← Chapters

လွတ်လပ်စွာ ဖန်တီးခွင့်

Vol. 13 Ch. 130

လွတ်လပ်စွာ ဖန်တီးခွင့်

Vol. 13 Ch. 130

ဂုရုယုံသည်လည်း တစ်စုံတစ်ခုကို နားလည်သွားသည့် အမူအရာ ပြုလေသည်။

ဝမ်ကျန်းဖင်သည် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ကို ကြည့်ပြီးနောက် သူ၏ အကြည့်တို့သည် ချန်းချန်းထံသို့ ကျရောက်သွားကာ ပြုံးလျက် “အရမ်းကောင်းတယ် အရမ်းကောင်းတယ်” ဟု ဆိုသည်။

ကျန်းဆူရှင်းမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း လုအန်းကျီကမူ ပွင့်ပွင့်လင်းလင်းပင် “အစ်ကိုတို့ နှစ်ယောက်ကို အကူအညီတစ်ခု တောင်းပါရစေ ဒီကိစ္စကို ကျွန်တော်တို့အတွက် လျှို့ဝှက်ပေးထားပါဦး” ဟု ပြောလိုက်သည်။

ဤကိစ္စကို လူသိသွားလျှင်လည်း ဘာမှမဖြစ်ဟု သူခံစားရသော်လည်း လျှို့ဝှက်ထားနိုင်လျှင်တော့ အကောင်းဆုံးဖြစ်သည်မှာ အမှန်ပင်။ ထို့ကြောင့် လုအန်းကျီသည် ဝမ်ကျန်းဖင်နှင့် ဂုရုယုံတို့ကို တောင်းဆိုရန် ဝန်မလေးခဲ့ပေ။

ဝမ်ကျန်းဖင်နှင့် ဂုရုယုံတို့ကလည်း ခေါင်းညိတ်ပြကာ သဘောတူကြသည်။ ထို့နောက်တွင် ဝမ်ကျန်းဖင်က ချန်းချန်း ရှိနေသည်ကို ကြိုမပြောသည့်အတွက် ကလေးအတွက် လက်ဆောင်ပင် မပြင်ဆင်ခဲ့ရဟု လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ကို အပြစ်တင်လေသည်။

လုအန်းကျီက ပြုံးကာ “အစ်ကိုဝမ်ကလည်း အားနာစရာတွေ မလိုပါဘူး” ဟု ပြန်ပြောသည်။

ဝမ်ကျန်းဖင်လည်း ဘာမှထပ်မပြောတော့ပေ။

ခေတ္တကြာသော် လုအန်းကျီသည် အမဝမ်ဖျင်ကို နှုတ်ဆက်ကာ ဝမ်ကျန်းဖင်နှင့် ဂုရုယုံတို့ကို အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။

ကျန်းဆူရှင်းနှင့် လုအန်းကျီတို့သည် လက်ဖက်ရည်ပြင်ဆင်ကာ ဧည့်သည်နှစ်ဦးကို တည်ခင်းပေးကြသည်။ ကျန်းဆူရှင်းက “ရှင်တို့ အလုပ်ကိစ္စတွေ ပြောကြပါ ကျွန်မ ချန်းချန်းနဲ့အတူ နေလိုက်မယ်” ဟု ဆိုကာ ကလေးမလေးကို ချီ၍ အခြားတစ်နေရာသို့ ထွက်သွားလေသည်။

ဂုရုယုံက “ညီလေးလု မင်းက ဝမ်အကိုကြီး မိတ်ဆက်ပေးတဲ့လူဆိုတော့ ငါ မင်းကို ယုံပါတယ်။ ဒီတစ်ခေါက် ငါရိုက်ထားတဲ့ ဇာတ်လမ်းတွဲထဲက အပိုင်းအချို့ကို တည်းဖြတ်ပြီး အခွေထဲ ထည့်လာခဲ့တယ်။ အဲ့ဒါကို အရင်ကြည့်ကြည့်ပါဦး စိတ်ကူးဉာဏ်သစ်တွေ ရမလားလို့” ဟု ပြောသည်။

လုအန်းကျီက “ဟုတ်ကဲ့ ရပါတယ်” ဟု ပြန်ဖြေသည်။

ဂုရုယုံက အခွေကို ထုတ်ပေးရာ လုအန်းကျီက သူ၏ လက်ပ်တော့ကို ဖွင့်ကာ အခွေထည့်လိုက်သည်။ စက်ထဲမှ အသံသဲ့သဲ့ ထွက်ပေါ်လာပြီးနောက် အခွေထဲမှ အကြောင်းအရာများ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ပေါ်လာလေသည်။

လုအန်းကျီသည် အဖွင့်တေးသံနှင့် ဆင်တူသော အပိုင်းကို အရင်ကြည့်သည်။ ထို့နောက် တိုက်ခိုက်ခန်းများ သို့မဟုတ် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း အစရှိသည့် ခံစားချက်ပြင်းထန်သော အခန်းများကို ကြည့်ရှုရာ ဖန်တီးမှုမှာ အဆင့်အတန်း မြင့်မားသည်ကို တွေ့ရသည်။

“ဘယ်လိုလဲ တစ်ခုခု ခံစားရလား” ဟု ဂုရုယုံက မေးသည်။

“အဆင်ပြေပါတယ်” လုအန်းကျီက ခေါင်းညိတ်လျက် ဆိုသည်။

ဗီဒီယိုထဲမှ အခန်းများကို ကြည့်ပြီးနောက် လုအန်းကျီတွင် စိတ်ကူးအချို့ ရနေပြီဖြစ်သည်။ သို့သော် ထိုစိတ်ကူးများသည် သူနဂို မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။

သူသည် ဤသိုင်းကား၏ အမည်မှာ ‘ကောင်းကင်ဓားဒဏ္ဍာရီ’ ဖြစ်ကြောင်းသာ သိထားသဖြင့် ထိုအမည်က သူ့ကို ‘နတ်ဓားဂိမ်း’ နှင့် ဆက်စပ်တွေးမိစေသည်။ ထို့ကြောင့် ‘နတ်ဓားဂိမ်း’ မှ ဂန္ထဝင်ဂီတများကို ဤဇာတ်လမ်းတွင် တိုက်ရိုက် သုံးနိုင်မည်ဟု သူအရင်က ထင်ထားခဲ့ခြင်း ဖြစ်သည်။

‘အိမ်မက်ဟောင်းဆီသို့’ နှင့် ‘ဓားဖြင့် ပျံသန်းခြင်း’ အစရှိသော တေးသွားများသည် အလွန်ကောင်းမွန်သော လက်ရာများ ဖြစ်ကြသည်။

ဒါပေမဲ့ အခုကြည့်ရသလောက် ‘ကောင်းကင်ဓားဒဏ္ဍာရီ’ နှင့် ‘နတ်ဓားဂိမ်း’ တို့၏ ပုံစံမှာ လုံးဝ ကွဲပြားနေသည်။ အကယ်၍ သူသာ ‘နတ်ဓားဂိမ်း’ ၏ ဂီတကို ဤဇာတ်လမ်းတွဲထဲ အတင်းထည့်သွင်းလိုက်လျှင် အံမဝင်သလို ခံစားရပေလိမ့်မည်။

အချို့သော သီချင်းများကို သုံးနိုင်သော်လည်း အချို့ကိုတော့ ပြောင်းလဲရမည်ဖြစ်သည်။ ဤအတွေးသည် လုအန်းကျီ၏ စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာခဲ့သည်။

ဂုရုယုံက အခြားမှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ပေးကာ “ဒါက ဇာတ်လမ်းအကျဉ်းပါ ဒါပေမဲ့ မဖတ်ခင် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းဆိုင်ရာ သဘောတူညီချက်ကို အရင်လက်မှတ်ထိုးရမယ်၊ ငါတို့က ညီအစ်ကိုတွေ ဖြစ်ပေမဲ့ လုပ်ထုံးလုပ်နည်းအတိုင်းတော့ လုပ်ရမှာပဲလေ” ဟု ပြောသည်။

လုအန်းကျီက “ရပါတယ် ဒါက လုပ်သင့်လုပ်ထိုက်တာပါပဲ” ဟု ဆိုကာ ဂုရုယုံ ထုတ်ပေးသော စာချုပ်ကို လက်မှတ်ထိုးပြီးနောက် ဇာတ်လမ်းအကျဉ်းကို ဖတ်ကြည့်လေသည်။

ဇာတ်လမ်းအကျဉ်းမှာ မရှည်သော်လည်း တစ်ချက်ကြည့်ရုံဖြင့် တစ်ခုလုံးကို ရိပ်မိနိုင်သည်။ လုအန်းကျီသည် ဤအကျဉ်းချုပ်ကို ဖတ်ရုံဖြင့် ‘ကောင်းကင်ဓားဒဏ္ဍာရီ’ ၏ အဓိက အကြောင်းအရာနှင့် ပုံစံကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ဤဇာတ်လမ်းသည် ဂန္ထဝင်ဆန်သော သိုင်းလောက နောက်ခံကား ဖြစ်သည်။ တိုင်းပြည်ချစ်စိတ် အာဃာတ အချစ်နှင့် အမုန်း အကောင်းနှင့် အဆိုး ရတနာများ အစရှိသည့် အခြင်းအရာများစွာ ရောယှက်နေပြီး အလွန်ပင် ပြည့်စုံလှသည်။

ဂုရုယုံသည် ဇာတ်သိမ်းပိုင်းကို အလေးပေး ပြောပြသည်။ ဇာတ်လမ်းမှာ အမှန်စင်စစ် ဝမ်းနည်းစရာ ကောင်းသော ဇာတ်သိမ်းမျိုး ဖြစ်သည်။ တိုင်းပြည် အကျပ်အတည်းနှင့် လောကဓံကို ရင်ဆိုင်ရင်း သူရဲကောင်းသည် သူ၏ ကံကြမ္မာအတိုင်း ကိုယ်ပိုင် ကောင်းကင်ဓားဖြင့်ပင် အသက်ဆုံးရှုံးသွားရသည်။

ဤအချက်က လုအန်းကျီကို ‘နဂါးရှစ်ဂိုဏ်း’ ကို သွားသတိရစေသည်။ ‘ချောင်ဖုန်း’ ၏ ဇာတ်သိမ်းနှင့် မတူသော်လည်း စာသားများကြားမှ ခံစားချက်မှာ ဆင်တူနေသည်ဟု လုအန်းကျီ ခံစားလိုက်ရသည်။

ဖတ်ပြီးနောက် လုအန်းကျီက သက်ပြင်းတစ်ချက်ချကာ ပြုံးလျက် “အစ်ကိုဂုက ဇာတ်သိမ်းကို အစောကြီး ပြောပြလိုက်တာပဲ။ ဒါက ကျွန်တော့်ကို ဇာတ်လမ်းနောက် လိုက်ကြည့်ဖို့ မလိုတော့ဘူးပေါ့” ဟု ပြောသည်။

ဂုရုယုံက “ဟားဟား” ဟု ရယ်မောကာ “မဆိုင်ပါဘူး မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်း ဖတ်တာနဲ့ ဇာတ်လမ်းကြည့်တာ ဘယ်တူပါ့မလဲ” ဟု ဆိုသည်။ ထို့နောက် အဓိက အချက်သို့ ရောက်လာကာ “ဘယ်လိုလဲ စိတ်ကူး ရပြီလား” ဟု မေးသည်။

လုအန်းကျီက ခေါင်းညိတ်ကာ “ပြဿနာမရှိနိုင်ပါဘူး။ အစ်ကိုဂုက ဘာတွေ လိုချင်သလဲဆိုတာ အရင်ပြောပြပါဦး” ဟု ဆိုသည်။

ဂုရုယုံက လက်ဝှေ့ယမ်းလျက် “ငါ့မှာ ဘာသတ်မှတ်ချက်မှ မရှိဘူး။ ငါက ဖန်တီးရှင်တွေကို ကန့်သတ်ရမှာကို အမြဲတမ်း မကြိုက်ဘူး။ ညီလေး မင်းရဲ့ ကိုယ်ပိုင် စိတ်ကူးတွေအတိုင်းပဲ ဖန်တီးပါ” ဟု ပြောသည်။

ထိုအခါမှ ဝမ်ကျန်းဖင် အရင်က ဂုရုယုံအပေါ် ပေးခဲ့သော ဝေဖန်ချက်ကို လုအန်းကျီ သတိရသွားသည်။

ဝမ်ကျန်းဖင်ကလည်း ချက်ချင်းပင် ရယ်မောကာ “ဘာသတ်မှတ်ချက်မှ မရှိဘူးဆိုတာက အခက်ခဲဆုံး သတ်မှတ်ချက်ပဲ။ ဒီလူက ငါ့ကို ဘယ်နှစ်ခါတောင် ညာဖူးပြီလဲ။ ညီလေး သူ့စကားကို မယုံနဲ့။ သူ့ကို ဘောင်တစ်ခု အရင်ပေးခိုင်းပါ၊ မဟုတ်ရင် နောက်မှ ဟိုဟာမကြိုက် ဒီဟာမကြိုက်နဲ့ ပြန်ပြင်ခိုင်းနေဦးမယ်” ဟု ဝင်ပြောသည်။

ဂုရုယုံက မကျေမနပ်ဖြင့် “မင်းပြောတော့ ငါပဲ မှားနေသလိုပဲ၊ မင်းကိုယ်တိုင်က မကြိုးစားလို့ပေါ့၊ နောက်ပိုင်း မင်းကို ပြန်ပြင်ခိုင်းတဲ့အခါ ငါ သတ်မှတ်ချက်တွေ အများကြီး ပေးလို့လား၊ နောက်ပိုင်း မင်းလုပ်ပေးတဲ့ လက်ရာတွေ ဘယ်လောက် ကောင်းသလဲ၊ ငါသာ အဲ့ဒီတုန်းက မင်းလိုပဲ ပြီးစလွယ် လုပ်ခဲ့ရင် မင်းရဲ့ နောက်ခံတေးဂီတတွေ အခုလို ကောင်းပါ့မလား” ဟု ပြန်ချေပသည်။

ဝမ်ကျန်းဖင်က “ငါ မသိဘူး ဘာပဲဖြစ်ဖြစ် မင်းက ဘာမှ မတောင်းဆိုတာက ကျယ်ပြန့်လွန်းတယ်၊ လညီလေးက အားနာလို့ မပြောပေမဲ့ ငါကတော့ ပြောရမယ်၊ ညီလေးအတွက် ဘောင်တစ်ခုတော့ ပေးကို ပေးရမယ်” ဟု ဆိုသည်။

ဂုရုယုံ “...”

လုအန်းကျီကတော့ လူကြီးနှစ်ယောက် ငြင်းခုံနေသည်ကို တိတ်တဆိတ် ကြည့်နေလေသည်။

နောက်ဆုံးတွင် ဂုရုယုံက သက်ပြင်းချကာ “ဒီလိုလုပ်ရအောင် အဖွင့်နဲ့ အပိတ် သီချင်းတွေကတော့ ပြောနေစရာ မလိုဘူး။ နောက်ခံတေးအတွက်ကတော့ အဓိက ဇာတ်ကောင် ကောင်းကင်ဓားကို စရတဲ့ အခန်းနဲ့ နောက်ဆုံး သူ သေဆုံးသွားတဲ့ အခန်းအတွက် သီးသန့် ဂီတ နှစ်ပုဒ် လိုချင်တယ်။ အဲ့ဒီ အခန်းတွေရဲ့ လေထုကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင်ရမယ်။ ကျန်တဲ့ အပိုင်းတွေကိုတော့ မင်း စိတ်ကြိုက် လွတ်လပ်စွာ ဖန်တီးပါ” ဟု ပြောသည်။

ဝမ်ကျန်းဖင်က မကျေမနပ်ဖြင့် “ဘာလို့ ‘လွတ်လပ်စွာ’ ဆိုတာ ပြန်ပါလာပြန်တာလဲ” ဟု မေးသည်။

ဂုရုယုံက စိတ်တိုတိုဖြင့် “မင်းကတော့ မပြီးနိုင်တော့ဘူးလား” ဟု ပြန်ပြောသည်။

လူကြီးနှစ်ဦး ရန်ဖြစ်တော့မည်ကို မြင်သဖြင့် လုအန်းကျီက ကြားထဲမှ ဝင်ဖျန်ဖြေပေးကာ အရင်ဆုံး ကြိုးစားကြည့်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

ဂုရုယုံက အလွန်ကျေနပ်သွားသော်လည်း ဝမ်ကျန်းဖင်ကမူ ‘လူကြီးစကား နားမထောင်ရင် ဒုက္ခရောက်လိမ့်မယ်’ ဆိုသည့် အမူအရာမျိုး ပြနေသည်။ သို့သော် လုအန်းကျီ၏ အထင်ကြောင့်လား မသိ ဝမ်ကျန်းဖင်၏ အမူအရာတွင် စိတ်သက်သာရာရသွားသည့် ပုံစံမျိုးလည်း အနည်းငယ် ပါဝင်နေသည်။

ထို့နောက် ဂုရုယုံက “ညီလေးလု သီချင်းကို အေးအေးဆေးဆေးပဲ ရေးပါ မလောပါနဲ့။ ငါတို့က အရည်အသွေးကိုပဲ ကြည့်တာ။ အရည်အသွေး ကောင်းဖို့က အဓိကပဲ ကျန်တာတွေက ကိစ္စမရှိဘူး။ ငါတို့ ဇာတ်လမ်းတွဲကလည်း အချိန်ဇယား မသတ်မှတ်ရသေးဘူး” ဟု ပြောသည်။

သူ ပြောပြီးသည်နှင့် ဝမ်ကျန်းဖင်က ချက်ချင်းပင် “သူ့စကားကို မယုံနဲ့။ ဒီလူကြီးက ကတိမတည်တတ်ဘူး။ မင်း အချိန်အကြာကြီး ဆွဲထားရင် သူ နှိုးဆော်ဖို့ ရောက်လာမှာ သေချာတယ်။ ငါလည်း ခံဖူးတယ်” ဟု ဆိုကာ ကန့်ကွက်လေသည်။

ဂုရုယုံက မျက်စောင်းထိုးလျက် “အဲ့ဒါက မင်းက အပျင်းထူလို့လေ၊ တခြားလူတွေ နှေးတယ်ဆိုရင်တောင် မင်းလောက်တော့ မနှေးဘူး” ဟု ပြန်ပြောသည်။

ထို့နောက် သူက လုအန်းကျီကို “ဒါပေမဲ့ ငါ အကြမ်းဖျင်း သိရအောင် တစ်ပုဒ် နှစ်ပုဒ်တော့ အရင်ပြပေးရင် အကောင်းဆုံးပဲ။ အရည်အသွေးသာ ကောင်းမယ်ဆိုရင် အကိုကြီးဝမ် တစ်သက်လုံး ကြိုးစားခဲ့ရတဲ့ အမြင့်ဆုံး အဆင့်ရှိတဲ့ စာချုပ်မျိုးကို ငါ ပေးမယ်။ ငါက ထုတ်လုပ်သူ ဆိုတော့ အဲ့လိုလုပ်ပိုင်ခွင့် ရှိတယ်” ဟု ပြောလိုက်သည်။

ဝမ်ကျန်းဖင်က လုအန်းကျီကို ကြည့်ကာ “တွေ့လား တွေ့လား ဒီလူကြီး စကားပြောင်းနေပြီ” ဟု ဆိုလေသည်။

All Chapters