အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၃
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင်၏ မျက်နှာ အနည်းငယ် ညှိုးငယ်သွားသည်ကို မြင်လိုက်ရသဖြင့် လီဝမ်ဟွေ့သည် ရှားရှားပါးပါး ပြုံးလိုက်ပြီး ပြောသည်။
“ထိုင်ပါဦး။”
တုပိုင်သည် ခဏမျှ တွေဝေနေပြီးနောက် လီဝမ်ဟွေ့၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။ လီဝမ်ဟွေ့သည် သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ရာ တုပိုင် အမြန်ထရပ်ပြီး လက်ခံလိုက်သည်။ ဤသည်မှာ ဟန်ဆောင်ခြင်းမဟုတ်ဘဲ စစ်မှန်သော လေးစားမှုဖြစ်သည်။
“ကလေး။ မင်းဘာတွေးနေလဲ ငါသိပါတယ်။”
လီဝမ်ဟွေ့က ပြောလိုက်သည်။
“မင်း ထန်ယန်ကို မနာလိုဖြစ်ပြီး သူက မင်းလမ်းကို ပိတ်နေတယ်လို့ ထင်နေတာမလား။ ဂုဏ်သတင်းကျော်ကြားမှုမှာ သူနဲ့အများကြီး ကွာခြားနေတယ်လို့ ခံစားရပြီး အဲ့ဒါကို အစားထိုးဖို့ နည်းလမ်းရှာနေတာမလား။”
တုပိုင် ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် လူကြီးမိဘများရှေ့တွင် အတွေးများကို ဖုံးကွယ်ထားရန် မလိုကြောင်း နားလည်လိုက်သည်။
“စိတ်မပူပါနဲ့။ မင်းအပိုင်ဖြစ်ရမယ့်အရာက မင်းအပိုင်ပါပဲ။”
လီဝမ်ဟွေ့က ဆက်ပြောသည်။
“မင်းရှေ့ဆက်သွားနိုင်သရွေ့ ငါမင်းကို မထောက်ပံ့နိုင်တော့တဲ့အချိန်အထိ ထောက်ပံ့ပေးသွားမယ်။”
“မင်းက ထန်ယန်ရဲ့ နောက်ကောက်ကျန်နေခဲ့ပြီလို့ ခံစားနေရပေမဲ့ အဲ့လိုတွေးစရာ လုံးဝမလိုဘူး။ ကျောင်းတော်ကြီးသုံးခုရဲ့ သိုင်းပြိုင်ပွဲမှာ အနိုင်ရတာက ထန်ယန်ရဲ့ ဂုဏ်သတင်းကို တိုးတက်စေတာ မှန်ပေမဲ့ ငါတို့ မိန်းမစိုးဂိုဏ်းရဲ့ ဆက်ခံသူနေရာအတွက် ယှဉ်ပြိုင်မှုက အရမ်းရှည်လျားတဲ့ ဖြစ်စဉ်တစ်ခုပါ။”
“၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ လောက် ကြာနိုင်တယ်။ ဒါကြောင့် ဒီနေ့ နိုင်ခြင်း၊ ရှုံးခြင်းဆိုတာက ဆယ်စုနှစ်ပေါင်းများစွာ ကြာမယ့် ယှဉ်ပြိုင်မှုကြီးထဲမှာ ခြေလှမ်းအသေးလေးတစ်ခုပဲ ရှိပါသေးတယ်။ နိုင်တာပဲဖြစ်ဖြစ်၊ ရှုံးတာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။”
လီဝမ်ဟွေ့ထံမှ ဤကဲ့သို့သော လေသံမျိုး ကြားရခဲလှသည်။
“တုပိုင်... မင်းအခု အာရုံစိုက်ရမှာက သိုင်းပညာနဲ့ အဂ္ဂိရတ်ပညာပဲ။ ၅ လအတွင်း ကျင်းပမယ့် ဘွဲ့ယူစာမေးပွဲအတွက် အစွမ်းကုန် ကြိုးစားပါ။ အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝင်ရောက်နိုင်မှသာ မင်းက တခြားသူတွေထက် ခြေတစ်လှမ်း သာလွန်နိုင်မှာ။”
လီဝမ်ဟွေ့က ဆက်၍ ပြောသည်။
“အရှေ့ဘက်ကွပ်ကဲရေးရုံးက ငါတို့ရဲ့ အဓိက အင်အားစုပဲ။ လက်ရွေးစင်လွှာတွေ စုဝေးရာနေရာပေါ့။ အဲ့ဒီနေရာကမှ မင်းရဲ့ စစ်မြေပြင်အစစ်အမှန်ပဲ။”
“ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး။”
တုပိုင် ပြန်ဖြေလိုက်သည်။ လီဝမ်ဟွေ့က မေးလိုက်သည်။
“အခြေခံ အဂ္ဂိရတ်သဘောတရားတွေကို ဘယ်လောက် နားလည်ထားပြီးပြီလဲ။”
တုပိုင်က ပြောသည်။
“အခြေခံ အဂ္ဂိရတ်သဘောတရား အကုန်လုံးကို ကျွမ်းကျင်ဖို့ နောက်ထပ် ၃ ရက်လောက်တော့ လိုပါဦးမယ်။”
အခြေခံ အဂ္ဂိရတ်သဘောတရား စာအုပ် (၅) အုပ်ရှိသည်။ တုပိုင်သည် ပထမနှစ်အုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီးဖြစ်ကာ ကျန်ရှိသော သုံးအုပ်အတွက် (၃) ရက်ခန့် အချိန်ယူရမည်ဖြစ်သည်။
“ကောင်းပြီ။”
လီဝမ်ဟွေ့က ပြောသည်။
“ဒီရက်ပိုင်း ငါ ကျောင်းတော်ကြီးသုံးခုရဲ့ ပြိုင်ပွဲအတွက် အာရုံစိုက် ပြင်ဆင်ရဦးမယ်။ ဒီကိစ္စပြီးသွားရင် မင်းကို ကွေ့မင်းသားအိမ်တော်ကို ခေါ်သွားပြီး သိုင်းပညာသင်ပေးဖို့ ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူက မင်းကို လျင်လျင်မြန်မြန် တိုးတက်အောင် ကူညီပေးနိုင်မှာ သေချာတယ်။”
“ကျေးဇူးတင်ပါတယ်ဗျာ။”
တုပိုင် ပြန်ဖြေလိုက်ပြီး ခဏမျှ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။
“ကျောင်းအုပ်ကြီး... ကျောင်းတော်ကြီးသုံးခုရဲ့ ပြိုင်ပွဲက ဆရာ့အတွက် အရမ်းအရေးကြီးလား။”
“မင်းက ကလေးပဲရှိသေးတာ ဘာတွေ လာစပ်စုနေတာလဲ။ ကိုယ့်ကိစ္စကိုယ် သွားလုပ်စမ်း။”
လီဝမ်ဟွေ့က ရယ်မောရင်း ပြောလိုက်ပြီး တူကိုကောက်ကိုင်ကာ ဆက်လက်စားသောက်နေလေသည်။
အမှန်စင်စစ်တွင် ဤကိစ္စသည် အလွန်အရေးကြီးပြီး လီဝမ်ဟွေ့၏ အနာဂတ်နှင့်ပင် တိုက်ရိုက်သက်ဆိုင်နေသည်။ သူ့တွင် လက်ရှိအချိန်၌ အလွန်ထူးချွန်သည်ဟု သတ်မှတ်ခံထားရသော်လည်း ပြိုင်ဘက်များစွာ ရှိနေသည်။
အကယ်၍ သူသာ ဤပြိုင်ပွဲတွင် ရှုံးနိမ့်ပြီး ကျောင်းပိုင်မြေ (၁၅၀၀) ဧကကို ဆုံးရှုံးလိုက်ရပါက မိန်းမစိုးဂိုဏ်းအတွင်း ဂုဏ်သိက္ခာအားလုံး ကျဆင်းသွားမည်ဖြစ်ပြီး အနာဂတ်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အကြီးအကဲရာထူးကို ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးလည်း နည်းပါးသွားလိမ့်မည်။
ယခင်ကျောင်းအုပ်ကြီးသည် ကျောင်းတော်ကြီးသုံးခု၏ သိုင်းပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် သင်္ချိုင်းစောင့်အဖြစ် နယ်နှင်ဒဏ်ပေးခံခဲ့ရပြီး အထီးကျန်သရဲတစ္ဆေများနှင့်သာ အဖော်ပြုနေရသည်။
ထို့အပြင် ယခင်ကျောင်းအုပ်ကြီး နယ်နှင်ဒဏ်ပေးခံရပြီးနောက် မိန်းမစိုးဂိုဏ်းအတွင်း မည်သူမျှ ထိုရာထူးကို ဆက်ခံရန် မဝံ့ရဲခဲ့ကြပေ။
ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကို ဘေးဖယ်ထုတ်မခံရစေရန်နှင့် ကွမ်ရှီးပြည်နယ်အတွင်း မိန်းမစိုးဂိုဏ်း၏ အာဏာကို ခိုင်မာစေရန်အတွက် လီဝမ်ဟွေ့သည် ရှေ့ထွက်လာပြီး ဤပူလောင်သော အာလူးပူပူကို လက်ခံခဲ့ခြင်းဖြစ်သည်။ အခြားသူများကမူ ဘေးမှရပ်ကြည့်နေခဲ့ကြသည်။
ဥပမာအားဖြင့် ကျန်းရော့ကျူးသည် ကိုရီးယားနိုင်ငံသို့ သံတမန်အဖွဲ့ကို ဦးဆောင်သွားရောက်ရန် ကြိုတင်ရွက်လွှင့်ထွက်ခွာသွားပြီး ဤဘေးဒုက္ခမှ ရှောင်တိမ်းခဲ့သည်။
လီဝမ်ဟွေ့ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဖြစ်လာပြီးနောက်မှ ကျန်းရော့ကျူး ပြန်လည်ရောက်ရှိလာပြီး ရန်ကျိုးမြို့စောင့်မိန်းမစိုး ရာထူးကို ပျော်ရွှင်စွာ ရယူခဲ့သည်။
ကိုယ်ကျင့်တရားကောင်းမွန်သူများသည် မကြာခဏ နစ်နာတတ်ကြပြီး မိန်းမစိုးဂိုဏ်းသည်လည်း ခြွင်းချက်မဟုတ်ပေ။
တုပိုင်သည် ဤအချက်ကို စောစောစီးစီး ရိပ်မိထားသဖြင့် မည်သည့်အခါမျှ မြင့်မြတ်သော ငတုံးတစ်ယောက် ဖြစ်မခံဘဲ ကောင်းမှုနှင့် မကောင်းမှုကြား တစ်နေရာတွင်သာ ရပ်တည်နေမည်ဖြစ်သည်။ သို့သော် သူသည် ထိုကဲ့သို့သော လူမျိုးဖြစ်သည်ဆိုသော်ငြား လီဝမ်ဟွေ့ကဲ့သို့သော လူများကို လေးစားခြင်းမှ တားဆီးမထားနိုင်ပေ။
တုပိုင်က ပြောလိုက်သည်။
“ကျောင်းအုပ်ကြီး... ပိုင်ချွမ်း သေသွားပြီ။”
ထို့နောက် သူသည် ပိုင်ချွမ်းသေဆုံးမှု အသေးစိတ်ကို လီဝမ်ဟွေ့အား ပြောပြခဲ့ပြီး သွေးမယ်တော်ကွမ်ရင်အကြောင်း တချို့ကိုလည်း ပြောပြခဲ့သည်။
သို့သော် မှောင်ခိုဆားအကြောင်း ကြိုသိနေသည်ကို ချန်လှပ်ထားခဲ့သည်။ သူသည် သွေးမယ်တော်ကွမ်ရင်တွင် ရှားပါးရောဂါတစ်ခုရှိနေပြီး သူကုသပေးနိုင်သောကြောင့် သဘောတူညီမှု ရယူခဲ့ခြင်းဖြစ်ကြောင်းသာ ပြောပြခဲ့သည်။
လီဝမ်ဟွေ့သည် တုပိုင် စကားမဆုံးသေးသည်ကို ချက်ချင်း သတိထားမိသော်လည်း ဂရုမစိုက်ပေ။ လူတိုင်းတွင် လျှို့ဝှက်ချက် ကိုယ်စီရှိကြပြီး အခြားသူများကို အလုံးစုံ ပွင့်လင်းစေရန် တောင်းဆိုခြင်းသည် အလွန်မိုက်မဲသော အပြုအမူဖြစ်သည်။
“ကောင်းပြီ။ ငါသိပြီ။”
လီဝမ်ဟွေ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“မင်း ဒီမှာစောင့်။ ထမင်းစားပြီးရင် ငါမင်းကို နေရာတစ်ခု ခေါ်သွားမယ်။”
တစ်နာရီကျော် ကြာပြီးနောက် လီဝမ်ဟွေ့သည် တုပိုင်ကို ကွေ့လင်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံးရှိ မြေတိုက်အကျဉ်းထောင်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာတွင် လူပေါင်းများစွာကို ဖမ်းဆီးထားပြီး အားလုံးသည် ပိုင်ချွမ်းနှင့် ပူးပေါင်းကာ တုပိုင်ကို ချောက်ချခဲ့သည်ဟု သံသယရှိသူများဖြစ်သည်။ သူတို့အထဲတွင် ရာထူးအမြင့်ဆုံးမှာ ချွေ့မိသားစုဝင်ဖြစ်ပြီး ဆားဆိုင်တစ်ဆိုင်ကို တာဝန်ယူထားသူ ချွေ့ဖုန်ယွမ်ဖြစ်သည်။
“ချွေ့ဖုန်ယွမ်ကလွဲပြီး ကျန်တဲ့လူအကုန် သတ်ပစ်လိုက်။”
လီဝမ်ဟွေ့က အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်များ အချုပ်ခန်းထဲသို့ ဝင်ရောက်လာပြီး ဓားများကို ဆွဲထုတ်ကာ လူများကို စတင်သတ်ဖြတ်လေတော့သည်။
“အသက်ချမ်းသာပေးပါ... ချမ်းသာပေးကြပါဗျာ...”
“သူဌေး... ကယ်ပါဦး... ကယ်ပါဦး...”
ဓားချက်အနည်းငယ်ဖြင့် ချွေ့မိသားစုဝင် ဒါဇင်ပေါင်းများစွာ အသတ်ခံလိုက်ရပြီး အကျဉ်းထောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့နောက် ချက်ချင်းပင် ချွေ့ဖုန်ယွမ်ကို ခေါ်ထုတ်လာသည်။
သူသည် ဖြူဖျော့နေသော်လည်း အထူးတလည် ထိတ်လန့်တကြား ဖြစ်မနေပေ။ အင်အားကြီးဂိုဏ်းများ အာဏာလုကြသည့်အခါ အသတ်ခံရသူ အများစုမှာ အစေခံများသာ ဖြစ်သည်။ လီဝမ်ဟွေ့ စီစဉ်ခဲ့သော ယခင်လုပ်ကြံမှုတွင် ချွေ့မိသားစုဝင် ရာကျော် သေဆုံးခဲ့သော်လည်း ချွေ့မိသားစု၏ ပင်မမျိုးဆက် တစ်ယောက်မှ မပါဝင်ခဲ့ပေ။
ထိုအချက်သည် ပြောစရာမလိုသော စည်းကမ်းတစ်ခုဖြစ်ပြီး ဆက်ဆံရေး လုံးဝပြတ်စဲမသွားသရွေ့ မည်သူမျှ တစ်ဖက်ဂိုဏ်း၏ အဓိကအဖွဲ့ဝင်များကို ပစ်မှတ်ထားမည် မဟုတ်ပေ။
“အရှင်လီ... ဈေးစကားပြောရအောင်ဗျာ။ မိသားစုခေါင်းဆောင်က သေချာပေါက် သဘောတူမှာပါ။”
ချွေ့ဖုန်ယွမ်က ပြောလိုက်သည်။
“ကျွန်တော့်စီးပွားရေးက အရမ်းအလုပ်ရှုပ်တာ။ အချိန်ကြာကြာ နေလို့မရဘူး။ အခုချက်ချင်း ပြန်မှဖြစ်မယ်။”
လီဝမ်ဟွေ့က ပြောသည်။
“မင်း ပိုင်ချွမ်းနဲ့ ပေါင်းပြီး မှောင်ခိုဆား ၁၈၀၀ ရှီကို အသုံးပြုကာ သွေးမယ်တော်ကွမ်ရင်ကို တုပိုင်ကို သတ်ခိုင်းတာမလား။ အဲ့ဒါ မင်းလက်ချက်လား။”
ချွေ့ဖုန်ယွမ်က ပြောသည်။
“ဘာတွေပြောနေတာလဲဗျာ။ ကျွန်တော် တကယ်မသိဘူး။ မှောင်ခိုဆားကိစ္စကြောင့် ကျွန်တော်တို့ကို ဖမ်းတယ်လို့ပဲ ထင်နေတာ။”
“ဟဲဟဲ...”
လီဝမ်ဟွေ့က မေးခွန်းဆက်မမေးတော့ဘဲ တုပိုင်ဘက်လှည့်ကာ ပြောလိုက်သည်။
“သွား... သူ့ကိုသတ်ပြီး ဒီကိစ္စကို အဆုံးသတ်လိုက်။”
တုပိုင် အံ့သြသွားသော်လည်း ထက်မြက်သော ဓားမြှောင်ကို ယူကာ ချွေ့ဖုန်ယွမ်ရှေ့သို့ ရောက်လာသည်။ ချွေ့ဖုန်ယွမ်သည် အသက် (၃၀) နီးပါးရှိသော အမျိုးသားတစ်ဦးဖြစ်သည်။
သူသည် သန်မာသော်လည်း သိမ်မွေ့သော အရှိန်အဝါရှိသည်။ ချမ်းသာကြွယ်ဝမှုများဖြင့် ပြည့်နှက်နေပြီး မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသော သခင်လေးတစ်ဦး၏ စံပြပုံစံဖြစ်သည်။
ထိုအခြေအနေကို မြင်သောအခါ ချွေ့ဖုန်ယွမ် အတင်းပြုံးလိုက်ပြီး ပြောသည်။
“အရှင်လီ... ဒီလို နောက်ပြောင်တာမျိုး မလုပ်ပါနဲ့ဗျာ။ ကျွန်တော်တို့က ရင်းနှီးပြီးသားတွေပဲကို။ ငွေညှစ်ဖို့အတွက် ဒီလိုတွေလုပ်နေစရာ မလိုပါဘူး။”
လီဝမ်ဟွေ့က ပြောလိုက်သည်။
“ဒါ ငွေညှစ်တာ မဟုတ်ဘူး။ ငါမင်းကို တကယ်သတ်ချင်တာ။”
ချွေ့ဖုန်ယွမ်၏ မျက်နှာထား ပြောင်းလဲသွားပြီး ပြောသည်။
“မိန်းမစိုးအကယ်ဒမီက သာမန်မိန်းမစိုးလေးတစ်ယောက်အတွက်နဲ့ တန်လို့လားဗျာ။ သူက အသုံးမကျတဲ့ကောင် ဖြစ်လာမှာ သေချာနေတာကို။ သူ့အတွက်နဲ့ ချွေ့မိသားစုနဲ့ လုံးဝ အပြတ်ရှင်းမလို့လား။ မိသားစုခေါင်းဆောင်က ဘယ်လိုထင်မလဲ။ တတိယဦးလေးကရော ဘယ်လိုထင်မလဲ။”
ချွေ့မိသားစုခေါင်းဆောင်၏ တတိယညီ ချွေ့ယန်သည် ရန်ကျိုးမြို့ဝန်အဖြစ် ခန့်အပ်ခံထားရသူဖြစ်သည်။ လီဝမ်ဟွေ့ လက်ကာပြလိုက်သည်။
တုပိုင်၏ ဓားမြှောင်သည် ချွေ့ဖုန်ယွမ်၏ နှလုံးသားကို ထိုးဖောက်သွားလေသည်။ တစ်ချက်တတ်သွားပြီးနောက် ချွေ့ဖုန်ယွမ် လဲကျသေဆုံးသွားတော့သည်။
သေဆုံးချိန်ထိ လီဝမ်ဟွေ့သည် တုပိုင်ကဲ့သို့ သာမန်မိန်းမစိုးတစ်ယောက်အတွက်နှင့် သူ့ကို သတ်ရဲလိမ့်မည်ဟု သူမယုံကြည်နိုင်ခဲ့ပေ။
လီဝမ်ဟွေ့သည် တုပိုင်လက်ထဲမှ ဓားမြှောင်ကို ယူလိုက်ပြီး ချွေ့ဖုန်ယွမ်၏ ခေါင်းကို ကိုယ်တိုင်ဖြတ်ကာ ဘေးနားရှိ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်တစ်ဦးကို ပေးလိုက်ပြီး ပြောသည်။
“သွား... ဒီခေါင်းတွေကို ချွေ့မိသားစုဆီ ပို့လိုက်။ ပြီးတော့ တုပိုင်က ငါ့မွေးစားသားပဲ။ နောက်တစ်ခါ ထပ်ကြံစည်ရဲရင် ချွေ့မိသားစုရဲ့ အကြီးဆုံးသားကို ငါကိုယ်တိုင် သတ်ပစ်မယ်လို့ ပြောလိုက်။”
“ဟုတ်ကဲ့ပါ အရှင်။”
စစ်သည်က ပြန်ဖြေသည်။
ယခုမှစ၍ ချွေ့မိသားစုသည် တုပိုင်ကို ထပ်မံလုပ်ကြံရဲတော့မည် မဟုတ်ပေ။ ပေးဆပ်ရမည့် တန်ကြေးက ကြီးမားလွန်းသည်။
အပိုင်း (၄၃) ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၄
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“ပြန်ကြစို့။” လီဝမ်ဟွေ့က တုပိုင်ကို ပြောလိုက်ပြီးနောက် သူတို့နှစ်ဦး အရှေ့ဘက်ကွပ်ကဲရေးရုံး အကျဉ်းထောင်မှ ထွက်ခွာလာခဲ့ကြသည်။
“မနက်ဖြန် ချစ်သူများနေ့ အတွက် အိမ်ပြန်မှာလား။” လီဝမ်ဟွေ့က မေးလိုက်သည်။
တုပိုင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
အခုနကမှ လူဒါဇင်ပေါင်းများစွာ သတ်ခဲ့ပြီဖြစ်သော်လည်း ချစ်သူများနေ့အတွက် အိမ်ပြန်မည်လောဟု လာမေးနေသည်။
“ဟုတ်ကဲ့။ ပြန်မှာပါ။” တုပိုင်က ဖြေလိုက်သည်။
လီဝမ်ဟွေ့က ပြောသည်။ “ဒါဆို ငါမင်းကို အခုပဲ အိမ်လိုက်ပို့ပေးမယ်။ ပြီးတော့ မင်းအတွက် အခြေခံ အဂ္ဂိရတ်သဘောတရားများ စာအုပ်ကိုလည်း ယူလာခဲ့တယ်။”
ထို့နောက် သူသည် တုပိုင်ကို အမှန်တကယ်ပင် အိမ်ပြန်လိုက်ပို့ခဲ့ပြီး ရထားလုံးစီးကာ မိန်းမစိုးအကယ်ဒမီသို့ ပြန်သွားလေသည်။
တုပိုင် အိမ်ထဲဝင်လိုက်သည်နှင့် မွှေးပျံ့သောရနံ့တစ်ခု ထွက်ပေါ်လာပြီး အမျိုးသမီးတစ်ယောက်က သူ့ကို ရုတ်တရက် ပွေ့ချီလိုက်သည်။
ဤအမျိုးသမီးသည် ဝူကျိုးစီရင်စုသို့ အိမ်ထောင်ကျသွားသော သူ၏ ပွင့်လင်းပြီး သွက်လက်သည့် အစ်မ တုဖိန်အာဖြစ်သည်။ သူမသည် နှစ်စဉ်နှစ်တိုင်း အကြောင်းပြချက်တစ်ခုခုရှာပြီး အိမ်ပြန်လာလေ့ရှိသည်။
“မောင်လေးရယ်။ နင့်ကို လွမ်းလိုက်တာဟာ။” တုဖိန်အာသည် သူမ၏ နဖူးနှင့် တုပိုင်၏ နဖူးကို ထိကပ်လိုက်ပြီး ခဏမျှ ပွတ်သပ်နေသည်။
ထို့နောက် တုပိုင်၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ပြီး အကြာကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။ “နင်က ဘာလို့ လူကောင်မထွားလာတာလဲ။ ဒါပေမဲ့ လှတော့လှတုန်းပဲ။ နှမြောစရာကောင်းလိုက်တာဟာ။ နင်သာ မိန်းမစိုးမဖြစ်ခဲ့ရင် ငါ နင့်ကို ယူပစ်လိုက်မှာ။”
တုပိုင်သည် တုဖိန်အာ၏ မျက်နှာကို သေချာကြည့်လိုက်သည်။ သူ၏ မှတ်ဉာဏ်ထဲရှိ ပုံရိပ်နှင့် အနည်းငယ် ကွဲပြားနေသည်။
ပထမဆုံးအနေဖြင့် သူမသည် သွေးမယ်တော်ကွမ်ရင်လောက် မလှပေ။ သူမ၏ မျက်နှာပေါ်တွင် ချစ်စရာကောင်းသော မှဲ့ခြောက်လေးများ ရှိနေသည်။
သို့သော် သူမသည် အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။ အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်အချိုးအစားသည် ရင့်ကျက်သည်။ ပြည့်ဖြိုးသည်။ တင်းရင်းပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိသည်။
ထို့အပြင် သူမ၏ စိတ်နေသဘောထားသည်လည်း ထူးခြားသည်။ သိမ်မွေ့ခြင်းနှင့် ပွင့်လင်းခြင်း နှစ်မျိုးလုံး ပေါင်းစပ်ထားသူကို တွေ့ရခဲသည်။
“နင်က အရှင်လီဝမ်ဟွေ့ရဲ့ မွေးစားသား ဖြစ်လာတယ်ဆို။ ဟုတ်လား။” တုဖိန်အာက တုပိုင်လက်ကို ကိုင်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
တုပိုင် ခေါင်းညိတ်ပြလိုက်သည်။
“ဝမ်းသာစရာပဲဟာ။ ငါတို့တစ်မိသားစုလုံး အကျိုးရှိပြီပေါ့။” ထို့နောက် တုဖိန်အာက သူ့ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။ “နင် ဘာလို့ စောစောမသိခဲ့တာလဲ ငတုံးလေးရဲ့။ ဒါဆို ငါအိမ်ထောင်ပြုစရာတောင် လိုမှာမဟုတ်ဘူး။”
တုဖိန်အာသည် ချမ်းသာကြွယ်ဝသော နန်နင်းစီရင်စုသို့ အိမ်ထောင်ကျခဲ့ရသည့် အကြောင်းအရင်းမှာ ထိုအချိန်က သူမ၏ မိသားစုသည် ဒုက္ခရောက်နေပြီး အိုးမဲ့အိမ်မဲ့ဖြစ်လုနီးပါး အခြေအနေသို့ ရောက်နေသောကြောင့်ဖြစ်သည်။
အိမ်ထောင်ကျပြီးနောက် သူမသည် ငွေကြေးအမြောက်အမြား ရရှိခဲ့ပြီး ထိုငွေများကို အသုံးပြုကာ မိဘများနှင့် တုပိုင်အတွက် အိမ်ဝယ်ပေးနိုင်ခဲ့သဖြင့် မိသားစုသည် အတော်အတန် ပြေလည်သောဘဝဖြင့် နေထိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုစကားကို ကြားသောအခါ တုပိုင် မျက်လုံးပြူးသွားပြီး မေးလိုက်သည်။ “သူ နင့်အပေါ် မကောင်းဘူးလား။”
တုပိုင်က သူမ၏ ခင်ပွန်းကို ရည်ရွယ်ပြီး မေးလိုက်ခြင်းဖြစ်သည်။
“အမယ်လေး... နင်က ငါ့ကို ချစ်လိုက်တာ။ တကယ်လို့ ငါက သူငါ့အပေါ် မကောင်းဘူးလို့ ပြောရင် နင်က ဘာလုပ်မလို့လဲ။” တုဖိန်အာက မေးလိုက်သည်။
တုပိုင်က ပြောသည်။ “သူ့ကို သတ်ပစ်မှာပေါ့။”
“ဝါး... ကြောက်စရာကြီးဟ။ ငါ တကယ် ကြောက်သွားပြီ။” တုဖိန်အာသည် ကြောက်ချင်ယောင်ဆောင်ပြီးနောက် တုပိုင်ကို ဆွဲဆိတ်လိုက်ကာ ပြောသည်။ “နောက်တာပါဟယ်။ တကယ်လို့ သူသာ ငါ့အပေါ် မကောင်းရဲရင် ငါ့ဘာသာ အဆိပ်ခတ်သတ်လိုက်မှာပေါ့။ နင်လုပ်ပေးဖို့ လိုမလား။”
သူမသည် ငယ်စဉ်ကတည်းက ဤသို့ပင်။ တုပိုင်၏ ရှေ့တွင်ဆိုလျှင် ဂနာမငြိမ်ဖြစ်ပြီး တုပိုင်ကို မကြာခဏဆိုသလို မဟုတ်ကဟုတ်က လာထိတွေ့နေတတ်သည်။
“ကဲ... ထမင်းစားကြစို့။” နို့ထိန်းက ပြောလိုက်သည်။
ထမင်းစားပွဲဝိုင်းတွင် နို့ထိန်း၏ ခင်ပွန်းဖြစ်သူ တုကျုံးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သမီးဖြစ်သူကို ကြည့်ကာ ပြုံးနေရုံသာ ပြုံးနေသည်။
တုဖိန်အာသည် သူ၏ သွေးသားရင်းမဟုတ်သော်လည်း သူ့အချစ်ဆုံး သမီးဖြစ်သည်။ တုပိုင်နှင့် ပတ်သက်လျှင်တော့ တုကျုံးသည် ချစ်ခင်မှုထက် လေးစားမှုကို ပိုခံစားရသည်။ သူ့စိတ်ထဲတွင် တုပိုင်သည် အမြဲတမ်း သူ့သခင်လေး ဖြစ်နေဆဲပင်။
“သားလေး။ များများစားနော်။” နို့ထိန်းက ကြက်ပေါင်နှစ်ချောင်းကို တုပိုင်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။
တုဖိန်အာ ချက်ချင်းပင် ညည်းတွားလိုက်သည်။ “အမေ... သမီးကမှ အမေ့သမီးအရင်းပါနော်။ ယောကျ်ားလေးဆိုပြီး ဘက်လိုက်မနေပါနဲ့။”
ထို့နောက် သူမသည် တုပိုင် ပါးစပ်နားရောက်နေသော ကြက်ပေါင်ကို လှမ်းဆွဲယူလိုက်ပြီး သူမ၏ သွားဖြူဖြူလေးများဖြင့် ကိုက်စားလိုက်သည်။ ငယ်စဉ်ကတည်းက ဤသို့ပင်။ တုပိုင်၏ ပန်းကန်လုံးထဲတွင် ကြက်ပေါင်တစ်ချောင်း ကျန်နေသေးလျှင်ပင် သူမက တုပိုင်စားနေသည့် အစားအစာကို လုစားချင်နေတတ်သည်။
နို့ထိန်းသည် ဤအခြေအနေကို ကျင့်သားရနေပြီဖြစ်သော်လည်း စိတ်ထဲတွင် ဝမ်းနည်းသွားမိသည်။ ကံကြမ္မာက တကယ့်ကို ရက်စက်လွန်းသည်။ သို့မဟုတ်ပါက ဤကလေးနှစ်ယောက် လက်ထပ်ကာ ကလေးမွေး၊ မြေးထိန်းရလျှင် သူမဘဝ မည်မျှ ပြည့်စုံလိုက် မည်နည်း။
ထမင်းစားပြီးနောက် တုဖိန်အာသည် မျက်နှာသုတ်ပဝါကို ကျွမ်းကျင်စွာ ရေညှစ်လိုက်ပြီး တုပိုင်၏ မျက်နှာကို လာသုတ်ပေးသည်။
“ငါ့ဘာသာ လုပ်ပါ့မယ်ဟာ။” တုပိုင် ရှက်ရွံ့စွာ ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင် တုဖိန်အာသည် မွှေးပျံ့သော မျက်နှာသုတ်ပဝါဖြင့် တုပိုင်၏ မျက်နှာကို အုပ်လိုက်သည်။
“အား... အား... နာတယ်ဟ။” တုပိုင် အော်ဟစ်လိုက်သည်။ “နင်က မျက်နှာသစ်ပေးနေတာလား နံရံကို ဆေးခြစ်နေတာလား။ လက်ကလည်း သန်လိုက်တာ။ လယ်သွားစိုက်ပါလားဟ။”
“ဖယ်စမ်းပါ... နင်ကသာ နုဖတ်လွန်းနေတာ။ ယောကျ်ားလေးဖြစ်ပြီး ဒီလောက်ချောနေမှတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ပစ်ချင်စရာ ကောင်းတာပေါ့။” တုဖိန်အာသည် ပို၍ပင် ဖိသုတ်လိုက်ပြီး မျက်နှာသစ်ပြီးနောက်တွင်လည်း တုပိုင်၏ မျက်နှာကို ဘယ်ပြန်ညာပြန် ဆွဲလိမ်ကာ ကစားနေသေးသည်။
မျက်နှာသစ်ပြီးနောက် သူမသည် ရေနွေးတစ်ဇလုံ အမြန်သွားယူလာပြီး တုပိုင်ကို ခြေထောက်ဆေးပေးပြန်သည်။
တုပိုင်သည် မိသားစု၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသော်လည်း ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူဖြစ်ပြီး ခြေထောက်ဆေးပေးမည့်သူ အမြဲရှိခဲ့သည်။
အစပိုင်းတွင် နို့ထိန်းက လုပ်ပေးသော်လည်း နောက်ပိုင်းတွင် နို့ထိန်းက တုဖိန်အာကို လုပ်ခိုင်းခဲ့သည်။ ဖိန်အာ ငြင်းဆန်သောအခါ နို့ထိန်း၏ ရိုက်နှက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။ ဖိန်အာသည်လည်း အရှုံးမပေးတတ်သူဖြစ်သဖြင့် တုပိုင်ကို ပြန်လည်ရိုက်နှက်လေ့ရှိသည်။
သို့သော် ကြာလာသောအခါ အကြိမ်တိုင်းတွင် တုဖိန်အာကသာ ခြေထောက်ဆေးပေးသူ ဖြစ်လာသည်။
“ဒီတစ်ခါတော့ တကယ် ငါ့ဘာသာ လုပ်မယ်။” တုပိုင်က ပြောလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း။” တုဖိန်အာက သူ့ခြေဖဝါးကို ရိုက်ချလိုက်ပြီး ပြောသည်။ “နင့်ရဲ့ ခြေထောက်နံစော်တာကို လွမ်းနေတာ ကြာပြီ။”
ဆယ်မိနစ်ခန့် ဆေးကြောပြီးနောက် ဖိန်အာသည် ခြေထောက်ကို ဘယ်ပြန်ညာပြန် ကြည့်ကာ ပြောလိုက်သည်။ “ခြေထောက်ကလည်း နုဖတ်နေတာပဲ။ မိန်းကလေးတချို့ရဲ့ ခြေထောက်ထက်တောင် ပိုလှသေးတယ်။ သန့်ရှင်းလွန်းလို့ ဖိနပ်တောင် ပေးမစီးချင်ဘူး။”
ထို့နောက် မောင်နှမနှစ်ယောက် မမောနိုင်မပန်းနိုင် စကားပြောနေကြသည်။ ဖိန်အာက အများဆုံးပြောပြီး တုပိုင်က နားထောင်နေရသည်။
အမှန်တကယ်တွင် ဖိန်အာသည် အပြင်လောကတွင် စကားသိပ်မပြောတတ်ဘဲ ရက်စက်တတ်သူဖြစ်သည်။ သို့သော် တုပိုင်၏ ရှေ့တွင်မူ စကားအလွန်များပြီး အသေးအဖွဲကိစ္စလေးများမှအစ အားလုံးပြောပြနေသည်။ ထိုအချိန်တွင် နို့ထိန်းသည် မီးရောင်အောက်တွင် တုပိုင်အတွက် အဝတ်အစားသစ်များ ချုပ်လုပ်ပေးနေသည်။ ပိုးသားစများကို ဖိန်အာက ယူလာပေးခြင်းဖြစ်သည်။
“ကဲ... ဖိန်အာ... ပေါက်ကရတွေ ပြောမနေနဲ့တော့။ နင့်မောင် အိပ်ရတော့မယ်။” နို့ထိန်းက သတိပေးလိုက်သည်။
ဖိန်အာက ပြောသည်။ “မိုးချုပ်နေပြီ။ ဒီည တုပိုင် ငါနဲ့ အတူအိပ်ရမယ်။”
တုပိုင်သည် စိတ်ထဲတွင် လူရှုပ်လူပွေတစ်ယောက် ဖြစ်သော်လည်း ဤစကားကို ကြားလိုက်ရသောအခါ မျက်နှာချက်ချင်း ရဲသွားသည်။ ဖိန်အာ၏ ပွင့်လင်းမှုက အမှန်တကယ် ကိုင်တွယ်ရ ခက်ခဲသည်။
“ဟဲဟဲ... နင် ရှက်နေတာလား။” ဖိန်အာက တုပိုင်၏ နားနားကပ်ပြီး တီးတိုးပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါအိပ်ပျော်နေတုန်း နင် ငါ့တင်ပါးကို လာကိုင်တုန်းကကျတော့ မရှက်ဘူးလား။”
ထို့နောက် သူမသည် တုပိုင်၏ ခါးကို ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်ပြီး ပျံလွှားငှက်တစ်ကောင်လို သူမ၏ အခန်းထဲသို့ ပြေးဝင်သွားသည်။
သူမသည် အိမ်ထောင်ကျပြီး နှစ်အတော်ကြာနေပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် တက်ကြွပြီး ငယ်ရွယ်နုပျိုသော မိန်းကလေးတစ်ဦး ရှိနေဆဲပင်။
တုပိုင်သည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ပြီး ကျန်ရစ်ခဲ့သည်။ ဤအမျိုးသမီးက အမှန်တကယ် ရက်စက်လွန်းသည်။ ငယ်စဉ်ကတည်းက ဤသို့ပင်။ တစ်မိနစ်ခန့် ချစ်ပြနေပြီး နောက်တစ်မိနစ်ခန့်တွင် ရိုက်နှက်လေတော့သည်။
ထိုညတွင် တုပိုင် အိပ်ပျော်သွားပြီးနောက် အိပ်မက် ထပ်မက်ပြန်သည်။ သို့သော် ယခုတစ်ကြိမ်သည် စာလေ့လာခြင်း၊ ကျင့်ကြံခြင်းတို့နှင့် မသက်ဆိုင်ဘဲ တုဖိန်အာနှင့် ကုန်ဆုံးခဲ့သော သူ၏ ငယ်ဘဝအကြောင်းများကို အိပ်မက်မက်ခြင်းဖြစ်သည်။
ဤမှတ်ဉာဏ်များသည် ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ဖြစ်သော်လည်း တုပိုင်သည် အခက်အခဲမရှိ လက်ခံနိုင်ခဲ့သည်။
ဖိန်အာဆိုသော ဤအမျိုးသမီးသည် နာရီပိုင်းအတွင်းမှာပင် သူ့ရင်ထဲသို့ ဝင်ရောက်လာပြီး သူ့မိသားစု ဖြစ်လာခဲ့သည်။ အမှန်တကယ် ချစ်ခင်ဖွယ်ကောင်းသော အမျိုးသမီးပင်ဖြစ်၏။
နောက်တစ်နေ့ မိုးမလင်းမီတွင် ဖိန်အာသည် တုပိုင်ကို ဈေးဝယ်ထွက်ရန် အိပ်ရာမှ အတင်းဆွဲထူလေသည်။ သူမသည် တစ်နေကုန် သူနှင့်အတူ လိုက်ပါခဲ့ပြီး သူ့ကို မည်မျှ စနောက်ခဲ့သည်။ မည်မျှ ဆွဲဆိတ်ခဲ့သည်ကိုပင် မရေတွက်နိုင်တော့ချေ။
ချစ်သူများနေ့ ပြီးဆုံးပြီးနောက် ဖိန်အာ ဝူကျိုးစီရင်စုသို့ ပြန်ရတော့မည်ဖြစ်သည်။
သူမသည် တုပိုင်ကို တင်းကျပ်စွာ ဖက်ထားပြီး သူ့ကိုယ်သင်းနံ့ကို ရှူရှိုက်ကာ အချိန်ကြာမြင့်စွာ နေပြီးမှ လွှတ်ပေးလိုက်သည်။ သူမသည် သူ့မျက်လုံးများကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ငါ့မောင်လေး။ ဝူကျိုးကိုလာပြီး ငါ့ကို လာတွေ့ဖို့ မမေ့နဲ့နော်။ ကြားလား။ နင် အသုံးမကျလို့ ငါအဝေးကြီးမှာ အိမ်ထောင်ပြုလိုက်ရတာ။ နင့်အပြစ်ပဲ။”
**--**--**--**--**--**--**--**
မနက်ဖြန်တွင် လီဝမ်ဟွေ့သည် ကျောင်းတော်ကြီးသုံးခု၏ သိုင်းပြိုင်ပွဲတွင် ပါဝင်ရန်အတွက် နန်ဟိုင်သိုင်းသင်တန်းကျောင်းသို့ ဦးဆောင်သွားရောက်မည်ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က မိန်းမစိုးအကယ်ဒမီတွင် ကျင်းပခဲ့ပြီး ယခုအကြိမ်သည် နန်ဟိုင်၏အလှည့်ဖြစ်ကာ နောက်တစ်ကြိမ်သည် လီကျန်းအကယ်ဒမီတွင် ကျင်းပမည်ဖြစ်သည်။
ထန်ယန် ပါဝင်လာသောကြောင့် လီဝမ်ဟွေ့သည် ဤသိုင်းပြိုင်ပွဲတွင် အနိုင်ရရန် သန္နိဋ္ဌာန်ချထားသည်။ သူသည် မရှုံးနိုင်ရုံသာမကဘဲ ကျောင်းပိုင်မြေ ၁၅၀၀ ဧကကိုပါ ပြန်လည်ရယူလိုသည်။
ကံမကောင်းစွာဖြင့် ဤပြိုင်ပွဲသည် အလွန်အရေးကြီးသည်။ ကျောင်းပိုင်မြေ ၁၅၀၀ ဧကနှင့် သက်ဆိုင်နေရုံသာမက လီဝမ်ဟွေ့၏ အနာဂတ်ကိုပါ တိုက်ရိုက် အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ မဟုတ်ပါက သူသည် တုပိုင်ကို ခေါ်သွားပြီး အတွေ့အကြုံ ရယူစေချင်ခဲ့သည်။
ထိုစဉ် အပြင်ဘက်မှ မိန်းမစိုးငယ်လေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ “ကျောင်းအုပ်ကြီး... ကွမ်တုံက မိန်းမစိုးဝမ်ဟုန် လာရောက်တွေ့ဆုံခွင့် တောင်းနေပါတယ်။”
ကွမ်တုံမိန်းမစိုးအကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဝမ်ဟုန်သည် ယခုနှစ်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။
အပြင်ပန်းတွင် အားလုံးသည် ကျောင်းအုပ်ကြီးများ ဖြစ်ကြပြီး ကွမ်တုံမိန်းမစိုးအကယ်ဒမီသည် ပို၍ပင် စည်ကားသိုက်မြိုက်သည်။
သို့သော် ဝမ်ဟုန်သည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အကြီးအကဲတာဝန်ကို ပူးတွဲထမ်းဆောင်ခြင်းမရှိသလို အသက် ၅၅ နှစ်လည်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဝါရင့်ဖြစ်သော်လည်း မိန်းမစိုးဂိုဏ်းအတွင်း သူ၏ အဆင့်အတန်းသည် လီဝမ်ဟွေ့လောက် မမြင့်မားပေ။
သို့သော် သူသည် လီဝမ်ဟွေ့ထက် အသက် ၁၀ နှစ်ကျော် ကြီးသူဖြစ်သည်။ လီဝမ်ဟွေ့သည် အပြင်ထွက်ကြိုဆိုပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
“မင်္ဂလာပါ အရှင်ဝမ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ကွမ်ကျိုးကို သွားခဲ့ပေမဲ့ အဲ့ဒီအချိန်မှာ အရှင်က နန်ကျင်းကို ရောက်နေတယ်ဆိုတော့ လွဲသွားခဲ့တာ တော်တော်နှမြောဖို့ကောင်းတယ်။ အရှင်ဝမ်ရဲ့ ကူညီမှုအတွက် ဒီနေရာကနေပြီး ထပ်မံကျေးဇူးတင်ပါရစေ။”
ကွမ်တုံမိန်းမစိုးအကယ်ဒမီက ထန်ယန်ကို ကွမ်ရှီးသို့ ပြောင်းရွှေ့ရန် စီစဉ်ပေးခဲ့ခြင်းသည် လီဝမ်ဟွေ့ကို များစွာ အကူအညီဖြစ်စေခဲ့ပြီး သူ၏ အနာဂတ်ကိုပင် ကယ်တင်ပေးခဲ့သည်ဟု ဆိုနိုင်သည်။
“ဝမ်ဟွေ့... မင်း ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ငါတို့အားလုံးက ပါတီတစ်ခုတည်းကပဲဟာ။ အချင်းချင်း ကူညီကြတာ သဘာဝပါပဲ။” ဝမ်ဟုန်သည် ထိုင်လိုက်ပြီး လက်ဖက်ရည်သောက်ရင်း ပြောသည်။ “မင်း ကွမ်ကျိုးကို လာနေတယ်ဆိုတာ သိသိချင်း ငါ အမြန်ဆုံး ကွမ်ကျိုးကို ပြန်လာခဲ့တာ။ ဒါပေမဲ့ မမှီလိုက်ဘူး။ အိမ်ပြန်ရောက်ပြီးတာနဲ့ မနားတော့ဘဲ ကွေ့လင်ကို တန်းလာခဲ့တာပဲ။”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “အရှင်ဝမ်မှာ တောင်းဆိုစရာများ ရှိပါသလား။ ကျွန်တော့်ဘက်က လုပ်ပေးနိုင်တာဆိုရင် မငြင်းပါဘူး။”
ဝမ်ဟုန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “မင်းသေချာပေါက် လုပ်ပေးနိုင်တာပေါ့။ ပြီးတော့ ဒါက မင်းအတွက်လည်း အရမ်းကောင်းတဲ့ကိစ္စပဲ။”
လီဝမ်ဟွေ့က ပြောသည်။ “ဒါဆိုရင် ပြောပြပါဦး အရှင်ဝမ်။”
ဝမ်ဟုန်က ပြောသည်။ “ထန်ယန်က တကယ့်ကို ထူးချွန်တဲ့ လူငယ်လေးပဲ။ ငါတို့ မိန်းမစိုးပါတီမှာ နှစ်တစ်ရာလောက်မှ တစ်ခါပေါ်မယ့် ပါရမီရှင်မျိုး။ ငါတို့ မိန်းမစိုးပါတီရဲ့ အနာဂတ် ပြန်လည်နိုးထလာမှုက သူ့အပေါ်မှာ မူတည်ကောင်း မူတည်နေလိမ့်မယ်။”
လီဝမ်ဟွေ့က ပြောသည်။ “ထန်ယန်က တကယ်ကို ရှားပါးတဲ့ ပါရမီရှင်ပါ။”
ဝမ်ဟုန်က ပြောသည်။ “ဒါဆိုရင် သူ့ကို မင်းရဲ့ မွေးစားဖခင် ဖြစ်ခွင့်ပြုလိုက်ပါလား။ ဘယ်လိုသဘောရလဲ။”
သူသည် ပြုံးပြီး ပြောလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် အပြုံးအရိပ်အယောင် မရှိပေ။
ထိုစကားကို ကြားသောအခါ လီဝမ်ဟွေ့၏ မျက်နှာ အနည်းငယ် တွန့်သွားသည်။
ဤသည်မှာ ရိုးရိုးရှင်းရှင်း မွေးစားဖခင်အဖြစ် အသိအမှတ်ပြုခိုင်းတာ မဟုတ်ဘဲ ထန်ယန်ကို လီဝမ်ဟွေ့၏ ဆက်ခံသူအဖြစ် သတ်မှတ်ခိုင်းခြင်းဖြစ်သည်။ ဤသည်မှာ အလွန်လေးနက်သော ကိစ္စဖြစ်သည်။
အမှန်တကယ်တွင် ထန်ယန်သည် အနာဂတ် မိန်းမစိုးဂိုဏ်းခေါင်းဆောင်အဖြစ် အများက အသိအမှတ်ပြုထားကြသော်လည်း ဂိုဏ်း၏ အထက်ပိုင်းတွင် သဘောထားကွဲလွဲမှုများ ရှိနေသည်။
ဥပမာအားဖြင့် လီဝမ်ဟွေ့ ဦးဆောင်သော အဖွဲ့သည် ထန်ယန်ကို အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့်အရေးကို သိပ်မထောက်ခံကြပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အရပ်ဘက်ဝန်ထမ်းလောကမှ လာသူဖြစ်ပြီး စစ်မှန်သော မိန်းမစိုးဂိုဏ်းဝင် မဟုတ်သောကြောင့်ဖြစ်သည်။
လီဝမ်ဟွေ့၏ မွေးစားဖခင်က ထန်ယန်သည် အနာဂတ်တွင် အတွင်းနန်းဆောင်သို့ ဝင်ရောက်နိုင်သော်လည်း အရှေ့ဘက်ကွပ်ကဲရေးရုံးနှင့် တော်ဝင်မြင်းစီးဌာနကို ဦးစီးခွင့်မရှိကြောင်းနှင့် စစ်အာဏာကို ကိုင်စွဲခွင့်မရှိကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။
လီဝမ်ဟွေ့သည် နောက်ထပ် အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲရာထူးအတွက် အလားအလာအရှိဆုံး ပြိုင်ဘက်တစ်ဦးဖြစ်သည်။ ထန်ယန်သာ လီဝမ်ဟွေ့၏ မွေးစားသား ဖြစ်လာပါက အနာဂတ်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းယူရန် အတားအဆီး ရှိတော့မည် မဟုတ်ပေ။
ဤသည်မှာ အရောင်းအဝယ်တစ်ခု ဖြစ်သလို အာဏာသိမ်းမှုတစ်ခုလည်း ဖြစ်သည်။
လီဝမ်ဟွေ့သာ သဘောတူလိုက်လျှင် တုပိုင်သည် နေရာမရှိ ဖြစ်သွားတော့မည်။ လီဝမ်ဟွေ့၏ အရင်းအမြစ်အားလုံးကို ထန်ယန်က ဆက်ခံသွားလိမ့်မည်။
အပိုင်း ၄၄ ပြီး။