အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်သည် မျက်လုံးများကို မှိတ်ထားပြီး ဦးစွာ စကားစမပြောဘဲ ငြင်းဆန်လိုက်သည်။
ကွမ်ရှီးဘုရင်ခံ လော့ဝမ်တွင် ရွေးချယ်စရာ မရှိတော့ပေ။
‘ဒီသရဲဘီလူးက ဘယ်ကနေ ရောက်လာတာလဲဟ။ ငါ့ဂုဏ်သိက္ခာတွေတော့ မြောင်းထဲပြစ်ရတော့မယ်။’
လော့ဝမ် စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း တုပိုင်ကို နှိမ်ရမည်သာ ဖြစ်သည်။ သို့မဟုတ်ပါက အရပ်ဘက်အရာရှိအုပ်စု တစ်ခုလုံးကို သစ္စာဖောက်ရာ ရောက်ပေလိမ့်မည်။
လီဝမ်ဟွေ့သည် သရဲဘီလူးတစ်ကောင်ဖြစ်သည်။ အပျော့ဆွဲဆွဲ၊ အကြမ်းဆွဲဆွဲ မရသလို ကိုယ်ကျိုးမငဲ့ဘဲ ရက်စက်တတ်သူဖြစ်သည်။
အကယ်၍ သူသာ အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှမ်းမိုးသွားပါက အရပ်ဘက်အရာရှိအုပ်စုတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်ပြီး လော့ဝမ်ကိုယ်တိုင်လည်း ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် ဤလူကို ရှင်းထုတ်ရမည်။
လော့ဝမ်က မေးလိုက်သည်။
“တုပိုင်... မင်း လွန်ခဲ့တဲ့ရက်က တီးခတ်ခဲ့တဲ့ ဂွမ်လင်းစန်း ဆိုတာ မင်းကိုယ်တိုင် ရေးစပ်ထားတာလား။ ဒါမှမဟုတ် ရှေးဟောင်းဂီတစာစောင်ကို အမှတ်မထင် ရှာတွေ့ခဲ့တာလား။”
ကောက်ကျစ်စဉ်းလဲသော တုပိုင်သည် လော့ဝမ်၏ စကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်လိုက်ပြီး ပြောလိုက်သည်။
“အမှတ်မထင် ရှာတွေ့ခဲ့တဲ့ ရှေးဟောင်းဂီတစာစောင်ပါ...”
ဂွမ်လင်းစန်းကို ကိုယ်တိုင်ရေးစပ်သည်ဟု ပြောချင်သော်လည်း ပြောလိုက်လျှင် မည်သူမှ ယုံမည်မဟုတ်ဘဲ ဟာသလူရွှင်တော်သာ ဖြစ်သွားပေလိမ့်မည်။
ထိုသီချင်းထဲတွင် ပါဝင်သော လက်တွေ့ဘဝမှ ထွက်ပြေးလိုစိတ်၊ ကူကယ်ရာမဲ့မှုနှင့် အထီးကျန်ဆန်မှုများ၊ ဟန်ဆောင်မှုကင်းမဲ့ပြီး နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုများသည် တုပိုင်ကဲ့သို့ ကလေးတစ်ယောက် ဖန်တီးနိုင်သည့်အရာ မဟုတ်ပေ။
လော့ဝမ်က မေးလိုက်သည်။
“ဒါဆိုရင် ဒီ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း လက်ရေးလက်ရာကိုကော မင်းဘယ်က ရှာတွေ့ခဲ့တာလဲ။ ဒါကို ကူးရေးဖို့ အချိန်အကြာကြီး ယူခဲ့ရမယ်မလား။”
သူ၏ ရည်ရွယ်ချက်မှာ တုပိုင်ကို ဖိနှိပ်ရန်ဖြစ်ပြီး ဤလက်ရေးလက်ရာကို ပထမဆုံး ရေးသားသူမှာ တုပိုင်မဟုတ်ဘဲ မိတ္တူကူးယူသူသာ ဖြစ်ကြောင်း သက်သေပြရန်ဖြစ်သည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူ့ရမှတ်ကို လျှော့ချရန် လုံလောက်သော အကြောင်းပြချက် ရှိသွားပြီဖြစ်သည်။
တုပိုင်က ပြောလိုက်သည်။
“အရှင်မင်းကြီး... ဒီ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း လက်ရေးက ကျွန်တော် ကိုယ်တိုင်ရေးထားတာပါ။ ဘယ်သူ့ဆီကမှ ကူးယူထားတာ မဟုတ်ပါဘူး။”
လော့ဝမ်၏ မျက်နှာထား တင်းမာသွားပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းက ဒီလို လက်ရာမြောက်တဲ့ စာလုံးတွေကို ဖန်တီးနိုင်ဖို့ အရမ်းငယ်လွန်းနေသေးတယ်။ မင်း ရိုးရိုးသားသား ဝန်မခံရင် ငါတို့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။”
လီဝမ်ဟွေ့သည် စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ အေးစက်စွာ ပြောလိုက်သည်။
“လော့ဝမ်။ ခင်ဗျားက လူမိုက်ဆန်ချင်နေတာလား။ ကျုပ်တို့မိန်းမစိုးတွေကို အနိုင်ကျင့်ဖို့ လွယ်မယ်ထင်နေလား။”
သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဓားတစ်စင်းကဲ့သို့ စူးရှသော အကြည့်များက ရှိနေသူ အများအပြားအပေါ် ကြီးမားသော ဖိအား သက်ရောက်သွားစေသည်။
လီဝမ်ဟွေ့သည် ဘယ်တော့မှ ပေါ့ပေါ့တန်တန် စကားမပြောပေ။ သတ်မည်ဟု ပြောလျှင် တကယ်သတ်မည့်သူဖြစ်သည်။ ချွေ့မိသားစုဝင် ၁၀၀ ကျော်ကို သူသတ်ဖြတ်ခဲ့သည်မှာ မကြာသေးကြောင်း မမေ့သင့်ပေ။
နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျူးဝူယာသည် ရုတ်တရက် မတ်တတ်ထရပ်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“အင်အားသုံးချင်တာလား။ ငါက မင်းကို ကြောက်မယ်ထင်နေလား။”
လီဝမ်ဟွေ့က ဓားကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။
“မင်းကများ ရာရာစစ။ လာစမ်းပါ။ လာခဲ့လေ။”
သူသည် ကွင်းထဲသို့ ဆင်းပြီး ကျူးဝူယာနှင့် တိုက်ရိုက် ယှဉ်ပြိုင်တိုက်ခိုက်ချင်နေခြင်း ဖြစ်သည်။ ဤကဲ့သို့ လူသိရှင်ကြား ပွဲမျိုးတွင် အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေ။
တုပိုင်သည် သူ့မွေးစားအဖေကို တကယ်ပင် လေးစားအားကျသွားသည်။ သူ့မွေးစားအဖေသည် စကားနည်းပြီး ရက်စက်သော လုပ်ရပ်များ ရှိသူပီပီ တစ်ဖက်လူကို ပါးစပ်ပိတ်ခိုင်းပြီး တန်းသတ်မည့် ပုံစံမျိုးပင်။
ကျူးဝူယာသည် ဒေါသကြောင့် သွားများကို ကြိတ်ထားလိုက်သည်။ သူသည် ချက်ချင်းဆင်းပြီး လီဝမ်ဟွေ့နှင့် သေခြင်းရှင်ခြင်း တိုက်ပွဲတိုက်ခိုက်ချင်သော်လည်း တကယ်တမ်းကျတော့ သူ မလုပ်ရဲပေ။
လီဝမ်ဟွေ့ဆိုသည့် နတ်ဆိုးကောင်သည် အလွန်မြင့်မားသော သိုင်းပညာစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ကျူးဝူယာသည် လီဝမ်ဟွေ့၏ ရွှမ်းချီကျင့်ကြံမှုကို မကြောက်သော်လည်း လီဝမ်ဟွေ့ လေ့ကျင့်ထားသည်မှာ သတ်ဖြတ်ခြင်း အနုပညာဖြစ်သည်။ အနုပညာဆိုသည်မှာ အမည်ကြားကောင်းအောင်သာ ရေးထားခြင်းဖြစ်ပြီး ရှင်းရှင်းပြောရလည်း သတ်ဖြတ်ခြင်းပညာရပ်တစ်ခုဖြစ်သည်။
သူက လီဝမ်ဟွေ့ကို သတ်နိုင်လျှင်ပင် သူကိုယ်တိုင်လည်း သေချာပေါက် အသက်ပါသွားလိမ့်မည်။
လီဝမ်ဟွေ့က အသက်ကို တန်ဖိုးမထားသော်လည်း ကျူးဝူယာကမူ တန်ဖိုးထားသည်။ သူ့အိမ်တွင် လှပသော ဇနီးမယားများစွာ ရှိနေပြီး နောက်ထပ် ဆယ်စုနှစ်များစွာကြာအောင် စည်းစိမ်ချမ်းသာများကို ခံစားလိုသေးသည်။
“တော်ကြပါတော့။”
ကျန်းရန်မင်က စားပွဲကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
“ဝမ်ဟွေ့။ ထိုင်လိုက်ပါ။”
လီဝမ်ဟွေ့ ပြန်ထိုင်လိုက်သည်။ သူ ဆုံးဖြတ်ချက် ချပြီးသားဖြစ်သည်။ ယနေ့ တုပိုင်ကို မတရားသဖြင့် စီရင်ဆုံးဖြတ်ရဲသူ ရှိလျှင် သူ လီဝမ်ဟွေ့သည် ကွမ်ရှီးတွင် နောက်ထပ် သွေးမြစ်ကြီးတစ်ခု စီးသွားအောင် ပြုလိုက်မည်ဖြစ်သည်။
လော့ဝမ်၏ ဆွေမျိုးသားချင်းများနှင့် တရားမဝင် သားသမီး ဒါဇင်ပေါင်းများစွာ ရာပေါင်းများစွာကို မသတ်ပစ်နိုင်လျှင် သူ လီဝမ်ဟွေ့သည် ခွေးမသား ဖြစ်သွားပေလိမ့်မည်။ ဤလောကတွင် အရပ်ဘက်အရာရှိ မိသားစုဝင်များထဲ၌ သန့်ရှင်းသူဟူ၍ မရှိသလောက်ပင်။
မဟာကွန်ဖြူးရှပ်ပညာရှင်ကြီး ကျန်းရန်မင်က ပြောလိုက်သည်။
“ဘုရင်ခံလော့... ကျေးဇူးပြုပြီး ဆက်ပြောပါ။ ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ ဖြည့်စွက်ပြောချင်တယ်။ ဒေသတစ်ခုကို အုပ်ချုပ်ရတဲ့ အရာရှိကြီးတစ်ယောက်အနေနဲ့ တရားရုံးတော်အတွက် စံပြဖြစ်ဖို့ လိုပါတယ်။”
လော့ဝမ်၏ မျက်နှာထားမှာ တင်းမာနေသော်လည်း ချက်ချင်း ပြုံးလိုက်ပြီး ပြောလိုက်သည်။
“တုပိုင်... မင်းပြောချင်တာက ဒီသစ်ခွမဏ္ဍပ်ကဗျာနိဒါန်းက မင်းရဲ့ ကိုယ်ပိုင်လက်ရာ။ ကူးရေးထားတာ မဟုတ်ဘူးပေါ့ ဟုတ်လား။”
“ဒါပေါ့။” တုပိုင်က ပြောလိုက်သည်။ “အရှင်မင်းကြီးက ဒီလို လက်ရေးမျိုး အရင်က မြင်ဖူးလို့လား။ ဒီက လူတိုင်းက စာအုပ်ပေါင်းများစွာ ဖတ်ဖူးကြပေမဲ့ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းလို လက်ရေးမျိုး တစ်ခါလောက်များ မြင်ဖူးကြသလား။”
သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းသည် ကျင်မင်းဆက်မှ လက်ရာဖြစ်သည်။ အကယ်၍ ကျင်မင်းဆက်သာ မရှိခဲ့လျှင် ဝမ်ရှီးကျစ် ရှိမည်မဟုတ်သလို သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းလည်း ရှိမည်မဟုတ်ပေ။
‘ပိုင်ရှင်မရှိသရွေ့ အားလုံးက ငါ တုပိုင် အပိုင်ပဲ။’
လော့ဝမ်၏ အကြည့်များ မဲမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်း ဘယ်လို သက်သေပြမလဲ။”
အပိုင်း (၅၇) ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းသည် တုပိုင်၏ လက်ရာမဟုတ်ကြောင်း တစ်ဖက်လူက သက်သေမပြနိုင်လျှင် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းသည် သူ့လက်ရာဖြစ်ကြောင်း တုပိုင်က မည်သို့ သက်သေပြရမည်နည်း။
‘ဘယ်လိုလုပ် သက်သေပြရမှာလဲ။ ဘာသက်သေမှ မရှိဘူးလေ။ လော့ဝမ်ဆိုတဲ့ ပြည်နယ်ဘုရင်ခံက အရှက်မဲ့တဲ့နေရာမှာ သူတောင်းစားတွေ အဆင့်ကိုရောက်နေပြီပဲ။’
အခန်းထဲရှိ လူတိုင်း၏ မျက်နှာထားများမှာ မကောင်းကြပေ။ ကွမ်ရှီးဘုရင်ခံက သိသိသာသာ ညစ်ပတ်နေသော်လည်း လက်ရေးလှစာများက စကားမပြောနိုင်ပေ။
ဤသည်မှာ မျောက်ဘုရင်ဝူခုန်း သူများရတနာကို ခိုးယူထားပြီး ပိုင်ရှင်က ပြန်လာတောင်းတဲ့အခါ ပြန်မပေးဘဲ မင်းက ဒါ မင်းရတနာလို့ ပြောနေပေမဲ့ မင်းနာမည်ခေါ်ရင် သူက ထူးမှာမို့လို့လားဟု ပြောသလို ဖြစ်နေသည်။
တုပိုင်၏ အကြည့်များတွင် ရိုသေမှုများ ပျောက်ကွယ်သွားပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
“ဒီသစ်ခွမဏ္ဍပ်ကဗျာနိဒါန်း က မိတ္တူမဟုတ်ဘဲ ကျွန်တော့်လက်ရာဆိုတာ သက်သေပြချင်တာလား။ လွယ်လွယ်လေးပါ။”
“အရက်ရှိလားဟေ့။” တုပိုင် အော်မေးလိုက်သည်။
“ရှိပါတယ်။” မိန်းမစိုးစစ်သည်တစ်ဦးက အသည်းအသန် ပြေးထွက်သွားပြီး အရက်ကောင်းတစ်အိုး ယူလာကာ တုပိုင်ရှေ့တွင် ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်သည်။
“သခင်လေး။ သောက်ပါ။”
ဤမိန်းမစိုးစစ်သည်သည် လီဝမ်ဟွေ့၏ အစေခံဖြစ်သောကြောင့် တုပိုင်ကို သခင်လေးဟု ခေါ်ခြင်းဖြစ်သည်။
တုပိုင်သည် တစ်ကျိုက်တည်းနှင့် ကုန်သလောက် မော့သောက်လိုက်ရာ အရက်အရှိန်ကြောင့် တစ်ကိုယ်လုံး ပူထူသွားလေသည်။
“မင်သွေးစမ်း။” တုပိုင် အော်ပြောလိုက်သည်။
မိန်းမစိုးစစ်သည်သည် တုပိုင်အတွက် မင်သွေးပေးရန် ချက်ချင်း ရှေ့တိုးလာသည်။
တုပိုင်သည် ဝံပုလွေမွေးစုတ်တံကို ကောက်ကိုင်လိုက်ပြီး မင်တို့ကာ နှင်းကဲ့သို့ဖြူဖွေးနေသော ရွှမ်စက္ကူပေါ်တွင် လက်ရာသစ်တစ်ခုကို စတင်ရေးသားလိုက်လေသည်။
“အပြောင်းအလဲဆိုတာ ပြဇာတ်ကဖို့ အချိန်မဟုတ်ဘူး။ နီးနီးလေးမှာ ရှိနေတာတောင် လေးစားသံတွေ ပျောက်ဆုံးနေတယ်။”
“မင်းကို ပြုစုစောင့်ရှောက်ခွင့်ရတဲ့ ပျော်ရွှင်မှုကို တွေးပြီး ဒါက မင်းရဲ့ ဂုဏ်ကျေးဇူးကို မြှင့်တင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီကဗျာတိုလေးကို ချစ်သူငယ်ချင်း ရှီးရှန်းဆီ ပေးပို့လိုက်ပါတယ်။”
“နေ့လယ်ခင်းမှာ ဝါးရိပ်တွေ၊ ထင်းရှူးရိပ်တွေ ပေါများပြီး ဟွာရွှီနန်းတော်ကို မကြာခဏ အလည်သွားဖြစ်တယ်။ ငါ့ရဲ့ တန်ဖိုးကြီးတဲ့ အရသာနဲ့ ဧည့်သည် ၁၀ ယောက်အတွက် ပြင်ဆင်ချင်ပြီး လူတွေကြားက သဟဇာတဖြစ်မှုက ငါ့ကို စိတ်သက်သာရာ ရစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဤသည်မှာ မီဖူ၏ ဝါးရိပ်၊ ထင်းရှူးရိပ် လက်ရာကို ကူးယူထားခြင်းဖြစ်ပြီး မီဖူ၏ နာမည်နေရာတွင် ဖယ်ရှားကာ ဖူဆိုသည့် စာလုံးအစား ပိုင်ဟု ပြောင်းလဲထားသည်။ ထို့အပြင် ဤအရာသည် သူငယ်ချင်းများကို ဧည့်ခံရန် စိတ်ကူးယဉ်ထားသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
‘ငါဘာတွေးနေလဲဆိုတာ ခင်ဗျားတို့ လိုက်ထိန်းချုပ်လို့ မရဘူးလေ။ ဟုတ်တယ်မလား။’
မီဖူက ဘယ်သူနည်း။ သူသည် တရုတ်သမိုင်းတွင် ထိပ်တန်း လက်ရေးပညာရှင် ၅ ဦးအနက် တစ်ဦးဖြစ်ပြီး ဝမ်ရှီးကျစ်ထက်ပင် တုပိုင် ပိုနှစ်သက်သူဖြစ်သည်။
မီဖူ၏ လက်ရာကို ရေးပြီးနောက် တုပိုင်သည် အရက်တစ်ငုံ ထပ်သောက်လိုက်ပြီး အခြားစားပွဲတစ်လုံးဆီသို့ သွားကာ ရွှမ်စက္ကူပေါ်တွင် မင်များ စွန်းထင်းစေလျက် ဝေ ကျောက်စာတိုင် ပုံစံဖြင့် စာလုံးကြီးအချို့ကို ရေးသားလိုက်ပြန်သည်။
“အသက် ၃၀ အရွယ်မှာ။ ချီးကျူးမှုတွေ။ မျက်နှာသာပေးမှုတွေ မရေမတွက်နိုင်အောင် ရရှိခဲ့တယ်။”
ဤတစ်ကြိမ်တွင်မူ သူသည် ဆရာတော် ဟုန်ယီ၏ လက်ရာမွန်ဖြစ်သော ဝေကျောက်စာတိုင်ပုံစံ စာလုံးငါးလုံး ကဗျာတိုကို ကူးယူလိုက်ခြင်းဖြစ်သည်။
ထို့နောက် သူ အရက်တစ်ငုံ ထပ်သောက်ပြီး အခြားစားပွဲတစ်ခုဆီသို့ သွားကာ စုတ်တံကို ကိုင်လိုက်ပြီး တတိယမြောက်လက်ရာကို ရေးသားလိုက်ပြန်သည်။
ယခုတစ်ခါတွင်မူ သူ မင်များ ပြန့်ကျဲအောင် လုပ်လိုက်လေသည်။
ယခုတစ်ကြိမ်တွင် သူသည် ကျန်းရွှီ၏ ပုရွှီစာဟုခေါ်သော ရှုပ်ထွေးပွေလီသည့် လက်ရေးမူကို ကူးယူလိုက်ခြင်းဖြစ်သည်။
“အရှေ့အရပ်မှ တောက်ပသော ဆေးဖက်ဝင်အပင်ကိုးမျိုးထီး။ မြောက်အရပ်မှ ဖယောင်းတိုင် တိမ်တိုက်ငါးခုရထား။”
“ပြောင်းပြန်မြင်ကွင်းထဲသို့ မျောလွင့်ရင်း မြူတွေ တိမ်တွေအထက် ပေါ်လာလိုက် ပျောက်သွားလိုက်။”
“စမ်းချောင်းရေက ကျောက်စိမ်းဆွဲသီးများလို စီးဆင်းပြီး ငှက်ပြာလေးတွေက ကျင်းဟွာဆီသို့ ပျံသန်းကြ။”
“ဟန်ဧကရာဇ်က မက်မွန်သီးစေ့ကို စစ်ဆေးနေချိန် ချီနယ်စားမင်းက ဆူးပန်းအကြောင်း မေးမြန်းခဲ့။”
တုပိုင်က ကျန်းရွှီ၏ ရှုပ်ထွေးပွေလီသော လက်ရေးမူကို ကူးယူပြီးသွားသောအခါ ခန်းမတစ်ခုလုံး၏ လေထုတင်းမာမှုက အထွတ်အထိပ်သို့ ရောက်သွားလေသည်။
ကျန်းရွှီ၏ လက်ရေးသည် အမှန်တကယ် အံ့သြဖွယ်ကောင်းပြီး တိုက်ဆိုင်စွာပင် တုပိုင် ရွေးချယ်ခဲ့သော ပုရွှီစာကဗျာတွင် ဟန်ဧကရာဇ်ဝူနှင့် အနောက်အရပ်က မယ်တော်ဘုရင်မအကြောင်း။ ချီနယ်စားမင်းကျင်း၏ ဇာတ်လမ်းများ ပါဝင်နေပြီး ဤကမ္ဘာမှလူများ နားလည်နိုင်သော အကြောင်းအရာများ ဖြစ်နေသည်။
မနေ့ညက အိပ်မက်ထဲတွင် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းကို လေ့လာပြီးနောက် တုပိုင် စိတ်မသန့်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့ ဖြစ်လာခဲ့လျှင် ဖြေရှင်းနိုင်ရန် အခြားလက်ရေးပညာရှင်များ၏ လက်ရာများကိုပါ ဆက်လက်ကူးယူ လေ့လာထားခဲ့ခြင်းဖြစ်သည်။
ဆရာတော် ဟုန်ယီ၏ ဝေ ကျောက်စာတိုင် လက်ရေးဖြစ်စေ မီဖူ၏ ဝါးရိပ် ထင်းရှူးရိပ် လက်ရေးဖြစ်စေ ကျန်းရွှီ၏ ပုရွှီစာလက်ရေးဖြစ်စေ တုပိုင်သည် ၈၀ ရာခိုင်နှုန်းခန့်သာ တုပနိုင်သည်။ တစ်ခုတည်း သီးသန့်ခွဲထုတ်လိုက်လျှင် ဂန္ထဝင်လက်ရာမွန်ဟု သတ်မှတ်၍ မရနိုင်ပေ။
သို့သော် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းပြီးနောက် နောက်ထပ် လက်ရာ ၃ ခုကို တပြိုင်နက် ထုတ်ပြလိုက်ခြင်းက နျူကလီးယားဗုံး ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်သော သက်ရောက်မှု ရှိသွားစေသည်။
ပုရွှီစာကဗျာကို ရေးပြီးနောက် တုပိုင်သည် နောက်ဆုံးလက်ကျန် အရက်ကို မော့သောက်လိုက်သည်။
“ဖူးးးး”
ထို့နောက် သူသည် ရှုပ်ထွေးပွေလီသော လက်ရေးမူပေါ်သို့ အရက်မှုန်များ မှုတ်ထုတ်လိုက်ပြီး မူးချင်ယောင်ဆောင်ကာ အာလေးလျှာလေးဖြင့် ပြောလိုက်သည်။
“ဘုရင်ခံလော့။ ဒါတွေက ကျွန်တော့်ရဲ့ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း က မိတ္တူမဟုတ်ဘူးဆိုတာ သက်သေပြနိုင်ပြီလား။”
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
တုပိုင်၏ လက်ရာ ၄ ခုစလုံးသည် ပုံစံကွဲပြားကြသော်လည်း တစ်ခုစီတိုင်းတွင် သူ့ကိုယ်ပိုင် ဝိညာဉ်အမှတ်အသား ပါဝင်နေသည်။ အရည်အသွေး ကွာခြားမှု ရှိနိုင်သော်လည်း အားလုံးသည် ရှေ့ဆောင်လမ်းပြ လက်ရာများ ဖြစ်ကြသည်။
သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းကို အမှတ်မထင် ရှာတွေ့ခဲ့သည်ဆိုလျှင် ကျန်သော လက်ရာ ၃ ခုကိုရော အမှတ်မထင် ရှာတွေ့ပြီး ကူးယူထားခြင်း ဖြစ်နိုင်ပါမည်လော။
ဤလက်ရာများထဲမှ တစ်ခုခုသည်ပင် ဂန္ထဝင်လက်ရာမွန်များ ဖြစ်သည်။ တုပိုင်က လက်ရာမွန်များစွာကို တစ်ပြိုင်နက် ရှာတွေ့နိုင်လောက်အောင် ကံကောင်းလွန်းနေသလော။
အဘယ်ကြောင့် တခြားဘယ်သူမှ မတွေ့ရသနည်း။ ထို့အပြင် အဘယ်ကြောင့် တစ်ခုတည်းသာ ရှိနေရသနည်း။ အကယ်၍ ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့သည်ဆိုလျှင် နှစ်ပေါင်းရာချီပြီး ကျော်ကြားနေခဲ့မှာ ဖြစ်သည်။ အဘယ်ကြောင့် ယခင်က တစ်ခါမှ မမြင်ဖူးရသနည်း။
ထို့ကြောင့် ဤအရာက အချက်တစ်ချက်တည်းကိုသာ သက်သေပြနေသည်။ တုပိုင်သည် ဉာဏ်ကြီးရှင် ဖြစ်သည်။
သူသည် သူ့နှင့် ကိုက်ညီသော လက်ရေးပုံစံကို အမြဲရှာဖွေနေခဲ့ပြီး လက်ရာပုံစံအမျိုးမျိုးကို ဖန်တီးကာ ပြောင်းလဲခဲ့သည်။ သို့သော် အဆုံးတွင် သူသည် သစ်ခွမဏ္ဍပ်ကဗျာနိဒါန်းပုံစံကို ရွေးချယ်ပြီး ပြီးပြည့်စုံအောင် ဖန်တီးခဲ့ခြင်းဖြစ်သည်။
တုပိုင်၏ လက်ရေးစွမ်းရည်မှာ နုနယ်သေးသော်လည်း ပါရမီနှင့် လက်ရာပိုင်းတွင်မူ ချွေ့ဖူကို လုံးဝ ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။ တုပိုင်က မူးနေသည့်ပုံစံဖြင့် အော်ပြောလိုက်သည်။
“အရှင်မင်းကြီး... ဒီသက်သေလောက်ဆို လုံလောက်ပြီလား။ မလုံလောက်သေးရင် ကျွန်တော့်မှာ နောက်ထပ် ရှိသေးတယ်။”
ကျန်းရန်မင်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ... ဒီကိစ္စကို ဆက်ဆွေးနွေးနေစရာ မလိုတော့ဘူး။ အမှတ်စပေးကြစို့။ ဘုရင်ခံလော့... ခင်ဗျား အရင်စပေးပါ။”
ယခုအချိန်တွင် လော့ဝမ်၏ ရင်ထဲမှ ဒေါသကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။ သူသည် လူအများရှေ့တွင် အရှက်ခွဲခံလိုက်ရခြင်း ဖြစ်သည်။
ယနေ့ အဖြစ်အပျက်များသည် ကွမ်ရှီးတစ်ပြည်လုံးသာမက တောင်ပိုင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး သူ့ဂုဏ်သိက္ခာအပေါ် တစ်သက်လုံး စွန်းထင်းကျန်ရစ်မည့် အမည်းစက် ဖြစ်လာမည်ကို သူ သံသယမရှိပေ။
သူကဲ့သို့ ရာထူးကြီးသော အရာရှိတစ်ဦးက မိန်းမစိုးလေးတစ်ကောင်၏ အရှက်ခွဲခြင်းကို ခံလိုက်ရပြီး ပညာရပ်ပိုင်းဆိုင်ရာတွင်ပါ အရှုံးပေးလိုက်ရခြင်း ဖြစ်သည်။
ယခုအချိန်တွင် တုပိုင် ခံစားနေရသည်မှာ တစ်ခုတည်းသာ ရှိသည်။
‘အင်အားကြီးမားတဲ့ ကျောထောက်နောက်ခံ ရှိရတာ သောက်ရမ်း မိုက်တာပဲ။’
အခြားလူသာဆိုလျှင် ပြည်နယ်ဘုရင်ခံ၏ မျက်နှာကို ပါးရိုက်ဖို့ ကြိုးစားကြည့်ပါက မည်သို့ဖြစ်သွားမည်ကို သိရပေလိမ့်မည်။ ထိုသူများက မျက်တောင်တစ်ခတ်အတွင်း အသတ်ခံလိုက်ရပေလိမ့်မည်။
တုပိုင်၏ နောက်ကွယ်တွင် လီဝမ်ဟွေ့နှင့် မိန်းမစိုးဂိုဏ်းတစ်ခုလုံး ရှိနေပြီး ဘုရင်ခံ လော့ဝမ်ပင်လျှင် သူ့ကို ဘာမှမလုပ်နိုင်ပေ။
လော့ဝမ်က ပြောလိုက်သည်။
“ကျွန်တော်ရဲ့ နဂိုအမြင်ကို စွဲကိုင်ထားတုန်းပဲ။ တုပိုင်ရဲ့ အသက်အရွယ်နဲ့ လေ့ကျင့်မှုအပိုင်းအရ သူက ဒီလိုလက်ရာမွန်မျိုးကို မဖန်တီးနိုင်ဘူး။ နှိုင်းယှဉ်ကြည့်ရင် ချွေ့ဖူရဲ့လက်ရာက ပိုရင့်ကျက်ပြီး သူ့ရဲ့ အောင်မြင်မှုက ပိုနက်ရှိုင်းတယ်။ ဒါကြောင့် တုပိုင်ရဲ့ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း ကို ၉၃ မှတ်ပေးပြီး ချွေ့ဖူရဲ့ဝူရှန်စာ ကို ၉၇ မှတ်ပေးတယ်။”
ဟန်ဆောင်မျက်နှာဖုံးကွာကျသွားပြီဖြစ်ရာ လော့ဝမ်သည် တုပိုင်ကို လူသိရှင်ကြား ဖိနှိပ်ရန် ဂရုစိုက်မနေတော့ပေ။
ရမှတ်ကို ကြေညာလိုက်သောအခါ ပရိသတ်များအားလုံး အံ့သြတုန်လှုပ်သွားကြလေသည်။
အပိုင်း ၅၈ ပြီး။