← Chapters

အခြေတည်နယ်ပယ်ကျမ်းစာ ခိုးမယ်

Vol. 9 Ch. 102

အခြေတည်နယ်ပယ်ကျမ်းစာ ခိုးမယ်

Vol. 9 Ch. 102

လှေပျံစီးနင်းလာရင်း ရှီရှို့ရဲ့ သိူလှောင်အိတ်ကို ထုတ်စစ်ခဲ့တယ်။ အရေးအကြီးဆုံးနဲ့ သူအလိုချင်ဆုံးဖြစ်တဲ့ အလောင်းဘုရင်သွေးသန့်စင်ပညာကို မှတ်တမ်းတင်ထားတဲ့ သွေးနီရောင်ကျောက်ပြားလေးကို တန်းတွေ့တယ်။ အထဲမှာ ရွှေအမြုတေအဆင့်ထိ ကျင့်စဥ်ပိုင်းကို မှတ်တမ်းတင်ထားတယ်။ ဖတ်ကြည့်တော့ ရှီရှို့ပေးထားတဲ့မူက ရုပ်အလောင်းချီသန့်စင်တဲ့နည်းလမ်းကိုပဲ ချန်ထားပြီး၊ ပြည့်စုံမှန်ကန်နေတာ တွေ့လိုက်ရလို့ စုန့်ဝမ် သက်ပြင်းချနိုင်တော့တယ်။ ဒီကျင့်စဥ်က အလောင်းနတ်ဆိုးဂိုဏ်း မူပိုင်ကျင့်စဥ် မဟုတ်ဘူး၊ မြင့်မြတ်သွေးတံခါးဂိုဏ်းဆိုတဲ့ ရှေးဟောင်းနတ်ဆိုးလမ်းစဥ်ဂိုဏ်းရဲ့ အမွေအနှစ်လို့ မှတ်တမ်းတင်ထားတယ်။

ရှီရှို့ဆီမှာ လက်နက်ဆိုလို့ လိပ်မြွေဒိုင်းဆိုတဲ့ အလယ်အလတ်အဆင့် ဝိညာဥ်လက်နက်တစ်ခုပဲ ရှိတယ်။ ဒါက အခြေတည်နယ်ပယ် အလယ်အလတ်အဆင့် ရောက်မှ သုံးလို့ရမယ်ဆိုတော့ သိမ်းထားရဦးမယ်။ ဝိညာဥ်ကျောက်နဲ့ ဆေးလုံးနည်းနည်း ထပ်တွေ့ရပေမယ့် အခြေတည်အဆင့် အကြီးအကဲတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ဆို နည်းလွန်းနေတယ်။ ကြည့်ရတာ အစီအရင်ဖန်တီးဖို့ ကုန်ကျစရိတ် ကြီးမားလွန်းတာကြောင့် ဖြစ်ရမယ်။

........

စုန့်ဝမ် လိုဏ်ဂူအိမ်ဆီ ပြန်ရောက်ချိန်က မိုးစင်စင်လင်းနေပြီ။ အထဲရောက်တာနဲ့ ရုပ်အလောင်းချီတွင်းထဲ ဆင်းပြီး သူဖန်တီးထားတဲ့ အံဝှက်ထဲ ရှီရှို့ဆီက သိမ်းဆည်းရမိတဲ့ပစ္စည်းတွေပါ ထည့်သိမ်းလိုက်တယ်။ အရင်က ရထားတဲ့ သိုလှောင်လက်စွပ်နဲ့ တခြားပစ္စည်းတွေလည်း ဒီထဲပဲ သိမ်းထားတာ။ ဒီနေရာက ဘယ်သူမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

ဒီရုပ်အလောင်းချီတွင်းကတဆင့် ဖြန့်ဝေပေးနေတဲ့ ရုပ်အလောင်းချီက စုန့်ဝမ် ကျင့်ကြံဖို့အတွက် မလုံလောက်တာ ကြာပြီ။ ဒါကြောင့် အကုန်ကျခံပြီး ရင်းမြစ်တွေ အပြင်က ဝယ်နေရတာ။ အလောင်းဘုရင်သွေးသန့်စင်ပညာ အပြည့်အစုံ ရပြီဆိုတော့ စုန့်ဝမ် ကျင့်ကြံမှု ပြန်စလို့ ရပြီ။ ရှီရှို့ရဲ့ သိုလှောင်အိတ်ထဲမှာ ယင်နတ်ဆိုးနှင်းရည်လို့ခေါ်တဲ့ အပြည့်အဝနီးပါး သန့်စင်ထားတဲ့ ရုပ်အလောင်းစွမ်းအင်ကနေ ထုတ်ယူထားတဲ့ ယင်ဓာတ်ဆေးရည် ၃ ပုလင်း ပါတယ်။ ဒါတွေက သူသုံးနေကျ အလောင်းချီစွမ်းအင်တွေထက် အများကြီး ပိုကောင်းတယ်။

ကျင့်ကြံချင်ပေမယ့် ဒီနေ့တော့ မဖြစ်သေးဘူး၊ အလုပ်လုပ်ရဦးမယ်။ စုန့်ဝမ် အလောင်းခွဲစိတ်ဂူမှာ တစ်နေကုန် အလုပ်လုပ်ပြီး ညနေစောင်းမှ ပြီးသွားတယ်။ အလာင်းခွဲစိတ်ဂူက ထွက်တာနဲ့ လိုဏ်ဂူတန်းပြန်ပြီး ကိုယ်လက်သန့်စင်တယ်။ ပြီးတာနဲ့ ရေမှန်နည်းစနစ် သုံးပြီး ရှီရှို့နဲ့ တူအောင် ရုပ်ဖျက်ဖို့ စကြိုးစားတယ်။ ကြွက်သားနဲ့ အရိုးတွေ ကြိုးစားညှိယူရင်း ၁၅ မိနစ်လောက်နေတော့ ရှီရို့ရဲ့ ရုပ်ရည်၊ အရပ်အမောင်းနဲ့ ခပ်ဆင်ဆင်တူလာတယ်။ အော်ရာအတုခိုးဖို့ကတော့ လွယ်တယ်၊ နှစ်ယောက်လုံးက အလောင်းဘုရင်သွေးသန့်စင်ပညာ ကျင့်ကြံကြတာလေ။ သေချာပြန်စစ်ပြီး အပြင်ဘက်မှာ လူသူမရှိတာ သေချာအောင် မဟူရာကူတွေ စစ်ခိုင်းတယ်၊ လူရှင်းတာ သေချာပြီဆိုတာနဲ့ ဝတ်ရုံနက် ဝတ်ဆင်ပြီး အပြင်ထွက်လာခဲ့တယ်။

အပြင်ရောက်တာနဲ့ ပျံသန်းခြင်းမန္တန် အသက်သွင်းပြီး ကျမ်းစာအဆောင်ဆီ ထွက်လာခဲ့တယ်။ တကယ်ဆို ဓားပျံစီးနင်းပြီး သွားလာရမှာ ဆိုပေမယ့် ဓားပျံစီးနည်းပညာကို သူမတတ်သေးဘူး။ မန္တန်အားကို ပျံသန်းနေပေမယ့် အခြေတည်အဆင့် ရောက်ရှိနေပြီဖြစ်လို့ လေထဲ လမ်းလျှောက်နေသလို ညက်ညောတယ်။

ကျမ်းစာအဆောင်နဲ့ မလှမ်းမကမ်းမှာ မြေပြင်ပေါ်ဆင်း လမ်းလျှောက်လာခဲ့တယ်။ အခြေတည်အဆင့် အကြီးအကဲက ဓားပျံမစီးဘဲ၊ မန္တန်သုံး ပျံသန်းနေရင် တစ်ခုခု မှားနေတာ သတိထားမိသွားလိမ့်မယ်။

ကျမ်းစာအဆောင်ရှေ့ ရောက်တာနဲ့ ဝင်ပေါက်မှာ ထိုင်နေတဲ့ အမျိုးသမီးကျင့်ကြံသူဆီ လျှောက်သွားပြီး အကြီးအကဲတံဆိပ် ပြလိုက်တယ်။ ကျမ်းစာဆောင်တာဝန်ခံက အကြီးအကဲတံဆိပ်နဲ့ စုန့်ဝမ်ဆီက အော်ရာကို ဝိညာဥ်အာရုံနဲ့ စစ်ဆေးပြီး အတည်ပြုဟန်နဲ့ ခေါင်းညိမ့်ပြရင်း မေးလာတယ်။

“စည်းကမ်းတွေ သိတယ်မလား”

စုန့်ဝမ် ရင်ထိတ်သွားတယ်၊ စည်းကမ်းလား၊ ချီစုစည်းခြင်း ကျမ်းစာအဆောင်စည်းကမ်းနဲ့ တူတူပဲလား။ ဘာတွေများ ထပ်ပါနေဦးမလဲ။ ချီစုစည်းခြင်းကျမ်းစာဆောင် စည်းကမ်းက ရိုးရှင်းပါတယ်၊ နည်းစနစ်တစ်ခု ရွေးယူပြီး၊ ကြီးကြပ်သူဆီ ပြသရမယ်၊ ကြီးကြပ်သူက တစ်ခါသုံး မိတ္တူကျောက်စိမ်းပြားတစ်ခု ပြန်ထုတ်ပေးမယ်။ အဲဒီမိတ္တူကို မပေါက်ကြားစေဖို့၊ လက်ဆင့်မကမ်းဖို့ ဝိညာဥ်ကျိန်ဆိုချက်ပြု ဖွင့်လှစ်မှတ်သားရမယ်။

အခြေတည်ကျမ်းစာအဆောင် စည်းကမ်းတွေကလည်း ခပ်ဆင်ဆင်တူမယ်လို့ မျှော်လင့်ရသလို၊ သူမသိတဲ့အကြောင်း ပြောလို့မဖြစ်တာကြောင့် ခေါင်းပဲညိမ့်ပြလိုက်တယ်။

ကျမ်းစာဆောင်တာဝန်ခံက အကြီးအကဲတံဆိပ် ပြန်ပေးတယ်။

“ဝင်လို့ရပါပြီ”

စုန့်ဝမ်လည်း တံဆိပ်ပြား ပြန်သိမ်းပြီး၊ ကျမ်းစာဆောင်ထဲ ဝင်လာခဲ့တယ်။ အခြေတည်ကျမ်းစာဆောင်က ကျယ်ကျယ်ဝန်းဝန်း ရှိပေမယ့်၊ ကျမ်းစာတွေက အလွန်ဆုံး တစ်ရာလောက်ပဲ ရှိမယ်။ တစ်ခုချင်းစီကို အစီအရင်စည်းနဲ့ ကာကွယ်ထားတယ်။ ဘေးမှာ စာအုပ်ပါးလေးတွေ ချပေးပြီး၊ အထဲမှာ ကျင့်စဥ်အကြောင်း အကျဥ်းချုပ်နဲ့ စျေးနှုန်းကို ရေးသားထားတယ်။ ရွေးချယ်ပြီးရင် ဒီစာအုပ်ငယ်လေး ယူသွားပြီး တာဝန်ခံဆီ ပေးအပ်ရင်၊ သူက ကျင့်စဥ်မိတ္တူပါ မှတ်တမ်းတင်ကျောက်စိမ်းပြား ကူးယူပေးမယ်။

အတန်ကြာအောင် လှည့်ပတ်ကြည့်ပြီးမှ အသင့်တော်ဆုံးလို့ ထင်ရတဲ့ နည်းစနစ် ၄ ခုကို ရွေးချယ်လိုက်တယ်။ တစ်ခုက အခြေတည်ကျင့်ကြံသူတိုင်း တတ်အပ်တဲ့ ဓားပျံစီးနင်းပညာ၊ အဆင့်မြင့်သွေးစတေးနည်းစနစ်နဲ့ တိုက်ခိုက်ရေးအတွက် တစ္ဆေလက်သည်းနည်းစနစ်တို့ကို ရွေးချယ်ခဲ့တယ်။ ပြီးတော့ အလောင်းရုပ်သေးပညာအနှစ်ချုပ် ရှင်းလင်းချက်ဆိုတဲ့ လျှို့ဝှက်နည်းစနစ်ကျမ်းကိုလည်း ယူခဲ့တယ်။ ဒီကျမ်းက အလောင်းရုပ်သေးဆိုင်ရာ သိသင့်သိထိုက်တာနဲ့ နည်းစနစ်တွေ ပါဝင်တယ်။ အလောင်းရုပ်သေးဖောက်ခွဲနည်းဆို စိတ်ဝင်စားဖို့ အတော်ကောင်းတယ်။

စုန့်ဝမ်လည်း ရွေးချယ်ထားတဲ့ ကျင့်စဥ်အညွှန်းစာအုပ်တွေ ယူလာပြီး တာဝန်ခံအမျိုးသမီးဆီ အပ်လိုက်တယ်။ တာဝန်ခံအမျိုးသမီးက စာအုပ်တွေ လက်ခံယူပြီး လက်ဖြန့်ပြတယ်။

စုန့်ဝမ် ဘာပေးရမှန်းမသိ ကြောင်နေချိန် တာဝန်ခံအမျိုးသမီးက စိတ်မရှည်သလို ပြောလာတယ်။

“ရှင့်တံဆိပ်ပြား ပေးဦးလေ”

စုန့်ဝမ် တံဆိပ်ပြား ထုတ်ပေးတော့ ယူပြီး သူ့ဘေးက အစီအရင်ပြားတစ်ခုထဲ ထည့်လိုက်တယ်။ ခဏနေတော့ ခေါင်းခါပြတယ်။

“ဒီနည်းစနစ် ၄ ခုက အကျိုးပြုအမှတ် တစ်ထောင် ကျတယ်။ ရှင့်မှာ ၉၁၀ ပဲ ရှိတယ်။ ၉၀ လိုနေတယ်”

စုန့်ဝမ် ဟန်မပျက် ပြန်ပြာလိုက်တယ်။

“ကျနော် အမှတ်မှားသွားတာပါ။ တာဝန်ခံအနေနဲ့ တစ်ခုခု စီစဥ်ပေးလို့ရမလား မသိဘူး”

ပြောပြောဆိုဆို အဆင့်နိမ့်ဝိညာဥ်ကျောက် ၉၀၀ ပါ သိုလှောင်အိတ်ကို ထုတ်ပေးလိုက်တယ်။

တာဝန်ခံအမျိုးသမီးမျက်နှာမှာ ဝမ်းသာဟန် ဖျပ်ခနဲ ပေါ်လာပြီး သိုလှောင်အိတ်ကို အမြန်ယူသိမ်းလိုက်တယ်။

“ငါကျမ်းစာဆောင်မှာ နေလာတာ ကြာပြီ၊ တာအိုရောင်းရင်းရှီရှို့လို စိတ်ဝင်စားဖို့ကောင်းသူ မတွေ့ဖူးဘူး။ ရပါတယ် .. လိုတဲ့အမှတ်တွေ ငါဖြည့်ပေးမယ်။ ခဏစောင့်”

တာဝန်ခံအမျိုးသမီး အပြေးဝင်သွားပြီး သိပ်မကြာခင် ကျင့်စဥ်မိတ္တူတွေ ကူးယူပြီး ပြန်ထွက်လာတယ်။ အထူးဝန်ဆောင်မှုက တယ်မြန်ပါ့လားလို့ စုန့်ဝမ် တွေးလိုက်မိတယ်။

စုန့်ဝမ်လည်း ကျေးဇူးစကားဆိုပြီး အမြန်ပြန်ထွက်ခဲ့တယ်။

တာဝန်ခံအမျိုးသမီးက ထွက်သွားတဲ့ စုန့်ဝမ်နောက်ကျောကို ငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်မိတယ်။

“ရှီရှို့မှာ လျှို့ဝှက်ချက်တစ်ခု ရှိနေပုံပဲ။ ဓားပျံစီးနင်းပညာဆို လွန်ခဲ့တဲ့ နှစ် ၂၀ သူအခြေတည်အဆင့် တက်လှမ်းနိုင်ချိန်က ထုတ်ယူပြီးပြီ၊ အခု ဘာလို့ထပ်လာယူတာလဲ။ ကြည့်ရတာ သူ့မိန်းမ အဆင့်ချိုးဖျက်ခါနီးလို့ များလား”

နာရီဝက်လောက်နေတော့ အိပ်ငိုက်နေတဲ့ တာဝန်ခံအမျိုးသမီး အံအားသင့်ပြီး ထရပ်လိုက်မိတယ်။

“အမ် .. မှတ်တမ်းကျောက်စိမ်းပြားထဲ ထည့်ပေးလိုက်တဲ့ ငါ့ဝိညာဥ်အမှတ်အသား ဘယ်ပျောက်သွားတာလဲ။ ရှီရှို့က ခုမှ အခြေတည်အစောပိုင်းအဆင့်၊ ငါလို နှောင်းပိုင်းအဆင့် ထည့်ထားတာကို ဘယ်လိုမြင်မှာလဲ။ မြင်ရင်တောင် ဖျက်ဖို့ နေ့ဝက်လောက် အချိန်ယူရမှာ။ ဒီကောင် ရှီရှို့ ဘာလုပ်တာလဲ”

ခဏနေတော့ ခေါင်းစားနေတဲ့ ကျမ်းစာဆောင်တာဝန်ခံရဲ့ ဆက်သွယ်ရေးကျောက်စိမ်းပြားဆီ ဂိုဏ်းပင်မခန်းမဆောင်ရဲ့ အရေးပေါ်ထုတ်ပြန်ချက် ဝင်လာတယ်။

“အရေးပေါ် အသိပေးချက်၊ အခြေတည်အဆင့် အကြီးအကဲရှီရှို့ရဲ့ ဝိညာဥ်အော်ရာ ပျောက်ကွယ်သွားပြီ။ ထူးခြားတာ တွေ့ရင် အမြန်သတင်းပို့ပါ”

အရေးပေါ်အသိပေးချက် ဖတ်ရှုပြီး တာဝန်ခံအမျိုးသမီး ရေခဲမြစ်ထဲ ပြုတ်ကျသလို ခံစားလိုက်ရတယ်။ သွားပြီ၊ တစ်ယောက်ယောက်က ရှီရှို့ဟန်ဆောင်ပြီး ကျင့်စဥ်တွေ လာယူသွားပြီးမှ၊ ဖမ်းထားတဲ့ရှီရှို့ကို သတ်ပစ်တာ ဖြစ်မယ်။

ပြဿနာ ကြီးလာပြီဆိုတော့ သူပတ်သတ်တာ လူသိခံလို့ မဖြစ်မှန်း ကျမ်းစာဆောင်တာဝန်ခံ ရိပ်မိတယ်။ ဂိုဏ်းခေါင်းဆောင်တွေ သိသွားရင် ကျခံရမယ့်ပြစ်ဒဏ်က တွေးရဲစရာ မရှိဘူးလေ။ တာဝန်ခံအမျိုးသမီးလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး သဲလွန်စဖျောက်ဖျက်ဖို့ အမြန်လှုပ်ရှားတယ်။ နေ့စဥ်မှတ်တမ်းကို ထုတ်ယူပြီး ရှီရှို့နာမည်နဲ့ စာရင်းသွင်းထားတာကို သူ့နာမည်နဲ့ ပြောင်းလိုက်တယ်။ လက်ကျန်အကျိုးပြုရမှတ် ကိုက်ညီအောင် မှောင်ခိုစျေးနဲ့ ဆက်သွယ် ရောင်းချပြီး စာရင်းညှိလိုက်တယ်။ အကျိုးပြုရမှတ်နဲ့ ဝိညာဥ်ကျောက် အရောင်းအဝယ်က နတ်ဆိုးဂိုဏ်းမှာ မဆန်းဘူးလေ။ သဲလွန်စဆိုလို့ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူက အစောပိုင်းအဆင့်ကျင့်စဥ်တွေ ဝယ်ယူတာပဲ ကျန်ခဲ့မယ်။ စာရင်းစစ်က အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သူအမ်းနေတယ်ပဲ ထင်မှာ။

ကျမ်းစာဆောင်တာဝန်ခံအမျိုးသမီးလည်း အကုန်ရှင်းပြီးမှ ငုတ်တုတ်ထိုင်ရင်း ရှီရှို့အယောင်ဆောင် လိမ်လည်သွားတဲ့ အမည်မသိလူကို ကျိန်ဆဲနေမိပါတော့တယ်။

………….

ဂိုဏ်းအကြီးအကဲတွေ ပျာယာခတ်နေချိန် တရားခံစုန့်ဝမ်က တောင်ခြေစျေးထဲ အေးအေးဆေးဆေး လမ်းသလားနေတယ်။ ကျမ်းစာဆောင်ကအပြန် လူရှင်းတဲ့နေရာမှာ ခဏပုန်းခိုရင်း ရှီရှို့ဝိညာဥ်ကို ဝါးမျိုခဲ့တယ်။ ကျောက်စိမ်းပြားတွေပေါ်မှာ ခြေရာခံဖို့ ဝိညာဥ်အမှတ်အသား ပါချင်ပါနေမယ် တွေးမိလို့ လိုအပ်မယ်ရ စုပ်ယူကြည့်တော့ ပါနေတာနဲ့ တစ်ခါတည်း စုပ်ယူပစ်လိုက်တယ်။

လက်စသတ်ပြီးတာနဲ့ ရုပ်ဖျက်ထားတာ ပြန်ဖျက်ပြီး တောင်ခြေစျေးထဲ ဆင်းလာခဲ့လိုက်တယ်။ စျေးထဲမှာ ဝင်ရှာရင်း စိတ်တိုင်းကျတဲ့ အဆင့်နိမ့်ဝိညာဥ်ဓားတစ်လက် တွေ့တာနဲ့ အဆင့်နိမ့်ဝိညာဥ်ကျောက် ၄၀၀၀ ပေးပြီး ဝယ်ခဲ့တယ်။

ဓားဝယ်ပြီးတာနဲ့ လိုဏ်ဂူအိမ်ဆီ ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ အကာအကွယ် အစီအရင် ဖွင့်၊ အလောင်းချီရေတွင်းထဲ ဆင်းပြီး ယူလာတဲ့ထဲက ကျောက်စိမ်းပြား ၃ ခုကို သိမ်းလိုက်တယ်။ လောလောဆယ် ဓားပျံစီးနင်းပညာပဲ လေ့ကျင့်မှာလေ။

နောက်နေ့တွေမှာ ကျင့်ကြံလိုက်၊ အလောင်းခွဲစိတ်လိုဏ်ဂူက သွေးအဆီအနှစ်တွေ ခိုးယူရောင်းစားလိုက်နဲ့ ပုံမှန်အတိုင်း ဖြတ်သန်းနေခဲ့တယ်။ ချန်ဖေးဟဲနဲ့ ဆက်ဆံရေးကိုလည်း ဆက်ထိန်းထားခဲ့တယ်။ ချန်ဖေးဟဲနဲ့ ချန်ယီက ဂိုဏ်းထဲမှာ စုန့်ဝမ်ရဲ့ ရှားရှားပါးပါး သူငယ်ချင်းတွေ ဖြစ်လာတယ်။

ဒီလိုနဲ့ ၆ လတာ ကုန်ဆုံးသွားခဲ့တယ်။ ဒီအချိန်မှာ စုန့်ဝမ်ရဲ့ ကျင့်ကြံမှုက အခြေတည် အစောပိုင်းအဆင့်မှာ တည်ငြိမ်နေပြီ။ သွေးအဆီအနှစ် သိုလှောင်နှုန်းပါ တက်လာလို့ အဆင့်တူတွေထက် ဆယ်ဆလောက် ပိုစုမိနေပြီ၊ ဒီပမာဏက ရွှေအမြုတေကျင့်ကြံသူနဲ့တောင် ယှဥ်နိုင်တယ်။ သိမ်းဆည်းလုယက်တာနဲ့ သွေးအဆီအနှစ် ရောင်းတာကနေ အဆင့်နိမ့်ဝိညာဥ်ကျောက် ၄၃,၀၀၀ ကျော် စုမိနေပြီ။

ရက်နည်းနည်းကြာတော့ ချန်ဖေးဟဲဆီက သတင်းပို့ချက် ဝင်လာလို့ စုန့်ဝမ် နည်းနည်းစိတ်ပူသွားတယ်။ မကြာခင် အပြောင်းအလဲကြီးတစ်ခု ဖြစ်တော့မယ်။ အလောင်းနတ်ဆိုးဂိုဏ်းနဲ့ ဝေးဝေးနေပါတဲ့။ ချန်ဖေးဟဲက သူ့ကို လေလွင့်ကျင့်ကြံသူလို့ သိထားတာလေ။ ထပ်မေးတော့ မင်းလို လေလွင့်ကျင့်ကြံသူတွေ ရှောင်မယ်ဆို အချိန်ရသေးတယ်၊ အမြန်ဆုံးပြေးလို့ပဲ အကြောင်းပြန်လာတယ်။

စုန့်ဝမ် တကယ်စိုးရိမ်သွားပြီ။ လေလွင့်ကျင့်ကြံသူတွေ ရှောင်ဖို့ အခွင့်အရေး ရှိသေးတယ်ဆိုတာက ဂိုဏ်းသားတွေတော့ ရှောင်ဖို့ အခွင့်အရေး မရှိဘူးဆိုတဲ့သဘောပဲ မဟုတ်လား။

အခြေအနေ မဟန်မှန်း ရိပ်မိတာကြောင့် စုန့်ဝမ် စနည်းနာဖို့ ပြင်ပရေးရာခန်းမဆီ အမြန်ပြေးသွားခဲ့တယ်။

……………

All Chapters