အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၅
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
လီဝမ်ဟွေ့အနေဖြင့် ထန်ယန်အား မွေးစားသားအဖြစ် လက်ခံရန် သဘောမတူပါက ဤအခက်အခဲကို ကျော်လွှားနိုင်မည် မဟုတ်သလို အနာဂတ်လည်း ရှိတော့မည် မဟုတ်ပေ။
အကယ်၍ ကျောင်းတော်ကြီးသုံးခု၏ သိုင်းပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက လီဝမ်ဟွေ့သည် ချက်ချင်း ဘေးဖယ်ထုတ်မခံရလျှင်ပင် ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ၌ တစ်သက်လုံး ပိတ်မိနေမည်ဖြစ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဦးဆောင်ရန်မဆိုထားနှင့် ရာထူးတိုးရန်ပင် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ချေ။
လီဝမ်ဟွေ့သည် ရယ်မောနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး ပြောလိုက်သည်။ “အရှင်ဝမ်က ဘာလို့ ဒီအချက်ကို စောစောမပြောတာလဲ။ ဘာလို့ ဒီညမှ လာပြောနေရတာလဲ။ ငါတို့က မနက်ဖြန် နန်ဟိုင်သိုင်းသင်တန်းကျောင်းကို ထွက်ရတော့မှာ။”
ဝမ်ဟုန်က ရယ်မောလိုက်ပြီး ပြောသည်။ “မင်းရှေ့ကို ဒီညရောက်လာဖို့ ငါအမြန်လာခဲ့ရတာကွ။”
လူမိုက်ပင်လျှင် ဝမ်ဟုန်၏စကားကို ယုံမည်မဟုတ်ပေ။ သူတို့အနေဖြင့် ယခုညမှ ဤအပေးအယူကို ကမ်းလှမ်းလာခြင်းမှာ လီဝမ်ဟွေ့ကို အကြပ်ရိုက်စေရန် တမင်သက်သက် ကြိုတင်ကြံစည်ထားခြင်း ဖြစ်သည်။
မနက်ဖြန်တွင် ပြိုင်ပွဲကြီးဆီသို့ ထွက်ခွာရတော့မည်ဖြစ်ရာ လူစားထိုးရန် မဖြစ်နိုင်တော့ပေ။ လီဝမ်ဟွေ့အနေဖြင့် မလိုလားဘဲ သဘောတူလိုက်ရမလား သို့မဟုတ် အနာဂတ်ကို ဖျက်ဆီးပစ်ရမလား ရွေးချယ်ရတော့မည်။
ထို့ကြောင့် လီဝမ်ဟွေ့သည် တကယ့် သေရေးရှင်ရေး ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မည့် အခြေအနေသို့ ရောက်ရှိနေသည်။
ဤပြိုင်ပွဲတွင် ရှုံးနိမ့်ခံပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အကြီးအကဲဖြစ်လာမည့် အခွင့်အရေးကို စွန့်လွှတ်လိုက်မလား သို့မဟုတ် တုပိုင်ကို လုံးဝ စွန့်ပစ်ပြီး ထန်ယန်ကို ပျိုးထောင်မလား။
တကယ်တမ်း ဉာဏ်ကောင်းသူဆိုလျှင် တွေဝေနေစရာမလိုဘဲ သဘောတူလိုက်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ထန်ယန်သည် တုပိုင်ထက် များစွာသာလွန်ပြီး တစ်ပြည်လုံး ကျော်ကြားသူဖြစ်သည်။ တုပိုင်မှာမူ လုံးဝ အတွေ့အကြုံမရှိသေးသူဖြစ်ပြီး သူ့ကို ပျိုးထောင်ရန် ကြီးမားသော အားထုတ်မှု လိုအပ်သလို အမှားတစ်ခုလုပ်မိရုံဖြင့် အချိန်မရွေး ပျက်စီးသွားနိုင်သည်။
ထို့အပြင် ထန်ယန်သာ မွေးစားသားဖြစ်လာပါက လီဝမ်ဟွေ့၏ အနာဂတ်သည် ပိုမိုဖြောင့်ဖြူးသွားမည်ဖြစ်သည်။ သူတို့နှစ်ဦးသည် အပြန်အလှန် အထောက်အကူပြုနိုင်ပြီး ထန်ယန်သည် လီဝမ်ဟွေ့ကို ယခုကတည်းက ကြီးမားစွာ ကူညီပေးနိုင်နေပြီဖြစ်သည်။
တုပိုင်အတွက်မူ လီဝမ်ဟွေ့ကို ဘယ်အချိန်မှ ကူညီနိုင်မည်လဲ ဆိုသည်ကို မသိနိုင်သလို အနည်းဆုံးတော့ နှစ်အတော်ကြာအောင် လီဝမ်ဟွေ့၏ ကာကွယ်မှုကို လိုအပ်နေဦးမည်ဖြစ်သည်။
တုပိုင်ကို ဆရာလုပ်သင်ကြားပေးရန် သဘောတူလိုက်ခြင်းက လီဝမ်ဟွေ့အနေဖြင့် နောက်လာမည့်နှစ်များကို အစွမ်းကုန် ပေးဆပ်လိုက်ခြင်းပင် ဖြစ်သည်။
ဝမ်ဟုန်က ပြောလိုက်သည်။ “ဝမ်ဟွေ့... ဒီဆုံးဖြတ်ချက်က ချရလွယ်ပါတယ်။ ဘာလို့ ဒီလောက် အကြာကြီး စဉ်းစားနေရတာလဲ။”
အခြားသူများအတွက်ဆိုလျှင် ဤဆုံးဖြတ်ချက်သည် လွယ်ကူပြီး တွေဝေနေစရာမလိုပေ။
သို့သော် လီဝမ်ဟွေ့သည် ခေါင်းမော့လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး... ငါသဘောမတူနိုင်ဘူး။”
ထိုစကားကို ကြားသောအခါ ဝမ်ဟုန်သည် မယုံနိုင်သလို ကြည့်လိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်သည်။ “ဝမ်ဟွေ့... မင်း ရူးနေလား။ မင်းငြင်းတာက ဘာသဘောလဲဆိုတာ သိရဲ့လား။”
လီဝမ်ဟွေ့က ပြောသည်။ “ဒီပြိုင်ပွဲမှာ ရှုံးနိမ့်သွားမယ်။ ပြီးတော့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းယူနိုင်မယ့် ငါ့အခွင့်အရေးတွေ လုံးဝ ပျက်စီးသွားမယ်ဆိုတဲ့ သဘောလေ။”
“ဒါဆို ဘာလို့ မင်းက...” ဝမ်ဟုန်က ပြောသည်။
လီဝမ်ဟွေ့က ပြောလိုက်သည်။ “ငါ အရင်က ပြောဖူးသားပဲ။ ငါက ခေါင်းမာတယ်။ နောက်မဆုတ်တတ်ဘူးလို့။”
“မင်းဟာက ခေါင်းမာတာမဟုတ်ဘူး။ မိုက်မဲတာပဲကွ။” ဝမ်ဟုန်က ပြောသည်။ “နိုင်ငံရေးဆိုတာ အပေးအယူနဲ့ ညှိနှိုင်းမှုတွေပဲကွ။”
“တချို့အရာတွေက ညှိနှိုင်းလို့မရဘူး။ အရောင်းအဝယ်လုပ်လို့မရဘူး” လီဝမ်ဟွေ့က ပြောသည်။ “ငါ ဒီနေ့သာ အလျှော့ပေးလိုက်ရင် နောင်တစ်ချိန် အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲ ဖြစ်လာရင်ရော အရပ်ဘက်အရာရှိအုပ်စုနဲ့ အပေးအယူ လုပ်ရဦးမှာလား။”
“စစ်ဘက်အရာရှိအုပ်စုနဲ့ရော အပေးအယူ လုပ်ရဦးမှာလား။ အင်ပါယာရဲ့ အကျိုးစီးပွားကို ထိခိုက်စေပြီး တခြားသူတွေနဲ့ အရောင်းအဝယ် လုပ်ရဦးမှာလား။”
ဝမ်ဟုန်သည် လီဝမ်ဟွေ့ကို ကြောင်ငေးကြည့်နေပြီးနောက် စူးရှစွာ ရယ်မောလိုက်သည်။ “မင်းက မိန်းမစိုးတစ်ယောက်ပါကွ။ ဂုဏ်သတင်းကျော်ကြားမှုကို လိုလားနေတဲ့ စာပေပညာရှင် မဟုတ်ဘူး။ သိက္ခာတရားဆိုတာ မိန်းမစိုးဂိုဏ်းအတွက် ပိုလျှံနေတဲ့အရာပဲ။ အောက်ကဟာတောင် မရှိတော့မှတော့ သိက္ခာတရားက ဘာလုပ်ဖို့လဲ။”
“ငါတို့ ငယ်ငယ်က အမွေးခံလိုက်ရတာက ရွေးချယ်စရာမရှိလို့ကွ။ ဒါပေမဲ့ ငါတို့ရဲ့ ကျောရိုးပါ အထုတ်ခံလိုက်ရရင် လူဖြစ်ဖို့ မတန်တော့ဘူး။ ကျောရိုးသာမရှိရင် ငါတို့မိန်းမစိုးတွေက ထာဝရ ကျွန်တွေ၊ လက်ပါးစေတွေပဲ ဖြစ်နေမှာ။”
“အင်ပါယာရဲ့ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။” လီဝမ်ဟွေ့သည် လက်ဖက်ရည်ခွက်ကို မလိုက်ပြီး ပြောသည်။ “ငါတို့ သဘောထားချင်း မတိုက်ဆိုင်ဘူး။ ပြန်တော့။”
စကားတစ်ခွန်းမှ မဆိုတော့ဘဲ ဧည့်သည်ကို ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။
“ကောင်းပြီ... ကောင်းပြီလေ...” ဝမ်ဟုန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဒီစကားတွေကို အထက်လူကြီးတွေဆီ ငါပြန်ပြောပြလိုက်မယ်။ မင်း မကောင်းဆိုးဝါးတွေ။ သရဲတစ္ဆေတွေနဲ့ အဖော်ပြုဖို့ သင်္ချိုင်းစောင့်လုပ်ရမယ့်အချိန်ကို ငါစောင့်နေမယ်။”
လီဝမ်ဟွေ့သည် မျက်လုံးများကိုသာ မှိတ်ထားလိုက်ပြီး ထိုသူက စကားပြန်ပြောရန်ပင် တန်ဖိုးမရှိဟု သတ်မှတ်လိုက်သည်။
ဝမ်ဟုန် ထွက်သွားပြီးနောက် လီဝမ်ဟွေ့သည် သူ၏ တင်းမာမှုအားလုံးကို လျှော့ချလိုက်ပြီး သက်ပြင်းရှည်ကြီးချကာ ကုလားထိုင်ပေါ်သို့ ပင်ပန်းနွမ်းနယ်စွာ မှီချလိုက်သည်။ သူ၏ မျက်ခုံးများမှာ ပင်ပန်းမှုကြောင့် တွန့်ချိုးနေ၏။
ခဏအကြာတွင် လီဝေ ဝင်လာပြီး လီဝမ်ဟွေ့ကို စကားမပြောနိုင်ဘဲ စိုက်ကြည့်နေသည်။
“အဲ့ဒီလူတွေ ဘာလို့ နားမလည်ကြတာလဲ။ မိန်းမစိုးဂိုဏ်းသာ ကျောရိုးနဲ့ သိက္ခာတရား ပျောက်ဆုံးသွားရင် သူများတွေရဲ့ အထင်သေးတာကိုပဲ အမြဲခံနေရမှာ။” လီဝမ်ဟွေ့က ပြောသည်။ “ငါတို့က အမွေးခံထားရတဲ့ သနားစရာလူတန်းစားတွေပါ။ ဂုဏ်သိက္ခာနဲ့ လေးစားမှုကို လိုချင်ရင် တခြားလူတွေထက် ပိုကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိရမယ်။”
လီဝေက ပြောသည်။ “လူတိုင်းက ကျောင်းအုပ်ကြီးလို ရည်မှန်းချက်ကြီးပြီး ကိုယ်ကျိုးစွန့်နိုင်ကြတာမှ မဟုတ်တာ။”
တစ်ခါတလေတွင် လီဝမ်ဟွေ့သည် မိန်းမစိုးဂိုဏ်းအပေါ် တကယ်ပင် စိတ်ပျက်မိသည်။ သူတို့သည် မိန်းမဆန်လွန်းပြီး ကျောရိုးမရှိကြပေ။
လီဝမ်ဟွေ့က ရယ်မောပြီး ပြောလိုက်သည်။ “တုပိုင်ဆိုတဲ့ ကောင်လေးက ကျောင်းတော်ကြီးသုံးခုရဲ့ သိုင်းပြိုင်ပွဲကို ဝင်ချင်နေတယ် မဟုတ်လား။ သူ့ကို လွှတ်လိုက်ပြီး ပျော်ခိုင်းလိုက်စမ်းပါ။”
လီဝေက ပြောလိုက်သည်။ “ဆရာက ဒီတိုင်းပဲ။ လက်လျှော့လိုက်တော့မလို့လား။”
လီဝမ်ဟွေ့က ပြောသည်။ “အားလုံးက အချိန်အခါနဲ့ ကံကြမ္မာပါပဲ။ ငါကိုယ်တိုင် ရွေးချယ်ခဲ့တာဆိုတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။”
လီဝေက ပြောသည်။ “တုပိုင်က ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ပေမဲ့ အတွေ့အကြုံ အရမ်းနည်းသေးတယ်။ ဆရာ့ရဲ့ ကာကွယ်မှု လိုအပ်ပါသေးတယ်။”
လီဝမ်ဟွေ့က ပြောသည်။ “အနည်းဆုံးတော့ နောက်ထပ် ခြောက်လလောက် ငါအာဏာရှိနေဦးမှာပါ။ သူ့ကို အစွမ်းကုန် ပျိုးထောင်ပေးပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးထဲ ဝင်နိုင်အောင် လုပ်ပေးမယ်။ ပြီးရင်တော့ သူ့ကို လီယွီထန်ဆီမှာ မွေးစားသားအဖြစ် ခံယူခိုင်းလိုက်မယ်။ ပြီးတော့ ငါတို့အဖွဲ့က လီယွီထန် အာဏာရလာအောင် အစွမ်းကုန် ကူညီပေးကြတာပေါ့။”
လီယွီထန်သည် မြို့တော်ရှိ တော်ဝင်မြင်းစီးအုပ်ချုပ်ရေးရုံးချုပ်၏ လက်အောက်ခံဖြစ်သော ယူနန် တော်ဝင်မြင်းစီးဌာန၏ တပ်မှူးဖြစ်သည်။
အရှေ့ဘက်ကွပ်ကဲရေးရုံးသည် မိန်းမစိုးဂိုဏ်းအတွင်း အကြီးဆုံးအင်အားစုဖြစ်ပြီး တော်ဝင်မြင်းစီးအုပ်ချုပ်ရေးရုံးချုပ်သည် ဒုတိယအကြီးဆုံးဖြစ်သည်။
သို့သော် တော်ဝင်မြင်းစီးအုပ်ချုပ်ရေးရုံးချုပ်သည် လက်ရွေးစင်တပ်သား သောင်းနှင့်ချီကို ကွပ်ကဲထားသော်လည်း အမှန်တကယ်တွင် ဧကရာဇ်မင်း၏ လက်အောက်ခံသာဖြစ်ပြီး တာဝန်ခံမိန်းမစိုးချုပ်မှာ စစ်အာဏာအပြည့်အဝ မရှိပေ။
လီယွီထန်နှင့် လီဝမ်ဟွေ့သည် တစ်ဖွဲ့တည်းဖြစ်ပြီး မွေးစားဖခင်တူ ညီအစ်ကိုများလည်း ဖြစ်ကြသည်။ လီယွီထန်သည်လည်း ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရွက်တတ်သူ ဖြစ်သော်လည်း သဘောထားသေးသိမ်သည်။
လီဝမ်ဟွေ့နှင့် ပြိုင်ဆိုင်မှုတွင် ရှုံးနိမ့်ပြီးနောက် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စိတ်ဆိုးမာန်ဆိုး ထွက်ခွာသွားပြီး တော်ဝင်မြင်းစီးအုပ်ချုပ်ရေးရုံးချုပ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
အကယ်၍ လီဝမ်ဟွေ့သာ ရှုံးနိမ့်သွားပါက သူတို့အဖွဲ့အနေဖြင့် လီယွီထန်ကို ထောက်ပံ့ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သို့သော် ထိုသူ၌ စရိုက်အားနည်းချက်များ ရှိနေပြီး ရန်ကျိုးရှိ ကျန်းရော့ကျူးနှင့် အခြားသူများကို ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
လီဝေ ရယ်မောလိုက်ပြီး ပြောသည်။ “တုပိုင်က ဘယ်လိုကံကောင်းမှုမျိုး ရထားလို့ ကျောင်းအုပ်ကြီးက သူ့အပေါ် ဒီလောက်ကောင်းနေရတာလဲ မသိဘူး။”
လီဝမ်ဟွေ့က ပြောသည်။ “ငါ ပါရမီရှင်တွေကို ဘယ်လောက်တောင် ရှာဖွေချင်နေလဲဆိုတာ မင်း စဉ်းစားကြည့်လို့တောင် ရမှာမဟုတ်ဘူး။ အင်ပါယာကြီး ပြိုလဲမယ့်ဘေးကနေ ကယ်တင်နိုင်မယ့် ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်တစ်ယောက် မိန်းမစိုးဂိုဏ်းကနေ ပေါ်ထွက်လာဖို့ ငါဘယ်လောက်တောင် မျှော်လင့်နေလဲ မင်းမသိပါဘူး။”
“ဒီနှစ်တွေကို ကြည့်လိုက်စမ်း။ မြောက်ဘက်က တိုက်ပွဲဆယ်ပွဲမှာ ကိုးပွဲလောက် ရှုံးနေပြီ။ တောင်ဘက်မှာ အန်နမ်နိုင်ငံက ပြည်တွင်းစစ် ဖြစ်နေတာတောင် ပုန်ကန်မှုကို နှိမ်နင်းဖို့ အန်နမ်ဘုရင်ဆီ တောင့်တင်းတဲ့ စစ်တပ်တစ်တပ်တောင် မလွှတ်နိုင်ဘူး။”
“ကျန်းနန်နယ်စားမင်းဆိုရင် စစ်စရိတ်ရဖို့အတွက် သူ့မွေးစားသားသမီးတွေကို လွှတ်ပြီး ဓားပြတိုက်ခိုင်းနေရတယ်။ ကိုရီးယားနိုင်ငံကလည်း ပြည်တွင်းစစ်ဖြစ်ခါနီး ဆဲဆဲပဲ။ ဂျပန်ပင်လယ်ဓားပြတွေက ကိုရီးယားကို နေ့တိုင်း ကျူးကျော်နေပြီး တစ်နေ့ကျရင် ကမ်းတက်လာပြီး ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကို သိမ်းပိုက်ဖို့ စောင့်နေကြတာ။”
လီဝမ်ဟွေ့သည် ဒေါသတကြီးဖြင့် ခွက်ကို ကြမ်းပြင်ပေါ် ရိုက်ခွဲလိုက်ပြီး ပြောသည်။ “ငါတို့ကရော... အရပ်ဘက်အရာရှိအုပ်စုပဲဖြစ်ဖြစ်၊ စစ်ဘက်အရာရှိအုပ်စုပဲဖြစ်ဖြစ် ဂိုဏ်းဂဏ တိုက်ခိုက်ဖို့နဲ့ အင်ပါယာကို ဖျက်ဆီးဖို့ပဲ သိကြတယ်။ ငါတို့မိန်းမစိုးတွေကလည်း ပိုမထူးပါဘူး။”
“ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်ဖို့ပဲ တွေးနေကြတာ။ ငါတို့ရဲ့ ကောင်းကင်နိုင်ငံတော် တာ့နင်အင်ပါယာကြီးက ဘယ်လိုလုပ် ဒီအခြေအနေ ရောက်သွားရတာလဲ။”
လီဝေသည် အရပ်ဘက်ဝန်ထမ်းလောကနှင့် မရင်းနှီးသော်လည်း မြောက်ဘက်နယ်ခြားစောင့်တပ်များအကြောင်းကိုမူ ကောင်းကောင်းသိသည်။
ဗိုလ်ချုပ်များသည် သူတို့၏ ကိုယ်ပိုင်တပ်များကို လေ့ကျင့်ပေးရန် ငွေရဖို့ အသည်းအသန် ကြိုးစားနေကြရပြီး အင်ပါယာစစ်တပ်မှာမူ လစာတစ်ဝက်တောင် မရဘဲ အထက်လူကြီးများအတွက် ကျွန်သဖွယ် အလုပ်လုပ်ပေးနေရသည်။
ထို့အပြင် သိုင်းပညာ ထွန်းကားလာမှုကြောင့် ထိုစစ်ဘက်အုပ်စုများသည် စစ်တပ်အတွင်း ရာထူးတိုးမြှင့်မည့် လမ်းကြောင်းများကို လုံးဝနီးပါး လက်ဝါးကြီးအုပ်ထားကြပြီး ဧကရာဇ်မင်းပင် ဘာမှမတတ်နိုင်တော့သည့် ကြီးမားသော အကျိုးစီးပွားအုပ်စုကြီး ဖြစ်လာခဲ့သည်။
ဒေါသထွက်နေခြင်းက အသုံးမဝင်ဆုံး အလုပ်ပင်။
ခွက်ကို ရိုက်ခွဲပြီးနောက် လီဝမ်ဟွေ့သည် ထိုင်ချလိုက်ပြီး အကွဲအစများကို တစ်ခုချင်းစီ ကောက်ယူကာ သစ်သားအမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။
“ခွက်ကောင်းကောင်းလေး တစ်လုံးကွာ... တစ်ပြားတောင် တန်တာ။ ငါခွဲပစ်လိုက်မိပြီ။” လီဝမ်ဟွေ့သည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ရယ်မောလိုက်ပြီး မော့ကြည့်ကာ ပြောသည်။
“သွား... တုပိုင် ပြန်ရောက်ပြီလား သွားကြည့်ချေ။ မရောက်သေးရင် သူ့အိမ်ကိုသွားပြီး မနက်ဖြန်မနက်စောစော အကယ်ဒမီကို လာခဲ့လို့ ပြောလိုက်။ ငါတို့နဲ့အတူ နန်ဟိုင်ကိုလိုက်ပြီး ကျောင်းတော်ကြီးသုံးခုရဲ့ သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ရမယ်လို့။”
“ဟုတ်ကဲ့ပါ။” လီဝေ ပြန်ဖြေလိုက်သည်။
တကယ်တမ်းတွင် လီဝမ်ဟွေ့သည် တုပိုင်ကို ပြိုင်ပွဲအတွေ့အကြုံ ရစေချင်ရုံ သက်သက်သာဖြစ်သည်။
သူ၏ ရင်ထဲတွင် ဤပြိုင်ပွဲကြီးအတွက် လက်လျှော့ထားပြီးဖြစ်ကာ မြို့တော်မှ တရားဝင် ပြစ်တင်ရှုတ်ချမည့် စာကိုပင် စောင့်ဆိုင်းနေပြီဖြစ်သည်။
မထင်မှတ်ထားတာမျိုး မဖြစ်ခဲ့လျှင် သိုင်းပြိုင်ပွဲတွင် ရှုံးနိမ့်ပြီးနောက် သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အကြီးအကဲရာထူးမှ ထုတ်ပယ်ခံရမည်ဖြစ်ပြီး အာဏာမရှိသော အကယ်ဒမီကျောင်းအုပ်ကြီး ရာထူးသာ ကျန်ရှိတော့မည်ဖြစ်သည်။
သို့သော် လီဝမ်ဟွေ့ နောင်တမရပေ။
သူ့ကျောရိုးက တောင့်တင်းလွန်းနေသဖြင့် ကွေးညွှတ်၍ မရသလို သူ့လည်ပင်းကလည်း မာကျောလွန်းနေသဖြင့် ခေါင်းမငုံ့နိုင်ခြင်း ဖြစ်သည်။
**--**--**--**--**--**--**--**
ညဘက်တွင် လီဝေ တံခါးလာခေါက်သဖြင့် တုပိုင် လန့်နိုးသွားသည်။
“ဆရာလီ။ ဘာဖြစ်လို့လဲ။ ဘာကိစ္စရှိလို့လဲ။” တုပိုင် အလျင်စလို မေးလိုက်သည်။ သန်းခေါင်ယံကြီး လီဝေ ရောက်လာသည်ကို မြင်သောအခါ လီဝမ်ဟွေ့ တစ်ခုခုဖြစ်ပြီဟု သူ ဦးစွာ တွေးလိုက်မိသည်။
ထိုအချိန်တွင် နို့ထိန်းသည် ဖယောင်းတိုင်မီးဖြင့် အဝတ်ထိုးနေဆဲဖြစ်သည်။ လီဝေကို မြင်သောအခါ သူမ ချက်ချင်း ထရပ်လိုက်ပြီး ပြောသည်။ “အရှင်လီ။ ရောက်လာပြီလား။ ကြွပါ။ အထဲဝင်ထိုင်ပါ။ ကျွန်မ လက်ဖက်ရည် ဖျော်ပေးပါ့မယ်။”
လီဝေက ပြောသည်။ “အမကြီး။ ဒီလောက် အားနာနေစရာ မလိုပါဘူး။ ကျွန်တော် တုပိုင်နဲ့ ဆွေးနွေးစရာကိစ္စ ရှိလို့ပါ။”
နို့ထိန်းက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ “ကျွန်မသား ပြဿနာတစ်ခုခု ရှာလိုက်လို့လား။”
လီဝေက ပြောသည်။ “မဟုတ်ပါဘူး။ ကောင်းတဲ့ကိစ္စပါ။”
ထိုအခါမှ နို့ထိန်း စိတ်သက်သာရာ ရသွားတော့သည်။
“တုပိုင်။ အပြင်မှာ စကားပြောရအောင်” ဟု လီဝေက ပြောလိုက်သည်။
သူတို့နှစ်ဦးသည် တိတ်ဆိတ်ငြိမ်သက်နေသော လမ်းမပေါ်တွင် လျှောက်လှမ်းနေကြပြီး လေထုမှာ အနည်းငယ် လေးလံနေသည်။ အတော်ကြာပြီးနောက် လီဝေက ပြောလိုက်သည်။
“တုပိုင်ယာ ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့။ မနက်ဖြန် ကျောင်းအုပ်ကြီးနဲ့အတူ နန်ဟိုင်သိုင်းသင်တန်းကျောင်းကို လိုက်သွားပြီး ကျောင်းတော်ကြီးသုံးခုရဲ့ သိုင်းပြိုင်ပွဲ ဝင်နွှဲရမယ်။”
အပိုင်း (၄၅) ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင်သည် ထိုသတင်းကို ကြားကြားချင်း ဝမ်းသာသွားမိသည်။ သူသည် ကျောင်းတော်ကြီးသုံးခု၏ သိုင်းပြိုင်ပွဲတွင် ပါဝင်ရန် ဆန္ဒရှိနေသည်မှာ ကြာပြီဖြစ်သည်။
သို့သော် ချက်ချင်းပင် သူ ထိတ်လန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က လီဝမ်ဟွေ့သည် သူ့ကို မသွားရန် ပြောထားပြီး ယခုမှ ရုတ်တရက် ပြန်သွားခိုင်းနေခြင်းက တစ်ခုခု မှားယွင်းနေကြောင်း ပြသနေသည်။
“ဆရာလီ။ တစ်ခုခု ဖြစ်လို့လား။” တုပိုင် မေးလိုက်သည်။
လီဝေသည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောသည်။ “ဟုတ်တယ်။ ထန်ယန်က လမ်းတစ်ဝက်ကနေ နုတ်ထွက်သွားပြီ။”
တုပိုင်သည် အစပိုင်းတွင် ဝမ်းသာသွားသော်လည်း ချက်ချင်းပင် တုန်လှုပ်သွားပြီး ပြောလိုက်သည်။ “ဘာလို့ ဒီလိုဖြစ်ရတာလဲ။ သူတို့က တော်တော် အရှက်မရှိတာပဲ။ ဘာလို့ ဒီညကျမှ နုတ်ထွက်ရတာလဲ။”
ထန်ယန်တစ်ယောက် တောက်ပခွင့် ဆုံးရှုံးသွားခြင်းက တုပိုင်ကို ပျော်ရွှင်စေသော်လည်း ဤအခြေအနေသည် သူ၏ မွေးစားဖခင် လီဝမ်ဟွေ့ကို အကြပ်ရိုက်သွားစေသည်။ ဤသိုင်းပြိုင်ပွဲ၏ ရလဒ်သည် လီဝမ်ဟွေ့၏ အနာဂတ်နှင့် တိုက်ရိုက် သက်ဆိုင်နေသည်။
လီဝေက ပြောသည်။ “ထန်ယန်ရဲ့ နောက်ကွယ်က လူတွေက ကျောင်းအုပ်ကြီးကို အကျပ်ကိုင် ခြိမ်းခြောက်ချင်ကြတာ။ ဒါပေမဲ့ ကျောင်းအုပ်ကြီးက ခေါင်းမာပြီး နောက်မဆုတ်ချင်သလို အလျှော့လည်း မပေးချင်တော့ သူတို့နဲ့ တိုက်ရိုက် အဆက်အသွယ် ဖြတ်လိုက်တာပဲ။”
သူသည် စကားကို ဝှက်ပြောလိုက်သော်လည်း တုပိုင်သည် ပြောမပြထားသော အဓိပ္ပာယ်ကို နားလည်လိုက်သည်။
ထန်ယန်ဘက်မှ မည်သည့်အချက်ကို လီဝမ်ဟွေ့ ငြင်းပယ်ခဲ့သနည်း။ တုပိုင်သည် မိန်းမစိုးဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင် မဟုတ်သော်လည်း အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
ထန်ယန်သည် အရှိန်အဟုန်ပြင်းစွာ ကျော်ကြားလာပြီး လူတိုင်းနီးပါးက သူ့ကို မိန်းမစိုးဂိုဏ်း၏ အနာဂတ်ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်။ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီမှ အထူးချွန်ဆုံး ကျောင်းသားများပင်လျှင် သူ့ကို အားကျလျက်ရှိသည်။
သို့သော် သူသည် အရပ်ဘက်အဖွဲ့မှ ပြောင်းရွှေ့လာသူဖြစ်သောကြောင့် မိန်းမစိုးဂိုဏ်းအတွင်းရှိ အထက်လူကြီးများက သံသယအချို့ ရှိနေကြဆဲဖြစ်သည်။
လီဝမ်ဟွေ့၏ အဖွဲ့သည် မိန်းမစိုးပါတီအတွင်း အကြီးဆုံးအင်အားစုကြီး နှစ်ခုအနက် တစ်ခုဖြစ်ပြီး ရှေးရိုးစွဲဆန်သည်ဟု နာမည်ကြီးရာ ထန်ယန်၏ တက်လမ်းကို သဘောတူမည် မဟုတ်ပေ။
ထို့ကြောင့် ထန်ယန်၏ နောက်ခံလူများသည် လီဝမ်ဟွေ့ကို အလျှော့ပေးစေရန်နှင့် အနာဂတ်တွင် ထန်ယန်ကို နေရာလွှဲပြောင်းပေးရန် သဘောတူညီချက် ရယူနိုင်မည့် ရွှေရောင်အခွင့်အရေးကို အရယူလိုက်ခြင်းဖြစ်သည်။
တုပိုင်သည် ထိုထက်ပို၍ပင် တွေးတောမိသည်။ ထန်ယန်ကို လီဝမ်ဟွေ့၏ မွေးစားသားအဖြစ် ခံယူစေပြီး ဆက်ခံသူအဖြစ် သတ်မှတ်ခိုင်းခြင်း ဖြစ်နိုင်သည်။ သူသည် မွေးရာပါ ပူးပေါင်းကြံစည်မှု သီအိုရီသမားတစ်ဦးဖြစ်ရာ အမှန်တရားကို ချက်ချင်းနီးပါး ခန့်မှန်းမိလိုက်သည်။
ထို့နောက် တုပိုင်က မေးလိုက်သည်။ “ဆရာလီ။ တစ်ဖက်လူတွေက ထန်ယန်ကို ကျောင်းအုပ်ကြီးရဲ့ မွေးစားသားအဖြစ် လက်ခံခိုင်းတာလား။”
လီဝေ အံ့သြသွားပြီး ပြောလိုက်သည်။ “မြင့်မြတ်တဲ့ မိသားစုက ဆင်းသက်လာသူ ပီသပါပေတယ်။ ဉာဏ်အလင်းပွင့်ပြီးတာနဲ့ ပါးနပ်လာတာပဲ။ ဟုတ်တယ်။ တစ်ဖက်လူတွေက အဲ့ဒီအချက်ကို တောင်းဆိုခဲ့တာ။”
တုပိုင်က မေးသည်။ “ကျောင်းအုပ်ကြီးက ငြင်းလိုက်တာလား။”
လီဝေ ခေါင်းညိတ်ပြီး ပြောသည်။ “ငြင်းလိုက်တယ်။”
ရုတ်တရက် တုပိုင်၏ မျက်လုံးများ ပူနွေးလာပြီး အမြင်အာရုံများ ဝေဝါးသွားသည်။
လီဝမ်ဟွေ့က တစ်ဖက်လူကို ငြင်းပယ်လိုက်လိမ့်မည်ဟု သူ တကယ် မယုံကြည်နိုင်ခဲ့ပေ။ ထိုသို့ ငြင်းပယ်ရသည့် အကြောင်းရင်းမှာ တုပိုင်ကြောင့် ဖြစ်နိုင်ချေ အလွန်များသည်။
ဤသည်က လုံးဝ နားလည်ရခက်သော ကိစ္စဖြစ်သည်။ တုပိုင်တွင် အိပ်မက်စနစ် ရှိနေသော်လည်း လီဝမ်ဟွေ့က ထိုအကြောင်းကို မသိဘဲ သူ့ကို ရှားပါးသော ထိပ်တန်းပါရမီရှင်ဟုသာ ထင်မြင်ထားခြင်းဖြစ်သည်။
သို့သော် တုပိုင်သည် အပြည့်အဝ ကြီးထွားလာခြင်း မရှိသေးပေ။ ထိုသို့သော အခြေအနေမျိုးတွင် လီဝမ်ဟွေ့သည် သူ့အတွက်ကြောင့် ထန်ယန်၏ အဖွဲ့ကို ငြင်းပယ်ခဲ့ပြီး နောက်ဆုံးထွက်ပေါက်ကို ပိတ်ပစ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် လက်စားချေလိုစိတ် ပြင်းထန်သော တုပိုင်ပင်လျှင် ဤအချိန်၌ ရင်ထဲတွင် ဆို့နင့်နေသကဲ့သို့ ခံစားလိုက်ရသည်။
“ကျောင်းအုပ်ကြီးမှာ လီလင်းဆိုတဲ့ မွေးစားသားတစ်ယောက် ရှိတယ်လို့ ကြားဖူးတယ်။ သူက အရမ်းတော်ပြီး ကွေ့မင်းသားအိမ်တော်မှာ ဒုတိယအိမ်တော်ထိန်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်ဆို။” တုပိုင်က မေးလိုက်သည်။
သူ ဤမေးခွန်းကို ရည်ရွယ်ချက်ရှိရှိ မေးလိုက်ခြင်းဖြစ်သည်။ လီလင်းသည်လည်း လီဝမ်ဟွေ့၏ မွေးစားသားဖြစ်သည်။
လီဝမ်ဟွေ့သည် တုပိုင်အတွက်မဟုတ်ဘဲ လီလင်းအတွက်ကြောင့် ထန်ယန်ကို ငြင်းပယ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်လော။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ယောင်ဝါးဝါး မဖြစ်သင့်ပေ။
လီဝေသည် တုပိုင်နှင့် ကွေ့ဝိုက်မနေတော့ဘဲ တဲ့တိုးပင် ပြောလိုက်သည်။ “လီလင်းက အရမ်းတော်ပါတယ်။ ကျောင်းအုပ်ကြီးကလည်း သူ့ကို တန်ဖိုးထားတယ်။ ဒါပေမဲ့ သူက မိန်းမစိုးဂိုဏ်းရဲ့ အနာဂတ်ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူး။”
တုပိုင် အံ့သြစွာ မေးလိုက်သည်။ “ဘာလို့လဲ။”
လီဝေက ပြောသည်။ “မင်း ကျောင်းအုပ်ကြီးကို ကိုယ်တိုင်မေးကြည့်လေ။ ဒါမှမဟုတ် နောက်ကျရင် လီလင်းနဲ့ တွေ့တဲ့အခါ မင်းသိလာပါလိမ့်မယ်။”
အဖြေက ရှင်းနေပြီဖြစ်သည်။ လီဝမ်ဟွေ့သည် လီလင်းအတွက် လုပ်ပေးခြင်းမဟုတ်ဘဲ တုပိုင်အတွက် တကယ်လုပ်ပေးခဲ့ခြင်းလော။
သေချာသည်မှာ သူ့ဂုဏ်သိက္ခာနှင့် ဖြောင့်မတ်တည်ကြည်မှုကြောင့်လည်း ပါဝင်နိုင်သော်လည်း တုပိုင်သည် အဓိကအကြောင်းပြချက် ဖြစ်နေသည်မှာ သေချာသည်။
တုပိုင် တစ်ကိုယ်လုံး ပူထူလာပြီး လီဝမ်ဟွေ့က သူ့အတွက် ဤမျှလုပ်ပေးရလောက်အောင် သူက တန်ဖိုးရှိရဲ့လားဟုပင် သံသယဝင်လာသည်။
လီဝမ်ဟွေ့အနေဖြင့် သူ့အနာဂတ်နှင့် ရည်မှန်းချက်အားလုံးကို စွန့်လွှတ်ရမည့်အထိ သူက တန်ဖိုးရှိသည်လော။
လီဝေက ပြောသည်။ “သွား။ မင်းရဲ့ နို့ထိန်းကို နှုတ်ဆက်ပြီးတာနဲ့ အကယ်ဒမီကို ငါနဲ့ ပြန်လိုက်ခဲ့။ မနက်ဖြန် မိုးလင်းတာနဲ့ ငါတို့ နန်ဟိုင်သိုင်းသင်တန်းကျောင်းကို ခရီးထွက်ကြမယ်။”
တုပိုင်သည် နို့ထိန်းကို နှုတ်ဆက်ပြီးနောက် မြင်းပေါ်တက်ကာ အကယ်ဒမီသို့ ပြန်လိုက်လာခဲ့သည်။
**--**--**--**--**--**--**--**
လမ်းတစ်လျှောက်လုံးတွင် လီဝေပြောသော စကားများကို တုပိုင် မကြားနိုင်တော့ပေ။ သူ့ခေါင်းထဲတွင် စာကြောင်းတစ်ကြောင်းတည်းသာ ရှိနေသည်။
‘ငါ ပြိုင်ပွဲမှာ နိုင်မှဖြစ်မယ်။’ အမှတ် ၅၀ တိုးလာခြင်းက ကိစ္စသေးတစ်ခုဖြစ်ပြီး ကျောင်းပိုင်မြေ ၁၅၀၀ ဧက ပြန်ရခြင်းကလည်း ကိစ္စသေးသာဖြစ်သည်။ အဓိကအချက်မှာ လီဝမ်ဟွေ့၏ အနာဂတ်ကို ကယ်တင်ရန်နှင့် ထန်ယန်၏အဖွဲ့ကို ပါးရိုက်လိုက်သကဲ့သို့ ဖြစ်စေရန်ဖြစ်သည်။
“ငါ ပြိုင်ပွဲမှာနိုင်ပြီး ကျောင်းအုပ်ကြီး အခြေအနေကောင်းသွားအောင် ကူညီပေးရမယ်။”
“ငါ ပြိုင်ပွဲမှာနိုင်ပြီး ကျောင်းအုပ်ကြီး အခြေအနေကောင်းသွားအောင် ကူညီပေးရမယ်။”
ဤစကားလုံးများသည် တုပိုင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး တဖြည်းဖြည်းနှင့် အသံထွက်၍ ပြောမိလာသည်။ လီဝေ လှည့်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
အဆောင်သို့ ပြန်ရောက်သောအခါ လီဝေက ပြောလိုက်သည်။ “ကလေး။ ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့။ ကျောင်းအုပ်ကြီးရဲ့ သဘောထားက ရှင်းပါတယ်။”
“သူက မင်းကို အတွေ့အကြုံရစေချင်ပြီး ဗဟုသုတ တိုးစေချင်ရုံပါ။ ရလဒ်ကောင်းရဖို့ မမျှော်လင့်ထားပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းမှာ ပြင်ဆင်ချိန် တစ်ရက်တောင်မှ မရှိခဲ့တာပဲ။”
ထို့နောက် လီဝေ ဝမ်းနည်းစွာ ပြောလိုက်သည်။ “တကယ်တော့ ကျောင်းအုပ်ကြီးက ရှုံးနိမ့်ဖို့ ပြင်ဆင်ထားပြီးပြီ။ မြို့တော်ကိုပို့မယ့် ဝန်ခံချက်စာလွှာတောင် ရေးပြီးသွားပြီ။”
ထိုမျှမက လီဝမ်ဟွေ့သည် အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲရာထူးမှ နုတ်ထွက်စာကိုလည်း ရေးပြီးသားဖြစ်သည်။
ကျောင်းတော်ကြီးသုံးခု၏ သိုင်းပြိုင်ပွဲ ရလဒ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူသည် ရာထူး၌ တွယ်ကပ်နေပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲနေရာကို မစွန့်လွှတ်ချင်သူဟု အထင်မခံရစေရန် မြို့တော်သို့ ပေးပို့လိုက်မည်ဖြစ်သည်။
“ကဲ။ သွားနားတော့။” လီဝေ ပြောလိုက်သည်။
တုပိုင်ကို အဆောင်သို့ ပြန်ပို့ပြီးနောက် လီဝေသည် လီဝမ်ဟွေ့ထံ သတင်းသွားပို့သည်။
လီဝေ ရယ်မောပြီး ပြောသည်။ “အဲ့ဒီကောင်လေးက ကျွန်တော် ပြိုင်ပွဲမှာနိုင်ပြီး ကျောင်းအုပ်ကြီး အခြေအနေကောင်းသွားအောင် ကူညီပေးမယ် ဆိုတဲ့ စကားကိုပဲ တတွတ်တွတ် ရွတ်နေတယ်။”
လီဝမ်ဟွေ့သည် ရှားရှားပါးပါး သဘောကျစွာ ရယ်မောလိုက်ပြီး ပြောသည်။ “သူ့မှာ စိတ်ကူးရှိတာ ကောင်းပါတယ်။ ငါသူ့ကို အလကား အလိုလိုက်ထားတာ မဟုတ်ဘူးပဲ။”
သူသည် ထိုစကားကို အတည်မယူဘဲ တုပိုင်က ကလေးဆန်ဆန် ပြောနေသည်ဟုသာ ထင်မှတ်လိုက်သည်။
**--**--**--**--**--**--**--**
တုပိုင် ကုတင်ပေါ်တွင် လှဲနေသော်လည်း အကြာကြီး အိပ်မပျော်နိုင်ပေ။ သူသည် သိုင်းပြိုင်ပွဲတွင် အနိုင်ရချင်ပြီး လီဝမ်ဟွေ့၏ အနာဂတ်ကို ကာကွယ်ပေးချင်သည်။
သို့သော် ပြောရလွယ်သလောက် လုပ်ဖို့ခက်ခဲလှသည်။
အရင်က ပြောခဲ့သလိုပင် သူသည် ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီပညာတို့တွင် အနည်းငယ် ကျွမ်းကျင်သော်လည်း တကယ်တမ်းတွင် မိန်းကလေးများကို ပိုးပန်းရာတွင်သာ တော်ခြင်းဖြစ်သည်။ လိုင်းပေါ်တွင် လိုက်ခ်များစွာ ရနိုင်သော်လည်း ပညာရှင်များနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီဟူသော အနုပညာလေးရပ်တွင် ဂီတကိုသာ ဖော်ပြထားသည်။ ဤကမ္ဘာတွင် ကူချင်နှင့် ကူကျန်း သာ ရှိသည်။
တုပိုင်သည် ကူချင်အကြောင်း အနည်းငယ်သိပြီး သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်ခန့်ကို အတော်အတန် ကျွမ်းကျင်စွာ တီးခတ်နိုင်သော်လည်း ထိုမျှသာဖြစ်သည်။
ပြိုင်ပွဲဝင်မည်ဆိုပါက လီကျန်းအကယ်ဒမီမှ ကျော်ကြားသော ကျောင်းသားများနှင့် ယှဉ်ပြိုင်ရန်မဆိုထားနှင့် ဝါသနာရှင်အဆင့်တွင်ပင် ဆုရလိမ့်မည် မဟုတ်ပေ။
စစ်တုရင်ကစားနည်းမှာ တုပိုင်၏ ကျွမ်းကျင်မှုအဆင့်မှာ မဆိုးလှပေ။ နိုင်ချေ ရှစ်ဆယ်ရာခိုင်နှုန်းကျော် ရှိသည်။
စာရေးအလှနှင့် ပတ်သက်လျှင် တုပိုင်၏ လက်ရေးသည် အမြဲတမ်း လှပသပ်ရပ်ပြီး အထက်တန်းနှင့် တက္ကသိုလ်တွင် ဆရာများ၏ ချီးကျူးခြင်းကို ခံခဲ့ရသည်။
တစ်ခါက သူသည် ပရော်ဖက်ရှင်နယ် မဟုတ်သော်လည်း စာရေးအလှပြိုင်ပွဲတစ်ခုတွင် စိတ်အားထက်သန်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။ နောက်ဆုံးတွင် နှစ်သိမ့်ဆုသာ ရရှိခဲ့ပြီး ထိုအချိန်မှစ၍ သူသည် မည်သည့်အဆင့်တွင် ရှိသည်ကို သဘောပေါက်သွားခဲ့သည်။
ပန်းချီဆွဲခြင်းအတွက်မူ တိုပိုက်သည် အမျိုးသမီးများကို ပိုးပန်းရန်အတွက် ပုံတူပန်းချီဆွဲခြင်းတွင် အတော်အတန် ကျွမ်းကျင်လာပြီး အနောက်တိုင်း ပန်းချီကိုလည်း လေ့လာခဲ့ဖူးသည်။ သို့သော် အားလုံးသည် ဝါသနာရှင်အဆင့်သာရှိပြီး ဤပြိုင်ပွဲမှာ ရိုးရာတရုတ်ပန်းချီ ဖြစ်နေသည်။
အတိုချုပ်ပြောရလျှင် ဤကျောင်းတော်ကြီးသုံးခု၏ ပြိုင်ပွဲသည် ကျွမ်းကျင်ပညာရှင်များဖြင့် ပြည့်နှက်နေပြီး ပွင့်ပွင့်လင်းလင်း ပြောရလျှင် တုပိုင်သည် ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီ အနုပညာလေးရပ်စလုံးတွင် လုံးဝ နောက်ဆုံးမှသာ လိုက်နိုင်မည့် အခြေအနေဖြစ်သည်။
ထို့ကြောင့် လီဝမ်ဟွေ့ ပြောသလိုပင် သူသည် လူဖြည့်ရန် သက်သက်သာ ပါဝင်ရခြင်းဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ အိပ်မက်ထဲတွင် ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီပညာတို့ကို သင်ယူနိုင်မလား ဆိုသည်ကို သူ မသိပေ။ တကယ်တမ်းတွင် တုပိုင်၌ ဆရာပင် မရှိသဖြင့် အိပ်မက်ထဲ ဝင်ရောက်ခြင်းက အထောက်အကူ ဖြစ်မလာနိုင်ပေ။
“ငါ ပဲငံပြာရည် သွားဝယ်တာ (အချောင်လိုက်တာ) မဟုတ်ဘူး။ ကျောင်းအုပ်ကြီးရဲ့ ရာထူးတည်မြဲအောင် ကူညီပေးမှာ။”
တုပိုင် တတွတ်တွတ် ရွတ်နေပြီးနောက် ကုတင်ပေါ် လှဲချလိုက်ကာ အိပ်မက်ထဲ ဝင်ရောက်ရန် စောင့်ဆိုင်းနေလိုက်သည်။
**--**--**--**--**--**--**--**
ဆယ့်ငါးမိနစ်အကြာတွင် တုပိုင် အိပ်မက်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
ဤအိပ်မက်သည် ယခင်နှင့် မတူပြန်ပေ။ သူသည် သက်ကယ်တဲတစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် အဖြူရောင် ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရှိနေသည်။
ထိုအဘိုးအိုသည် လောကီနှင့်ကင်းကွာသော အငွေ့အသက်နှင့် ထူးခြားသော စိတ်နေသဘောထား ရှိသည်။ တုပိုင် ထိုသူကို မည်သူမှန်း မသိပေ။
“ဘယ်သီချင်းကို သင်ချင်သလဲ။” အဘိုးအိုက မေးလိုက်သည်။
တုပိုင်က ပြောသည်။ “ပရိသတ်အားလုံးကို လွှမ်းမိုးနိုင်ပြီး ကြားလိုက်တာနဲ့ ချက်ချင်း ပထမနေရာ ရနိုင်မယ့် သီချင်းမျိုး လိုချင်ပါတယ်။”
အဘိုးအိုက ပြောသည်။ “ဒါက ပရိသတ်က ဘယ်သူတွေလဲဆိုတဲ့အပေါ် မူတည်တယ်။ သာမန်လူတွေနဲ့ အဆင့်အတန်းမြင့်တဲ့ လူတွေရဲ့ အရသာက လုံးဝ မတူဘူး။”
တုပိုင်က ပြောသည်။ “ကျွန်တော့်ပရိသတ်တွေက ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီပညာရပ်တွေအားလုံးကို ကျွမ်းကျင်တဲ့ တကယ့်ပညာရှင်တွေ ဖြစ်တဲ့ အထက်တန်းလွှာတွေပါ။”
အဘိုးအိုက ပြောသည်။ “ဒါဆိုရင် ဂွမ်လင်းစန်းကို ရွေးကြတာပေါ့။”
တုပိုင် အလွန်ဝမ်းသာသွားသည်။ ကျီးခန်း၏ ဂွမ်လင်းစန်းသည် ရှေးခေတ်တရုတ်ပြည်တွင် နံပါတ်တစ် ဟိတ်ဟန်ထုတ်နိုင်သော သီချင်းဖြစ်သည်။
လူတွေက ထိုသီချင်းကို မိုးထိအောင် ချီးကျူးကြပြီး တင့်တယ်ခန့်ညားကာ နက်ရှိုင်းသော အနုပညာအရသာ ရှိသည်ဟု ဆိုကြသည်။ နားထောင်လိုက်ရသည်နှင့် နတ်ဘုံနတ်နန်းသို့ ရောက်သွားသလို ခံစားရသည်ဟု ဆိုကြသည်။
တုပိုင်သည် ထိုသီချင်းကို ဝိုးတဝါး ကြားဖူးသော်လည်း စွဲမက်စရာ မကျန်ခဲ့ပေ။ သူ့အဆင့်အတန်း နိမ့်လွန်းသောကြောင့် ဖြစ်မည်ဟု သူခံစားလိုက်ရသည်။ ဤသီချင်း၏ ရှုပ်ထွေးနက်နဲမှုသည် အတိုင်းအတာ တစ်ခုကို ကျော်လွန်နေသည်။
သို့သော် ဤသီချင်းက ပျောက်ဆုံးသွားပြီဟု ဆိုကြသည် မဟုတ်လော။ နောက်ပိုင်းတွင် မင်မင်းဆက်နန်းတွင်းရှိ နက်နဲဆန်းကြယ်သော ဂီတစာစောင် တွင် ပြန်လည်တွေ့ရှိခဲ့ပြီး သီချင်းစာသားအဖြစ် ပြန်လည်စီစဉ်ခဲ့သည်ဟု သိရသည်။
မည်သို့ပင်ဖြစ်စေ ဤသီချင်းကို တီးခတ်လိုက်သည်နှင့် ထိုပညာရှင်ကြီးများကို ချက်ချင်း သဘောကျသွားစေနိုင်ပြီး ကောင်းကင်ဘုံမှ လက်ရာမွန်တစ်ခုအဖြစ် အံ့အားသင့်သွားစေလိမ့်မည်။
အပိုင်း (၄၆) ပြီး။