← Chapters

လွတ်သွားလို့ တော်သေးတယ်

Vol. 9 Ch. 96

လွတ်သွားလို့ တော်သေးတယ်

Vol. 9 Ch. 96

ဝူယင် .. စုန့်ဝမ် လန့်သွားတယ်။ ဒါဆို ဝူစွေ့အဘိုးပဲ။ ချက်ချင်းကို ရောက်လာတာပါလား။ ဝူစွေ့ပစ္စည်းတွေ မယူခဲ့မိတာ မှန်သွားတယ်။ ဝူစွေ့ပစ္စည်းတွေနဲ့ သိုလှောင်အိတ်ကို ထွက်ပေါက်ဆီ လာရာလမ်းမှာ ပစ်ချခဲ့တယ်။ ကံဆိုးတဲ့တစ်ယောက် ကောက်ရသွားမလား၊ အထဲမှာပဲ ကျန်ခဲ့မလားတော့ သူလည်း မသိတော့ဘူး။

ဝူစွေ့ တွေဝေသွားပြီး ခဏနေမှ မဖြေချင်၊ ဖြေချင်နဲ့ ဖြေတယ်။

“ငါ့မြေးဝူစွေ့ လျှို့ဝှက်နယ်မြေထဲမှာ အသတ်ခံလိုက်ရတယ်။ သူ့ဆီမှာ ငါ့ဝိညာဥ်အပိုင်းအစတစ်ခု ထားခဲ့ပေမယ့် ဘာကြောင့်မှန်း မသိဘဲ ပျောက်သွားလို့ လူသတ်သမားကို ငါရှာလို့မရတော့ဘူး။ အခု လူသတ်သမားကို သိချင်ရင် ထွက်လာတဲ့ကောင်တွေရဲ့ သိုလှောင်အိတ်တွေကို စစ်ဆေးမှ ရတော့မယ်။ ဘယ်သူ့ဆီမှာ ငါ့မြေးရဲ့ ပစ္စည်းနဲ့ အလောင်းရုပ်သေး ရှိနေမလဲ သိချင်တယ်”

ဝူယင့်မြေး အသတ်ခံရတယ်ဆိုတာကြောင့် ကျန်တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ပျော်ပြီး လှောင်ပြုံးပြုံးမိသွားတယ်။ ရွှေအမြုတေဘိုးဘေးအတွက် ချီစုစည်းခြင်းအဆင့်တွေပဲ ရှိတဲ့နေရာမှာ ကိုယ့်ဝိညာဥ်အပိုင်းအစ ဘယ်လိုပျောက်မှန်း မသိလိုက်ရတာ အင်မတန်မှ သိက္ခာကျစရာ အဖြစ်မျိုးပဲ မဟုတ်လား။

ဝူယင်က သိုလှောင်အိတ်တွေ ဖွင့်စစ်ချင်တယ်ဆိုတာကို တခြားဂိုဏ်းနှစ်ခုက လက်မခံကြဘူး။ ဒါက ဂိုဏ်းသိက္ခာနဲ့ပါ ဆိုင်နေပြီလေ။ နက်နဲယင်စွမ်းအင်ဂိုဏ်းက နတ်သမီးဟွမ်းယုက ခါးခါးသီးသီး ငြင်းတယ်။

“စီနီယာဝူယင် .. ရှင့်မြေးအသတ်ခံရတာ သူအသုံးမကျလို့လေ။ လျှို့ဝှက်နယ်မြေထဲ သတ်ဖြတ်ကြတာ ဘာဆန်းလို့လဲ။ ကျမလူတွေရဲ့ သိုလှောင်အိတ်တွေ စစ်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ ရှင့်မြေးကို တခြားသူ သတ်တာလည်း ဟုတ်ချင်မှ ဟုတ်မယ်။ အထဲမှာ အသက်အန္တရာယ်ပေးတဲ့အရာ အများကြီးပဲ။ ဒုတိယအဆင့် ကြေးနီဖုတ်ကောင်တောင် ရှိတယ်ဆိုတာ မမေ့နဲ့”

“ငါ့မြေးကို ဘာသက်ကယ်ရတနာတွေ ပေးခဲ့တယ်ဆိုတာ ငါပဲ သိတယ်။ ကြေးနီဖုတ်ကောင်လို ဦးနှောက်မရှိတဲ့အလောင်းက သတ်နိုင်စရာ အကြောင်းမရှိ၊ တစ်ယောက်ယောက် ဥာဏ်ဆင်ပြီး လုပ်ကြံတာပဲ ဖြစ်ရမယ်”

“အဲ့တော့ ဘာဖြစ်လဲ၊ လျှို့ဝှက်နယ်မြေမှာ ဒါဖြစ်နေကျပဲ။ ငါ့ဆီက ဝိညာဥ်ကင်းလှည့်သမားလည်း သေတာပဲ။ ဒီလိုဆို ငါကရော အတင်းအကြပ် လုပ်ရမှာလား။ သေမှာ ကြောက်ရင် အစတည်းက မင်းမြေးကို မလွှတ်နဲ့လေ”

သွေးနတ်ဆိုးဂိုဏ်းက ရှို့ယင်က ရန်လိုတဲ့အသံနဲ့ ပြောလာတယ်။

အလောင်းနတ်ဆိုးဂိုဏ်းကိုယ်စားလှယ်ဖြစ်သူ ရှန့်ချီလည်း ပြဿနာဖြစ်မှာ စိုးရိမ်လို့ ဝင်ပါလာရတော့တယ်။

“စီနီယာဝူ .. တပည့်အားလုံးရဲ့ သိုလှောင်အိတ်တွေ စစ်မယ်ဆိုတာ စည်းမျဥ်းတွေ ချိုးဖောက်ရာကျတယ်။ လုပ်လို့ မဖြစ်ဘူး”

ကိုယ့်ဂိုဏ်းက ကိုယ်စားလှယ်ဖြစ်သူပါ ကန့်ကွက်လာလို့ ဝူယင် အကြပ်ရိုက်သွားတယ်။ သူတို့ အငြင်းအခုံ ဖြစ်နေချိန်မှာပဲ လျှို့ဝှက်နယ်မြေဝင်ပေါက် ပိတ်သွားတယ်။ ထွက်လာမယ့်သူ မရှိတော့ဘူး။ ဝူယင်က ထွက်လာနိုင်သူတွေကို သတ်ဖြတ်လိုစိတ်နဲ့ ကြည့်နေတယ်။ ရှို့ယွင်နဲ့ နတ်သမီးဟွမ်းယုလည်း လိုအပ််ရင် တိုက်ခိုက်ဖို့ အသင့်ပြင်နေကြပြီ။

အကြမ်းနည်းသုံးရင် ဂိုဏ်းတွေကြားစစ်ပွဲကို ဖန်တီးမိသွားမှာ နားလည်တဲ့ ဝူယင် စိတ်လျှော့လိုက်ရတယ်။

“တရားခံက ဒီထဲမှာ ပါနေမှာ သေချာတယ်။ ဒီလိုလုပ် သူတို့သိုလှောင်အိတ်တွေ စစ်ခွင့်ရရင် ငါ့ဘက်က မင်းတို့ကို တန်ရာတန်ကြေး ပေးမယ်”

ရှို့ယွင်နဲ့ နတ်သမီးဟွမ်းယုတင်မက ရှန့်ချီပါ စိတ်ဝင်စားသွားတယ်။ ဝူယင် ဒီလောက် စိတ်အားထက်သန်နေရင် စျေးနှုန်းမြင့်မြင့် တောင်းလို့ရမယ်ဆိုတာ သူတို့ ရိပ်မိတယ်လေ။ လေးယောက်သား ခေါင်းချင်းရိုက် ဆွေးနွေးပြီး ဝူယင်က နှမျောတသဟန်နဲ့ သိုလှောင်အိတ်ထဲက ပစ္စည်းတချို့ ထုတ်ပေးလိုက်ရတယ်။

ဝူယင့်ဆီက ကျေနပ်လောက်တဲ့ လာဘ်လာဘ ရပြီးတာနဲ့ ရှို့ယွင်နဲ့ နတ်သမီးဟွမ်းယုတို့ သူတိူ့တပည့်တွေကို အစစ်အဆေး ခံယူဖို့ အမိန့်ပေးလိုက်တယ်။

ဝူယင်က အလောင်းနတ်ဆိုးဂိုဏ်းက တပည့်တွေကို အရင်စစ်တယ်။ တပည့် ၉ ယောက်ပဲ အသက်ရှင်ပြီး ချီစုစည်းခြင်း နှောင်းပိုင်း ၆ ယောက်၊ အလယ်အဆင့် ၃ ယောက် ကျန်တယ်။ ဝူယင်က တစ်ယာက်ချင်းကို သေချာစစ်ဆေးတယ်။ စုန့်ဝမ် အလှည့်ရောက်တော့ သူစိုးရိမ်နေသလို ဝူယင်က သိုလှောင်လက်စွပ်နဲ့ မဟူရာကူတွေကို တွေ့မသွားဘူး။ အားလုံး စစ်ပြီးချိန်မှာ အလောင်းနတ်ဆိုးဂိုဏ်း တပည့်တွေမှာ ဘာတစ်ခုမှ သဲလွန်စ မတွေ့ဘဲ ပြီးသွားတယ်။

ရှန့်ချီကတော့ စိတ်ညစ်လွန်းလို့ မျက်နှာတစ်ခုလုံး မဲပုပ်နေတယ်။ ဒီဂိုဏ်းသားတွေမှာ သာမန်ဝိညာဥ်ဆေးပင်တွေပဲ ပါရှိပြီး ကောင်းကင်ဝိညာဥ်သစ်သီးနဲ့ ကျောက်စိမ်းသလင်းမြက် မပါခဲ့ဘူး။ အဓိပ္ပါယ်က လာမယ့်နှစ် ၃၀ အတွင်း အလောင်းနတ်ဆိုးဂိုဏ်းအနေနဲ့ အခြေတည်ဆေးလုံး ဖော်စပ်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ရှို့ယွင်နဲ့ နတ်သမီးဟွမ်းယုတို့ ဝမ်းသာလွန်းလို့ ပြုံးဖြီးဖြီး ဖြစ်နေပြီ။

ဝူယင်က သွေးနတ်ဆိုးဂိုဏ်းတပည့်တွေကို ဆက်စစ်တယ်။ သူတို့က ၇ ယောက်ပဲ ကျန်တယ်။ ဘာတစ်ခုမှ ထူးထူးခြားခြား မတွေ့ရပြန်ဘူး။ ရှို့ယွက်မျက်နှာ ပျက်သွားပြီး၊ ရှန့်ချီ နည်းနည်း စိတ်အေးသွားတယ်။ နတ်သမီးဟွမ်းယုကတော့ ဒီတစ်ခါ သူတို့ နက်နဲယင်စွမ်းအင်ဂိုဏ်း အသာရပြီဆိုတဲ့အတွေးနဲ့ ပြုံးပျော်နေတယ်။

လျှို့ဝှက်နယ်မြေထဲက ကောင်းကင်ဝိညာဥ်သစ်သီးနဲ့ ကျောက်စိမ်းသလင်းမြက် ဘယ်လောက်ရမလဲဆိုတာ ဂိုဏ်းတိုင်းအတွက် အရေးကြီးတယ်။ အခြေတည်ဆေးလုံး ဖော်စပ်ဖို့ တစ်ခါဖော်စပ်ရင် ဒီနှစ်မျိုးနဲ့ သက်တံမြက် ၃ ခုစီ လိုတယ်။ ဖော်စပ်ပြီးရင် ဆေးလုံး ၅ လုံး ရတယ်။ တစ်ခုခု အဆင်မသင့်တောင် ၃ လုံးတော့ ရတယ်။ ဒါက နှစ် ၃၀ အတွင်း ဂိုဏ်းမှာ အခြတည်အဆင့် ကျင့်ကြံသူ ၅ ယောက် တိုးလာမယ့် အဓိပ္ပါယ်ပဲ။ ဒါက ဆေးလုံးမသောက်ဘဲ အဆင့်တက်မယ့်သူ မပါသေးဘူး။ အဲဒီလိုလူက ရှိတော့ ရှိတယ်၊ ရှားတယ်။ လျှို့ဝှက်နယ်မြေက တန်ဖိုးကြီးဝိညာဥ်ဆေးပင် များများရသူက အင်အားချိန်ခွင်လျှာ သာလေပဲ။

ဝူယင်က နက်နဲယင်စွမ်းအင်ဂိုဏ်းတပည့်တွေကို ဆက်စစ်တယ်။ သူတို့က ၁၃ ယောက် ကျန်ပြီး အားလုံးက ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ရှိကြတယ်။ အသန်မာဆုံးအဖွဲ့ဆိုပေမယ့် သူတို့လည်း တန်ဖိုးကြီးဝိညာဥ်ဆေးပင်တွေ ရမလာပြန်ဘူး။

နောက်ဆုံးကျန်တဲ့ ချီစုစည်းခြင်း နဝမအဆင့် ကျင့်ကြံသူ အမျိုးသမီးအလှည့် ရလာတဲ့ သိုလှောင်အိတ်တွေ ထုတ်ပြတော့မှ ပြဿနာ စဖြစ်ပြီ။ လျှို့ဝှက်နယ်မြေထဲ လုယက်သတ်ဖြတ်ပြီး အသက်ရှင်ကျန်သူတွေမှာ သိုလှောင်အိတ် ၄၊ ၅ လုံး စုမိနေတာ မဆန်းပေမယ့်၊ ဒီအမျိုးသမီး ထုတ်ပြတဲ့တစ်လုံးက ဝူစွေ့သိုလှောင်အိတ် ဖြစ်နေတယ်။

စုန့်ဝမ် သက်ပြင်းချလိုက်မိတယ်။ ရချင်သူ ရဆိုပြီး သူပစ်ခဲ့တာ ဒီအမျိုးသမီးနဲ့ သွားတိုးတာပဲ။

ဝူယင်က ချက်ချင်းမှတ်မိတယ်။ သိုလှောင်အိတ်ကို ကောက်ယူပြီး ဖွင့်လိုက်တာနဲ့ ဝူစွေ့လက်စွဲတော် အနက်ရောင်သံကြိုး ထွက်လာတယ်။ တခြားပစ္စည်းတွေလည်း ပါတယ်။ ဝူယင်ဆီက သတ်ဖြတ်လိုစိတ်အပြည့်နဲ့ ကြီးမားတဲ့ဖိအားက အမျိုးသမီးပေါ် ကျရောက်လာတယ်။

“ပြောစမ်း .. ဒီသိုလှောင်အိတ်ကို ဘယ်ကရလာတာလဲ”

“ဒီ .. ဒီသိုလှောင်အိတ်ကို ထွက်ပေါက်နားက တောင်ပေါ်မှာ ကောက်ရခဲ့တာပါ။ ဘယ်သူ့ဟာလဲဆိုတာ ကျမ တကယ် မသိဘူး”

“အဓိပ္ပါယ် မရှိဘူး၊ မှန်မှန်ဖြေစမ်း”

ဝူယင်ဆီက ကြီးမားတဲ့ဖိအား သက်ရောက်လာလို့ အမျိုးသမီးကျင့်ကြံသူ သွေးအန်ပြီး ဒူးထောက်ကျသွားတယ်။ နတ်မိမယ်ဟွမ်းယု သူ့ဂိုဏ်းတပည့်ရှေ့ ချက်ချင်း ရောက်လာပြီး ဝူယင့်ဖိအားကို ကြားဝင်ချေဖျက်လိုက်ရတယ်။

“စီနီယာဝူယင် .. ရှင်စည်းမကျော်နဲ့။ နက်နဲယင်စွမ်းအင်ဂိုဏ်းက တပည့်တစ်ယောက်ရဲ့ သေရေးရှင်ရေးကို ရှင်ဆုံးဖြတ်ခွင့် မရှိဘူး”

“ငါ့မြေးသိုလှောင်အိတ်က သူ့လက်ထဲမှာ။ ဒီကိစ္စက သူနဲ့ ပတ်သတ်တာ သေချာတယ်။ ငါ့မြေး ဘယ်လိုသေလဲဆိုတာ ငါသိရမှ ဖြစ်မယ်”

“မရဘူး၊ ငါ့ဂိုဏ်းတပည့်ကို ရှင့်လက်အပ်လို့ မရဘူး”

ဝူယင် အံတင်းတင်းကြိတ်ပြီး သိုလှောင်လက်စွပ်ထဲက တောက်ပတဲ့အရာတစ်ခု နတ်မိမယ်ဟွမ်းယုဆီ ပစ်ပေးလိုက်တယ်။

“လျှို့ဝှက်နယ်မြေထဲမှာ အများကြီး သေပြီးမှတော့ တစ်လောင်းထပ်တိုးတာ ဘာဆန်းလို့လဲ၊ ဟုတ်တယ်မလား”

နတ်မိမယ်ဟွမ်းယုက ဝူယင်ပေးတဲ့အရာကို ဖမ်းယူပြီး အိတ်ထဲထည့်ရင်း ခေါင်းညိမ့်ပြလိုက်တယ်။ ဝူယင်လည်း မန္တန်တစ်ခုသုံးရင်း အမျိုးသမီးကျင့်ကြံသူကို ဖမ်းဆီးပြီး ပျံသန်းထွက်ခွာသွားတယ်။

နက်နဲယင်စွမ်းအင်ဂိုဏ်းက ကျန်ရစ်ခဲ့တဲ့ တပည့်တွေလည်း သူတို့လူရဲ့အဖြစ်ဆိုးကို ကြည့်ရင်း ဝမ်းနည်းတုန်လှုပ်နေတယ်။ လျှို့ဝှက်နယ်မြေထဲ အသက်စွန့် လှုပ်ရှားချိန်က အသက်မသေဘဲ အပြင်ပြန်ရောက်မှ အကြီးအကဲဖြစ်သူ ရောင်းစားတာကို ခံလိုက်ရတာလေ။

စုန့်ဝမ်အတွက်တော့ နောက်ထပ် သင်ခန်းစာ ရလိုက်တာပါပဲ။ နတ်ဆိုးလမ်းစဥ်မှာ ကျင့်ဝတ်တွေ၊ ရဲဘော်ရဲဖက်တွေ မရှိဘူး၊ အရာရာတိုင်းမှာ ထိုက်သင့်တဲ့စျေး ရှိတယ်။ ကြိုက်စျေးရရင် ဘာမဆို လုပ်မယ့်သူချည်းပဲ။ ဘယ်သူ့မှ ယုံစားမရဘူး။

ဝူယင် ထွက်သွားတာနဲ့ ရှန့်ချီတို့ သုံးယောက်က လျှို့ဝှက်နယ်မြေထဲ ဖြစ်ပျက်ခဲ့သမျှ တပည့်တွေကို အသေးစိတ် စစ်မေးတယ်။ ကောင်းကင်ဝိညာဥ်သစ်သီးနဲ့ ကျောက်စိမ်းသလင်းမြက် တစ်ခုတစ်လေမှ မရတာ လက်ခံရ ခက်နေတယ် မဟုတ်ပါလား။ နောက်ဆုံးမှ ထွက်လာတဲ့ စုန့်ဝမ်တို့အသုတ်ကို အဓိကထားပြီး ဖိမေးတယ်။ ဒါပေမယ့် ဒုတိယအဆင့် ကြေးနီဖုတ်ကောင်နဲ့ ရင်ဆိုင်ရလို့ အသက်လုပြေးခဲ့ရတယ်ဆိုတာနဲ့တင် ပြီးသွားတယ်။ နောက်ဆုံးတော့ အကြီးအကဲ သုံးယောက်လုံးက ပစ္စည်းရခဲ့သူ ရှိနိုင်ပေမယ့် ကြေးနီဖုတ်ကောင် လက်ချက်နဲ့ သေဆုံးပြီး ကျန်ခဲ့တာလို့ပဲ မှတ်ချက်ချလိုက်ကြတယ်။

စစ်ဆေးမှုတွေ လက်စသတ်ပြီးတာနဲ့ လှေပျံကြီးတွေ စီးနင်းပြီး ဂိုဏ်းဌာနချုပ် အသီးသီးဆီ ပြန်ရင်း လျှို့ဝှက်နယ်မြေခရီးကို အဆုံးသတ်လိုက်ကြတယ်။

.........

ဂိုဏ်းပြန်ရောက်တာနဲ့ လှေပျံက ပင်မခန်းမဆောင်ရှေ့ ရင်ပြင်မှာ ရပ်နားလိုက်တယ်။ ကိုယ့်အပေါင်းအသင်း မိတ်ဆွေတွေ ပြန်ပါလာမလား မျှော်လင့်ချက်နဲ့ လာစောင့်ကြိုသူ များပေမယ့် ပြန်လာနိုင်သူ အရမ်းနည်းလို့ စိတ်မချမ်းမြေ့စရာ ဖြစ်သွားတယ်။

ဒီတစ်ခေါက် ရယူနိုင်တဲ့ ဝိညာဥ်ဆေးပင် ပမာဏ အရမ်းနည်းလို့ ဂိုဏ်းက အကုန်သိမ်းသွားပြီး ဆုမချီးမြင့်တာကြောင့် စုန့်ဝမ်တို့ ကိုယ့်နေရာ တန်းပြန်ခွင့် ရခဲ့တယ်။ စုန့်ဝမ်က လူအုပ်ကြီးထဲကနေ သူ့ကို စောင့်ကြည့်နေတဲ့တုချိုးကို မြင်ဖြစ်အောင် မြင်လိုက်တယ်။ ဒီလို မျက်ခြေပြတ်မခံဘဲ စောင့်ကြည့်လာတာကြောင့် အန္တရာယ် နီးကပ်လာပြီဆိုတာ စုန့်ဝမ် ခံစားမိနေပြီ။ ဒါပေမယ့် တုချိုးကို မသိယောင်ဆောင်ပြီး တောင်ခြေစျေးဆီ ဆင်းလာခဲ့တယ်။ တုချိုးကလည်း ထပ်ချပ်မကွာ လိုက်လာတယ်။ စုန့်ဝမ် တည်းခိုခန်းတစ်ခုထဲ ဝင်သွားတော့မှ အပြင်မှာ ရပ်စောင့်ရင်း ကျန်ခဲ့တယ်။

လိုဏ်ဂူအိမ် မပြန်ဘဲ တောင်ခြေစျေးကို အရင်သွားတာကြောင့် တုချိုး အတော်စဥ်းစားရ ကြပ်နေတယ်။ လျှို့ဝှက်နယ်မြေကနေ ဘာမှမရသလို၊ ဂိုဏ်းကလည်း ဆုမချီးမြှင့်တာ သူသိနေတယ်လေ။

“ဒီကောင် တန်းမပြန်ဘဲ လုပ်နေတာလဲ၊ တစ်ခုခု ဝယ်ဖို့ဆိုလည်း ဝယ်လေ၊ တည်းခိုခန်းထဲ ဘာသွားလုပ်တာလဲ။ ဟုတ်ပြီ၊ တစ္ဆေစျေးကို သွားတာဖြစ်မယ်”

တုချိုး စောင့်နေတာ နာရီဝက်လောက် ကြာတော့မှ စုန့်ဝမ် ပြန်ထွက်လာတာ မြင်လိုက်ရတယ်။

စုန့်ဝမ် တစ္ဆေစျေးထဲမှာ ဝတ်ခဲ့တဲ့ အနက်ရောင်ဝတ်ရုံကို ဆက်ခြုံထားပေမယ့် တုချိုး မှတ်မိအောင် အော်ရာကို မပြောင်းဘဲ တမင်ထွက်လာခဲ့တာ။ တစ္ဆေစျေးကို လာတာက အော်ရာထိန်းချုပ်အစီအရင်ဆိုတဲ့ အစီအရင်တစ်ခု လာဝယ်တာ။ ဒါက အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်သောင်း ပေးရတယ်။ ဒါက အစီအရင် ခင်းကျင်းထားတဲ့နေရာကနေ ပြင်ပကို ဘယ်အော်ရာဝိညာဥ်စွမ်းအင်မှ မထွက်အောင် ထိန်းချုပ်ပေးတယ်။ ဒီအစီအရင်ကို ရွှေအမြုတေအဆင့် ကျင့်ကြံသူတောင် ဖောက်ထွင်းမြင်နိုင်စွမ်း မရှိဘူး။

စုန့်ဝမ် အခြေတည်အဆင့် ချိုးဖျက်ဖို့ စိတ်ကူးတည်းက ဖုံးဖုံးဖိဖိ လုပ်ဆောင်နိုင်ဖို့ ဖုံးကွယ်ပေးနိုင်မယ့် အရာတစ်ခုခု လိုက်ရှာရင်း ဒီအစီအရင်ကို တွေ့ခဲ့တာ။ အရင်က စျေးနှုန်းကို မတတ်နိုင်လို့ လက်လျှော့ခဲ့ရပေမယ့် လျှို့ဝှက်နယ်မြေထဲ သတ်ဖြတ်လုယက်ပြီး ငွေလျှံလာတာကြောင့် ချက်ချင်း ပြေးဝယ်ခဲ့တာ။ သူသတ်ခဲ့တဲ့ လူ ၄၂ ယောက်အပြင် ကြေးနီဖုတ်ကောင် သတ်ခဲ့သူတွေဆီကပါဆို သိုလှောင်အိတ် ၆၀ ကျော် ရပြီး၊ အဆင့်နိမ့်ဝိညာဥ်ကျောက်တင် တစ်သောင်းခွဲလောက် ရခဲ့တယ်လေ။

တုချိုး နောက်ယောင်ခံလိုက်လာတာ သိနေလို့ လိုဏ်ဂူအိမ်ဆီ မပြန်ဘဲ ဂိုဏ်းအပြင်ဘက် ထွက်ပြီး အနောက်မြောက်ဘက်က တောအုပ်ဆီ ဦးတည်သွားခဲ့တယ်။

စုန့်ဝမ် ဦးတည်ရာလမ်းကြောင်းကို ကြည့်ပြီး လိုက်သင့်၊ မလိုက်သင့် စဥ်းစားရင်း တုချိုး တွေဝေသွားတယ်။

.........

All Chapters