အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၁
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang'e 🌕
နောက်ဆုံးတော့ သူသည် အသစ်အဆန်းဖြစ်ပြီး နားမထောင်ဖူးသေးသော တေးသွားဆန်းတစ်ခုကို ကြားလိုက်ရပြီဖြစ်၏။
သူသည် လီယွီနျန်၏ မြစ်ထဲက လမင်းသီချင်းကို နေ့တိုင်း နားထောင်စရာ မလိုတော့ချေ။ ထိုသီချင်းမှာ အလွန်သာယာလှပသော်လည်း နှစ်ပေါင်း ၅၀၀ ကြာမြင့်ခဲ့ပြီဖြစ်ရာ တရုတ်ပညာရှင်များ၏ နားထဲတွင် ရိုးအီနေပြီဖြစ်သည်။
တုပိုင်သည် ခေတ်အဆက်ဆက် အဟိတ်ဟန်အထုတ်နိုင်ဆုံး ဂီတဖြစ်သည့် ဂွမ်လင်းစန်းကို ဆက်လက်တီးခတ်နေလေ၏။
တစ်မိနစ်ခန့် နားထောင်ပြီးနောက် ကျန်းရန်မင်သည် ဤသီချင်းမှာ ဆယ်စုနှစ်များစွာအတွင်း မတွေ့ခဲ့ရဖူးသော လက်ရာမွန်တစ်ခုဟု ခံစားလိုက်ရသည်။
နှစ်မိနစ်ခန့် နားထောင်ပြီးနောက် ရာစုနှစ်တစ်ခုအတွင်း မကြုံဖူးသော လက်ရာမွန်ဟု ခံစားလိုက်ရပြန်သည်။ သုံးမိနစ်ခန့် ကြာသောအခါ ကျန်းရန်မင်က ဤသီချင်းမျိုးသည် နှစ်တစ်ထောင်မှ တစ်ခါသာ ပေါ်ထွက်လာနိုင်သော လက်ရာမွန်ဖြစ်ကြောင်း ခံစားလိုက်ရလေသည်။
သီချင်းဆုံးခါနီးအချိန်တွင် ကျန်းရန်မင်တစ်ယောက် မျက်ရည်များ ကျဆင်းနေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤတေးသွားထဲတွင် သူ၏ ကိုယ်ပိုင်ဘဝ အတွေ့အကြုံများမှ ပဲ့တင်သံများကို ကြားနေရသောကြောင့် ဖြစ်သည်။
လက်တွေ့ဘဝကို ရင်ဆိုင်ရချိန်တွင် ခံစားရသော နာကျင်မှုနှင့် ကူကယ်ရာမဲ့မှုများ၊ ထွက်ပြေးချင်သော်လည်း သွားစရာမရှိသည့် ဝမ်းနည်းပူဆွေးမှုများ၊ လောကကြီးကို စွန့်ခွာရခြင်း၏ သက်သာရာရမှုများနှင့် ဝိညာဉ်၏ အထီးကျန်ဆန်မှုကို မလွတ်မြောက်နိုင်ခြင်းများ ပါဝင်နေလေသည်။
အခြားဒိုင်လူကြီး ၃ ဦးမှာ ကျန်းရန်မင်ကဲ့သို့ ပညာရပ်ပိုင်းဆိုင်ရာတွင် နှံ့စပ်ခြင်းမရှိသော်လည်း သူတို့အားလုံးသည် နာမည်ကျော် ကွန်ဖြူးရှပ်ပညာရှင်ကြီးများ ဖြစ်ကြသည်။ ထို့ကြောင့် သီချင်းသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ဤသီချင်းသည် သူတို့အတွက် သီးသန့်စပ်ဆိုထားခြင်းဖြစ်သည်ဟု ခံစားလိုက်ရလေသည်။
မြစ်ထဲက လမင်းမှာ ကောင်းမွန်သော်လည်း လူကြိုက်များလွန်းလှသည်။ ဤထိပ်သီးပညာရှင်ကြီးများသည် လူကြိုက်နည်းပြီး အဆင့်အတန်းမြင့်မားသော၊ သိမ်မွေ့နက်နဲပြီး တင့်တယ်သော၊ အထီးကျန်ဆန်ပြီး လောကနှင့် ကင်းကွာသော၊ သာမန်လူအများစု နားမလည်နိုင်သော အရာမျိုးကိုသာ လိုချင်ကြခြင်းဖြစ်သည်။
ပရိသတ်များမှာမူ သီချင်းသံကို သိပ်ပြီး သဘောမကျကြသဖြင့် အစပိုင်းတွင် တီးတိုးပြောဆိုနေကြသည်။ သို့သော် ကျန်းရန်မင်နှင့် ကွေ့တုန်းယန်ကဲ့သို့သော ဆရာသခင်ကြီးများ၏ စိတ်လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ငြိမ်သက်သွားကြလေ၏။
သူတို့ နားမလည်ကြသော်လည်း ကြည့်ရသည်မှာ ကြီးကျယ်ခမ်းနားပုံ ပေါ်နေသည်။ ငါးမိနစ်ခန့် ကြာသောအခါ တုပိုင် တီးခတ်မှု ပြီးဆုံးသွားပြီး အမှတ်ပေးရမည့်အချိန် ရောက်လာလေသည်။
**--**--**--**--**--**--**--**
ဒိုင်လူကြီးလေးဦးစလုံး တိတ်ဆိတ်နေကြပြီး အလွန်ခက်ခဲသော အခြေအနေနှင့် ကြုံတွေ့နေရပုံ ပေါ်သည်။ ဖန်းဝူနယ်စားမင်း လျူဝူဟွမ်းက စတင်ပြောကြားလိုက်သည်။
"ငါ အရင်စပြောမယ်။ ငါက စားလိုက်သောက်လိုက်နဲ့ အေးအေးဆေးဆေး နေတတ်တဲ့သူဆိုတော့ ငါပြောတာ မှားသွားရင်လည်း ကိစ္စမရှိပါဘူး။"
လျူဝူဟွမ်းသည် နယ်စားမင်းတစ်ပါး ဖြစ်သော်လည်း အနောက်တောင်ဘက် ဒေသတစ်ခုလုံး၏ တိုင်မဏ္ဍိုင်ဖြစ်သော ကျန်းနန်နယ်စားမင်းနှင့် မတူဘဲ အာဏာသိပ်မရှိသည့် ချမ်းသာသော လူ့မလိုင်တစ်ဦးသာ ဖြစ်သည်။
"ပထမဆုံးအနေနဲ့ ပြောရရင် မောင်တုပိုင်ရဲ့ ကူချင်တီးခတ်တဲ့ စွမ်းရည်က နင်ယွီလောက် မကောင်းပါဘူး။" လျူဝူဟွမ်းက ဆက်ပြောသည်။ "ဒါပေမဲ့ အရမ်းထူးခြားလွန်းပါတယ်။ ဘာကြောင့်လဲတော့ မသိဘူး... ငါ သူ့ကို ၉၉ မှတ် ပေးချင်တယ်ကွာ... ဒါပါပဲ။"
တုပိုင်၏ ရမှတ်မှာ နင်ယွီ၏ ရမှတ်နှင့် တူညီနေသည်ကို တွေ့လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြလေသည်။
နောက်တစ်ယောက်မှာ ကွမ်ရှီးဘုရင်ခံ လော့ဝမ် ဖြစ်သည်။ သူသည် အချိန်အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်၏။
"တုပိုင်ရဲ့ ကူချင်စွမ်းရည်က နင်ယွီကို မမှီဘူးဆိုတာ ကျွန်တော်လည်း ဝန်ခံပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သီချင်းက ကျွန်တော် တစ်ခါမှ နားမထောင်ဖူးတဲ့ သီချင်းမျိုးဗျ။ ပြီးတော့ အဆင့်အတန်းကလည်း မြစ်ထဲက လမင်းထက် အများကြီး ပိုမြင့်တယ်။ နောက်နှစ်တစ်ထောင်လောက်နေရင်တောင် ဒီလိုမျိုး တတိယမြောက်သီချင်း ထပ်ပေါ်လာဖို့ မဖြစ်နိုင်တော့ဘူး။ လက်ရှိက တကယ့်ကို... ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော် ၉၉ မှတ် ပေးပါတယ်။"
အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်ကလည်း ပြောလိုက်သည်။
"၉၉ မှတ်ပါ။ ဒီသီချင်းက မကြာခင်မှာ ယဉ်ကျေးမှု အမွေအနှစ် ရတနာတစ်ခု ဖြစ်လာတော့မှာပါ။"
ကျန်းရန်မင်မှာ အကြပ်ရိုက်နေလေသည်။ သူက ပြောလိုက်၏။
"ခင်ဗျားတို့ သုံးယောက်က ဒီပြဿနာအခက်ကြီးကို ကျွန်တော့်ဆီ ပုံချပေးလိုက်တော့ ကျွန်တော်ပဲ ဖြေရှင်းပေးရတာပေါ့။ ၉၉.၅ မှတ်ပါ။ အကြောင်းရင်းက ရှင်းပါတယ်။ ကျွန်တော်တို့ ဒီသီချင်းကို အဆုံးရှုံးမခံနိုင်ပါဘူး။ ဆုံးရှုံးလိုက်ရရင် ကျွန်တော်တို့ သမိုင်းမှာ ဟာသဖြစ်ကျန်ရစ်ခဲ့လိမ့်မယ်။"
နောက်ဆုံးတွင် တုပိုင်သည် ပျမ်းမျှ ၀.၁ မှတ်အသာဖြင့် နင်ယွီကို ကျော်ဖြတ်ကာ ကူချင်တီးခတ်မှုတွင် အကောင်းဆုံးဖြစ်လာခဲ့လေသည်။
ပရိသတ်များမှာ မယုံနိုင်စွာဖြင့် အာမေဋိတ်သံများ ထွက်ပေါ်လာကြ၏။ တုပိုင်၏ သီချင်းက တကယ်ပဲ အဲဒီလောက် ကောင်းသလား။ သူတို့ကတော့ ဘာမှန်းမသိသလို နားထောင်လို့လည်း သိပ်မကောင်းလှချေ။
သို့သော် ဒိုင်လူကြီးလေးဦးစလုံးသည် လာဘ်ထိုး၍မရနိုင်သော အလွန်အရေးကြီးသည့် ပုဂ္ဂိုလ်များဖြစ်ကြရာ ရမှတ်မှာ လုံးဝ တရားမျှတမှု ရှိပေသည်။
ထိုနေရာရှိ ပရိသတ်အများစုမှာ ဤမျှ အံ့သြဖွယ်ကောင်းသော ဂီတကို ခံစားနားလည်နိုင်ခြင်း မရှိသည့်အတွက် မိမိတို့၏ အဆင့်အတန်း နိမ့်ပါးလွန်းသည်ဟု တွေးကာ အားငယ်သွားကြလေသည်။
အရေးကြီးပုဂ္ဂိုလ်ကြီး ၄ ဦးမှာမူ လူတိုင်း ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အလွန် ကျေနပ်သွားကြသည်။
'မင်းတို့လို သာမန်လူတန်းစားတွေက ဒီလို ဘုရားသီချင်းမျိုးကို ဘယ်နားလည်နိုင်ပါ့မလဲ။ မင်းတို့သာ နားလည်ရင် ငါတို့က ဘယ်လိုလုပ် ဆရာကြီးဂိုက်ဖမ်းလို့ ရတော့မှာလဲ။'
ထိုအချိန်တွင် တုပိုင်၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။
အပိုင်း (၅၁) ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂
မူရင်းစာရေးဆရာ။ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
‘ငါ နိုင်ပြီဟေ့… ဒီလို ဂေါ်တဲ့သီချင်းမျိုးက တကယ်မိုက်တာပဲ… ငါ့ရဲ့ စွမ်းရည်က နင်ယွီထက် အများကြီး ညံ့တာတောင် သူ့ကို နိုင်သွားတယ်ကွ… အဟားဟားဟား။’
ထို့နောက် တုပိုင်သည် ဂွမ်လင်းစန်းသီချင်းကို နောက်ဘယ်တော့မှ ထပ်မတီးတော့ဟု ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ထိုသီချင်းမှာ နားထောင်ရ ဆိုးဝါးသည်ဟု ထင်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် မယုံကြည်နိုင်ဆုံးနှင့် အပျော်ရွှင်ဆုံး ဖြစ်နေသူမှာ လီဝမ်ဟွေ့ပင် ဖြစ်သည်။ သူသည် ဤပြိုင်ပွဲအတွက် မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်ထားခဲ့သော်လည်း တုပိုင်က သူ့အား ဤမျှကြီးမားသော အံ့အားသင့်မှုကို ပေးစွမ်းကာ ပထမဆုံးတိုက်ပွဲတွင် အနိုင်ယူပေးလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
‘ဒီကလေးက တကယ်ပဲ ကောင်းကင်ဘုံက ပေးသနားလိုက်တဲ့ လက်ဆောင်ပါလား။ မိန်းမစိုးဂိုဏ်းနဲ့ တာ့နင်မင်းဆက်တစ်ခုလုံးအတွက် စေလွှတ်လိုက်တဲ့ ဉာဏ်ကြီးရှင်များ ဖြစ်နေမလား။’
တစ်ချိန်တည်းမှာပင် မိန်းမစိုးအကယ်ဒမီမှ ပညာရှင်လေးဦးနှင့် မိန်းမစိုးများမှာ ကြောင်အမ်းအမ်း ဖြစ်နေကြဆဲပင်။ ‘သီချင်းက တကယ်ပဲ အဲဒီလောက် ကောင်းသလား။’ သူတို့လည်း မသိချေ။ ‘နင်ယွီကို ဘယ်လိုလုပ် နိုင်သွားတာလဲ။’
သို့သော် နင်ယွီကိုယ်တိုင်က မတ်တတ်ထမကန့်ကွက်သဖြင့် သူတို့လည်း မမေးရဲကြချေ။ ထိုအချိန်တွင် လီကျန်းအကယ်ဒမီမှ နင်ယွီ၏ စိတ်ထဲ၌ စကားလုံးအနည်းငယ်သာ ရှိတော့သည်။
‘တောက်… သွားပြီကွာ။’
သူသည် ကူချင်ပညာရှင်စစ်စစ် တစ်ဦးဖြစ်ရာ ဤသီချင်းသည် ပညာရှင်များအပေါ် မည်မျှ လွှမ်းမိုးမှုရှိကြောင်း ကောင်းစွာ သိရှိလေသည်။ အမှန်တကယ်တွင် သူကိုယ်တိုင်ပင် ထိုသီချင်းကို ယခုချက်ချင်း တီးခတ်ချင်နေမိသည်။
ထောင်စုနှစ်တစ်ခုမှ တစ်ကြိမ်သာ ကြုံရတတ်သော လက်ရာမွန်မျိုးနှင့် ရင်ဆိုင်ရပါက တုပိုင်၏ တီးခတ်မှု အတော်အသင့် ကောင်းမွန်ရုံဖြင့် အနိုင်ရရန် သေချာသလောက်ပင်။
ကျန်းရန်မင်က ရုတ်တရက် မေးလိုက်သည်။
“တုပိုင်… ဒီသီချင်းနာမည်က ဘာလဲ။”
“ဂွမ်လင်းစန်း ပါ။”
တုပိုင်က ဖြေလိုက်သည်။
“နာမည်ပေးတာ ကောင်းလိုက်တာ…” ကျန်းရန်မင်သည် စားပွဲကို လက်ဖြင့်ရိုက်ကာ ပြောလိုက်၏။ “မင်းက ရှေးဟောင်းသီချင်းစာရွက် အပျက်အစီးတွေကြားမှာ ဒီလက်ရာမွန်ကို မြှုပ်နှံမထားဘဲ ပြန်ဖော်ထုတ်ပေးခဲ့တဲ့အတွက် ကောင်းမှုအကြီးကြီး ပြုခဲ့တာပဲ။ ဒီသီချင်းတစ်ပုဒ်တည်းနဲ့တင် မင်းနာမည်က သမိုင်းတွင်ကျန်ရစ်တော့မှာ။”
ဤသီချင်းကို တုပိုင် ရေးစပ်ခဲ့သည်ဟု မည်သူမျှ မယုံကြည်ကြပေ။ အကယ်၍ သူသာ ကိုယ်တိုင်ရေးခဲ့သည်ဟု ပြောရဲပါက ဝိုင်းရိုက်သတ်ခြင်း ခံရပေလိမ့်မည်။
ထို့နောက် တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲ၏ ပထမနေ့ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ကွမ်ရှီးမိန်းမစိုးအကယ်ဒမီမှ ပထမအချီ အနိုင်ရရှိကြောင်း ကျန်းရန်မင်က ကြေညာလိုက်လေသည်။
ဤရလာဒ်ကလည်း သင့်တော်လေ၏။ လက်ရာသုံးမျိုးရှိကာ ကောင်း၊ မြတ်၊ မွန်တို့ဖြစ်ကြသည်။ နင်ယွီ၏ လက်ရာအား လက်ရာမြတ်ဟူပြီး သုံးနှုန်းပါက တုပိုင်၏ လက်ရာကိုတော့ လက်ရာမွန်ဟူ၍ ပြောရပေမည်။
**--**--**--**--**--**--**--**
နေအိမ်သို့ ပြန်ရောက်သောအခါ အရက်တစ်စက်မျှ မသောက်တတ်သော လီဝမ်ဟွေ့သည် ပြင်းရှသော အရက်တစ်အိုးလုံးကို မော့သောက်လိုက်ပြီး ခြံဝင်းထဲတွင် သိုင်းကွက်များကို စိတ်အားထက်သန်စွာ လေ့ကျင့်လေတော့သည်။ သူ အလွန် ပျော်ရွှင်နေ၏။
အခြားအခန်းတစ်ခန်းထဲတွင်မူ အင်အားကြီး ပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် လီကျန်းအကယ်ဒမီ ကျောင်းအုပ်ကြီး အော်ယန်ထန်နှင့် နန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး ကျူးဝူယာတို့ တိတ်ဆိတ်နေကြသည်။
ဤ အကယ်ဒမီသုံးခု ပူးပေါင်းကျင်းပသော သိုင်းပြိုင်ပွဲကြီးသည် သေချာသလောက် ရှိနေပြီဖြစ်သည်။ အထူးသဖြင့် လီဝမ်ဟွေ့သည် ၄-၅ နှစ်ကြာအောင် သူကိုယ်တိုင် ဂရုတစိုက် လေ့ကျင့်ပေးထားသော ပညာရှင်မိန်းမစိုး ၄ ဦးကို ထုတ်ပယ်လိုက်ပြီးနောက် မိန်းမစိုးဂိုဏ်းအကယ်ဒမီအနေဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး လုံးဝမရှိတော့ချေ။
သို့သော် မထင်မှတ်ဘဲ တုပိုင် ပေါ်ထွက်လာပြီး ပထမနေ့ ပြိုင်ပွဲကို အနိုင်ယူသွားခဲ့သည်။
“မမျှော်လင့်ထားတဲ့ အမှားအယွင်းတွေ ထပ်မဖြစ်လောက်တော့ပါဘူးနော်။”
ကျူးဝူယာက မေးလိုက်သည်။
အော်ယန်ထန်က ပြောလိုက်၏။
“မဖြစ်လောက်တော့ပါဘူး။ ဒီနေ့ တုပိုင် နိုင်သွားတာကလည်း ကံတရားသက်သက်ပါပဲ။ သူက အံ့သြစရာကောင်းတဲ့ ဂီတစာရွက်ကို ကောက်ရခဲ့လို့ပါ။ တကယ်တမ်း သူ့ရဲ့ ကူချင်ပညာက နင်ယွီ့လောက် မကောင်းပါဘူး။”
ကျူးဝူယာက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ မနက်ဖြန်ကျင်းပမဲ့ စစ်တုရင်ပြိုင်ပွဲမှာတော့ ကံတရားဆိုတာ ရှိမှာမဟုတ်ဘူး။ ကျန်းယီကျီကို ထားလိုက်ဦး။ ကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်လောက်ဆိုရင်တောင် သူ့ကို အနိုင်ယူနိုင်တယ်။”
အော်ယန်ထန်က ပြောလိုက်၏။
“ဒီပြိုင်ပွဲမှာ အမှားအယွင်း နည်းနည်းလေးတောင် ရှိလို့မဖြစ်ဘူး။ မဟုတ်ရင် ခင်ဗျားရော ကျုပ်ရော တာဝန်မယူနိုင်ဘဲ ဖြစ်သွားလိမ့်မယ်။”
ကျူးဝူယာ ခေါင်းညိတ်လိုက်သည်။
ဤပြိုင်ပွဲကြီးသည် ကျောင်းမြေ ၁,၅၀၀ မူ အတွက်သာ မဟုတ်သလို မိန်းမစိုးဂိုဏ်း၏ ဂုဏ်သိက္ခာအတွက်သာလည်း မဟုတ်ပေ။ လီဝမ်ဟွေ့၏ အနာဂတ်နှင့်လည်း သက်ဆိုင်နေသည်။
လီဝမ်ဟွေ့သည် သိုင်းပညာ အလွန်ထူးချွန်ပြီး ရက်စက်ကြမ်းကြုတ်ကာ အလွန်ခေါင်းမာသူဖြစ်သည်။ အဓိကအချက်မှာ သူ၌ ကိုယ်ကျိုးစီးပွား လုံးဝမရှိဘဲ အများအကျိုးကိုသာ ဆောင်ရွက်တတ်ပြီး အင်ပါယာနှင့် ဧကရာဇ်အပေါ် အလွန် သစ္စာစောင့်သိသူဖြစ်သည်။
ထို့ကြောင့် အရပ်ဘက်အရာရှိအုပ်စုရော စစ်ဘက်အရာရှိအုပ်စုပါ သူ့ကို အာဏာရလာမည်ကို မလိုလားကြပေ။ အကယ်၍ သူအာဏာရလာပါက မိန်းမစိုးဂိုဏ်းကို ယှဉ်ပြိုင်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။
လီဝမ်ဟွေ့ကို ရာထူးတက်ခွင့် လုံးဝမပေးနိုင်ပေ။ ဤအခွင့်အရေးကို အသုံးချပြီး သူ့ကို ရာထူးမှ ဖယ်ရှားရမည်။ ဤသည်က အထက်လူကြီးများ၏ တိုက်ရိုက်အမိန့်ဖြစ်သည်။
**--**--**--**--**--**--**--**
တုပိုင်သည် လီဝမ်ဟွေ့နှင့်အတူ ညစာစားနေစဉ် ကျန်းရန်မင် အလည်ရောက်လာသည်။
“မျှော်လင့်ချက်မရှိဘူးလို့ ထင်ထားတဲ့ အခြေအနေကနေ မထင်မှတ်ဘဲ မျှော်လင့်ချက်ရောင်ခြည် သမ်းလာပါလား။” ကျန်းရန်မင်က စိတ်ဝင်တစား ပြောလိုက်သည်။ “လာ… တုပိုင်… မင်းရဲ့ စစ်တုရင်စွမ်းရည်ကို ငါစမ်းကြည့်ပါရစေဦး။ မနက်ဖြန် နိုင်နိုင်ချေ ရှိမရှိ သိရတာပေါ့။”
တုပိုင်က လီဝမ်ဟွေ့ကို လှမ်းကြည့်လိုက်သည်။
“လုပ်လိုက်လေ…”
လီဝမ်ဟွေ့က ပြောလိုက်သည်။
ထို့နောက် တုပိုင်နှင့် ကျန်းရန်မင်တို့ စစ်တုရင် စတင်ကစားကြလေတော့သည်။ တစ်နာရီခန့် မကြာမီမှာပင် တုပိုင် ရှုံးနိမ့်သွား၏။ အစမှအဆုံးတိုင်အောင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခြင်းဖြစ်သည်။
“ဟူး…” ကျန်းရန်မင် အလွန် စိတ်ပျက်သွားလေသည်။ တုပိုင်၏ စစ်တုရင်စွမ်းရည်ကို သူသိသွားပြီဖြစ်သည်။ တကယ့်ကို အပျော်တမ်းအဆင့်သာ ရှိ၏။ ပါရမီရှင် ကျန်းယီကျီကို ယှဉ်ဖို့မပြောနှင့် ပြိုင်ပွဲဝင် မည်သူ့ကိုမှ နိုင်အောင် ကစားနိုင်မည် မဟုတ်ချေ။ မနက်ဖြန်ပြိုင်ပွဲတွင် သူသည် ကျိန်းသေပေါက် နောက်ဆုံးအဆင့်သာ ရပေလိမ့်မည်။
“ဟားဟားဟား…” လီဝမ်ဟွေ့က အားရပါးရ ရယ်မောလိုက်သည်။ “ရပါတယ်ကွ။ ဒီနေ့ တစ်ပွဲနိုင်တာကပဲ မမျှော်လင့်ထားတဲ့ ဝမ်းသာစရာ ဖြစ်နေပါပြီ။ ငါက ဘယ်လိုလုပ် ပိုပြီး မျှော်လင့်ရဲပါ့မလဲ။ တုပိုင်… မနက်ဖြန်ကျရင် မင်း အကောင်းဆုံးသာ ကြိုးစားချေ။ ရှုံးရင်တောင် မင်းက ဂုဏ်ရှိရှိ ရှုံးခဲ့။”
တုပိုင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး။ ကျွန်တော် ပြန်နားလိုက်ပါဦးမယ်။”
“သွားတော့လေ…”
လီဝမ်ဟွေ့က ပြောလိုက်သည်။
တုပိုင်သည် နှုတ်ဆက်ထွက်ခွာလာပြီး အမြန်ပြန်အိပ်ရန် စိတ်စောနေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ စစ်တုရင်စွမ်းရည်မှာ တကယ်ကို ညံ့ဖျင်းလွန်းလှသဖြင့် အိပ်မက်ထဲတွင် ကြိုးကြိုးစားစား လေ့ကျင့်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ မနက်ဖြန်စာမေးပွဲအတွက် သုံးလစာ စာကို တစ်ညတည်းဖြင့် ထကျက်ခြင်းဟု ပြောရပေမည်။
**--**--**--**--**--**--**--**
တုပိုင် အိပ်ရာဝင်ပြီး အိပ်ပျော်သွားသည်နှင့် တပြိုင်နက် လုံးဝ အသစ်ဖြစ်သော အိပ်မက်တစ်ခုထဲသို့ ရောက်ရှိသွားလေသည်။
သို့သော် သူသည် အဘိုးအိုတစ်ဦးထံမှ စစ်တုရင်သင်ယူနေရသည်ဟု မမက်ဘဲ အခြားသူတစ်ဦးနှင့် ကစားနေရသည်ဟု မက်လေသည်။ သေချာကြည့်လိုက်သောအခါ ဤသူမှာ မနက်ဖြန် စစ်တုရင်ပြိုင်ပွဲတွင် သူရင်ဆိုင်ရမည့် ပြိုင်ဘက်ဖြစ်ကြောင်း သိလိုက်ရသည်။
ပြိုင်ပွဲစည်းမျဉ်းအရ အကယ်ဒမီတစ်ခုစီမှ လူ ၃ ဦး စေလွှတ်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရှုံးထွက်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
သုံးပွဲ ယှဉ်ပြိုင်ပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သူ ၂ ဦးက အဆုံးအဖြတ် ကစားရမည်ဖြစ်ပြီး အနိုင်ရသူက ချန်ပီယံ ဖြစ်လာမည်ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် တစ်နာရီမပြည့်ခင်မှာပင် တုပိုင်သည် ပထမဆုံးပြိုင်ဘက်ကို ရှုံးနိမ့်သွားပြီး ထိုရှုံးနိမ့်မှုမှာ အလွန် ဆိုးရွားလှသည်။ ထို့အပြင် သူ့ပြိုင်ဘက်မှာ ပြိုင်ပွဲဝင်အားလုံးထဲတွင် အညံ့ဆုံးတစ်ဦး ဖြစ်သည်။
ရှုံးနိမ့်ပြီးနောက် ဝတ်ရုံဖြူဝတ် အဘိုးအို ပေါ်လာပြီး တုပိုင်ကို အကြီးအကျယ် ဆူပူကြိမ်းမောင်းလေသည်။ ထို့နောက် ပထမပြိုင်ဘက်ကို မည်သို့အနိုင်ယူရမည်ကို တစ်ဆင့်ချင်း သင်ကြားပေးလေသည်။
သို့သော် စစ်တုရင်ကစားခြင်းမှာ အလွန် ခက်ခဲလွန်းလှသည်။ အိပ်မက်ထဲတွင် နောက်ဆုံးမိနစ်မှ ဖိပြီးသင်ယူသော်လည်း သိပ်အသုံးမဝင်လှပေ။ မိမိ၏ အရည်အချင်းကို အချိန်တိုအတွင်း တိုးတက်လာအောင် လုပ်ရန် ခဲယဉ်းလှသည်။
ထို့ကြောင့် ဝတ်ရုံဖြူဝတ် အဘိုးအိုသည် တုပိုင်ကို ပုံမှန်နည်းလမ်းအတိုင်း သင်ကြားပေးမှုကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။
“မင်းပြိုင်ဘက်နဲ့ ငါဝင်ကစားပေးမယ်။ မင်းက ဘေးကနေ သေချာကြည့်ပြီး အကွက်တိုင်းကို မှတ်ထား။ မနက်ဖြန်ကျရင် ငါရွှေ့တဲ့အတိုင်း လိုက်ရွှေ့ပြီး အလွတ်သာ မှတ်ထားလိုက်တော့။ ဒါဆို မင်းနိုင်လိမ့်မယ်။”
တုပိုင်က မေးလိုက်သည်။
“အိပ်မက်ထဲကအတိုင်း သူတို့က မနက်ဖြန်ကျရင် ဒီအတိုင်းပဲ ကစားပါ့မလား။”
အဘိုးအိုက ပြောလိုက်သည်။
“သေချာပေါက် ကစားမှာပေါ့။ ကစားသမားတိုင်းရဲ့ နည်းဗျူဟာက ပုံသေနီးပါး ရှိပြီးသား။ မင်းက ငါတို့ကစားပွဲကို အလွတ်ကျက်ပြီး အကွက်တိုင်းကို မှတ်မိနေရင် နိုင်ပြီပဲ။”
‘ဝါး… ဒါက တကယ့်ကို သောက်ရမ်း မိုက်တာပဲ။’
အပိုင်း ၅၂ ပြီး။