ခံစစ်ပြင်ကြ
Vol. 9 Ch. 104
ထျန်းယွမ်တိုက်ကြီးဆိုတာ ထို့ချန်မဟာတောင်တန်းကြီး အနောက်တောင်ဘက်က မြေပြန့်လွင်ပြင်ကြီး။ အဲဒီမှာ သာမန်သေမျိုးတွေအပြင် ကျင့်ကြံမှုမိသားစုတွေ၊ ဂိုဏ်းတွေ အများကြီး တည်ရှိတယ်။ ဂိုဏ်းအများစုက လမ်းမှန်ဂိုဏ်းတွေ။
အလောင်းနတ်ဆိုးဂိုဏ်းအပြင်၊ သွေးနတ်ဆိုးဂိုဏ်း၊ နက်နဲယင်စွမ်းအင်ဂိုဏ်းလို့ နတ်ဆိုးလမ်းစဥ်ဂိုဏ်းတွေက ထို့ချန်တောင်တန်းရဲ့ အနောက်ဖက် တောင်စဥ်တန်းမှာ တည်ရှိတယ်။
ဒီဒေသနှစ်ခုက တဆက်တစပ်တည်း တည်ရှိနေသလို ဂိုဏ်းတွေကလည်း ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် အမြဲလိုလို အားပြိုင်မှုတွေ ဖြစ်နေခဲ့တယ်။ ရာစုနှစ်တိုင်း ကြီးမားတဲ့ဂိုဏ်းစစ်ပွဲ ဖြစ်ပွားလေ့ ရှိတယ်။ ဂိုဏ်းစစ်ပွဲမှာ လမ်းမှန်ဂိုဏ်းတွေ အသာရတာ များလို့ နတ်ဆိုးဂိုဏ်း နယ်မြေတွေ ကျဥ်းလာပြီး၊ ထို့ချန်တောင်တန်းကြီးရဲ့ ဝေးလံခေါင်သီတဲ့ အတွင်းပိုင်းကို တရွေ့ရွေ့ ဆုတ်လာခဲ့ရတယ်။
ထို့ချန်မဟာတောင်တန်းကြီးရဲ့ အတွင်းပိုင်းမှာ ဝိညာဥ်စွမ်းအင် ကြွယ်ဝတဲ့ဒေသတွေ ရှိပေမယ့် စွမ်းအားကြီး နတ်ဆိုးသားရဲမျိုးနွယ်တွေ နေထိုင်ကြလို့ နတ်ဆိုးဂိုဏ်းတွေ မဝင်ရောက်နိုင်ကြဘူး။ အနောက်တောင်ဘက် တောင်စွယ်တန်းမှာပဲ အခြေချ နေထိုင်နိုင်တယ်။ ဒီဒေသမှာ သေမျိုးလူသားတွေလည်း အခြေချနေထိုင်ပေမယ့် နတ်ဆိုးဂိုဏ်းတွေက ကျင့်ကြံမှုရင်းမြစ်အဖြစ် သတ်ဖြတ်အသုံးချလို့ အတော်လေး နည်းပါးသွားပြီ။ ဒါကြောင့် ရင်းမြစ်ရဖို့ ထျန်းယွမ်တိုက်လို့ခေါ်တဲ့ မြေပြန့်လွင်ဒေသထိ ခြေဆန့်ပြီး လူဖမ်းဆီးတာတွေ လုပ်လာကြတယ်။ ဒီလိုနဲ့ ထျန်းယွမ်တိုက်ကြီးက လမ်းမှန်ဂိုဏ်းတွေနဲ့ နတ်ဆိုးဂိုဏ်း ၃ ဂိုဏ်းကြား စစ်ပွဲတွေ ပြန်အရှိန်မြင့်လာခဲ့တယ်။
ချန်ဖေးဟဲက စုန့်ဝမ်ကို သူသိထားသမျှ သတင်းတွေ ထပ်ပြောပြတယ်။
“ဒီတစ်ခါ လမ်းမှန်ဂိုဏ်းတွေက နတ်ဆိုးဂိုဏ်း ၃ ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ပြင်ဆင်နေကြတယ်။ လွန်ခဲ့တဲ့ ၆ လလောက်တည်းက လမ်းမှန်ဂိုဏ်းသားတွေ လေလွင့်ကျင့်ကြံသူလို ဟန်ဆောင်ပြီး ငါတို့ဂိုဏ်းထဲ ထိုးဖောက် စုံစမ်းခဲ့တယ်။ ရွှေအမြုတေဘိုးဘေးတွေက ရိပ်မိတာ ကြာနေပေမယ့် ဘာ့ကြောင့်ရယ် မသိဘူး၊ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့တာ”
စုန့်ဝမ်လည်း ကြုံခဲ့ဖူးတဲ့ မြေအောက်တစ္ဆေစျေးမှာ အလောင်းနတ်ဆိုးဂိုဏ်း အခြေတည်အကြီးအကဲတွေရဲ့ သတင်းအချက်အလက် ဝယ်လိုအား များနေတာကို ပြန်အမှတ်ရသွားတယ်။
စုန့်ဝမ် တွေးရင်း လန့်သွားတယ်၊ သောက်ကျိုးနည်း .. မြေအောက်တစ္ဆေစျေးက ရွှေအမြုတေဘိုးဘေးတစ်ဦး တည်ထောင်တာလေ။ ဒါဆို ကိုယ့်ဂိုဏ်းကသတင်းကို ဘိုးဘေးတွေကိုယ်တိုင် ရောင်းစားနေတာပဲ။ ဒီလိုလူတွေနဲ့ ဘယ်လိုလုပ်ပြီး ဂိုဏ်းစစ်ပွဲမှာ နိုင်နိုင်ပါ့မလဲ။ နတ်ဆိုးကျင့်ကြံသူ ပီသပါပေတယ်။ ကြိုက်စျေးသာပေးရင် ဂိုဏ်းပါ ရောင်းစားမယ့်သူတွေ။
ဒါပေမယ့် ဒီလူတွေက ကိုယ်ကျိုးရှာပေမယ့် ဂိုဏ်းတော့ အပျက်ခံမယ် မထင်ဘူး။ ဂိုဏ်းပျက်ရင် သူတို့လည်း သောင်ပြင်လွှတ်တဲ့ခွေးလို ဘဝပျက်မှာ မဟုတ်လား။ အတိုင်းအတာတစ်ခုထိ ကိုယ်ကျိုးရှာပေမယ့် စစ်ကိုတော့ အားစိုက်တိုက်မှာပါ။ နယ်မြေအရဆို အလောင်းနတ်ဆိုးဂိုဏ်းက အစွန်ဆုံးမှာ တည်ရှိတော့ ရှေ့တန်းစစ်မြေပြင်ဖြစ်မှာ ကျိန်းသေပဲ။ ဒါပေမယ့် ကျန်တဲ့နတ်ဆိုးဂိုဏ်း ၂ ခုက ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ အလောင်းနတ်ဆိုးဂိုဏ်း ပြိုလဲတာနဲ့ နောက်တစ်ခါ သူတို့အလှည့်ပဲ။ ၃ ဂိုဏ်းပေါင်းရင်တောင် ခုခံနိုင်ဖို့ မသေချာဘူး။ ဒါဆို အလောင်းနတ်ဆိုးဂိုဏ်း အကြီးအကဲတွေက ဘာအားကိုးနဲ့ ယုံကြည်မှု ရှိနေကြတာလဲ။ စုန့်ဝမ် တွေးမရ ဖြစ်နေတယ်။
......
နောက်နေ့ အလောင်းခွဲစိတ်ဂူကို ရောက်တော့ ခွဲစိတ်ဖို့ အလောင်းမရှိတော့တာနဲ့ စုန့်ဝမ် ပြန်ထွက်လာခဲ့ ရတယ်။ အားနေတာနဲ့ အခြေအနေ သိရအောင် လှည့်ပတ်ကြည့်လိုက်တယ်။ အဝေးရောက်သူတွေပါ ပြန်ဆင့်ခေါ်ထားလို့ ဂိုဏ်းထဲမှာ စည်စည်ကားကား ဖြစ်နေတယ်။ ဆေးခန်းမ၊ မှောင်အဆောင်ခန်းမနဲ့ လက်နက်ခန်းမတွေမဆို ကြိတ်ကြိတ်တိုးပဲ။ စစ်ပွဲတစ်ခု အစပြုရင် ထောက်ကူပြုပစ္စည်း စုံစုံလင်လင် ရှိမှ အသက်ရှင်ဖို့ ရာခိုင်နှုန်းများတယ် မဟုတ်လား။
ထမင်းစားဆောင်မှာ နေ့လည်စာ စားနေရင်း ဆက်သွယ်ရေးအဆောင်ထဲ တာဝန်ပေးချက် ဝင်လာတယ်။ ဂိုဏ်းနယ်မြေ မြောက်ဘက် နှစ်မိုင်အကွာက နေရာမှာ ခံတပ်တည်ဆောက်ရေးအဖွဲ့နဲ့ လိုက်ပါဖို့ တာဝန်ကျလာတယ်။ နှစ်နာရီအတွင်း သတ်မှတ်စုရပ်ကို သတင်းပို့ပါတဲ့။
စုန့်ဝမ် သက်ပြင်းချလိုက်မိတယ်။ ရှီရှို့ သေပြီးတာနဲ့ ဘေးကင်းပြီဆိုတော့ သိပ်မကြာခင် အခြေတည်အဆင့် တရားဝင်တက်ပြီး အလောင်းနတ်ဆိုးဂိုဏ်းမှာ ကြီးပွားတိုးတက်အောင် ကြိုးစားဖို့ ရည်ရွယ်ခဲ့တာ။ ခုတော့ ရေစုန်မျောတော့မယ့်ပုံပဲ။
အချိန်ဖြုန်းနေလို့ မဖြစ်တာနဲ့ စုန့်ဝမ်လည်း စားနေတာ လက်စသတ်ပြီး လိုဏ်ဂူအိမ်ကို အပြေးပြန်ခဲ့တယ်။ ရှေ့ရေးက ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းမရလို့ ရှိရှိသမျှ ပိုင်ဆိုင်မှုအားလုံး သိုလှောက်လက်စွပ် ၂ ကွင်းထဲ ထည့်လာခဲ့လိုက်တယ်။ အလောင်းနတ်ဆိုးဂိုဏ်းနဲ့ ကံကြမ္မာ မျှဝေခံစားဖို့ စိတ်ကူးမရှိတာကြောင့် အခြေအနေ မဟန်ရင် အခွင့်အရေး ရှာပြီး ထွက်ပြေးဖို့ ရည်ရွယ်ထားတယ်လေ။
အကောင်းဆုံးနည်းက အခွင့်သာတာနဲ့ ထျန်းယွမ်တိုက်ဆီ ထွက်ပြေးပြီး လေလွင့်ကျင့်ကြံသူအဖြစ် ရှင်သန်ဖို့ပဲ။ အလောင်းနတ်ဆိုးဂိုဏ်း မပျက်စီးရင်တောင် သူ့လို ချီစုစည်းခြင်းအဆင့် အပြင်စည်းတပည့်ကို အရေးယူဖို့ ထျန်းယွမ်တိုက်ကြီးထဲထိ လိုက်ရှာမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ထျန်းယွမ်တိုက်မှာဆို သွေးအဆီအနှစ်နဲ့ ဝိညာဥ် စုပ်ယူဝါးမျိုဖို့ ခက်ခဲတာက အားနည်းချက် ဖြစ်နေပြန်ရော။
...
သတ်မှတ်စုရပ်ကို စုန့်ဝမ်ရောက်တော့ ဂိုဏ်းသား အတော်များများ ရောက်နေပြီ။ နေရာက မြင့်မားတဲ့ တောင်ထိပ်ကြီးတစ်ခု၊ မိုင်ပေါင်းများစွာကို စိုးမိုးထားတဲ့ ခံစစ်နေရာကောင်းပဲ။
အချိန်စေ့တော့ လူစုံပြီ၊ အပြင်စည်းတပည့် ၂၀၀၀ နဲ့ အစေခံတပည့် ၁၀၀၀ ကျော်လောက် ရှိမယ်။ အပြင်စည်းတပည့် အများစုက ချီစုစည်းခြင်း အလယ်အဆင့်၊ အစေခံတပည့်က အစောပိုင်းအဆင့်။
ခဏနေတော့ အခြေတည်အဆင့် အမျိုးသမီးတစ်ယောက် ဓားပျံစီးနင်းရင်း ရောက်လာတယ်။
“အားလုံး နားထောင်ကြ။ ငါက ခံတပ်ဆောက်လုပ်ရေး ကြီးကြပ်မယ့် အကြီးအကဲတန့်ယင်ပဲ။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပါ၊ စွမ်းဆောင်နိုင်သူ ဆုရမယ်။ ပေါ့လျော့ပျက်ကွက်ရင် ငါ့ကို အဆိုးမဆိုနဲ့”
ချက်ချင်းပဲ တန့်ယင်က ကျင့်ကြံမှုအဆင့်မြင့်သူ အပြင်စည်းတပည့် ၁၀ ယောက်ကို ခေါင်းဆောင်စေပြီး အဖွဲ့ ၁၀ ဖွဲ့ပြီး တာဝန်ချလိုက်တယ်။
စုန့်ဝမ် တာဝန်ကျရာအဖွဲ့ဆီ သွားရင်း လူအုပ်ထဲမှာ ရင်းနှီးသူတစ်ယောက် တွေ့လိုက်ရတယ်။
“ညီမချန် ..”
ချန်ယီလည်း စုန့်ဝမ်ကို မြင်တော့ ဝမ်းသာသွားတယ်။
“အကိုကျိယင်ပါလား၊ အကိုလည်း ဒီအဖွဲ့မှာပဲလား။ အရမ်းကောင်းတယ်။ ဒီမှာဝမ်တန့်နဲ့ လီယွမ်တို့လည်း ပါတယ်”
ချန်ယီ ပြောတော့မှ ဂိုဏ်းထဲအတူဝင်လာကြတဲ့ နှစ်ယောက်ကိုပါ လူအုပ်ထဲမှာ တွေ့လိုက်ရတယ်။
“ဂျူနီယာဝမ်နဲ့ ဂျူနီယာလီလည်း ပါတာလား။ ကောင်းတာပေါ့”
ဝမ်တန့်နဲ့ လီယွမ်က စုန့်ဝမ်ကို လေးလေးစားစား နှုတ်ဆက်ကြတယ်။ သူတို့က ချီစုစည်းခြင်း ဒုတိယအဆင့်ပဲ ရှိသေးလို့ ဆဋ္ဌမအဆင့်အော်ရာ ထုတ်ဖော်ထားတဲ့ စုန့်ဝမ်ကို စီနီယာတစ်ယောက်လို လေးစားအားကိုးလာကြတယ်။
.........
အလောင်းနတ်ဆိုးဂိုဏ်းက တောင်ပေါ်မှာ ခံတပ်တစ်ခု တည်ဆောက်ဖို့ စီစဥ်ထားတယ်။ အရင်ဆုံး တောင်ထိပ်ကို ဧက ၂၀ အကျယ်လောက်ရအောင် ဖြိုချ၊ မြေညှိတယ်။ ပြီးတော့ ပေ ၃၀ မြင့်တဲ့ တံတိုင်းတစ်ခု တည်ဆောက်တယ်။ တံတိုင်းက အစီအရင်တွေပါ ထည့်သွင်းတည်ဆောက်ရလို့ အတော်လက်ဝင်တယ်။ ဂိုဏ်းက ဆယ်ရက်အတွင်း အပြီးတည်ဆောက်ခိုင်းလို့ အလုပ်ချိန်များများယူပြီး လုပ်နေကြရတယ်။
စုန့်ဝမ်တို့အဖွဲ့က တောင်ခြေမှာ ကျောက်တုံးကြီးတွေ တူးဖော်ပေးဖို့ တာဝန်ကျတယ်။ စုန့်ဝမ်က ချန်ယီတို့နဲ့အတူ လေးယောက်အဖွဲ့ ဖွဲ့လိုက်တယ်။ ကျောက်တူးရင်း စကားပြောရင်းပေါ့။
“ဘာလိုလိုနဲ့ ငါတို့ ဂိုဏ်းထဲရောက်တာ ၆ နှစ်တောင် ရှိပြီ။ ဒီကြားထဲ ငါ စီနီယာကျန်းနဲ့ မတွေ့ဖြစ်ဘူး၊ သူရော အဆင်ပြေရဲ့လား”
ဝမ်တန့်က နှာခေါင်းတစ်ချက် ရှုံ့ရင်း မကျေနပ်တဲ့အသံနဲ့ ပြန်ဖြေလာတယ်။
“သူလား၊ ရွှေအမြုတေဘိုးဘေးရဲ့ သားမက်တော် တပည့်ရင်းဆိုတော့ အရမ်းအဆင်ပြေတာပေါ့”
လီယွမ်ကလည်း စိတ်ပျက်တဲ့လေသံနဲ့ ပြောလာတယ်။
“ကျန်းရှောင်ဖန်က လွန်ခဲ့တဲ့ ၇ လလောက်ကတင် သူ့ဆရာလုချန်ရဲ့သမီးနဲ့ လက်ထပ်ခဲ့တာ။ အဲဒီတည်းက ငါတို့နဲ့ အဆက်အသွယ် မလုပ်တော့ဘူး”
ချန်ယီက ဘာမှမပြောဘဲ ငြိမ်နေတယ်။ သူ့ကြည့်ရတာ အတော်လေး စိတ်မကောင်းဖြစ်နေပုံ ရတယ်။ ဒီလပိုင်းတွေထဲ ချန်ယီ စျေးထဲမှာ ဝိညာဥ်ဆေးပင် မရောင်းတော့တာ မဆန်းပါဘူး။ ကျန်းရှောင်ဖန်က သူတို့နဲ့ အဆက်ဖြတ်သွားတာကိုး။။အရင်တစ်ခေါက် ချန်ယီ စိတ်ညစ်လို့ ရင်ဖွင့်ရမယ့်သူ ရှာတယ်ဆိုတာ ဒီကိစ္စပဲ ဖြစ်မယ်။ သူတို့နှစ်ယောက် တွဲနေပေမယ့် ကျန်းရှောင်ဖန်းအတွက် ဆရာဖြစ်သူ ရွှေအမြုတေဘိုးဘေးရဲ့ သားမက်ဖြစ်ခွင့်ကို ဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ။
ဒီအကြောင်းအရာက ချန်ယီအတွက် စိတ်ထိခိုက်စရာ ဖြစ်နေသလို၊ ရွှေအမြုတေဘိုးဘေးနဲ့ ပတ်သတ်နေတော့ ဆက်ပြောဖို့ မသင့်တာနဲ့ စုန့်ဝမ်တို့ စကားလမ်းကြောင်း လွှဲပြီး တခြားအကြောင်းတွေပဲ ဆက်ပြောခဲ့ကြတယ်။
.....
ထောင်နဲ့ချီတဲ့ ကျင့်ကြံသူ လုပ်အားကြောင့် ခံတပ်က မြန်မြန်ဆန်ဆန် ပုံပေါ်လာတယ်။ သစ်ပင်တစ်ပင်၊ ကျောက်တုံးကြီးတစ်တုံးက ပုဆိန်တစ်ချက်ပဲ လိုတယ်။ သာမန်လူထက် ဆယ်ဆမကသာတဲ့ ခွန်အားကလည်း သယ်ယူပို့ဆောင်ရာမှာ ခရီးတွင်တယ်။
၃ ရက်မြောက်နေ့မှာ အကြမ်းထည် ပြီးစီးခဲ့တယ်။ အဲဒီနောက် ကျွမ်းကျင်သူတွေ ရောက်လာပြီး သံနဲ့ ကြေးနီတွေ အရည်ဖျော်၊ သွန်းလောင်းပြီး ခံတပ်တံတိုင်း အဆင့်မြှင့်တာ၊ အစီအရင် တပ်ဆင်တာတွေ လုပ်တယ်။ အပြင်စည်းတပည့်နဲ့ အစေခံတပည့်တွေက အနီးဝန်းကျင် လုံခြုံရေး တာဝန်ယူရတယ်။
၈ ရက်မြောက်ထိ အခြေအနေက အေးအေးဆေးဆေးပဲ။ ၉ ရက်မြောက်နေ့ မနက်မှာ ကျွမ်းကျင်သူတွေက တံတိုင်းတလျှောက် အစီအရင် အမှတ်အသားတွေ ထွင်းထုရေးဆွဲနေတယ်။ စုန့်ဝမ်တို့တွေက အနီးနားမှာ လုံခြုံရေးယူရင်း စောင့်ကြည့်နေကြတယ်။ ဒီညသန်းခေါင်ချိန်မှာ အစီအရင်တွေ စမ်းသပ်လည်ပတ်ပြီးရင် တာဝန်ပြီးပြီ။
ဒါပေမယ့် ညဦးပိုင်းမှာတင် အခြေအနေ ပြောင်းလဲသွားတယ်။ မှောင်စပျိုးချိန် ခံတပ်ရဲ့ အရှေ့ဘက် မိုင် ၃၀ အကွာလောက်မှာ အဖြူရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံပေါ် ထိုးတက်လာတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားလို့ အားလုံး လှည့်ကြည့်လိုက်မိကြတယ်။ အလင်းတန်းက ကောင်းကင်ယံပေါ် ရောက်တာနဲ့ အရိုးစုကြီးအသွင် ပြောင်းသွားတယ်။
ဒါက အလောင်းနတ်ဆိုးဂိုဏ်းရဲ့ အရေးပေါ်အချက်ပြ၊ အားကောင်းတဲ့ ရန်သူ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါမှ သုံးရတာ။ တာဝန်ခံဖြစ်သူ အကြီးအကဲတန့်ယင် မျက်နှာပျက်သွားတယ်။ တကယ့်အချိန်မှ အနှောင့်အယှက် ပေါ်လာပြီလေ။ မိုင် ၃၀ ဆိုတာ ကျင့်ကြံသူတွေအတွက်တော့ ခြေလှမ်းအနည်းငယ်ပဲ ကွာဝေးတယ် မဟုတ်ပါလား။
တန့်ယင်က ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တွေကို ကင်းထောက်ဖို့ စေလွှတ်လိုက်တယ်။ သိပ်မကြာခင် ၁၀ မိုင်အကွာလောက်မှာ တိုက်ခိုက်သံတွေ ထွက်ပေါ်လာတယ်။ စ
စုန့်ဝမ်တို့အပါအဝင် လူတိုင်း ထိတ်လန့်သွားတယ်။ ရန်သူက ချက်ချင်း ရောက်လာတာ ကြည့်ရင် လှည့်ကင်းတွေ အချိန်မဆွဲနိုင်လောက်အောင် အားကောင်းတဲ့သဘောပဲ။
တန့်ယင်က တိုက်ပွဲစဖို့ အမိန့်ပေးလိုက်တယ်။
“အားလုံးခံတပ်ထဲဝင်၊ ရန်သူကို တားဆီးကြ။ နောက်ဆုတ်ခွင့် မပြုဘူး”
စုန့်ဝမ် ဆဲချင်စိတ် ပေါက်သွားတယ်။ အစီအရင်သာ မလည်ပတ်နိုင်ရင် ဒီတံတိုင်းက ကျင့်ကြံသူတွေအတွက် စက္ကူနံရံသာသာပဲ ရှိတာ၊ ဘာလုပ်လို့ရမှာလဲ။
ကျန်သူတွေကလည်း ဒါကို နားလည်တယ်။ ချီစုစည်းခြင်း အစောပိုင်း အပြင်စည်းတပည့်နဲ့ အစေခံတပည့်တွေက ခံတပ်ထဲ မဝင်ဘဲ၊ အနောက်ဖက်တောအုပ်ဆီ ဦးတည်ပြီး ပြေးကြပါတော့တယ်။
ချက်ချင်းဆိုသလို တပ်ပျက်သွားတဲ့ သူ့အဖွဲ့ကို ကြည့်ရင်း အကြီးအကဲတန့်ယင် ဒေါသထွက်သွားတယ်။ ချက်ချင်း မီးလုံးမန္တန်သုံးပြီး ရှေ့ဆုံးက လူအုပ်ကို ပစ်လိုက်တယ်။
“ဝုန်း .. ဂျိမ်း”
“အား ..”
ပေါက်ကွဲသံ၊ နာနာကျင်ကျင် အော်ဟစ်သံတွေနဲ့အတူ ထွက်ပြေးနေတဲ့လူအုပ်ကြီး ရပ်သွားတယ်။ ချီစုစည်းခြင်း အဆင့်လောက်နဲ့ အခြေတည်အကြီးအကဲလက်က ဘယ်လိုမှ မလွတ်နိုင်တာ သိထားကြတယ်လေ။
တန့်ယင်က အေးစက်ခက်ထန်တဲ့လေသံနဲ့ ထပ်အမိန့်ပေးလာတယ်။
“အားလုံး ခံတပ်ထဲဝင်၊ ခုခံဖို့ ပြင်ဆင်ကြ”
အားလုံး စိတ်မပါ လက်မပါနဲ့ ခံတပ်ဆီ ပြန်ဝင်ဖို့အလုပ် ဓားပျံစီးနင်းသူတစ်ယောက် ရောက်လာလို့ ခြေလှမ်းရပ်ပြီး မော့ကြည့်လိုက်မိကြတယ်။
“ဂျူနီယာတန့်ယင် .. သူတို့က ဂိုဏ်းအတွက် အလုပ်သမားသာသာပါ။ ဒီလူစုနဲ့ ခံတပ်ကို ထိန်းနိုင်မယ်လို့ ထင်နေတာလား”
တန့်ယင် အံအားသင့်သွားပြီးမှ အမြန်အရိုအသေ ပြုလိုက်တယ်။
“ဘိုးဘေးဝူပါလား၊ ဘိုးဘေးပဲ ညွှန်ကြားပေးပါဦး”
ရောက်လာသူက ရွှေအမြုတေဘိုးဘေးဝူယင်၊ ဝူစွေ့ရဲ့အဘိုး။
“အပြင်စည်းတပည့်တွေကို ခေါ်သွားပြီး ဂိုဏ်းကိုပြန်၊ အစေခံတပည့်တွေ ထားခဲ့လိုက်”
“ဟုတ်ကဲ့ပါ ဘိုးဘေး။ အပြင်စည်းတပည့်တွေ ငါ့နောက်လိုက်ခဲ့”
အကြီးအကဲတန့်ယင်က အမိန့်ပေးရင်း ဓားပျံစီးနင်းပြီး ပျံသန်းထွက်ခွာသွားတယ်။ အပြင်စည်းတပည့်တွေက ဓားပျံ မစီးနိုင်သေးပေမယ့် ပျံသန်းခြင်းအဆောင်တွေ၊ မန္တန်တွေ သုံးပြီး အချိန်တစ်ခုထိ ပျံသန်းနိုင်ကြလို့ ချက်ချင်းပဲ တန့်ယင်နောက်က လိုက်ပါသွားကြတယ်။
အစေခံတပည့်တွေက ပျံသန်းနိုင်စွမ်း လုံးဝမရှိကြလို့ ခြေဦးတည့်ရာ ထွက်ပြေးကုန်တယ်။ ဝူယင်က အစေခံတပည့်တွေကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်တယ်။
“ဘယ်တုန်းတည်းက ဂိုဏ်းမှာ အမှိုက်တွေ ဒီလောက်များသွားတာလဲ”
..............