အကြီးအကဲရှီကို သတ်မယ်
Vol. 9 Ch. 101
အစီအရင်ပြား ထုတ်ယူပြီး အသက်သွင်းဖို့ လုပ်နေတဲ့ ရှီရှို့ အံအားသင့်ပြီး တန့်သွားတယ်။ ကိုယ်ဝန်ရှိနေပြီတဲ့လား၊ လက်ထပ်ခဲ့ပြီး နှစ် ၃၀ အတွင်း သူမျှော်လင့်ခဲ့တဲ့အရာက ဒီအချိန်မှ ရောက်လာတာလား။ အတန်ကြာအောင် ရှီရှို့မျက်နှာမှာ ခံစားချက်အမျိုးမျိုး ထင်ဟပ်လာပြီးမှ စိတ်ပိုင်းဖြတ်လိုက်ဟန်နဲ့ အံကြိတ်ပြီး ခေါင်းခါလိုက်တယ်။ ထာဝရအသက်ရဖို့ ခြေတစ်လှမ်း လှမ်းနိုင်မယ်ဆို အရာရာရင်းဖို့ ဆုံးဖြတ်လိုက်တယ်။ မိန်းမဖြစ်သူ ဆက်ပြောနေတာတွေ ကြားရင် စိတ်ပျော့သွားမှာ စိုးရိမ်လို့ ဝိညာဥ်စွမ်းအင်သုံး နားပိတ်ပြီး အစီအရင်ကို အသက်သွင်းလိုက်တယ်။
ချက်ချင်းဆိုသလို အစီအရင်ပြားဆီက စိမ်းဖန့်ဖန့်အလင်းတန်းတွေ ထွက်ပေါ်လာပြီး မြေပြင်ပေါ်က အစီအရင် အမှတ်အသားတွေလည်း လင်းထိန်တောက်ပလာတယ်။ အသင့်ဖြစ်တာနဲ့ ရှီရှို့က အလယ်အလတ်အဆင့် ဝိညာဥ်ကျောက် ၃၆ လုံးကို အစီအရင် အမှတ်အသားတွေထဲ ပစ်ထည့်လိုက်တယ်။ ပိုအားကောင်းတောက်ပလာတဲ့ အစိမ်းရောင်အလင်းတန်းတွေ ဂူတစ်ခုလုံး ဖုံးလွှမ်းသွားပြီး ချုပ်နှောင်ခံထားရသူတွေအပေါ် ကြီးမားတဲ့ဖိအားတစ်ခု ကျရောက်လာတယ်။ ဖိအားက ကြိတ်စက်ကြီးတစ်ခုလိုပဲ၊ တစ်ကိုယ်လုံးကို ဖိကြိတ်ပြီး၊ သွေးတွေညစ်ထုတ်နေတဲ့အလား မှတ်ထင်ရတယ်။
"အား .. အီး .. ခွေးသားကြီးရှီရှို့ .."
လိုဏ်ဂူတစ်ခုလုံး နာနာကျင်ကျင် အော်ဟစ်သံတွေ၊ ဆဲဆိုသံတွေနဲ့ ဆူညံ့နေတယ်။ ဝမ်ယုကတော့ ရှိုက်ငိုရင်း အံကြိတ်ခံနေတယ်။ အခြေတည်အဆင့် ရောက်နေသူ စုန့်ဝမ်အတွက် ဒီဖိအားက မပြောလောက်ဘူး၊ ဒါပေမယ့် ရှီရှို့ သတိမထားမိအောင် ဟန်အောင်အော်ဟစ်နေရတယ်။
အစီအရင်က စွမ်းအားကြီးလွန်းတော့ ထိန်းချုပ်နေသူ ရှီရှို့လည်း ချွေးဒီးဒီးကျပြီး မောပန်းလာတယ်။ အာရုံအပြည့်စူးစိုက်ပြီး မန္တန်လက်ကွက်တွေ ဖော်နေရလို့ ဝိညာဥ်စွမ်းအင် ကုန်ခမ်းမှု အရမ်းမြန်နေတယ်။ ခဏနေတော့ တခြားသူတွေ တဖြည်းဖြည်း ငြိမ်သက်သွားပြီး၊ အသားတွေ ကွဲအက်ရာက သွေးအဆီအနှစ်တွေ ယိုစီးထွက်လာကြတယ်။
အချိန်ကျပြီဆိုတာ သိလိုက်တာနဲ့ စုန့်ဝမ် ကျင့်ကြံမှုအဆင့် ဖိနှိပ်ထားတာ ရုက်သိမ်းပြီး အခြေတည်အဆင့်အင်အား အပြည့်အဝထုတ်ဖော်ရင်း ရုန်းထွက်လိုက်တယ်။
"ချွမ်း .. ချွမ်း"
ကျယ်လောင်တဲ့အသံနဲ့အတူ သံကြိုးတွေ ပြတ်တောက်သွားပြီး အေးခဲလဓားက ရှီရှို့ရင်ဘတ်တည့်တည့် ပစ်လွှင့်သွားတယ်။
အစီအရင်ကို အာရုံစိုက် ထိန်းချုပ်နေချိန် ရုတ်တရက် မြင့်တက်လာတဲ့ အခြေတည်နယ်ပယ်အော်ရာ ခံစားမိလိုက်လို့ ရှီရှို့ ထိတ်လန့်ပြီး လှမ်းကြည့်မိချိန် အနီးနား ရောက်နေတဲ့ အေးခဲလဓားကို တွေ့သွားတယ်။ ရှောင်ချိန်မရတော့လို့ အလိုလိုသိစိတ် စေစားတဲ့အတိုင်း အစီအရင်ကျောက်ပြားနဲ့ ထိုးကာလိုက်မိတယ်။
"ခွမ်း"
ကျယ်လောင်တဲ့အသံနဲ့အတူ အစီအရင်ကျောက်ပြား ကွဲအက်ကြေမွသွားတယ်။ ချက်ချင်းဆိုသလို အစီအရင် လည်ပတ်မှု ရပ်တန့်သွားပြီး အစိမ်းရောင်အလင်းတန်းတွေ တမဟုတ်ချင်း ပျောက်ကွယ်သွားတယ်။ တန်ပြန်သက်ရောက်မှုဒဏ်ကြောင့် ရှီရှို့ ဒဏ်ရာရသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်မိတယ်။
စုန့်ဝမ်လည်း အေးခဲလဓားကို ပြန်ထိန်းချုပ် ကိုင်စွဲရင်း တိုက်ခိုက်ဖို့ အသင့်ပြင်ထားလိုက်တယ်။
ရှီရှို့က ချက်ချင်းထရပ်ပြီး ဒုတိယအဆင့် အလောင်းရုပ်သေးကို ထုတ်ယူရင်း စုန့်ဝမ်ကို သတ်ဖြတ်လိုစိတ်အပြည့်နဲ့ စူးစိုက်ကြည့်လိုက်တယ်။ အစီအရင် ပျက်စီးသွားလို့ ရှီရှို့အစီအစဥ် လုံးဝပျက်စီးသွားခဲ့ပြီ။ အသက်ငင်နေတဲ့ သူ့မိန်းမဝမ်ယုကလွဲရင် ကျန်သူတွေ အကုန်သေကုန်ပြီ။ ဘာမှ လုပ်မရတော့ဘူး။
"ကျိယင် .. မင်းက အခြေတည်အဆင့်တောင် ရောက်နေတာပဲ။ ငါ့အစီအစဥ်ကို ဖျက်ဆီးမှတော့ သေတာထက်ဆိုးတဲ့ဘဝ ပို့ပေးရတာပေါ့"
ခါးသီးတဲ့ရန်လိုစိတ်နဲ့အတူ ရုပ်အလောင်းချီစွမ်းအင်တွေ ရှီရှို့တစ်ကိုယ်လုံး လွှမ်းခြုံလာတယ်။ အရေပြားတွေ ခြောက်ကပ်ပြီး မီးခိုးရောင် ပြောင်းသွားသလို၊ ပါးစပ်ကနေ အစွယ်နှစ်ချောင်း ထွက်ပေါ်လာတယ်။ ရှည်လျားချွန်ထက်တဲ့ လက်သည်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ရှီရှို့အသွင်အပြင်က ဖုတ်ကောင်တစ်ကောင်ပမာ အသွင်ပြောင်းသွားပြီ။
"ဂရား"
ရှီရှို့နှုတ်က သတ္တဝါကြီးတစ်ကောင်လို မပီမသ အော်ဟစ်ရင်း အလောင်းရုပ်သေးနဲ့အတူ စုန့်ဝမ်ဆီ ပြေးဝင်တိုက်ခိုက်ပါတော့တယ်။
စုန့်ဝမ်လည်း ဒုတိယအဆင့် အလောင်းရုပ်သေးကို ထုတ်ဖော်ပြီး ရှီရှို့ရဲ့ အလောင်းရုပ်သေးကို ခုခံတိုက်ခိုက်စေသလို၊ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် အသက်သွင်းပြီး အစိမ်းရောင်ခေါင်းလောင်းသဏ္ဍာန် စွမ်းအင်အကာအရံကို ဖန်တီးလိုက်တယ်။ ပြီးတာနဲ့ သူကိုယ်တိုင်လည်း အလောင်းဘုရင်သွေးသန့်စင်ပညာ အသက်သွင်းပြီး ဖုတ်ကောင်အသွင် ပြောင်းလိုက်တယ်။
ရှီရှို့က အကြိမ်ကြိမ် ထိုးဖောက်တိုက်ခိုက်ပေမယ့် အစိမ်းရောင်ကြေးခေါင်းလောင်းကို မချိုးဖျက်နိုင် ဖြစ်နေတယ်။ နောက်ဆုတ်ရုံသာ ဖိအားပေးနိုင်လို့ ဒေါသထွက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်ပြီး လန်ကျလာတဲ့အချိန် စုန့်ဝမ်က အလစ်ဖမ်းပြီး ဖုတ်ကောင်လက်သည်းနဲ့ ရှီရှို့ခေါင်းကို ကုတ်ဆွဲလိုက်တယ်။ ရှီရှို့ ခေါင်းကိုယိမ်းပြီး ရှောင်ပေမယ့် မျက်နှာတစ်ခြမ်းက အသားတွေ ပြတ်ထွက်ပဲ့ပါသွားတယ်။
"အား .. ခွေးသားလေး၊ သေစမ်း"
ရှီရှို့ ဒေါသတကြီး အားကုန်ထုတ် တိုက်ခိုက်လိုက်တယ်။ ဒီတစ်ကြိမ်တော့ အစိမ်းရောင်ခေါင်းလောင်း အကာအရံ ပြိုပျက်ပြီး စုန့်ဝမ်လည်ပင်းကို မိမိရရ ကုတ်ဆွဲမိသွားတယ်။
စုန့်ဝမ် ခေါင်းပြုတ်ကျတာ မြင်တော့ ရှီရှို့ အံအားသင့်သွားတယ်။
"အမ် .. အလောင်းရုပ်သေးကြီးပါလား၊ ဟိုကောင် ဘယ်ရောက်သွားတာလဲ"
ကောလဟလလောက်ပဲ ကြားဖူးတဲ့ ရုပ်သေးအစားထိုးနည်းစနစ်လားလို့ စဥ်းစားမိနေချိန်၊ ဘယ်ဘက်မျက်လုံးထောင့်ကနေ နောက်ဖက်က တိုက်ခိုက်လာတာကို ရိပ်ခနဲ မြင်လိုက်ရတယ်။ ကိုယ်တစောင်းလှည့်ရှောင်ရင်း တန်ပြန်ကုတ်ဆွဲ တိုက်ခိုက်လိုက်တယ်။ ရှောင်တာ မလွတ်တော့လို့ အေးခဲလဓားက ခါးကို ထိုးမိသွားတယ်။ ခါးမှာ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားပြီး အတွင်းကလီစာတွေပါ ပျက်စီးကုန်လို့ ရှီရှို့ အထိနာသွားတယ်။ သူ့လက်သည်းက တစ်ဖက်လူဦးခေါင်းကို မိမိရရ ကုတ်ဆွဲချေမွလိုက်နိုင်ပေမယ့် နောက်ထပ် အလောင်းရုပ်သေးတစ်ကောင် ဖြစ်နေပြန်တယ်။
စုန့်ဝမ်ခန္ဓာကိုယ်အစစ်က ရှီရှို့ရှေ့ ပေတစ်ရာလောက်မှာ ပြန်ပေါ်လာတယ်။ ဒီတစ်ခါတော့ မတိုက်ခိုက်သေးဘဲ ဓားကိုင်ရင်း အေးစက်စက် စိုက်ကြည့်နေတယ်။
ရှီရှို့လည်း အခွင့်အရေးရခိုက် ဆေးလုံးတွေ အမြန်သောက်ရင်း ဒဏ်ရာကို အဝတ်နဲ့ စည်းနှောင်လိုက်တယ်။
"ကျိယင် .. ငါမင်းကို အထင်သေးခဲ့မိတာပဲ။ မင်းက အခြေတည်အဆင့် တက်နိုင်တဲ့အပြင်၊ ရုပ်သေးအစားထိုးပညာပါ တတ်နေတာပဲ"
စုန့်ဝမ် ခပ်ယဲ့ယဲ့ပဲ ပြန်ပြုံးပြနိုင်တော့တယ်။ သူလည်း ချီရော၊ ဝိညာဥ်စွမ်းအင်ပါ အလွန်အကျွံ ထုတ်သုံးလိုက်ရတော့ မောပန်းစပြုလာပြီလေ။
"စီနီယာရှီ .. ခင်ဗျား ဒဏ်ရာကုသဖို့ အာရုံစိုက်နေတဲ့အချိန် ခေါင်းထဲမှာ တစ်ခုခုဖြစ်နေသလို မခံစားမိဘူးလား"
ရှီရှို့ အကြီးအကျယ် ထိတ်လန့်သွားတယ်။ ခုနက ဘယ်ဘက်မျက်လုံးထဲ တစ်ခုခု ဝင်သွားသလို ခံစားမိတာတော့ အမှန်ပဲ။ အမှိုက်လား၊ ကျောက်စလား ထင်ခဲ့ပေမယ့် စုန့်ဝမ်စကားကြောင့် အန္တရာယ်ရှိတဲ့အရာ ဖြစ်မယ်ဆိုတာ ရိပ်မိသွားတယ်။
ရှီရှို့လည်း ချက်ချင်းပဲ ဝိညာဥ်အာရုံဖြန့်ကြတ်ပြီး စစ်ဆေးလိုက်တယ်။ ကူပိုးကောင်တွေ၊ ချီစုစည်းခြင်း နဝမအဆင့် ကူပိုး ၂ ကောင် မျက်လုံးအိမ်ကတဆင့် ဦးနှောက်ဆီသွားဖို့ ဦးခေါင်းခွံကို ဖောက်ဝင်နေတာ သိလိုက်ရလို့ အကြီးအကျယ် ထိတ်လန့်သွားတယ်။ ရှီရှို့ စဥ်းစားချိန် မရတော့ဘူး၊ ဝိညာဥ်စွမ်းအင် အားကုန်စုစည်းပြီ ကူပိုးကောင်တွေ အပြတ်ရှင်းဖို့ ပြင်လိုက်တယ်။
ခန္ဓာကိုယ်အနှံ့ ဖြန့်ကြတ်ထားတဲ့ ဝိညာဥ်စွမ်းအင်တွေ တစ်နေရာတည်း စုမိသွားချိန် ရင်ဘတ်မှာ စူးရှတဲ့နာကျင်မှုတစ်ခု ခံစားလိုက်ရလို့ ရှီရှို့ ထိတ်လန့်သွားတယ်။ ကူပိုးကောင်လေးကောင် ဒဏ်ရာတွေက ဝင်လာပြီး သွေးကြောကတဆင့် နှလုံးအိမ်ထဲထိ ရောက်သွားပြီ။ ရှီရှို့ ပျာယာခတ်ပြီး ကူပိုးကောင်တွေကို သတ်ဖြတ်ဖို့ ဝိညာဥ်စွမ်းအင် အကုန်ထုတ်သုံးနေရချိန် အေးစက်စက်အလင်းတန်းတစ်ခု သူ့ဆီ ပြေးဝင်လာပြန်တယ်။
ရှီရှို့ ဝိညာဥ်စွမ်းအင်ဒိုင်း ဖန်တီးပြီး ကာကွယ်ဖို့ ကြိုးစားပေမယ့်၊ ကူပိုးကောင်တွေကို ဖိနှိပ်တဲ့နေရာ အားစိုက်နေရလို့ အကာအကွယ်က အားပျော့သွားတယ်။ တော်ရုံလက်နက်ဆို ခုခံနိုင်လောက်ပေမယ့် အေးခဲလဓားက အဆင့်မြင့်ဝိညာဥ်လက်နက် ဖြစ်နေဆဲပဲဆိုတော့ ကံဆိုးသွားပြီ။ အေးခဲလဓားက ဝိညာဥ်စွမ်းအင်ဒိုင်းကို ထိုးဖောက်ဝင်လာပြီး ရှီရှို့လည်ပင်းကို တိခနဲ ဖြတ်ချသွားပါတော့တယ်။
ပြေးဝင်လာတဲ့ စုန့်ဝမ်က လွင့်ပျံသွားတဲ့ ရှီရှို့ခေါင်းကို ညာလက်နဲ့ ဖမ်းကိုင်ရင်း ဝိညာဥ်ချုပ်နှောင်ပညာနဲ့ အသိစိတ်ပင်လယ်ထဲက ရှီရှို့ဝိညာဥ်ကို ချုပ်နှောင်ထိန်းချူပ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် ရှီရှို့ကို အထင်သေးမိသွားတယ်၊ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်တဲ့ ရှီရှို့ဝိညာဥ်က အားကောင်းပြီး ရုပ်ခန္ဓာသေဆုံးပြီးပေမယ့် ဆက်ပြီး လှုပ်ရှားနိုင်စွမ်း ရှိနေသေးတယ်။ အခြေတည်အဆင့်ကျင့်ကြံသူရဲ့ ဝိညာဥ်ကို အခုမှ ပထမဆုံးအကြိမ် ကြုံဖူးတာဆိုတော့ စုန့်ဝမ် ဒါကို နားမလည်ခဲ့ဘူး။ ရှီရှို့ဝိညာဥ်က ဝိညာဥ်ချုပ်နှောင်စွမ်းအင်စည်းတွေကို ရှောင်ရှားပြီး စုန့်ဝမ်ရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်ရောက်သွားခဲ့တယ်။
ရှီရှို့ စုန့်ဝမ်ရဲ့ အသိစိတ်ပင်လယ်ထဲ ရောက်တာနဲ့ စိတ်ချင်းဆက်သွယ်ပြီး ကြုံးဝါးလိုက်တယ်။
"ကျိယင် .. မင်းက ငါ့ကို ဝိညာဥ်ချုပ်နှောင်ပညာလောက်နဲ့ ထိန်းချုပ်နိုင်မယ် ထင်နေတာလား။ မင်းက အခြေတည်အဆင့် ရောက်ခါစဆိုတော့ အခြေတည်အဆင့် ကျင့်ကြံသူဝိညာဥ်က လုံလုံလောက်လောက် အားကောင်းရင် တခြားသူရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်တယ်ဆိုတာ မသိသေးဘူး ထင်တယ်။ ဟား ဟား .. အခု မင်းခန္ဓာကိုယ်က ငါ့အပိုင်ပဲ"
ရုတ်တရက်တော့ စုန့်ဝမ် တုန်လှုပ်သွားတယ်။ ဒါပေမယ့် သူ့အသိစိတ်ပင်လယ်က ဝူယင်လို ရွှေအမြုတေအဆင့် ကျင့်ကြံသူရဲ့ ဝိညာဥ်အပိုင်းအစကိုတောင် ဝါးမျိုနိုင်စွမ်း ရှိတာကို ပြန်သတိရလို့ စိတ်အေးသွားတယ်။
ရှီရှို့ရဲ့ဝိညာဥ်က စုန့်ဝမ်ရဲ့ အသိစိတ်ပင်လယ်ကို တိုက်ခိုက်ဝါးမျိုဖို့ ပြင်လိုက်ချိန် သူ့ရှေ့တည့်တည့်မှာ ဧရာမတွင်းနက်လိုအရာတစ်ခု ပေါ်လာတယ်။ အဲဒီတွင်းနက်ကြီးက ထွက်ပေါ်လာတဲ့ ဆွဲငင်အားက ကြီးမားလွန်းလို့ ရှီရှို့ဝိညာဥ်ခမျာ လေဆင်နှာမောင်းထဲက ပုရွက်ဆိတ်လို ဖြစ်သွားတယ်။
ရှီရှို့ဝိညာဥ် စုပ်ယူခံရခါနီးချိန် ရုတ်တရက်ဆိုသလို တွင်းနက်ကြီးရဲ့ ဆွဲငင်အား ပျောက်သွားတယ်၊ ဒါပေမယ့် တွင်းနက်ကြီးက ရှိနေဆဲပဲ။ ကြီးမားတဲ့ဖိအား သက်ရောက်မှု ခံနေရသေးတာကြောင့် ရှီရှို့ဝိညာဥ် လှုပ်မရ ဖြစ်နေတယ်။ စုန့်ဝမ်လည်း ဝိညာဥ်ချုပ်နှောင်ပညာနဲ့ ဝိညာဥ်စွမ်းအားပိုက်ကွန်တစ်ခု ဖန်တီးပြီး ရှီရှို့ဝိညာဥ်ကို ချုပ်နှောင်ထားလိုက်တယ်။ လုံးဝချုပ်နှောင်မိတာနဲ့ ရှီရှို့ရဲ့သိစိတ် ပျောက်ကွယ်သွားတယ်။ တွင်းနက်ကြီးလည်း ပျောက်ကွယ်သွားတယ်။ ဒီတစ်ခါက လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကို ထိန်းချုပ်ဖို့ ပထမဆုံးအကြိမ် ကြိုးစားကြည့်တာ၊ အောင်မြင်သွားလို့ စုန့်ဝမ် အရမ်းဝမ်းသာသွားတယ်။
ရှီရှို့ရဲ့ သွေးအဆီအနှစ်ကို စုပ်ယူနေချိန် အမျိုးအမည်မသိ ဝိညာဥ်စွမ်းအင်တစ်ခု ပါဝင်နေတာ ခံစားမိလိုက်လို့ စုန့်ဝမ် အံအားသင့်သွားတယ်။ ပြဿနာတော့ မဖြစ်ခဲ့ဘူး၊ ဝိညာဥ်အားဖြည့်ဆေး သောက်လိုက်ရသလို အားပြည့်လာတာပဲ ရှိတယ်။ စစ်ဆေးဖို့ ကြိုးစားပေမယ့် လုံးဝခြေရာခံ မရတာနဲ့ လက်လျှော့လိုက်ရတယ်။
ရှီရှို့ကိစ္စ လက်စသတ်ပြီးတာနဲ့ တခြားသူတွေကို စစ်ဆေးတယ်။ ဝမ်ယုကလွဲရင် အကုန်သေနေပြီ။ သေဆုံးနေသူ ၇ ယောက်ဆီက သွေးအဆီအနှစ်နဲ့ ဝိညာဥကို စုပ်ယူပြီးမှ ဝမ်ယုဆီ ချဥ်းကပ်သွားတယ်။ ဝမ်ယုလည်း အခြေအနေက အရမ်းဆိုးနေပြီ။ တစ်ကိုယ်လုံး အရေပြားတွေ ကွဲအက်ပြီး သွေးအလိမ်းလိမ်း ဖြစ်နေပြီ။ အဆိုးဆုံးက ကျောရိုးမကြီး ပြန်ဆက်မရလောက်အောင် ကျိုးကြေနေတာပဲ။ ကျောက်တိုင်နဲ့ကပ်ပြီး သံကြိုးချည်ထားလို့သာ လူပုံမပျက်သေးတာ။ ဒီလောက် ဒဏ်ရာပြင်းထန်မှတော့ သန္ဓေတည်စ သန္ဓေသားလည်း ပျက်စီးမှာ မြေကြီးလက်ခတ် မလွှဲဘူး။
"ကျေးဇူးပြုပြီး ကျမကို မသတ်ပါနဲ့ .. ကျမမှာ .."
ဝမ်ယု စကားမဆုံးခင် စုန့်ဝမ်က သူ့ဦးခေါင်းပေါ် လက်တင်ပြီး ဝိညာဥ်ရှာဖွေဖို့ လုပ်လိုက်လို့ စကားစပြတ်သွားတယ်။ အားကောင်းတဲ့ ဝိညာဥ်စွမ်းအင်တစ်ခု စီးဝင်လာပြီး ချက်ချင်းဆိုသလို ဝမ်ယုရဲ့သိစိတ်ပင်လယ်ကို စိုးမိုးသွားတယ်။
စုန့်ဝမ် သိချင်တာက ရှီရှို့အကြောင်း၊ ရှီရှို့နဲ့ အခြေတည်ကျမ်းစာဆောင်က ကြီးကြပ်သူတွေ ရင်းနှီးလား သိချင်တာ။ သူက ရှီရှို့ရဲ့ အကြီးအကဲတံဆိပ်ပြားကို ယူဆောင်၊ ရုပ်ဖျက်ပြီး ကျမ်းစာဆောင်ထဲ ခိုးဝင်ဖို့ ကြံစည်နေခဲ့တာ။ ဒါကြောင့် ရှီရှို့ရဲ့ဝိညာဥ်ကို မဝါးမျိုဘဲ ချုပ်နှောင်ရုံ ချုပ်နှောင်ထားခဲ့တာ။ ဝိညာဥ် မပျက်ဆီးသေးသရွေ့ ဂိုဏ်းမှာ ချန်ထားတဲ့ ဝိညာဥ်အပိုင်းအစလည်း ပျက်စီးမှာ မဟုတ်ဘူး။ ဒါဆို ရှီရှို့သေတာ ဂိုဏ်းက မသိနိုင်ဘူး။
ဝမ်ယုက ရှီရှို့မိန်းမဆိုတော့ သူ့ဆီကရတဲ့ သတင်းအချက်အလက်က စိတ်ချရတယ်။ ရှီရှို့က သီးသန့်နေထိုင်ပြီး၊ တံခါးပိတ် ကျင့်ကြံနေတာ များသလို၊ ဂိုဏ်းတာဝန်ယူရင်လည်း တစ်ကိုယ်တော်တာဝန်ပဲ ရွေးယူတတ်တယ်။ အလောင်းနတ်ဆိုးဂိုဏ်းမှာ မိတ်ဆွေ မပြောနဲ့၊ နှစ်ကြိမ်လောက် ဆုံတွေ့ဖူးသူတောင် မရှိဘူးတဲ့။ ဒါက ရှီရှို့ဟန်ဆောင်ပြီး အခြေတည်အဆင့် ကျမ်းစာအဆောင်ထဲ ခိုးဝင်ဖို့ ကြံစည်ထားတဲ့ စုန့်ဝမ်အတွက် အဆင်ပြေသွားတယ်။
ဝိညာဥ်ရှာဖွေမှုအပြီးမှာတော့ ဝမ်ယုရဲ့ အသိစိတ် လုံးဝကို ပျက်စီးသွားခဲ့တယ်။ နဂိုတည်းက ပြန်ကုမရတဲ့ဒဏ်ရာကြောင့် အသက်ထွက်လုနီးနီး ဖြစ်နေပြီဆိုတော့ ဦးခေါင်းကို ချေမွပြီး အဆုံးသတ်ပေးလိုက်တယ်။ ပြီးတာနဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို စုပ်ယူဝါးမျိုလိုက်တယ်။
စုပ်ယူလို့ ပြီးခါနီးမှ သူ့ကိုယ်သူ သတိထားမိပြီး စုန့်ဝမ် လန့်သွားတယ်။ ဝမ်ယုက စိတ်ကောင်းရှိပြီး အပြစ်ကင်းစင်သူဖြစ်လို့ အစက ဝိညာဥ်ရှာဖွေတာပြီးရင် သတ်ဖို့ စိတ်ကူးပြီးသားပေမယ့် ဝိညာဥ်ကို ပြန်ဝင်စားခွင့်ရအောင် မစုပ်ယူဘဲ လွတ်ပေးဖို့ တွေးထားတာ။ တကယ်လည်း ကြုံလာရော သတိလက်လွတ်နဲ့ လုပ်နေကျအတိုင်း လုပ်မိသွားတယ်။
"ငါလည်း မိစ္ဆာတစ်ကောင် ဖြစ်နေပြီလား။ ထားပါ .. နတ်ဆိုးလမ်းစဥ် လျှောက်နေပြီပဲ၊ ဒီလောက်တော့ ရှိမှာပေါ့။ အလွန်အကျွံ မလုပ်မိအောင်ပဲ သတိထားရမယ်။ နေရာတကာ စိတ်ပျော့နေလို့လည်း မဖြစ်ပြန်ဘူး။ နတ်ဆိုးလမ်းစဥ်ဆိုတာ မိတ်ဆွေမရှိဘဲ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ လမ်းကြောင်းပဲလေ"
သူ့ကိုယ်သူ အားပေးရင်း အပြစ်မကင်းတဲ့ခံစားချက်ကို မေ့ဖျောက်ပစ်လိုက်တယ်။
သွေးအဆီအနှစ်နဲ့ ဝိညာဥ်တွေ စုပ်ယူပြီးတာနဲ့ ပစ္စည်းတွေ လိုက်သိမ်းတယ်။ ရှီရှို့ဆီက သိုလှောင်လက်စွပ်ကလွဲရင် တခြားသူတွေဆီမှာ ဘာမှ မရှိဘူး။ ဒါနဲ့ အလောင်းတွေကို မီးရှို့ပြချပြီး လေမုန်တိုင်းအဆောင်သုံး ရှင်းထုတ်ခဲ့တယ်။ အစီအရင် အမှတ်အသားတွေလည်း ဖျက်ဆီးခဲ့တယ်။ သဲလွန်စ မကျန်တာ သေချာတော့မှ ရှီရှို့ရဲ့ ဒုတိယအဆင့် အလောင်းရုပ်သေးကို သိမ်းယူပြီး ထွက်လာခဲ့တယ်။
………………