ဒါ မင်းရဲ့သမီးလေးလား
Vol. 13 Ch. 129
ကျန်းဆူရှင်းက မျက်တောင်ခတ်လိုက်ပြီး “ကျွန်မ ချန်းချန်းကို ကြည့်ထားပေးမယ်၊ ရှင် ဖုန်းသွားဖြေလိုက်ဦး” ဟု ပြောသည်။
လုအန်းကျီက ခေါင်းညိတ်ပြကာ ဖုန်းဖြေရန် အခြားအခန်းတစ်ခုသို့ သွားခဲ့သည်။
ကျန်းဆူရှင်းက ကွန်ပျူတာကို ပိတ်လိုက်ပြီး ချန်းချန်း ကစားစရာများဖြင့် ဆော့နေသည်ကို ထိုင်ကြည့်နေသည်။ သို့သော် ချန်းချန်း၏ အာရုံက လုအန်းကျီထံသို့သာ ရောက်နေပြီး ကျန်းဆူရှင်းကို “ဖေဖေ ဘာလုပ်နေတာလဲ” ဟု မေးသည်။
ကျန်းဆူရှင်းက “ဖေဖေ ဖုန်းပြောနေတာလေ” ဟု ဖြေသည်။
“ဖုန်းပြောနေတာလား”
ချန်းချန်းက ခေါင်းညိတ်ပြီး “ချန်းချန်းလည်း ဖုန်းဆက်တတ်တယ်” ဟု ဆိုသည်။
ကျန်းဆူရှင်းက ပြုံးကာ “အင်း ချန်းချန်းက တော်လိုက်တာ” ဟု ချီးမွမ်းလိုက်သည်။
ကလေးမလေးက အပြန်အလှန် ချီးမွမ်းရမည်ကိုပင် နားလည်နေပြီး ကျန်းဆူရှင်းက သူမကို ချီးမွမ်းပြီးသည်နှင့် “မေမေလည်း တော်တယ်” ဟု ပြန်ပြောလေသည်။
ကျန်းဆူရှင်းက သဘောကျကာ ရယ်မောလိုက်သည်။
မကြာခင်မှာပင် လုအန်းကျီ ဖုန်းပြောပြီး ပြန်ရောက်လာသည်။
ကျန်းဆူရှင်းက “ဘယ်လိုလဲ” ဟု မေးသည်။
လုအန်းကျီက “ဆရာဝမ်က သူ့ရဲ့ အစီအစဉ် ရိုက်ကူးရေးပြီးပြီတဲ့။ ပြီးတော့ ဂုရုယုံကိုလည်း ဟိုင်တုကို ခေါ်ထားတယ်၊ ဂုရုယုံကလည်း ဟိုင်တုနားမှာပဲ ရှိနေတာနဲ့ အတော်ပဲပေါ့။ ဒီနေ့ အားလားလို့ သူ မေးနေတယ်၊ အားရင် ဒီနေ့ နေ့လယ်ပိုင်း စာအုပ်ဆိုင်ကို လာလည်မယ်တဲ့” ဟု ပြောသည်။
ကျန်းဆူရှင်းက ခေါင်းညိတ်ကာ “ဒါဆို နေ့လယ်စာစားပြီးရင် ရှင် သွားလို့ရတာပေါ့” ဟု ဆိုသည်။
လုအန်းကျီက “မင်းရော လိုက်ခဲ့ချင်လား” ဟု မေးသည်။
ကျန်းဆူရှင်းက “ကျွန်မ လိုက်ခဲ့ရင် ချန်းချန်းကိုလည်း ခေါ်သွားရမှာပေါ့” ဟု ပြန်ပြောသည်။
လုအန်းကျီက ခေါင်းညိတ်ပြီး “အင်း ” ဟု အသံပြုကာ စဉ်းစားသည်။
ထိုအခါ ကျန်းဆူရှင်းက နှုတ်ခမ်းလေးကို စေ့လိုက်ပြီး “ရှင် စိတ်မရှိရင်တော့ ကျွန်မ လိုက်ခဲ့မယ်” ဟု ဆိုသည်။
လုအန်းကျီက “ငါက ဘာလို့ စိတ်ရှိရမှာလဲ” ဟု မေးသည်။
ကျန်းဆူရှင်းက ရှင်းပြသည် “ချန်းချန်းကို အနုပညာလောကထဲ ထုတ်ပြမိပြီး မလိုအပ်တဲ့ အာရုံစိုက်မှုတွေ ရလာမှာကို ရှင် စိတ်ပူနေမလားလို့ပါ။ အဲ့ဒါကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ကြာပြီဆိုတော့ လူသိပ်မမှတ်မိတော့ဘူးဆိုတာ သိပေမဲ့ ချန်းချန်းကို အပြင်ခေါ်သွားရင် ကျွန်မ အမြဲ သတိထားခဲ့တာ။”
“ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်တော့ ကျွန်မ အနုပညာလောကက အနားယူတာ သုံးနှစ်နီးပါး ရှိနေပြီ၊ ပြီးတော့ ကျွန်မတို့ နှစ်ယောက်လုံးက အခု နောက်ကွယ်မှာပဲ အလုပ်လုပ်နေကြတာဆိုတော့ ဒါတွေကို စိုးရိမ်စရာ မလိုတော့ဘူးလို့ ထင်တယ်။ ရှင်ရော ဘယ်လိုမြင်လဲ။ ကျွန်မတို့ ပိုပြီး သတိထားဖို့ လိုဦးမလား။”
သူမ အနုပညာလောကထဲ စဝင်စဉ်က မနာလိုသူများ၏ အနှောင့်အယှက်ကို အတော်ခံခဲ့ရသဖြင့် သူမသည် ဤကိစ္စတွင် အထိမခံနိုင်ဖြစ်ကာ ချန်းချန်းကို ကာကွယ်ရန် အမြဲ သတိထားခဲ့ခြင်းဖြစ်သည်။
လုအန်းကျီက ပြုံးကာ “ဒါဆိုလည်း သွားကြတာပေါ့။ ငါတို့ အမြဲတမ်း အခုလို ပုန်းနေလို့ မရဘူးလေ။ ဒီတစ်ခေါက် စာအုပ်ဆိုင်ကို လာမှာက ဝမ်ကျန်းဖင်နဲ့ ဂုရုယုံပဲ ရှိတာ၊ ကျုံ့ပေါ် လည်း ပါတာ မဟုတ်ဘူးဆိုတော့ လူသိရှင်ကြား ဖြစ်သွားစရာ မရှိပါဘူး။”
“ပြီးတော့ အနုပညာလောကမှာက လှိုင်းသစ်က လှိုင်းဟောင်းကို တွန်းထုတ်နေတာပဲ။ မင်း အနားယူတာ သုံးနှစ်နီးပါး ရှိနေပြီ၊ အခုဆိုရင် အာရုံစိုက်ခံရတဲ့ လူသစ်တွေ အများကြီး ရှိနေပြီပဲ၊ ဥပမာ ကျုံ့ပေါ် လိုမျိုးပေါ့။ ဘယ်သူမှ မင်းကို အရင်လို အာရုံစိုက်နေမှာ မဟုတ်တော့ဘူး။ ဘာမှ မဖြစ်ပါဘူး။”
သူ့ရဲ့ အရင်ဘဝက နာမည်ကြီး ဓာတ်ပုံဆရာတစ်ယောက် ပျောက်ကွယ်သွားပြီးမှ ပြန်ပေါ်လာချိန်တွင် အာရုံစိုက်မှု အနည်းငယ်သာ ရခဲ့သည်ကို သူ သတိရလိုက်သည်။
အနုပညာလောကရှိ မီဒီယာများကလည်း အကျိုးအမြတ်ကို ကြည့်ကြသည်သာဖြစ်သည်။ အနားယူသွားသော သူများသည် လူကြိုက်များမှု လျော့နည်းသွားပြီဖြစ်ရာ ၎င်းတို့အတွက် သတင်းဆွဲဆောင်မှု မရှိတော့ပေ။
“အင်း ရှင့်စကား မှန်ပါတယ်”
ကျန်းဆူရှင်းက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို တွေးမိကာ ငိုင်သွားသည်။
“ဘာဖြစ်လို့လဲ”
လုအန်းကျီက ကျန်းဆူရှင်း၏ အမူအရာကို သတိပြုမိပြီး မေးလိုက်သည်။
သို့သော် ကျန်းဆူရှင်းက ခေါင်းခါပြကာ “ဘာမှမဟုတ်ပါဘူး အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။ အရင်ဆုံး စန်းဝေ့စာအုပ်ဆိုင်ကို သွားရအောင်၊ ရှင့်ရဲ့ အလုပ်ကိစ္စတွေ ပြီးမှပဲ ကျန်တာ ပြောကြတာပေါ့” ဟု ဆိုသည်။
တစ်စုံတစ်ခု ရှိနေပုံရသော်လည်း ကျန်းဆူရှင်းက အခု မပြောချင်သေးသဖြင့် လုအန်းကျီက ထပ်မမေးတော့ပေ။
မကြာမီ အိမ်အကူ အမကူး ရောက်လာပြီး ကျန်းဆူရှင်း၊ လုအန်းကျီတို့နှင့်အတူ အိမ်ကို သန့်ရှင်းရေး လုပ်ကြကာ နေ့လယ်စာ ချက်ပြုတ်ကြသည်။
ကျန်းဆူရှင်းက အိမ်အကူကို နေ့လယ်စာ အတူစားရန် ဖိတ်ခေါ်ရာ မမျှော်လင့်ဘဲ အိမ်အကူက လုအန်းကျီနှင့် တစ်ချိန်လုံး စကားဖောင်ဖွဲ့နေလေသည်။
အမကူးသည် ကျန်းဆူရှင်းကို စောင့်ရှောက်ပေးနေသူ ဖြစ်သဖြင့် ကျန်းဆူရှင်းနှင့် ချန်းချန်းတို့၏ အခြေအနေကို ကောင်းကောင်း သိထားသူဖြစ်သည်။ ယခုအခါ လုအန်းကျီအကြောင်းကိုလည်း သူမ သိသွားပြီ ဖြစ်သည်။
ထို့ကြောင့် လုအန်းကျီသည် ‘ဖုန်းမြည်သံ ဘုရင်’ ဖြစ်သည်ကိုလည်း သူမ ရှင်းရှင်းလင်းလင်း သိနေပြီဖြစ်သည်။
အမကူးက လုအန်းကျီ၏ ဖုန်းမြည်သံ သီချင်းများကို အလွန်နှစ်သက်ပြီး အထူးသဖြင့် ‘လိပ်ပြာနှစ်ကောင်’ သီချင်းကို ကြိုက်သည်။ သူမ၏ ဖုန်းမြည်သံမှာလည်း ယခု ‘လိပ်ပြာနှစ်ကောင်’ ဖြစ်နေသည်။
ထို့ကြောင့် လုအန်းကျီနှင့် အတူထိုင်စားရသည့် အခွင့်အရေးတွင် သူမသည် စိတ်လှုပ်ရှားစွာဖြင့် ထိုကဲ့သို့ ကောင်းမွန်သော သီချင်းများ ပိုထုတ်ပေးရန် ပြောနေလေသည်။
သူမ၏ စိတ်အားထက်သန်မှုကြောင့် ကျန်းဆူရှင်းပင် အနည်းငယ် မနာလို ဖြစ်သွားရသည်။
နေ့လယ်စာ စားပြီးနောက် ချန်းချန်းက အိပ်ငိုက်လာသဖြင့် ခေတ္တ အိပ်စက်သည်။ အမကူး ပြန်သွားပြီးနောက် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ နှစ်ယောက်တည်း ရှိနေစဉ် အချစ်နယ်ကျွံမိကြပြန်သည်။
အရသာကို သိသွားသောအခါ တားဆီးရန် ခက်ခဲလှသည်။ လွန်ခဲ့သော သုံးနှစ်ကျော်က တစ်ကြိမ်မှလွဲ၍ သူတို့တွင် ထိတွေ့မှု မရှိခဲ့ဖူးပေ။ အခု ဆက်ဆံရေး တိုးတက်လာပြီ ဖြစ်ရာ နှစ်ယောက်တည်း ရှိချိန်တွင် ချစ်ရည်လူးရန် မခဲယဉ်းတော့ပေ။
သို့သော် သူတို့ နှစ်ယောက်လုံးက မိမိကိုယ်ကိုယ် ထိန်းချုပ်ကြပြီး ထိုထက်ပို၍ ရှေ့မဆက်ခဲ့ကြပေ။
အမှန်အတိုင်း ပြောရလျှင် ကလေးတစ်ယောက်တောင် ရနေပြီ ဖြစ်သော်လည်း သူတို့ နှစ်ယောက်လုံး ဘာကြောင့် ထိန်းချုပ်နေကြမှန်း မသိကြပေ။ သို့သော် သူတို့တွင် အပြန်အလှန် နားလည်မှု တစ်ခု ရှိနေပြီး ချန်းချန်း မမွေးခင်ကတည်းက ဖြစ်ပျက်ခဲ့သင့်သည့် အစီအစဉ်များကို ယခုမှ ပြန်လည် စတင်နေကြခြင်း ဖြစ်သည်။
သို့သော် ချန်းချန်းက ယနေ့တွင် ထူးထူးခြားခြား စောစော နိုးလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
လုအန်းကျီ၏ ရင်ခွင်ထဲတွင် ရှိနေသော ကျန်းဆူရှင်းက ရုတ်တရက် ရုန်းထွက်လိုက်ပြီး “ချန်းချန်း နိုးလာပြီ” ဟု ပြောသည်။
လုအန်းကျီ လန့်သွားပြီး လှည့်ကြည့်လိုက်ရာ ကလေးမလေးက ဘယ်အချိန်ကတည်းက နိုးနေသည် မသိဘဲ သူတို့ နှစ်ယောက်ကို မျက်လုံးဝိုင်းလေးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လုအန်းကျီ ချက်ချင်းပင် မတ်မတ် ထိုင်လိုက်သည်။
သို့သော် မမျှော်လင့်ဘဲ ကလေးမလေးက အိပ်ရာပေါ်မှ စိတ်လှုပ်ရှားစွာ တွားသွားလာပြီး လုအန်းကျီနှင့် ကျန်းဆူရှင်းကို ဖက်ရန် လက်ကလေးများ ဆန့်ကာ “နောက်တစ်ခါ နောက်တစ်ခါ” ဟု အော်လေသည်။
လုအန်းကျီ “...”
ကျန်းဆူရှင်း “...”
လေထုက အနည်းငယ် ရှက်စရာ ကောင်းနေသော်လည်း ချန်းချန်းက ဘာမှ နားမလည်ပေ။ ထို့ကြောင့် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
ကျန်းဆူရှင်းက ချန်းချန်းကို ပွေ့ချီလိုက်ပြီး “ဘာ နောက်တစ်ခါလဲ၊ လာ မေမေ အင်္ကျီလဲပေးမယ်၊ ဖေဖေ့ဆီ သွားကြရအောင်” ဟု ပြောလိုက်သည်။
“ဖေဖေ့ဆီ သွားမယ်”
ချန်းချန်းက ပျော်ရွှင်စွာ ပြောဆိုပြီး အာရုံပြောင်းသွားသဖြင့် “နောက်တစ်ခါ” ဟု မပြောတော့ပေ။
ချန်းချန်းကို ပြင်ဆင်ပေးပြီးနောက် သူတို့ သုံးယောက် အောက်ထပ်သို့ ဆင်းခဲ့ကြသည်။ လုအန်းကျီက ကျန်းဆူရှင်းနှင့် ချန်းချန်းကို စန်းဝေ့စာအုပ်ဆိုင်သို့ ကားဖြင့် ခေါ်သွားခဲ့သည်။
စန်းဝေ့စာအုပ်ဆိုင်သို့ ရောက်သောအခါ ကလေးမလေးက အမဝမ်ဖျင်ကို နှုတ်ဆက်သည်။
ထိုအချိန်တွင် စာအုပ်ဆိုင်၌ လူသိပ်မရှိသဖြင့် အမဝမ်ဖျင်က ချန်းချန်းနှင့် အတူ ဆော့ကစားပေးနေသည်။
ညနေ လေးနာရီခန့်တွင် ဆရာဝမ်ကျန်းဖင်နှင့် သူနှင့် ရွယ်တူ အမျိုးသားတစ်ဦး စာအုပ်တိုက်ထဲသို့ ဝင်လာကြသည်။
ထိုအမျိုးသားက မျက်နှာတွင် အသားပိုများပြီး မီးခိုးရောင် မုတ်ဆိတ်မွေးများ ရှိကာ ထိပ်ပြောင်နေသည်။ တစ်စုံတစ်ယောက်က သူ့ကို လူမိုက်ဟု ပြောလျှင်ပင် လူများက ယုံကြည်ကြလိမ့်မည်။
“ဆရာဝမ်၊ ဆရာဂု”
ကျန်းဆူရှင်းက နှုတ်ဆက်လိုက်သည်။
ထိုအခါမှ လုအန်းကျီသည် ထိုသူမှာ ဂုရုယုံ ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် လုအန်းကျီကလည်း “အစ်ကို၊ဝမ် ဆရာဂု” ဟု နှုတ်ဆက်လိုက်သည်။
ဝမ်းကျန်းဖင်က ပြုံးကာ “မိတ်ဆက်ပေးဖို့တောင် မလိုတော့ဘူး ထင်တယ်” ဟု ဆိုသည်။
ဂုရုယုံက ကြည့်ရသည်မှာ ကြောက်စရာ ကောင်းသော်လည်း မမျှော်လင့်ဘဲ စကားပြောရာတွင် အလွန် ယဉ်ကျေးပျူငှာလှသည်။ သူက ပြုံးကာ “ဝမ်ကျန်းဖင်ကို ‘အကိုဝမ်’ လို့ ခေါ်မှတော့ ငါ့ကိုလည်း ‘အစ်ကိုဂု’ လို့ပဲ ခေါ်ပါ၊ အစိမ်းသက်သက်ကြီး မဖြစ်ရအောင်” ဟု ပြောသည်။
လုအန်းကျီကလည်း လွယ်လွယ်ကူကူပင် လက်ခံကာ “ကောင်းပါပြီ အစ်ကိုဂု” ဟု ပြုံးလျက် ဖြေလိုက်သည်။
သူတို့ စကားပြောနေစဉ်မှာပင် ချန်းချန်းက ကျန်းဆူရှင်းဆီသို့ ပြေးလာပြီး “မေမေ” ဟု လှမ်းခေါ်လိုက်သည်။
ဂုရုယုံနှင့် ဝမ်ကျန်းဖင်တို့ နှစ်ယောက်လုံး လန့်သွားကြသည်။
“ဒါ မင်းရဲ့ သမီးလေးလား”
ဝမ်ကျန်းဖင်က ကျန်းဆူရှင်းကို အံ့အားသင့်စွာ မေးလိုက်သည်။
ကျန်းဆူရှင်းက ခေါင်းညိတ်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဝမ်ကျန်းဖင်၏ အကြည့်က ချန်းချန်းနှင့် လုအန်းကျီ၏ မျက်နှာများကို တစ်လှည့်စီ ကြည့်ကာ နားလည်သဘောပေါက်သွားသည့် အမူအရာဖြင့် “ဒါကြောင့်ကိုး မထူးဆန်းတော့ပါဘူး” ဟု ဆိုလေသည်။