အပေးအယူ
Vol. 8 Ch. 71
ယင်-ယန် နဂါးမောက်သီးသည် အဆင့်ရှစ်ဆေးလုံးကို ဖော်စပ်ရာတွင် အလွန်အရေးပါပြီး အဖိုးတန်လှသော ဆေးဖက်ဝင် ပစ္စည်းတစ်ခု ဖြစ်သည်။ ဤမျိုးစေ့ကို ရှာဖွေရာတွင် ကျန်းချန်မှာ များစွာသော ဒုက္ခအခက်အခဲဒုက္ခများကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ရသည်။
ယခုအခါ ကိုက်ထားသော ယင်-ယန် နဂါးမောက်သီးတစ်ခြမ်းကို ကြည့်ရင်း သူ့မျက်နှာထက်တွင် ဖော်ပြရခက်သော ခံစားချက်ပေါင်းစုံတို့ ရောထွေးနေတော့၏။
ဇီယန်သည်လည်း သူ အမှားတစ်ခု လုပ်လိုက်မိပြီ ဖြစ်ကြောင်း သဘောပေါက်သွားပြီး ချိုင်လင်း၏ နောက်တွင် ပုန်းနေရင်း စိတ်မကောင်းဖြစ်ဟန် ဖြစ်နေသည်။ သူမသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သဖြင့် ဤအသီးမှာ အစ်ကိုဖြစ်သူ ကျန်းချန် စိုက်ပျိုးထားသည့် ယင်-ယန် နဂါးမောက်သီးဖြစ်မှန်း မသိခဲ့ပေ။ ထိုအကြောင်းသာ သိခဲ့ပါလျှင် သူမအနေဖြင့် မစားမီ ကြိုမေးမိမည်မှာ အမှန်ပင် ဖြစ်သည်။
ချိုင်လင်းသည် ကျန်းချန်၏ လက်ထဲရှိ ယင်-ယန် နဂါးမောက်သီးကို တစ်ချက်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် "ကျွန်မတို့ မြွေလူမျိုးစုဆီမှာလည်း ယင်-ယန် နဂါးမောက်သီး ရှိပါတယ်။ နောက်တစ်ခါ မျိုးနွယ်စုဆီ ပြန်တဲ့အခါ ရှင့်အတွက် ယူလာပေးပါ့မယ်" ဟု ဆိုလိုက်သည်။
ထိုသို့ ပြောပြီးနောက် ချိုင်လင်းက သူမနောက်ရှိ ဇီယန်၏ ခေါင်းလေးကို ပုတ်ကာ အချက်ပြလိုက်သည်။ ထိုအခါ ဇီယန်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ကျန်းချန်၏ လက်ထဲမှရှိနေသော ယင်-ယန် နဂါးမောက်သီးကို သတိကြီးကြီးနှင့် သွားယူလိုက်သည်။
ဇီယန်သည်လည်း သူတစ်ပါးကို ဝေငှရမည်ကို သိသူဖြစ်ရာ ကျန်ရှိနေသော တစ်ခြမ်းကို အစ်မဖြစ်သူ ချိုင်လင်းအား ကမ်းလှမ်းလိုက်သည်။
ချိုင်လင်းက ခေါင်းခါလိုက်ပြီး သူမအနေဖြင့် လတ်ဆတ်သော ဆေးဘက်ဝင် ပစ္စည်းများကို ဒီအတိုင်း စားရသည်ထက် ဆေးလုံးအဖြစ် ဖော်စပ်၍ သောက်ရသည်ကိုသာ ပိုနှစ်သက်ကြောင်း ပြောလိုက်သည်။
ဇီယန်သည် တခစ်ခစ် ရယ်မောလိုက်ပြီးနောက် ကျန်နေသော ယင်-ယန် နဂါးမောက်သီးကို ပါးစပ်ထဲသို့ ထည့်ကာ အားရပါးရ ကိုက်စားတော့သည်။
သူမ၏ ပါးစပ်ထဲမှ အရည်ရွှမ်းပြီး ကြွပ်ရွသော အသံထွက်ပေါ်လာသည်။ အကယ်၍သာ အခြားသော မှော်ဆေးဆရာများကဲ့သို့ ဖြုန်းတီးသည့် မြင်ကွင်းကို မြင်တွေ့ရပါလျှင် ဒူးထောက်ကာ ငိုကြွေးကြမည်မှာ သေချာလှသည်။
ယင်-ယန် နဂါးမောက်သီးမှာ အလွန် အဖိုးတန်လှသည်။ လေလံပွဲတစ်ခုကိုပင် အကြီးအကျယ် လှုပ်ခတ်စေနိုင်သည်။ ဤမိန်းကလေးမှာမူ မုန့်တစ်ခုကဲ့သို့ အေးအေးဆေးဆေး စားနေလေသည်။ ဤသည်ကို မည်သူက လက်ခံနိုင်ပါမည်နည်း။
အဖိုးကြီးဟောင် အနေဖြင့် သူမကို ကျားနန် အကယ်ဒမီမှ မောင်းထုတ်ခဲ့ခြင်းမှာလည်း ခိုင်လုံသော အကြောင်းပြချက် ရှိပေသည်။
ဇီယန်၏ အသံချိုချိုလေး ထွက်လာသည်။ "အစ်ကို ကျန်းချန်၊ ညီမ ဒီကို မလာခင်မှာ အဖိုးကြီးစူးက ပြောလိုက်တယ်။ သူတို့ ကျောင်းအုပ်ကြီးဆီက သတင်းရထားပြီး တစ်နေ့နေ့မှာ အနောက်မြောက်တိုက်ကြီးဆီ ပြန်လာလိမ့်မယ်တဲ့။ အစ်ကို့အတွက် ရည်ရွယ်ပြီး ပြန်လာတာလို့ ထင်ရပေမဲ့ ဘယ်နေ့ပြန်လာမလဲဆိုတာတော့ ညီမလည်း မသိဘူး"
"မန်တျန်းချီ ပြန်လာပြီလား"
ကျန်းချန်က စိတ်ဝင်တစား မေးလိုက်သည်။ "အဲဒီ အဖိုးကြီးက အမြဲတမ်း ကမ္ဘာအနှံ့သွားလာနေတတ်တာ။ သူ ပြန်လာမယ်ဆိုတာ တစ်ခုခု အရေးကြီးတာ ဖြစ်နေလို့လား"
“ဂျွတ်”(အသီးကိုက်သံ)
ဇီယန်က အသီးကိုက်ရင်း ခေါင်းခါပြကာ ပြောလိုက်သည်။ "ညီမလည်း မသိဘူး၊ ကျားနန် အကယ်ဒမီကျောင်းရဲ့ ကျောင်းအုပ်ကြီးကို ညီမ မသိပေမဲ့ အစ်ကို အနောက်မြောက်တိုက်ကြီးမှာ ရှိနေမှန်း သိလို့ သူ ပြန်လာဖို့ ဆုံးဖြတ်လိုက်တာလို့တော့ ကြားတယ်"
ဤသည်ကို ကြားလိုက်ရသောအခါ ကျန်းချန် ပြုံးလိုက်မိသည်။ ဤသည်မှာ ထိုအဖိုးကြီး၏ စရိုက်နှင့် အမှန်ပင် ကိုက်ညီလှသည်။ အကယ်၍ သူသာ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထိုအဖိုးကြီး သိသွားပါလျှင် အံ့အားသင့်ကာ ကြက်သေသေသွားပေမည်။
သူ ကမ္ဘာအနှံ့ သွားလာစဉ်က သူနှင့် မန်တျန်းချီတို့မှာ သိုင်းသူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သို့သော် နှစ်အနည်းငယ်အတွင်းမှာပင် သူသည် ကြယ်သုံးပွင့် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤတိုးတက်မှုနှုန်းမှာ ဒုံးပျံတစ်ခုထက်ပင် မြန်ဆန်နေပေသေးသည်။
"ငါ နားလည်ပါပြီ၊ အဖိုးကြီးစူးက တခြားဘာတွေ ပြောသေးလဲ"
"ဘာမှ မပြောဘူး" ဇီယန်က သူမ၏ နှုတ်ခမ်းကို သပ်ရင်း "ညီမ လောလောလောလောနဲ့ ထွက်လာခဲ့ရတာဆိုတော့ တခြားဟာတော့ မသိဘူး၊ ဒါနဲ့ အစ်ကို ကျန်းချန်၊ ညီမ ဒီကိုလာရင် ဆေးလုံးတွေ ဖော်စပ်ပေးမယ်လို့ အစ်ကို ပြောထားတယ်မလား၊ အခုရော တခြား ဆေးလုံးတွေ ရှိသေးလား"
ကျန်းချန်သည် ဆေးပုလင်း နှစ်လုံးကို အမှုမဲ့အမှတ်မဲ့ ထုတ်ယူလိုက်ပြီး ဇီယန်၏ ရင်ခွင်ထဲသို့ လှမ်းပေးကာ ပြောလိုက်သည်။ "ဒီမှာ အဆင့်ခြောက် ဆေးလုံး တစ်ဒါဇင်လောက် ရှိတယ်၊ အဖိုးတန်တယ်လို့ မဆိုနိုင်ပေမဲ့ နင့်အတွက်တော့ ဝါးဖို့ လောက်မှာပါ"
"ကျေးဇူးတင်ပါတယ် အစ်ကိုကျန်းချန်"
ဇီယန်သည် ဝမ်းသာအားရ ခုန်ပေါက်နေတော့သည်။ အဆင့်ခြောက် ဆေးလုံးများကို ကျားနန် အကယ်ဒမီတွင် မရနိုင်ပေ။ ယနေ့တွင်မူ သူမ ထိုဆေးလုံးများကို အဝစားရတော့မည် ဖြစ်၏။
ချိုင်လင်းက ဇီယန်၏ ခေါင်းကို ပွတ်ပေးလိုက်ပြီးနောက် ကျန်းချန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ယွင်ယွင် ပြန်မလာတာ ကြာပြီပဲ၊ သူ့ဆီမှာ ဘာပြဿနာမှ မရှိလောက်ပါဘူးနော်"
ကျန်းချန်ကို လက်ယမ်းပြကာ သူမ အဆင်ပြေနေကြောင်း ပြသည်။
ယွင်ယွင်သည် တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။ သူမ၏ စွမ်းအားမှာ အခုချိန်တွင် ကြယ်ကိုးပွင့် သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အနောက်မြောက်တိုက်ကြီး တစ်ခုလုံးတွင် နေထိုင်ကြသော သိုင်းဘိုးဘေးများမှလွဲ၍ သူမကို အန္တရာယ်ပြုနိုင်သူမှာ အနည်းငယ်သာ ရှိပေလိမ့်မည်။
ထို့ပြင် ယွင်ရှန်းလည်း ရှိနေသေးသည်။ သူသည် နာ့လန်ရန်ယန်၏ စွမ်းအားတိုးစေရန်အတွက် ဆေးဖက်ဝင် ပစ္စည်းများကို ကူညီရှာဖွေပေးနေလောက်သည်။
မူလဇာတ်ကြောင်းအရ သုံးနှစ်တာ ကတိကဝတ်ကာလ ပြည့်ရန် တစ်နှစ်ပင် မလိုတော့ပေ။ ရှောင်ယန်မှာမူ တာဂို သဲကန္တာရတွင် ကျင့်ကြံဆဲ ဖြစ်သော်လည်း ကောင်းကင်မီးတောက်နှင့် ပတ်သက်သော သတင်းများမှာလည်း မကြားရသလို စင်ကြယ်သည့် ကြာပန်း မှော်မီးတောက် ၏ မြေပုံအပိုင်းအစကိုလည်း မရရှိသေးပေ။
သူ၏ ဤခရီးစဉ်မှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ချိုင်လင်းသည်လည်း ယခုအခါ တာဂို သဲကန္တာရ၏ အနက်ရှိုင်းဆုံးသော နေရာသို့ ပြန်ရန် ဆုံးဖြတ်လိုက်ပြီး ကျန်းချန်ကိုလည်း သူမနှင့်အတူ လိုက်ပါရန် မျှော်လင့်နေသည်။ သူမသည် မြွေလူမျိုးစုတို့ နှစ်ပေါင်းထောင်ချီ၍ တန်ဖိုးထား သိမ်းဆည်းထားသော ဆေးဖက်ဝင် ပစ္စည်းအချို့ကိုလည်း ပေးလိုစိတ်ရှိနေသည်။
ကျန်းချန်သည် အစက ငြင်းရန် စိတ်ကူးမိသော်လည်း မြွေလူမျိုးစုတွင် ရှိနေသော ယင်-ယန် နဂါးမောက်သီးကို သတိရသွားသောအခါ စဉ်းစားခန်း ဝင်ရတော့သည်။ အကယ်၍ ဤမိန်းကလေးသာ သူမ၏ ကတိကို မတည်ခဲ့ပါက သူ၏ အဖိုးတန်လှသော ဆေးဖက်ဝင်အပင်ဖြစ်သည့် ယင်-ယန် နဂါးမောက်သီးမှာ အလကား စားသုံးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
အချိန်အတော်ကြာ ငြိမ်သက်သွားပြီးနောက် သူက "ကောင်းပြီ၊ ငါ မီဒူဆာမျိုးနွယ်စုဆီ မင်းနဲ့အတူ လိုက်ခဲ့မယ်၊ ဒါပေမဲ့ သဲကန္တာရထဲက အခက်အခဲတွေကို ဖြေရှင်းဖို့ ငါ မကူညီနိုင်ဘူး၊ ငါ လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကိုပဲ ယူမယ်" ဟု ပြန်ဖြေလိုက်သည်။
"ရပါတယ်"
ဘုရင်မကြီး မီဒူဆာ(ချိုက်လင်း)က လွယ်လွယ်ကူကူပင် သဘောတူလိုက်ပြီး ဇီယန်ဘက်သို့ လှည့်ကာ "ညီမလေးရော အစ်မရဲ့မျိုးနွယ်စုဆီ လိုက်ခဲ့ချင်လား" ဟု မေးလိုက်သည်။
ဇီယန်သည် မျက်တောင်ခတ်လိုက်ပြီး တက်တက်ကြွကြွ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ "ကောင်းတာပေါ့၊ ကောင်းတာပေါ့၊ ညီမ တာဂို သဲကန္တာရထဲမှာ သွားကစားချင်နေတာ ကြာပြီ၊ အဲဒီမှာ ဆေးပင်တွေ အများကြီးရှိပြီး အကုန်လုံးက အရမ်း အဖိုးတန်တယ်လို့ ကြားဖူးတယ်၊ ညီမ အဲဒါတွေကို တစ်ခါမှ မစားဖူးသေးဘူး"
ချိုင်လင်းသည်လည်း သူမ၏ အပြောကို သဘောကျစွာဖြင့် တခစ်ခစ် ရယ်မောလိုက်၏။
ကျန်းချန်သည် ဤနေရာရှိ ကိစ္စရပ်အားလုံးကို မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းထံသို့ အပ်နှံခဲ့သည်။ သူ ရှိနေသရွေ့ မက်မွန်တောင်တန်းသည် ဘေးကင်းလုံခြုံနေမည်မှာ အမှန်ပင်။
ချင်းလင်းနှင့် ရှောင်ရီရှန် တို့သည် သူတို့၏ စွမ်းအားနှင့် မှော်ဆေးဆရာ အဆင့်ကို မြှင့်တင်နိုင်ရန်အတွက် အစွမ်းကုန် အားထုတ်ကျင့်ကြံနေကြပြီး အနည်းငယ်မျှပင် မပေါ့ဆဝံ့ပေ။
ရှောင်ရီရှန်၏ မှော်ဆေးဆရာ အဆင့်မှာ ဒုတိယအဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းအကွာတွင် ရှိနေပြီး ချင်းလင်း၏ မိုးပြာမြွေ သုံးပွင့်မျက်လုံးပိုင်ရှင် အစွမ်းမှာလည်း သူမအတွက် အကျိုးကျေးဇူးများစွာကို ယူဆောင်ပေးခဲ့သည်။ ထိုအစွမ်းဖြင့်ပင် သူမသည် သိုင်းဧကရာဇ်အဆင့်ရှိသော မှော်သားရဲ တစ်ကောင်နှင့် အတင်းအကြပ် သဘောတူညီချက် ချုပ်ဆိုနိုင်ခဲ့သည်။
သူမတွင် အထူးစွမ်းရည် နှစ်ခု ရှိသည်။ ၎င်းတို့မှာ ဝိညာဉ်ထုတ်ယူခြင်း နှင့် မိစ္ဆာမျက်လုံးဖြင့် ထိန်းချုပ်ခြင်း တို့ ဖြစ်ကြသည်ပင်။
ဝိညာဉ်ထုတ်ယူခြင်း : အသုံးပြုသူ၏ မျက်လုံးမှ အစိမ်းရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြီး ထိုအလင်းတန်း ထိမှန်သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်နိုင်စွမ်း ရှိသည်။
မိစ္ဆာမျက်လုံးဖြင့် ထိန်းချုပ်ခြင်း : မျက်လုံးမှ ထူးဆန်းသော စွမ်းအင်တစ်မျိုး ထွက်ပေါ်လာပြီး အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိခြင်း ဖြစ်သည်။
မိုးပြာမြွေ သုံးပွင့်မျက်လုံးမှာ မြွေပုံသဏ္ဌာန်ရှိသော မှော်သားရဲအားလုံးနီးပါးအတွက် ကြောက်မက်ဖွယ်ရာ အစွမ်းတစ်ခု ဖြစ်ပြီး ၎င်းတို့နှင့် တစ်ဖက်သတ် အတင်းအကြပ် ဆက်သွယ်မှုလုပ်ကာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။
သို့သော် ချင်းလင်းသည် အဆင့်ခြောက်သို့ ရောက်ခါစက မှော်သားရဲတစ်ကောင်ကိုသာ ကံကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ပြီး ထိုသို့ ပြုလုပ်ခြင်းက သူမ၏ စိတ်စွမ်းအင် အားလုံးကို ကုန်ဆုံးစေခဲ့သည်။
ဤမိန်းကလေး နှစ်ဦးစလုံးမှာ နောင်တစ်ချိန်တွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်လာကြမည်မှာ အမှန်ပင် ဖြစ်သည်။
ကျန်းချန်၏ ဝတ်ရုံစများမှာ လေထဲတွင် လွင့်ပျံသွားပြီး သူ့ရှေ့ရှိ အာကာသဟင်းလင်းပြင်မှာ တိုက်ရိုက် ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။ သူ၏ သိုင်းသူတော်စင်အဆင့် ဖြင့် ဒိုချီလောကကြီး၏ မိုင်ပေါင်းထောင်ချီသော ခရီးကို ဖြတ်ကျော်ရန်မှာ ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ပေ။
သို့သော် သူသည် သိုင်းဘုရင်အဆင့်သာ ရှိသေးသော ဇီယန်ကို ကာကွယ်ပေးရန် လိုအပ်နေသည်။ ချိုင်လင်းမှာမူ သိုင်းဘိုးဘေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အာကာသ စွမ်းအားကို နားလည်သဘောပေါက်နေပြီ ဖြစ်ရာ ရှေ့တစ်ခေါက်ကကဲ့သို့ သူမအပေါ် အခွင့်ကောင်းယူသည်မျိုး ဖြစ်လာရန် မလိုအပ်တော့ပေ။
ဇီယန်သည် သူ့အသိစိတ်ဖြင့်ပင် အစ်ကိုကျန်းချန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပြီး လည်ပင်းကို တင်းကျပ်စွာ ဖက်ထားရင်း မျက်နှာထက်တွင် အပြုံးပန်းများဖြင့် ဆင်နေသည်။
"သွားကြစို့၊ ငါတို့ရဲ့ ဦးတည်ရာက တာဂို သဲကန္တာရရဲ့ အနက်ရှိုင်းဆုံးနေရာပဲ"
ကျန်းချန်သည် အာကာသကြားထဲသို့ ပထမဆုံး ဝင်ရောက်သွားပြီးနောက် ချိုင်လင်းကလည်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာ၏။ သိုင်းသူတော်စင်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး၏ အကာအကွယ် မရှိဘဲ အခြားသူများကို ခေါ်ဆောင်သွားပါလျှင် အာကာသဟင်းလင်းပြင်ကို ပျက်စီးစေပြီး အတွင်းရှိ လူများအားလုံးကိုလည်း သေစေနိုင်သောကြောင့် ဖြစ်သည်။