အမူးလွန်နေသော ဘုရင်မကြီး မီဒူဆာ
Vol. 8 Ch. 79
အထွတ်အမြတ်ထားရာ ရေကန်သို့ ပြန်ရောက်သည့်အခါ ချိုင်လင်းနှင့် ဇီယန်တို့သည်လည်း အဝတ်အစားများ ပြန်ဝတ်လိုက်ကြသည်။ ကျန်းချန် ပြန်လာသည်ကို မြင်သောအခါ သူတို့သည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာကြသည်။
ဇီယန်က တခစ်ခစ်ရယ်မောလျက် "အစ်ကိုကျန်းချန်... အဲဒီလူက ဘယ်သူလဲဟင်၊ အစ်မချိုင်လင်းရဲ့ နယ်မြေထဲကို ဘယ်လိုတောင် ကျူးကျော်ရဲရတာလဲ" ဟု မေးလိုက်သည်။
ချိုင်လင်းက သူမ၏ လက်မောင်းနှစ်ဖက်ကို ရင်ဘတ်၌ ပိုက်လိုက်ရာ သူမ၏ ကိုယ်လုံးကိုယ်ထည် အလှအပများမှာ ပိုမိုပေါ်လွင်သွားပြီး "ပိုးကောင်လေးတစ်ကောင်ပါပဲ၊ ငါသာဆိုရင် သူ့ကို အသေသတ်လိုက်မှာ" ဟု အေးစက်စွာ ပြောလိုက်သည်။
ကျန်းချန်က ချက်ချင်းပင် ရယ်မောကာ "ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ တခြားသူသာဆိုရင် ရှောင်ယန်က အခုလောက်ဆို အလောင်းဖြစ်နေလောက်ပြီပေါ့၊ ဒါပေမဲ့ ငါက ကွန်ဖြူးရှပ်ပညာရှိတစ်ယောက် ဖြစ်တဲ့အတွက် အကြောင်းမဲ့ သတ်ဖို့ စိတ်မရှိဘူးလေ" ဟု ဆိုသည်။
"ဟွန်း..." ချိုင်လင်းက နှုတ်ခမ်းဆူလိုက်ပြီး "ဒီ တိုက်ခိုက်ရေး ချီတိုက်ကြီးပေါ်မှာ အသက်တစ်ချောင်းကို တန်ဖိုးထားတာ နင် တစ်ယောက်ပဲ ရှိမယ်ထင်တယ်" ဟု ဆိုသည်။
"သိုသိုသိပ်သိပ် ကျင့်ကြံပါ ၊ သူတစ်ပါးက ငါ့ကို မစော်ကားရင် ငါကလည်း သူတစ်ပါးကို မစော်ကားဘူး" ကျန်းချန်က ပခုံးတွန့်လိုက်ပြီး ဇီယန်၏ ဆံပင်များကို ဖွလိုက်ကာ "အတိုချုပ်ပြောရရင်တော့ အကြောင်းမဲ့ သတ်တာဟာ လူသတ်သမားတစ်ယောက်ရဲ့ လုပ်ရပ်ပဲ" ဟု ပြောလိုက်သည်။
"နင်က ငါ့ကို လူသတ်သမားလို့ ပြောချင်တာလား" ချိုင်လင်း၏ လှပသော မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး သူမ၏ ချယ်ရီရောင် နှုတ်ခမ်းလွှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ဇီယန်ကလည်း နှုတ်ခမ်းစူကာ "အစ်မက အရမ်းကောင်းတာပဲ၊ မျက်တောင်မခတ်ဘဲ သတ်ပစ်တတ်တဲ့ လူသတ်သမား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု ဆိုသည်။
ဒါဟာ အသရေဖျက်မှုပဲ၊ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲရမယ်။
"ဟဲ ဟဲ"
ကျန်းချန်က ချိုင်လင်းအား ဝိုင်အိုး ကမ်းပေးရင်း "မင်းမှတ်မိလား၊ ငါပြောခဲ့ဖူးတယ်လေ... သတ်ဖြတ်ခြင်းဓားဟာလည်း လှပပြီး စိတ်လှုပ်ရှားစရာ ကောင်းနိုင်တယ်ဆိုတာ၊ လရောင်အောက်မှာ အရက်သောက်ရင်း စကားစမြည်ပြောရတာ ပျော်စရာမကောင်းဘူးလား" ဟု ညင်သာစွာ ပြောလိုက်သည်။
သူ၏စကားသံအဆုံးတွင် ကျန်းချန်သည် ခါးတွင်ချိတ်ထားသော ဝိုင်ဘူးကို ဖြုတ်ယူကာ ခေါင်းကိုမော့လျက် အငမ်းမရ မော့သောက်လိုက်ပြီးနောက် သက်သောင့်သက်သာဖြစ်သော နေရာတစ်ခုတွင် ထိုင်ချလိုက်သည်။
ချိုင်လင်းသည် လက်ထဲရှိ ဝိုင်အိုးကို ကြည့်လိုက်သည်။ထို့နောက် အတန်ကြာ စဉ်းစားပြီးနောက် သူမသည် ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်သည်။ထိုအခါ သူမ၏ ပါးပေါ်တွင် နီမြန်းသော အသွေးအရောင်လေးများ ယှက်သန်းသွားပြီး ညည်းညူသံလေးတစ်ခုက တိုးညှင်းစွာထွက်ပေါ်လာ၏။ သူမ၏ တစ်ကိုယ်လုံးတွင် ကျေနပ်မှုနှင့် သက်သောင့်သက်သာရှိမှုတို့ အတိုင်းသား ပေါ်လွင်နေသည်။
သူမသည် ကျန်းချန်ကိုယ်တိုင်ချက်ထားသောမက်မွန်ပွင့်ဝိုင်ကို သောက်ဖူးသော်လည်း ဤဝိုင်အိုးမှာ မက်မွန်ပွင့်ဝိုင် မဟုတ်ဘဲ ဝါးစိမ်းဝိုင်ဖြစ်နေသည်။
၎င်းသည် လျှာပေါ်တွင် နူးညံ့စွာပျော်ဝင်ဆင်းသွားပြီး ခံတွင်းထဲ၌ ရနံ့များ စွဲကျန်နေကာ ဝါးတောထဲတွင် ရောက်ရှိသွားသကဲ့သို့ တည်ငြိမ်အေးချမ်းမှုကို ခံစားရစေသည်။
ချိုင်လင်းသည် ကျန်းချန်၏ ဘေးတွင် ထိုင်လိုက်ပြီး တလက်လက်နှင့် တောက်ပနေသော ကြယ်တာရာများကို ကြည့်ရင်း ငေးမောနေမိသည်။
ဤသို့ စိတ်လိုလက်ရ ကြယ်ကို မကြည့်ခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။
ဇီယန်က နှုတ်ခမ်းဆူကာ "သမီးလည်း သောက်ချင်တယ်" ဟု ဆိုသည်။
"ကလေးတွေက အရက်မသောက်ရဘူး" ကျန်းချန်က ဆေးလုံးနှစ်လုံးကို ထုတ်ယူကာ ပစ်ပေးလိုက်ပြီး "ဆေးလုံးပဲ စားပါဦး" ဟု ဆိုသည်။
ချိုင်လင်းသည် ချောမွေ့သော ကျောက်တုံးပေါ်တွင် စောင်းလျက် လဲလျောင်းနေပြီး သူမ၏ တည်ငြိမ်သော မျက်ဝန်းအစုံထဲတွင် ငယ်ရွယ်နုပျိုမှု အရိပ်အငွေ့များ ထင်ဟပ်နေသည်။
"လရောင်အောက်မှာ အရက်သောက်ရတာက တကယ့်ကို လှပတဲ့အရာပဲ၊ ဒါကို ပိုပြီး နက်နက်နဲနဲ ခံစားကြည့်မယ်ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအတွက်လည်း အလိုလို အကျိုးရှိစေမှာပါ"
ချိုင်လင်းသည် သူမ၏ နီမြန်းသော လျှာဖျားလေးဖြင့် နှုတ်ခမ်းကို လျက်လိုက်ပြီး "နင်က ငါနဲ့အတူ အရက်သောက်ဖူးတဲ့ ပထမဆုံး ယောကျာ်းလေး ပဲ၊ ဒါကိုသာ တခြားသူတွေ သိသွားရင် တစ်ကမ္ဘာလုံးက ယောက်ျားလေးတွေ နင့်ကို မနာလိုဖြစ်ကြမှာ အသေအချာပဲ" ဟု ဆိုသည်။
"ဟဲ ဟဲ... ဒါဆိုရင် ငါက တကယ့်ကို ကံကောင်းတဲ့သူပဲပေါ့"
ကျန်းချန်သည် ဝိုင်တစ်ငုံ သောက်လိုက်ပြီးနောက် ဘေးသို့စောင်းကာ တောက်ပစွာ ပြုံးပြလိုက်သည်။
ချိုင်လင်းသည် သူမ၏ သွယ်လျသော လက်ချောင်းလေးဖြင့် သူမ၏ အပြစ်ပြောစရာမရှိသော လည်တိုင်ဖြူဖြူလေးကို အမှတ်မထင် ပွတ်သပ်လိုက်သည်။ ဤလှုပ်ရှားမှုမှာ ယောကျာ်းလေးများကို စွဲမက်စေသော ဆွဲဆောင်မှုရှိနေပေသည်။
သို့သော် ကျန်းချန်မှာ မထုံတက်သေးဖြစ်နေဆဲဖြစ်ပြီး ဘယ်ဘက်လက်ကို ခေါင်းခုကာ ကျောက်တုံးပေါ်တွင် လဲလျောင်းလျက် သူ့ရှေ့ရှိ အိုအေစစ်ကိုသာ ငေးကြည့်နေသည်။
"မြွေလူမျိုးစုရဲ့ ကိစ္စတွေအားလုံးကတော့ အခြေအနေကောင်းသွားပါပြီ၊ မင်း ဘယ်တော့လောက် ပြန်ဖို့ စဉ်းစားထားလဲ"
ကျန်းချန်က ဘုရင်မကြီး မီဒူဆာကို ကြည့်ကာ မေးလိုက်သည်။ ရှောင်ယန်သည် ကြာပန်းစိမ်း၀င်ရိုးမီးတောက် မရှိတော့သည်ကို သိသွားပါက တာဂို သဲကန္တာရထဲမှ ချက်ချင်း ထွက်ခွာသွားလိမ့်မည် ဖြစ်သည်။
သူသည် ကျားနန် အကယ်ဒမီကျောင်းသို့လည်း သွားတော့မည် မဟုတ်ပေ။ ကျားနန် အကယ်ဒမီတွင် ကောင်းကင်မီးတောက် ပျောက်ဆုံးသွားသည်ကို သိပါလျှင် အဘယ်ကြောင့် ရှောင်ယန်သည် ထိုနေရာတွင် အချိန်ဖြုန်းနေတော့မည်နည်း။
ချိုင်လင်းက သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေးကို စေ့လိုက်ပြီး "ငါ ဒီကိုပြန်ရောက်လာမှတော့ ရက်နည်းနည်းငယ်လောက်တော့ နေဦးမှာပေါ့၊ ဘာလဲ... နင်က ငါတို့မြွေလူမျိုးစုဆီမှာ မနေချင်လို့လား" ဟု ဆိုသည်။
"နေလို့ရပါတယ်"
ကျန်းချန်က လက်ထဲရှိ ဝိုင်အိုးကို ချလိုက်ပြီး "မြွေလူမျိုးစုရဲ့ နယ်မြေက အရမ်းပူတယ်၊ ဒါဟာ မီးဓာတ် ကျင့်စဉ် ကျင့်တဲ့သူတွေအတွက်တော့ အရေးပါတဲ့အရာပဲ" ဟု ပြုံးလျက် ဆိုသည်။
"နောက်သုံးရက်နေရင် ပြန်ကြတာပေါ့၊ ဒီအတောအတွင်းမှာ မြွေလူမျိုးစုက အစွမ်းထက်သူတွေကို ငါအကြောင်းကြားထားရမယ်၊ သူတို့ နားနားနေနေ နေနိုင်အောင်ပေါ့"
"ဆေးဘုရင် ဂူဟီ သေဆုံးသွားတာရယ်၊ အိဇုမို အင်ပါယာက သိုင်းဧကရာဇ် တစ်ယောက်နဲ့ သိုင်းဘိုးဘေး တစ်ယောက် ဆုံးရှုံးသွားတာရယ်ကြောင့် အင်ပါယာ နှစ်ခုလုံးက ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူးလို့ ငါထင်တယ်"
ချိုင်လင်းက သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။ အကယ်၍ သူမသာ ဤနေရာ၌ မရှိဘဲ ထိုလူများက လက်စားချေရန် လာခဲ့မည်ဆိုပါက လက်ရှိ မြွေလူမျိုးစု၏ အစွမ်းထက်သူများမှာ သူတို့ကို တားဆီးရန် မလုံလောက်ပေ။
ထို့ကြောင့် သူတို့ သတိထားရန် လိုအပ်နေဆဲ ဖြစ်သည်။
ကျန်းချန်က တည်ငြိမ်စွာပင် "စိတ်မပူပါနဲ့၊ အကယ်၍ အဲဒီလူတွေက မြွေလူမျိုးစုရဲ့ ဘုရင်မကြီးဟာ သိုင်းဘိုးဘေးအဆင့်ကို ရောက်သွားပြီဆိုတာ သိရင် သူတို့ ထပ်လာတိုက်ရဲမှာ မဟုတ်ပါဘူး၊ အိဇုမို အင်ပါယာမှာဆိုရင် ရှီပီယန် တစ်ယောက်ပဲ သိုင်းဘိုးဘေး ရှိတာ၊ သူကလည်း ကျဆုံးသွားပြီပဲ၊ သူတို့က ဘာလို့ ထပ်ပြီး လာတိုက်ဦးမှာလဲ" ဟု ဆိုသည်။
ကျန်းချန်၏ စကားကို ကြားသောအခါ ချိုင်လင်း မျက်လုံးများ မှေးသွားသည်။ အမှန်ပင် ပြိုင်ဘက် ဘက်မှ အကျအဆုံး များသွားပါလျှင် မြွေလူမျိုးစုကို ထပ်မံတိုက်ခိုက်ရန် အင်အား ရှိတော့မည် မဟုတ်ပေ။
သို့သော် ယခုအကြိမ်တွင် ကျားမာနိုင်ငံတော်သည်လည်း အထိနာခဲ့သည်။ အဆင့်ခြောက် မှော်ဆေးဆရာ တစ်ယောက်နှင့် ထိပ်သီးအစွမ်းထက်သူ ဆယ်ဦးထဲမှ သုံးဦးအထိ ဆုံးရှုံးခဲ့ရသည်။ မည်သူမဆို ဤကဲ့သို့ ဆုံးရှုံးမှုကို ခံစားရမည်သာ ဖြစ်သည်။
ဇီယန်သည် ချိုင်လင်း၏ ပေါင်ပေါ်တွင် လဲလျောင်းရင်း ပြုံးလျက် "စိတ်မပူပါနဲ့ အစ်မရယ်၊ အစ်ကိုကျန်းချန် ဒီလိုပြောတယ်ဆိုကတည်းက သူမှာ အစီအစဉ် ရှိပြီးသားပါ၊ မြွေလူမျိုးစုမှာ တစ်ခုခုဖြစ်ခဲ့ရင်တောင် ကျွန်မတို့ ချက်ချင်း ပြန်လာလို့ ရတာပဲ" ဟု ဆိုသည်။
ချိုင်လင်းသည် ဇီယန်၏ နဖူးလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ အတန်ကြာ စဉ်းစားပြီးနောက် သူမ ခေါင်းညိတ်လိုက်သည်။ ဤအချိန်တွင် အကောင်းဆုံး အဖြေဟူ၍ မရှိသေးပေ။ ဤနေရာ၌ ဆက်နေခြင်းက သူမ၏ ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်မည်မဟုတ်ပေ။
မှော်သားရဲတောင်တန်းသို့ သွားမှသာ သူမ၏ စွမ်းအားကို ထပ်မံမြှင့်တင်ရန် အခွင့်အရေး ရှိမည်ဖြစ်ပြီး ထိုအခါမှသာ သူမသည် မြွေလူမျိုးစုကို စစ်မှန်သော လွတ်လပ်မှုဆီသို့ ဦးဆောင်နိုင်မည် ဖြစ်သည်။
ညသည် တခဏချင်းပင် ကုန်ဆုံးသွားသည်။
သူတို့နှစ်ဦးသည် ဝိုင်အိုးကြီး နှစ်လုံးကို ကုန်အောင် သောက်ခဲ့ကြသည်။ ချိုင်လင်းသည် ပုံမှန်အားဖြင့် အေးစက်ပြီး ခပ်တန်းတန်း နေတတ်သော်လည်း မူးလာသောအခါတွင်မူ နူးညံ့သိမ်မွေ့သော ခံစားချက်ကို ပေးလေသည်။
ကျန်းချန်သည် လက်ထဲရှိ ဝိုင်အိုးကို ချလိုက်ပြီး ပခုံးတွန့်ကာ "ဘုရင်မကြီးက တကယ့်ကို အရက်သောက်နိုင်တာပဲ" ဟု ဆိုသည်။
ချိုင်လင်းက သူမ၏ နှုတ်ခမ်းနီနီလေးကို အုပ်ထားပြီး အသံမှာ ခပ်လေးလေးဖြင့် "ဒီလို မသောက်ရတာ ကြာပြီ၊ ဗိုက်ထဲမှာ ပွက်ပွက်ဆူနေသလိုပဲ၊ အန်ချင်သလို ခံစားရတယ်..." ဟု ဆိုသည်။
ယခုအချိန်တွင် ချိုင်လင်းမှာ ခေါင်းမူးနေပြီး ရှေ့ရှိ မြင်ကွင်းများမှာလည်း ထပ်ကာ ဝေဝါးနေသည်။ စိတ်ရှုပ်ထွေးမှုများကြားတွင် သူမသည် အိပ်ပျော်ချင်စိတ်များ ပြင်းပြနေသည်။
ကျန်းချန် ချက်ထားသော ဝိုင်ကို သောက်ပါလျှင် သိုင်းဝိဇ္ဇာ တစ်ယောက်ပင် မူးသွားနိုင်သော အလွန်စင်ကြယ်သော စွမ်းအင်များ ပါဝင်နေသည်။ ပိုသောက်လေလေ ရရှိမည့် စွမ်းအားမှာ ပိုကြီးမားလေလေ ဖြစ်သည်။
တစ်ချိန်က သူသည် ဝါးစိမ်းဝိုင်ဝိဇ္ဇာနှင့် တွေ့ဆုံဖူးပြီး ထိုသူသည် ဝိုင်တစ်အိုး၊ ဓားတစ်လက်ဖြင့် ချီတိုက်ကြီး တစ်ခုလုံးတွင် လှည့်လည်သွားလာခဲ့သူ ဖြစ်သည်။
မည်သူမျှ သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။
သူ၏ ဝိုင်မှာလည်း အကျော်ကြားဆုံး ဖြစ်လာခဲ့ပြီး ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း နန်းဆောင်တွင်ပင် သူချက်သော မက်မွန်ပွင့်ဝိုင်ကို အသုံးပြုခဲ့ကြသည်။
"မင်း တကယ်ပဲ နေလို့မကောင်းဘူးဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကနေ ဒိုချီကို အသုံးပြုပြီး ဝိုင်အရှိန်ကို ထုတ်ပစ်လိုက်လို့ ရတယ်၊ ဒါပေမဲ့ အထဲမှာရှိတဲ့ စင်ကြယ်တဲ့ စွမ်းအင်တွေကတော့ တစ်ဝက်လောက် လျော့သွားလိမ့်မယ်"
ချိုင်လင်းသည် မြေပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ ပါးစပ်အနည်းငယ်ဟလျက် အသက်တစ်ရှိုက်ကို ပြင်းပြင်းရှူလိုက်ကာ နောက်ကျိသော ချီလှိုင်းတစ်ခုကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။ ထို ချီလှိုင်း အတွင်းတွင် အရက်နံ့နှင့်အတူ သင်းပျံ့သော ရနံ့လေးများ ရောယှက်နေချေ၏။
သူမ၏ နဖူးပေါ်မှ မွှေးပျံ့သော ချွေးစက်များ စီးကျလာသည်။
ကျန်းချန်က ပြုံးလိုက်ပြီး "ဟဲ ဟဲ... မင်း ကျင့်သားမရသေးလို့ပါ၊ နောက်ကျရင်တော့ တဖြည်းဖြည်းချင်း ကျင့်သားရသွားလိမ့်မယ်" ဟု ဆိုသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ ချိုင်လင်း၏ ခန္ဓာကိုယ်ထဲမှ ဝိုင်များ အားလုံး ထွက်သွားခဲ့သည်။ ကျန်းချန်က အဘယ်ကြောင့် ဤမျှ ချိုမြိန်ပြီး အရသာရှိသော ဝိုင်ကို ချက်နိုင်ရသနည်းဆိုသည်ကို သူမ အနည်းငယ် သိချင်မိသွားသည်။