အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ဤအချိန်တွင် လီဝမ်ဟွေ့၏ ရင်ထဲမှ ဒေါသကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်တော့ပေ။
မိန်းမစိုးအကယ်ဒမီအတွင်းတွင် သူသည် အမြဲတမ်း တရားမျှတပြီး လေးနက်တည်ကြည်သူ ဖြစ်သလို ကြင်နာတတ်သူလည်း ဖြစ်သည်။ ပြင်ပလူများအပေါ်တွင်သာ ရက်စက်ကြမ်းကြုတ်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဤမိန်းမစိုးများသည် ကြောက်ရွံ့ရိုသေစိတ် ပျောက်ဆုံးသွားကြသလား။ ဤလူများ ရူးသွားကြသလား။ သို့မဟုတ် လီဝမ်ဟွေ့ လူဘယ်နှယောက်လောက် သတ်ခဲ့ဖူးသလဲဆိုတာ မသိကြတာလား။
သို့မဟုတ် သူက အကယ်ဒမီကျောင်းအုပ်ကြီးအဖြစ် အချိန်အကြာကြီး နေခဲ့မိ၍ လူများက သူ့ကို ပညာရှင်တစ်ယောက်ဟုသာ ထင်မှတ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အကြီးအကဲဆိုတာကို မေ့သွားကြသလား။
ပိုပြီး ဆိုးရွားသည်မှာ ဤလူများသည် သူ့ရာထူး မမြဲတော့ဘူးဟု ယူဆပြီး ထန်ယန်ကို ကြိုတင်ဖားယားဖို့ အလုအယက် ကြိုးစားနေကြခြင်းပင်။ ‘ငါ ရာထူးကတောင် မဆင်းရသေးဘူး။ လက်ဖက်ရည်က အေးစက်နေပြီလား။’
ဒေါသများကြားထဲမှာပင် လီဝမ်ဟွေ့သည် ဝမ်းနည်းပက်လက်ဖြစ်မှုကြီးကို ခံစားလိုက်ရသည်။
‘ဒါတွေက မိန်းမစိုးဂိုဏ်းဝင်တွေတဲ့လား။ ဒါတွေက ငါကာကွယ်စောင့်ရှောက်ပေးခဲ့သည့် သနားစရာလူတွေတဲ့လား။’
သို့သော် သူသည် လျင်မြန်စွာ စိတ်ကိုငြိမ်သက်လိုက်ပြီး သူတို့စကားကို မကြားလိုက်သကဲ့သို့ ချက်ချင်း ဒေါသတကြီး တုံ့ပြန်ခြင်း မပြုခဲ့ပေ။
ထိုစကားကို ပြောပြီးနောက် ပညာရှင်မိန်းမစိုးလေးဦးသည်လည်း သတ္တိကုန်သွားသကဲ့သို့ ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် ဒူးထောက်နေကြသည်။
ထန်ယန်က ကျန်းရန်မင်ကို ဦးညွတ်ပြီး ပြောလိုက်သည်။
“ကျောင်းသားက ဆရာကြီးရန်မင်ကို ဂါရဝပြုပါတယ်။”
ကွန်ဖြူးရှပ်ပညာရှင်ကြီး ကျန်းရန်မင်က ပြောလိုက်သည်။ “ထန်ယန်။ မင်းဘာလို့ မိန်းမစိုးဂိုဏ်းထဲဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် သင်းကွပ်လိုက်သလဲဆိုတာ ငါနားမလည်ပေမဲ့ ငါမင်းကို အရမ်းလေးစားပါတယ်။”
ဤအဘိုးကြီးက ဤအချက်မှာတော့ ချစ်ဖို့ကောင်းသည်။ သူသည် ပညာအရာတွင် နှံ့စပ်သော်လည်း မိန်းမစိုးဂိုဏ်းအပေါ်ဖြစ်စေ၊ စစ်ဘက်အရာရှိများအပေါ်ဖြစ်စေ မည်သည့် အစွဲအလမ်းမျှ မထားရှိပေ။
သူ့ရင်ထဲတွင် အမှားနှင့် အမှန်သာရှိပြီး လူမှုအဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုကို ဂရုမစိုက်ပေ။
ထန်ယန်က ထပ်မံဦးညွတ်ပြီး ပြောလိုက်သည်။
“ဆရာကြီးရန်မင်ဆီက ဒီစကားကို ကြားရတာ နောင်တမရဘဲ သေပျော်ပါပြီ။”
ကျန်းရန်မင်က ပြောသည်။ “မင်းက မိန်းမစိုးဂိုဏ်းထဲ ဝင်ပြီးပြီဆိုတော့ တိုင်းပြည်နဲ့ မိန်းမစိုးဂိုဏ်းရဲ့ အကျိုးစီးပွားအတွက် စိတ်နှလုံးအပြည့်နဲ့ အမှုထမ်းသင့်တယ်။ ကိုယ့်ပုဂ္ဂလိက အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို သိပ်ပြီး ထည့်မတွက်သင့်ဘူး။”
“ဒါကြောင့် ဒီပြိုင်ပွဲကြီးမှာ မိန်းမစိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ဖို့ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကိုယ်စားပြုပြီး ခြွင်းချက်မရှိ ဝင်ရောက်ယှဉ်ပြိုင်ပေးဖို့ ငါတောင်းဆိုချင်တယ်။”
ထန်ယန်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ ကျန်းရန်မင်က ဤသို့တောင်းဆိုလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ဤအဘိုးကြီးက ရိုးအတယ်ဟု လူတိုင်းပြောကြသော်လည်း ဤမျှထိ ရိုးအလိမ့်မည်ဟု သူ မထင်ထားခဲ့။
သူ ချက်ချင်း ငြင်းပယ်လိုက်သည်။ “တောင်းပန်ပါတယ် ဆရာကြီးရန်မင်။ ဒီကိစ္စက အရမ်းအရေးကြီးတဲ့အတွက် ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်လို့ မရပါဘူး။ ဆရာ့ဆီကို တင်ပြပြီး ဆုံးဖြတ်ချက် ခံယူရမှာမို့လို့ပါ။”
ကျန်းရန်မင် အံ့အားသင့်သွားသည်။ တစ်ဖက်လူက ဤမျှ ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော နာမည်ကျော် ကွန်ဖြူးရှပ်ပညာရှင်ကြီးတစ်ဦး မဟုတ်ပါလော။
သို့သော် လူငယ်လေး ထန်ယန်က သူ့ကို တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ခံစားချက်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ငြင်းပယ်လိုက်ခြင်းသည် တကယ့် ကြေကွဲစရာပင် ဖြစ်သည်။
သူ ဘာမှဆက်မပြောနိုင်ခင်မှာပင် လီဝမ်ဟွေ့က တိုက်ရိုက်ပြောလိုက်သည်။ “ကောင်းပြီ ထန်ယန်။ မင်းပြန်လို့ရပြီ။”
“နှုတ်ဆက်ပါတယ် ဆရာကြီး။” ထန်ယန် ပြောပြီးနောက် တန်းတန်းမတ်မတ် ထွက်ခွာသွားလေသည်။
သူထွက်သွားပြီးနောက် ကျန်းရန်မင်သည် အလွန်စိတ်ဓာတ်ကျသွားပုံရပြီး ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
“လူတိုင်းက ငါ့ကို ဘုရားတစ်ဆူလို မြှောက်စားထားကြပေမဲ့ တကယ်တမ်းကျတော့ ငါ့ကို အလေးအနက် မထားကြဘူး။ သူတို့က ငါ့ကို ဘုရားစင်ပေါ်က ဆင်းတုတော်တစ်ခုလိုပဲ ဆက်ဆံကြတယ်။ ဆင်းတုတော်တွေက စကားမှမပြောတတ်တာ။”
ကျန်းရန်မင်၏ စကားများထဲတွင် ဖော်ပြမရနိုင်သော ဝမ်းနည်းမှုများ ပါဝင်နေသည်။
လီဝမ်ဟွေ့က နှစ်သိမ့်စကား မပြောဘဲ လက်ဖက်ရည်ပူပူကို ထပ်မံငှဲ့ပေးရင်း ပြောလိုက်သည်။ “လက်ဖက်ရည် သုံးဆောင်ပါဦး ဆရာကြီး။”
ထို့နောက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ပညာရှင်မိန်းမစိုးလေးဦးကို လှည့်မေးလိုက်သည်။
“အခု မင်းတို့မှာ ပြောစရာ ကျန်သေးလား။”
ခေါင်းဆောင်ဖြစ်သူ ပညာရှင်မိန်းမစိုးက သတ္တိမွေးပြီး ပြောလိုက်သည်။
“ဒါက အကယ်ဒမီရဲ့ အကျိုးစီးပွားနဲ့ မိန်းမစိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေပါတယ်။ ထိပ်သီးပညာရှင် ထန်ယန်မှာ ဘယ်လိုအခြေအနေမျိုးပဲ ရှိပါစေ ကျောင်းအုပ်ကြီးက လက်ခံပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “မင်းတို့က တုပိုင်နဲ့အတူ ယှဉ်တွဲမတိုက်ခိုက်ချင်ကြဘူး မဟုတ်လား။”
ဤမေးခွန်းက ပညာရှင်မိန်းမစိုးလေးဦးကို ကြောက်လန့်သွားစေသော်လည်း သူက သွားကိုတင်းတင်းစေ့ပြီး ဆက်ပြောလိုက်သည်။
“တုပိုင်က နှစ်တိုင်း အောက်ဆုံးအဆင့်ပဲ ရတာလေ။ သူက လုံးဝ အသုံးမကျတဲ့ကောင်။ သူ့ကို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ခိုင်းတာက ကျွန်တော်တို့ကို တကယ် အရှက်ရစေပြီး သိက္ခာကျစေပါတယ်။”
“ သူက ကျောင်းအုပ်ကြီးကို မြှားဒဏ်ကနေ ကာကွယ်ပေးဖို့ အသက်စွန့်ခဲ့တယ်ဆိုတာ သိပေမဲ့ အလုပ်သဘောက အလုပ်သဘော၊ ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာပါပဲ။”
ဤပညာရှင်မိန်းမစိုးက လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။ စာအုပ်တွေထဲမှာ ဧကရာဇ်မင်းကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြပြီး အလေးပေးဆက်ဆံခံရတဲ့ ဝန်ကြီးတွေအကြောင်း သူအများကြီး ဖတ်ဖူးသည်။
ရိုးသားပွင့်လင်းစွာ ဝေဖန်ထောက်ပြသော ဝန်ကြီးများသည် အမြဲတမ်း ဂုဏ်ယူစရာကောင်းသော တရားမျှတသည့် ဇာတ်လိုက်ကျော်များ ဖြစ်ကြသည်။ သူက ထိုသူတို့ထံမှ သင်ယူချင်သည်။
လီဝမ်ဟွေ့ အော်ဟစ်ရယ်မောလိုက်သည်။ ဤလူများသည် ရိုးသားပြီး နားခါးတဲ့ အကြံဉာဏ်တွေ ပေးနေတာတဲ့လော။
မဟုတ်ချေ။ သူတို့က အခွင့်အရေးသမားတွေ ဖြစ်နေရုံသာမက ပိုဆိုးတာက သူ့ကို ဒေါသထွက်အောင်လုပ်ပြီး ထန်ယန်ကို ဖားယားချင်နေကြခြင်းသာ ဖြစ်သည်။
“မင်းတို့က တုပိုင်နဲ့အတူ မတိုက်ခိုက်ချင်ဘူးဆိုမှတော့ နှုတ်ထွက်လိုက်ကြတော့။ တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲမှာ တုပိုင်ကိုပဲ မိန်းမစိုးအကယ်ဒမီကိုယ်စားပြု ယှဉ်ပြိုင်ခိုင်းလိုက်တော့မယ်။” လီဝမ်ဟွေ့က ပြတ်သားစွာ ပြောလိုက်သည်။ “မင်းတို့ကိစ္စကိုတော့ အကယ်ဒမီ ပြန်ရောက်မှ ရှင်းကြတာပေါ့။”
ထိုစကားကို ကြားသောအခါ လူလေးယောက်လုံး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ပြီး သွေးပျက်မတတ် ဖြစ်သွားကြသည်။
သူတို့ စကားပင်မပြောနိုင်သေးခင်မှာပင် လီဝမ်ဟွေ့က အရှေ့ဘက်ကွပ်ကဲရေးရုံးမှ အစောင့်များကို ခေါ်ပြီး ဆွဲထုတ်ခိုင်းလိုက်သည်။
လီဝမ်ဟွေ့၏ စကားကို ကြားပြီးနောက် ကျန်းရန်မင်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားသည်။ သူက ပြောလိုက်သည်။
“ဝမ်ဟွေ့။ ခင်ဗျား အရမ်း စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်။ ထန်ယန် နှုတ်ထွက်သွားကတည်းက ခင်ဗျားတို့ ရှုံးဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာနေပြီ။ အခု ဒီပညာရှင်မိန်းမစိုးလေးယောက်ကိုပါ ထုတ်ပစ်လိုက်တော့ ခင်ဗျားတို့ နိုင်ဖို့ မျှော်လင့်ချက် လုံးဝ မရှိတော့ဘူး။”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “အစကတည်းက နိုင်ဖို့ မျှော်လင့်ချက်မှ မရှိခဲ့တာ။”
ကျန်းရန်မင်က ပြောသည်။ “လူတစ်ယောက်က ဘယ်လောက်ပဲ တော်နေပါစေ ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီ လေးမျိုးလုံးမှာ ထိပ်ဆုံးရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
“လီကျန်းအကယ်ဒမီနဲ့ နန်ဟိုင်သိုင်းသင်တန်းကျောင်းမှာက ဂုဏ်သရေရှိ မိသားစုတွေက လာတဲ့ တပည့်တွေ အများကြီးရှိတယ်။”
“အနုပညာလေးမျိုးလုံးမှာ ကျွမ်းကျင်တဲ့ ဆရာတွေကလည်း မိုးိမ်လိုပဲ ပေါများတယ်။ လူတစ်ယောက်တည်းနဲ့ သူတို့ ဆယ်ယောက်လောက်ကို ရင်ဆိုင်ခိုင်းတာက ရိုးရိုးရှင်းရှင်း ပြောရရင်။ နေပါဦး။ ဒီတုပိုင်က ဘယ်လောက်တောင် ကျွမ်းကျင်လို့လဲ။”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “သူက ကျွန်တော့်ရဲ့ မွေးစားသားပါ။ သူ့ကို ကျွန်တော့်ရဲ့ အနာဂတ်လို့ သတ်မှတ်ထားတယ်။”
“ဒါပေမဲ့ သူက ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီမှာ လုံးဝ မကျွမ်းကျင်လောက်ဘူး။ ကျွန်တော် သူ့ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အတွေ့အကြုံရအောင်။ ဗဟုသုတကျယ်ပြန့်အောင် ဝင်ပြိုင်ခိုင်းလိုက်တာ။ အကယ်ဒမီမှာ သူ ဘာသင်တန်းမှ မတက်ဖူးဘူး။”
ကျန်းရန်မင် လုံးဝ ကြောင်အသွားသည်။
အချိန်အကြာကြီး နေပြီးမှ သူ ပြောလိုက်သည်။ “ဝမ်ဟွေ့။ ကျွန်တော်တို့က မိတ်ဆွေကောင်းတွေ ဖြစ်ပေမဲ့ ဒီပြိုင်ပွဲမှာ ကျွန်တော် ဘက်လိုက်မှာ မဟုတ်ဘူးနော်။ တုပိုင်အပေါ် မျက်နှာသာပေးမယ်လို့ မမျှော်လင့်နဲ့။”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “သူက ဘယ်လိုပုံစံလဲဆိုတာ လာကြည့်ရုံ သက်သက်ပါပဲ။ ကျွန်တော့်မှာ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။”
“မရယ်ပါနဲ့ဗျာ… အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲ ရာထူးကနေ နှုတ်ထွက်စာနဲ့ ဝန်ခံချက်ကိုတောင် ကျွန်တော် ရေးပြီးပါပြီ။ တုပိုင်က လုံးဝ အဆင်သင့်မဖြစ်သေးဘူး။ ခင်ဗျား ဘက်လိုက်ပေးရင်တောင် အရာထင်မှာ မဟုတ်ဘူး။ ဒီပြိုင်ပွဲမှာ သူ ရှုံးပြီးသားပါ။”
ကျန်းရန်မင်သည် လီဝမ်ဟွေ့ကို ကြာမြင့်စွာ စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားက ခေါင်းမာပြီး ဒေါသကြီးတုန်းပဲ။ ကောင်းပြီလေ.. ကောင်းပြီ။ ဒါက ကျွန်တော် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးတဲ့ နောက်ဆုံးအကြိမ်ပဲ။”
“ဒီကိစ္စပြီးရင် ကျွန်တော် လောကကြီးကနေ လုံးဝ အနားယူပြီး ဘယ်သူ့ကိုမှ မတွေ့တော့ဘူး။ ဘယ်သူ့ကိုမှလည်း ဂရုစိုက်တော့မှာ မဟုတ်ဘူး။ သူတို့ဆန္ဒရှိသလို ဘုရားစင်ပေါ်က စကားမပြောတဲ့ ဆင်းတုတော်ကြီးပဲ လုပ်တော့မယ်။”
ထို့နောက် ကျန်းရန်မင်သည် ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။ တံခါးဝသို့ ရောက်သောအခါ သူ လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ဝမ်ဟွေ့။ လောကကြီးက ခက်ခဲကြမ်းတမ်းတယ်။ ကျွန်တော် ရှေ့ဆက်မသွားနိုင်တော့ဘူး။ ဒါပေမဲ့ ခင်ဗျားက ငယ်သေးတယ်။”
“အခက်အခဲတွေ ရှိပေမဲ့ ရှေ့ဆက်သွားရမယ်။ ခင်ဗျားတို့အားလုံးသာ လက်လျော့လိုက်ရင် လောကကြီးမှာ သစ္စာဖောက်တွေပဲ ပြည့်နှက်သွားပြီး အရှင်မင်းကြီးလည်း လုံးဝ အထီးကျန်သွားလိမ့်မယ်။ တိုင်းပြည်မှာလည်း ယောက်ျားကောင်း မရှိတော့သလို ဖြစ်သွားလိမ့်မယ်။”
“ဟုတ်ကဲ့ပါ ဆရာကြီး။” လီဝမ်ဟွေ့ ဦးညွတ်ပြီး ပြောလိုက်သည်။
ကျန်းရန်မင် ထွက်သွားပြီးနောက်မှာတောင် လီဝမ်ဟွေ့၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထနေပြီး ဖော်ပြမရနိုင်သော ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။ သူ့တွင် တုပိုင်ကို ပြောစရာစကားများစွာ ရှိနေသည်။
“တုပိုင်ကို သွားခေါ်လိုက်။” လီဝမ်ဟွေ့ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ခဏကြာတော့ လီဝမ်ဟွေ့ ပြောလိုက်သည်။ “ထားလိုက်ပါတော့။ မိုးချုပ်နေပြီ။ သူလည်း ခရီးပန်းပြီး ပင်ပန်းနေလောက်ပြီ။ အိပ်တောင် ပျော်နေလောက်ရောပေါ့။ သူ့ကို မနှောင့်ယှက်ပါနဲ့တော့။”
နောက်တစ်နေ့တွင် နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ ခန်းမဆောင်ကြီးသည် စည်ကားသိုက်မြိုက်နေသလို တည်ကြည်ခန့်ညားမှုလည်း ရှိနေသည်။
နန်နင်းစီရင်စုမှ ထင်ရှားကျော်ကြားသူများသာမက နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားများပါ အဓိကအကယ်ဒမီကြီးသုံးခု၏ ပြိုင်ပွဲကြီးကို လာရောက်ကြည့်ရှုကြသဖြင့် နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။
တည်ကြည်ခန့်ညားရခြင်းမှာ ခန်းမဆောင်၏ အတွင်းနှင့် အပြင်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်ထောင်ပေါင်းများစွာ မတ်မတ်ရပ်နေကြပြီး သူတို့၏ သံချပ်ကာများက တောက်ပနေသောကြောင့် ဖြစ်သည်။
သုံးနှစ်တစ်ကြိမ် ကျင်းပသော တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲသည် အထူးသဖြင့် ကျောင်းသားများအတွက် အရေးကြီးသော ပွဲတစ်ပွဲဖြစ်သည်။
ထူးချွန်သော စွမ်းဆောင်ရည်ပြသနိုင်ပါက တော်ဝင်စာမေးပွဲဖြစ်စေ၊ စစ်ဘက်စာမေးပွဲဖြစ်စေ အနာဂတ်စာမေးပွဲများတွင် ကြီးမားသော အားသာချက်ကို ရရှိစေနိုင်သည်။
ထို့အပြင် နောက်ထပ် ကြည့်ကောင်းမည့် အစီအစဉ်တစ်ခုလည်း ရှိသေးသည်။ ထိုသည်ကတော့ မိန်းမစိုးအကယ်ဒမီ လုံးဝ အရှုံးကြီးရှုံးပြီး မျက်နှာပျက်ရမည့် မြင်ကွင်းပင်။
“ဒေါင်။”
ကြေးမောင်းသံ ထွက်ပေါ်လာပြီး အခမ်းအနားမှူးက အော်ပြောလိုက်သည်။
“ပြိုင်ပွဲဝင်မယ့် တက္ကသိုလ်သုံးခုက ကျောင်းသားတွေကို ကြိုဆိုလိုက်ကြရအောင်။ ပထမဆုံး ဝင်ရောက်လာသူတွေကတော့ လီကျန်းအကယ်ဒမီမှ ကျောင်းသား ငါးဦး ဖြစ်ပါတယ်။”
“လီကျန်းအကယ်ဒမီရဲ့ ခေါင်းဆောင်ကတော့ ကွမ်ရှီးပြည်နယ်ရဲ့ နံပါတ်တစ် ပါရမီရှင် ချွေ့ဖူ ဖြစ်ပါတယ်။ သခင်လေးချွေ့က ဂုဏ်သရေရှိ မိသားစုက ဆင်းသက်လာပြီး ငယ်စဉ်ကတည်းက ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီပညာရပ်တွေမှာ ထဲထဲဝင်ဝင် လေ့ကျင့်ခဲ့သူပါ။ သူဟာ ပန်းချီဆရာကြီး နင်ပေါ်ယာရဲ့ လက်အောက်မှာ ကာလကြာရှည် ပညာသင်ယူခဲ့ပါတယ်။ မိဖုရားခေါင်ကြီးရဲ့ မွေးနေ့တုန်းက ကွမ်ရှီးဘုရင်ခံရုံးကနေ မွေးနေ့လက်ဆောင်အဖြစ် ဆက်သခဲ့တဲ့ သခင်လေးချွေ့ရဲ့ သက်တော်ရှည် ပန်းချီကား ဟာ မိဖုရားခေါင်ကြီးရဲ့ နှစ်သက်သဘောကျမှုကို ရရှိခဲ့ပြီး ယနေ့ထက်တိုင် ချီနင်းနန်းဆောင်မှာ ချိတ်ဆွဲထားဆဲ ဖြစ်ပါတယ်။”
ချက်ချင်းပင် ခန်းမဆောင်တစ်ခုလုံး လက်ခုပ်သံများ ဟိန်းထွက်သွားသည်။
ချွေ့ဖူသည် ကွမ်ရှီးပြည်နယ်တစ်ခုလုံးရှိ ကျောင်းသားအားလုံး၏ စံပြဖြစ်ပြီး သူ၏ အဆင့်အတန်းသည် ကွမ်တုံမိန်းမစိုးအကယ်ဒမီမှ ထန်ယန်နှင့် တန်းတူဖြစ်သည်။
ရန်သူတွေက ရေစက်ပါသည်ဟု ပြောရမည်။ ဤချွေ့ဖူသည် တုပိုင်ကို သတ်ချင်နေသော ချွေ့မိသားစု၏ သားအကြီးဆုံး။ ချွေ့ဖိန်ထင်၏ မောင်ဖြစ်နေသည်။
သူသည် အနုပညာရပ်လေးမျိုးတွင် ထိပ်တန်းကျွမ်းကျင်သူဖြစ်ပြီး သိုင်းပညာလည်း အတော်လေး ကောင်းမွန်သည်။
ရိုးရိုးသားသား ပြောရလျှင် အိပ်မက်စနစ်သာ မရှိပါက တုပိုင်ကဲ့သို့ အရည်အချင်းမျိုးရှိသူ ဆယ်ယောက်လောက်ကို သူ တစ်ယောက်တည်း ရင်ဆိုင်နိုင်ပြီး ထန်ယန်တစ်ယောက်သာ သူ့ကို အနိုင်ယူနိုင်မည့် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။
အထူးသဖြင့် စာရေးအလှနှင့် ပန်းချီတွင် သူသည် ထန်ယန်ထက်ပင် သာလွန်သေးသည်။ ထို့အပြင် ချွေ့ဖူသည် မနှစ်က ကွမ်ရှီးပြည်နယ်စာမေးပွဲတွင် ပထမရခဲ့သူဖြစ်ရာ လုံးဝကို ထူးချွန်လွန်းသည့် ပညာရှင်တစ်ဦး ဖြစ်သည်။
စာရေးအလှနှင့် ပန်းချီတွင် ပြိုင်ဘက်ကင်းသော ချွေ့ဖူအပြင် လီကျန်းအကယ်ဒမီ၌ နောက်ထပ် ဝှက်ဖဲတစ်ချပ် ရှိသေးသည်။
ချွေ့ဖူ၏ နောက်တွင် ရပ်နေသော နင်ယွီ ဖြစ်သည်။ သူသည် ဆရာကြီး နင်ပေါ်ယာ၏ သားဖြစ်ပြီး သုံးနှစ်သားအရွယ်ကတည်းက ဇီသာတူရိယာကို စတင်လေ့ကျင့်ခဲ့ကာ ငယ်စဉ်ကတည်းက ဂီတဖက်တွင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်။
သူ၏ ဆရာသည် ပေမင်ဓားဂိုဏ်းမှ ကူချင်သူတော်စင် ကူလင်း ဖြစ်သည်။ သူတို့အတွက် ကူချင်တီးခတ်ခြင်းသည် ကျွမ်းကျင်မှုတစ်ခု မဟုတ်ဘဲ သိုင်းပညာတစ်ခု ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ရန်ကျိုးမြို့၌ ချွေ့ဖူသည် ကူချင်တီးခတ်ခြင်းဖြင့် ပြည့်တန်ဆာမယ် ဆယ်ဦးကို တစ်ယောက်တည်း အနိုင်ယူခဲ့ဖူးသည်။
လီကျန်းအကယ်ဒမီမှ ပြိုင်ပွဲဝင် ငါးဦးသည် ကွင်းထဲသို့ ဝင်ရောက်လာပြီး ပရိသတ်ကို ဦးညွတ်ကာ သတ်မှတ်ထားသော နေရာများတွင် ဝင်ထိုင်လိုက်ကြသည်။
“နောက်ထပ် ဝင်ရောက်လာသူတွေကတော့ နန်ဟိုင်နယ်စားမင်းရဲ့ သခင်လေး ကျန်းယီ ဦးဆောင်တဲ့ နန်ဟိုင်သိုင်းသင်တန်းကျောင်းက လူငယ်ပါရမီရှင်များ ဖြစ်ပါတယ်။”
“သခင်လေးကျန်းယီက စစ်ဗျူဟာနဲ့ မြှားပစ်ရာမှာ ကျွမ်းကျင်ရုံသာမက စစ်တုရင်ကစားရာမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်။ အသက် တစ်ဆယ့်ရှစ်နှစ်ကတည်းက အခုထိ သူ တစ်ခါမှ မရှုံးဖူးပါဘူး။”
လက်ခုပ်သံများ ထပ်မံ ဟိန်းထွက်သွားပြန်သည်။
နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ပြိုင်ပွဲဝင် ငါးဦးသည် ကွင်းထဲသို့ ဝင်ရောက်လာပြီး ဦးညွတ်ကာ နေရာယူလိုက်ကြသည်။
နောက်ဆုံးတွင် အခမ်းအနားမှူးက အသံကို မြှင့်လိုက်ပြီး မိန်းမစိုးတစ်ဦး၏ စူးရှသော အသံဖြင့် လှောင်ပြောင်သကဲ့သို့ ကြေညာလိုက်သည်။
“နောက်ဆုံးပိတ် အစီအစဉ် ရောက်ရှိလာပါပြီ။ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီမှ ပြိုင်ပွဲဝင်များကို စင်မြင့်ထက်သို့ ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။”
ဧည့်ခန်းမဆောင်ရှိ ကန့်လန့်ကာ နောက်ကွယ်တွင် လီဝမ်ဟွေ့သည် တုပိုင်၏ ပခုံးကို လေးလေးပင်ပင် ပုတ်လိုက်ပြီး မျက်လုံးချင်းဆုံကာ ပြောလိုက်သည်။
“နိုင်တာ ရှုံးတာကို စိတ်မပူနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က နိုင်မှာ မဟုတ်ဘူး။ ငါ မင်းကို ဒီလွှတ်လိုက်တာက လေ့ကျင့်ပေးချင်လို့။ ရန်သူတွေ ဝိုင်းနေတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ သိစေချင်လို့ပဲ။ သွားတော့။”
တုပိုင် တံခါးကို တွန်းဖွင့်ပြီး ထွက်သွားလိုက်သည်။
အပိုင်း (၄၉) ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၀
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင် တံခါးကို တွန်းဖွင့်ပြီး ထွက်သွားလိုက်လေသည်။
သူ့ကို ဆီးကြိုနေသည်က ထောင်ပေါင်းများစွာသော လူအုပ်ကြီး၏ အကြည့်များ ဖြစ်သည်။
အခမ်းအနားမှူးက အသံကုန်ဟစ်ပြီး ကြေညာလိုက်သည်။ “ဒီတစ်ခေါက်မှာတော့ မိန်းမစိုးအကယ်ဒမီက ပြိုင်ပွဲဝင်တစ်ယောက်တည်းပဲ စေလွှတ်လိုက်ပါတယ်။ အဲဒါကတော့ တုပိုင် ဖြစ်ပါတယ်။ ဒါပေါ့… သူ့ရဲ့ အောင်မြင်မှုတွေအကြောင်း ကျွန်တော် ဘာမှမသိပါဘူး။ ဒါပေမဲ့ ကျွန်တော်သိတာတစ်ခုက သူဟာ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီရဲ့ စံချိန်တစ်ခု တင်ထားပါတယ်။ အဲဒါကတော့ ငါးနှစ်ဆက်တိုက် စာမေးပွဲမှာ အောက်ဆုံးအဆင့် ရထားတာပါပဲ။”
ထိုစကားကို ကြားသောအခါ ခန်းမဆောင်တစ်ခုလုံး ရယ်မောသံများဖြင့် ပွက်လောရိုက်သွားသည်။
ထို့နောက် လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရသော အခြားသော မိန်းမစိုးလေးဦးသည် ပရိသတ်ကြားထဲတွင် ထိုင်နေပြီး အကျယ်လောင်ဆုံး ရယ်မောနေကြသည်။
ထန်ယန်ကတော့ ထင်ရှားသော နေရာတစ်ခုတွင် ထိုင်နေပြီး မျက်မှောင်ကြုတ်ကာ တုပိုင်အပေါ် ရွံရှာမုန်းတီးမှုနှင့် အထင်သေးမှုများကို ဖုံးကွယ်ထားခြင်းမရှိပေ။
အခမ်းအနားမှူးသည် တစ်ကိုယ်တည်း ဖြစ်နေသော တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ “ဒီနှစ် မိန်းမစိုးအကယ်ဒမီရဲ့ လက်နက်ချ အရှုံးပေးပုံက တော်တော်လေး ထူးခြားတယ်လို့ပဲ ကျွန်တော် ပြောနိုင်ပါတယ်။”
အားလုံးက ထပ်မံ ရယ်မောလိုက်ကြသည်။
“ကဲ။ စကားတွေ များနေပြီ။ တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲကြီးကို တရားဝင် စတင်လိုက်ကြရအောင်။ ပထမဆုံး အစီအစဉ်ကတော့ ဂီတစွမ်းရည် ပြိုင်ပွဲ ဖြစ်ပါတယ်။”
“အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ အမြင့်ဆုံးရမှတ်က အဲ့ဒီအဖွဲ့ရဲ့ ရမှတ်အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ ပထမဆုံး ဖျော်ဖြေမယ့်သူကတော့ နန်ဟိုင်သိုင်းသင်တန်းကျောင်းက ရှောင်ဘိုင်လီ ဖြစ်ပါတယ်။”
ရှောင်ဘိုင်လီသည် နန်နင်းရှိ ရှောင်မိသားစု၏ သားအကြီးဆုံးဖြစ်ပြီး ဓားသိုင်းပါရမီရှင်တစ်ဦး ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်က သူ့ဓားသိုင်းပညာ တိုးတက်မှု ရပ်တန့်နေသည်ဟု ခံစားရသဖြင့် ဓားကိုစွန့်ကာ ပေမင်ဓားဂိုဏ်းသို့ သွားရောက်ပြီး ကူချင်ဆရာကြီး ကူလင်းထံတွင် နှစ်နှစ်ကြာ ဇီသာပညာ သင်ယူခဲ့သည်။ ပြန်ရောက်လာသောအခါ သူ့ဓားသိုင်းပညာသည် အကြီးအကျယ် တိုးတက်လာခဲ့သည်။
သူသည် ကူချင်ကို ချလိုက်ပြီး စတင်တီးခတ်လိုက်သည်။
“တင်း။”
ပထမဆုံး ထွက်ပေါ်လာသော အသံသည်ပင် ရင်ထဲသို့ တုန်ခါသွားစေသည်။ မျက်လုံးမှေးနေသော ဒိုင်လူကြီးချုပ် ကျန်းရန်မင်သည် ရုတ်တရက် မျက်လုံးပြူးသွားသည်။ တီးခတ်နေသည်မှာ ဇီသာမဟုတ်ဘဲ ဓားစွမ်းအင် ဖြစ်နေသောကြောင့်ပင်။
ဇီသာသံစဉ်တိုင်းသည် သူ့ရင်ထဲသို့ ဝင်ရောက်လာပြီး ဝိညာဉ်ကို ထိုးဖောက်သွားသော ဓားများအသွင် ပြောင်းလဲသွားသကဲ့သို့ ခံစားရသည်။
ဤသီချင်း၏ နာမည်မှာ ဆောင်းဦးလေညင်းနှင့် ကြွေကျသောသစ်ရွက်များ ဖြစ်သည်။
ရှောင်ဘိုင်လီ တီးခတ်နေစဉ် ခန်းမဆောင်တစ်ခုလုံး ဆောင်းဦးလေညင်း တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အားလုံးသည် ဂီတထဲတွင် စီးမျောနေကြသော်လည်း ကျောချမ်းသွားသကဲ့သို့ ခံစားနေကြရသည်။
ဤသည်မှာ တိုက်ခိုက်လိုစိတ် ပြင်းထန်သော ကူချင်ဖျော်ဖြေမှုတစ်ခုဖြစ်ကာ သူ၏ ကျွမ်းကျင်မှုအဆင့်မှာ အံ့မခန်းပင် ဖြစ်သည်။
ရှောင်ဘိုင်လီသည် ငါးမိနစ်အတွင်း တီးခတ်ပြီးသွားသည်။
ခန်းမဆောင်တစ်ခုလုံး အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ လက်ခုပ်သံများ ဟိန်းထွက်လာသည်။
နောက်တစ်ဆင့်မှာမူ အကဲဖြတ်ခြင်းနှင့် အမှတ်ပေးခြင်း အစီအစဉ် ဖြစ်သည်။
ဤတစ်ခေါက် အမှတ်ပေးဒိုင်လူကြီး လေးဦးရှိသည်။ ကွန်ဖြူးရှပ်ပညာရှင်ကြီး ကျန်းရန်မင်၊ ကွမ်ရှီးပြည်နယ် ဘုရင်ခံ လော့ဝမ်၊ ဖန်းဝူနယ်စားမင်း လျူဝူဟွမ်း၊ နှင့် အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်ဟောင်း ကွေ့တုန်းယန် တို့ဖြစ်သည်။
သူတို့အားလုံးသည် အလွန်လေးစားခံရသူများဖြစ်ပြီး လာဘ်ထိုး၍ မရနိုင်သူများ ဖြစ်သည်။
ဖန်းဝူနယ်စားမင်း လျူဝူဟွမ်းက ပြောလိုက်သည်။ “ကျွန်တော် ကူချင်လေ့လာခဲ့တာ အနှစ် သုံးဆယ်ရှိပြီ။ ဒါပေမဲ့ မင်းရဲ့ သုံးနှစ်တာ လေ့လာမှုကို မမီဘူး။ ဒီကွာခြားချက်က တကယ်ကို ဒေါသထွက်စရာ ကောင်းလိုက်တာ။”
ကွမ်ရှီးပြည်နယ် ဘုရင်ခံ လော့ဝမ်က ပြောသည်။ “ဘာကြောင့်မှန်းတော့ မသိဘူး။ မင်းရဲ့သီချင်းကို နားထောင်ပြီးတဲ့အခါ ကျွန်တော် အသက်ရှူကျပ်သလို ခံစားရတယ်။ သီချင်းဆုံးသွားတာတောင် ခေါင်းထဲမှာ ပဲ့တင်ထပ်နေတုန်းပဲ။ ကျွမ်းကျင်မှုအဆင့်က အရမ်းမြင့်မားလွန်းလို့ ကျွန်တော် အံ့သြမိတယ်။”
အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်က ပြောသည်။ “အရမ်းကောင်းတယ်။ တကယ့်ကို ကောင်းတယ်။ နန်းတွင်းဂီတပညာရှင်တွေထက်တောင် သာလွန်သေးတယ်။”
နောက်ဆုံးတွင် ကွန်ဖြူးရှပ်ပညာရှင်ကြီး ကျန်းရန်မင်က ရေတစ်ငုံသောက်ပြီး ပြောလိုက်သည်။ “မင်းရဲ့ ကူချင်တီးတာကို နားထောင်ပြီးတော့ ကျွန်တော်လည်း အသက်ရှူကျပ်သလို ဖြစ်ပြီး ရေတောင် ငတ်လာတယ်။ သီချင်းထဲမှာပါတဲ့ သတ်ဖြတ်လိုစိတ်ကို မကြိုက်ပေမဲ့ မင်းရဲ့အဆင့်အတန်းကတော့ အရမ်းမြင့်မားပါတယ်။ အရမ်းကို မြင့်မားပါတယ်။”
ထို့နောက် ဒိုင်လူကြီးလေးဦး အမှတ်စပေးကြသည်။
ကျန်းရန်မင်က ၉၃ မှတ်၊ လျူဝူဟွမ်းက ၉၅ မှတ်၊ ကွေ့တုန်းယန်က ၉၅ မှတ်၊ လော့ဝမ်က ၉၅ မှတ် ပေးကြသဖြင့် ရှောင်ဘိုင်လီ၏ နောက်ဆုံးပျမ်းမျှရမှတ်မှာ ၉၄.၅ မှတ် ဖြစ်သည်။
ပရိသတ်ကြီး အံ့သြတကြီး ဖြစ်သွားကြသည်။
ဤရမှတ်မှာ အံ့မခန်းပင် ဖြစ်သည်။ ပြီးခဲ့သော တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲများတွင် ကူချင်တီးခတ်မှုအတွက် အမြင့်ဆုံးရမှတ်မှာ ၉၂ မှတ်သာ ရှိခဲ့ဖူးသည်။
အဓိကအချက်မှာ ရှောင်ဘိုင်လီသည် အတော်ဆုံး မဟုတ်သေးပေ။ သူက ကူချင်သူတော်စင် ကူလင်းထံတွင် သုံးနှစ်သာ ပညာသင်ခဲ့ရသူ ဖြစ်သည်။
နောက်ထပ် ပိုတော်သော ပညာရှင်တစ်ဦးမှာ လီကျန်းအကယ်ဒမီမှ နင်ယွီ ဖြစ်သည်။ သူက ကူလင်း၏ ပထမဆုံး တပည့်ရင်းဖြစ်ပြီး သူ့အရည်အချင်းက ပို၍ မြင့်မားသည်။
နင်ယွီက ကူချင်တွင် ထူးချွန်ပြီး ချွေ့ဖူက စာရေးအလှနှင့် ပန်းချီတွင် ထူးချွန်သည်။ လီကျန်းအကယ်ဒမီကို ကိုယ်စားပြုသော ဤနှစ်ဦး ပေါင်းလိုက်လျှင် ပြိုင်ဘက်ကင်း ဖြစ်သွားကြသည်။
ဤဂုဏ်သရေရှိ မိသားစုများ၏ သားသမီးများမှာ တကယ့်ကို ဘီလူးသရဲစီးနေသည့် ပါရမီရှင်များပင် ဖြစ်ကြသည်။ မိန်းမစိုးအကယ်ဒမီက အဘယ်ကြောင့် အမြဲတမ်း ပြန်မတိုက်နိုင်ဘဲ ရှုံးနိမ့်နေရသနည်းဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဂီတစွမ်းရည်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ လီကျန်းအကယ်ဒမီနှင့် နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားများ တစ်ဦးပြီးတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ရှောင်ဘိုင်လီ၏ အံ့မခန်းဖွယ် ဖွင့်ပွဲပြီးနောက် အခြားပြိုင်ပွဲဝင်များ၏ ဖျော်ဖြေမှုများသည် အနည်းငယ် မှေးမှိန်သွားပုံရသည်။
ဤလူများ၏ အဆင့်အတန်းမှာ အလွန်မြင့်မားပြီး ယခင်က တုပိုင်ထက် အဆပေါင်းများစွာ သာလွန်ကာ ကမ္ဘာမြေပေါ်ရှိ ခေတ်သစ် ကူချင်ပညာရှင်များထက်ပင် ပိုတော်ကြသော်လည်း ပြင်းထန်သော အမှတ်ပေးစနစ်အောက်တွင် နောက်ထပ် ပြိုင်ပွဲဝင် ရှစ်ဦး၏ အမြင့်ဆုံးရမှတ်မှာ ၈၇ မှတ်သာ ရှိခဲ့သည်။
အားလုံးက ရှောင်ဘိုင်လီထက်ပင် သာလွန်သော စစ်မှန်သော ထိပ်သီးပညာရှင် နင်ယွီ၏ ကူချင်သံစဉ်ကို စောင့်မျှော်နေကြသည်။
နောက်ဆုံးတွင် ဇာတ်လိုက်ကျော် ထွက်ပေါ်လာသည်။
ဆရာသခင်များကြားမှ ဆရာသခင်၊ ကူချင်သူတော်စင် ကူလင်း၏ တပည့်ရင်း၊ ငယ်ရွယ်စဉ်ကတည်းက နောက်ထပ် ကူချင်သူတော်စင်အဖြစ် ချီးကျူးခံရသူ နင်ယွီ။
နင်ယွီသည်လည်း ဂုဏ်သရေရှိ မိသားစုမှ ဆင်းသက်လာပြီး မြောက်ပိုင်းမှ ထိပ်သီးပညာရှင် နင်ပေါ်ယာ၏ သားအကြီးဆုံး ဖြစ်သည်။ တောင်ပိုင်းက ကျန်း၊ မြောက်ပိုင်းက နင် ဆိုသည်မှာ တာ့နင်မင်းဆက်၏ ဆရာသခင်အဆင့် ကွန်ဖြူးရှပ်ပညာရှင်ကြီးနှစ်ဦးဖြစ်သော ကျန်းရန်မင်နှင့် နင်ပေါ်ယာကို ရည်ညွှန်းခြင်း ဖြစ်သည်။
နင်ယွီ ကူချင်ရှေ့သို့ လျှောက်လာသောအခါ အားလုံးက အသက်ရှူအောင့်ထားလိုက်ကြသည်။ သံစဉ်တစ်ချက် လွတ်သွားမည်ကို စိုးရိမ်နေကြသကဲ့သို့ပင်။
နင်ယွီက သွယ်လျသော လက်ချောင်းလေးများဖြင့် ကြိုးများကို ညင်သာစွာ ခတ်လိုက်သည်။
ချက်ချင်းပင် လှပသော ဂီတသင်္ကေတများ ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့ စီးဆင်းသွားသည်။
စစ်မှန်သော ဆရာသခင်များသည် ပထမဆုံးအသံထွက်လာသည်နှင့် လူတိုင်းကို ဖမ်းစားနိုင်စွမ်း ရှိကြသည်။
ကူချင်သည် ထိန်းချုပ်ရန် ပိုခက်ခဲသည်။ တုန်ခါမှု၏ အသံနေအသံထားနှင့် ကြာချိန်ကို ကစားသမားက လုံးဝ ထိန်းချုပ်ရသည်။ အနည်းငယ် ပိုဆိုရလျှင် နင်ယွီ ပဉ္စမမြောက် အသံကို တီးလိုက်သည့်အခါ လူတိုင်း ကြက်သီးမွေးညင်း ထသွားကြသည်။
ထို့နောက် အနုပညာပွဲတော်ကြီး စတင်တော့သည်။ သိမ်မွေ့နက်နဲသော ခံစားမှုတစ်ခုပင်။
နင်ယွီ တီးခတ်နေသည်မှာ လွန်ခဲ့သော နှစ် ငါးရာက အကြီးမြတ်ဆုံး ကူချင်ပညာရှင်ကြီး လီယွီနျန် ရေးစပ်ခဲ့သော မြစ်ထဲက လမင်း အမည်ရှိ နာမည်ကျော် သီချင်းတစ်ပုဒ် ဖြစ်သည်။ ထိုသီချင်းသည် ယနေ့ခေတ်တွင် ဂန္တဝင်အဖြစ်ဆုံး သီချင်းများထဲမှ တစ်ပုဒ်ဖြစ်ပြီး အလွန်လှပသည်။
“သီချင်းသံက လေထဲမှာ သုံးရက်ကြာ ပဲ့တင်ထပ်နေတယ်” “သုံးလလောက် အသားအရသာကို မသိတော့ဘူး” ဆိုသည့် စကားပုံများ၏ အဓိပ္ပာယ်ကို ဤအချိန်တွင် နားလည်သွားသကဲ့သို့ ခံစားရသည်။
ဂီတကို နားလည်သည်ဖြစ်စေ။ နားမလည်သည်ဖြစ်စေ လူတိုင်း ဂီတထဲတွင် လုံးဝ စီးမျောသွားကြသည်။
နင်ယွီက ရန်ကျိုးရှိ ထိပ်တန်းပြည့်တန်ဆာမယ် ဆယ်ဦးကို အနိုင်ယူနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ ထို့အပြင် ရှောင်ဘိုင်လီကဲ့သို့ သိုင်းပညာနှင့် အတွင်းအားကို ဂီတထဲတွင် ဝှက်ထားခြင်းမျိုး မဟုတ်ဘဲ နင်ယွီ၏ တီးခတ်မှုသည် စစ်မှန်သော ဂီတသက်သက်။ အနုပညာသက်သက် ဖြစ်သည်။
ဂီတသံစဉ်များကြားတွင် အချိန်စီးဆင်းမှု နှေးကွေးသွားသကဲ့သို့ ခံစားရသဖြင့် အချိန်ကြာမြင့်သွားသလို ထင်ရသည်။
တစ်ဖက်မှာလည်း အံ့သြဖွယ်ကောင်းသော အခိုက်အတန့်များသည် အမြဲတမ်း ကုန်ဆုံးလွယ်သဖြင့် အချိန်ကုန်မြန်လွန်းသည်ဟု ထင်ရပြန်သည်။
တုပိုင်ပင်လျှင် ဈာန်ဝင်စားနေမိသည်။
နင်ယွီ၏ ကူချင်စွမ်းရည်သည် တကယ်ကို ထူးခြားပြောင်မြောက်သည်ဟု ပြောရမည်။ ခေတ်သစ်ကမ္ဘာမြေတွင် သူ့ကို ယှဉ်နိုင်မည့်သူ ရှာတွေ့ရန် ခက်ခဲလိမ့်မည်။ ထို့အပြင် ဤ မြစ်ထဲက လမင်းသီချင်းသည် နွေဦးမြစ်ရေ လပန်းည နှင့် ဆင်တူသော ဆွဲဆောင်မှုမျိုးရှိပြီး အမှန်တကယ် လှပသည်။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် နင်ယွီ တီးခတ်ပြီးသွားသည်။
ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အားလုံးက အရသာခံနေသကဲ့သို့ ဖြစ်နေပြီး သုံးမိနစ်ခန့်ကြာမှ လက်ခုပ်သံများ ဟိန်းထွက်လာသည်။
ထန်ယန်ပင်လျှင် မတ်တတ်ရပ်ပြီး လက်ခုပ်တီးသည်။ ယဉ်ကျေးမှုအရ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ဂီတစွမ်းရည်အရ သူသည် နင်ယွီကို မယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။
ဒိုင်လူကြီးလေးဦး အမှတ်စပေးတော့မည်။
ဖန်းဝူနယ်စားမင်း လျူဝူဟွမ်းက ပြောလိုက်သည်။ “သူ့ရဲ့ ကျွမ်းကျင်မှုအဆင့်က ကျွန်တော့်ထက် အများကြီး သာလွန်နေတော့ ကျွန်တော် မဝေဖန်ရဲပါဘူး။ ၉၉ မှတ်။ လျှော့လိုက်တဲ့ တစ်မှတ်ကတော့ ဘာလို့လျှော့လိုက်မှန်း မသိဘူး။ လျှော့သင့်တယ်လို့ ခံစားရလို့ လျှော့လိုက်တာ။”
ကွမ်ရှီးပြည်နယ် ဘုရင်ခံ လော့ဝမ်က ပြောသည်။ “ဒီသီချင်းတစ်ပုဒ်တည်းနဲ့တင် ဒီတက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲကြီးက ဂန္တဝင်တွင်ကျန်ရစ်ခဲ့ပြီ။ ၉၉ မှတ် ပေးပါတယ်။ တစ်မှတ်လျှော့ရတာက ဒါဟာ ဆရာကြီး လီယွီနျန်ရဲ့ လက်ရာမွန်ဖြစ်ပြီး နင်ယွီ ကိုယ်တိုင်ရေးစပ်ထားတာ မဟုတ်လို့ပါ။”
အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်က ပြောသည်။ “နောက်ထပ် ဆယ်နှစ်လောက်ဆိုရင် ကူချင်ဆရာသခင်အသစ်တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်။ ၉၉ မှတ်ပါ။ ဒါပေမဲ့ ကိုယ်ပိုင်သီချင်း မဟုတ်လို့ တစ်မှတ်လျှော့ပါတယ်။”
ဒိုင်လူကြီးချုပ် ကျန်းရန်မင်က ပြောသည်။ “ဒီလောကကြီးမှာ ပါရမီရှင်တွေ တကယ်ရှိတာပဲ။ ဂီတပါရမီအပိုင်းမှာတော့ နင်ယွီက ပြိုင်ဘက်ကင်းလုနီးပါးပါပဲ။ ၉၉ မှတ်ပါ။ ဒါပေမဲ့ ကိုယ်ပိုင်သီချင်းမဟုတ်ဘဲ ဂန္တဝင်သီချင်းကို တီးခတ်ခဲ့လို့ တစ်မှတ်လျှော့ပါတယ်။”
လီကျန်းအကယ်ဒမီမှ နင်ယွီသည် ကူချင်ပြိုင်ပွဲတွင် ၉၉ မှတ် ရရှိပြီး တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲ သမိုင်းတစ်လျှောက် စံချိန်သစ် တင်နိုင်ခဲ့သည်။ ဤစံချိန်ကို ဘယ်တော့မှ ချိုးဖျက်နိုင်တော့မှာ မဟုတ်ဘူးလို့ လူတိုင်း ခံစားလိုက်ရသည်။
နင်ယွီသည် ပရိသတ်ကို ဦးညွတ်ပြီး ပြန်လည်ထွက်ခွာသွားသည်။
နောက်တစ်လှည့်ကတော့ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီမှ တုပိုင်၏ အလှည့်ဖြစ်သည်။
လူတိုင်း တီးတိုးပြောဆိုနေကြပြီး မျက်နှာများတွင် စိတ်မရှည်မှုများ ပေါ်နေသည်။ အနုပညာပွဲတော်ကြီးကို ခံစားပြီးကာစမို့လို့ ဤအချိန်တွင် ဘာလာလာ အရသာမရှိသကဲ့သို့ ဖြစ်နေလိမ့်မည်။
ထို့ပြင် မိန်းမစိုးအကယ်ဒမီက မည်သို့သော အနုပညာဆရာသခင်မျိုးကို မွေးထုတ်ပေးနိုင်မည်နည်း။ ပြီးခဲ့သော ပြိုင်ပွဲများတွင်မူ မိန်းမစိုးကျောင်းသားများသည် ရိုင်းစိုင်းပြီး အရသာမရှိသော သီချင်းများကိုသာ တီးခတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့မှသာ လူများ၏ အာရုံစိုက်မှုကို ရပြီး အမှတ်ရနိုင်မည် ဖြစ်သည်။
သို့သော် လွန်ခဲ့သော ဆယ်နှစ်အတွင်း တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲများတွင် မိန်းမစိုးဂိုဏ်းကျောင်းသား မည်သူမျှ ကူချင်စွမ်းရည်ပြိုင်ပွဲ၌ အမှတ် ရှစ်ဆယ်ကျော် မရရှိခဲ့ဖူးပေ။
နင်ယွီ၏ နတ်သမီးအသံကဲ့သို့ သီချင်းကို နားထောင်ပြီးကာစမို့လို့ တုပိုင်၏ ဖျော်ဖြေမှုကို ဆူညံသံအနှောင့်အယှက်ဟုသာ သတ်မှတ်ကြမည်မှာ သေချာသည်။
ထင်ထားသည့်အတိုင်းပင် တုပိုင် ကူချင်ရှေ့ ဝင်ထိုင်လိုက်သည်နှင့် လူအများအပြားက နားပိတ်လိုက်ကြသည်။ သူတို့၏ ခံစားချက်ကို အဖျက်မခံလိုကြသကဲ့သို့ နင်ယွီ ပေးစွမ်းခဲ့သော အံ့သြဖွယ် ခံစားမှုကိုလည်း အပျက်မခံနိုင်ကြပေ။
လီဝမ်ဟွေ့က တုပိုင်ကို ကြည့်ပြီး အနည်းငယ် ပြုံးပြလိုက်သည်။ နိုင်သည် ရှုံးသည်ကို ဂရုမစိုက်ဘဲ စိတ်ကို လျှော့ထားဖို့ အချက်ပြလိုက်ခြင်း ဖြစ်သည်။
တုပိုင် အသက်ဝဝရှူလိုက်ပြီး မျက်လုံးကို မှိတ်ကာ ယခင်က မက်ခဲ့သော အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။
အိပ်မက်ထဲတွင် သူ့ကို ဇီသာသင်ပေးခဲ့သော ဝတ်ရုံဖြူဝတ် အဘိုးအိုမှာ မည်သူနည်းဆိုသည်ကို သူ မသိသော်လည်း ထိုအဘိုးအို၏ ကျွမ်းကျင်မှုအဆင့်က နင်ယွီ၏ ဆရာ၊ ကူချင်ဆရာသခင် ကူလင်း အပါအဝင် လူတိုင်းထက် သာလွန်နေမည်မှာ သေချာသည်။
မျက်လုံးမှိတ်ထားရင်း ဝတ်ရုံဖြူဝတ် အဘိုးအိုက သူ့ဘေးနားမှာ ရှိနေပြီး အကြည့်တွေနဲ့ လမ်းညွှန်ပေးနေသလို တုပိုင် ခံစားလိုက်ရသည်။
“တင်းးး။”
တုပိုင်သည် နှစ်ပေါင်းတစ်ထောင်အတွင်း တရုတ်ပြည်၏ နံပါတ်တစ် ဟိတ်ဟန်အကြီးဆုံး သီချင်းဖြစ်သော ဂွမ်လင်းစန်း ကို စတင်တီးခတ်လိုက်သည်။
သူ မည်မျှကောင်းမွန်စွာ တီးခတ်နေသည်ကို သူ မသိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အိပ်မက်ကမ္ဘာထဲ ရောက်ရှိနေပြီး မိမိအသံကို မိမိမကြားရဘဲ ခံစားချက်သက်သက်ဖြင့် တီးခတ်နေ၍ ဖြစ်သည်။
သူ သံစဉ်အနည်းငယ် တီးခတ်လိုက်ရုံရှိသေးသည်။ လီဝမ်ဟွေ့ မျက်လုံးပြူးသွားသည်။ သူ သိပ်နားမလည်သော်လည်း တုပိုင်၏ ကျွမ်းကျင်မှုအဆင့်မှာ အလွန်မြင့်မားနေသည်ကိုတော့ သူ ခံစားမိသည်။
ထန်ယန် အံ့အားသင့်သွားသည်။ သူသည် တုပိုင်၏ တီးခတ်သံကို မကြားလို၍ မျက်လုံးမှိတ်ပြီး ပျင်းရိစွာ နေနေခြင်းဖြစ်သည်။
သို့သော် တုပိုင်၏ တီးခတ်သံကို ကြားလိုက်ရသည်နှင့် ချက်ချင်း မျက်လုံးဖွင့်။ ခါးမတ်ပြီး တုပိုင်ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။
တုပိုင်မှာ အနုပညာကို မတတ်မြောက်သော အခွင့်အရေးသမားတစ်ယောက် မဟုတ်ပါလော။
အဘယ်ကြောင့် သူ၏ ကူချင်စွမ်းရည်မှာ ဤမျှ မြင့်မားနေရသနည်း။
ဒုတိယမြောက် လန့်သွားသူကတော့ နင်ယွီ ဖြစ်သည်။ တုပိုင်၏ ကူချင်စွမ်းရည်က သူ့လောက် မကောင်းသော်လည်း တုပိုင်တီးခတ်နေသော သီချင်းက လုံးဝ စိမ်းနေသည်။
ထို့အပြင် အနုပညာ အနှစ်သာရက အလွန်မြင့်မားပြီး ခက်ခဲမှုအဆင့်ကလည်း သာမန်မဟုတ်ပေ။ သူတီးခတ်ခဲ့သော မြစ်ထဲက လမင်းထက် များစွာ သာလွန်နေသည်။
ကျန်းရန်မင် ဦးဆောင်သော ဒိုင်လူကြီး လေးဦးသည် အလွန်စိတ်လှုပ်ရှားနေကြပြီး မျက်လုံးများ အရောင်တောက်လာကာ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေကြသည်။
အပိုင်း (၅၀) ပြီး။
(စကားမစပ် ကျွန်တော်ရဲ့ တရုတ်ဆရာက ကူချင်းက မမှန်ဘူး။ ကူချင်ကမှ အမှန်ဆိုလို့ ကူချင်ဆိုပြီး သုံးနေတာပါဗျ။ နှစ်သစ်မာ ကျန်းမာပျော်ရွင်ကြပါစေ။)