← Chapters

လျှို့ဝှက်နယ်မြေက ပြန်ထွက်ပြီ

Vol. 9 Ch. 95

လျှို့ဝှက်နယ်မြေက ပြန်ထွက်ပြီ

Vol. 9 Ch. 95

တဖြည်းဖြည်းနဲ့ အသက်ရှင်ကျန်ရစ်သူ ၈၀ ကျော် ထွက်ပေါက်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ တောင်ကြားတစ်ခုမှ စုရုံးမိသွားတယ်။ သူတို့ထဲမှာ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေအပြင်၊ သတိရှိရှိ ကျော်ဖြတ်ရှင်သန်ခဲ့တဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူတွေပါ ပါဝင်နေတယ်။

လျှို့ဝှက်နယ်မြေတွေရဲ့ သဘောသဘာဝအရ ထွက်ပေါက်ပိတ်ခါနီးအချိန်ဆိုတာ အပြင်းထန်းဆုံးနဲ့ အန္တရာယ်အကြီးဆုံး တိုက်ပွဲတွေ ဖြစ်လေ့ရှိတဲ့ အခိုက်အတန့် ဖြစ်ပေမယ့်၊ ဒီတစ်ကြိမ်မှာတော့ ကြေးနီဖုတ်ကောင် ဝင်ရှုပ်နေလို့ ထူးထူးခြားခြား ငြိမ်းချမ်းနေတယ်။ ဒီအချိန်မှာ အချင်းချင်း တိုက်ခိုက်နေရင် အကုန်ဒုက္ခရောက်မယ်ဆိုတာ လူတိုင်း နားလည်ကြတယ်။ ခက်တာက ဂိုဏ်း ၃ ဂိုဏ်း ဖြစ်နေသလို အားလုံးက ကိုယ့်ကိုယ်ကိုအပြင် တခြားသူဆို ဂိုဏ်းတူချင်းတောင် မယုံရတဲ့ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတွေချည်း ဖြစ်နေတာပဲ။ လူစုဖို့ ဘယ်က၊ ဘယ်လို စရမှန်းမသိနဲ့ ယောင်တောင်တောင် ဖြစ်နေကြတယ်။

နောက်ဆုံးတော့ သွေးနတ်ဆိုးဂိုဏ်းတပည့် ချီစုစည်းခြင်း နဝမအဆင့်တစ်ယောက် ရှေ့ထွက်လာတယ်။

“အားလုံးနားထောင်ပေးပါ။ ထွက်ပေါက်ပိတ်ဖို့ ၃ နာရီပဲ လိုတော့တယ်။ ဒီထဲမှာ နှစ် ၃၀ လောက် ပိတ်မိမနေချင်ရင် အခုချက်ချင်း အတူတိုက်ခိုက်မှ ရမယ်။ ရှိသမျှ အစွမ်းအကုန်ထုတ်၊ အလောင်းရုပ်သေးနဲ့ တစ္ဆေတွေပါ ထုတ်။ ငါနဲ့ ချီစုစည်းခြင်း နဝမအဆင့်တွေက အနီးကပ် ဝင်တိုက်မယ်၊ အလယ်အဆင့်တွေက နောက်က ပံ့ပိုးပေး။ ပြောရရင် ဒီတစ်ကြိမ်တော့ ငါတို့တွေ လူညီမှ ရမယ်။ ဘယ်သူ ငါနဲ့ လိုက်မလဲ”

“ရွှယ်ယောင် .. အပြောကတော့ လွယ်တာပေါ့။ ငါတို့အကုန် ပေါင်းလိုက်ရင် ကြေးနီဖုတ်ကောင်ကို ရှင်းပစ်ဖို့ လွယ်တယ်။ ဒါပေမယ့် တစ်ဖွဲ့ဖွဲ့၊ တစ်ယောက်ယောက်က အကောက်မကြံဘူးလို့ ဘယ်သူ အာမခံနိုင်လို့လဲ။ ကြေးနီဖုတ်ကောင်ကို နိုင်ပြီးတော့မှ နောက်ကျောဓားထိုးခံပြီး သေရမှာကို ငါစိုးရိမ်တယ်”

အားလုံး ခေါင်းတညိမ့်ညိမ့်နဲ့ ထောက်ခံလိုက်ကြတယ်။ အထူးသဖြင့် ချီစုစည်းခြင်း အလယ်အဆင့် ကျင့်ကြံသူတွေပေါ့။ သူတို့တွေ ခုချိန်ထိ အသက်ရှင်နေတာ သတ္တိရှိလို့ မဟုတ်ဘူး၊ သတိကြီးလို့။ တိုက်ခိုက်တာထက်၊ ပါးပါးနပ်နပ် နေတတ်လို့လေ။

ရွှယ်ယောင်က စည်းရုံးဖို့ ထပ်ကြိုးစားပြန်တယ်။

“မင်းတို့က ဒီထဲမှာ နှစ် ၃၀ လောက် နေနိုင်လို့လား။ နှစ် ၃၀ လုံး ဒီကြေးနီဖုတ်ကောင်နဲ့ နတ်ဆိုးတွေ၊ သားရဲတွေလက်က လွတ်အောင် နေနိုင်မယ် ထင်လား။ ငါရွှယ်ယောင် ကတိပေးတယ်၊ ငါနဲ့အတူ လက်တွဲတိုက်ခိုက်သူ မှန်သမျှ ငါ့မဟာမိတ်ပဲ။ ငါတို့တွေ အတူတိုက်မယ်၊ အချင်းချင်း ကာကွယ်ပေးကြမယ်။ အတူ အိမ်ပြန်ကြမယ်”

ဆွဲဆောင်မှုအားကောင်းတဲ့ ရွှယ်ယောင်စကားကြောင့် အတော်များများ စိတ်ဝင်စားသွားတယ်။ ရွှယ်ယောင်က နဝမအဆင့်မှာတောင် ပြီးပြည့်စုံတဲ့ အထွတ်အထိပ်အဆင့်ထိ ရောက်ရှိနေသူ၊ လျှို့ဝှက်နယ်မြေမှာ အဆင့်အမြင့်ဆုံးသူထဲက တစ်ယောက်။ လူစုမယ်ဆို သူ့လိုအဆင့်က ခေါင်းဆောင်ရမှာပဲလေ။ ချက်ချင်းဆိုသလို သွေးနတ်ဆိုးဂိုဏ်းက လူ ၁၀ ယောက်လောက် ရွှယ်ယောင်နောက်မှာ လာစုကြတယ်။ တခြားဂိုဏ်းက အလယ်အလတ်အဆင့်တပည့်တချို့ပါ လာစုရင်း လူ ၄၀ လောက် ရှိလာတယ်။ မပူးပေါင်းသူတွေထဲ အများစုက ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေ။

ရွှယ်ယောင်က သူ့အုပ်စုကို စုစည်းပြီး မပူးပေါင်းသူတွေကို ခပ်တင်းတင်း သတိပေးစကား ဆိုလာတယ်။

“မင်းတို့ ဘာအစီအစဥ်ရှိရှိ ငါဂရုမစိုက်ဘူး။ ဒါပေမယ့် ငါတို့ တိုက်ခိုက်နေချိန် တစ်ခုခု ယုတ်မာဖို့ ကြိုးစားရင်၊ ငါဒီထဲ ပိတ်မိမယ် ဆိုရင်တောင် မင်းတို့ကို အဆုံးထိ လက်တုန့်ပြန်မယ်”

သတိပေးပြီးတာနဲ့ ရွှယ်ယောင်လည်း သူ့အုပ်စုကို ဦးဆောင်ပြီး ထွက်ပေါက်ဆီ ချီတက်လာခဲ့တယ်။

လမ်းမှာ ရွှယ်ယောင်ဘေးက ကပ်ပါလာတဲ့ သွေးနတ်ဆိုးဂိုဏ်း တပည့်က အသံပို့လွှတ်နည်းစနစ်နဲ့ မေးလာတယ်။

“ဂိုဏ်းတူအကို၊ ကျနော်တို့ တကယ်ပဲ ကြေးနီဖုတ်ကောင်ကို အသက်စွန့်ပြီး တိုက်ရမှာလား။ ချောင်းနေတဲ့ကောင်တွေ အခွင့်အရေးယူရင် ဘယ်လိုလုပ်ကြမလဲ”

“ကြေးနီဖုတ်ကောင်ကို တကယ်တိုက်ခိုက်မယ်လို့ ဘယ်သူပြောလဲ”

“ဂိုဏ်းတူအကိုပဲလေ .. အဲဒီလို မဟုတ်ဘူးလား၊ ဒါဆို …”

“တိုက်တော့ တိုက်မှာပေါ့။ ဒီအမြောက်စာတွေ ယုံကြည်လာအောင် တိုက်ပြရမယ်။ သူတို့ တကယ်ဝင်တိုက်ပြီး ကြေးနီဖုတ်ကောင်ကို ဆွဲဆောင်နိုင်တာနဲ့ ငါတို့အဖွဲ့က ထွက်သွားရုံပဲလေ”

အခုမှပဲ ရွှယ်ယောင့်လူရင်းတွေ သဘောပေါက်သွားတယ်။

ရွှယ်ယောင်တို့အုပ်စု ထွက်ပေါက်ရှိရာ တောင်ပေါ်စတက်တာနဲ့ ကြေးနီဖုတ်ကောင်ကလည်း ပြေးဆင်းလာတယ်။

“အားလုံး တိုက်ကြ၊ ရှိသမျှလက်နက် အကုန်ထုတ်ကြ”

ရွှယ်ယင်လည်း သူ့အစေခံတစ္ဆေကို ထုတ်ဖော်ရင်း ပြေးဝင် တိုက်ခိုက်လိုက်တယ်။ ကျန်သူတွေလည်း အလောင်းရုပ်သေး၊ တစ္ဆေနဲ့ ဝိညာဥ်အလံတွေ ထုတ်ယူ တိုက်ခိုက်ကြတယ်။ ဒါပေမယ့် အားလုံးက ဝှက်ဖဲချန်ထားပြီး အဆင့်နိမ့်လက်နက်တွေ ထုတ်သုံးလို့ အရေအတွက် များပေမယ့်၊ တိုက်ခိုက်ရေးစွမ်းအားက လိုသလောက် ထွက်ပေါ်မလာခဲ့ဘူး။

ထိပ်တိုက် တိုက်ခိုက်ကြတာနဲ့ လူမညီ၊ အစွမ်းကုန် မထုတ်တဲ့ ရွှယ်ယောင်တို့အုပ်စု အထိနာသွားတယ်။ အဆင့်နိမ့်သူတချို့ အသတ်ခံရပြီး ဖရိုဖရဲ ဖြစ်လာချိန် ကြေးနီဖုတ်ကောင်က ရှောင်တိမ်းတာ နှေးကွေးသူတွေကို ပစ်မှတ်ထားပြီး လိုက်တိုက်ခိုက်လာတယ်။

ရွှယ်ယောင်က သူစောင့်နေတဲ့အချိန် ရောက်တာနဲ့ ချက်ချင်း လှုပ်ရှားလိုက်တယ်။ ဆက်မတိုက်ခိုက်ဘဲ ထွက်ပေါက်ဆီ တရှိန်ထိုး ပြေးပါတော့တယ်။

“စကြဟေ့ ..”

အစီအစဥ် ကြိုသိထားတဲ့ သူ့လူရင်း ၅ ယောက်ကလည်း ရွှယ်ယောင်နောက် ထပ်ချပ်မကွာ ပြေးလိုက်သွားကြတယ်။

ကျန်သူတွေလည်း အခြေအနေကို ရိပ်မိပြီး ကြေးနီဖုတ်ကောင်ကို လှည့်ပတ်ရှောင်ရင်း ထွက်ပေါက်ဆီ ပြေးကြပါတော့တယ်။ တိုက်ပွဲက တိုက်ပွဲနဲ့ မတူတော့ဘဲ အပြေးပြိုင်ပွဲလို ဖြစ်သွားပြီ။

ထွက်ပေါက်နား ရောက်တာနဲ့ ရွှယ်ယောင်က နောက်လှည့်ကြည့်ရင်း သွေးနီရောင်အဆိပ်မှုန့်တွေ ဖြန်းပတ်ပြီး နောက်လူတွေ ချဥ်းကပ်မရအောင် ဟန့်တားပြီးမှ ထွက်သွားတယ်။

နောက်ကလိုက်သူတွေလည်း အဆိပ်ငွေ့ကြောင့် ရှေ့တိုးမရချိန် ကြေးနီဖုတ်ကောင်က ဝင်တိုက်ခိုက်တာ ခံလိုက်ရလို့ အတော်များများ အသက်ပျောက်သွားပြန်တယ်။ နောက်ဆုံးမှာ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ၁၇ ယောက်က အဆိပ်ငွေ့ ပြယ်လွင့်ချိန်ထိ ကြေးနီဖုတ်ကောင်ကို ခုခံရင်း ထွက်ပေါက်ကနေ ထွက်သွားနိုင်ခဲ့တယ်။ ကြေးနီဖုတ်ကောင်လည်း တောင်ပေါ် ဆင်းလိုက်၊ တက်လိုက်လုပ်ရင်း သားကောင် လိုက်ရှာနေပြန်တယ်။

စုန့်ဝမ်က မဟူရာကူတွေ လူသတ်ပွဲရဲ့ ကြွင်းကျန်ရစ်တဲ့ အလောင်းတွေဆီက သိုလှောင်အိတ်တွေ ယူလာပေးတာ သိမ်းဆည်းရင်း အခြေအနေကို ဆက်စောင့်ကြည့်နေခဲ့တယ်။ နတ်ဆိုးလမ်းစဥ် ကျင့်ကြံမှုလောကမှာ ကိုယ့်အတွက်ပဲ ကြည့်တာ၊ အလွယ်တကူ သစ္စာဖောက်ကြတာ ဆက်တိုက်မြင်နေရတော့ ဘယ်သူ့မှ မယုံဖို့၊ ရသမျှ အမြတ်ထုတ်ဖို့ ကိုယ့်ကိုယ်ကို ဆုံးမနေမိတယ်။

ခုချိန် လျှို့ဝှက်နယ်မြေမှာ ရှင်ကျန်ရစ်သူဆိုလို့ စုန့်ဝမ်အပါအဝင် ၄၄ ယောက်ပဲ ကျန်တော့တယ်။ အုပ်စုလေးတွေ ဖွဲ့နေသူ ၈ ယောက်က လွဲရင် ကျန်သူတွေက အချင်းချင်း ယုံကြည်စိတ်ချမှု မရှိတာကြောင့် တစ်ယောက်ချင်းစီ လူခွဲပြီး ပုန်းအောင်းနေကြတယ်။ တစ်ယောက်ယောက်က မနေနိုင်ဘဲ ကြေးနီဖုတ်ကောင်ကို စတိုက်ခိုက်တာနဲ့ အခွင့်အရေးယူပြီး ထွက်ပြေးမယ့်အကြံ ကိုယ်စီနဲ့ပေါ့။

စုန့်ဝမ်က လျှို့ဝှက်နယ်မြေထဲ နှစ် ၃၀ မနေနိုင်လို့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးသား။ ဒါပေမယ့် စလှုပ်ရှားတာနဲ့ ပုန်းနေတဲ့ အခွင့်အရေးသမားတွေကြောင့် ဒုက္ခရောက်မှာ သိလို့ အခက်ကြုံနေတယ်။ ဒါနဲ့ နောက်ကျောကထိုးမယ့်ဓားတွေကို အရင်ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဆုံးဖြတ်ပြီးတာနဲ့ ချက်ချင်း လှုပ်ရှားတယ်။ တစ်ဦးချင်းသမားတွေ ပုန်းအောင်းရာဆီ မဟူရာကူတွေ အုပ်စုလိုက် စေလွှတ်ပြီး တစ်ယောက်ချင်းစီ ရှင်းပစ်ခဲ့တယ်။ အမြင့်ဆုံးဖြစ်တဲ့ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တောင် အဆင့်တူ မဟူရာကူ အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်တာ မခံနိုင်လို့ အငိုက်မိပြီး အသံတောင် မထွက်နိုင်ဘဲ သေဆုံးကုန်ကြတယ်။ ၁၅ မိနစ်အတွင်း ၃၅ ယောက်လုံး ရှင်းပြီးမှပဲ စုန့်ဝမ် တိုက်ခိုက်မှုကို ရပ်လိုက်တယ်။

ကျန်တဲ့ ၈ ယောက်ကိုတော့ မတိုက်ခိုက်တော့ဘူး။ တိုက်ခိုက်ရင် ဆူဆူညံ့ညံ့ ဖြစ်နိုင်သလို၊ တစ်ယောက်တည်း အပြင်ထွက်ရင် သံသယဝင်ပြီး အာရုံစိုက်ခံရမှာလည်း ရှိသေးတယ် မဟုတ်လား။ မဟူရာကူတွေ သိမ်းဆည်လာတဲ့ထဲက ခြေရာခံမရတဲ့ပစ္စည်းတွေ သိမ်းဆည်းပြီး ပြန်ထွက်ဖို့ ပြင်ဆင်လိုက်တယ်။

……

ထွက်ပေါက်ပိတ်ဖို့ နာရီဝက်အလို ရောက်လာချိန် ပုန်းနေသူ ၈ ယောက် စိုးရိမ်ထိတ်လန့်လာတယ်။ သူတို့အင်အားနဲ့ ကြေးနီဖုတ်ကောင်ကို မယှဥ်နိုင်သလို၊ ပိတ်မိနေရင်လည်း နှစ် ၃၀ မပြောနဲ့ တစ်နှစ်တောင် ခံပါ့မလား မသေချာဘူးလေ။ စိတ်ညစ်နေချိန် တောင်ထိပ်မှာ တဝဲလည်လည် လုပ်နေတဲ့ ကြေးနီဖုတ်ကောင် တစ်စုံတစ်ခုကို လိုက်ဖမ်းရင်း တောင်အောက် ပြေးဆင်းသွားတာ မြင်လို့ ဝမ်းသာအားရ ပြေးလွှားပျံသန်းရင်း ထွက်ပေါက်ဆီ ရောက်သွားကြတယ်။

“ချီးမှပဲ … မြန်လိုက်တဲ့ကောင်တွေကွာ”

စုန့်ဝမ် ဆဲတောင် ဆဲမိသွားတယ်။ သူက စပျံရုံရှိသေး ဟိုအုပ်စုက ထွက်ပေါက်ဆီရောက်လို့ ထွက်တောင် ထွက်သွားကြပြီလေ။ နှလုံးအိမ်ထဲ သိုလှောင်လက်စွပ် ထည့်ထားလို့ စုန့်ဝမ်ကတော့ ကန့်သတ်ထားတဲ့ အရှိန်နှုန်းအတိုင်းပဲ ပျံသန်းလာခဲ့တယ်။

ထွက်ပေါက်နား ရောက်တာနဲ့ ကြေးနီဖုတ်ကောင်ကို အဝေးဆီ ဆွဲဆောင်ခေါ်ယူသွားတဲ့ မဟူရာကူနှစ်ကောင်ကို ပြန်ခေါ်တယ်။ ကြေးနီဖုတ်ကောင်လည်း အပြေးလိုက်လာရင်း စုန့်ဝမ်ကို မြင်သွားလို့ အမြန်ဆုံးနှုန်းနဲ့ အရှိန်တင် ပြေးလာတယ်။

“ဝှစ်”

“စွပ်”

အေးစက်စက်အလင်းတန်းတစ်ခု ဖျပ်ခနဲ လက်သွားပြီး အေးခဲလဝိညာဥ်ဓားက ကြေးနီဖုတ်ကောင်ခြေထောက်ကို ခြေကျင်းဝတ်ကနေ ဖြတ်တောက်လိုက်တယ်။

“ဝုန်း”

“ဂရား..”

ကြေးနီဖုတ်ကောင် ဟန်ချက်ပျက်ပြီး အော်ဟစ်ရင်း တောင်စောင်းအတိုင်း ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားတယ်။

စုန့်ဝမ်လည်း အေးခဲလဓားနဲ့ မဟူရာကူတွေ ပြန်သိမ်းပြီး ထွက်ပေါက်ဆီ အေးအေးဆေးဆေး လှမ်းဝင်သွားပါတော့တယ်။

......

ဆွဲငင်အားမဲ့လေထုထဲ ခဏတာ လွင့်မျောပြီးတာနဲ့ စုန့်ဝမ် မြေပြင်ပေါ် ခြေချနိုင်ခဲ့တယ်။ သူ့ရှေ့ကထွက်သွားသူတွေလည်း မြေပြင်ပေါ် ခြေချခါစပဲ ရှိသေးတယ်။ မြေပြင်ပေါ် ရောက်တာနဲ့ အနီးနားကွင်းပြင်ကျယ်မှာ အုပ်စုလိုက် ရပ်နေတဲ့ အရင်ထွက်သွားသူတွေနဲ့ သွားပေါင်းလိုက်ကြတယ်။

သူတို့လူအုပ်အထက် ကောင်းကင်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူက ၃ ယောက် မဟုတ်တော့ဘဲ၊ ၄ ယောက် ဖြစ်နေပြီ။ ထပ်တိုးလာသူက ရှိနှင့်ပြီးသား ရှို့ယွင်၊ ရှန့်ချီနဲ့ နတ်မိမယ်ဟွမ်းယုတို့ထက် ပိုအားကောင်းတဲ့အော်ရာ ထုတ်လွှတ်နေတယ်။ သူက တမင်သက်သက် အော်ရာကို အားပြည့်အင်ပြည့် ထုတ်လွှတ်ထားလို့ ရပ်နေတဲ့ ချီစုစည်းခြင်း ကျင့်ကြံသူတွေ ဖိစီးမှုဒဏ်ကို အတော်လေး ခံစားနေရတယ်။

စုန့်ဝမ်တို့အုပ်စု ကွင်းပြင်ထဲ ရပ်လိုက်တာနဲ့ အဲဒီလူဆီက အားကောင်းလွန်းတဲ့ ဝိညာဥ်အာရုံ ကျရောက်လာပြီး စေ့စေ့စပ်စပ် စစ်ဆေးတာ ခံရပါတော့တယ်။ ကွာခြားလွန်းတဲ့ ကျင့်ကြံမှုအဆင့်ကြောင့် လှုပ်ရှားဖို့ မဆိုထားနဲ့ မျက်တောင်လေး ခတ်ဖို့တောင် အားမရှိတော့ဘူး။ အဝတ်တွေ ဗလာကျင်းပြီး ဖင်ပြန်ခေါင်းပြန် အစစ်ခံရသလို ခံစားလာရပြီး အတော့်ကို နေရထိုင်ရ ခက်နေတယ်။

စုန့်ဝမ်ကတော့ စိုးရိမ်စိတ် အများဆုံးပေါ့။ သူက လျှို့ဝှက်ချက် အရမ်းများတယ်လေ။ နှလုံးအိမ်ထဲက သိုလှောင်လက်စွပ်၊ ခန္ဓာကိုယ်အနှံ့ သိုဝှက်ထားတဲ့ မဟူရာကူတွေ၊ ဖုံးကွယ်ထားတဲ့ ကျင့်ကြံမှုအဆင့်အပြင်၊ အဆိုးဆုံးက သက်ရှည်ကျင့်စဥ်ကြောင့် ထွက်ပေါ်နေတဲ့ လမ်းမှန်ကျင့်စဥ်အော်ရာပဲ။ ဘာပဲတွေ့တွေ့၊ တစ်ခုတွေ့တာနဲ့ ဘဝပျက်ပြီပဲ။ ဝိညာဥ်အာရုံ ကျရောက်တာနဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအားက မသိမသာလေး လှုပ်ခတ်သွားတာ စုန့်ဝမ် သတိထားမိလို့ နည်းနည်းတော့ စိတ်အေးသွားတယ်။ ဘာမှန်းသာ မသိတယ်၊ ဒီစွမ်းအားက သူရင်မဆိုင်နိုင်တဲ့ သက်ရောက်မှုတစ်ခုခုကြောင့် အသက်အန္တရာယ် ကြုံလာရင် ထွက်ပေါ်လာပြီး ဖြေရှင်းပေးခဲ့တယ် မဟုတ်လား။

ခဏနေတော့ ရွှေအမြုဘိုးဘေးက သူရှာနေတာ မတွေ့လို့ စိတ်ပျက်တဲ့ဟန်နဲ့ ဝိညာဥ်အာရုံ ပြန်ရုပ်သိမ်းသွားတယ်။ ဒါပေမယ့် စိတ်မကျေနပ်သလိုနဲ့ ထွက်လာသူတွေကို ကြည့်လိုက်၊ လျှို့ဝှက်နယ်မြေ အပေါက်ဝကို ကြည့်လိုက်နဲ့ စဥ်းစားနေတယ်။

သူ့ပုံစံကို ကြည့်ရင်း သွေးနတ်ဆိုးဂိုဏ်းက ရှို့ယွင် မနေနိုင်ဘဲ စကားစလာတယ်။

“စီနီယာဝူယင် .. ထွက်လာတဲ့တပည့်တိုင်းကို မင်းစိတ်တိုင်းကျ စစ်ပြီးပြီလေ။ မင်းဘာကို ရှာနေတာလဲ”

..................

All Chapters