အခြေတည်နယ်ပယ် တက်ခဲ့ပြီ
Vol. 9 Ch. 98
အားလုံး အသင့်ဖြစ်တာနဲ့ မဟူရာကူ ၈ ကောင်ကို ငါးမိုင်ပတ်လည်အတွင်း ဖြန့်ကြတ်ထားပြီး၊ ဒုတိယအဆင့် အလောင်းရုပ်သေးကို လိုဏ်ဂူဝနားမှာ နေရာချထားလိုက်တယ်။ ဒီခံစစ်အင်အားက အခြေတည်နယ်ပယ် အစောပိုင်းကျင့်ကြံသူကို နာရီဝက်လောက် ဟန့်တားနိုင်ဖို့ လုံလောက်တယ်။ လုံခြုံရေး စိတ်ချရတာနဲ့ အစီအရင်ထဲ ဝိညာဥ်ကျောက်တစ်ထောင် ထပ်ဖြည့်ပြီး အဆင့်တက်ဖို့ ပြင်ဆင်မှု စလုပ်ပါတော့တယ်။
ကနဦးအဆင့်အနေနဲ့ စိတ်ရော၊ ဝိညာဥ်စွမ်းအင်ပါ တည်ငြိမ်အောင် စုစည်းတည်ဆောက်တယ်။ ၅ ရက်နေတော့ အသင့်အနေအထား ရောက်တာနဲ့ ကောင်းကင်ဝိညာဥ်သစ်သီးကို ထုတ်ယူတယ်။ ဒီသစ်သီးရဲ့ ပြင်းထန်တဲ့ အာနိသင်ကို ထိန်းညှိဖို့ လေဝိညာဥ်မြက် အပါအဝင် တွဲဖက်ဆေးပင် ၅ မျိုးကိုလည်း အသင့်ပြင်တယ်။
ဝိညာဥ်ဆေးပင်တွေ ထုတ်ပြီးတာနဲ့ ကောင်ကင်ဝိညာဥ်သစ်သီးကို မျိုချလိုက်တယ်။ ချက်ချင်းဆိုသလို ဝမ်းဗိုက်တစ်ခုလုံး အေးမြသွားပြီး၊ ဒီခံစားချက်က တစ်ကိုယ်လုံးဆီ ပြန့်သွားတယ်။ ဒီမှာတင် ပွက်ပွက်ဆူနေတဲ့ ဆီပူအိုးထဲ ရေအေးတစ်ပုံး လောင်းချသလို ဖြစ်သွားပြီး ဝိညာဥ်စွမ်းအင်တွေ အလွန်အမင်း မြင့်တက်လာတယ်၊ ခဏနေတော့ ထိန်းချုပ်မှု လွတ်လုနီးနီး ဖြစ်လာတယ်။ စုန့်ဝမ်လည်း ကောင်းကင်ဝိညာဥ်သစ်သီးရဲ့ ပြင်းထန်တဲ့ အာနိသင်ကို ထိန်းချုပ်ဖို့ တွဲဖက်ဆေးပင်တွေကို ဆက်တိုက်မျိုချလိုက်တယ်။
တွဲဖက်ဆေးပင်တွေက အာနိသင် ပြပေမယ့် ဝိညာဥ်စွမ်းအင် တည်ငြိမ်အောင် ထိန်းချုပ်ဖို့ထိတော့ အကူအညီ မရဘူး။ စုန့်ဝမ်က ဆေးမီးဖိုအစား ခန္ဓာကိုယ်ကို တိုက်ရိုက် အသုံးချနေလို့ ဘယ်လိုမှ ချိန်သားမကိုက် ဖြစ်နေတယ်။ သိပ်မကြာခင် တွဲဖက်ဆေးပင်တွေ အာနိသင် ကုန်ခမ်းပြီး ကောင်းကင်ဝိညာဥ်သစ်သီးစွမ်းအင်က ပိုအရှိန်ပြင်းလာတယ်။ ဝိညာဥ်စွမ်းအင်ကလည်း ထိန်းချုပ်မှု လွတ်လုနီးနီး ဖြစ်လာတယ်။
“ငါ့ကိုယ်ငါ အတော်အထင်ကြီးမိသွားတာပဲ၊ ဒီတိုင်းဆို ခဏနေ ဝိညာဥ်ပင်လယ် ပေါက်ကွဲမှာ သေချာနေပြီ။ ဒီလိုဆိုမှတော့ .. ကဲကွာ”
စုန့်ဝမ် တုံ့ဆိုင်းမနေဘဲ အစာအိမ်နေရာကို ညာလက်နဲ့ ခပ်ပြင်းပြင်း ရိုက်ချလိုက်တယ်။ ချက်ချင်းဆိုသလို ပျို့တက်လာပြီး အစာိမ်ထဲက ရှိရှိသမျှအရာတွေ အန်ထွက်ကုန်ပါတော့တယ်။
အန်ထုတ်ပြီးတာနဲ့ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ် လည်ပတ်ပြီး၊ ကမောက်ကမ ဖြစ်နေတဲ့ ဝိညာဥ်ဆေးပင်တွေက ဝင်ရောက်လာတဲ့ ပြင်ပဝိညာဥ်စွမ်းအင်ကို တတ်နိုင်သမျှ ထိန်းချုပ်ချေဖျက်ရင်း ပြန်စွန့်ထုတ်နေရတယ်။
နှစ်ရက်လောက် အသည်းအသန် ကြိုးစားပြီးတော့မှ ကမောက်ကမ ဖြစ်နေတဲ့ ဝိညာဥ်စွမ်းအင်တွေကို ပြန်ထိန်းချုပ်လိုက်နိုင်တယ်။ အခြေအနေ ပြန်တည်ငြိမ်တာနဲ့ ကောင်းကင်ဝိညာဥ်သစ်သီး နောက်တစ်လုံးကို စားလိုက်ပြန်တယ်။ အစာအိမ်ထဲ ရောက်တာနဲ့ ဝိညာဥ်စွမ်းအင်တွေ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာတယ်။ လှိုင်းထန်နေတဲ့ ဝိညာဥ်စွမ်းအင်တွေက ဆူနာမီလှိုင်းကြီးလို ခန္ဓာကိုယ်အနှံ့ စီးဆင်းရွေ့လျားနေတယ်။
အသည်းခိုက်အောင် နာကျင်နေသလို သွေးကြောသွေလည်း ဖောင်းကားကြွတက်လာတယ်။ သိပ်မကြာခင် အရေပြားပေါ်မှာ အက်ကြောင်းငယ်တွေ ပေါ်လာပြီး သွေးတွေတစိမ့်စိမ့် ထွက်လာတယ်။ ဒီတစ်ခေါက်တော့ စုန့်ဝမ် သင်ခန်းစာရသွားပြီ၊ ထိန်းညှိဖို့ တွဲဖက်ဆေးပင်တွေ မစားတော့ဘူး။ အံကြိတ်တင်းခံရင်း အလောင်းဘုရင်သွေးသန့်စင်နည်းအတိုင်း ဝိညာဥ်စွမ်းအင်ကို လည်ပတ်အောင် အာရုံစိုက် ထိန်းချုပ်နေတယ်။
သွေးအဆီအနှစ် ကုန်ခမ်းမှာကို စိုးရိမ်ဖို့ မလိုတာက တပန်းသာနေတယ်။ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် ကျင့်ကြံခဲ့တဲ့အကျိုးက ဒီအချိန်မှာ သိသိသာသာ ပေါ်လာတယ်။ ကိုယ်ခန္ဓာကျင့်စဥ်တွေ ကျင့်ကြံခဲ့တော့ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုက အခြေတည်နယ်ပယ် အစောပိုင်းအဆင့်ထက် သာလွန်နေတယ်။ ဒါကြောင့်ပဲ ကောင်းကင်ဝိညာဥ်သစ်သီး အာနိသင်ကြောင့် သွေးကြောနဲ့ ကြွက်သားတွေ ပြတ်တောက် သေဆုံးမယ့်ဘေးက လွတ်မြောက်ခဲ့တာ။
နေ့တစ်ဝက်လောက် ကြိုးစားပြီးတော့မှ ဗြောင်းဆန်နေတဲ့ ဝိညာဥ်စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီး ဝိညာဥ်ပင်လယ်ထဲ စနစ်တကျ စီးဝင်အောင် ထိန်းချုပ်နိုင်ခဲ့တယ်။ ဝိညာဥ်ပင်လယ်မှာ ဝိညာဥ်စွမ်းအား မြင့်တက်လာပေမယ့် အပြည့်ဖြစ်ပြီး၊ အရည်အဖြစ် သိပ်သည်းဖို့ မလုံလောက်သေးဘူး။ အတော်လိုသေးတယ်။
ဒီအချိန်မှာ ကောင်းကင်ဝိညာဥ်သစ်သီးရဲ့ အာနိသင် လျော့ကျလာတာ သတိထားမိလို့ နောက်ထပ်တစ်လုံး ထပ်စားလိုက်တယ်။ ထုံးစံအတိုင်း ဝိညာဥ်စွမ်းအင်တွေ တရှိန်ထိုး ထွက်ပေါ်လာပြီး ဗြောင်းဆန်သွားပြန်တယ်။ ဒီတစ်ခါတော့ အတွေ့အကြုံ ရသွားပြီဖြစ်လို့ တစ်နာရီအတွင်း ထိန်းချုပ်နိုင်ပြီး ဝိညာဥ်ပင်လယ်ဆီ စီးဝင်စေခဲ့တယ်။
ဝိညာဥ်စွမ်းအင်တွေ အဆက်မပြတ် စီးဝင်လာတာကြောင့် တဖြည်းဖြည်းနဲ့ ဝိညာဥ်ပင်လယ် ပြည့်လျှံလာတယ်။ သိပ်မကြာခင် ဝိညာဥ်ပင်လယ် ပေါက်ကွဲလုမတတ် ဖြစ်လာတယ်။ အဆင့်ချိုးဖျက်ဖို့က ဝိညာဥ်စွမ်းအင်ကို အရည်အဖြစ် သိပ်သည်းရမှာ၊ ဒီအတွက် သိပ်သည်းအမှတ် ရှိတယ်။ ဒါကလည်း ဝိညာဥ်ပင်လယ် ပေါက်ကွဲမယ့်အမှတ်နဲ့ ပါးပါးလေးပဲ ခြားတယ်။ အနှောင့်အယှက်တစ်ခုကြောင့် မသိပ်သည်းနိုင်ခဲ့ရင် ပေါက်ကွဲဖို့ပဲ ရှိတယ်။
ခဏနေတော့ ဝိညာဥ်စွမ်းအင် သိပ်သည်းမှု အဆုံးထိ ရောက်ခဲ့ပြီး ဝိညာဥ်ပင်လယ် အလယ်ဗဟိုမှာ ဝိညာဥ်စွမ်းအင်အရည်တစ်စက် စပေါ်လာတယ်။
ဝိညာဥ်စွမ်းအင်အရည် .. ဒါက အခြေတည်အဆင့် တက်လှမ်းခြင်း လက္ခဏာပဲ။ ဒါပေမယ့် အစပဲ ရှိသေးတယ်။ ဝိညာဥ်ပင်လယ်မှာ အရည်အဖြစ် မပြောင်းသေးတဲ့ ဝိညာဥ်စွမ်းအင် အလျှံအပယ် ရှိနေသေးလို့ ဆက်ကြိုးစားရဦးမယ်။ စုန့်ဝမ်လည်း အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်ကို လည်ပတ်ရင်း ကောင်းကင်ဝိညာဥ်သစ်သီးရဲ့ စွမ်းအားကို သန့်စင်နေသလို တစ်ဖက်ကလည်း ပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဥ်စွမ်းအင်တွေကို မြန်မြန်ဆန်ဆန် စုပ်ယူနေတယ်။
ဒီချောက်ကမ်းပါးက ဝိညာဥ်စွမ်းအင် နည်းပါးတဲ့နေရာဖြစ်လို့ စုပ်ယူဖို့ မလုံလောက်ဘူး။ ဒါနဲ့ ထိုင်ရာမထဘဲ နောက်ထပ် ဝိညာဥ်ကျောက်တစ်ထောင် ပစ်သွင်းပြီး ဝိညာဥ်စုဆောင်းအစီအရင်ကို အားမြှင့်လိုက်တယ်။ ချက်ချင်းဆိုသလို လိုဏ်ဂူထဲမှာ ဝိညာဥ်စွမ်းအင် အလွန်အမင်း အားကောင်းလာပြီး စုန့်ဝမ်လည်း အားပါးတရ စုပ်ယူနိုင်ခဲ့တယ်။ ဝိညာဥ်ပင်လယ်မှာလည်း ဝိညာဥ်စွမ်းအင်အရည်တွေ ဆက်တိုက် တိုးပွားလာတယ်။
.....
၁၅ ရက်တိတိ ကြာပြီးချိန်မှာတော့ စုန့်ဝမ် အောင်မြင်ခဲ့ပြီ။ ဝိညာဥ်စွမ်းအင်တွေကို ဝိညာဥ်စွမ်းအင်အရည်အဖြစ် အပြည့်အဝ ပြောင်းလဲနိုင်ခဲ့ပြီ။
အခု စုန့်ဝမ် အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ပြီ။ ကျင့်ကြံမှုလမ်းပေါ် အမှန်တကယ် ခြေချမိပြီး အင်မော်တယ်အိပ်မက် မက်ခွင့်ရပြီ။
အဆင့်ချိုးဖျက်နိုင်ခဲ့ပေမယ့် စုန့်ဝမ် အလျင်စလို မလုပ်ဘူး။ ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေကို ပုံမှန်အတိုင်း တည်ငြိမ်အောင် ဆက်ထိန်းညှိနေခဲ့တယ်။ ၅ နာရီကြာ ကျင့်ကြံပြီး အရာရာ ပုံမှန်အတိုင်း လည်ပတ်တော့မှပဲ ကျင့်ကြံမှုကို ရပ်လိုက်တယ်။
........
အဆင့်ချိုးဖျက်ရင်း ရက် ၂၀ လောက် အချိန်ကုန်ခဲ့ပြီဆိုတော့ ဂိုဏ်းကို ပြန်ဖို့ အချိန်ရောက်ပြီ။ မြေအောက်တစ္ဆေစျေးကနေ အလောင်းခွဲစိတ်ဂူ ကြီးကြပ်သူဆီ ဆက်သွယ်ပြီး ခွင့်တစ်လယူခဲ့တာ ၁၀ ရက်ပဲ ကျန်တော့တယ်။ ဂိုဏ်းထဲ ပြန်ရောက်ရင် အကြီးအကဲရှီရှို့ မရိပ်မိအောင် ကျင့်ကြံမှုကို ချီစုစည်းခြင်း ပဥ္စမအဆင့်ထိ ပြန်ဖိနှိပ်ထားလိုက်တယ်။
စုန့်ဝမ် မန္တန်အစီအရင်ပြားတွေ ထုတ်ယူပြီး အစီအရင်နှစ်ခုလုံး ပြန်ရုပ်သိမ်းခဲ့တယ်။ ဂူအပြင်ဘက် ထွက်လာရင်း အလောင်းရုပ်သေးနဲ့ မဟူရာကူ ၈ ကောင်ကိုလည်း ပြန်သိမ်းလိုက်တယ်။ အားလုံး လက်စသတ်ပြီးတာနဲ့ လှေပျံ စီးနင်းပြီး ဂိုဏ်းဆီ ပြန်လာခဲ့တယ်။ အဆင့်တက်တဲ့ကာလမှာ အဆင့်နိမ့်ဝိညာဥ်ကျောက် နှစ်ထောင်နဲ့ ကောင်းကင်ဝိညာဥ်သစ်သီး ၃ လုံး ကုန်ခဲ့တယ်။ စုန့်ဝမ်လက်ထဲ ကောင်းကင်ဝိညာဥ်သစ်သီး ၄ လုံး ကျန်နေသေးတယ်။
ဂိုဏ်းနဲ့ ၁၀ မိုင်အကွာ ရောက်တာနဲ့ လှေပျံကို သိမ်းပြီး လမ်းလျှောက်ဝင်ခဲ့တယ်။ ချီစုစည်းခြင်း ပဥ္စမအဆင့်နဲ့ လှေပျံကို ထုတ်စီးနေတာက ပြဿနာကို လက်ယပ်ခေါ်ရာ ရောက်မယ်။ တောင်ခြေစျေးကို ဖြတ်လျှောက်လာချိန် တွေ့သမျှ လူတိုင်းလိိုလို ချီစုစည်းခြင်းနယ်ပယ်ပဲ ရှိကြလို့ နည်းနည်းတောင် ဘဝင်မြင့်ချင်သလို ဖြစ်လာတယ်။ အခြေတည်နယ်ပယ်ရှိသူက ၃ ယောက်လားပဲ တွေ့ရတယ်။ ထူးခြားတာက တစ်ကိုယ်တော် လေလွင့်ကျင့်ကြံသူတွေ ခါတိုင်းထက် သိသိသာသာ များနေတာပဲ။
ချန်ယီဆိုင်ရှေ့အရောက် ဆိုင်မှာ လူရှင်းနေတာနဲ့ ဝင်နှုတ်ဆက်လိုက်တယ်။
“ညီမချန် .. မတွေ့တာ ကြာပြီ၊ အဆင်ပြေရဲ့လား”
“အကိုကျိယင် .. ဒီရက်ပိုင်း ဘယ်ပျောက်နေတာလဲ။ မတွေ့တာ အတော်ကြာပြီ။ ကျမ စာတွေ ပို့ထားတယ်၊ အကို ပြန်မဖြေလို့ စိတ်ပူနေတာ၊ မတွေ့လို့လား”
“ခရီးဝေး ထွက်နေတာ၊ အဲဒါကြောင့် စာမဝင်တာ ဖြစ်မယ်။ ကိစ္စရှိလို့လား”
သတင်းပို့အဆောင်တွေက ခရီးဝေးရင် သိပ်အလုပ်မဖြစ်ဘူး၊ သူတို့ ကိုင်တဲ့အဆင့်ဆို မိုင် ၅၀ ကျော်ရင် ဆက်သွယ်လို့ မရဘူး။
“အရေးကြီးကိစ္စ မဟုတ်ပါဘူး။ ဒီရက်ပိုင်း စိတ်ညစ်နေလို့ စကားပြောဖော် ရှာတာပါ”
“ဒီလိုလား၊ အခု ငါအချိန်ရတယ်၊ ပြောလေ။ စိတ်ညစ်စရာတွေ မျိုသိပ်မထားနဲ့၊ မတော်ရင် အတွင်းစိတ်နတ်ဆိုး ဝင်လိမ့်မယ်”
ချန်ယီလည်း တစ်ခုခုပြောဖို့ ပြင်လိုက်သေးတယ်၊ ပြီးတော့မှ မပြောဘဲ နှုတ်ဆိတ်သွားတယ်။
“ထားလိုက်ပါ၊ သာမန်ကိစ္စလေးပါပဲ။ အခု ပြီးသွားပါပြီ။ ကျမလည်း စိတ်သက်သာရာရပြီဆိုတော့ ပြန်မတွေးချင်တော့ဘူး”
စုန့်ဝမ် ခေါင်းညိမ့်ရင်း အလိုက်တသိ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
“အရောင်းအဝယ် ကောင်းရဲ့လား။ စျေးထဲမှာ တစ်ကိုယ်တော် ကျင့်ကြံသူလူသစ်တွေ အများကြီး တွေ့မိတယ်”
“လူသစ်တွေက ဝိညာဥ်ဆေးပင် သိပ်မဝယ်ဘူး အကို၊ သူတို့က မှော်အဆောင်တွေပဲ ဝယ်ကြတယ်။ ဘာလို့လဲတော့ မသိဘူး”
စုန့်ဝမ် ခဏလောက် စကားဆက်ပြောပြီးမှ လိုဏ်ဂူအိမ်ဆီ ပြန်လာခဲ့တယ်။ တောက်လျှောက် လှုပ်ရှားနေခဲ့တာဆိုတော့ ကျင့်ကြံမနေတော့ဘဲ အားပါးတရ အိပ်ပစ်လိုက်တယ်။
..........
နောက်နေ့ မနက်စောစော အလောင်းခွဲစိတ်ဂူဆီ ထွက်လာခဲ့တယ်။ လျှို့ဝှက်နယ်မြေခရီးနဲ့ အဆင့်တက်ဖို့ သွားခဲ့တဲ့ခရီး ပေါင်းရင် ခွင့်တစ်လ ပြည့်ပြီ။ ဒီနေ့က အလုပ်ပြန်ဝင်ရမယ့်နေ့။
အလောင်းခွဲစိတ်ဂူ ရောက်တာနဲ့ အုပ်ချုပ်ရေးမှူးဖုန့်သန်းကို သတင်းပို့တယ်။ သူက ယွမ်ချန်နဲ့ မတူဘူး၊ စကားနည်းပြီး သီးသန့်နေတတ်တယ်။ ခုလည်း စုန့်ဝမ် သတင်းပို့တာနဲ့ စကားအပို မပြောဘဲ ပစ္စည်းတွေ ထုတ်ပေးတယ်။
“ကျိယင် .. မင်းက ခွင့်တစ်လ ယူတော့ စည်းကမ်းအရ ဒီလခွဲတမ်းကို နောက် ၃ လအတွင်း ပြန်ဖြည့်ရမယ်။ ဒီနေ့ကစပြီး အလောင်း ၂၀၀ ခွဲစိတ်ရမယ်။ ကန့်ကွက်စရာ ရှိသေးလား”
“မရှိပါဘူး .. အုပ်ချုပ်ရေးမှူး”
စုန့်ဝမ်လည်း သိုလှောင်အိတ်တွေ လက်ခံရယူပြီး တာဝန်ကျ အလောင်းခွဲစိတ်စင် အမှတ်(၇၃)ဆီ ထွက်လာခဲ့တယ်။
ခွဲစိတ်စင် ရောက်တာနဲ့ အလောင်းတစ်လောင်း ထုတ်ယူပြီး စခွဲစိတ်တယ်။ အရင်လို မြန်မြန်ဆန်ဆန် မလုပ်တော့ဘဲ ပုံမှန်နှုန်းနဲ့ စည်းချက်ညီညီ ခွဲစိတ်နေခဲ့တယ်။
နှစ်ရှည်လုပ်လာခဲ့လို့ပဲလား မသိ၊ စုန့်ဝမ်အတွက် အလောင်းတွေ ခွဲစိတ်ရတာ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းလို ဖြစ်လာတယ်။ တာအိုဝါဒီတွေ ကျမ်းစာ ရွတ်သလို၊ ဗုဒ္ဓဘာသာရဟန်းတွေ ဗုဒ္ဓကျမ်းစာ ရွတ်ဖတ်သလိုပေါ့။ အလောင်းခွဲစိတ် နေချိန်မှာ စိတ်တည်ငြိမ်ပြီး ကြည်လင်နေခဲ့တယ်။ အစောပိုင်းက ကျွမ်းကျင်သားသတ်သမားလို ခံစားရပေမယ့် အခုတော့ စာပေပညာရှင်တွေ ကဗျာစပ်သလို ခံစားနေမိပြီ။ သေသေသပ်သပ် ခွဲထုတ်လိုက်တဲ့ ကိုယ်တွင်းအဂ်ါတွေက လက်ရာမြောက်ကဗျာတစ်ပုဒ်လိုပဲ။
တာဝန်ချိန် ပြီးတာနဲ့ လိုဏ်ဂူဆီ ပြန်၊ ရေချိုးသန့်စင်ပြီး တောင်ပေါ်မှာရှိတဲ့ ကျမ်းစာဆောင်ဆီ ထွက်လာခဲ့တယ်။ လက်ရှိ ကျင့်ကြံနေတဲ့ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်က ချီစုစည်းခြင်းအဆင့်ထိပဲ ပါတယ်။ ကျင့်ကြံမှု မြှင့်တင်ဖို့ဆို အခြေတည်အဆင့်ကျင့်စဥ်တွေ လိုလာပြီလေ။
............