← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၁

မူရင်းစာရေးဆရာ။ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ခဏအကြာတွင် သွေးမယ်တော်ကွမ်ရင်သည် ဘိန်းဆိပ်တက်လာခြင်းကို ရှင်းရှင်းလင်းလင်း စတင်ခံစားလိုက်ရပြီး နာကျင်ခံရသည့် ဝေဒနာဆိုးကြီး ရောက်ရှိလာတော့မည် ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ် မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေပြီး အရိုးများနှင့် သွေးကြောများထဲတွင် ပုရွက်ဆိတ်ကောင်ရေ သန်းပေါင်းများစွာ တွားသွားနေသကဲ့သို့ ခံစားနေရ၏။

တစ်ကိုယ်လုံး ရူးသွပ်မတတ်ဖြစ်လာကာ ဒေါသများ ထွက်လာပြီး ပတ်ဝန်းကျင်တွင်လည်း ထင်ယောင်ထင်မှား ပုံရိပ်များ ပေါ်လာလေသည်။ ဤနာကျင်မှုသည် သူမကို အမှန်တကယ် သေချင်စိတ်ပေါက်စေသည်။

‘တုပိုင်ဆိုတဲ့ မိန်းမစိုးကောင်လေး ဖော်စပ်ထားတဲ့ဆေးက အာနိသင်မရှိတာလား။’

‘ဒါကလည်း ပုံမှန်ပါပဲလေ။ သူက စကားတတ်ပြီး ကောက်ကျစ်တဲ့ မိန်းမစိုးလေးတစ်ယောက်သာသာပဲ။ သူ့ရဲ့ အဂ္ဂိရတ်ပညာစွမ်းရည်က ငါ့လောက်တောင် ကောင်းတာ မဟုတ်ဘူး။ အဂ္ဂိရတ်ပညာရှင် ဇော့မင်တောင် မကုနိုင်တဲ့ရောဂါကို သူက ဘယ်လိုလုပ် ကုနိုင်ပါ့မလဲ။’

သွေးမယ်တော်ကွမ်ရင်သည် မိမိကိုယ်ကို ပြန်လည်လှောင်ပြောင်လိုက်မိသည်။ သူမသည် တကယ်ကို မြင်းသေကို မြင်းရှင်လုပ်ပြီး ကုသခိုင်းမိခြင်းပင်။

တုပိုင်ကို အသက်ကယ်ကောက်ရိုးမျှင်လေးအဖြစ် သဘောထားခဲ့မိသော်လည်း ဤကောင်လေးသည် အသက်ရှင်ချင်လွန်းလို့ သူ့ကို ဘိန်းဖြတ်ပေးနိုင်ပါသည်ဟု လိမ်ညာခဲ့ခြင်းသာ ဖြစ်လောက်သည်။

‘ငါ့ရောဂါတက်တာ ပြီးသွားရင်တော့ မင်းရဲ့ လျှာကို အရှင်လတ်လတ် လှီးဖြတ်ပစ်မယ်။’ သွေးမယ်တော်ကွမ်ရင်သည် စိတ်ထဲမှ ရက်စက်စွာ တွေးတောလိုက်သည်။

ထိုစဉ် ရင်းနှီးနေကျ နာကျင်မှုလှိုင်းလုံးကြီး ရုတ်တရက် ဝင်ရောက်လာ၏။ သို့သော် ချက်ချင်းပင် ခန္ဓာကိုယ်ထဲ၌ နောက်ထပ် စွမ်းအင်လှိုင်းတစ်ခု မြင့်တက်လာပြီး မူလက နာကျင်မှုများကို ဝေဝါးသွားအောင် ပိတ်ဆို့လိုက်လေသည်။

တုပိုင်၏ ဆေးသည် အစွမ်းပြနေပြီဖြစ်သည်။ ထိုဆေးသည် ဘိန်းဆိပ်တက်ခြင်းကို လုံးဝ ဖိနှိပ်ထားလိုက်နိုင်၏။ တကယ်ကို ထိရောက်မှု ရှိလှသည်။

အစောကမှ လှိုင်းထန်လာသော သွေးမယ်တော်ကွမ်ရင်၏ နာကျင်မှုများသည် ဒီရေအလား ပြန်လည်ကျဆင်းသွားပြီး ထိုအစား ထိုင်းမှိုင်းခြင်း၊ ဝေဝါးခြင်းနှင့် ယခင်က တစ်ခါမှ မကြုံဖူးသော ရင်ခုန်လှုပ်ရှားမှုတို့ဖြင့် အစားထိုး ဝင်ရောက်လာသည်။

သူမသည် ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးတစ်ယောက်အဖြစ် တစ်ခါမှ သဘောမထားခဲ့ပေ။ သို့သော် ယခုအချိန်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ စုဆောင်းထားခဲ့သော အမျိုးသမီးဟော်မုန်း ခံစားချက်များသည် ဗိုက်ဆာနေသူ အစာတွေ့သကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး တားဆီး၍ မရနိုင်အောင် ဖြစ်လာခဲ့သည်။

ထို့နောက် သွေးမယ်တော်ကွမ်ရင်၏ အသိစိတ်များ ပိုမိုဝေဝါးလာပြီး တုပိုင်ကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများမှာ အရည်လဲ့နေလေသည်။

ဤမိန်းမစိုးကောင်လေးသည် ရှားပါးလှသော အချောလေး ဖြစ်နေသည်ဟု သူမ ခံစားလိုက်ရ၏။ သူသည် ကောက်ကျစ်သူတစ်ဦး ဖြစ်သော်လည်း သေချာကြည့်လိုက်ပါက လုံးဝ ကောက်ကျစ်ပုံမရပေ။

ပေါ့ပျက်ပျက်နိုင်သော်လည်း လှောင်ပြောင်မှုတို့ ပြည့်နှက်နေသော ဟန်ပန်မျိုး ရှိသည်။

ဆေးအရှိန်သည် သွေးမယ်တော်ကွမ်ရင်ကို ပြင်းထန်စွာ ရိုက်ခတ်နေသဖြင့် သူမသည် တဖြည်းဖြည်း အသိစိတ်လွတ်သွားကာ တုပိုင်ရှိရာသို့ မြွေတစ်ကောင်ကဲ့သို့ တွားသွားလာပြီး သူမ၏ ဖြူဥနေသော လက်မောင်းများဖြင့် တုပိုင်၏ လည်ပင်းကို သိုင်းဖက်လိုက်လေသည်။

“ခင်ဗျား လုပ်ချင်တာလုပ် သဘောပဲ။” တုပိုင်က လေးနက်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ ကျေးဇူးပြုပြီး မှတ်ထားပေးပါ။ ကျွန်တော် ခင်ဗျားကို လက်ဖျားနဲ့တောင် မထိဘူးနော်။ အရာအားလုံးက ခင်ဗျားသဘောနဲ့ ခင်ဗျား စလုပ်တာ။”

“သတိရလာရင် ကျွန်တော့်ကို လာမရစ်နဲ့။ ခင်ဗျားက ကျွန်တော့် သွေးမကြောကို ပိတ်ထားလို့ ကျွန်တော် မလှုပ်နိုင်ဘူးဆိုတာလည်း သိတယ်မလား။”

စကားပင် မဆုံးသေး။ နှုတ်ခမ်းများ ပူနွေးသွားကာ သွေးမယ်တော်ကွမ်ရင်၏ ပူလောင်သော နှုတ်ခမ်းအစုံသည် သူ့နှုတ်ခမ်းကို လာရောက်ပိတ်ဆို့လိုက်လေသည်။

ထို့နောက် လေတစ်ချက် တိုက်ခတ်သွားပြီး မြေအောက်ခန်းရှိ ဖယောင်းတိုင်များအားလုံး ငြိမ်းသွားကာ ဆွဲဆောင်မှုရှိသော မြင်ကွင်းများအားလုံး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားပြီး ထူးဆန်းသော အသံများသာ ကျန်ရစ်လေတော့သည်။

**--**--**--**--**--**--**--**

အချိန်မည်မျှ ကြာသွားသည်မသိ။ အရာအားလုံး တိတ်ဆိတ်သွားသည်။

ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော သွေးမယ်တော်ကွမ်ရင်၏ တစ်ကိုယ်လုံးတွင် မွှေးပျံ့သော ချွေးများဖြင့် ရွှဲနစ်နေလေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဘိန်းဆိပ်တက်သည့် ဝေဒနာမှာ ပြီးဆုံးသွားပြီဖြစ်သလို ထူးဆန်းပြီး ဝေဝါးသော ခံစားချက်များလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

ရင်ထဲကလာသော စကားကို ပြောရမည်ဆိုလျှင် သွေးမယ်တော်ကွမ်ရင်သည် ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်လှစ်လိုက်နိုင်သကဲ့သို့ ဖြစ်နေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သွေးမယ်တော်ကွမ်ရင်၏ ဓားသည် တုပိုင်၏ လည်ပင်းပေါ်သို့ ရောက်ရှိလာလေသည်။

တုပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “အကုန်လုံးက ခင်ဗျားသဘောနဲ့ ခင်ဗျား စလုပ်တာလေ။ ကျွန်တော်က ဘာမှမလုပ်ခဲ့ဘူး။ ဘာလို့ ကျွန်တော့်ကို သတ်ချင်ရတာလဲ။”

တကယ်တော့ တုပိုင်သည် ယခုအချိန်တွင် သင်းကွပ်ခံထားရသူ ဖြစ်နေသေးသဖြင့် အဓိကကိစ္စကို မလုပ်ဆောင်နိုင်သော်လည်း သူတို့နှစ်ဦးကြားတွင် အသားချင်းထိတွေ့မှု အတော်များများ ဖြစ်ပျက်ခဲ့သည်။

“မင်းရဲ့ဆေးမှာ ပြဿနာရှိတယ်။ မင်းက မရိုးသားဘူး။” သွေးမယ်တော်ကွမ်ရင်က ပြောလိုက်သည်။

တုပိုင်က ပြန်ပြောလိုက်သည်။ “စောစောက ခင်ဗျား ခွေးကို ဆေးတိုက်ကြည့်တုန်းက ပြဿနာရှိလို့လား။ ကျွန်တော့်ကို မယုံရင် တခြားလူတွေကို တိုက်ကြည့်ပြီး ခင်ဗျားလို ဖြစ်မဖြစ် စမ်းသပ်ကြည့်လိုက်လေ။”

“ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပါဦး။ ကျွန်တော့်ဆေးမှာ ပြဿနာမရှိဘူး။ ခင်ဗျားလူမှာ ပြဿနာရှိနေတာ။ ပြီးတော့ ကျွန်တော်ပြောသားပဲ။ ကျွန်တော် အပေါ်ထပ် ဧည့်ခန်းမှာ စောင့်နေမယ်လို့။ ခင်ဗျားကသာ ကျွန်တော့်ကို ဒီမှာ အတင်းနေခိုင်းတာ။ ခင်ဗျား ကျွန်တော့်ကို ကစားပြီးပြီ။ ငွေပြား ၁၀၀ တောင် မပေးတဲ့အပြင် အခု ကျွန်တော့်ကို သတ်ချင်နေတာလား။”

ထိုစကားကြောင့် သွေးမယ်တော်ကွမ်ရင်သည် အနည်းငယ် ရှက်ရွံ့ပြီး ဒေါသထွက်သွားသည်။

တုပိုင်က ဆက်တိုက် မေးခွန်းထုတ်လိုက်သည်။ “ခင်ဗျားရဲ့ အသက်သခင်ကျေးဇူးရှင်ကို ဒီလိုပဲ ဆက်ဆံတာလား။ ခင်ဗျားက ကျုပ်ကို မုန်းနေတာလား။ အပြစ်ရှိသလို ခံစားနေရတာလား။”

ထိုအချိန်တွင် သွေးမယ်တော်ကွမ်ရင်သည် သူမရှေ့မှ စိတ်ပျက်စရာကောင်းသော ပါးစပ်ပေါက်ကို ပိတ်သွားစေရန် ဓားဖြင့် ပိုင်းချပစ်ချင်စိတ် ပေါက်သွားသည်။ သို့သော် သူပြောသည့်စကားများက အဓိပ္ပာယ်ရှိနေပြန်သည်။

ခဏအကြာတွင် သွေးမယ်တော်ကွမ်ရင်က မေးလိုက်သည်။ “ငါ တခြားစကားတွေရော ပြောမိသေးလား။”

“ပြောတာပေါ့။ အများကြီးပဲ။” တုပိုင်က ဖြေလိုက်သည်။

အစောက သွေးမယ်တော်ကွမ်ရင်သည် စိတ်ကြွဆေး စားထားသူတစ်ယောက်လို အရက်မူးနေသူတစ်ယောက်လို ဖြစ်နေခဲ့သည်။

ပုံမှန်အချိန်တွင် အေးစက်ပြီး စကားနည်းသော သူမသည် သူမ၏ နှုတ်မှ ထွက်လာရန် မဖြစ်နိုင်သော စကားများ၊ သူမ၏ အတိတ်၊ သူမ၏ နာကျင်မှုနှင့် သူမ၏ တောင့်တမှုများကို ပြောဆိုခဲ့လေသည်။

“ငါ ဘာတွေ ပြောခဲ့လဲ။” သွေးမယ်တော်ကွမ်ရင်က ရက်စက်သော လေသံဖြင့် မေးလိုက်သည်။

“ဆောရီးပဲ။ ကျွန်တော် အကုန်မေ့သွားပါပြီ။” တုပိုင်က ပြောလိုက်သည်။ “ခင်ဗျားကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးလေ။ ကျွန်တော်က ဘယ်နားကဝင်ပြီး ညာနားက ပြန်ထွက်သွားတာ။”

“တကယ်လား။” သွေးမယ်တော်ကွမ်ရင်က မေးလိုက်သည်။ သူမ ပြောခဲ့သည်များကို တကယ်မမှတ်မိတော့သော်လည်း ရင်ထဲရှိ စကားများနှင့် လျှို့ဝှက်ချက်များစွာကို ဖွင့်ပြောမိကြောင်း ဝိုးတဝါး သိနေသဖြင့် အလွန်အရှက်ရပြီး သေချင်စိတ်ပေါက်နေမိသည်။

“ကျွန်တော် ပြောပြီးပြီပဲ။ ကျွန်တော်က ကိုယ့်အကျိုးစီးပွားကိုပဲ ဂရုစိုက်တယ်။ သူများကိစ္စကို လုံးဝ စိတ်မဝင်စားဘူး။ ခင်ဗျား မိဘတွေရဲ့ သားသမီးကိစ္စက ခင်ဗျားအတွက် အရေးကြီးချင် ကြီးမယ်။ ကျွန်တော့်အတွက်တော့ အလကားပဲ။” တုပိုင်က စိတ်မရှည်စွာ ပြောလိုက်သည်။ “ခင်ဗျား ကျွန်တော့်ကို သတ်ရင်သတ်၊ မသတ်ရင် ဓားကိုချလိုက်တော့။ လည်ပင်းပေါ် တင်ထားတာ ရွံစရာကောင်းတယ်။ တကယ် ရွံစရာကောင်းတယ်။”

သွေးမယ်တော်ကွမ်ရင်၏ အသက်ရှူသံ ပြင်းထန်လာပြန်သည်။ အစောက သူမ တွေဝေခြင်းမရှိဘဲ ခုတ်ပိုင်းပစ်ချင်ခဲ့သော်လည်း ယခုမူ တကယ် မလုပ်ရက်တော့ပေ။

အချိန်အတော်ကြာပြီးနောက် သူမသည် ဓားကို ရုတ်တရက် ပြန်ရုပ်သိမ်းလိုက်သည်။ “ထွက်သွား။ ငါ့မျက်စိရှေ့ နောက်တစ်ခါ လာမပြနဲ့တော့။ မဟုတ်ရင် မင်းမျက်လုံးကို ထုတ်ပစ်မယ်။”

ထို့နောက် သွေးမယ်တော်ကွမ်ရင်သည် တုပိုင်၏ သွေးမကြောများကို ပြန်ဖွင့်ပေးလိုက်သည်။ တုပိုင်သည် မတ်တတ်ရပ်လိုက်ပြီး ဘာမှပြန်မပြောဘဲ နှုတ်ဆက်ခြင်းပင် မပြုဘဲ ထွက်ခွာသွားလေသည်။

ဘောင်းဘီပြန်ဝတ်ပြီးသည်နှင့် မျက်နှာပြောင်တိုက်ပြီး ထွက်သွားရသော စားဘဲကြီးအကွက်ကို သူအကျွမ်းကျင်ဆုံးပင်။

‘တွယ်တာမနေနဲ့။ သံယောဇဉ်အကြောင်း မပြောနဲ့။ အဲ့ဒါတွေက နာကျင်ရသလို ကံလည်းဆိုးစေတယ်။’

မြေအောက်ခန်းသည် မှောင်မိုက်နေဆဲပင်။ တုပိုင် လုံးဝ ထွက်ခွာသွားသောအခါ သွေးမယ်တော်ကွမ်ရင်သည် ယုံကြည်နိုင်စရာမရှိသလို ခံစားကျန်ရစ်ခဲ့သည်။

သူမက အလွန်လှပသည်။ ကျန်းနန်နယ်စားမင်းကြီး၏ မွေးစားသမီးဖြစ်သလို ကွမ်ရှီးပြည်နယ်၏ အကြီးဆုံး ပင်လယ်ဓားပြခေါင်းဆောင်လည်း ဖြစ်သည်။

သူမသည် ကြွယ်ဝချမ်းသာသည်။ သိုင်းပညာ ထူးချွန်သည်။ ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ်အချိုးအစား ပြည့်စုံသည်။ မိန်းမစိုးများအပါအဝင် အမျိုးသားအားလုံး အိမ်မက်မက်ကြရသူ ဖြစ်သည်။

သို့သော် တုပိုင်ကတော့ လုံးဝ ပြတ်သားစွာ ထွက်ခွာသွားခဲ့သည်။ တွယ်တာသည့် အရိပ်အယောင် လုံးဝမပြခဲ့ပေ။ ထိုအချက်က သွေးမယ်တော်ကွမ်ရင်ကို ဇဝေဇဝါဖြစ်စေပြီး စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ဤတုပိုင်ဆိုသောကောင်သည် မိန်းမစိုးတစ်ယောက် ဖြစ်နေရင်တောင်မှ မိန်းမကိစ္စမှာ စိတ်မလာသောကောင်မှန်း သူမ သေချာသွားသည်။

“နောက်တစ်ခါ တွေ့ရင်တော့ မင်းကံကောင်းဖို့ ဆုတောင်းထားလိုက်တော့။” သွေးမယ်တော်ကွမ်ရင် ဒေါသတကြီး ရေရွတ်လိုက်သည်။

အပိုင်း (၄၁) ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၂

မူရင်းစာရေးဆရာ။ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ထိုအချိန်တွင် တုပိုင်၏ ဦးနှောက်အနက်ရှိုင်းဆုံးနေရာမှ အလင်းနှင့် အရိပ်များ ထပ်မံထွက်ပေါ်လာသည်။

[အထူးတာဝန် - သွေးကွမ်ရင်မယ်တော်ကို ကယ်တင်ခြင်း အောင်မြင်ပါသည်။ စနစ်ရှင်၏ ယန်ချီ (၃) မှတ် တိုးလာပြီး အလှပဂေးလေးနှင့် တစ်ညတာ ပျော်ပါးခွင့် ရရှိသွားပါပြီ။]

ဘာကြောင့်မှန်းမသိ တုပိုင်သည် ခန္ဓာကိုယ်၏ နေရာတစ်ခုမှ လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။

‘ဒါက ယန်ချီရဲ့ အာနိသင်များလား...’

သာမန်ယောက်ျားတစ်ယောက် ဖြစ်လာရန် အလှမ်းဝေးနေသေးသော်လည်း ဤသည်က သုညအဆင့်မှ ထိုးဖောက်ကျော်လွန်လာခြင်း ဖြစ်သည်။ မလွယ်ကူလှပေ။

သွေးမယ်တော်ကွမ်ရင်၏ ခြံဝင်းမှ ထွက်လာပြီးနောက် တုပိုင် သက်ပြင်းချလိုက်သည်။

‘တော်သေးတာပေါ့... စောစောက သူမကို လက်ဖျားနဲ့တောင် မထိလိုက်ရလို့။ တော်သေးတာပေါ့... စောစောက အချုပ်ခံထားရလို့။ မဟုတ်ရင် ငါ့ကို ဓားတစ်ချက်တည်းနဲ့ တကယ် သတ်ပစ်လောက်တယ်။’

သူမ တုပိုင်ကို မသတ်ခဲ့ရခြင်းမှာ ထိုအကြောင်းပြချက်ကြောင့် ဖြစ်သည်။ တုပိုင်သာ သူမကို ထိလိုက်မည်ဆိုပါက သူမ၌ သတ်ဖြတ်ရန် လုံလောက်သော အကြောင်းပြချက် ရသွားပေလိမ့်မည်။

သူမ လက်မပါခဲ့ခြင်းမှာ တုပိုင်ကို သနား၍ မဟုတ်ဘဲ သူမစိတ်ထဲရှိ အတားအဆီးကို မကျော်လွန်နိုင်ခဲ့သောကြောင့်သာ ဖြစ်သည်။

“သွားစို့... အကယ်ဒမီကို ပြန်ကြမယ်။”

တုပိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံးဆီသို့ ဦးတည်သွားလိုက်သည်။ လီဝမ်ဟွေ့ ပြန်ရောက်နေလောက်ပြီဟု မျှော်လင့်ရ၏။

**--**--**--**--**--**--**--**

တုပိုင် မိန်းမစိုးအကယ်ဒမီသို့ ပြန်ရောက်သောအခါ လူပင်လယ်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဗုံမောင်းသံများ၊ မီးရှူးမီးပန်းများနှင့် ရောင်စုံအလံများ တလူလူ လွင့်ပျံနေလေသည်။

ထိုအရာများသည် လီဝမ်ဟွေ့ကို ကြိုဆိုရန်မဟုတ်ဘဲ မိန်းမစိုးဂိုဏ်း၏ စူပါစတား၊ အနာဂတ်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံထားရသူ ထန်ယန်ကို ကြိုဆိုနေခြင်း ဖြစ်သည်။

အကယ်ဒမီရှိ ကျောင်းသားနှင့် ဆရာများအားလုံး လှုပ်ရှားသက်ဝင်နေကြပြီး မရေမတွက်နိုင်သော လူများ၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေကာ မျက်လုံးများ အရောင်တောက်နေကြသည်။

ဤခံစားချက်သည် ခေတ်သစ်ကမ္ဘာတွင် စူပါစတားတစ်ယောက် ရောက်ရှိလာသကဲ့သို့ ပရိသတ်အများအပြား လာရောက်ကြိုဆိုကြသည့် ပုံစံမျိုးပင် ဖြစ်သည်။

“အပေါ်ယံဆန်လိုက်တာ... နုံအလိုက်တာ...”

တုပိုင် စိတ်ထဲက ကျိတ်ပြောလိုက်သည်။ ထို့နောက် လူအုပ်ကြားထဲတွင် ခြေဖျားထောက်ကာ ထန်ယန် ဆိုသူ မည်သို့ပုံစံရှိသနည်းဆိုသည်ကို လှမ်းကြည့်လိုက်သည်။

လီဝမ်ဟွေ့၏ ဘေးတွင် လက်ချင်းချိတ်ပြီး လျှောက်လှမ်းလာသော ထန်ယန်ကို သူ မြင်လိုက်ရသည်။

‘မွေးစားအဖေ ပေးတဲ့ ဆက်ဆံရေးကလည်း မြင့်မားလွန်းနေပြီ မဟုတ်လား။ ထန်ယန်က ကျောင်းသားတစ်ယောက်ပဲ ရှိသေးတာလေ။ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ နောက်ထပ် အကြီးအကဲချုပ်နေရာအတွက် ယှဉ်ပြိုင်ဖို့ သူက ဘာအရည်အချင်း ရှိနေလို့လဲ။’

ထန်ယန်၏ မျက်နှာကို ကြည့်ပြီးနောက် တုပိုင် ပို၍ပင် စိတ်မသက်မသာ ဖြစ်လာသည်။

‘ဒီလောက်တောင် ချောနေရလား။ အဓိကက သန်မာပြီး သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ ကြည်လင်တဲ့ အရှိန်အဝါ ရှိနေတာပဲ။ စာပေရော၊ သိုင်းပညာပါ ဘက်စုံတော်တဲ့ ပါရမီရှင်တစ်ယောက်နဲ့ တူနေပြီး မိန်းမစိုးတစ်ယောက်ရဲ့ အငွေ့အသက် လုံးဝမရှိဘူး။’

တုပိုင်ကလည်း ချောမောသူတစ်ယောက် ဖြစ်သော်လည်း အဓိကအချက်မှာ စူပါစတားများသည် လူတိုင်း၏ မျက်လုံးထဲတွင် တောက်ပနေလေ့ရှိသည်။ တုပိုင်က ချောမောသော်လည်း လူအုပ်ကြီးထဲတွင် မြုပ်နေသည် မဟုတ်ပါလား။

တုပိုင် မျက်လုံးကျဉ်းမြောင်းသွားသည်။ ထန်ယန်ကို ဖြုတ်ချရန် အဆိပ်ပြင်းသော နည်းလမ်း (၄)၊ (၅) ခုခန့် ခေါင်းထဲတွင် ဖြတ်သန်းသွားလေသည်။

‘ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။ ထန်ယန်က အနာဂတ်ရဲ့ မျှော်လင့်ချက်ထားရာ မိန်းမစိုးခေါင်းဆောင်ပဲ။ တကယ်လို့ ငါသာ အံ့သြဖွယ်ရာ တစ်စုံတစ်ရာ မလုပ်ပြနိုင်ရင် အနာဂတ်မှာ ဘာအခွင့်အရေးမှ ရတော့မှာ မဟုတ်ဘူး။’

လက်ရှိအချိန်တွင် ဂုဏ်သတင်းကျော်ကြားမှုအရ သူသည် အများကြီး နောက်ကောက်ကျ ကျန်နေခဲ့ပြီ ဖြစ်သည်။

ထန်ယန်ကို ကြိုဆိုသည့် အခမ်းအနားသည် တစ်နာရီကျော် ကြာမြင့်ခဲ့သည်။ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီး နှစ်ဦးစလုံးက အများပြည်သူရှေ့တွင် မိန့်ခွန်းပြောကြားခဲ့ပြီး ထန်ယန်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်ဦးတည်းသော ပြိုင်ဘက်ကင်းသူအဖြစ် ချီးကျူးပြောဆိုခဲ့ကြသည်။

အောက်ဘက်ရှိ နိမ့်ကျပြီး မနာလိုဝန်တိုတတ်သော မိန်းမစိုးကျောင်းသားများကလည်း ထန်ယန်ကို ခွေးလိမ္မာလေးများကဲ့သို့ မော့ကြည့်နေကြသည်။ တုပိုင်လည်း အောက်ဘက်တွင် ရပ်ကာ သာမန်ပရိသတ်တစ်ယောက်အဖြစ် ထန်ယန်၏ အရှိန်အဝါကို မော့ကြည့်နေရသူ ဖြစ်လာသည်။

မြို့နယ်အဆင့် ဘက်စုံထူးချွန်ကျောင်းသားဆု၊ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ ဂီတပြိုင်ပွဲဆု၊ တက္ကသိုလ် ပညာသင်ဆု ပထမဆု၊ အားလုံးမှာ တုပိုင်၏နာမည် ပါဝင်ခဲ့ဖူးသည်။

‘အခုကျမှ ငါက အရန်လူ ဖြစ်လာရတာလား။ တကယ် ဒေါသထွက်စရာပဲ။’

**--**--**--**--**--**--**--**

ညနေပိုင်းတွင် တုပိုင်သည် ကျောင်းအုပ်ကြီး လီဝမ်ဟွေ့၏ ရုံးခန်းသို့ ဝင်ရောက်လာခဲ့သည်။ လီဝမ်ဟွေ့သည် ရက်ပေါင်းများစွာ အိပ်စက်ခြင်းမရှိသဖြင့် မျက်ကွင်းများ အနည်းငယ် ညိုမဲချိုင့်ဝင်နေသည်။

တုပိုင် သူ့ကို မြင်လိုက်ရသောအခါ အံ့သြသွားပြီးနောက် မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်မကောင်းဖြစ်မှုများ ဖြတ်သန်းသွားသော်လည်း ဘာစကားမှ မပြောပေ။

လီဝမ်ဟွေ့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နွေးထွေးမှုနှင့် ကျေနပ်မှုကို ခံစားလိုက်ရသည်။

‘ဂရုစိုက်တတ်တဲ့ ငါ့သားကွ။’

“ဘာကိစ္စလဲ။”

လီဝမ်ဟွေ့က ထမင်းစားရင်း မေးလိုက်သည်။ မိန်းမစိုးဂိုဏ်း၏ စည်းကမ်းများ တင်းကျပ်လွန်းသဖြင့် သူ မည်မျှပင် သဘောကျစေကာမူ တုပိုင်ကို ထိုင်ခုံပေးပြီး အတူတူ ထမင်းစားခိုင်းခြင်း မပြုလုပ်နိုင်ပေ။

တုပိုင်က ပြောလိုက်သည်။

“ကျောင်းအုပ်ကြီး... ကျွန်တော် ကျောင်းတော်ကြီးသုံးခုရဲ့ သိုင်းပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ချင်တယ်။”

ထိုစကားကို ကြားသောအခါ လီဝမ်ဟွေ့က ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

“မရဘူး။”

တုပိုင်သည် အဘယ်ကြောင့်နည်းဟု မမေးဘဲ ငြိမ်သက်စွာ ရပ်နေလိုက်သည်။ လီဝမ်ဟွေ့သည် တူကိုချကာ လက်ဖက်ရည်တစ်ခွက်သောက်လိုက်ပြီး ဆက်ပြောသည်။

“ပထမအချက်က ကျောင်းတော်ကြီးသုံးခုရဲ့ ပြိုင်ပွဲအတွက် လူ ၅ ယောက် ပြည့်နေပြီ။ စည်းကမ်းအရ ဘယ်သူ့ကိုမှ ထုတ်လို့မရဘူး။”

မိန်းမစိုးဂိုဏ်း၏ စည်းကမ်းများသည် အလွန်တင်းကျပ်ပြီး လီဝမ်ဟွေ့အတွက် ပို၍ပင် တင်းကျပ်သေးသည်။ စည်းကမ်းတစ်ခု ချမှတ်ပြီးပါက မဖြစ်မနေ လိုက်နာရသည်။ ထို့ကြောင့် တုပိုင်သည် လီဝမ်ဟွေ့၏ မွေးစားသားဖြစ်သော်လည်း ဘွဲ့ယူစာမေးပွဲတွင် အမှတ်အနည်းဆုံးရရှိပါက အိမ်သာဆေးရသည့်အလုပ်ကို တစ်နှစ်၊ နှစ်နှစ်ခန့် လုပ်ရမည်မှာ သေချာသည်။

စည်းကမ်းမရှိလျှင် မည်သည့်အရာမျှ ပြီးမြောက်အောင်မြင်နိုင်မည် မဟုတ်ပေ။

“ဒုတိယအချက်က ပြိုင်ပွဲစဖို့ ရက်ပိုင်းပဲ လိုတော့တယ်။ မင်းက လျှပ်စီးလိုမြန်တဲ့နှုန်းနဲ့ လေ့လာနိုင်ရင်တောင် အချိန်မမှီတော့ဘူး။”

လီဝမ်ဟွေ့က ဆက်ပြောသည်။

“အရင်က ရွေးချယ်ထားတဲ့ လူနည်းစုက ဒီပြိုင်ပွဲအတွက် အချိန်အကြာကြီး ပြင်ဆင်ထားကြတာ။ ငါမင်းကို ပြောပြမယ်... အဲ့ဒီလူတွေက သိုင်းပညာကိုတောင် လစ်လျူရှုပြီး ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီပညာတွေကို နှစ်နဲ့ချီ လေ့ကျင့်ထားကြတာကွ။”

အကယ်ဒမီတစ်ခုစီသည် ပြိုင်ပွဲကြီးတွင် ပါဝင်ရန် လူ (၅) ဦး စေလွှတ်နိုင်သည်။ မိန်းမစိုးဂိုဏ်းမှ ကျောင်းသားများသည် ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီပညာတို့တွင် (၁၀) နှစ်ကြာ လေ့ကျင့်ပျိုးထောင်ထားသော်လည်း နာမည်ကြီးမိသားစုမှ သားသမီးများကို ယှဉ်နိုင်ရန် ခက်ခဲနေဆဲပင်။

ထိုသူဌေးသားများသည် အသက် (၃) နှစ်၊ (၄) နှစ်အရွယ်ကတည်းက စတင်လေ့လာခဲ့ကြပြီး နာမည်ကြီးဆရာများကို ငှားရမ်းသင်ကြားထားကြခြင်း ဖြစ်သည်။

ထို့ကြောင့် ကျောင်းပိုင်မြေ ဧက (၄၀၀၀) ဆုံးရှုံးမခံရစေရန်အတွက် လီဝမ်ဟွေ့သည် ကွမ်တုံမှ ထိပ်သီးပညာရှင် ထန်ယန်ကို ကျောင်းပြောင်းလာစေရန် ငွေအမြောက်အမြား သုံးစွဲခဲ့ရခြင်းဖြစ်သည်။

“တတိယအချက်က ဘွဲ့ယူစာမေးပွဲမှာ ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီပညာရပ်တွေ မပါဘူး။ မင်းရဲ့ အချိန်နဲ့ ခွန်အားတွေကို အဲ့ဒီနေရာမှာ အလဟဿ မဖြစ်စေချင်ဘူး။”

လီဝမ်ဟွေ့က လေးနက်စွာ ပြောလိုက်သည်။

“ဘွဲ့ယူစာမေးပွဲဖြေဖို့ ၅ လခွဲလောက်ပဲ လိုတော့တာ။ မင်းအနေနဲ့ တစ်ရက်လေးတောင် အချိန်ဖြုန်းလို့ မဖြစ်ဘူး။”

တုပိုင်က မေးလိုက်သည်။

“တကယ်လို့ ထန်ယန်က မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်မယ်ဆိုရင် သူတကယ် နိုင်မှာလား။”

လီဝမ်ဟွေ့က ပြောသည်။

“နိုင်ချေ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး မရှုံးနိုင်တာက ၁၀၀ ရာခိုင်နှုန်း သေချာတယ်။”

လီဝမ်ဟွေ့ပြောသော စကားလုံးတိုင်းသည် သံမှိုစွဲသကဲ့သို့ ခိုင်မာသည်။ သူက မရှုံးဘူးဟု ပြောလျှင် သေချာပေါက် ရှုံးမည်မဟုတ်ပေ။ သူက နိုင်ချေ (၇၀) ရာခိုင်နှုန်းဟု ပြောလျှင် တကယ်တမ်းတွင် (၈၀) ရာခိုင်နှုန်း သေချာနေခြင်းဖြစ်သည်။

အပိုင်း (၄၂) ပြီး။

All Chapters