နတ်ဆိုးကျင့်ကြံသူ ပီသပါပေတယ်
Vol. 9 Ch. 100
လေးရက်လောက်နေတော့ ချန်ဖေးဟဲက နွေဦးလေပြေရိပ်သာမှာ တွေ့ကြဖို့ ချိန်းတယ်။ စုန့်ဝမ်က စောစောရောက်လို့ စားသောက်ရင်း စောင့်နေခဲ့တယ်။ ခဏနေတော့ ချန်ဖေးဟဲလည်း ကွတကွတနဲ့ ရောက်လာတယ်။
“အကြီးအကဲချန် အဆင်ပြေရဲ့လား”
“ရတယ် .. ရတယ်၊ မင်းပေးတဲ့ ဝတ်စုံတွေက အရမ်းမိုက်တယ်။ အရင်နေ့တွေက အပြင်တောင် မထွက််လိုက်ရဘူး”
ချန်ဖေးဟဲက ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် စုန့်ဝမ်ခမျာ ဖင်ကျုံ့ထားလိုက်တယ်။
“သဘောကျတယ်ဆိုရင် ဝမ်းသာပါတယ်ဗျာ။ ဒီနေ့ရော ဘာကိစ္စများ ရှိလို့လဲ မသိဘူး”
“ငါ့ညီမှာ နောက်ထပ် ဝတ်စုံဆန်းဆန်းလေးတွေ ရှိသေးလား မေးချင််လို့ပါ”
စုန့်ဝမ် အံအားသင့်သွားတယ်။ လမ်းလျှောက်တော့ဖြင့် ကွတတ၊ ထိုင်ခုံမှာတောင် အစွန်းလေးမှာ တစာင်းထိုင်နေရတဲ့ကြားက စစ်ရှိန်မြှင့်ချင်သေးတယ်တဲ့လား။
“ရှိတော့ ရှိပါတယ်၊ ဒါပေမယ့် အကြီးအကဲချန် ခန္ဓာကိုယ်က တောင့်ခံနိုင်ပါဦးမလား”
“ရပါတယ် .. ငါ့မှာ ဆေးစွမ်းကောင်းတွေ ရှိတယ်”
ချန်ဖေးဟဲ အရှက်ပြေရယ်ရင်း ပြန်ဖြေလာတယ်။
စုန့်ဝမ်လည်း ဆက်မမေးတော့ဘဲ သိုလှောင်အိတ်တစ်ခု ထုတ်ပေးလိုက်တယ်။ ချန်ဖေးဟဲလည်း ကြည့်ပြီးတာနဲ့ ဝမ်းသာသွားလို့ ခဏတဖြုတ်ပဲ စကားပြောပြီး ပြန်ပြေးသွားတယ်။
စုန့်ဝမ်လည်း ဓားပျံစီးပြီး တက်တက်ကြွကြွ ပြန်သွားတဲ့ ချန်ဖေးဟဲကို ကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။ ဒီတစ်ခါ ပေးလိုက်တာက အစေခံဝတ်စုံ၊ မြေခွေးမလေးဝတ်စုံနဲ့ ယုန်မလေးဝတ်စုံတွေပါ ပါတယ်။ နောက်တစ်ကြိမ် ပြန်ဆုံရင် ချန်ဖေးဟဲတစ်ယောက် ထမ်းစင်စီးပြီး မလာရဖို့ စိတ်ရင်းနဲ့ ဆုတောင်းလိုက်မိတယ်။ ချန်ဖေးဟဲဆီက အကြီးအကဲတံဆိပ် ပွားယူချင်လို့သာ လုပ်နေရတာ ဒါကြီးက လူသတ်၊ လုယက်တာထက် စိတ်ကသိကအောင့် ဖြစ်စရာပဲ။
.......
လိုဏ်ဂူအိမ်ရှေ့အရောက် မျှော်လင့်မထားတဲ့ ဧည့်သည်တစ်ယောက်ကို စုန့်ဝမ် တွေ့လိုက်ရတယ်။
ရှီရှို့ .. သူ့ကို အလောင်းနတ်ဆိုးဂိုဏ်းဆီ ခေါ်လာသူ၊ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ် ကျင့်ကြံခိုင်းသူ၊ သူ့ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး။ စုန့်ဝမ် ခေါင်းထဲ အန္တရာယ် သတိပေးချက်တွေ ပဲ့တင်ရိုက်ခတ်သွားတယ်။
ဘာလုပ်ရင် ကောင်းမလဲ၊ ထွက်ပြေးလည်း လွတ်မှာ မဟုတ်ဘူး။ ခုခံရင်လည်း မနိုင်နိုင်တဲ့အပြင် ကျင့်ကြံမှုအဆင့် ဖုံးကွယ်တာပါ ပေါ်သွားလိမ့်မယ်။ ဟန်ဆောင်လက်စနဲ့ ဆက်ဟန်ဆောင်ပြီး မီးစင်ကြည့်ကဖို့ ဆုံးဖြတ်လိုက်ရတယ်။
“ကျိယင် .. မင်းက ငါ့ကို အကြာကြီး စောင့်ခိုင်းထားတာပဲ”
“တပည့်ကျိယင် .. အကြီးအကဲကို အရိုအသေ ပြုပါတယ်။ မတွေ့တာ ကြာပေမယ့် အကြီးအကဲက အရင်လို သန်မာနေတာ တွေ့ရလို့ ဝမ်းမြောက်မိပါတယ်”
ရှီရှို့က စုန့်ဝမ်စကားကို အလေးမထားဘဲ စိုက်ကြည့်ရင်း အေးစက်စက် ပြုံးလိုက်တယ်။
“ကျိယင် .. မင်းက အတော့်ကို သိုသိုသိပ်သိပ် နေနိုင်ခဲ့တာပဲ”
စုန့်ဝမ် လန့်သွားပေမယ့် အမူအရာ မပျက်အောင် ထိန်းပြီး အံသြဟန်ဆောင်လိုက်တယ်။ သူဖုံးဖိထားတဲ့ ကျင့်ကြံမှုအဆင့်ကို ဝူယင်လို ရွှေအမြုတေအဆင့်တောင် မရိပ်စားမိတာ ရှီရှို့လို အခြေတည်အဆင့်က သိစရာ အကြောင်းမရှိဘူး။ ဆက်ပြောလာတဲ့ ရှီရှို့စကား ကြားတော့မှ စုန့်ဝမ် နည်းနည်းစိတ်အေးသွားတယ်။
“တုချိုးရဲ့ဝိညာဥ် အပိုင်းအစ ပျောက်ကွယ်သွားပြီ။ အဲဒါ မင်းပယောဂ မကင်းဘူး မဟုတ်လား”
တုချိုးကို သတ်ချိန်က ဘာခြေရာလက်ရာမှ မကျန်ခဲ့တာ စုန့်ဝမ် အသိဆုံးပဲ။ ခြေရာခံမိရင် စည်းကမ်းထိန်းခန်းမက ရောက်လာမှာ၊ ရှီရှို့က ထင်ကြေးနဲ့ စွပ်စွဲနေတာပါ။
“ဗျာ .. စီနီယာတုချိုး သေသွားပြီလား။ သူက ကျနော့်အပေါ် အများကြီး ကောင်းခဲ့သူပါ။ ကျင့်ကြံတာ နားမလည်ရင် သူပဲ ရှင်းပြခဲ့တာ၊ တကယ်ဆိုရင် စိတ်မကောင်းပါဘူး”
ရှီရှို့က ဘာမှမပြောဘဲ အေးစက်စက် ကြည့်နေလို့ စုန့်ဝမ် အနေခက်လာတယ်။
“အကြီးအကဲရှီ အထင်လွဲနေပြီ ထင်တယ်။ ကျနော့် ကျင့်ကြံမှုအဆင့်က စီနီယာတုချိုးထက် နိမ့်ကျတာ။ ဘယ်လိုလုပ် သူ့ကို သတ်ဖြတ်နိုင်မှာလဲ”
“လျှို့ဝှက်နယ်မြေက ပြန်လာပြီး ရက် ၂၀ လုံး ပျောက်နေတာကို မင်းဘယ်လို ရှင်းပြချင်လဲ”
စုန့်ဝမ် ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ တော်ရုံလူဆို လှည့်ဖျားဖို့ လွယ်ပေမယ့် ရှီရှို့လိုလူကို လိမ်ဖို့ မလွယ်ဘူး။ စုန့်ဝမ် တွေဝေနေချိန် ရှီရှို့ ဘယ်လက်ကို ဝေ့ယမ်းလိုက်တယ်။ ချက်ချင်းဆိုသလို ဝိညာဥ်စွမ်းအင် အချုပ်အနှောင်တစ်ခု ကျရောက်လာတယ်။ အသေသတ်ဖို့ ရည်ရွယ်တာ မဟုတ်လို့ စုန့်ဝမ် ငြိမ်ခံလိုက်တယ်။
စုန့်ဝမ်ကို ဖမ်းချုပ်ပြီးတာနဲ့ ရှီရှို့က ဓားပျံစီးနင်းရင်း အတူခေါ်ပြီး ပျံသန်းသွားတယ်။ သူ့ကို ချုပ်နှောင်တဲ့အင်အားပမာဏက ချီစုစည်းခြင်း အဋ္ဌမအဆင့်တောင် ရုန်းထွက်နိုင်တဲ့ ပမာဏဆိုတော့ ဖုံးဖိထားတဲ့ ကျင့်ကြံမှုအဆင့်ကို မရိပ်မိတာ သေချာပြီ။ ရှီရှို့က ဂိုဏ်းဌာနချုပ် အပြင်ဘက်ဆီ ဦးတည်နေလို့ စုန့်ဝမ် ဝမ်းသာသွားတယ်။ ဂိုဏ်းဧရိယာထဲဆို တစ်ခုခု လှုပ်ရှားမယ်ဆို လူသူသိမှာ စိုးရိမ်ရသေးတယ်လေ။
သိပ်မကြာခင် ဂိုဏ်းကနေ မိုင်တစ်ရာလောက် ဝေးတဲ့နေရာဆီ ရောက်လာတယ်။ ရှီရှို့က ရှေ့ဆက်မပျံတော့ဘဲ ချိုင့်ဝှမ်းတစ်ခုဆီ ဦးတည်ထိုးဆင်းခဲ့တယ်။ စုန့်ဝမ်ရဲ့ ထက်မြက်တဲ့ ဝိညာဥ်အာရုံက ချိုင့်ဝှမ်းထဲက ဂူတစ်လုံးမှာ လူ ၈ ယောက် ရှိနေတာကို အာရုံခံမိတယ်၊ ချီစုစည်းခြင်း သတ္တမအဆင့် တစ်ယောက်နဲ့ ဆဋ္ဌမအဆင့် ၆ ယောက်၊ ထူးဆန်းတာက သူတို့အော်ရာတွေ။ အားလုံးက အလောင်းဘုရင်သွေးသန့်စင်နည်းစနစ် ကျင့်ကြံသူတွေချည်းပဲ။
ရှီရှို့က စုန့်ဝမ်ကို လိုဏ်ဂူထဲ ဆွဲခေါ်သွင်းလာတယ်။ လိုဏ်ဂူရဲ့ အလယ်ဗဟိုမှာ အစီအရင်တစ်ခု ထွင်းထုထားပြီး ပတ်လည်မှာ ကျောက်တိုင် ၉ ခု ဝန်းရံနေတယ်။ ခုနက စုန့်ဝမ် အာရုံခံမိသူတွေက ကျောက်တိုင်မှာ သံကြိုးကြီးတွေနဲ့ ချည်နှောင်ခံထားရတယ်။ ချီစုစည်းခြင်း သတ္တမအဆင့်က အမျိုးသမီးတစ်ယောက်၊ အသက် ၄၀ အရွယ်လောက် ရှိပေမယ့် လှပနေဆဲပဲ။ ကျန်တာက လူငယ်တွေ။
ရှီရှို့ကို မြင်တာနဲ့ အမျိုးသမီး မျက်နှာမှာ ဝမ်းနည်းမှုနဲ့ နားမလည်မှုတွေ ရောထွေးပြီး ဇဝေဇဝါနဲ့ မေးလာတယ်။
“ယောက်ျား .. ဘာလို့ ကျမနဲ့ ဒီလူတွေကို ဖမ်းထားတာလဲ။ ရှင်ဘာလုပ်ဖို့ ကြံစည်နေတာလဲ”
ဘေးက ကျောက်တိုင်မှာ ချုပ်နှောင်ခံထားရတဲ့လူငယ်က ဒေါသတကြီး ဝင်ပြောလာတယ်။
“ဆရာမ .. နားမလည်သေးဘူးလား။ ကျနော်တို့အားလုံးက ဓာတ်ငါးပါးဝိညာဥ်အမြစ် ရှိသူတွေ၊ ရှီရှို့ပေးတဲ့ အလောင်းဘုရင်သွေးသန့်စင်ပညာ ကျင့်ကြံသူတွေချည်းပဲ။ သူက ကျနော်တို့ကို သူ့ကျင့်ကြံမှု အဆင့်မြှင့်ဖို့ အသုံးချတော့မှာ”
ရှီရှို့က ဘာမှပြန်မပြောဘဲ စုန့်ဝမ်ကို လွတ်နေတဲ့ကျောက်တိိုင်မှာ သံကြိုးနဲ့ ချည်လိုက်တယ်။ စုန့်ဝမ်က ရုန်းမနေဘဲ အသာတကြည် ငြိမ်ခံနေလိုက်တယ်။ သံကြိုးက အဆင့်နိမ့်ဝိညာဥ်လက်နက်၊ သူ့အနေအထားနဲ့ ရုန်းထွက်ချင်ရင် လွယ်လွယ်လေးပဲ။ ဒါပေမယ့် ရုန်းထွက်နိုင်ရင်တောင် ရှီရှို့ကို နိုင်ဖို့ မသေချာသေးဘူး။ ပိုင်နိုင်တဲ့ အခွင့်အရေး ရလာတဲ့အထိ စောင့်ရမယ်။
အခြအနေကို သဘောပေါက်သွားတဲ့ ရှီရှို့ဇနီးလည်း ဝမ်းနည်းပြီး မျက်ရည်ပေါက်ပေါက် ကျလာတယ်။
“ယောက်ျား .. ရှီမုန့်ပြောတာ တကယ်ပဲလား။ ရှီမုန့်က ကျမတို့အတွက် သားတစ်ယောက်လိုပဲလေ။ ရှင် ဘာလုပ်နေတာလဲ”
စုန့်ဝမ်ကို သေချာချုပ်နှောင်ပြီးတော့မှ ရှီရှို့က အစီအရင် အလယ်ဗဟိုကို လျှောက်သွားပြီး သူ့မိန်းမကို သွေးအေးအေး စိုက်ကြည့်ရင်း ပြောလိုက်တယ်။
“ဝမ်ယု .. မိန်းမ၊ မင်းက ငါ့တာအိုလက်တွဲဖော်ဖြစ်လို့ နားလည်အောင် အကုန်ရှင်းပြပေးမယ်။ အရင်က မင်းနဲ့ငါအတူ တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် နေခဲ့ချိန်၊ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ရှေးဟောင်းအုတ်ဂူတစ်ခုကို ငါမထင်မှတ်ဘဲ တွေ့ခဲ့တယ်။ အဲဒီမှာ အလောင်းဘုရင်သွေးသန့်စင်ပညာကို ရခဲ့လို့ ချီစုစည်းခြင်း နဝမအဆင့် မြန်မြန်ရောက်ပြီး အလောင်းနတ်ဆိုးဂိုဏ်းမှာ အတွင်းစည်းတပည့် ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ငါ့အသက်က ၃၀ ကျော်နေပြီ။ ပုံမှန်အတိုင်း ကျင့်ကြံနေရင် အခြေတည်အဆင့် တက်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒါနဲ့ ကျင့်စဥ်ထဲက ဖြတ်လမ်းနည်းအတိုင်း တခြားသူတွေရဲ့ သွေးအဆီအနှစ်ကို ဝါးမျိုပြီး အရှိန်မြှင့်ခဲ့ရတယ်။ မင်းတားတဲ့ကြားက အလောင်းခွဲစိတ်ဂူမှာ အလုပ်လုပ်ခဲ့တာ အဲဒီအကြောင်းကြောင့်ပဲ”
သူမသိရသေးတဲ့ အလောင်းဘုရင်သွေးသန့်စင်ပညာက အချက်တွေ ပါလာလို့ စုန့်ဝမ် စိတ်ဝင်တစား နားထောင်နေမိတယ်။ ရှီရှို့က သွေးအဆီအနှစ် ဝါးမျိုနည်းကို ချန်လှပ်ခဲ့ပေမယ့် သူက လျှို့ဝှက်ဆန်းကြယ်စွမ်းအားနဲ့ စုပ်ယူဝါးမျိုနိုင်လို့ ကျင့်ကြံမှု လျင်လျင်မြန်မြန် တိုးတက်လာခဲ့တာ မဟုတ်လား။
ရှီရှို့က အဝေးကို ငေးမောရင်း အတိတ်ကို ဆက်ပြောပြနေတယ်။
“နောက်တော့ ဂိုဏ်းတာဝန်တွေ စွမ်းစွမ်းတမံ စွမ်းဆောင်ခဲ့လို့ အခြေတည်ဆေးလုံးရပြီး အဆင့်တက်နိုင်ခဲ့တယ်။ ဒါပေမယ့် လူမျိုးစုံဆီက သွေးအဆီအနှစ်တွေ ဝါးမျိုခဲ့လို့ ငါ့သွေးချီနဲ့ ဝိညာဥ်စွမ်းအင်က မသန့်စင်တော့ဘူး။ အဲဒါကြောင့် အခြေတည် အစောပိုင်းအဆင့်မှာ တချိန်လုံး ပိတ်မိနေခဲ့တယ်။ ကံကောင်းချင်တော့ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်မှာ ဖြေရှင်းနည်း ရှိနေတယ်။ အဲဒါက ကျင့်စဥ်တူ ကျင့်ကြံသူတွေရဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို ဝါးမျိုပြီး ငါ့သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို အားဖြည့်သန့်စင်ဖို့ပဲ”
စုန့်ဝမ်လည် သူသိချင်တာတွေ သိခွင့်ပြီဆိုတော့ အသာငြိမ်ပြီး နားထောင်နေခဲ့တယ်။ ရှီရှို့ကလည်း သု့လုပ်ရပ်ကို ကျေနပ်အားရဟန်နဲ့ ဆက်ပြောပြနေတယ်။ ကြီးကြီးကျယ်ကျယ် ပြင်ဆင်လုပ်ကိုင်ခဲ့တာကို မကြွားဘဲ မနေနိုင်ဘူးလေ။
"လွန်ခဲ့တဲ့ ဆယ်နှစ်လုံး အလောင်းဘုရင်သွေးသန့်စင်နည်းစနစ် သင်ပေးဖို့ ဓာတ်ငါးပါးဝိညာဥ်အမြစ် ပိုင်ဆိုင်တဲ့သူတွေကို လိုက်ရှာခဲ့တယ်။ သွေးအဆီအနှစ် စင်ကြယ်အောင် တခြားသူတွေဆီက သွေးအဆီအနှစ် စုပ်ယူနည်းကို ချန်ခဲ့တယ်၊ နည်းစနစ် မပေါက်ကြားအောင် ရုပ်အလောင်းချီ သန့်စင်တဲ့နည်းကို ဖယ်ခဲ့ရတယ်။ အခု ငါတို့တွေ ရပ်နေတဲ့နေရာက ကိုးကွေ့ဝိညာဥ်ဝါးမျိုခြင်းအစီအရင်ထဲမှာ။ ဒီအစီအရင်က ဝိညာဥ်နဲ့ သွေးအဆီအနှစ်ကို ထုတ်ယူသန့်စင်ပေးနိုင်တယ်။ ဒါကို တည်ဆောက်ဖို့ ၃ နှစ်လုံးလုံး အချိန်ပေးခဲ့ ရတယ်။ လိုအပ်တဲ့ လူ ၉ ယောက် ရဖို့ ၃၂ ယောက်တောင် သင်ပေးခဲ့ရတယ်။ ဒီအစီအရင် လုပ်ဖို့က ချီစုစည်းခြင်း ဆဋ္ဌမအဆင့် ၉ ယောက်လိုတယ်။ မင်းတို့ထဲမှာ တစ်ယောက်က ပဥ္စမအဆင့်ပဲ ရှိသေးလို့ ငါစောင့်နေခဲ့ရတာ"
ရှီရှိ့က ပြောလက်စစကားရပ်ပြီး သူ့မိန်းမနား ချဥ်းကပ်ရင်း စိတ်မကောင်းဟန်နဲ့ ဆက်ပြောနေတယ်။
"ဝမ်ယု .. မိန်းမ၊ အရင်လက မင်းက မထင်မှတ်ဘဲ ချီစုစည်းခြင်း သတ္တမအဆင့် တက်နိုင်ခဲ့တယ်။ ဒါက တခြားတစ်ယောက် အဆင့်မမီတာကို ဖြည့်ဆည်းပေးပြီး အစီအရင် စဖို့ အသင့်ဖြစ်ခဲ့တာ။ မင်းကို ကျေးဇူးတင်ပါတယ် မိန်းမရယ်"
အကြောင်းစုံ သိသွားပေမယ့် ရှီရှို့မိန်းမဖြစ်သူ ဝမ်ယုက ဒေါသထွက်မသွားဘူး။ ဝမ်းနည်းစိတ်ပဲ ပေါ်လာတယ်။
"ယောက်ျား ဒါတွေ ဆက်မလုပ်ပါနဲ့တော့။ ရှင်လမ်းမှား ရောက်နေပြီ။ ရှင်က အဲဒီပညာကို ကျင့်ကြံနေတာ မဟုတ်တော့ဘူး၊ အဲဒီပညာက ရှင့်ကို ရုပ်သေးရုပ်လို ထိန်းချုပ်တာ ခံနေရပြီ။ ကျင့်ကြံမှု မြင့်သွားလဲ ကိုယ့်မိန်းမနဲ့ တပည့်တွေကို စတေးရမယ်ဆို ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ အခု ရပ်လိုက်ပါတော့၊ ကျမတို့ ဂိုဏ်းကထွက်ပြီး အေးအေးချမ်းချမ်း နေသွားကြရအောင်ပါ"
"နောက်ဆုတ်လို့ မရတော့ဘူး။ အလောင်းဘုရင်သွေးသန့်စင်ပညာ စတွေ့တဲ့နေ့တည်းက အရာအားလုံး သတ်မှတ်ပြီးသား ဖြစ်သွားပြီ။ ကျင့်ကြံမှုအဆင့် တက်နိုင်မယ်၊ ထာဝရအသက် ရမယ်ဆို ငါက ဘာမဆိုပေးဆပ်မှာပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ ငါအခြေတည်အဆင့် တက်ခဲ့ချိန်က ငါ့ထက်အရင် အိုမင်းသွားမှာကြောက်လို့ မင်းကိုယ်တိုင် ကိုယ့်ကျင့်ကြံမှု ဖျက်ပြီး အလောင်းဘုရင်သွေးသန့်စင်ပညာ ပြောင်းကျင့်ခဲ့တာလေ။ ဖြစ်ချင်တော့ မင်းက ဒီနည်းစနစ်နဲ့ အသင့်တော်ဆုံး ဝိညာဥ်အမြစ်ပိုင်ရှင် ဖြစ်နေခဲ့တယ်။ ငါ့ကိုအပြစ်မတင်နဲ့၊ ဒါက မင်းနဲ့ငါ့ရဲ့ ကံကြမ္မာပဲ။ နတ်ဆိုးလမ်းစဥ် စလျှောက်တည်းက ရက်စက်သင့်ရင် ရက်စက်ရမယ်ဆိုတာ မင်းလည်း နားလည်ပြီးသားပဲ။ မင်းကံကြမ္မာကို လက်ခံလိုက်စမ်းပါ"
ပြောပြီးတာနဲ့ ရှီရှို့က အစီအရင်ဗဟိုချက်မှာ တင်ပျဥ်ခွေ ထိုင်ချလိုက်တယ်။
နောက်ဆုံးအချိန် ရောက်လာပြီဆိုတာ သိလို့ တခြားလူငယ်တွေ ဒေါသတကြီး အော်ဟစ်ဆဲဆိုကြတယ်။ ဝမ်ယုကတော့ ဝမ်းပန်းတနည်း ငိုကြွေးရင်း တောင်းပန်နေသေးတယ်။
"ယောက်ျား ရပ်လိုက်ပါ။ ကျမမှာ ရှင့်ကလေး ရှိနေပြီ။ ဗိုက်ထဲမှာ သက်ရှိလေးတစ်ခု ဖြစ်တည်နေတာ ကျမ ခံစားမိနေပြီ။ မယုံရင် တစ်လလောက်စောင့်ပြီး ရှင့်ဝိညာဥ်အာရုံနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်"
……….