← Chapters

ရန်စွယ်ရှင်းပြီး အဆင့်တက်မယ်

Vol. 9 Ch. 97

ရန်စွယ်ရှင်းပြီး အဆင့်တက်မယ်

Vol. 9 Ch. 97

ညအချိန် နောက်ယောင်ခံလိုက်တယ်ဆိုတာ အတော်လေး အန္တရာယ်များတယ်။ အဝေးက လိုက်ရင် မျက်ခြေပြတ်နိုင်သလို၊ နီးလွန်းပြန်ရင်လည်း ရိပ်မိသွားနိုင်တယ်။ တစ်ဖက်လူက တန်ပြန်ထောင်ချောက်ဆင်ရင်လည်း ရှာတွေ့ဖို့ ခဲယဥ်းတယ်။ ချီစုစည်းခြင်း ပဥ္စမအဆင့်ရှိတဲ့ အားနည်းသူနောက် လိုက်ရမှာ ဆိုပေမယ့်၊ လျှို့ဝှက်နယ်မြေက အသက်ရှင်လျက် ပြန်လာနိုင်သူ ဖြစ်နေတော့ တုချိုး လျှော့မတွက်ရဲဘူး။

နောက်ဆုံးတော့ ပစ်မှတ်က လျှို့ဝှက်နယ်မြေထဲ ဝင်သွားကြောင်း သတင်းပို့ချိန် ဒေါသပေါက်ကွဲသွားတဲ့ အကြီးအကဲရှီရှို့မျက်နှာကြီး မြင်ယောင်လာပြီး အရဲစွန့်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မတော်လို့ ဂိုဏ်းက ထွက်ပြေးတာပဲဖြစ်ဖြစ်၊ တခြားအကြောင်းနဲ့ ပျောက်သွားတာပဲဖြစ်ဖြစ် သတင်းသွားပို့ရင် အသက်ရှင်လျက် ပြန်ထွက်နိုင်မယ်တောင် မထင်ဘူးလေ။

တုချိုး တွေဝေနေချိန် သူ့နောက်လိုက်မလာမှာ စိုးရိမ်နေတဲ့ စုန့်ဝမ်လည်း ဆက်လိုက်လာတာ မြင်တော့မှ ကျေနပ်သွားတယ်။ တုချိုး မျက်ခြေပြတ်မှာ စိုးရိမ်လို့ တောလမ်းက မသွားဘဲ၊ လမ်းမကြီးအတိုင်း လျှောက်လာခဲ့တယ်။ လမ်းမကြီး ဆိုပေမယ့် ညအချိန်ရောက်လို့ လူသွားလူလာ မရှိသလောက် နည်းတယ်။ တစ်နာရီလောက် ဆက်သွားပြီး၊ ဂိုဏ်းနဲ့ မိုင်တစ်ရာအကွာ ရောက်တော့ မဟူရာကူတစ်ကောင် စေလွှတ်ပြီး အနီးဝန်းကျင် ဆယ်မိုင်အတွင်း လူမရှိတာ သေချာအောင် အတည်ပြုတယ်။ သေချာတော့မှ နောက်လှည့်ပြီး တုချိုးကို ရင်ဆိုင်လိုက်တယ်။

“တုချိုး .. မင်းလိုက်ချောင်းနေတာ ကြာပြီ၊ ထွက်ခဲ့တော့”

တုချိုး အံအားသင့်သွားတယ်။ လမ်းမကြီးအတိုင်းဆိုတော့ မျက်ခြေပြတ်စရာ အကြောင်းမရှိတာနဲ့ ပေ ၁၅၀၀ အကွာက လိုက်နေတာ၊ ဒါက ညအမှောင်မှာ မျက်စိနဲ့ မမြင်နိုင်သလို၊ ချီစုစည်းခြင်း အလယ်အဆင့်ရဲ့ ဝိညာဥ်အာရုံ လွှမ်းခြုံနိုင်စွမ်း လက်လှမ်းမမီတဲ့ အကွာအဝေးလည်း ဖြစ်တယ်လေ။ ဘယ်လိုနည်းနဲ့ သိသွားတယ်ဆိုတာ မတွေးတတ်ပေမယ့် ဆက်ပုန်းနေစရာ မလိုတော့လို့ ထွက်လာပြီး ပေ ၅၀ အကွာမှာ ရပ်လိုက်တယ်။

“ကျိယင် .. လျှို့ဝှက်နယ်မြေက ပြန်ရောက်ရောက်ချင်း အနားမယူဘဲ သွားနေတာဆိုတော့ အရေးကြီးကိစ္စ ရှိနေပုံ ရတယ်။ မင်းဘယ်သွားနေတာလဲ”

“အဲဒါက စီနီယာနဲ့ မဆိုင်ဘူး။ ဘာဖြစ်လို့ ညနက်သန်းခေါင်ထိ ငါ့နောက် လိုက်နေတာလဲဆိုတာပဲ ပြောစမ်းပါဦး”

“ကျိယင် .. မင်းက ကျင့်ကြံမှုနိမ့်ပေမယ့် သတ္တိတော့ ရှိသားပဲ။ ဒီနေရာမျိုးမှာ မင်းကို ငါသတ်လိုက်မှာ မကြောက်ဘူးလား။ မင်းဆီမှာ လျှို့ဝှက်နယ်မြေက ရလာတဲ့ ရတနာတစ်ခုခု ရှိနေမယ် ထင်တယ်”

“တုချိုးရာ .. မင်းလား ဒီလောက်သတ္တိရှိမှာ။ ငါ့ကို သတ်လိုက်ရင် အကြီးအကဲရှီကို မင်းဘယ်လို ရင်ဆိုင်မှာလဲ”

တုချိုး လန့်သွားတယ်။ ဒါက သူနဲ့ အကြီးအကဲရှီ နှစ်ယောက်တည်းသိတဲ့ လျှို့ဝှက်ချက်လေ။

“မင်း .. မင်းဘယ်လိုသိ ...”

တုချိုး စကားမဆုံးခင် စုန့်ဝမ် ပြေးဝင်လာတာ မြင်လိုက်ရလို့ အလောင်းရုပ်သေး ဆင့်ခေါ်ဖို့ အလောင်းရုပ်သေးအိတ်ကို လက်နဲ့ လှမ်းအပုတ်၊ ထိလုထိခင်လေးတင် အလင်းတန်းတစ်ခု ပေါ်လာပြီး နာကျင်မှုနဲ့အတူ သူ့ညာလက်၊ လက်ကောက်ဝတ်ကနေ ပြတ်ထွက်သွားတာ ခံစားလိုက်ရတယ်။

“အား ..”

အော်ဟစ်ရင်း ညာလက်ကို ဘယ်လက်နဲ့ အုပ်ကိုင်မိလိုက်ချိန် လည်ပင်းကို စုန့်ဝမ်ရဲ့ မာကျောကြမ်းတမ်းတဲ့ ဖုတ်ကောင်လက်က ဖမ်းချုပ်ကိုင်ညစ်တာ ခံလိုက်ရလို့ တုချိုး အသက်ရှုကြပ်သွားတယ်။

“ငြိမ်ငြိမ်နေ .. ခုခံရင် ချက်ချင်းသတ်ပစ်မယ်”

တုချိုး မလှုပ်ရဲတော့ဘူး။ စုန့်ဝမ်က တုကျိုးခန္ဓာကိုယ်ထဲ ဝိညာဥ်စွမ်းအင် ထိုးထည့်ဖိနှိပ်လိုက်တာကြောင့် တုချိုးရဲ့ ချီနဲ့ ဝိညာဥ်ပင်လယ် ထိခိုက်သွားပြီး အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်။ စုန့်ဝမ် လက်လွှတ်လိုက်တာနဲ့ တုချိုး မြေပြင်ပေါ် ခွေခွေလေး လဲသွားတယ်။ စုန့်ဝမ်လည်း တုချိုးရဲ့ ပြတ်သွားတဲ့လက်ဖဝါးကို သိမ်းလိုက်ရင်း မြေပြင်ပေါ်က သွေးကွက်တွေပါ ရှင်းပစ်လိုက်တယ်။

အားလုံး လက်စဖျောက်ပြီးတာနဲ့ လှေပျံကို ထုတ်ယူပြီး တုချိုးပါ သယ်ဆောင်ရင်း အဝေးကို ပျံသန်းသွားခဲ့တယ်။

တုချိုးလည်း အခုမှ စုန့်ဝမ် ချီစုစည်းခြင်း နဝမအဆင့် ရောက်နေပြီး၊ ဝိညာဥ်စွမ်းအင်က အခြေတည်အဆင့်ထိ ရောက်နေတာ သိလိုက်ရလို့ အံသြတုန်လှုပ်သွားတယ်။

စုန့်ဝမ်က လှေပျံပေါ်မှာတင် တုချိုးကို စစ်မေးလိုက်တယ်။

“ကဲ .. ပြောစမ်းပါဦး၊ ရှီရှို့က ဘာဖြစ်လို့ ငါ့ကို စောင့်ကြည့်ဖို့ မင်းကို ခိုင်းတာလဲ”

“မသိဘူး၊ ငါက ခိုင်းတဲ့အတိုင်း လုပ်ပေးရုံပဲ။ အကြီးအကဲကို ငါလိုလူက မေးခွန်းထုတ်လို့ ဘယ်ရမလဲ”

စုန့်ဝမ်မျက်နှာမှာ ရက်စက်ကြမ်းကြုတ်တဲ့အသွင် လွှမ်းမိုးသွားတယ်။ လူတွေက လိုက်လိုက်လျောလျောနေပြီး သက်သက်သာသာ ထွက်သွားလို့ရမယ့်လမ်းကို ဘာလို့များ မရွေးကြတာလဲ။

“အော် .. ဒီလိုလား၊ ကောင်းပြီလေ။ ပြောချင်လာအောင် ငါကူညီရတော့မှာပေါ့”

ပြောပြောဆိုဆို တုချိုး ဘယ်ခြေထောက်ကို ပေါင်ရင်းကနေ ခုတ်ဖြတ်ချလိုက်တယ်။

“အား .. ကျိယင် ငါတကယ် မသိတာပါ။ ငါ့ကို သတ်ချင်လည်း မြန်မြန်သတ်ပေးပါ”

“မင်းက တကယ်ပဲ မသိတာလား”

စုန့်ဝမ် ခဏစဥ်းစားပြီး ခေါင်းခါရင်း မဟူရာကူနှစ်ကောင် ထုတ်ယူလိုက်တယ်။

“ဒါလေးတွေက ကူပိုးကောင်လို့ ခေါ်တယ်။ မင်းလည်း ကြားဖူးမှာပါ။ သူတို့က လူ့သွေးနဲ့ ကလီစာတွေတို အရမ်းကြိုက်တယ်။ ဒီကောင်တွေက မင်းကိုယ်တွင်းအဂ်ါတွေကို စားလိမ့်မယ်။ စိတ်မပူနဲ့ ဖြည်းဖြည်းချင်းပဲ စားခိုင်းမှာပါ။ ဒါမှ မင်းလည်း ရက်ကြာကြာ အသက်ရှင်ခွင့်ရမှာလေ။ ဝေဒနာတော့ ခံရမှာပေါ့ကွာ”

သ့မျက်နှာရှေ့ ပျံဝဲနေတဲ့ ကူပိုးကောင်တွေကို ကြည့်ရင်း တုချိုး သေးထွက်ကျလုမတတ် ကြောက်သွားတယ်။

“ပြောမယ် .. ငါပြောမယ်။ အဲ့ကောင်တွေကို သိမ်းလိုက်။ ပြီးရင် ချက်ချင်းသတ်ပြီး၊ ငါ့ဝိညာဥ်ကို ဖုတ်ကောင်ထဲ မထည့်ဘူးလို့ ကတိပေး”

“စိတ်ချ .. ကဲ ပြောတော့”

“မင်းကျင့်ကြံတဲ့ အလောင်းဘုရင်သွေးသန့်စင်ပညာက ရှီရှို့က မင်းကို သီးသန့်ပေးခိုင်းခဲ့တာ။ ပြီးတော့ ကျင့်ကြံရဲ့လား သိရအောင် စောင့်ကြည့်ခိုင်းတယ်။ မင်းသာ တခြားကျင့်စဥ် မပြောင်းသရွေ့၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ မကြိုးစားသရွေ့ ဝင်စွက်ဖက်စရာ မလိုဘူး၊ စောင့်ကြည့်ရုံပဲ။ မင်းကျင့်ကြံတာ ချီစုစည်းခြင်း ပဥ္စမအဆင့်ရောက်တာ သတင်းသွားပို့တော့ မျက်ခြေမပြတ် စောင့်ကြည့်ဖို့နဲ့ ဆဋ္ဌမအဆင့် ရောက်တာနဲ့ သတင်းလာပို့ဖို့ မှာတယ်။ လျှို့ဝှက်နယ်မြေထဲ မင်းဝင်သွားတော့ ရှီရှို့ ဒေါသထွက်ပြီး မင်းသေလို့ မဖြစ်ဘူး ပြောတယ်။ ငါသိသမျှ ဒါအကုန်ပဲ”

ပြောပြီးတာနဲ့ တူချိုးက မျက်စိမှိတ်ပြီး သေဖို့ စောင့်နေလိုက်တယ်။

“ဒါပဲလား၊ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်မှာ ထူးခြားချက် ဘာရှိလဲ၊ ဒီနည်းစနစ်ကို ကျင့်ကြံနေသူတွေ ထပ်ရှိသေးလား”

“ငါမသိဘူး၊ ဒါက ဂိုဏ်းပိုင်ကျင့်စဥ်မှ မဟုတ်တာ။ ရှီရှို့ရဲ့ ကိုယ်ပိုင်ကျင့်စဥ်။ သူကလွဲရင် ဘယ်သူမှ မသိဘူး။ သူလည်း ဒီကျင့်စဥ်ကျင့်တာ ဖြစ်မယ်။ ပုံစံက မင်းကျင့်ကြံတာနဲ့ အတော်လေး တူတယ်။ တခြား ဘယ်သူရှိသေးလဲတော့ မသိဘူး၊ ငါတာဝန်ယူ စောင့်ကြည့်ရတာ မင်းတစ်ယောက်တည်းပဲ”

“ကောင်းပြီ၊ ဒါဆို နောက်ဆုံးတစ်ခုပဲ ဖြေ။ ရှီရှို့ရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာ ရှိလဲ”

“အတိအကျတော့ ငါ့အဆင့်နဲ့ ဘယ်သိပါ့မလဲ။ အခြေတည်အဆင့် ရောက်ခဲ့တာ နှစ် ၂၀ ရှိပြီဆိုတာပဲ သိတယ်။ ကဲ .. ငါပြောပြီးပြီ၊ မင်းကတိကို မမေ့နဲ့”

စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်မိတယ်။ နှစ် ၂၀ တဲ့လား။ ဒါက ပါရမီရှင်ဆို အမြင့်ဆုံးအဆင့်ထိ ရောက်ရှိဖို့ လုံလောက်တယ်။ ပါရမီနည်းသူကတော့ အစောပိုင်းအဆင့်မှာတင် ပိတ်မိနေမယ်။ ရှီရှို့က အလယ်အဆင့်ထက် နိမ့်ကျမယ် မထင်ဘူး။

စုန့်ဝမ် သက်ပြင်းချရင်း တုချိုးကို အဆုံးသတ်ပေးလိုက်တယ်။ ပြီးတာနဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို စုပ်ယူပြီး ခြောက်ကပ်နေတဲ့ ခန္ဓာကိုယ်ကို ပြာမှုန့်အဖြစ် နိဂုံးချုပ်ပေးလိုက်တယ်။

တုချိုးဆီကရတဲ့ သတင်းအချက်အလက် သိပ်မစုံလင်ပေမယ့် အစီအစဥ်ဆွဲဖို့တော့ လုံလောက်တယ်။ ရှီရှို့ကိုယ်တိုင်လည်း အလောင်းဘုရင်သွေးသန့်စင်နည်းစနစ် ကျင့်ကြံနေတယ်။ သူဆဋ္ဌမအဆင့် ရောက်တာနဲ့ သတင်းပို့ခိုင်းတယ်။ ဒါက လူသားဆေးအိုး လုပ်ဖို့ကြံနေတာ ဖြစ်နိုင်ခြေ များတယ်။ ဆဋ္ဌမအဆင့် ရောက်ရင် ပြဿနာက မလွှဲမရှောင်သာ ရင်ဆိုင်ရတော့မယ်။ ဒီကြားထဲ သူစောင့်ကြည့်ဖို့ စေလွှတ်ထားတဲ့ တုချိုး ပျောက်ပြီဆိုရင် ချက်ချင်း လှုပ်ရှားမှာ သေချာတယ်။

နောက်ဆုံးတော့ ဂိုဏ်းကို မပြန်သေးဘဲ အခြေတည်အဆင့် ချိုးဖျက်အဆင့်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြေးလည်းမလွတ်၊ ရင်လည်းရင်ဆိုင်ရမယ့်အတူ အဆင့်တက်ထားတော့ အသက်ရှင်ဖို့ အခွင့်အရေး ပိုများမယ် မဟုတ်ပါလား။ ဝိညာဥ်စွမ်းအင်က အပြည့်အဝ စုစည်းမိနေသလို၊ ကောင်းကင်ဝိညာဥ်သစ်သီးလည်း ရှိနေပြီဆိုတော့ မဖြစ်နိုင်စရာ ဘာအကြောင်းမှ မရှိတော့ဘူး။

စုန့်ဝမ်လည်း သေချာစဥ်းစားပြီးမှ အရင်က သူအနားယူဖူးတဲ့ အဆိပ်ငွေ့ရွှံ့နွံအိုင်နဲ့ အမှတ်သုံးအလောင်းနတ်ဆိုးမြို့ကြားက ချောက်ကမ်းပါးတစ်ခုကို ရွေးလိုက်တယ်။ အဲဒီနေရာက လူသူမနီးသလို၊ ဝိညာဥ်ဆေးပင်တွေ နတ်ဆိုးသားရဲတွေလည်း မရှိဘူး။ ကျင့်ကြံသူတွေလည်း လာလေ့လာထ မရှိဘူး။ ဝိညာဥ်စွမ်းအင်တော့ အရမ်းနည်းပါးတယ်။ ဒါပေမယ့် လက်ထဲမှာ ဝိညာဥ်ကျောက် အလုံအလောက် ရှိနေလို့ စိတ်ပူစရာ မလိုဘူး။ ပထမအဆင့် ဝိညာဥ်စွမ်းအင်စုဆောင်းခြင်းအစီအရင် ဝယ်ထားတာလည်း ရှိတယ်။ အစက သူ့လိုဏ်ဂူအိမ်ထဲမှာပဲ အဆင့်တက်ဖို့ စိတ်ကူးထားပေမယ့် အကြီးအကဲရှီရှို့က အချိန်မရွေး အန္တရာယ်ပြုလာနိုင်လို့ ပြင်ပမှာပဲ အဆင့်တက်ဖို့ ရွေးချယ်ခဲ့ရတာ။

၂ နာရီလောက် ပျံသန်းအပြီး ရွေးချယ်ထားတဲ့ ချောက်ကမ်းပါးဆီ ရောက်ခဲ့တယ်။ ချောက်ကမ်းပါးက ပေတစ်ထောင်လောက် မြင့်မားတယ်။ လှည့်ပတ်ရှာရင်း အောက်ခြေနားမှာ လိုဏ်ဂူလို အက်ကြောင်းတစ်ခု တွေ့တယ်။ အရှည်က ပေ ၆၀ ကျော်မယ်၊ အမြင့်က အဝမှာ ၇ ပေလောက် မြင့်ပေမယ့်၊ အထဲရောက်တော့ ပိုနိမ့်သွားတယ်။ ပတ်ဝန်းကျင် အနေအထား ကောင်းပြီး၊ လုံလောက်တဲ့ဧရိယာ ရှိလို့ ဒီလိုဏ်ဂူကိုပဲ ရွေးလိုက်တယ်။

အတွင်းပိုင်းက ၄ ပေလောက်ပဲ မြင့်လို့ ထပ်ချဲ့ရမယ်။ စုန့်ဝမ်လည်း လျှို့ဝှက်နယ်မြေမှာ ရလာတဲ့အထဲက ပုဆိန်တစ်ခု ထုတ်ယူပြီး ကျောက်သားတွေကို ဖြိုချပြီး အခန်းတစ်ခု ဖန်တီးလိုက်တယ်။ ပုဆိန်က အလယ်အလတ်အဆင့် ဝိညာဥ်လက်နက်ဖြစ်လို့ သိပ်မကြာခင်မှာ စတုရန်းပေ ၆၀ ရှိ လိုဏ်ဂူအခန်းတစ်ခု ပုံပေါ်လာတယ်။

အခန်းပြင်ဆင်ပြီးတာနဲ့ အော်ရာဖုံးကွယ်အစီအရင်ကို နေရာချတယ်။ အဆင့်မြင့်အစီအရင်ဖြစ်လို့ နာရီဝက်လောက် အချိန်ပေးလိုက် ရတယ်။ ပြီးတာနဲ့ ဝိညာဥ်စုဆောင်းအစီအရင်ကို အတွင်းစည်းထဲမှာ နေရာချတယ်။ နေရာတကျ ဖြစ်တာနဲ့ ဝိညာဥ်ကျောက်တစ်ထောင်ကို အစီအစဥ်တကျ နေရာချပြီး အစီအရင်ပြားတွေ အသက်သွင်းလိုက်တယ်။ လိုဏ်ဂူအတွင်းမှာ ဝိညာဥ်စွမ်းအင် တရှိန်ထိုး မြင့်တက်သွားတယ်။

စုန့်ဝမ်လည်း နည်းနည်းစိတ်ပူတာနဲ့ အပြင်ပြန်ထွက်ပြီး အော်ရာဖုံးကွယ်အစီအရင် အလုပ်ဖြစ်ရဲ့လား ပြန်စစ်တယ်။ ဂူပေါက်ဝ ရပ်နေတာတောင် အတွင်းက ဝိညာဥ်စွမ်းအင်ကို အာရုံခံ မရတာ သေချာတော့မှ အထဲပြန်ဝင်ခဲ့တယ်။ အသင့်ဖြစ်ပေမယ့် အလောတကြီး မစသေးဘူး။ သိထားသလောက်ဆို အခြေတည်အဆင့် တက်တယ်ဆိုတာ ကျင့်ကြံမှုလမ်းပေါ် တကယ်ခြေချပြီး၊ ကျင့်ကြံသူစစ်စစ်ဖြစ်စေတဲ့ အဆင့်ပီပီ ခက်ခဲပြီး အန္တရာယ် များတယ်။ နည်းနည်းလေး တိမ်းစောင်းတာနဲ့ ဝိညာဥ်စွမ်းအင်တွေ ထိန်းချုပ်မှု ကင်းလွတ်ပြီး ဒဏ်ရာရနိုင်တယ်၊ အဆိုးဆုံးက ဝိညာဥ်ပင်လယ် ပျက်စီးပြီး သေသွားနိုင်တယ်။ ပြင်ပအနှောင့်အယှက် လုံးဝဝင်လို့ မရဘူး။ အစီအရင်နဲ့ ဖုံးကွယ်တာ မလုံလောက်သေးဘူး၊ အကာအကွယ်ပေးမယ့် ခံစစ်တစ်ခု တည်ဆောက်ရဦးမယ်။

ပထမဆုံး နှလုံးအိမ်ထဲ ထည့်သိမ်းထားတဲ့ သိုလှောင်လက်စွပ်ကို ထုတ်တယ်။ ထုံးစံအတိုင်း သေလုမျောပါးဝေဒနာ ခံစားရပြီး ၆ နာရီလောက်နေမှ ပြန်လှုပ်ရှားနိုင်တယ်။ လှုပ်ရှားနိုင်တာနဲ့ ဝူစွေ့ဆီက ရလာတဲ့ ဒုတိယအဆင့် အလောင်းရုပ်သေးကို ထုတ်ယူပြီး ပြင်ဆင်သန့်စင်ဖို့ စလုပ်ခဲ့တယ်။ ဝူယင် မမှတ်မိစေဖို့ တလက်စထဲ ပုံစံရော၊ အော်ရာပါ ပြောင်းရမှာဖြစ်လို့ အနက်ရောင်ခေါင်းတလားထဲ လိုအပ်တဲ့ပစ္စည်းတွေ ထည့်သွင်းပြီး စသန့်စင်တယ်။ နှစ်ရက်နေတော့မှ သန့်စင်တာ ပြီးစီးတယ်။ အရွယ်အစား ပိုသေးသွားသလို၊ ပုံသဏ္ဍာန်လည်း အတော်လေး ပြောင်းသွားတယ်။ အော်ရာကတော့ လုံးဝပြောင်းသွားပြီ။

......

All Chapters