အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၇
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
အိပ်မက်ထဲတွင် ဖြစ်သည်။
“ငါ အရင်တစ်ခေါက် တီးပြမယ်။ သေချာနားထောင်ခံစားပြီး အတွေ့အကြုံယူကြည့်” အဖြူရောင် ဝတ်ဆင်ထားသော အဘိုးအိုက ပြောလိုက်သည်။ ထို့နောက် သူသည် လက်ကို ပိုးသားဖြင့် သေချာစွာ ဆေးကြောသုတ်သင်ပြီးနောက် စိတ်ခံစားမှုရယူရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။
ခဏအကြာတွင် သူသည် နက်နဲ၍ မှန်းဆ၍မရသော ကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေပြီး ကူချင်ကို စတင်တီးခတ်လေတော့သည်။
ဂွမ်လင်းစန်းတေးသွားတစ်ပုဒ်သည် သူ၏ လက်ချောင်းများမှတစ်ဆင့် စီးဆင်းလာသည်။
အဖြူရောင်ဝတ် အဘိုးအိုသည် စိတ်ဝင်စားရုံသက်သက် မဟုတ်ဘဲ လုံးဝ နစ်မြောနေခြင်းဖြစ်သည်။
တုပိုင်သည် မျက်လုံးများကို မှိတ်ထားပြီး ဤမကြုံစဖူး ဟိတ်ဟန်ထုတ်နိုင်သော သီချင်းကို အာရုံစိုက် နားထောင်နေသည်။
ဖျော်ဖြေမှုသည် ငါးမိနစ်အကြာတွင် ပြီးဆုံးသွားသည်။
အဖြူရောင်ဝတ် အဘိုးအိုသည် ဂီတကမ္ဘာထဲမှ ရုန်းထွက်ရန် ကြိုးစားနေရသကဲ့သို့ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။
“ဘယ်လိုနေလဲ” အဘိုးအိုက မေးသည်။ “တစ်ခုခု ထိုးထွင်းသိမြင်လိုက်ပြီလား။ ဒါပေမဲ့ အတင်းအကျပ်တော့ မလုပ်ပါနဲ့။ ဒီသီချင်းရဲ့ အနုပညာခံစားမှုက အရမ်းနက်နဲတယ်။ အနှစ်သာရရဲ့ အစိတ်အပိုင်းလေး တစ်ခုလောက်ကို သဘောပေါက်ရင်တောင် လုံလောက်ပါပြီ။”
တုပိုင် အကြပ်ရိုက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤသီချင်းသည် နားထောင်လို့ မကောင်းသလို အရသာမရှိလည်းချေ။ ထို့အပြင် အထွတ်အထိပ်သို့ ရောက်သည့်အပိုင်းလည်း မပါဘဲ သိုင်းလောက ဒဏ္ဍာရီ ဇာတ်ဝင်တေးလောက်ပင် မကောင်းဘူးဟု ခံစားနေရသောကြောင့်ဖြစ်သည်။
သို့သော် သူ ထုတ်မပြောရဲပေ။ ဤသီချင်းသည် ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး ဟိတ်ဟန်ထုတ်နိုင်သော သီချင်းဖြစ်ပြီး ပညာတတ်များကို ချက်ချင်း သေစေနိုင်လောက်သည့် အစွမ်းရှိကာ ယုံကြည်ကိုးကွယ်မှုနှင့် အနုပညာခံစားမှုအဆင့်အထိ မြှင့်တင်ထားသော အရာဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် တုပိုင်သည် ယစ်မူးသွားဟန်ဆောင်လိုက်ပြီး
“သိပ်ကောင်းတာပဲ။ သိပ်ကောင်းတာပဲ” ပြောလိုက်သည်။
“ဒီကလေးက သင်ပေးလို့ ရမယ့်ပုံပဲ” အဘိုးအိုက ပြောသည်။ “ကဲ။ ဂွမ်လင်းစန်း ကို စတင်လေ့လာကြရအောင်။”
ထို့နောက် တုပိုင်သည် ဤထာဝရ ပြိုင်ဘက်ကင်း ဟိတ်ဟန်ထုတ်နိုင်သော သီချင်းကို အကြိမ်ကြိမ် လေ့ကျင့်လေတော့သည်။
ဆယ်ကြိမ်၊ အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်။ လေ့လာရင်းနှင့် တုပိုင်သည် ဦးနှောက်ဆေးခံလိုက်ရသလိုပင် ဤသီချင်းသည် အမှန်တကယ် လှပပြီး နက်နဲကျယ်ပြန့်သော အနုပညာခံစားမှု ပါဝင်ကြောင်း၊ စာပေပညာရှင်များနှင့် ပညာတတ်များ၏ နှလုံးသားကို တိုက်ရိုက်ထိတွေ့နိုင်ပြီး သူတို့၏ အတွင်းစိတ်ခံစားချက်များကို အမြင့်ဆုံး ဖော်ပြနိုင်ကြောင်း ခံစားလာရသည်။
တုပိုင် ဆုံးဖြတ်လိုက်သည်။ ယခုမှစ၍ ဂွမ်လင်းစန်း မကောင်းဘူးဟု ပြောသူရှိလျှင် သူတို့၏ နားလည်နိုင်စွမ်း အဆင့်အတန်း နိမ့်ကျသောကြောင့် ဂွမ်လင်းစန်း ကို နားထောင်ရန် မတန်ဘဲ ၁၈ ချက်ထိတွေ့ခြင်း ကိုသာ နားထောင်ထိုက်သည်ဟု တိုက်ရိုက် ဝေဖန်ပစ်မည်။
(၁၈ ချက်ထိတွေ့ခြင်းဆိုတာ အပြာသီချင်းတဲ့။ - Google)
အတိုချုပ်ပြောရလျှင် ဂွမ်လင်းစန်း သည် လှပသည်။ အံ့သြဖွယ်ကောင်းသည်။ ပြိုင်ဘက်ကင်း အနုပညာခံစားမှုကို ပိုင်ဆိုင်သည်။ မလှပဘူးဟု ပြောသူတိုင်းသည် ဂီတကိုအရသာမခံတတ်သောသော ကျောက်ခေတ်မှ ဉာဏ်ရည်နိမ့်လူရိုင်းများသာ ဖြစ်သည်။
အိပ်မက်ထဲတွင် တုပိုင်သည် ဤသီချင်းကို ဘယ်နှကြိမ် တီးခတ်ခဲ့သည်။ ဘယ်လောက်ကြာကြာ လေ့လာခဲ့သည်ကို မသိတော့ပေ။ ရက်အနည်းငယ် ကြာနိုင်သလို ထိုထက်လည်း ပိုနိုင်သည်။
ထို့အပြင် အိပ်မက်ထဲတွင် ဦးနှောက်အသုံးပြုမှုနှုန်းသည် လက်တွေ့ဘဝထက် ဆယ်ဆ ပိုများသဖြင့် ဂီတကို နားလည်နိုင်စွမ်းသည်လည်း ဆယ်ဆ မြင့်မားကာ သင်ယူမှုတိုးတက်နှုန်းသည်လည်း ဆယ်ဆကျော် ပိုမြန်သည်။
သို့သော် ဤသီချင်းတစ်ပုဒ်တည်းအတွက် သူ အကြိမ်ထောင်ချီ လေ့ကျင့်ခဲ့ရသည်။
နောက်ဆုံးတွင် သူသည် လက်ဖြင့် တီးခတ်နေခြင်းမဟုတ်ဘဲ ဝိညာဉ်ဖြင့် တီးခတ်နေကြောင်း သဘောပေါက်လာသည်။ သူ့လက်များကို လုံးဝ မခံစားရတော့ဘဲ ထုံကျင်နေပြီဖြစ်သည်။
ဘယ်လောက်ကြာအောင် လေ့လာခဲ့ရသည်။ ဘယ်နှကြိမ် တီးခတ်ခဲ့ရသည်ကို မသိတော့ပေ။ မမှတ်မိတော့ပေ။
နောက်ဆုံးတွင် အဖြူရောင်ဝတ် အဘိုးအိုက ပြောလိုက်သည်။ “ကောင်းပြီ။ ရပြီ။ မင်းက ငါ့ခြေရာတစ်ဝက်တောင် မမှီပေမဲ့ ဒါက မင်းရဲ့ အကန့်အသတ်ပဲ။ ထပ်လေ့ကျင့်နေလို့လည်း တိုးတက်လာစရာ မရှိတော့ဘူး။”
တုပိုင်သည် ထိုစကားက သူ့ကို ချီးကျူးတာလား။ ဆဲတာလား မခွဲခြားတတ်တော့ပေ။
“ဆရာ။ ကျွန်တော် ဒီသီချင်းကို တီးရင် နိုင်ပါ့မလား။” တုပိုင် သတိထားပြီး မေးလိုက်သည်။
အဘိုးအိုက ပြောသည်။ “နားထောင်တဲ့လူတွေ နားကန်းမနေသရွေ့ မင်းရဲ့ သီချင်းက ပရိသတ်အားလုံးကို သေချာပေါက် အံ့အားသင့်သွားစေလိမ့်မယ်။”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဒါဆိုရင် စိတ်ချရပါပြီ”
“ဂရုစိုက်ပါ။ ငါသွားတော့မယ်။” အဘိုးအိုသည် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး တုပိုင်၏ အိပ်မက်ထဲမှ ပျောက်ကွယ်သွားလေသည်။
တုပိုင်၏ မျက်နှာပေါ်သို့ လေအေးအေးလေး တိုက်ခတ်လာသောအခါ ရုတ်တရက် လန့်နိုးလာသည်။ အပြင်ဘက်တွင် မိုးလင်းခါနီးနေပြီဖြစ်သည်။ သူသည် ယမန်နေ့က အိပ်မက်ထဲတွင် ကိုးနာရီတိတိ ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။
**--**--**--**--**--**--**--**
တုပိုင်သည် အိပ်ရာထ။ မျက်နှာသစ်ပြီးနောက် နန်ဟိုင်သိုင်းသင်တန်းကျောင်းသို့ ထွက်ခွာရန်အတွက် အကယ်ဒမီကျောင်းရှေ့သို့ သွားရောက် စုရုံးလိုက်သည်။
ထိုအချိန်တွင် မိန်းမစိုးငယ်လေး လေးဦးသည် အကယ်ဒမီတံခါးဝ၌ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြပြီး ခြေဖျားထောက်၍ပင် အထဲသို့ ချောင်းကြည့်နေကြသည်။
သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ သူတို့ စောင့်နေသည်မှာ တုပိုင် မဟုတ်ဘဲ သူတို့၏ စံပြကြီးထန်ယန် ဖြစ်သည်။
လေးစားအားကျမှုကြောင့် တစ်ကြောင်း။ ထန်ယန်သည် မိန်းမစိုးဂိုဏ်း၏ အနာဂတ်ခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားသောကြောင့် ကြိုတင်မျက်နှာလိုမျက်နှာရ လုပ်လိုသည်က တစ်ကြောင်းဖြစ်သည်။
အရေးကြီးဆုံးမှာ ထန်ယန် ပါဝင်လာပါက ဤကျောင်းတော်ကြီးသုံးခု၏ ပြိုင်ပွဲတွင် သေချာပေါက် အနိုင်ရမည်ဟု သူတို့ ခံစားမိသောကြောင့်ဖြစ်သည်။
သူတို့သည် ထန်ယန်နှင့်အတူ သမိုင်းတွင်နိုင်ပြီး ဇာတ်ပို့နေရာမှ ပါဝင်ရလျှင်ပင် ဂုဏ်ယူစရာဟု ခံစားရမည်ဖြစ်သည်။ ပါရမီရှင်တစ်ဦးနှင့်အတူ ယှဉ်တွဲတိုက်ပွဲဝင်ရခြင်းသည် သေချာပေါက် စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။
သို့သော် ထန်ယန်အစား တုပိုင် ထွက်လာသည်ကိုသာ သူတို့ တွေ့လိုက်ရသည်။
“တုပိုင်။” မိန်းမစိုးတစ်ဦးက ပြောလိုက်သည်။ “မင်း ဒီမှာ ဘာလာလုပ်တာလဲ။ ဒါ မင်းလာရမယ့်နေရာ မဟုတ်ဘူး။”
ဤမိန်းမစိုး လေးဦးသည် လွန်ခဲ့သော ငါးနှစ်ကတည်းက ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီပညာတို့တွင် အထူးချွန်ဆုံးဖြစ်သဖြင့် ရွေးချယ်ခံထားရသူများဖြစ်သည်။
ထို့အပြင် လွန်ခဲ့သော ငါးနှစ်အတွင်း သူတို့သည် အခြားဘာမှ လုပ်စရာမလိုဘဲ ဤအနုပညာရပ်များကိုသာ အာရုံစိုက် လေ့လာခဲ့ရသည်။
ဘွဲ့ရသောအခါ ခေတ်သစ်တက္ကသိုလ်များမှ အထူးစကောလားရှစ်ရ ကျောင်းသားများကဲ့သို့ပင် ကောင်းမွန်သော အလုပ်အကိုင် ရရှိမည်ဖြစ်သည်။
ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီလောကထဲတွင် အကြာကြီး နေထိုင်ခဲ့ရသောကြောင့် ဖြစ်မည်။ သူတို့သည် မိမိကိုယ်ကို ပညာတတ်များ၊ ယဉ်ကျေးသူများအဖြစ် သတ်မှတ်လာကြပြီး အခြားသော မိန်းမစိုးကျောင်းသားများကို အထင်သေးလာကြသည်။
တုပိုင်သည် လေးနှစ်ခွဲလုံး နောက်ဆုံးအဆင့်သာ ရခဲ့သော အညံ့ဆုံးကျောင်းသား ဖြစ်သဖြင့် သူတို့ ပို၍ပင် အထင်သေးကြသည်။
တုပိုင်သည် သူတို့ကို ပျင်းရိစွာ ကြည့်လိုက်ပြီး ပြောသည်။ “ငါက ကျောင်းတော်ကြီးသုံးခုရဲ့ ပြိုင်ပွဲမှာ မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်မလို့။”
“မဖြစ်နိုင်တာ။” ခေါင်းဆောင်မိန်းမစိုးက ပြောလိုက်သည်။ “ငါတို့ရဲ့ အသင်းဖော်က ထန်ယန်လေ။ မင်းမှ မဟုတ်တာ။ မင်း စာလုံး ဘယ်နှလုံးလောက် သိလို့လဲ။ ကူချင်မှာ ကြိုးဘယ်နှချောင်းပါလဲ မင်းသိလား။ စစ်တုရင်ကစားကွက်မှာ အကွက်ဘယ်နှကွက် ရှိလဲတောင် မင်းသိလို့လား။”
“ဟုတ်တယ်။ ရယ်စရာကောင်းလိုက်တာ။” အခြားမိန်းမစိုးတစ်ဦးက ပြောသည်။ “မင်းက အနုပညာကို တစ်ရက်မှတောင် မလေ့လာဖူးဘဲနဲ့ ပြိုင်ပွဲကြီးမှာ မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကိုယ်စားပြု ပါဝင်မယ်လို့ ပြောရဲတယ်ပေါ့။”
ဤမိန်းမစိုး လေးဦးကြားတွင် ပဋိပက္ခများ ရှိသော်လည်း အခြားသူများနှင့် ဆက်ဆံရာတွင်မူ အလွန်ညီညွတ်ကြသည်။
လွန်ခဲ့သော လေးနှစ်အတွင်း သူတို့ သင်ယူခဲ့သော ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီပညာတို့သည် အလွန်မြင့်မြတ်ပြီး တုပိုင်ကဲ့သို့ လူမျိုး လာရောက်စော်ကားသည်ကို သည်းမခံနိုင်ကြပေ။
သူတို့ တုပိုင်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် အဝေးမှ အဖြူရောင်ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် လူငယ်တစ်ဦး ထွက်ပေါ်လာသည်။
သူကတော့ သေချာပေါက် ထန်ယန်ပင်ဖြစ်သည်။
ပြိုင်ပွဲဝင်မည့် ပညာရှင်မိန်းမစိုး လေးဦးသည် တုပိုင်ကို ဂရုမစိုက်တော့ဘဲ ထန်ယန်ဆီသို့ အပြေးအလွှား သွားရောက်ကြိုဆိုကြသည်။
“မင်္ဂလာပါ စီနီယာအစ်ကိုထန်ယန်။”
“ပြည်နယ်စာမေးပွဲ ပထမဆုရှင် ထန်ယန်ကို ဂါရဝပြုပါတယ်။”
“မင်္ဂလာပါ အရှင်ထန်။”
“မင်္ဂလာပါ ဆရာထန်။”
‘မိန်းမစိုးဂိုဏ်းဝင်များ ပီသပါပေတယ်။ တစ်ယောက်စီတိုင်း ဖားတတ်လိုက်ကြတာ လွန်ပါရော။’ တုပိုင် အထင်တသေးတွေးတောလိုက်၏။
ထန်ယန်သည် မာန်တက်သော်လည်း ဖော်ရွေသော အမူအရာဖြင့် သူတို့ လေးဦးကို ခေါင်းညိတ်ပြလိုက်ရာ မိန်းမစိုး လေးဦးမှာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာများပင် ရဲလာကြသည်။
ထန်ယန်၏ မွေးရာပါ မြင့်မြတ်သော အရှိန်အဝါကို မြင်သောအခါ တုပိုင် သရော်လိုက်မိသည်။ “မင်းပုံစံနဲ့က မြင့်မြတ်တဲ့ မိသားစုက သခင်လေးတစ်ယောက် အတိုင်းပဲ။ ဘယ်လိုလုပ် မိန်းမစိုးဂိုဏ်းဝင်နဲ့ တူမှာလဲ။ မိန်းမစိုးနဲ့ မတူတဲ့ မိန်းမစိုးတစ်ယောက်က မိန်းမစိုးဂိုဏ်းရဲ့ အနာဂတ်ခေါင်းဆောင် ဖြစ်ချင်နေတာလား။”
“စီနီယာအစ်ကိုထန်။ ဒီက တုပိုင်ဆိုတဲ့ကောင်က ပြိုင်ပွဲကြီးမှာ အစ်ကို့အစား ဝင်ပြိုင်မယ်လို့ ပြောနေတယ်။ ရယ်စရာကောင်းလိုက်တာ။” ပညာရှင်မိန်းမစိုးတစ်ဦးက မနေနိုင်ဘဲ တိုင်တောလိုက်သည်။ ရယ်စရာပြက်လုံးတစ်ခု ပြောပြသကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။
လူတိုင်း အံ့အားသင့်သွားအောင်ပင် ထန်ယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “မှန်ပါတယ်။ ငါ နုတ်ထွက်လိုက်ပြီ။ ဒီလူပြောတာက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”
တစ်ယောက်ယောက်က တုပိုင်၏ နာမည်ကို ထည့်ပြောခဲ့သော်လည်း ထန်ယန် မမှတ်မိပေ။ သူ့မျက်လုံးထဲတွင် တုပိုင်သည် လမ်းသွားလမ်းလာ တစ်ယောက်ကဲ့သို့သာ ဖြစ်သည်။
“ဟုတ်တယ်။ တုပိုင်။” ထန်ယန်က ပြောသည်။ “ကျောင်းတော်ကြီးသုံးခုရဲ့ ပြိုင်ပွဲမှာ ငါ့အစား ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်ရမှာ ဒီတုပိုင် ဖြစ်လောက်တယ်။”
“ဘာ။” ပညာရှင်မိန်းမစိုး လေးဦး ဒေါသထွက်သွားပြီး တုပိုင်ကို ထိုနေရာ၌ပင် ထိုးကြိတ်ချင်စိတ် ပေါက်သွားကြသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တုပိုင်က ဘာကောင်မို့လို့လဲ။ သူက အသုံးမကျတဲ့ လူညစ်ပတ်တစ်ယောက်ပဲ။ ငါတို့နဲ့အတူတူ ပါဝင်ခွင့်ရဖို့ သူက ဘာအရည်အချင်း ရှိလို့လဲ။ မိန်းမစိုးအကယ်ဒမီ ကိုယ်စားပြုအနေနဲ့ တိုက်ပွဲဝင်ဖို့ သူက ဘာအရည်အချင်း ရှိလို့လဲ။” ခေါင်းဆောင်မိန်းမစိုးက ပြောသည်။ “သူ့ကို လွှတ်လိုက်ရင် အကယ်ဒမီအတွက် အရှက်ရစရာပဲ ဖြစ်လာမှာ။ မဖြစ်ဘူး။ ငါတို့ ကျောင်းအုပ်ကြီးကို သွားပြောပြီး အမိန့်ပြန်ရုပ်သိမ်းခိုင်းရမယ်။”
“ဟုတ်တယ်။ ဒါက ယဉ်ကျေးမှုကို စော်ကားတာပဲ။ ငါတို့မှာ ပညာရှင်တွေရဲ့ ဂုဏ်သိက္ခာ ရှိသင့်တယ်။ ဒီရယ်စရာကောင်းတဲ့ အမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့ အထက်လူကြီးတွေကို တောင်းဆိုရမယ်။”
ထိုအချိန်တွင် ထူးခြားသော ခြေသံများ ထွက်ပေါ်လာပြီး ခန့်ညားထည်ဝါသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လီဝမ်ဟွေ့ ရောက်ရှိလာကာ တည်ငြိမ်စွာ မေးလိုက်သည်။ “ဘယ်သူက ငါ့ကိုတွေ့ပြီး အမိန့်ပြန်ရုပ်သိမ်းခိုင်းချင်တာလဲ။”
ချက်ချင်းပင် ပညာရှင်မိန်းမစိုး လေးဦး မြေကြီးပေါ် ဒူးထောက်ကျသွားပြီး တုန်လှုပ်နေကြသည်။ လီဝမ်ဟွေ့ကို အမိန့်ပြန်ရုပ်သိမ်းခိုင်းဖို့ မဆိုထားနှင့် ခေါင်းပင်မမော့ရဲကြပေ။
လီဝမ်ဟွေ့သည် ထို လေးဦးကို ပြောမပြတတ်အောင် စိတ်ပျက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် သူတို့ကို ပျိုးထောင်ပေးရန် နှလုံးသားနှင့် ဝိညာဉ်ကို ပုံအောခဲ့သော်လည်း သူတို့ ပညာတတ်မြောက်ခြင်း ရှိမရှိက တခြားကိစ္စ၊ အဓိကပြဿနာမှာ သူတို့၏ စိတ်ပျက်စရာကောင်းသော စိတ်နေသဘောထားပင် ဖြစ်သည်။
‘မင်းတို့က မိန်းမစိုးဂိုဏ်းဝင်တွေ၊ ဘယ်တော့မှ ပြောင်းလဲလို့မရတဲ့ အမှန်တရားပဲ။ ဒါကို စာအုပ်နည်းနည်းဖတ်၊ ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီပညာ နည်းနည်းတတ်တာနဲ့ မိန်းမစိုးဂိုဏ်းကို အထင်သေးပြီး ကိုယ့်ကိုယ်ကိုယ် ပညာရှင်တွေလို့ ထင်နေကြတယ်။ တကယ့်ကို အရှက်မရှိ ရယ်စရာကောင်းလိုက်တာ။’
‘တိုက်ပွဲမစခင် ကိုယ့်ရဲဘော်ရဲဘက်ကို အထင်သေးပြီး ရန်သူကို သွားလေးစားနေတာက သစ္စာဖောက်တာနဲ့ ဘာမှမထူးဘူး။’
လီဝမ်ဟွေ့သည် ထန်ယန်ကို ကြည့်လိုက်ရာ ထန်ယန်မှာ ခံစားချက်ကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ပြသခဲ့သော လေးစားမှုနှင့် လုံးဝ ကွာခြားနေသည်။ ထန်ယန်သည် အလွန်ရိုးရှင်းပြတ်သားသူ ဖြစ်သည်။ မကြိုက်လျှင် မကြိုက်ပေ။ ဘယ်တော့မှ ဟန်ဆောင်ပြီး ယဥ်ကျေးပြနေမည် မဟုတ်ပေ။
“တုပိုင်။ မင်းရဲ့ အသင်းဖော် ၄ ယောက်အပေါ် ဘယ်လိုမြင်လဲ။” လီဝမ်ဟွေ့က မေးလိုက်သည်။
တုပိုင်က ပြောသည်။ “အတွေးအခေါ်သာ မှားယွင်းနေပြီး အခြေခံမူဝါဒတွေ မရှိရင် စာများများဖတ်လေ ပိုပြီး ဖောက်ပြန်လေပါပဲ။”
“ကောင်းမွန်တဲ့ စကားပဲ။ ပါးနပ်တဲ့ကလေး။” လီဝမ်ဟွေ့က ပြောသည်။
ထိုအချိန်တွင် ထန်ယန်သည် တုပိုင်ကို တစ်ချက်ကြည့်လိုက်သော်လည်း တစ်ခဏမျှသာ ဖြစ်သည်။
“ကျောင်းသားထန်ယန်။ ကျောင်းအုပ်ကြီးလီကို ဂါရဝပြုပါတယ်။” ထန်ယန် ရှေ့တိုးလာပြီး ဦးညွှတ်လိုက်သည်။
လီဝမ်ဟွေ့က သူ့ကို မွေးစားသားအဖြစ် လက်ခံရန် ငြင်းပယ်လိုက်ပြီဖြစ်ရာ ထန်ယန်သည် ကွမ်ရှီးမိန်းမစိုးအကယ်ဒမီသို့ ပြောင်းရွှေ့ရန် မလိုအပ်တော့သလို လီဝမ်ဟွေ့၏ ကျောင်းသားလည်း မဟုတ်တော့ပေ။
“ဘာလို့ ပြန်မသွားသေးတာလဲ။” လီဝမ်ဟွေ့က ပြောသည်။ “ကွမ်ကျိုးနဲ့ တော်တော်ဝေးတယ်။ စောစောပြန်သင့်တယ်။”
လီဝမ်ဟွေ့၏ သဘောထားမှာ အလွန်အေးစက်နေပြီး တိုက်ရိုက်ပင် နှင်ထုတ်လိုက်ခြင်းဖြစ်သည်။
ထန်ယန်က ပြောသည်။ “ကျောင်းတော်ကြီးသုံးခုရဲ့ ပြိုင်ပွဲက အင်မတန် ခမ်းနားတဲ့ ပွဲတော်ကြီးပဲ။ ကျွန်တော်လည်း ကြည့်ချင်ပါသေးတယ်။”
“အင်း။” လီဝမ်ဟွေ့ ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ ခမ်းနားထည်ဝါသော ရထားလုံးပေါ်သို့ တက်ကာ ပြောလိုက်သည်။ “သွားမယ်”
ပညာရှင်မိန်းမစိုး လေးဦးသည် မြေကြီးပေါ်မှ ထလာပြီး ရထားလုံးကြီးပေါ်သို့ တက်လိုက်ကြသည်။ တုပိုင်က နောက်မှ လိုက်ပါလာသည်။
သူတို့ လေးဦးက တစ်ဖက်၊ တုပိုင်က တစ်ယောက်တည်း တစ်ဖက်၊ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ အုပ်စုကွဲနေမှုနှင့် ဖယ်ကြဉ်လိုစိတ်မှာ သိသာထင်ရှားလှသည်။
ထန်ယန်မှာမူ ကျော့ရှင်းတင့်တယ်သော ကိုယ်နေဟန်ထားဖြင့် တန်ဖိုးကြီး မြင်းတစ်ကောင်ကို စီးနင်းလိုက်ပါလာသည်။
“ခရီးစမယ်။”
အမိန့်သံ ပေးလိုက်သည်နှင့်အမျှ လူအုပ်ကြီးသည် နန်နင်းစီရင်စုရှိ နန်ဟိုင်သိုင်းသင်တန်းကျောင်းဆီသို့ စတင်ထွက်ခွာကြလေတော့သည်။
အပိုင်း (၄၇) ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ရထားလုံးထဲတွင် အနေရခက်သော တိတ်ဆိတ်မှုတစ်ခု လွှမ်းခြုံထားလေသည်။
“ပြိုင်ပွဲကြီးရောက်ရင် မင်း ပါးစပ်ပိတ်နေ။ ဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ ဘာတစ်ခုမှ မင်းဝင်မပြိုင်နဲ့။ ငါတို့ အကယ်ဒမီကို အရှက်မခွဲနဲ့။ နားလည်လား။”
ပညာရှင်မိန်းမစိုးတစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ တုပိုင်က သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါက ကျောင်းအုပ်ကြီးရဲ့လူကွ။ မင်းက ငါ့ကို ဒီလိုပုံစံနဲ့ ပြောရဲတယ်ပေါ့။”
ထိုစကားကို ကြားလိုက်ရသောအခါ တစ်ဖက်လူ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေသည်။
ယခင်က တုပိုင်သည် ကျောင်းအုပ်ကြီးကို မြှားဒဏ်မှ ကာကွယ်ပေးရန် သူ့အသက်ကို စွန့်စားခဲ့သော်လည်း ထိုကိစ္စပြီးနောက် ကျောင်းအုပ်ကြီးက မည်သည့် သံယောဇဉ်မျှ မပြသခဲ့ပေ။
ထို့ကြောင့် တုပိုင်၏ ကံကြမ္မာ ပြောင်းလဲမည်မဟုတ်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ယနေ့တွင် ကျောင်းအုပ်ကြီးက ထန်ယန်အစား တုပိုင်ကို အစားထိုးလိုက်ခြင်းက တုပိုင်ပြောသည့်စကား မှန်ကန်ကြောင်း သက်သေပြနေသည်။
ချက်ချင်းပင် တုပိုင်ကို ဆူပူကြိမ်းမောင်းနေသော ပညာရှင်မိန်းမစိုးသည် မျက်နှာထားပြောင်းကာ ဖားယားသော အပြုံးဖြင့် တုပိုင်ကို ဦးညွတ်ရန် ပြင်လိုက်သည်။
မျက်နှာပြောင်းခြင်းသည် မိန်းမစိုးဂိုဏ်းအတွက် ထမင်းစားရေသောက်ကိစ္စဖြစ်သည်။ အကယ်၍ မျက်နှာလိုချင်နေသေးလျှင် မိန်းမစိုး မလုပ်သင့်ပေ။
သို့သော် ခေါင်းဆောင် ပညာရှင်မိန်းမစိုးက သူ့ကို တားဆီးလိုက်ပြီး ပြောလိုက်သည်။
“ငါတို့ ပညာရှင်တွေမှာ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိတယ်။ ဘယ်လိုလုပ် အာဏာရှိတဲ့သူကို ဖားရမှာလဲ။”
ဤစကားများသည် တရားမျှတပြီး ခံ့ညားထည်ဝါပုံ ပေါက်သော်လည်း အစောက လီဝမ်ဟွေ့ရှေ့တွင်ကျတော့ ဘာကြောင့် စကားတစ်ခွန်းမှ မဟရဲခဲ့သနည်း။
အမှန်တကယ်တော့ ဤပညာရှင်မိန်းမစိုးသည် ကောက်ကျစ်သူဖြစ်သည်။ ထန်ယန်သာမပါလျှင် တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲတွင် သူတို့ ရှုံးနိမ့်မည်မှာ သေချာသည်။
သူတို့ ရှုံးနိမ့်ပါက လီဝမ်ဟွေ့၏ အနာဂတ်လည်း ပျက်စီးသွားပေလိမ့်မည်။ အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ရာထူးသာမက အကယ်ဒမီကျောင်းအုပ်ရာထူးပါ ဆုံးရှုံးရမည်ဖြစ်သည်။ ဤသည်မှာ မိန်းမစိုးဂိုဏ်းအတွက် အာဏာနှင့် ဂုဏ်သိက္ခာ လုံးဝဆုံးရှုံးခြင်းပင် ဖြစ်သည်။
ယခင် ကျောင်းအုပ်ဟောင်းသည် ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သဖြင့် ကျောင်းပိုင်မြေ တစ်ထောင့်ငါးရာဧက အသိမ်းခံခဲ့ရပြီး တော်ဝင်သင်္ချိုင်းဂူကို စောင့်ရှောက်ရန် အပြစ်ပေးခံခဲ့ရဖူးသည်။
ထို့ကြောင့် လီဝမ်ဟွေ့ ကျဆုံးတော့မည်ဟု ခံစားရသော သူတို့သည် အခြားအားကိုးစရာ မဟာမိတ်တစ်ခုကို ရှာဖွေရန် လိုအပ်လာပြီး ထိုသူမှာ ထန်ယန် ဖြစ်သည်။
ထန်ယန်သည်သာ အောင်မြင်မှုဆီသို့ ဦးဆောင်နိုင်မည့် လမ်းစစ်လမ်းမှန်ဟု သူတို့ ယုံကြည်ကြသည်။
“ထန်ယန်မပါရင် ငါတို့ ရှုံးမှာသေချာတယ်။ ပြီးရင် ကျန်နေတဲ့ လယ်မြေ လေးထောင်ဧကကိုပါ ဆုံးရှုံးရလိမ့်မယ်။” ခေါင်းဆောင် ပညာရှင်မိန်းမစိုးက ပြောလိုက်သည်။
“ကျောင်းအုပ်ကြီးက ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတာ ငါတကယ် နားမလည်နိုင်ဘူး။ နန်နင်းစီရင်စုရောက်ရင် ငါတို့ ကျောင်းအုပ်ကြီးကို သွားတောင်းပန်ပြီး အမိန့်ပြန်ရုပ်သိမ်းခိုင်းရအောင်။ ပြီးရင် လီကျန်းအကယ်ဒမီနဲ့ နန်ဟိုင်သိုင်းသင်တန်းကျောင်းကို ယှဉ်ပြိုင်ဖို့ ထန်ယန်ကို ဦးဆောင်ခိုင်းဖို့ ပြောကြမယ်။”
ဤလူများသည် ကိုယ်ကျိုးစီးပွားအတွက် အလွန်ရဲတင်းကြသည်ဟု ပြောရမည်။ ထန်ယန်ကို မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် ကြီးမားသော စွန့်စားမှုကို ပြုလုပ်ရန် ဝန်မလေးကြပေ။
နန်နင်းစီရင်စုသည် ကွေ့လင်မှ လီကိုးရာခန့် ကွာဝေးသည်။ ရှည်လျားပြီး ပင်ပန်းခက်ခဲသော ခရီးလမ်းကို ဖြတ်သန်းပြီးနောက် သုံးရက်အကြာတွင် နန်နင်းစီရင်စုသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့သည်။
နန်နင်းစီရင်စုသည် ပြည်နယ်မြို့တော် မဟုတ်သော်လည်း အရွယ်အစားနှင့် စည်ကားသိုက်မြိုက်မှုသည် ကွေ့လင်စီရင်စုထက် မနိမ့်ကျပေ။
ကွမ်ရှီးပြည်နယ်တွင် ဒေသခံခေါင်းဆောင်များ များပြားပြီး ပုန်ကန်မှုများစွာ ဖြစ်ပွားခဲ့ဖူးသောကြောင့် ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံးကို နန်နင်းတွင် ကာလတစ်ခုကြာ ထားရှိခဲ့ဖူးသည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကမှ ကွမ်ကျိုးစီရင်စုသို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။
နန်နင်းမြို့၏ အနောက်ဘက်တွင် တည်ရှိသော နန်ဟိုင်သိုင်းသင်တန်းကျောင်းသည် ဧကသောင်းချီ ကျယ်ဝန်းသော ခြံဝင်းကြီးဖြစ်ပြီး မြင်းခြံများ၊ စစ်တန်းလျားများ၊ လက်နက်စက်ရုံများနှင့် အခြားအရာများ ပြည့်စုံစွာ ပါရှိသည်။
သိုင်းသင်တန်းကျောင်းဟု ခေါ်သော်လည်း လက်တွေ့တွင် စစ်ရေးပညာကို အဓိကထားသော ရှေးဟောင်း စစ်တက္ကသိုလ်တစ်ခု ဖြစ်သည်။
ကွမ်ရှီးဒေသသည် ကြမ်းတမ်းခက်ထန်သော လူများကြောင့် ကျော်ကြားပြီး နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ လေ့ကျင့်ပေးလိုက်သော တပည့်များသည် အမြဲတမ်း ထူးချွန်ကြကာ တော်ဝင်တပ်မတော်အတွက် အရည်အချင်းရှိသူ အများအပြားကို မွေးထုတ်ပေးလျက်ရှိသည်။
သူတို့၏ စွမ်းရည်သည် ပတ်ဝန်းကျင် ပြည်နယ်များမှ သိုင်းအကယ်ဒမီများကို လုံးဝ လွှမ်းမိုးထားနိုင်ပြီး အခြားပြည်နယ်များမှ စစ်ဘက်ဆိုင်ရာ မိသားစုများစွာကပင် သူတို့၏ သားများကို နန်ဟိုင်သိုင်းသင်တန်းကျောင်းသို့ စေလွှတ်လေ့ရှိသည်။
နန်ဟိုင်သိုင်းသင်တန်းကျောင်းသည် ကွမ်ရှီးပြည်နယ်တစ်ခုလုံး၏ ဂုဏ်ယူစရာဖြစ်ပြီး မည်သူမျှ မထိပါးရဲသော အင်အားကြီး အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
နေဝင်ရီတရောအချိန်တွင် လီဝမ်ဟွေ့နှင့် သူ့အဖွဲ့သည် နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ တံခါးမကြီးသို့ ရောက်ရှိလာကြရာ ကျောင်းဒုတိယအုပ်ချုပ်သူ ကျူးပြောင်းက ကြိုဆိုလေသည်။
“တောင်းပန်ပါတယ် အရှင်လီဝမ်ဟွေ့။ ကျွန်တော်တို့ ဆရာကြီးက လီကျန်းအကယ်ဒမီက ကျောင်းအုပ်ကြီး အော်ယန်ထန်ကို သွားကြိုနေလို့ ကျွန်တော်ပဲ ကိုယ်စား လာကြိုတာပါ။ ပေါ့ဆတယ်လို့ သဘောမထားဖို့ မျှော်လင့်ပါတယ်။” ကျူးပြောင်းက အတင်းညှစ်ပြုံးရင်း ပြောလိုက်သည်။
သူသည် တစ်ချိန်က မြောက်ပိုင်းတပ်မတော်၏ ဒုတိယစစ်ကွပ်ကဲရေးမှူး ဖြစ်ခဲ့ဖူးသည်။ တိုက်ပွဲတစ်ခုတွင် ကျောဘက်၌ ဒဏ်ရာရရှိခဲ့သဖြင့် အနားယူပြီး နန်ဟိုင်သိုင်းသင်တန်းကျောင်းတွင် ဒုတိယကျောင်းအုပ် လာလုပ်နေခြင်း ဖြစ်သည်။
သူပြောသော ဆရာကြီးဆိုသည်မှာ နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ကျူးဝူယာ ဖြစ်သည်။ ကျူးဝူယာသည် ယခင်က ကွမ်ရှီးပြည်နယ်၏ စစ်သေနာပတိချုပ်ဖြစ်ပြီး ဒေသခံခေါင်းဆောင်များ၏ ပုန်ကန်မှုကို နှိမ်နင်းရာတွင် များစွာ အကျိုးပြုခဲ့သူ ဖြစ်သည်။ သူသည် ဝါရင့်ပြီး ရာထူးကြီးသော အရာရှိတစ်ဦး ဖြစ်သည်။
ယခုအချိန်တွင် ကျူးဝူယာသည် လီဝမ်ဟွေ့ကို မကြိုဆိုဘဲ လီကျန်းအကယ်ဒမီ ကျောင်းအုပ်ကြီး အော်ယန်ထန်ကို သွားရောက်ကြိုဆိုခြင်းသည် သိသာထင်ရှားသော မရှက်ခွဲခြင်းပင် ဖြစ်သည်။
အရပ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိများကြား ပဋိပက္ခများ ရှိနေသော်လည်း မိန်းမစိုးဂိုဏ်းကို ဆက်ဆံရာတွင်မူ ဘုံအကျိုးစီးပွား တူညီကြသဖြင့် ဤသည်မှာ ပုံမှန်ကိစ္စပင်ဖြစ်သည်။
နှစ်များတစ်လျှောက် လီကျန်းအကယ်ဒမီနှင့် နန်ဟိုင်သိုင်းသင်တန်းကျောင်းတို့ ပူးပေါင်းပြီး မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ မြေများကို မည်မျှ လုယူခဲ့ကြသနည်း။ စုစုပေါင်း မြေ ခြောက်ထောင်ဧကရှိပြီး ငွေ နှစ်သိန်း တန်ဖိုးရှိသည်။
“ကောင်းပြီ။ လမ်းပြလိုက်။” လီဝမ်ဟွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ ဒုတိယကျောင်းအုပ် ကျူးပြောင်းက ပြောလိုက်သည်။ “ဒီနှိမ့်ချတဲ့ ကျွန်တော်မျိုးက အရှင်လီကို ကြိုဆိုဖို့ ညစာစားပွဲ ပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “မလိုပါဘူး။ တည်းခိုဆောင်ကိုပဲ လိုက်ပို့ပေးပါ။”
“ကောင်းပါပြီ။” ကျူးပြောင်းက ချက်ချင်း သဘောတူလိုက်သည်။ ဧည့်သည်များကို စိတ်ရင်းမှန်ဖြင့် ညစာဖိတ်ကျွေးရန် ဆန္ဒမရှိကြောင်း သိသာလှသည်။
ထို့နောက် အဖွဲ့သည် နန်ဟိုင်သိုင်းသင်တန်းကျောင်းရှိ ခြံဝင်းတစ်ခုတွင် နေရာချလိုက်ကြသည်။ ခြံဝင်းသည် ဧကပေါင်းများစွာ ကျယ်ဝန်းပြီး အခန်းပေါင်း တစ်ရာကျော်ရှိရာ လူပေါင်းရာချီကို နေရာချပေးရန် လုံလောက်သည်။
ထန်ယန်သည် ကွမ်ရှီးမိန်းမစိုးဂိုဏ်းအကယ်ဒမီမှ အဖွဲ့ဝင်မဟုတ်သော်လည်း မိန်းမစိုးဂိုဏ်းဝင်တစ်ဦး ဖြစ်သဖြင့် သူလည်း ထိုနေရာ၌ပင် တည်းခိုလေသည်။
နေရာချပြီးနောက် မိန်းမစိုးအချို့သည် လီဝမ်ဟွေ့အတွက် ထမင်းဟင်းများ ချက်ချင်း ပြင်ဆင်ပေးကြသည်။
လီဝမ်ဟွေ့ ရေချိုးအဝတ်အစားလဲပြီးနောက် သက်တောင့်သက်သာ ခြေထောက်စိမ်နေစဉ် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်တစ်ဦး ဝင်လာပြီး ပြောလိုက်သည်။ “အရှင်… ဆရာကြီး ကျန်းရန်မင် ဝင်ခွင့်တောင်းနေပါတယ်။”
ချက်ချင်းပင် လီဝမ်ဟွေ့ မတ်တတ်ထရပ်လိုက်ပြီး ခြေထောက်ပင် မသုတ်ဘဲ သစ်သားဖိနပ်ကို စီးကာ အပြင်သို့ ထွက်ကြိုလေသည်။ ဤတစ်ကြိမ်တွင် သူ ဟန်ဆောင်နေခြင်း မဟုတ်ပေ။ ဆရာကြီး ကျန်းရန်မင်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားခြင်း ဖြစ်သည်။
ကျန်းရန်မင်သည် ဤတက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲ၏ အဓိကဒိုင်လူကြီး ဖြစ်သည်။
သူသည် ကျော်ကြားသော ဆရာတစ်ဆူဖြစ်ပြီး စစ်မှန်သော ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ဂီတ၊ စစ်တုရင်၊ စာရေးအလှ၊ ပန်းချီ အပါအဝင် အနုပညာရပ်အားလုံးကို ကျွမ်းကျင်ပြီး သူ၏ ပညာရပ်ဆိုင်ရာ လက်ရာများသည် အရှေ့အာရှတစ်ခွင်တွင် ရေပန်းစားသည်။
အန်နမ်၊ ကိုရီးယား သို့မဟုတ် ဂျပန်သို့ သွားရောက်သည့်အခါတိုင်း မရေမတွက်နိုင်သော ဝါသနာရှင်များက သူ့ကို လာရောက်ဂါရဝပြုကြသည်။
ထို့အပြင် သူသည် ရာစုနှစ်တစ်ခုအတွင်း ပြည်နယ်အဆင့်၊ မြို့တော်အဆင့်နှင့် တော်ဝင်နန်းတွင်းအဆင့် စာမေးပွဲသုံးခုစလုံးတွင် ပထမဆုရရှိကာ သရဖူသုံးခု အောင်မြင်မှုကို ရရှိခဲ့သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။
သူ့ဘိုးဘွားဇာတိမှာ ကွမ်ရှီးဖြစ်သော်လည်း စာမေးပွဲဖြေဆိုရန် အခက်ခဲဆုံးဟု နာမည်ကြီးသော ကျန်းဆူးပြည်နယ်သို့ သွားရောက်ဖြေဆိုခဲ့သည်။ အကြောင်းရင်းမှာ ရိုးရှင်းသည်။ ထိုနေရာရှိ တော်ဝင်စာမေးပွဲများသည် အခက်ခဲဆုံး ဖြစ်သောကြောင့်ပင်။
ဤပုဂ္ဂိုလ်၏ ငယ်ဘဝသည် ဒဏ္ဍာရီဆန်လှသည်။ အသက် သုံးဆယ်မပြည့်မီ တာ့နင်မင်းဆက်၏ အဆင့် ၄ အရာရှိ ဖြစ်လာခဲ့သည်။
သို့သော် သူ၏ နှောင်းပိုင်းဘဝသည် ဝမ်းနည်းဖွယ်ကောင်းသည်။ အကြောင်းမှာ သူ၏ ပြင်းထန်သော ပြုပြင်ပြောင်းလဲမှုများသည် အရပ်ဘက်နှင့် စစ်ဘက် အရာရှိအုပ်စုနှစ်ခုစလုံးကို ထိခိုက်စေခဲ့သဖြင့် ရာထူးတိုးရန် ခက်ခဲလာခဲ့သည်။
ထို့ကြောင့် အသက် လေးဆယ်အရွယ် ငယ်ရွယ်စဉ်မှာပင် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဇာတိမြေ ကွမ်ရှီးသို့ ပြန်လာကာ ပညာရပ်များကိုသာ အာရုံစိုက် လေ့လာနေထိုင်ခဲ့သည်။
ထူးဆန်းသည်မှာ သူရာထူးယူထားစဉ်က အရပ်ဘက်ဝန်ထမ်းများက သူ့ကို နည်းလမ်းပေါင်းစုံသုံးကာ တိုက်ခိုက်ခဲ့ကြပြီး မိစ္ဆာကောင်အဖြစ် ပုံဖော်ကာ လုပ်ကြံသတ်ဖြတ်ရန် လူလွှတ်ခြင်းများပင် ပြုလုပ်ခဲ့ကြသည်။
သို့သော် သူရာထူးမှ နှုတ်ထွက်ပြီးနောက်တွင်မူ ထိုအရပ်ဘက်ဝန်ထမ်းများကပင် သူ့ကို သူတော်စင်အဖြစ်၊ စာပေပညာရှင်များ၏ ရှေ့ဆောင်လမ်းပြအဖြစ် ချီးကျူးဂုဏ်ပြုကြပြန်သည်။
သူ၏ မြင့်မားသော ကိုယ်ကျင့်တရားနှင့် ဖြောင့်မတ်မှန်ကန်မှုတို့ကြောင့် နှစ်စဉ်ကျင်းပသော တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပေးသူ ဖြစ်လာခဲ့ပြီး အဖွဲ့အစည်းသုံးခုစလုံးမှ မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။
“ဂါရဝပြုပါတယ် နည်းပြချုပ်ကျန်း။” လီဝမ်ဟွေ့က သူ့ရှေ့တွင် ခါးကိုနက်ရှိုင်းစွာ ကိုင်းညွတ်လိုက်သည်။
“မလုပ်ပါနဲ့။ မလုပ်ပါနဲ့။” ကျန်းရန်မင်က လီဝမ်ဟွေ့ကို အမြန်ဆွဲထူလိုက်ပြီး ပြောသည်။ “ကျွန်တော်က အခု သာမန်အရပ်သားတစ်ယောက်ပါ။ ဝမ်ဟွေ့ဆီက ဒီလောက်ကြီးမားတဲ့ ဂါရဝပြုမှုကို လက်မခံနိုင်ပါဘူး။”
လီဝမ်ဟွေ့က ထပ်မံ၍ နက်ရှိုင်းစွာ ဦးညွတ်လိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။ “ကျွန်တော့်ရင်ထဲမှာ ဆရာကြီးရန်မင်ဟာ အမြဲတမ်း လမ်းပြမီးအိမ်နဲ့ ဆရာတစ်ဆူပါပဲ။”
ကျန်းရန်မင်က လီဝမ်ဟွေ့ကို တွဲထူလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ “ဝမ်ဟွေ့လည်း အိုပြီပဲ။ ဆံပင်တွေတောင် ဖြူကုန်ပြီ။ ပေမင်ဓားဂိုဏ်းက လုပ်ကြံသူတွေလက်ထဲကနေ ကျွန်တော့်အသက်ကို ကယ်ခဲ့တုန်းကဆို ခင်ဗျား အသက် သုံးဆယ်တောင် မပြည့်သေးဘူး။”
ပေမင်ဓားဂိုဏ်းသည် အရပ်ဘက်အရာရှိအုပ်စု၏ အကြီးမားဆုံး သိုင်းမဟာမိတ်များထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံအဝှမ်းရှိ ပြည်နယ်တိုင်းတွင် စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားကာ အလွန်ကြွယ်ဝချမ်းသာသည်။
ကျန်းရန်မင် ထိုင်ကျိုးစီရင်စု၏ မြို့ဝန်ဖြစ်လာသောအခါ ပထမဆုံးလုပ်ဆောင်သည့်အလုပ်မှာ ပေမင်ဓားဂိုဏ်းက တရားမဝင် သိမ်းပိုက်ထားသော မြေ ငါးထောင်ဧကကျော်ကို ရှင်းလင်းခြင်းဖြစ်သည်။
ဤအချက်ကြောင့် ပေမင်ဓားဂိုဏ်းက ဂျပန်ပင်လယ်ဓားပြများအဖြစ် အသွင်ယူထားသော လုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်ပြီး ကျန်းရန်မင်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ လီဝမ်ဟွေ့သာ ကာကွယ်မပေးခဲ့လျှင် ကျန်းရန်မင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
“ပါရမီရှင် ထန်ယန်ရဲ့ အကူအညီနဲ့ဆိုရင် ဝမ်ဟွေ့တို့ဘက်က နိုင်ဖို့သေချာသလောက်ပါပဲ။” ကျန်းရန်မင်က ပြုံးပြီး ပြောလိုက်သည်။
“လက်ဖက်ရည် သုံးဆောင်ပါဦး။” လီဝမ်ဟွေ့က တစ်ဖက်လူကို လက်ဖက်ရည် အရင်ငှဲ့ပေးလိုက်ပြီးမှ ပြောလိုက်သည်။ “ဒီပြိုင်ပွဲကြီးမှာ ထန်ယန် ဝင်ပြိုင်မှာ မဟုတ်ဘူး။”
ကျန်းရန်မင် လန့်သွားပြီး မေးလိုက်သည်။ “ဘာလို့လဲ။”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “ကျွန်တော် မထွက်ခွာခင်တုန်းက သူတို့က ထန်ယန်ကို ကျွန်တော့်ရဲ့ မွေးစားသားအဖြစ် မွေးစားခိုင်းတယ်။ ပြီးတော့ အနာဂတ်မှာ မိန်းမစိုးဂိုဏ်းရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံစေချင်ကြတယ်။ ကျွန်တော် ငြင်းလိုက်တယ်။”
ကျန်းရန်မင် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ “အခြေအနေတွေ ဒီလောက်ခက်ခဲနေတာကို ခင်ဗျားတို့ မိန်းမစိုးဂိုဏ်းက အတွင်းပိုင်း ပဋိပက္ခတွေ ဖြစ်နေတုန်းပဲလား။”
လီဝမ်ဟွေ့က ပြောသည်။ “မင်းဆက်တိုင်း။ ခေတ်တိုင်းမှာ ဒီလိုပဲ မဟုတ်ဘူးလား။”
ကျန်းရန်မင်က ပြောသည်။ “ဒါပေမဲ့ ဒီလိုဆိုရင် ခင်ဗျားတို့ သေချာပေါက် ရှုံးတော့မှာပေါ့။ လယ်မြေ တစ်ထောင့်ငါးရာဧက ဆုံးရှုံးရတာက ကိစ္စမရှိပေမဲ့ အဓိကက ခင်ဗျားရဲ့ အနာဂတ်ပဲ ဝမ်ဟွေ့။”
“အကုန်လုံးက အချိန်အခါနဲ့ ကံကြမ္မာပါပဲ။” လီဝမ်ဟွေ့က ပြောလိုက်သည်။ “ဒီရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေကို စကိုင်ကတည်းက ကျွန်တော် စိတ်ကို ပြင်ဆင်ထားပြီးသားပါ။”
ကျန်းရန်မင် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဒီလိုလုပ်ဗျာ။ ကျွန်တော် ထန်ယန်ကို သွားဖျောင်းဖျပြီး ခင်ဗျားကို ခြွင်းချက်မရှိ ကူညီပေးဖို့ ပြောလိုက်မယ်။ မိန်းမစိုးဂိုဏ်းဝင်တစ်ယောက်အနေနဲ့ သူက အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ခြွင်းချက်မရှိ နာခံသင့်တယ်။”
“ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်။” လီဝမ်ဟွေ့က သူ့ကို မတားဆီးသော်လည်း အမှန်တကယ် ဂရုမစိုက်ပေ။
ကျန်းရန်မင်သည် အသက် ၆၀ ကျော်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ အလွန်ရိုးသားဖြူစင်နေဆဲဖြစ်သည်။ လီဝမ်ဟွေ့သည် သူ့စေတနာကို ငြင်းပယ်ရန် ဝန်လေးနေမိသည်။
“တစ်ယောက်ယော်။ ကျဲ့ယွမ်ထန်ယန်ကို ဒီမှာ လာတွေ့ဖို့ သွားဖိတ်လိုက်ပါ။” လီဝမ်ဟွေ့ အမိန့်ပေးလိုက်သည်။
မကြာမီတွင် ထန်ယန် ရောက်ရှိလာသည်။
ထို့အပြင် ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်မည့် ပညာရှင်မိန်းမစိုးလေးဦးလည်း ရောက်ရှိလာကြသည်။ သူတို့သည် လီဝမ်ဟွေ့ရှေ့တွင် မတ်မတ်ဒူးထောက်ကာ ဦးညွတ်ပြီး ပြောလိုက်ကြသည်။
“အကယ်ဒမီရဲ့ အကျိုးစီးပွားအတွက်။ မိန်းမစိုးဂိုဏ်းရဲ့ အကျိုးစီးပွားအတွက် ကျေးဇူးပြုပြီး ကျောင်းအုပ်ကြီးရဲ့ အမိန့်ကို ပြန်ရုပ်သိမ်းပြီး တုပိုင်ကို ပြိုင်ပွဲဝင်စာရင်းကနေ ပယ်ဖျက်ပေးပါ။ ထိပ်သီးပညာရှင် ထန်ယန်ကသာ ကျွန်တော်တို့ကို အောင်မြင်မှုဆီ ဦးဆောင်နိုင်မှာဖြစ်ပြီး ထန်ယန်ကသာ မိန်းမစိုးဂိုဏ်းအကယ်ဒမီရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မှာပါ။”
ဤလူလေးယောက်သည် စာတွေဖတ်ပြီး အလွန်ရဲတင်းလာကြရာ ကျန်းရန်မင် ရှိနေသည်ကို အခွင့်ကောင်းယူပြီး လီဝမ်ဟွေ့ကို ရာထူးမှ ဖယ်ရှားပေးရန် ဖိအားပေးလာကြခြင်း ဖြစ်သည်။
အပိုင်း (၄၈) ပြီး။