← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ပရိသတ်များသည် အစပိုင်းတွင် သေလောက်အောင် တိတ်ဆိတ်နေကြပြီးနောက် ရုတ်တရက် ဆူညံပွက်လောရိုက်သွားကြကာ မယုံကြည်နိုင်သော ထိတ်လန့်တုန်လှုပ်နေကြသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ဤသည်မှာ ကြီးကျယ်ခမ်းနားသော သမိုင်းဝင် အခိုက်အတန့်တစ်ခု ဖြစ်သည်။ နှစ်ပေါင်းများစွာ ရှုံးပွဲမရှိသော စစ်တုရင်ဘုရင်သည် နောက်ဆုံးတွင် ရှုံးနိမ့်သွား၏။

ဤအရေးကြီးသော ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိနေရသည့်အချိန်တွင် လူတိုင်း လေးနက်တည်ကြည်နေသင့်သည် မဟုတ်ပါလော။ သို့သော် တုပိုင်၏ ပေါ့ပျက်ပျက်နိုင်သော အမူအရာကြောင့် မည်သူမျှ လေးနက်၍ မရနိုင်ဘဲ ဖြစ်နေကြသည်။

သို့သော် ကျန်းယီကျီ၏ နောက်ထပ်လုပ်ရပ်က တုပိုင်ကို အံ့အားသင့်သွားစေသည်။ သူသည် မတ်တတ်ရပ်လိုက်ပြီး တုပိုင်ကို ဦးညွှတ်ကာ ပြောလိုက်သည်။

“ဒီပွဲမှာ ကျွန်တော့်ကို ရှုံးနိမ့်စေပြီး ကစားပွဲရဲ့ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေတွေ့ရှိခွင့် ပေးတဲ့အတွက် အစ်ကိုတုကို ကျေးဇူးတင်ပါတယ်။”

တုပိုင်သည် သူ၏ ပေါ့ပျက်ပျက်နိုင်သော အမူအရာများကို ချက်ချင်း ဖယ်ရှားလိုက်ပြီး ကျန်းယီကျီကို လေးလေးနက်နက် ပြန်လည်ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း။ ကျေးဇူးတင်ပါတယ်။”

**--**--**--**--**--**--**--**

တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲ၏ ဒုတိယနေ့ ပြီးဆုံးသွားပြီဖြစ်ပြီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကိုယ်စားပြု တုပိုင်သည် နောက်တစ်ကြိမ် ထပ်မံ၍ အောင်ပွဲခံနိုင်ခဲ့လေ၏။

တုပိုင် စင်ပေါ်မှ မဆင်းရသေးခင်မှာပင် မိန်းမစိုးစစ်သည်တစ်စုက သူ့ကို ဝိုင်းမလိုက်ကြပြီး လေပေါ်သို့ အားကုန် မြှောက်တင်လိုက်ကြလေသည်။

ဤမိန်းမစိုးစစ်သည်များသည် အကယ်ဒမီသုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲသို့ လာရောက်တိုင်း အဖွဲ့ကို လုံခြုံရေးယူပေးရသူများဖြစ်ပြီး အကြိမ်တိုင်းတွင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ကာ ခေါင်းပင်မဖော်နိုင်အောင် လှောင်ပြောင်ခံခဲ့ရသူများ ဖြစ်သည်။

ယခုအကြိမ်တွင် နောက်ဆုံးတော့ သူတို့ အနိုင်ရရှိခြင်း၏ အရသာအား မြည်းစမ်းဖူးကြပြီဖြစ်သည်။ နောက်ဆုံးအပြီးသတ် အောင်ပွဲရရန် လိုသေးသော်လည်း ဤမျှလောက်နှင့်ပင် သူတို့ ဂုဏ်ယူရန် လုံလောက်နေပြီဖြစ်သည်။

**--**--**--**--**--**--**--**

နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ လျှို့ဝှက်ခန်းမဆောင် အတွင်း၌ လူများစုဝေးနေ၏။

“တကယ်လို့ မနက်ဖြန်ကျရင် တုပိုင်သာ ထပ်နိုင်သွားရင် ငါတို့ ဘယ်လိုမှ နိုင်နိုင်ချေ မရှိတော့ဘူး။” အော်ယန်ထန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ “လီဝမ်ဟွေ့ အာဏာရလာလို့ မဖြစ်ဘူး။ ဒါက ငါတို့ ဂိုဏ်းနှစ်ခုကြားက သဘောတူညီချက်ပဲ။”

လျှို့ဝှက်ခန်းထဲတွင် ကျူးဝူယာနှင့် အော်ယန်ထန်အပြင် ကွမ်ရှီးပြည်နယ် ဘုရင်ခံ လော့ဝမ်နှင့် အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်တို့လည်း ရှိနေကြသည်။

“ခင်ဗျားတို့နှစ်ယောက်စလုံးက အရမ်းကို လေးစားခံရတဲ့ ပုဂ္ဂိုလ်တွေပါ။ ခင်ဗျားတို့ရဲ့ ဂုဏ်သိက္ခာက အသက်ထက်တောင် ပိုတန်ဖိုးရှိပါတယ်။ ဒါကြောင့် မနက်ဖြန် လက်ရေးလှပြိုင်ပွဲက တရားမျှတရမယ်။” အော်ယန်ထန်က ပြောလိုက်သည်။

“ဒါပေမဲ့ ဂိုဏ်းရဲ့ အကျိုးစီးပွားက ကိုယ်ပိုင်ဂုဏ်သိက္ခာထက် ပိုအရေးကြီးတယ်လို့ ကျုပ်ထင်တယ်။ တကယ်လို့ ကျန်းရော့ကျူးသာ အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းယူပြီး မိန်းမစိုးဂိုဏ်းကို ထိန်းချုပ်လိုက်ရင် နှစ်ဖက်စလုံးကြားမှာ နားလည်မှု ရှိနေဦးမှာပဲ။”

“ဘုံအကျိုးစီးပွားကိုတောင် အတူတူ ရှာဖွေလို့ ရနိုင်သေးတယ်။ ဒါပေမဲ့ မျက်နှာသေနဲ့ လူသတ်ကောင် လီဝမ်ဟွေ့သာ ရာထူးရသွားရင် လူတိုင်း ဒုက္ခရောက်ကုန်ကြလိမ့်မယ်။ ဒီလူက ဧကရာဇ်ရဲ့ ခွေးရူးပဲ။ ရက်စက်တယ်။ သနားညှာတာမှု မရှိဘူး။ သူ့လမ်းကို ပိတ်တဲ့သူမှန်သမျှ သတ်ပစ်မှာ။”

“ဟူး...” လော့ဝမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျွန်တော် နားလည်ပါတယ်။”

အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်က သက်ပြင်းချလိုက်သည်။

“ငါ ဒီကို မလာခဲ့သင့်ဘူးလို့ ထင်သားပဲ။ ကြည့်ရတာ ငါ့ဘဝရဲ့ နေဝင်ချိန်မှာ ဂုဏ်သိက္ခာ ပျက်စီးရတော့မယ် ထင်တယ်။”

အော်ယန်ထန်က ပြောလိုက်သည်။

“အဲဒီလိုကြီးတော့လည်း မဟုတ်ပါဘူး။ ချွေ့ဖူရဲ့လက်ရေးလှတာနဲ့ ရိုးရာပန်းချီစွမ်းရည်က အလွန်မြင့်မားပါတယ်။ တုပိုင်က ဘယ်လောက်ပဲ တော်နေပါစေ ဘက်စုံထူးချွန်တဲ့သူတော့ မဖြစ်နိုင်ပါဘူး။ သူက ကူချင်နဲ့ စစ်တုရင်မှာ တော်ပေမဲ့ လက်ရေးလှနဲ့ ပန်းချီမှာတော့ ပြောဖို့ ခက်ပါတယ်။”

ကျူးဝူယာက ပြောလိုက်သည်။

“ကျွန်တော့်တူ ချွေ့ဖူက နိုင်ဖို့သေချာသလောက် ရှိပေမဲ့ ဘာမှ အမှားအယွင်း မရှိအောင်တော့ လုပ်ရမယ်။ ဒါကြောင့် ဒီကိစ္စကို လူကြီးမင်းတို့ နှစ်ယောက်ဆီ အပ်ပါရစေ။”

ထို့နောက် ကျူးဝူယာနှင့် အော်ယန်ထန်တို့က လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။

“ကောင်းပါပြီ။ ကျုပ်တို့ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။” ကွေ့တုန်းယန်က ပြောလိုက်သည်။ “မနက်ဖြန်ကျရင် တုပိုင်အနေနဲ့ ဘယ်လိုနည်းနဲ့မှ နိုင်နိုင်ချေ မရှိစေရဘူး။”

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် လီဝမ်ဟွေ့သည်လည်း ကျန်းရန်မင်နှင့် သီးသန့်တွေ့ဆုံနေလေသည်။

ယခုအချိန်တွင် လီဝမ်ဟွေ့၏ စိတ်လှုပ်ရှားမှုများသည် စိုးရိမ်ပူပန်မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ယခင်က သူသည် နိုင်ရန် မျှော်လင့်ချက် လုံးဝမရှိခဲ့သော်လည်း ယခုအခါ အောင်ပွဲနှင့် အလွန်နီးစပ်နေပြီဖြစ်ရာ မည်သို့ စိုးရိမ်ပူပန်ခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။

“ပထမဆုံး ပြောချင်တာက ငါ တုပိုင်ကို မကျေနပ်ဘူး။” ကျန်းရန်မင်က ဒေါသတကြီး ပြောလိုက်သည်။ “သူ့ရဲ့ စစ်တုရင်စွမ်းရည်က အဲဒီလောက်မြင့်နေတာကို မနေ့က ငါနဲ့ကစားတုန်းက ဘာလို့ ရှုံးချင်ယောင်ဆောင်ခဲ့တာလဲ။ ဒါက သူငါ့ကို မယုံကြည်ဘူးဆိုတာ ရှင်းနေတာပဲ။”

လီဝမ်ဟွေ့က အလျင်အမြန် ဦးညွှတ်ပြီး ပြောလိုက်သည်။

“သူက ကလေးတစ်ယောက်ပါပဲဗျာ။ ကျေးဇူးပြုပြီး သခင်ကြီးရန်မင် စိတ်ထဲမထားပါနဲ့။”

ကျန်းရန်မင်က ပြောလိုက်သည်။

“ထားလိုက်ပါတော့ သူဒီလိုလုပ်တာကို ငါသဘောမကျပေမဲ့ မနက်ဖြန်ကျရင် တရားမျှတမှုကိုပဲ ငါစွဲကိုင်ထားမှာပါ။ ဘယ်သူမဆို မျက်နှာလိုက်တာတွေ မရိုးမသားလုပ်တာတွေ ရှိလာခဲ့ရင် ငါလုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။”

လီဝမ်ဟွေ့သည် နောက်တစ်ကြိမ် လေးလေးနက်နက် ဦးညွှတ်ပြီး ပြောလိုက်သည်။

“ကျေးဇူးအများကြီး တင်ပါတယ် သခင်ကြီးရန်မင်။”

**--**--**--**--**--**--**--**

ထိုအချိန်တွင် တုပိုင်သည် အောင်ပွဲခံရန် အချိန်မရှိဘဲ အိပ်ရာစောစောဝင်ကာ အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်ရန် စိတ်စောနေလေသည်။

မနက်ဖြန်ကျင်းပမည့် လက်ရေးလှရေးပြိုင်ပွဲသည် အလွန်ခက်ခဲပေလိမ့်မည်။ တုပိုင်၏ လက်ရေးလှစွမ်းရည်သည် ကွမ်ရှီးပြည်နယ်၏ နံပါတ်တစ် ပါရမီရှင် ချွေ့ဖူကို ယှဉ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထို့ကြောင့် သူအနိုင်ရချင်ပါက ဂွမ်လင်းစန်း ကဲ့သို့ပင် နှစ်ပေါင်းတစ်ထောင်မှ တစ်ခါသာ ပေါ်ထွက်လာနိုင်မည့် လက်ရာတစ်ခုကို ဖန်တီးပြီး လူများကို တုန်လှုပ်သွားစေရမည်။

ထိုသို့ပြုလုပ်မှသာ သူ၏ လက်ရေးလှစွမ်းရည်က ချွေ့ဖူထက် နိမ့်ကျနေသည်ကို လူများ မေ့လျော့သွားစေနိုင်ပြီး လက်ရာမွန်၏ အရှိန်အဝါဖြင့် တိုက်ရိုက်အနိုင်ယူနိုင်မည် ဖြစ်သည်။

‘ဒါဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း တရုတ်ယဉ်ကျေးမှုမှာ ဘယ်လက်ရေးလှရေး လက်ရာက အမိုက်ဆုံးလဲ။ ဘယ်အရာက ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်လို့ရမလဲ။’

‘သေချာတာပေါ့... အဲဒါကတော့ ဝမ်ရှီးကျစ်ရဲ့ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းပဲ။’

ဤလက်ရာသည် လက်ရေးလှရေးလောကတွင် ပြိုင်ဘက်ကင်း အာဏာစက်ရှိပြီး လမ်းတစ်လျှောက်ရှိ မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော လက်ရာမွန်ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ဤကမ္ဘာတွင် ကျင်းမင်းဆက် မရှိသလို ဝမ်ရှီးကျစ်နှင့် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း လည်း မရှိချေ။ တုပိုင်က ဤလက်ရေးလှလက်ရာမွန်ကို ဖန်တီးလိုက်လျှင် ဂွမ်လင်းစန်း ထက်ပင် ပိုမိုပြင်းထန်သော သက်ရောက်မှု ရှိနိုင်လေသည်။ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း ကို ငြင်းပယ်ရဲသူ မည်သူမဆို စာပေပညာရှင်များကြားတွင် ဟာသဖြစ်ကျန်ရစ်ပေလိမ့်မည်။

ထို့ကြောင့် လက်ရေးလှပြိုင်ပွဲမှာ ခက်ခဲသော်လည်း အမှန်တကယ်တွင် အလွယ်ကူဆုံးဖြစ်သည်။

နောက်တစ်ဆင့်အနေဖြင့် တုပိုင်သည် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း ကို အသည်းအသန် ကူးယူလေ့ကျင့်ရန်သာ လိုအပ်သည်။ မူရင်းနှင့် ၉၉.၉ ရာခိုင်နှုန်း တူညီသည်အထိ ဦးနှောက်စွမ်းရည်ကို ၁၀ ဆ မြှင့်တင်ပြီး အကြိမ်တစ်ထောင်။ အကြိမ်တစ်သောင်း ကူးယူလေ့ကျင့်ရမည်။ ထိုသို့ဆိုလျှင် အောင်ပွဲက သူ့အတွက်ဖြစ်သည်မာ ကျိန်ယသေပေါက်ပင်။

ထို့အပြင် သူသာ လက်ရေးလှပြိုင်ပွဲတွင် အနိုင်ရပါက နောက်ဆုံးနေ့ ပန်းချီပြိုင်ပွဲတွင် ဝင်ပြိုင်စရာ လိုတော့မည် မဟုတ်ပေ။ ပန်းချီပြိုင်ပွဲသည် တုပိုင် ယုံကြည်မှုအနည်းဆုံး ပြိုင်ပွဲဖြစ်သည်။

ကျန့်ပန်ချောင်၏ ဝါးပင်ပန်းချီ ဖြစ်စေ။ ချီပိုင်ရှီ၏ ပုစွန်ပန်းချီ ဖြစ်စေ သေချာပေါက် အနိုင်ရဖို့ ခက်ခဲသည်။

ရှေးခေတ်တရုတ်သမိုင်းဝင် ပန်းချီကားများထဲတွင် ချင်းမင်ပွဲတော်ကာလ မြစ်ကမ်းဘေးမြင်ကွင်းသည် လေ့လာရန် အခက်ခဲဆုံး ဖြစ်နိုင်သည်။ ဤလက်ရာသည် ကျွမ်းကျင်ပိုင်နိုင်ရန် အလွန်ခက်ခဲလှသည်။

တစ်ညတည်းနှင့် လေ့လာရန် မဖြစ်နိုင်သလို ၉၉ ရာခိုင်နှုန်း တူညီအောင် ကူးယူရန်လည်း မဖြစ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ထိုသည်မှာ လက်ရေးလှမဟုတ်ချေ။

ထို့အပြင် ချင်းမင်ပွဲတော်ကာလ မြစ်ကမ်းဘေးမြင်ကွင်း ပန်းချီကားသည် ဆောင်မင်းဆက်၏ မြို့တော် ပြန်လျန်ကို ပုံဖော်ထားခြင်းဖြစ်ပြီး ဤကမ္ဘာတွင် ထိုမြို့ မရှိချေ။ မရှိသည့်အတွက်ကြောင့် ပန်းချီကား၏ သက်ရောက်မှုမှာ များစွာ လျော့နည်းသွားပေလိမ့်မည်။

ထို့အတွက်ကြောင့် တုပိုင်သည် မနက်ဖြန် လက်ရေးလှပြိုင်ပွဲတွင် မဖြစ်မနေအနိုင်ရရန် လိုအပ်နေလေ၏။ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းလက်ရာသည် သေချာပေါက် အကောင်းဆုံး ဖြစ်လာပေလိမ့်မည်။

ထင်ထားသည့်အတိုင်းပင် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း မူရင်းလက်ရာသည် အိပ်မက်ထဲတွင် ပေါ်လာပြီး ဝတ်ရုံဖြူဝတ် အဘိုးအိုလည်း ထပ်မံရောက်ရှိလာလေသည်။ သို့သော် သူ့မျက်နှာက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်ပြီး ဝမ်ရှီးကျစ်နှင့် တူနေလေသည်။

အိပ်မက်ထဲတွင် ဝတ်ရုံဖြူဝတ် အဘိုးအို၏ လမ်းညွှန်မှုအောက်၌ တုပိုင်သည် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း ကို ထပ်ခါတလဲလဲ ကူးယူရေးသားလေသည်။

ဆယ်ကြိမ်၊ အကြိမ်တစ်ရာ၊ အကြိမ်နှစ်ရာ။

ကူးယူရေးသားခြင်း သက်သက်ကပင် ခက်ခဲကြောင်း တုပိုင် တွေ့ရှိလိုက်ရသည်။ ၉၀ ရာခိုင်နှုန်း တူညီဖို့ လွယ်ကူသော်လည်း ၉၅ ရာခိုင်နှုန်းကျော်ရန်မှာ အလွန်ခက်ခဲလှသည်။

အရေပြားကို ပုံတူကူးဖို့ လွယ်ကူသော်လည်း အရိုးကို ပုံတူကူးဖို့ ခက်ခဲသည်။

သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း၏ ပုံသဏ္ဌာန်ကို လေ့လာဖို့ လွယ်ကူသော်လည်း စိတ်ဝိညာဉ်ကို ဆုပ်ကိုင်နိုင်ဖို့မှာ အလွန်ခက်ခဲလှသည်။

သာမန်လူတစ်ယောက်အနေဖြင့် လုံးဝ သင်ယူနိုင်မည် မဟုတ်ပေ။ ကံကောင်းစွာဖြင့် တုပိုင်၏ ဦးနှောက်သည် အိပ်မက်ထဲတွင် စွမ်းဆောင်ရည် ၁၀ ဆ တိုးတက်နေပြီး ဝတ်ရုံဖြူဝတ် အဘိုးအိုက ကိုယ်တိုင်ကိုယ်ကျ ရှင်းပြနေခြင်း ဖြစ်သည်။

ရှင်းပြချက် ပေးတိုင်းတွင် တုပိုင်သည် ငြိမ်သက်သွားပြီး ပြန်လည်မကူးယူမီ နားလည်သဘောပေါက်အောင် အချိန်အကြာကြီး ယူရလေသည်။

အိပ်မက်ထဲတွင် အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေသည်။

တုပိုင်သည် ဆယ်ကြိမ်၊ အကြိမ်နှစ်ဆယ်၊ အကြိမ် သုံးဆယ်လောက်တွင် နားလည်သဘောပေါက်သွား၏။ တုပိုင်သည် အကြိမ်ငါးရာ၊ ရှစ်ရာနှင့် တစ်ထောင်အထိ ကူးယူရေးသားခဲ့သည်။

သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း ကို သူကူးယူရေးသားလေ ပိုပြီး သက်ဝင်လေ ဖြစ်လာသည်။

၉၅ ရာခိုင်နှုန်း၊ ၉၆ ရာခိုင်နှုန်းနှင့် နောက်ဆုံးတွင် ၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိသွားလေသည်။

“တော်ပြီ။ လုံလောက်တာထက် ပိုနေပြီ။ နှိုင်းယှဉ်ဖို့ မူရင်းမရှိတဲ့အတွက် မင်းကူးယူထားတဲ့ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းက အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံနေပြီး မင်းရဲ့ ပြိုင်ဘက်မှန်သမျှကို အနိုင်ယူနိုင်နေပြီ။”

ဝတ်ရုံဖြူဝတ် အဘိုးအိုက ပြောလိုက်ပြီးနောက် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေတော့သည်။

အပိုင်း ၅၅ ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ဝတ်ရုံဖြူဝတ် အဘိုးအို ထွက်ခွာသွားသော်လည်း တုပိုင်သည် အိပ်မက်ထဲတွင် ပိတ်မိနေဆဲဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းတွင် ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ရန် လိုအပ်နေသောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် ပထမစာကြောင်းဖြစ်သည့် ယုံဟယ် ၉ နှစ်၊ ကွေ့ချိုနှစ် ဆိုသည့် နေရာမျိုးဖြစ်သည်။ ဤကမ္ဘာ၏ ခေတ်ကာလအမည်နှင့် အချိန်ကာလကို ပြောင်းလဲရန် လိုအပ်သလို ပါဝင်ပတ်သက်နေသည့် ဇာတ်ကောင်အမည်များကိုလည်း အနည်းငယ် ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။

သို့သော် ပြုပြင်မွမ်းမံမှုများက သိပ်တော့မများပြားလှပေ။ ဤကမ္ဘာ့ ခေတ်ကာလအမည်နှင့် ဇာတ်ကောင်များဖြင့် အစားထိုးလိုက်ရုံပင် ဖြစ်သည်။

အစပိုင်းတွင် မည်သည့်အပြောင်းအလဲမျှ မလုပ်ဖြစ်ခဲ့ခြင်းမှာ စကားလုံးတစ်လုံးချင်းစီ၏ အနှစ်သာရနှင့် အရသာကို လေ့လာလိုသောကြောင့် ဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်ပိုင်နိုင်သွားမှသာ အနည်းငယ် ပြုပြင်မွမ်းမံရန် ယုံကြည်မှု ရှိလာမည်ဖြစ်သည်။

အခြေအနေအရ သူသည် သူအကြိုက်ဆုံး မီဖူ၊ ကျန်းရွှီ၏ ရှုပ်ထွေးပွေလီသော လက်ရေးမူများနှင့် ဆရာတော် ဟုန်ယီ၏ ဝေ ကျောက်စာတိုင် စသည့် အခြားလူများ၏ လက်ရာများကိုပါ အိပ်မက်ထဲတွင် ကူးယူလေ့လာခဲ့သည်။

သေချာသည်မှာ သူသည် ထိုစာများကို ရိုးရှင်းလွယ်ကူသော နည်းလမ်းဖြင့် အကြိမ်အနည်းငယ်မျှသာ လေ့လာကူးယူခဲ့ခြင်းဖြစ်ရာ သူ၏ ကျွမ်းကျင်မှုအဆင့်အတန်းသည် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းကို ကူးယူထားသည်နှင့် လုံးဝ ယှဉ်နိုင်ခြင်း မရှိပေ။

သို့သော် အိပ်မက်ထဲတွင် သူ၏ ဦးနှောက်စွမ်းရည်မှာ လက်တွေ့ဘဝထက် ၁၀ ဆ ပိုများနေသောကြောင့် ဤဆရာသခင်များကို တုပလုပ်ရာတွင် သူ၏ တိုးတက်မှုနှုန်းမှာ အလွန်မြန်ဆန်လှသည်။ သူတို့၏ ပုံသဏ္ဌာန်ကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်သော်လည်း သူတို့၏ ဝိညာဉ်အနှစ်သာရကို မီရန်မှာမူ အလှမ်းဝေးနေဆဲဖြစ်သည်။

တုပိုင် အိပ်မက်ထဲတွင် နက်ရှိုင်းစွာ စီးမျောနေစဉ် ရုတ်တရက် အသက်ရှူသံသဲ့သဲ့ကြောင့် လန့်နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အပြင်ဘက်တွင် မိုးလင်းနေပြီကို တွေ့လိုက်ရသည်။

“သခင်လေး။ ထတော့လေ။ ပြိုင်ပွဲစဖို့ နာရီဝက်တောင် မလိုတော့ဘူး။”

အပြင်ဘက်မှ မိန်းမစိုးလေးက စိုးရိမ်တကြီးနှင့် လေးလေးစားစား ပြောလိုက်သည်။

တုပိုင် အိပ်ရာထလိုက်သောအခါ လီဝမ်ဟွေ့က သူ့အခန်းတံခါးဝတွင် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို တွေ့လိုက်ရသည်။ အရေးတကြီး ကိစ္စသာ မဟုတ်လျှင် သူသည် တုပိုင်ကို မည်သူ့ကိုမျှ အနှောင့်အယှက် ပေးခိုင်းမည် မဟုတ်ပေ။

သူ အမြန်ထပြီး မျက်နှာသစ်ကာ လီဝမ်ဟွေ့နှင့်အတူ မနက်စာ စားလိုက်သည်။

“ဘယ်လိုလဲ...”

လီဝမ်ဟွေ့က မေးလိုက်သည်။

တုပိုင်က အပြုံးဖြင့် ပြောလိုက်၏။

“သေချာပေါက် နိုင်မှာပါ...”

ထိုအခါမှ လီဝမ်ဟွေ့ ကျေနပ်သွားလေသည်။

တတိယမြောက်နေ့၏ လက်ရေးလှပြိုင်ပွဲ တရားဝင် စတင်လေ၏။ အကယ်ဒမီတစ်ခုစီမှ ကိုယ်စားလှယ် ၅ ဦးစီ စေလွှတ်ယှဉ်ပြိုင်စေသော်လည်း မိန်းမစိုးဂိုဏ်းအကယ်ဒမီတွင်မူ တုပိုင်တစ်ယောက်တည်းသာ ရှိလေသည်။ စုစုပေါင်း လူ ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

စားပွဲ ၁၁ လုံးရှေ့တွင် လူ ၁၁ ယောက် ရပ်နေကြသည်။ စားပွဲများပေါ်တွင် အကောင်းဆုံး စုတ်တံများ၊ မင်များ၊ စက္ကူများနှင့် မင်သွေးကျောက်များအပြင် အထူးပြုလုပ်ထားသော မင်သွေးခွက်များလည်း ရှိနေသည်။

ယခုအချိန်တွင် လူတိုင်း၏ မျက်လုံးများက တုပိုင်ဆီသို့သာ ရောက်နေကြသည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ဤမိန်းမစိုးလေး၏ စွမ်းဆောင်ရည်က လူတိုင်းကို မှင်သက်စေခဲ့သည်။ ထိုတုပိုင်ဆိုသည့်အကောင်က ပွဲစဉ်နှစ်ခုကို လွယ်လွယ်ကူကူ အနိုင်ရသွားလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။

ယနေ့တွင်မူ သူ နောက်ထပ် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်ဦးမည်လော။ ကွမ်ရှီးဒေသ၏ ထိပ်သီးပါရမီရှင် ဖြစ်သော သူ့ပြိုင်ဘက် ချွေ့ဖူကို အနိုင်ယူနိုင်ပါမည်လော။ ကွမ်ရှီး၏ ထိပ်သီး ချွေ့ဖူသည် စာရေးခြင်းနှင့် ပန်းချီဆွဲခြင်း နှစ်မျိုးလုံးတွင် စစ်မှန်သော ဆရာတစ်ဆူဖြစ်ပြီး နင်ယွီ၏ ကူချင်တီးခတ်မှုစွမ်းရည်နှင့် တန်းတူညီမျှ ရှိသူဖြစ်သည်။

မိန်းမစိုးလေးတစ်ဦးက တုပိုင်အတွက် မင်သွေး ကြိုသွေးပေးထားသည်။ တုပိုင်က စုတ်တံကို ကောက်ကိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်မက်ထဲမှ ခံစားချက်ကို စတင် ခံစားလိုက်သည်။

ထို့နောက် သူတို့သည် လက်တွေ့ဘဝမှ အရာအားလုံးကို ဘေးဖယ်ထားလိုက်ပြီး ကိုယ်ပိုင်ကမ္ဘာလေးထဲသို့ အပြည့်အဝ စီးမျောဝင်ရောက်သွားကြသည်။

တုပိုင်တစ်ယောက် အာရုံစူးစိုက်မှု အပြည့်ရှိသော အခြေအနေသို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်ပြီး သူ၏ မျက်လုံးများက လက်ထဲမှ စုတ်တံဆီသို့သာ စူးစိုက်ထားလေသည်။

တုပိုင်သည် စုတ်တံကို မင်တို့လိုက်ပြီး ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး လက်ရေးမူဟု သတ်မှတ်ခံထားရသော သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း ကို အကောင်းဆုံး ရွှမ်စက္ကူပေါ်တွင် စတင်ရေးသားလိုက်လေသည်။

သူ စာလုံးအနည်းငယ်သာ ရေးရသေးသော်လည်း ကျန်းရန်မင်နှင့် အခြားသူများသည် အသက်ရှူမှားလုနီးပါးဖြစ်ကာ ထိုင်ခုံများမှ ရုတ်တရက် မတ်တတ်ထရပ်လိုက်ကြသည်။

အော်ယန်ထန်နှင့် ကျူးဝူယာတို့ ချက်ချင်း မျက်နှာဖြူဖျော့သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်နှင့် ကွမ်ရှီးဘုရင်ခံ လော့ဝမ်တို့သည် စိတ်ဆင်းရဲစွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။ လက်ရေးလှပညာ၏ ထိပ်သီးများအနေဖြင့် တုပိုင်၏ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းတွင် ပါရှိသော အံ့မခန်း အရည်အသွေးကို သူတို့ ချက်ချင်း သတိထားမိလိုက်ကြသည်။

ဤသည်မှာ နောက်ထပ် ခေတ်မတိမ်သော လက်ရာမွန်တစ်ခု။ နှစ်တစ်ထောင်မှာ တစ်ကြိမ်သာ ပေါ်ထွန်းတတ်သော အနုပညာ ရတနာတစ်ပါးပင်။

ဤလက်ရာ၏ အစွမ်းသည် လွန်ခဲ့သော ရက်အနည်းငယ်က တီးခတ်ခဲ့သော ဂွမ်လင်းစန်းသီချင်းထက်ပင် ပို၍ သက်ရောက်မှု ပြင်းထန်လေသည်။

ချွေ့ဖူ၏ လက်ရေးလှစွမ်းရည်မှာ အလွန်မြင့်မားသော်လည်း သူသည် ရှေးဟောင်းဆရာကြီးများထံမှသာ လေ့လာသင်ယူခဲ့ခြင်း ဖြစ်သည်။

ဤလက်ရာထဲမှ တုပိုင်၏ လက်ရေးဟန်မှာမူ ယခင်က မည်သူမျှ မမြင်ဖူးသော ပုံစံမျိုးဖြစ်သည်။ သူ၏ ကျွမ်းကျင်မှုမှာ အနည်းငယ် နုနယ်နေသေးသော်လည်း ကိုယ်ပိုင် ဂိုဏ်းဂဏတစ်ခုကို စတင် တည်ထောင်နေပြီ ဖြစ်သည်။

တုပိုင်သည် ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ခဲ့သော်လည်း အလွန်အဆင့်မြင့်သော လက်ရာမွန်တစ်ခု ဖြစ်နေဆဲပင်။

သို့သော် အရေးကြီးဆုံးအချက်မှာ စာလုံးများဖြစ်သည်။

လူတစ်ယောက်၏ စိတ်ထဲတွင် တိုက်ရိုက် စွဲထင်သွားစေလောက်အောင် လှပလွန်းပြီး ဖျောက်ဖျက်ပစ်ရန် မဖြစ်နိုင်သလောက်ပင်။

စာလုံးတစ်လုံးချင်းစီတိုင်းက ပြိုင်ဘက်ကင်းပြီး ရင်သပ်ရှုမောဖွယ်ရာ အလှတရားကို တဒင်္ဂအတွင်း မြင်တွေ့လိုက်ရသည့် ခံစားမှုကို ပေးစွမ်းလေသည်။

အရေးကြီးဆုံးမှာ ဤလက်ရေးလက်ရာသည် လောကရှိ မည်သည့် ပညာရှိကိုမျှ တုပထားခြင်း မရှိပေ။ ပထမဆုံး မြင်လိုက်ရသည်နှင့် ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။

ပညာရှင်များနှင့် အရာရှိများ၏ မျက်လုံးထဲတွင် ထိုလက်ရာသည် ပြိုင်ဘက်ကင်း အလှပဂေးလေးတစ်ဦးနှင့် တူပေသည်။

အနည်းငယ် နုနယ်ပြီး အလားအလာကောင်းများ ရှိနေသော်လည်း မိတ်ကပ်နှင့် အပြင်အဆင်များကိုသာ အားကိုးနေရသော ရိုင်းစိုင်းသည့် အလှပဂေးများနှင့် နှိုင်းယဥ်လျှင် ကွာခြားလှသည့် စစ်မှန်သော ရတနာတစ်ပါး ဖြစ်လေသည်။

မျက်ကန်းမဟုတ်လျှင် မည်သည့် ပညာရှင်အရာရှိကမျှ ဤအရာကို လက်လွတ်ခံမည် မဟုတ်ပေ။ လက်လွတ်ခံလိုက်သည်ဆိုလျှင် ထိုသူသည် မျက်ကန်းဖြစ်နေ၍ သော်လည်းကောင်း။ ကိုယ်ကျိုးရှာလိုသည့် ရည်ရွယ်ချက် ရှိနေ၍ သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။

အတိုချုပ်ပြောရလျှင် တုပိုင်၏ လက်ရာက လုံးဝ ပြိုင်ဘက်ကင်းနေသည်။

“မိုက်လိုက်တာကွာ။ အရင်က ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ တခြားဟာကို လိုက်တုထားတာလည်း မဟုတ်ဘူး။”

“ဒီကောင် တုပိုင်က တကယ့် သောက်ဆန်းကြီးပါလား။”

သူ့ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် စီးမျောရင်း တုပိုင်သည် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း၏ စာလုံးရေ လေးရာကျော်လုံးကို ရွှမ်စက္ကူလိပ်ကြီး တစ်လိပ်ပြည့်အောင် တောက်လျှောက် ရေးချလိုက်လေသည်။

ရေးပြီးသွားသောအခါ တုပိုင်သည် စားပွဲရှေ့တွင် ရပ်ကာ သူ့လက်ရာကို သူပြန်ကြည့်ပြီး ဂုဏ်ယူမဆုံး ဖြစ်နေသည်။

မိတ္တူကူးယူထားခြင်း ဖြစ်သော်လည်း တိကျမှု အဆင့်အတန်းမှာ အလွန်မြင့်မားပြီး အိပ်မက်စနစ်ထဲမှ သူ၏အကောင်းဆုံးပုံစံထက်ပင် သာလွန်နေသေးသည်။

မူရင်းနှင့် တူညီမှုမှာ ၉၉ ရာခိုင်နှုန်းကျော် ရှိသည်။ အားနည်းချက် ရှိသည်ဆိုလျှင် ဝိညာဉ်နှင့် ကျွမ်းကျင်မှုအပိုင်းတွင်သာ ဖြစ်ပြီး ထိုအပိုင်းမှာ အချိန်နှင့် အတွေ့အကြုံ လိုအပ်ပေသည်။

သို့သော် ဤမျှ ကျွမ်းကျင်မှု အဆင့်အတန်းဆိုလျှင်ပင် အားလုံးကို လွှမ်းမိုးထားရန် လုံလောက်နေပြီ ဖြစ်သည်။

ချွေ့ဖူသည် ကွမ်ရှီးပြည်နယ်၏ အထူးချွန်ဆုံး ပညာရှင်တစ်ဦးအနေဖြင့် မူလကတည်းက အလွန်မြင့်မားသော လက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သူ၏ စာရေးသားမှုမှာ တကယ်ကို အံ့မခန်းပင်။ သို့သော် သူသည် လွန်ခဲ့သော နှစ်ငါးရာက လက်ရေးပညာရှင်ကြီး ယန်ပေါ်၏ ယန်လက်ရေးပုံစံကို လေ့လာခဲ့ခြင်း ဖြစ်သည်။

သူ အလွန်ကောင်းမွန်စွာ ရေးသားနိုင်ကောင်း ရေးသားနိုင်ပေမည်။ သို့သော် ယန်လက်ရေးပုံစံကို ဤကမ္ဘာတွင် လေ့လာသူ များလွန်းနေပြီ ဖြစ်သည်။ တုပိုင်၏ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းသာ မရှိပါက ချွေ့ဖူ၏ လက်ရေးသည် မျက်စိပသာဒ ဖြစ်နေဦးမည် ဖြစ်သည်။

သို့သော် တုပိုင်၏ လက်ရာ ထွက်ပေါ်လာသောအခါ ချွေ့ဖူတင်မကဘဲ ကျန်လူအားလုံး၏ လက်ရာများပါ မှေးမှိန်ပြီး အရောင်အဝါ ကင်းမဲ့သွားတော့သည်။

တုပိုင်သည် တစ်ယောက်တည်း တိုက်ခိုက်နေခြင်း မဟုတ်ပေ။ သူ့နောက်တွင် နှစ်ပေါင်းထောင်ချီသည့် တရုတ်သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများ ရှိနေပေသည်။

ချွေ့ဖူသည် ကွမ်ရှီး၏ အထူးချွန်ဆုံး ပညာရှင်တစ်ဦးဖြစ်ပြီး အသက် ၁၇၊ ၁၈ အရွယ်ကပင် ပြည်နယ်စာမေးပွဲကို အောင်မြင်ကာ ကွမ်ရှီး၏ ထိပ်သီးပညာရှင် ဖြစ်လာခဲ့သူပီပီ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်ကျော်ကြားသူ ဖြစ်သည်။

လက်ရေးလှစာများ ရေးသားရာတွင် သူသည် မောက်မာပြီး ပြသလိုစိတ်များ ပြင်းထန်ကာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေတတ်သည်။ သူသည် မည်သူ့ကိုမျှ ပြိုင်ဘက်ဟု သဘောမထားဘဲ ယနေ့အတွက် သူသာလျှင် အဓိက ဇာတ်လိုက်ဖြစ်ပြီး ကျန်လူများမှာ အပိုလူများသာ ဖြစ်သည်ဟု ခံယူထားလေသည်။

တုပိုင်အတွက်ကတော့ ရိုးရိုးသားသား ပြောရလျှင် ချွေ့ဖူသည် တုပိုင်ကို လက်ရေးပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် လုံးဝ စိတ်ကူးမရှိခဲ့ပေ။

‘ငါ့ရဲ့ တစ်ဦးတည်းသော ပြိုင်ဘက် ချွေ့ဖူဆိုတာ ငါကိုယ်တိုင်ပဲ။ မင်းတို့အားလုံး မျက်လုံး ပြူးကျယ်အောင်ဖွင့်ပြီး သေချာကြည့်ထားကြ။ ဒါကမှ စစ်မှန်တဲ့ လက်ရေး။ ဒါကမှ စစ်မှန်တဲ့ ပါရမီပဲ’

‘ငါ့ခေါင်းနောက်မှာ မျက်လုံးမပါပေမယ့် မင်းတို့အားလုံး ငါ့ကို ကြည့်ပြီး စိတ်ထဲမှာ အာမေဋိတ် ရေရွတ်နေကြမယ်ဆိုတာ ငါသိတယ်။’

‘လူငယ်တွေအားလုံး ငါ့ကို မနာလိုဖြစ်နေကြပြီး မိန်းမလှလေးတွေ အားလုံးက ငါ့ကို လေးစားအားကျနေကြမှာပဲ။ လူကြီးတွေကတော့ ငါ့ကို သဘောကျပြီး ငါက သူတို့သား မဟုတ်ရလေခြင်းဆိုပြီး နောင်တရနေကြမှာ’

ထိုသည်တွေကတော့ ချွေ့ဖူ၏ စစ်မှန်သော အတွင်းစိတ် တွေးလုံးများပင်။ ရေးပြီးသွားသောအခါ ချွေ့ဖူသည် ပြီးပြည့်စုံသော ကိုယ်ဟန်အနေအထားဖြင့် စုတ်တံကို ချလိုက်ပြီး လူတိုင်း၏ လက်ခုပ်သံများနှင့် ချီးကျူးစကားများကို စောင့်မျှော်နေလိုက်သည်။

သို့သော်။

သူ ခေါင်းမော့ကြည့်လိုက်သောအခါ လူတိုင်း၏ မျက်လုံးများက သူ့ဆီတွင် ရှိမနေဘဲ တုပိုင်ဆီတွင်ရောက်နေ၏။

ပို၍ တိတိကျကျ ပြောရလျှင် တုပိုင်၏ လက်ရာပေါ်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။

ချွေ့ဖူသည် တုပိုင်၏ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းကို မောက်မာစွာ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့ခေါင်းတစ်ခုလုံး ကျဉ်သွားပြီး ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားလေသည်။

‘လခွမ်း... တုပိုင်။ မင်းအမေ...’

ချွေ့ဖူ၏ လက်ရေးစွမ်းရည်မှာ အလွန်မြင့်မားရာ တုပိုင်၏ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းမှ အံ့မခန်း အနုပညာကို ချက်ချင်း သတိပြုမိလိုက်သည်။

အဓိကအချက်မှာ ထိုလက်ရေးလှစွမ်းရည်သည် မည်သူ့ထံမှမျှ လေ့လာသင်ယူထားခြင်း မရှိဘဲ ဖန်တီးထားသော လုံးဝ လက်ရာသစ်တစ်ခုဖြစ်ပြီး လုံးဝ ဂိုဏ်းဂဏအသစ်တစ်ခုနှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။

ဤသစ်ခွမဏ္ဍပ်ကဗျာနိဒါန်းမိတ္တူသည် တုပိုင် ယခင်က တီးခတ်ခဲ့သော ဂွမ်လင်းစန်းထက်ပင် ပို၍ ရင်သပ်ရှုမောဖွယ်ကောင်းပြီး သက်ရောက်မှု ပြင်းထန်လေသည်။

ချွေ့ဖူသည် အမြဲတမ်း ဇာတ်လိုက်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ သူသည် ဇာတ်ရံတစ်ယောက် အဖြစ်သို့ လျှောကျသွားလေ၏။

သို့သော် ထန်ယန်က ယခုအချိန်တွင် ပို၍ စိတ်ဆင်းရဲနေရသည်။ လီဝမ်ဟွေ့ အလျှော့ပေးလာအောင် ဖိအားပေးသည့်အနေဖြင့် သူသည် နောက်ဆုံးနေ့တွင် ပြိုင်ပွဲမှ နုတ်ထွက်ရန် ဝန်မလေးခဲ့ပေ။ လီဝမ်ဟွေ့ကို အကျပ်ရိုက်သွားစေပြီး ကျန်းရော့ကျူး ဝင်ပြိုင်ရအောင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သို့သော် လူတိုင်း အံ့သြသွားရသည်မှာ ထန်ယန် မရှိသည်တောင်မှ တုပိုင်၏ စွမ်းဆောင်ရည်က ပိုလို့တောင် အထင်ကြီးစရာ ကောင်းနေခြင်းပင်။

အဘယ်ကြောင့်နည်း။ တုပိုင်သည် အမြဲတမ်း အောက်ဆုံးတွင် ရှိနေခဲ့သူ မဟုတ်ပါလော။ မည်သို့ဖြစ်ပြီး ဤကဲ့သို့ ကြောက်စရာကောင်းသော ပါရမီမျိုး ပိုင်ဆိုင်ထားရသနည်း။

အမှတ်ပေးရမည့်အချိန် ရောက်လာသည်။

အော်ယန်ထန်သည် သူတို့ထက် ရာထူးနိမ့်သော်လည်း ကွေ့တုန်းယန်နှင့် လော့ဝမ်ကို တည့်တည့် စိုက်ကြည့်နေပြီး သူ့အကြည့်များကို ဖုံးကွယ်ထားခြင်း မရှိပေ။

ဂိုဏ်းဂဏ အကျိုးစီးပွားများနှင့် ပတ်သက်လာလျှင် သူသည် ယခုအချိန်တွင် ထိုးစစ်ဆင်ရန် ဝန်လေးမည့်သူ မဟုတ်ချေ။

ကွေ့တုန်းယန်နှင့် လော့ဝမ်တို့သည် မနေ့ညကတည်းက မျက်နှာလိုက်ပြီး လက်ရေးလှပြိုင်ပွဲတွင် ချွေ့ဖူ အနိုင်ရရှိစေရန် သဘောတူထားခဲ့ကြသည်။ ထို့ကြောင့် ယခု သူ ရှေ့ထွက်ပြီး အမှန်တရားကို ဖုံးကွယ်ရတော့မည်။

အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်ရော ကွမ်ရှီးဘုရင်ခံ လော့ဝမ်ပါ ဘယ်သူမှ စကားစ မပြောချင်ကြပေ။

အကယ်၍ သူတို့နှစ်ယောက် လက်ရည်တူနေလျှင် သို့မဟုတ် တုပိုင်က အနည်းငယ်သာ ပိုသာနေလျှင် သူတို့အနေဖြင့် အားနည်းချက်များကို ထောက်ပြပြီး တုပိုင်၏ အမှတ်ကို အတင်းအဓမ္မ လျှော့ချပစ်နိုင်သည်။

သို့သော် တုပိုင် ရေးသားလိုက်သည်မှာ အတွေးအခေါ် ဂိုဏ်းဂဏသစ်တစ်ခုကို တည်ထောင်ပေးမည့် ဂန္ထဝင် လက်ရေးလက်ရာတစ်ခု ဖြစ်ပြီး သမိုင်းတွင် ကျန်ရစ်မည့်အရာ ဖြစ်သည်။ အနုပညာစစ်စစ်ဖြစ်၏။

အနည်းငယ် နုနယ်သေးပြီး အချိန်ကာလ၏ ပွတ်တိုက်အရောင်တင်မှု လိုအပ်နေသေးသော်လည်း သမိုင်းတွင် ကျန်ရစ်နေဦးမည်သာ ဖြစ်သည်။

ယနေ့သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းကို ငြင်းပယ်လိုက်သူ မည်သူမဆို သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားကျန်ရစ်ပေလိမ့်မည်။

လော့ဝမ်က သဘောမတူလိုသလို ကွေ့တုန်းယန်ကလည်း ပို၍ပင် သဘောမတူလိုပေ။

ဤမိန်းမစိုးသည် မည်သည့်နေရာမှ ရောက်လာသနည်း။ အလွန်တရာ ထူးဆန်းလွန်းလှသဖြင့် တုတ်ဖြင့်ရိုက်သတ်မိတော့ပေမည်...။

အပိုင်း ၅၆ ပြီး။

All Chapters