← Chapters

တတ်နိုင်သမျှ ပြင်ဆင်ကြ

Vol. 9 Ch. 103

တတ်နိုင်သမျှ ပြင်ဆင်ကြ

Vol. 9 Ch. 103

ရှီရှို့ကို သတ်ပြီးတည်းက ခြိမ်းခြောက်နေတဲ့အန္တရာယ် ကင်းသွားလို့ စုန့်ဝမ် ကျင့်ကြံမှုအဆင့်ကို ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ထိ ထုတ်ဖော်ထားခဲ့တယ်။ သတ္တမအဆင့်ဆို အတွင်းစည်းတပည့် ဖြစ်မှာဆိုတော့ မတက်ချင်သေးဘူး။ အပြင်စည်းတပည့်အဖြစ်က ပိုလွတ်လပ်တယ်။

အပြင်ရေးရာခန်းမကို ရောက်တော့ ခန်းမတံခါး ဖွင့်ထားတာ မြင်လို့ နည်းနည်းတော့ စိတ်အေးသွားတယ်။ ခဏနေရင် ခန်းမပိတ်ချိန် ရောက်တော့မှာ ဖြစ်လို့ လူသူကင်းရှင်းနေပြီ။ ပစ္စည်းသိမ်းပြီး ပြန်ဖို့ပြင်နေတဲ့ အသက်ခပ်ကြီးကြီး တာဝန်ခံတစ်ယောက်ပဲ ရှိတယ်။

စုန့်ဝမ် အပြေးသွားပြီး အရိုအသေပြုရင်း တံဆိပ်ပြားကို ပေးလိုက်တယ်။

“စီနီယာ .. ကျနော်က အပြင်စည်းတပည့်ကျိယင်ပါ။ ဒီနှစ်အတွက် ဂိုဏ်းတာဝန် လက်ခံဖို့ သတင်းပို့ပါတယ်”

အဘိုးကြီးက တံဆိပ်ပြားကို မယူဘဲ ခေါင်းခါရင်း စိတ်မရှည်တဲ့လေသံနဲ့ ပြောလာတယ်။

“ပြန်တော့ .. ပြင်ပတာဝန်တွေ ဖျက်သိမ်းလိုက်ပြီ။ ဒီနှစ်အတွက် ဂိုဏ်းပြင်ပတာဝန် ထမ်းဆောင်စရာ မလိုတော့ဘူး”

“မလိုတော့ဘူး .. တကယ်လားဗျ။ ဒါဆို ကျနော့်လို ဂိုဏ်းပြင်ပတာဝန် မယူရသေးသူတွေ ကံကောင်းတာပေါ့”

“အေး .. ဟုတ်တယ်။ မင်းတို့ ကံကောင်းသွားတယ်။ အပြင်မှာ အန္တရာယ် များတယ်။ ဂိုဏ်းထဲက လုံခြုံတော့ အသက်ရှည်တာပေါ့”

အဘိုးကြီးက ငေါ့တော့တော့လေသံနဲ့ ပြန်ဖြေတယ်။

“ဒါနဲ့၊ ဘာဖြစ်လို့ ဖျက်သိမ်းတယ်ဆိုတာရော စီနီယာ သိလား”

“ငါ့လိုအဆင့်နဲ့ ဘယ်သိပါ့မလဲကွ။ အခြေတည်အဆင့် အကြီးအကဲတွေပဲ သိမှာပေါ့။ ကောင်လေး .. စပ်စုမနေနဲ့၊ သွားတော့။ ငါလည်း ပြန်တော့မယ်”

….

အပြန်လမ်းမှာ စုန့်ဝမ် ခေါင်းပူအောင် စဥ်းစားနေရပြီ။ ချန်ဖေးဟဲပြောသလို တစ်ခုခု ထူးခြားနေတာတော့ သေချာပြီ။ ဂိုဏ်းပြင်ပတာဝန်တွေ ဖျက်သိမ်းတယ်ဆိုတာ အသေးအမွှားကိစ္စ မဟုတ်ဘူး။

စုန့်ဝမ် အခြအနေ အကဲခတ်ဖို့ တောင်ခြေစျေးဘက် ထွက်လာခဲ့တယ်။ ချန်ဖေးဟဲ ပြောသလိုဆို လေလွင့်ကျင့်ကြံသူတွေ ထွက်လို့ရနိုင်သေးတယ်။ အခွင့်သာရင် ရောနှောလိုက်သွားလို့ ရနိုင်မလားပေါ့။

လမ်းမှာရော၊ စျေးထဲမှာပါ ကင်းလှည့်အဖွဲ့တွေ သိသိသာသာ တိုးလာတာ သတိထားမိတယ်။ အရင်က ပါလေ့ပါထ မရှိတဲ့ အခြေတည်အဆင့် အကြီးအကဲတွေ ခေါင်းဆောင်တဲ့အဖွဲ့ကြီးတွေတောင် တွေ့လာရတယ်။ တောင်ခြေစျေးထဲမှာ လေလွင့်ကျင့်ကြံသူတွေ အများအပြား တွေ့ရသေးတယ်။ ဂိုဏ်းဝင်ပေါက်လည်း မပိတ်သေးဘူး။

ဟိုဟိုဒီဒီ ကြည့်နေချိန် ဆက်သွယ်ရေးအစီအရင်ပြားထဲ သတင်းပို့ချက် ဝင်လာလို့ ဖွင့်ဖတ်လိုက်တယ်။

“အလောင်းနတ်ဆိုးဂိုဏ်းသားများ သိစေရန်။ ယနေ့မှစ၍ မည်သည့်ဂိုဏ်းသားမျှ ဂိုဏ်းဧရိယာပြင်ပ ထွက်ခွာခွင့် မပြု။ ပြင်ပတာဝန်ထမ်းဆောင်သူများ ယခုချက်ချင်း ပြန်လာရမည်။ မလိုက်နာပါက မည်သူမဆို သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး အပြစ်ပေးခံရမည်”

စုန့်ဝမ် သက်ပြင်းချလိုက်မိတယ်။ ဂိုဏ်းတစ်ခုလုံးအပေါ် သက်ရောက်မယ့် ကိစ္စကြီးတစ်ခုတော့ လာနေပြီ။

တောင်ခြေစျေးထဲက ဂိုဏ်းသားတွေလည်း ကြေညာချက် ဖတ်ပြီး၊ နီးစပ်ရာချင်း တီးတိုးဆွေးနွေးနေကြတယ်။ ပါးနပ်သူတွေက ဆေးဆိုင်၊ လက်နက်ကိရိယာဆိုင်တွေဆီ အမြန်ဆုံး ဝင်သွားကြတယ်။

စုန့်ဝမ်လည်း လိုအပ်မယ်ထင်တာတွေ ဝယ်ယူဖို့အတွက် အမြန်ဆုံး လှုပ်ရှားပါတော့တယ်။ စျေးထဲက အကြီးဆုံးဆိုင်တစ်ခုထဲ ဝင်လိုက်တယ်။

“ယင်နတ်ဆိုးနှင်းရည် ဘယ်စျေးလဲ”

“လေးစားအပ်ပါသော စီနီယာ၊ တစ်ပုလင်းကို အဆင့်နိမ့်ဝိညာဥ်ကျောက် ၉၀၀ ပါ”

ချီစုစည်းခြင်း အဋ္ဌမအဆင့် ဆိုင်တာဝန်ခံက လေးလေးစားစား ပြန်ဖြေတယ်။ စုန့်ဝမ်က ချီစုစည်းခြင်း ဆဋ္ဌမအဆင့်အော်ရာပဲ ထုတ်ဖော်ထားပေမယ့် ယင်နတ်ဆိုးဆေးရည်က အခြေတည်အဆင့် ကျင့်ကြံသူသာ သုံးနိုင်တာဖြစ်လို့ ပါးနပ်တဲ့တာဝန်ခံက အခြေတည်အဆင့်တစ်ယောက် ရုပ်ဖျက်ပြီး စျေးဝယ်တယ်ဆိုတာ ရိပ်မိတယ်။

စျေးနှုန်းကြောင့် စုန့်ဝမ် မျက်နှာရှုံ့မဲ့သွားတယ်။

“စျေးကြီးလိုက်တာ၊ မနေ့ကပဲ ၈၀၀ နဲ့ ဝယ်ခဲ့တာ”

ဆိုင်တာဝန်ခံက အချိုသာဆုံး ပြုးပြတယ်။

“စီနီယာခင်ဗျာ၊ ဒါက စျေးချိုတာပါ။ နောက်တစ်နာရီဆို တစ်ထောင်ကျော်သွားပါလိမ့်မယ်”

ဆိုင်တာဝန်ခံပြောတာ မှန်တယ်။ ဂိုဏ်းထုတ်ပြန်ချက်က လူတိုင်း သိကုန်ပြီ။ ဂိုဏ်းသားတိုင်း တတ်နိုင်သလောက် ပြင်ဆင်ကြမှာဆိုတော့ စျေးက မတရား တက်မှာ။

စုန့်ဝမ်လည်း အချိန်မဆွဲရဲတော့ဘူး။ အခြေတည်အဆင့် အကြီးအကဲတွေ စျေးထဲ ဆင်းလာရင် စျေးနှုန်းက မိုးပျံအောင် တက်တော့မှာလေ။

“အေးပါ .. ၃ ပုလင်းပေး။ နောက်ပြီး ရွှေရောင်သတ္ထုနဲ့ ငွေရောင်သတ္ထုလည်း ယူမယ်။ ၁၀ ခုစီ ပေး”

“ဟုတ်ကဲ့ .. စီနီယာ လိုချင်တဲ့ပစ္စည်းတွေ ရှိပါတယ်။ ခဏစောင့်ပါ”

……

စုန့်ဝမ် တောင်ခြေစျေးထဲ လှည့်ပတ်ပြီး လိုမယ်ထင်တာ လိုက်ဝယ်ခဲ့တယ်။ သန့်စင်သွေးအနှစ် ပုလင်း ၂၀ လည်း အသုတ်လိုက် ခွဲရောင်းမနေတော့ဘဲ အကုန်ရောင်းခဲ့တယ်။ အရောင်းအဝယ် အရမ်းများတော့ စျေးကောင်းလည်း ရတယ်။

နာရီဝက်လောက် ကြာတော့ အဆင့်နိမ့်ဝိညာဥ်ကျောက် လက်ကျန်နည်းသွားလို့ အဝယ်ရပ်လိုက် ရတယ်။ လျှောက်သွားနေရင်း မှော်အဆောင်ဆိုင်တွေမှာ စျေးဝယ်တွေ ကြိတ်ကြိတ်တိုး စည်ကားနေတာ မြင်ပြီး လုယက်လို့ ရထားသမျှတွေ ထုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအချိန်မှာ ဘယ်သူကမှ နောက်ကြောင်းစစ်နေမှာ မဟုတ်ဘူး၊ လုတောင် ဝယ်ကြဦးမှာ။

စုန့်ဝမ် လိုဏ်ဂူအိမ် အမြန်ပြန်ပြီး သိုလှောင်လက်စွပ် ၂ ကွင်း အမြန်ထုတ်လိုက်တယ်။ အထဲမှာ ဝိညာဥ်ကျောက် သုံးသောင်း၊ သွေးအနှစ်ပုလင်း ၁၂၀ အပြင် ဆေးလုံးတွေ၊ မှော်အဆောင်တွေနဲ့ ဝိညာဥ်ဆေးပင်တွေ အများအပြား ရှိနေတယ်။

သွေးအနှစ်က ရောင်းတာ များသွားပြီဆိုတော့ ထပ်ရောင်းရင် အများအာရုံစိုက်စရာ ဖြစ်လာနိုင်တယ်။ ထပ်ရောင်းလို့ မဖြစ်သေးဘူး။ တခြားပစ္စည်းတွေထဲက လိုမယ်ထင်တာ ချန်ထားခဲ့ပြီး ကျန်တဲ့ပစ္စည်းတွေကို သိုလှောင်အိတ် ၆ လုံးထဲ ခွဲထည့်ပြီး တောင်ခြေစျေးဆီ ပြန်ဆင်းလာခဲ့တယ်။

ဒီနေ့က လှုပ်လှုပ်ရှားရှား ဖြစ်တဲ့နေ့ဆိုတော့ ညနက်တာတောင် စည်ကားနေဆဲပဲ။ စုန့်ဝမ်လည်း ရောင်းဖို့ယူလာသမျှ အကုန်လှည့်ပတ်ရောင်းခဲ့တယ်။ ဆယ်ကြိမ်လောက် ရုပ်ဖျက်ပြီး၊ ဆိုင် ၃၀ လောက် ဝင်ထွက်ရောင်းချလိုက်ရတယ်။ စျေးနှုန်းတွေက တရိပ်ရိပ် တက်နေလို့ အားလုံးရောင်းကုန်ချိန်မှာ အဆင့်နိမ့်ဝိညာဥ်ကျောက် တစ်သိန်းနီးပါး ရခဲ့လို့ စုန့်ဝမ် အံအားသင့်နေတယ်။ ဒါတောင် ဆိုင်တွေက ဝယ်စျေးကို အတင်းနှိမ်နေလို့၊ သူသာ ပြန်ဝယ်မယ်ဆို ဝိညာဥ်ကျောက် နှစ်သိန်းမက ပေးရမှာ။

ထီပေါက်တဲ့အလား ချမ်းသာသွားတဲ့ စုန့်ဝမ်လည်း လိုဏ်ဂူအိမ်ဆီ ပျော်ပျော်ကြီး ပြန်လာခဲ့လိုက်တယ်။

.....

နောက်ရက်တွေမှာတော့ အလုပ်ပြီးတာနဲ့ ကျင့်ကြံမှု တိုးတက်အောင် အချိန်ပေးပြီး အားစိုက်နေခဲ့တယ်။ ဘာမှန်းမသိ ကိစ္စကြီးတစ်ခုနဲ့ ရင်ဆိုင်နေရချိန်၊ ဂိုဏ်းကနေ ထွက်ပြေးလို့လည်း မရမှတော့ ကျင့်ကြံဖို့ကသာ စုန့်ဝမ်အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေခဲ့တယ်။ အရေးကြုံပြီဆို အားကြီးလေ ရှင်သန်ဖို့ အခွင့်အရေးများလေပဲ မဟုတ်ပါလား။

တစ်ရက်တော့ ကျင့်ကြံမှု မစခင် ချန်ယီကို ရုတ်တရက် သတိရလာတာနဲ့ အခြေအနေ ထူးခြားနေတယ်၊ သတိထားပါဆိုပြီး သတင်းပို့ဖြစ်ခဲ့တယ်။ ခဏနေတော့ ချန်ယီဆီက ကျေးဇူးတင်ကြောင်း အကြောင်းပြန်ချက် ဝင်လာတယ်။ သတင်းထူး မပါဘူးဆိုတော့ သူတို့လည်း အကြောင်းရင်းကို မသိသေးတဲ့သဘောပဲ။

...

နောက်နေ့မနက် အလောင်းခွဲစိတ်ဂူ ရောက်တော့ အလောင်း ၈၀ ပဲ ခွဲတမ်းရလို့ စုန့်ဝမ် အံအားသင့်သွားတယ်။ မေးကြည့်တော့ ဂိုဏ်းသားတွေ အပြင်ထွက်ခွင့် ပိတ်ပင်ထားလို့ အလောင်းသစ်တွေ မရဘူး၊ နောက်နေ့ဆို ပိုနည်းနိုင်တယ်လို့ သိလိုက်ရတယ်။

ထပ်မစပ်စုဖြစ်ပေမယ့် အခြေအနေက လုံးဝထူးခြားနေတာ သေချာသိလိုက်ရတယ်။ ဂိုဏ်းရဲ့ ကျင့်ကြံမှုရင်းမြစ်က လူသေအလောင်းဆီကရတဲ့ ရုပ်အလောင်းချီလေ။ ပင်မရင်းမြစ်ကို ဖြည့်ဆည်းဖို့ မလုပ်နိုင်လောင်အောင် ရင်ဆိုင်နေရတဲ့ အခက်အခဲက ဘာများဖြစ်နိုင်မလဲ။

စုန့်ဝမ်လည်း ပြင်ဆင်မှုကို တတ်နိုင်သလောက် အရှိန်မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပထမဆုံး ရှီရှို့ဆီက ရလာတဲ့ ဒုတိယအဆင့် အလောင်းရုပ်သေးကို တိုက်ခိုက်ရေးအစွမ်း ပိုမြှင့်လာအောင် အဆင့်မြှင့်တယ်။ ဝူစွေ့ဆီက ရလာတဲ့ ဒုတိယအဆင့်တစ်ပိုင်း အလောင်းရုပ်သေးကိုလည်း ဒုတိယအဆင့်ဖြစ်အောင် အဆင့်မြှင့်တင်တယ်။ အလောင်းရုပ်သေး အဆင့်မြှင့်တာ အချိန်ယူရတဲ့ကိစ္စဖြစ်လို့ ခေါင်းတလားထဲ ထည့်ပြီး အစီအရင် ခင်းကျင်းအားဖြည့်ထားလိုက်တယ်။

နောက်တော့ မဟူရာက ၈ ကောင်ကို လိုဏ်ဂူထဲ လွတ်လွတ်လပ်လပ် သွားလာစေပြီး၊ ခရမ်းလသစ်ခွနဲ့ ငွေရောင်သတ္ထုတုံးတွေ ကျွေးထားလိုက်တယ်။ မဟူရာကူတွေက ချီစုစည်းခြင်း နဝမအဆင့် ရောက်နေတာ ကြာပေမယ့်၊ အခြေတည်အဆင့်နဲ့ ညီမျှတဲ့ အဆင့်မြင့်ကူဖြစ်ဖို့ နည်းလမ်း ရှာမတွေ့သေးဘူး။

အားလုံးပြင်ဆင်ပြီးတာနဲ့ လိုဏ်ဂူအိမ်ကို အကာအရံအစီအရင် ခင်းကျင်းကာကွယ်ပြီး အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် အဆင့်တက်ဖို့ ပြင်ဆင်လိုက်တယ်။ ဒီတစ်ခါတော့ ယန်မျိုးနွယ်ဆီက ရလာတဲ့ အဆိပ်ဆေးလုံးကို အသုံးချရတော့မယ်။

ဆေးလုံးကို မျိုချဖို့လုပ်ရင်း စုန့်ဝမ် တွန့်သွားတယ်။ ဒီဆေးလုံးက အဆိပ်ပြင်းလွန်းအားကြီးတယ်။ သာမန်လူဆို အနံ့ရရုံနဲ့တင် ကိုယ်တွင်းအဂ်ါတွေ ပျက်စီးပုပ်ပွပြီး သေနိုင်တယ်။ စုန့်ဝမ် အံကြိတ်ပြီး မျိုချလိုက်ရတယ်။

ဆေးလုံးက လည်ချောင်းထဲ ရောက်ရုံနဲ့တင် အာနိသင် ပြပါတော့တယ်။ တစ်ကိုယ်လုံး ပူဆင်းသွားပြီး၊ ကိုယ်တွင်းအဂ်ါတွေ ပျက်စီးတော့မယောင် ဖြစ်လာတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရောင်ရင့်ရင့် အရောင်ပြောင်းသွားပြီး အသားပုပ်နံ့ လိုဏ်ဂူတစ်ခုလုံး ဖုံးလွှမ်းသွားတယ်။ မဟူရာကူအုပ်စုတောင် လိုဏ်ဂူရဲ့ ထောင့်တစ်နေရာမှာ ငြိမ်ကုပ်ပြီး ပုန်းနေကြတယ်။

စုန့်ဝမ်လည်း ဖော်မပြနိုင်လောက်တဲ့ နာကျင်မှုဒဏ် ခံနေရတဲ့ကြားက အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်ကို အသက်သွင်း ကျင့်ကြံခဲ့တယ်။

........

၇ ရက်မြောက်နေ့ ရောက်တဲ့အထိ စုန့်ဝမ် ဘာသတင်းမှ မကြားရသေးလို့ တွေးရခက်နေတယ်။ တခြားသူတွေလည်း သူ့လိုပဲ အတွေးကိုယ်စီနဲ့ စိတ်ရှုပ်နေကြတယ်။

အလောင်းခွဲစိတ်ဂူမှာ ခွဲတမ်းရအလောင်း အရေအတွက် တစ်နေ့ထက် တစ်နေ့ နည်းလာတယ်။ စောစောပြီးတာနဲ့ တောင်ခြေစျေးဆီ ဆင်းခဲ့တော့ လူသွားလူလာ မရှိသလောက် နည်းနေလို့ စုန့်ဝမ် အံအားသင့်သွားတယ်။ တချို့ဆိုင်တွေဆို ပိတ်တောင် ပိတ်ထားတယ်။ မြေအောက်တစ္ဆေစျေးလည်း ပိတ်သွားပြီ။ စျေးတစ်ခုလုံး ဂိုဏ်းသားတွေပဲ ရှိတယ်။ လေလွင့်ကျင့်ကြံသူတွေ တစ်ယောက်မှ မရှိတော့ဘူး။

လိုအပ်တဲ့ပစ္စည်းတချို့ ဝယ်ယူပြီးတာနဲ့ လိုဏ်ဂူအိမ်ကို ပြန်ခဲ့တယ်။ ဒီရက်ပိုင်း ကျင့်ကြံမှု အားစိုက်လွန်ပြီး အပြင်လောကနဲ့ အဆက်ပြတ်ခဲ့လို့ ဘာဖြစ်နေလဲဆိုတာ သူမသိလိုက်ရဘူး။ နောက်ဆုံးတော့ စဥ်းစားမရတာနဲ့ ချန်ဖေးဟဲဆီ ဆက်သွယ်ရေးအစီအရင်ကတဆင့် သတင်းမေးရပါတော့တယ်။

“အကြီးအကဲချန်၊ အလောင်းနတ်ဆိုးဂိုဏ်းမှာ ကိစ္စကြီး တစ်ခုခု ဖြစ်နေတာလား”

တစ်နာရီလောက်နေမှ ချန်ဖေးဟဲဆီက စာပြန်ဝင်လာတယ်။

“တာအိုရောင်းရင်းကျန်း၊ မင်း အလောင်းနတ်ဆိုးဂိုဏ်းက ထွက်မသွားရသေးဘူးလား။ မင်းရူးနေတာလား၊ ဒါမှမဟုတ် ဂိုဏ်းက ဖမ်းထားတာလား။ အဲဒါဆိုရင် ငါ့ကို ခွင့်လွှတ်ပါ။ ငါလည်း ကယ်နိုင်မှာ မဟုတ်ဘူး”

ဆက်သွယ်ရေးအဆောင်ရဲ့ အကွာအဝေး ကန့်သတ်ချက်ကြောင့် စုန့်ဝမ် အလောင်းနတ်ဆိုးဂိုဏ်း နယ်နမိတ်ထဲမှပဲ ရှိနေသေးတယ်ဆိုတာ ချန်ဖေးဟဲ သိသွားတယ်။

စုန့်ဝမ်လည်း အံအားသင့်သွားတယ်။ လေလွင့်ကျင့်ကြံသူတွေကို အလောင်းနတ်ဆိုးဂိုဏ်းက ဖမ်းနေတယ်၊ ချန်ဖေးဟဲလို နောက်ခံအားကောင်းတဲ့ အခြေတည်အကြီးအကဲတောင် မကယ်နိုင်ဘူးတဲ့လား။ ဒီလောက် လူအင်အားစုနေရင် ကြုံနေရတဲ့အန္တရာယ်က ဂိုဏ်းစစ်ပွဲဆိုတာ သေချာပြီ။

စုန့်ဝမ်လည်း သေချာသိရအောင် သူဘေးကင်းကြောင်း ချန်ဖေးဟဲကို ပြောပြရင်း အကြောင်းရင်းကို မရမက မေးနေခဲ့တယ်။

ချန်ဖေးဟဲလည်း အစက ဝေ့လည်ကြောင်ပတ် ဖြေပေမယ့် စုန့်ဝမ် အတင်းမေးနေလို့ နောက်ဆုံးတော့ အမှန်အတိုင်း ပြောချလိုက်တယ်။

“ထျန်းယွမ်တိုက်ကြီးရဲ့ အရှေ့မြောက်ဒေသက လမ်းမှန်ဂိုဏ်းတွေ စုပေါင်းပြီး ငါတို့ဂိုဏ်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီ။ အဲဒါကြောင့် စစ်ပြင်နေရတာ”

..........

All Chapters