာ အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်လာသည်။ ချန်ရန်ရွယ်၏ မျက်နှာလေးမှာ တင်းမာသွားပြီး သူမ၏ ခန္ဓာကိုယ်မှ တောက်ပသော ဝိဉာဉ်စွမ်းအားများ ထွက်ပေါ်လာကာ နတ်ဘုရားဓားကို ကျစ်ကျစ်ပါအောင် ပြန်လည်ဆုပ်ကိုင်လိုက်သည်။
ထိုစဉ်မှာပင်... စေးကပ်နေသော လက်တစ်ဖက်က သူမ၏ ဖြူစင်သော လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်။
“သွားကြစို့”
လီကျယ်ရှန်း၏ အသံမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း အလွန်ပင် ကြည်လင်ပြတ်သားနေသည်။ ချန်ရန်ရွယ် ၏ တင်းမာနေသော ခန္ဓာကိုယ်မှာ ချက်ချင်း ပြန်လည်လျော့ကျသွားပြီး သူဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားတော့သည်။ သူတို့နှစ်ဦးမှာ မီးခိုးငွေ့နှစ်ခုပမာ ထူထပ်လာသော အမှောင်ထုထဲသို့ အလျင်အမြန် ကွယ်ပျောက်သွားကြသည်။
ရှင်းတူတောအုပ်ကြီး၏ အစွန်အဖျားပိုင်း...
ညမှာ မှင်ကဲ့သို့ နက်မှောင်နေသည်။ လရောင်မှာ သစ်ကိုင်းသစ်ရွက်များကြားမှ တိုးဝင်လာပြီး တောအုပ်မြေပြင်ပေါ်တွင် အလင်းစက်လေးများအဖြစ် ထင်ဟပ်နေသည်။
“မလှုပ်နဲ့ဦး... ငါ သားရဲနှင်ဆေးမှုန့်တွေ ဖြန်းလိုက်ဦးမယ်။”
ချန်ရန်ရွယ်က ထရန်ကြိုးစားနေသော လီကျယ်ရှန်း ကို အလျင်အမြန် ပြန်ဖိထားလိုက်သည်။
“ဝိဉာဉ်ကွင်း စုပ်ယူပြီးသွားရင် အပြင်ပန်းဒဏ်ရာတွေက သက်သာသွားပေမယ့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုက အရမ်းကြီးတယ်။ တစ်ညလောက် အနားယူပြီးမှ ထွက်သွားလည်း မနောက်ကျပါဘူး။”
လီကျယ်ရှန်းက ပြုံးလိုက်သည်။ သူသည်လည်း ယာယီစခန်းပတ်လည်တွင် သားရဲနှင်ဆေးမှုန့်များ ဖြန်းရာတွင် ကူညီပေးခဲ့သည်။ အားလုံးပြီးသွားသောအခါ သူတို့နှစ်ဦးမှာ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို ကျောမှီကာ ထိုင်ချလိုက်ကြသည်။
သူတို့နှစ်ဦးကြားတွင် မီးပုံလေးတစ်ခု တောက်လောင်နေသည်။ နွေးထွေးသော လိမ္မော်နီရောင် မီးရောင်လေးမှာ အမှောင်ထုကို အနည်းငယ် ဖယ်ရှားပေးထားပြီး သူတို့ပတ်ဝန်းကျင် သုံးမီတာခန့်ကို လင်းထိန်စေသည်။ သစ်ကိုင်းသစ်ရွက်များကြားမှ လ၏အလင်းရောင်ဟာ ြဖာကျလာပြီး၊ မလှမ်းမကမ်းရှိ မြက်ခင်းပြင်ထဲတွင် ပိုးစုန်းကြူးလေးများမှာ အိပ်မက်တစ်ခုပမာလှပစွာ ပျံသန်းနေကြသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ပြီး လှပလွန်းလှသည်။
တိုက်ပွဲပြီးနောက် ရရှိလာသည့် စိတ်အေးချမ်းမှုနှင့်အတူ ချန်ရန်ရွယ်အဖို့ လီကျယ်ရှန်း နှင့် ဤကဲ့သို့ ညတစ်ညကို ကုန်ဆုံးရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူမ၏ ပါးပြင်လေးများမှာ မသိမသာ ရဲတက်လာသည်။ သူမသည် သစ်ကိုင်းလေးတစ်ချောင်းကို ကောက်ယူကာ မီးပုံထဲမှ ထင်းများကို မသိမသာ ထိုးဆွနေမိသည်။
သူမ တစ်ခုခုတော့ ပြောမှဖြစ်မည်... သူမသည် လက်တံတောင်ဆစ်ကို ဒူးပေါ်တင်ကာ သူမ၏ လှပသော ပါးပြင်ကို လက်ဖြင့် ထောက်ထားပြီး လီကျယ်ရှန်း ကို ဘေးစောင်းကြည့်လိုက်သည်။
“နင်အဆင့်ကျော်ပြီး နှစ်သောင်းချီသက်တမ်း ဝိဉာဉ်ကွင်းကို စုပ်ယူပြီးပြီဆိုတော့... နင့်ရဲ့ ဝိဉာဉ်စွမ်းအားက ဘယ်လောက်အထိ တိုးသွားတာလဲ”
လီကျယ်ရှန်း ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဝိဉာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး မီးပုံကို တဖျပ်ဖျပ် တုန်ခါသွားစေသည်။
“ငါ့ရဲ့ ဝိဉာဉ်စွမ်းအားက အခု အဆင့် ၄၃ ကို ရောက်သွားပြီ။”
ချန်ရန်ရွယ် ထပ်ပြီး မမေးခင်မှာပင် လီကျယ်ရှန်း က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီဝိဉာဉ်စွမ်းရည်ကတော့...”
“ငါ ဘယ်တော့မှ အသုံးမပြုရပါစေနဲ့လို့ပဲ ဆုတောင်းမိတယ်။”