အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
အခြေအနေက ယခုအခါ အလွန်ရှင်းလင်းနေပြီဖြစ်သည်။ မျက်လုံးပါသူတိုင်း တုပိုင်၏ လက်ရေးက အဆမတန် သာလွန်ကောင်းမွန်ကြောင်း မြင်တွေ့နိုင်လေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကမ္ဘာပေါ်တွင် အတွေးအခေါ်ဂိုဏ်းသစ်တစ်ခုကို ရှေ့ဆောင်လမ်းပြအဖြစ် စတင်ခဲ့သောကြောင့် ဖြစ်သည်။
ချွေ့ဖူသည် ထူးချွန်သည်ဆိုလျှင်ပင် ရှေးလူကြီးများ၏ လက်ရာကို လေ့လာအတုယူနေရဆဲဖြစ်ပြီး သူတို့နှစ်ဦး၏ အရည်အချင်း ကွာခြားချက်မှာ ဆီးသီးနှင့် ဖရဲသီးကဲ့သို့ သိသာထင်ရှားလှသည်။ အရောင်တူသော်လည်း အရွယ်အစားက အကွာကြီးဖြစ်သည်။
ကွမ်ရှီးဘုရင်ခံ လော့ဝမ်က ထိုကဲ့သို့ အမှတ်ပေးလိုက်ခြင်းသည် ပြောင်ပြောင်တင်းတင်း မျက်နှာလိုက်ခြင်း ဖြစ်ကြောင်း သံသယရှိစရာပင် မလိုချေ။
နောက်တစ်ယောက်မှာ အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန် ဖြစ်သည်။ သူသည် ဤပွဲသို့ လာမိသည့်အတွက် နောင်တကြီးစွာ ရနေမိသည်။
သူသည် နောက်ဆုံးတွင် အငြိမ်းစားယူရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ နေဝင်ချိန်ကာလတွင် ဂုဏ်သိက္ခာပျက်စီးရတော့မည် ဖြစ်သည်။
သို့သော် ပါတီအကျိုးစီးပွားက ပဓာနကျသဖြင့် ကွေ့တုန်းယန်သည် မငြင်းဆန်ရဲပေ။ သူသည် အိမ်ရှေ့မင်းသား၏ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်အဖြစ် ခေတ္တမျှ ဝင်ရောက်ခဲ့ဖူးသော်လည်း အမှန်တကယ် အာဏာမရှိခဲ့ဖူးဘဲ အာဏာအကူးအပြောင်းကာလ ကြားခံပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။
အိမ်ရှေ့မင်းသား၏ နည်းပြဟူသော ဘွဲ့ထူးမှာ အငြိမ်းစားမယူမီ ရာထူးတိုးပေးခြင်းနှင့် ခံစားခွင့်ပေးခြင်း သက်သက်သာ ဖြစ်သည်။
သူ၏ ဆွေမျိုးသားချင်းများ၊ မိသားစုနှင့် သူ၏ နေဝင်ချိန်ကာလ ဘဝတစ်ခုလုံးသည် အရပ်ဘက်အရာရှိအုပ်စုတစ်ခုလုံး၏ စောင့်ရှောက်မှုအပေါ်တွင် မူတည်နေလေသည်။
ထို့ကြောင့် ကွေ့တုန်းယန်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကျုပ်က ရိုးရှင်းတဲ့လူပါ။ ဒါကြောင့် ဂိုဏ်းဂဏတွေကို ဂရုမစိုက်ပါဘူး။ လက်ရေးလှ အဆင့်အတန်းကိုပဲ ပြောချင်ပါတယ်။ ကျုပ်အမြင်ကတော့ ချွေ့ဖူရဲ့ အရည်အချင်းက တစ်ဆင့်ပိုမြင့်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် ချွေ့ဖူကို ၉၇ မှတ်ပေးပြီး တုပိုင်ကို ၉၃ မှတ်ပေးပါတယ်။”
သူသည် ကွမ်ရှီးဘုရင်ခံ လော့ဝမ် ပေးခဲ့သော အမှတ်နှင့် အတိအကျ တူညီစွာ ပေးလိုက်ခြင်း ဖြစ်သည်။ ပရိသတ်တစ်အုပ်လုံး ထပ်မံပြီး ဆူညံပွက်လောရိုက်သွားကြလေသည်။
ကွေ့တုန်းယန်တွင် အလွန်ကောင်းမွန်သော ဂုဏ်သတင်းကျော်စောမှု ရှိသော်လည်း သူသည် ဤမျှအထိ သဘောထားသေးသိမ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ သူသည် အမှန်တရားကို လျစ်လျူရှုပြီး မျက်နှာပြောင်တိုက်၍ လိမ်လည်ပြောဆိုခဲ့လေသည်။
နောက်တစ်ယောက်မှာ ဖန်းဝူနယ်စားမင်း လျူဝူဟွမ်း ဖြစ်သည်။
“သခင်ကြီး လီဝမ်ဟွေ့။ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ကွမ်ရှီးပြည်နယ်က အရှေ့ဘက်ကွပ်ကဲရေးရုံးခွဲ ဝမ်ဟုရုံးက ကျုပ်သားကို ဖမ်းပြီး ငွေ ၂ သောင်း ညှစ်သွားခဲ့တယ်။ ပြီးတော့ အဲဒီငွေတွေကို သူတို့ ကိုယ်ကျိုးအတွက် မောင်ပိုင်စီးသွားခဲ့ကြတယ်။” လျူဝူဟွမ်းက ဆက်ပြောသည်။ “ကျုပ်အနေနဲ့ မိန်းမစိုးဂိုဏ်းအပေါ် ဘာခံစားချက်ကောင်းမှ မရှိပါဘူး။ ပြီးတော့ တိုက်ဆိုင်စွာပဲ ကျုပ်က အရပ်ဘက်အရာရှိအုပ်စုရော၊ စစ်ဘက်အရာရှိအုပ်စုနဲ့ပါ ခေါင်းချင်းဆိုင် ဆက်နွယ်နေတဲ့သူပါ။”
ဤစကားကို ကြားလိုက်သောအခါ အခန်းထဲရှိ လူအများအပြား မျက်နှာပျက်သွားကြလေသည်။
လျူဝူဟွမ်းက ဆက်ပြောလိုက်သည်။
“ကျုပ်က ဘိုးဘွားတွေရဲ့ အရှိန်အဝါနဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားပြီး ဇိမ်ကျကျ နေနေတဲ့ လူချမ်းသာပေါက်စ တစ်ယောက်ပါ။ နေ့တိုင်း သောက်စားမူးယစ်ပြီး အပျော်အပါး လိုက်စားနေတတ်သူမို့ ဘယ်သူကမှ ကျုပ်ကို အလေးမထားကြပါဘူး။”
“ဒါပေမဲ့။ ကျုပ်က မျက်လုံးထဲ သဲတစ်ပွင့်ဝင်တာတောင် မခံနိုင်တဲ့လူမျိုးဗျ။ ပြီးတော့ လိမ်ညာတဲ့စကား တစ်ခွန်းမှလည်း မပြောတတ်ဘူး။ တကယ်လို့ တစ်ယောက်ယောက်က စည်းကမ်းမလိုက်နာရင် ကျုပ်လည်း လိုက်နာမှာ မဟုတ်ဘူး။ ချွေ့ဖူ ၉၀ မှတ်။ တုပိုင်က ၉၉ မှတ်။ ကျန်တဲ့ တစ်မှတ်ကို ဘာလို့လျှော့လဲတော့ မသိဘူး။ လျှော့ချင်လို့ လျှော့လိုက်တာ။ မင်း ဘဝင်မြင့်သွားမှာ စိုးလို့နေမှာပေါ့။”
လျူဝူဟွမ်း၏ ရမှတ်ကို ကြေညာလိုက်သည်နှင့် တပြိုင်နက် ကျူးဝူယာနှင့် အော်ယန်ထန်တို့၏ မျက်နှာထားများမှာ အလွန်အရုပ်ဆိုးသွားကြလေသည်။
မနေ့က သူတို့သည် ကွေ့တုန်းယန်နှင့် လော့ဝမ်တို့ကို သွားရောက်တွေ့ဆုံခဲ့သော်လည်း လျူဝူဟွမ်းကိုမူ မလိုအပ်ဟု ထင်သောကြောင့် သွားမတွေ့ခဲ့ပေ။
လျူဝူဟွမ်းသည် အရပ်ဘက်နှင့် စစ်ဘက် အရာရှိနှစ်ဖက်စလုံးနှင့် ဆွေမျိုးတော်စပ်သလို မိန်းမစိုးဂိုဏ်းနှင့်လည်း ရန်ငြိုးရှိသူဖြစ်ရာ သူတို့ မျက်နှာလိုက်မည်ကို စိုးရိမ်စရာ မလိုဟု တွေးခဲ့ကြသည်။
ထို့အပြင် အချိန်အများစုတွင် လျူဝူဟွမ်းသည် အော်ယန်ထန်နှင့် ကျူးဝူယာတို့၏ တောင်းဆိုမှုများကို မငြင်းဆန်ဘဲ ကျောရိုးမဲ့သည့်ကောင်ကဲ့သို့ လိုက်လုပ်ပေးလေ့ရှိရာ ယနေ့တွင် ရုတ်တရက် လေသံပြောင်းသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
နောက်ဆုံးတွင် ကျန်းရန်မင် အမှတ်ပေးရမည့်အလှည့် ရောက်လာပြီး သူသည် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
“ဒါက ငါ့အနေနဲ့ အဓိကဒိုင်လူကြီးအဖြစ် နောက်ဆုံးအကြိမ် ဆောင်ရွက်တာပဲ။ ဒီနေ့ပြီးရင် ငါ တောထွက်ပြီး တစ်သီးတခြား နေတော့မယ်။ ဘာကိစ္စနဲ့မှ ငါ့ကို လာမရှာကြနဲ့တော့။”
“အောက်မေ့ဖွယ် ကမ္ပည်းကျောက်စာ ရေးခိုင်းချင်တယ်ဆိုရင်တော့ ပေါက်ကရတွေ လာမပြောနဲ့။ အဲဒါဆိုရင်တော့ ငါလက်ခံပေးမယ်။” ကျန်းရန်မင်က ဆက်ပြောသည်။ “ဒါပေမဲ့ ဒီနေ့တော့ ငါပြောရဦးမယ်။ လက်ရးလှပြိုင်ပွဲအတွက် ငါ့ရဲ့ ရမှတ်က ဖန်းဝူနယ်စားမင်းနဲ့ အတူတူပဲ။ ချွေ့ဖူက ၉၀ မှတ်။ တုပိုင်က ၉၉ မှတ်။”
အော်ယန်ထန်၊ ကျူးဝူယာ၊ လော့ဝမ်နှင့် ကွေ့တုန်းယန်တို့၏ မျက်နှာများမှာ ချက်ချင်းပင် မီးခဲပြာကျသကဲ့သို့ ဖြစ်သွားကြလေသည်။ သို့သော် သူတို့ ဘာမှမတတ်နိုင်ကြပေ။ တတိယမြောက်နေ့ လက်ရေးလှပြိုင်ပွဲ၏ ရလဒ်မှာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး တုပိုင်က နောက်တစ်ကြိမ် အနိုင်ရသွားပြန်၏။
ထို့အပြင် သူတို့အနေဖြင့် လျူဝူဟွမ်းနှင့် ကျန်းရန်မင်ကို အပြစ်တင်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကသာ စည်းကမ်းကို ဦးစွာ ဖောက်ဖျက်ခဲ့သူများ ဖြစ်ကြပြီး လူအများ၏ ရှေ့မှောက်တွင် ကျန်းရန်မင်နှင့် လျူဝူဟွမ်းတို့၏ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပစ်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
“တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲရဲ့ တတိယနေ့မှာ မိန်းမစိုးအကယ်ဒမီက တုပိုင် အနိုင်ရရှိကြောင်း ကြေညာလိုက်ပါတယ်။”
“အသက်ရာကျော် ရှည်ပါစေ။”
အခန်းထဲရှိ မိန်းမစိုးဂိုဏ်းဝင် အများစုက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ပြိုင်ပွဲတစ်ခုလုံးတွင် ပွဲစဉ် ၄ ခု ပါဝင်သည်။ တုပိုင်သည် ပြိုင်ဘက် ၁၀ ဦးကို တစ်ယောက်တည်း ယှဉ်ပြိုင်ခဲ့ပြီး ပထမ ၃ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ရာ နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ရန်ပင် မလိုတော့ပေ။
လေးပွဲကစား သုံးပွဲနိုင်စနစ်ဖြစ်ရာ သူ့ပြိုင်ဘက်များအနေဖြင့် အခြေအနေကို ပြောင်းပြန်လှန်ရန် အခွင့်အရေး မရှိတော့ချေ။
မိန်းမစိုးအကယ်ဒမီအနေဖြင့် အောင်ပွဲကို ကြိုတင်ကျင်းပလို့ ရနေပြီ မဟုတ်ပါလော။ ကျန်းရန်မင်က ပြောလိုက်သည်။
“ပန်းချီပြိုင်ပွဲကို ဆက်လုပ်ကြဦးမလား။ ငါ့အမြင်တော့ မလိုတော့ဘူး ထင်တယ်။ မလုပ်တော့ဘူးဆိုရင် ဒီ တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲမှာ မိန်းမစိုးအကယ်ဒမီက အပြီးသတ် အနိုင်ရသွားပြီလို့ ငါကြေညာလိုက်တော့မယ်။”
“နေဦး။” အော်ယန်ထန် မတ်တတ်ရပ်လိုက်ပြီး လီဝမ်ဟွေ့ကို ပြောလိုက်သည်။ “ကျုပ်မှာ အကြံပြုချက်တစ်ခု ရှိတယ်။ သခင်ကြီး လီဝမ်ဟွေ့ လက်ခံရဲမလားတော့ မသိဘူး။”
လီဝမ်ဟွေ့က ပြောလိုက်သည်။
“ပြောကြည့်ပါဦး။”
အော်ယန်ထန်က ပြောလိုက်သည်။
“တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲက အခု ရပ်လိုက်ရတော့မယ် မဟုတ်လား။ ဒါက နောက်ဆုံးအကြိမ်ပဲလေ။”
ဆက်လက်ကျင်းပရန် မဖြစ်နိုင်တော့သည်မှာ သေချာသည်။ သူတို့ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် အရှက်တရားဟူ၍ မရှိတော့ချေ။ ရှုံးနိမ့်မှုကို လက်မခံနိုင်ကြဘဲ တရားမျှတမှုအားလုံး ပျောက်ဆုံးကုန်ပြီ ဖြစ်သည်။ ထို့ကြောင့် ဤပြိုင်ပွဲကြီးသည် ဆက်လက်တည်ရှိနေရန် အကြောင်းပြချက် လုံးဝ မရှိတော့ပေ။
လီကျန်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီး အော်ယန်ထန်က ပြောလိုက်သည်။
“ကျုပ်တို့အနေနဲ့ လေးပွဲကစား သုံးပွဲနိုင်စနစ်ကို မသုံးတော့ဘဲ အမှတ်ပေးစနစ်ကို ပြောင်းသုံးကြမယ်။ နေ့ရက်အလိုက် ပွဲစဉ်တွေမှာ ရရှိတဲ့ တစ်ဖက်စီရဲ့ အမြင့်ဆုံးရမှတ်တွေကို ပေါင်းထည့်ပြီး နောက်ဆုံးပွဲစဉ် ၄ ခုစလုံး ပြီးတဲ့အချိန်မှာ ရမှတ်အများဆုံးရတဲ့သူက အနိုင်ရမယ်။”
ဤအခြေအနေသို့ ရောက်သောအခါ ဘေးမှ ကြည့်ရှုနေသူများပင် နားမခံသာ ဖြစ်လာကြသည်။
ဤသည်မှာ အလွန်အရှက်မဲ့သော လုပ်ရပ်ပင်။ လေးပွဲကစား သုံးပွဲနိုင်စနစ်ကို ဖျက်သိမ်းပြီး အမှတ်ပေးစနစ်ဖြင့် အစားထိုးလိုက်ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ တုပိုင်သည် ပထမ ၃ ရက်စလုံး အနိုင်ရခဲ့လျှင်ပင် နောက်ဆုံး ပန်းချီပြိုင်ပွဲတွင် ရမှတ် အလွန်နည်းပါးသွားပါက ပြိုင်ပွဲတစ်ခုလုံးတွင် ရှုံးနိမ့်သွားနိုင်လေသည်။
လီဝမ်ဟွေ့က မေးလိုက်သည်။
“ဒါဆို မနေ့ကပွဲစဉ်ကို ဘယ်လို အမှတ်ပေးမလဲ။ မနေ့က အနိုင်အရှုံးနဲ့ ဆုံးဖြတ်ခဲ့တာလေ။”
အော်ယန်ထန်က ပြောလိုက်သည်။
“အဲဒါကိုတော့ ဒိုင်လူကြီး ၄ ယောက်ဆီပဲ လွှဲအပ်ရမှာပေါ့။”
တိုင်ပင်ဆွေးနွေးပြီးနောက် ကျန်းရန်မင်နှင့် အခြားဒိုင်လူကြီး ၃ ဦးတို့သည် မနေ့က စစ်တုရင်ပြိုင်ပွဲအတွက် အမှတ်များ ပေးလိုက်ကြသည်။
မိန်းမစိုးအကယ်ဒမီမှ တုပိုင်က ၉၈ မှတ်၊ နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျန်းယီကျီက ၉၅ မှတ်နှင့် လီကျန်းအကယ်ဒမီမှ နင်ယွီက ၈၈ မှတ် ရရှိသည်။ ဤအမှတ်ပေးစနစ်သည် မျှတသည်ဟု ယူဆရသည်။ ကျန်းယီကျီ ရှုံးနိမ့်ခဲ့သော်လည်း သူနှင့် တုပိုင်ကြား ကွာခြားချက်မှာ အလွန်သေးငယ်လှသည်။
ယနေ့ လက်ရေးလှပြိုင်ပွဲတွင် ရှောင်ဘိုင်လီသည် နန်ဟိုင်သိုင်းသင်တန်းကျောင်းကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးရမှတ် ၉၀ ရရှိခဲ့သည်။
သူ၏ လက်ရေးတွင် သိုင်းဓားပညာ၏ စိတ်ဝိညာဉ် ပါဝင်နေပြီး အခြားအခြေအနေမျိုးတွင် ဆိုလျှင် အလွန်ထူးခြား ပြောင်မြောက်ပေလိမ့်မည်။ သို့သော် တုပိုင်၏ သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း မှာ အလွန်တရာ အံ့မခန်း ကောင်းမွန်လွန်းနေသဖြင့် သူ၏ ဓားသိုင်းစာလုံးမှာ နောက်ခံကားချပ်အဖြစ်သို့သာ ရောက်ရှိသွားရလေသည်။
ထို့ကြောင့် မိန်းမစိုးအကယ်ဒမီမှ တုပိုင်၏ ပထမ ၃ ရက် ပြိုင်ပွဲရမှတ်များမှာ ၉၉.၁၃၊ ၉၈ နှင့် ၉၆ ဖြစ်ပြီး စုစုပေါင်း ၂၉၃.၁၃ မှတ် ဖြစ်သည်။
အရပ်ဘက်အရာရှိအုပ်စု လီကျန်းအကယ်ဒမီ၏ ပထမ ၃ ရက် ရမှတ်များမှာ ၉၉၊ ၈၈ နှင့် ၉၃.၅ ဖြစ်ပြီး စုစုပေါင်း ၂၈၀.၅ မှတ် ဖြစ်သည်။
စစ်ဘက်အရာရှိအုပ်စု နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ ပထမ ၃ ရက် ရမှတ်များမှာ ၉၄.၅၊ ၉၅ နှင့် ၉၀ ဖြစ်ပြီး စုစုပေါင်း ၂၇၉.၅ မှတ် ဖြစ်သည်။
အမှတ်ပေးစနစ်အရ မိန်းမစိုးအကယ်ဒမီမှ တုပိုင်သည် ဒုတိယနေရာမှ အသင်းကို ၁၃ မှတ်နီးပါးဖြင့် ဦးဆောင်နေလေသည်။ သို့သော် မနက်ဖြန်ကျင်းပမည့် ပန်းချီပြိုင်ပွဲတွင် ဤ ၁၃ မှတ် အသာစီးရမှုသည် ချက်ချင်း ပျောက်ကွယ်သွားနိုင်ပြီး အနိုင်မှ အရှုံးသို့ ပြောင်းလဲသွားနိုင်သည်။
ထို့ကြောင့် မမျှော်လင့်ထားသော အခြေအနေများ မရှိပါက မိန်းမစိုးအကယ်ဒမီသည် ပန်းချီပြိုင်ပွဲကို လုံးဝ သဘောတူမည် မဟုတ်ပေ။
အော်ယန်ထန်က ပြောလိုက်သည်။
“ကျုပ်တို့က အမှတ်ပေးစနစ်ကို ကျင့်သုံးမယ်။ ပြီးတော့ မနက်ဖြန် ပန်းချီပြိုင်ပွဲကို ဆက်လုပ်မယ်။ တကယ်လို့ ခင်ဗျားတို့ မိန်းမစိုးအကယ်ဒမီက အနိုင်ရရင် ကျုပ်တို့ဘက်က ကျောင်းမြေ ၁,၅၀၀ မူ ပေးမယ့်အပြင် အရင်က ရှုံးထားတဲ့ ကျောင်းမြေ ၆,၀၀၀ မူ အားလုံးကိုပါ ပြန်ပေးမယ်။”
ဤစကားကို ကြားလိုက်သောအခါ လီဝမ်ဟွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပရိသတ်တစ်အုပ်လုံး ဆူညံပွက်လောရိုက်သွားကြလေသည်။
ယခင်က ပြုလုပ်ခဲ့သော အကယ်ဒမီသုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲ ၄ ကြိမ်စလုံးတွင် မိန်းမစိုးဂိုဏ်းအကယ်ဒမီသည် အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ပြီး ကျောင်းမြေ ၆,၀၀၀ မူ ဆုံးရှုံးခဲ့ရသည့်အပြင် ငွေကြေးအားဖြင့် ၁ သိန်းခွဲကျော် ဆုံးရှုံးခဲ့ရသည်။
ယခုအကြိမ်တွင် အော်ယန်ထန်က ကျောင်းမြေ ၆,၀၀၀ မူကို လောင်းကြေးထပ်လိုက်ခြင်း ဖြစ်ရာ တော်တော်လေး ရဲရင့်သည်ဟု ဆိုရမည်။
သို့သော် လီဝမ်ဟွေ့က အေးစက်စွာ ပြန်ပြောလိုက်သည်။
“မလိုပါဘူး။ ရပြီးသား အမြတ်ကို ငြင်းပယ်တာထက် လက်ထဲမှာ မြဲအောင်ဆုပ်ကိုင်ထားတာက ပိုကောင်းပါတယ်။”
အော်ယန်ထန်က သွားများကို ကြိတ်လိုက်ပြီး ပြောလိုက်သည်။
“ငွေသား ၅ သောင်း ထပ်ပေါင်းထည့်ပေးမယ်။”
လီဝမ်ဟွေ့က ခေါင်းခါလိုက်ပြန်သည်။
ကျူးဝူယာက ဟိန်းဟောက်လိုက်သည်။
“လောင်းကြေးတစ်ခု ထပ်တိုးပေးမယ်။ ကွေ့လင်တောင်ဘက်က လျှို့ဝှက်သံသတ္တုတွင်း။ မင်းတို့အဖွဲ့ အဲဒါကို လိုချင်လွန်းလို့ သွားရည်ကျနေကြတာ မဟုတ်လား။ တကယ်လို့ မင်းတို့ သဘောတူပြီး မနက်ဖြန်ပြိုင်ပွဲမှာ နိုင်ရင် အဲဒီ လျှို့ဝှက်သံသတ္တုတွင်းက မင်းတို့ မိန်းမစိုးဂိုဏ်းပိုင် ဖြစ်သွားလိမ့်မယ်။”
ထိုစကားကြောင့် ပရိသတ်တစ်ရပ်လုံး အံ့အားသင့်ကာ အသက်ရှူမှားသွားကြလေသည်။ ထိုလျှို့ဝှက်သံသတ္တုတွင်းသည် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုဖြစ်ပြီး တန်ဖိုးအားဖြင့် ငွေသားသောင်းချီမက တန်ဖိုးရှိလှသည်။
အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် ဤပြိုင်ပွဲကို အနိုင်ရရန်နှင့် လီဝမ်ဟွေ့ အာဏာရလာမည်ကို တားဆီးရန်အတွက် ငွေသား ၃ သိန်းကျော်တန်ဖိုးရှိသော ပမာဏကို လောင်းကြေးအဖြစ် ပုံအောလိုက်ကြခြင်း ဖြစ်သည်။ သူတို့ တကယ့်ကို ရူးသွပ်သွားကြပြိဖြစ်လေ၏။
လီဝမ်ဟွေ့၏ မျက်နှာမှာ တဆတ်ဆတ် တုန်ယင်လာသည်။ အကျိုးအမြတ်များမှာ အလွန်ကြီးမားလွန်းလှသော်လည်း သူ သဘောမတူခဲ့ပေ။ ထိုအစား သူသည် တုပိုင်ကို လက်ယပ်ခေါ်လိုက်ပြီး ပြောလိုက်သည်။
“ကလေး။ ဒီကိုလာခဲ့။”
ထို့နောက် လီဝမ်ဟွေ့သည် တုပိုင်ကို လူသူကင်းဝေးသော အခန်းတွင်းတစ်နေရာသို့ ခေါ်ဆောင်သွားလေသည်။
**--**--**--**--**--**--**--**
“ကလေး... ဒီကိစ္စကို မင်းပဲ ဆုံးဖြတ်လိုက်ပါ။” လီဝမ်ဟွေ့က ပြောလိုက်သည်။ “မင်း ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ငါသဘောတူတယ်။ ပြီးတော့ ဘာတာဝန်ပဲဖြစ်ဖြစ် ငါယူဖို့ ဆန္ဒရှိတယ်။”
ဤစကားသည် တန်ဖိုးကြီးမားလွန်းလှသည်။
အကယ်၍ သူတို့နိုင်လျှင် မိန်းမစိုးဂိုဏ်းသည် ကြီးမားသော အကျိုးအမြတ်များကို ရရှိမည်ဖြစ်ပြီး လီဝမ်ဟွေ့အနေဖြင့် အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းယူနိုင်ရန် အခွင့်အလမ်း များစွာ မြင့်မားသွားစေကာ ကျန်းရော့ကျူးကိုပင် ကျော်လွန်သွားနိုင်သည်။ တုပိုင်သည်လည်း ဂုဏ်ပြုထိုက်သော သူရဲကောင်းတစ်ဦး ဖြစ်လာပေလိမ့်မည်။
သို့သော် အကယ်၍ သူတို့ ရှုံးနိမ့်ခဲ့လျှင် လီဝမ်ဟွေ့သည် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များကို ရင်ဆိုင်ရမည်ဖြစ်ပြီး ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ ကျောင်းအုပ်ကြီး ရာထူးကိုပင် စွန့်လွှတ်ရနိုင်သည်။
သူသည် အနိုင်ရပြီးသား အခြေအနေကို မလိုအပ်ဘဲ လုပ်ဆောင်မှုများကြောင့် ရှုံးနိမ့်သွားရခြင်း ဖြစ်ပေလိမ့်မည်။ တစ်ဖက်တွင်မူ တုပိုင်သည် မည်သည့်တာဝန်မှ ယူစရာမလိုဘဲ မိန်းမစိုးပါတီ၏ တက်သစ်စကြယ်ပွင့် သူရဲကောင်းတစ်ဦးအဖြစ် ဆက်လက် တည်ရှိနေပေလိမ့်မည်။
ထို့ကြောင့် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ တုပိုင်က အကျိုးကျေးဇူး ရရှိမည်ဖြစ်သော်လည်း လီဝမ်ဟွေ့အတွက်မူ လုံးဝ ကွဲပြားခြားနားသော အခြေအနေ ဖြစ်သွားပေလိမ့်မည်။
“ကျောင်းအုပ်ကြီး။ ရန်သူတွေက ဒီလောက်ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်နေကြတာ။ မနက်ဖြန်ကျရင် သူတို့ နိုင်ဖို့အတွက် ဘာမဆို လုပ်ကြတော့မှာ။” တုပိုင်က ပြောလိုက်သည်။ “သူတို့က သမင်ကို မြင်းလို့ပြောရင် ပြောမယ်။ အမည်းကို အဖြူလို့ ပြောချင်ပြောမယ်။ အဆုံးထိ အရှက်မဲ့ကြတော့မှာ။”
လီဝမ်ဟွေ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားတာနဲ့ အရပ်ဘက်အရာရှိအုပ်စုက တခြားဘယ်သူ့ထက်မဆို ပိုပြီး အရုပ်ဆိုးတဲ့ မျက်နှာကို ပြလာကြလိမ့်မယ်။ ဒါကြောင့် ငါတို့ စွန့်စားရမာက အရမ်းများတယ်။”
တုပိုင်က ပြောလိုက်သည်။
“ကျောင်းအုပ်ကြီး။ ကျွန်တော် ဒီကိစ္စကို သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ချင်ပါတယ်။”
လီဝမ်ဟွေ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကောင်းပြီလေ။ ငါ အပြင်က စောင့်နေမယ်။”
ထို့နောက် သူ ထွက်ခွာသွားပြီး တုပိုင်တစ်ယောက်တည်း သီးသန့်အခန်းထဲတွင် ကျန်ရစ်ခဲ့လေသည်။
**--**--**--**--**--**--**--**
တုပိုင်သည် ဘေးတွင် ဝင်ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ အိပ်မက်ထဲသို့ ဝင်ရောက်လိုက်သည်။
[အပိုမစ်ရှင် ပွင့်လာပါပြီ - ရူးသွပ်ဖွယ် လောင်းကစားပွဲ]
[မစ်ရှင်ရည်မှန်းချက် - မနက်ဖြန် ပန်းချီပြိုင်ပွဲကို အနိုင်ရရှိရမည်။]
[မစ်ရှင် ဆုလာဘ် ၁ - လက်ခံသူ တုပိုင်၏ မိန်းမစိုးပါတီ စွမ်းဆောင်ရည်အမှတ် ၅ မှတ် တိုးမည်။ လီဝမ်ဟွေ့၏ မိန်းမစိုးပါတီ စွမ်းဆောင်ရည်အမှတ် ၂၀ တိုးပြီး ၇၀ မှတ်သို့ ရောက်ရှိမည်။]
(မှတ်ချက် - စွမ်းဆောင်ရည်အမှတ် ၁၀၀ ပြည့်ပါက အရှေ့ဘက်ကွပ်ကဲရေးရုံးကို တိုက်ရိုက် လွှဲပြောင်းရယူနိုင်သည်။)
[မစ်ရှင် ဆုလာဘ် ၂ - လက်ခံသူ တုပိုင်၏ စိတ်စွမ်းအား ၁၀ မှတ် အမြဲတမ်း တိုးမည်။ ယခု လက်ခံသူ၏ စိတ်စွမ်းအားမှာ ၃၀ ဖြစ်သည်။]
အပိုင်း (၅၉) ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
[စိတ်စွမ်းအားသည် အိပ်မက်ထဲတွင် ကြာချိန်ကို အဆပေါင်းများစွာ တိုးမြင့်ပေးနိုင်ပြီး လက်တွေ့ဘဝတွင် သိုင်းကျမ်းစာများအား နားလည်သဘောပေါက်မှုကို အလွန်တိုးတက်စေနိုင်သည်။ ထို့အပြင် ချီစွမ်းအင်သုံး တိုက်ခိုက်ချိန်ကို ရှည်ကြာစေပြီး ချီစွမ်းအင်တိုက်ခိုက်မှု စွမ်းရည်ကိုလည်း မြှင့်တင်ပေးသည်။]
သိုင်းပညာ၏ အစောပိုင်းအဆင့်များတွင် ခွန်အားနှင့် လျင်မြန်မှုတို့သည် အရေးကြီးဆုံးဖြစ်နိုင်သော်လည်း နောက်ပိုင်းအဆင့်များတွင်မူ စိတ်စွမ်းအားက ပို၍ အရေးကြီးလာသည်။
[မစ်ရှင် ကျရှုံးပါက ပြစ်ဒဏ် ၁ - လီဝမ်ဟွေ့၏ မိန်းမစိုးပါတီ စွမ်းဆောင်ရည်အမှတ် ၃၀ လျော့ကျမည်ဖြစ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းယူမည့် အခွင့်အရေး ဆုံးရှုံးသွားမည်။]
အလင်းနှင့် အရိပ်သဏ္ဌာန် ထူးဆန်းသော အသံက မေးလိုက်သည်။
[ဤ အပိုဆောင်းမစ်ရှင်ကို လက်ခံမည်လော။]
တုပိုင်သည် သေရေးရှင်ရေး ဆုံးဖြတ်ချက်တစ်ခုနှင့် ရင်ဆိုင်နေရလေသည်။ ဤမစ်ရှင်၏ ဆုလာဘ်များမှာ အလွန်ရက်ရောလှသည်။ မိန်းမစိုးပါတီ စွမ်းဆောင်ရည်အမှတ်နှင့် စိတ်စွမ်းအား နှစ်မျိုးစလုံးသည် တန်ဖိုးမဖြတ်နိုင်သော အရာများ ဖြစ်ကြသည်။
ဤနေရာတွင် မိန်းမစိုးများ ရရှိသော စွမ်းဆောင်ရည်အမှတ်များသည် ရာထူးတိုးမြှင့်ခြင်းသို့ တိုက်ရိုက် ဦးတည်သွားစေနိုင်သည်။
စိတ်စွမ်းအားဆိုသည်မှာ သိုင်းပညာစွမ်းရည် အဆင့်အတန်းကို တိုက်ရိုက် အဆုံးအဖြတ်ပေးသော အရာဖြစ်သည်။
စွမ်းဆောင်ရည်အမှတ်များ ဆိုသည်မှာ လက်တွေ့ကမ္ဘာရှိ အောင်မြင်မှုများကို ကိန်းဂဏန်းဖြင့် ဖော်ပြခြင်းသာ ဖြစ်သည်။
စနစ်က အလိုအလျောက် အမှတ်ပေးပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းယူခိုင်းမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
လက်တွေ့တွင် မိမိ၏ အကျိုးပြုမှုများကြောင့် ရာထူးတိုးမြှင့်ခံရခြင်းဖြစ်ပြီး စနစ်က အကျိုးပြုမှုများကို ဒီဂျစ်တယ်စနစ်တွင် နံပါတ်ဖြင့် ပြသပေးခြင်းသာ ဖြစ်သည်။
သို့သော် မစ်ရှင်ကျရှုံးပါက ပြစ်ဒဏ်မှာ အလွန်ဆိုးရွားလှသည်။ လီဝမ်ဟွေ့၏ မိန်းမစိုးပါတီ စွမ်းဆောင်ရည်အမှတ် ၃၀ လျော့ကျသွားမည်ဆိုပါက အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းမယူနိုင်တော့ရုံသာမက တော်ဝင်သင်္ချိုင်းဂူများတွင် သွားရောက်စောင့်ကြပ်ရသည့် ပြစ်ဒဏ်မျိုးပင် ကျခံရနိုင်သည်။
ထို့ကြောင့် တုပိုင်သည် ပါဝင်ချင်သော်လည်း လက်လျော့လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဤအရာက လီဝမ်ဟွေ့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည်ဖြစ်ပြီး မနက်ဖြန်ပြိုင်ပွဲတွင် အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် မည်သည့်နည်းလမ်းမဆို သုံးလာမည်ဖြစ်ရာ သူ၏ နိုင်ခြေမှာ အလွန်နည်းပါးလှသည်။
အလင်းနှင့် အရိပ်သဏ္ဌာန် အသံက မေးလိုက်သည်။
[ရူးသွပ်ဖွယ်လောင်းကစားတာဝန်ကို လက်ခံမည်လော။]
တုပိုင်က လက်လျော့ချင်ကြောင်း ပြောရန် ပြင်လိုက်သည်။ ထိုအချိန်တွင် အလင်းနှင့် အရိပ်သဏ္ဌာန် အသံက ပြောလိုက်သည်။
[မစ်ရှင်ကို စွန့်လွှတ်ပါက ပြစ်ဒဏ် - လက်ခံသူ တုပိုင်၏ မိန်းမစိုးပါတီ ဂုဏ်သတင်းကျော်စောမှု ၁၀ မှတ် အမြဲတမ်း လျော့ကျမည်ဖြစ်ပြီး စွမ်းဆောင်ရည်အမှတ် ၁၀၀ သို့ ဘယ်တော့မှ ရောက်ရှိနိုင်တော့မည် မဟုတ်။]
‘သောက်ကျိုးနည်းကွာ...’
‘ဒီလိုနည်းနဲ့တောင် လုပ်တာလား။ ဒီပြစ်ဒဏ်က ငါ့ရဲ့အနာဂါတ်ကို လုံးဝ ပိတ်ထားလိုက်တာပဲ။’
မူလက တုပိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းယူရန် မိန်းမစိုးပါတီ စွမ်းဆောင်ရည်အမှတ် ၁၀၀ ပြည့်ရန်သာ လိုအပ်သည်။
သို့သော် အကယ်၍ သူသာ ဤမစ်ရှင်ကို စွန့်လွှတ်လိုက်ပါက တုပိုင်၏ အမြင့်ဆုံး စွမ်းဆောင်ရည်အမှတ်သည် ၉၀ သာ ရှိတော့မည်ဖြစ်သည်။
သူ မည်မျှပင် ဂိုဏ်းအတွက်ကောင်းမှုများ ပြုလုပ်စေကာမူ ၉၀ ထက် ကျော်လွန်နိုင်မည် မဟုတ်သဖြင့် အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှဲပြောင်းယူခွင့် သို့မဟုတ် မိန်းမစိုးပါတီ၏ ခေါင်းဆောင် ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
သို့သော် ပြန်စဉ်းစားကြည့်လျှင် နားလည်ပေးနိုင်သော အချက်ဖြစ်သည်။ မိန်းမစိုးပါတီ၏ အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့်သူတစ်ယောက်အနေဖြင့် ဤမျှလောက် ရည်မှန်းချက်ကြီးမှု မရှိလျှင် ဖြစ်ပါ့မလား။
ဤတာဝန်ကို လက်မခံရဲခြင်းသည် သူရဲဘောကြောင်ခြင်းနှင့် အားနည်းခြင်းကို ပြသရာရောက်သည်။
သူရဲဘောကြောင်သူတစ်ဦးသည် မိန်းမစိုးပါတီ၏ နံပါတ်တစ် ခေါင်းဆောင်ဖြစ်ရန် မည်သို့ အရည်အချင်း ပြည့်မီမည်နည်း။
ထို့ကြောင့် တုပိုင်တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
“မစ်ရှင်ကို လက်ခံတယ်။”
တုပိုင် ပြောလိုက်သည်။
အလင်းနှင့် အရိပ်သဏ္ဌာန် အသံက ပြောလိုက်သည်။
[စနစ်ရှင်တုပိုင်သည် ရူးသွပ်ဖွယ် လောင်းကစားမစ်ရှင်ကို လက်ခံလိုက်ပြီ ဖြစ်သည်။ မစ်ရှင် အောင်မြင်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ရှိသည်။]
“မင်းအဘိုးကြီးကိုပဲ ိုးးးလိုက်ပါလား...” တုပိုင် မနေနိုင်ဘဲ ဆဲဆိုလိုက်သည်။ “ဘာလို့ စောစောက မပြောတာလဲ။”
သို့သော် အလင်းနှင့် အရိပ်သဏ္ဌာန်သည် ပျောက်ကွယ်သွားလေပြီ။
တုပိုင်သည် ဤမစ်ရှင်ကို လက်ခံပြီးပြီဖြစ်ရာ ပြန်လည်ပြင်ဆင်၍ မရတော့ပေ။ အစွမ်းကုန် ကြိုးစားတိုက်ခိုက်ရုံသာ ရှိတော့သည်။
မျက်လုံးဖွင့်ပြီး အိပ်မက်ထဲမှ ထွက်လာသောအခါ တုပိုင်သည် အခန်းထဲမှ ထွက်လာပြီး အပြင်တွင် မတ်တတ်ရပ် စောင့်နေသော လီဝမ်ဟွေ့ကို ပြောလိုက်သည်။
“မွေးစားအဖေ... ကျွန်တော် ဒီလောင်းကြေးကို လက်ခံဖို့ သဘောတူပါတယ်။”
ဤသည်မှာ တုပိုင်က လီဝမ်ဟွေ့ကို မွေးစားအဖေဟု ပထမဆုံးအကြိမ် ခေါ်ဆိုခြင်း ဖြစ်သည်။
“ကောင်းတယ်။ ကောင်းတယ်။” လီဝမ်ဟွေ့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဒါမှ ငါ့ရဲ့ မွေးစားသား။ ဒါမှ မိန်းမစိုးပါတီရဲ့ အနာဂတ်ခေါင်းဆောင်ကွ။ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။ မင်းကို ရွေးခဲ့တာ ငါမှန်တယ်။”
“ထောင်ချီတဲ့ ရန်သူတွေ ရှိနေပါစေ။ ငါသွားမယ်ကွာ။ တကယ်လို့ မင်းမှာ ဒီလောက် သတ္တိလေးတောင် မရှိဘူးဆိုရင် အနာဂတ်မှာ မိန်းမစိုးပါတီ တစ်ခုလုံးနဲ့ အရပ်ဘက် စစ်ဘက် အရာရှိတွေကို ဘယ်လို ဦးဆောင်နိုင်မလဲ။”
“အင်ပါယာကို ဦးဆောင်ပြီး ပတ်ဝန်းကျင်က ရန်သူနိုင်ငံတွေကို ဘယ်လို တိုက်ခိုက်မလဲ။ ခေါင်းဆောင်တစ်ယောက်မှာ တခြားအရာတွေ လိုအပ်ချက် ရှိနိုင်ပေမဲ့ သတ္တိနဲ့ ပြတ်သားမှုတော့ မရှိလို့မဖြစ်ဘူး။”
လီဝမ်ဟွေ့သည် တုပိုင်ကို ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝ ပေးခဲ့သော်လည်း တုပိုင်သာ လောင်းကြေးကို လက်မခံရဲခဲ့လျှင် သူ စိတ်ပျက်မိမည်ဖြစ်သည်။
ယခု တုပိုင် သဘောတူလိုက်သောအခါ သူ အလွန် ဝမ်းသာသွားလေသည်။ အကယ်၍ ရှုံးနိမ့်ခဲ့လျှင် လီဝမ်ဟွေ့၌ ဘာမှကျန်တော့မည် မဟုတ်သလို မစ်ရှင်ကျရှုံးမှု ပြစ်ဒဏ်အားလုံးက သူ၏ ပခုံးပေါ်သို့သာ ကျရောက်မည် ဖြစ်သော်လည်း သူ ဂရုမစိုက်ပေ။
**--**--**--**--**--**--**--**
လီဝမ်ဟွေ့သည် ခန်းမဆောင်ကြီးထဲသို့ ပြန်ဝင်လာပြီး ပြောလိုက်သည်။
“ကျောင်းအုပ်ကြီးအော်ယန်။ ကျောင်းအုပ်ကြီးကျူး။ ဒီပွဲမှာ ကျုပ်တို့ လောင်းနေတာက ကျောင်းမြေ ၁,၅၀၀ မူ အတွက်တင် မဟုတ်ဘူး။ ကျုပ်ရဲ့ အနာဂတ်တစ်ခုလုံး အတွက်ပါ လောင်းနေတာ။ ခင်ဗျားတို့က မရိုးမသား လုပ်ဖို့ ကြံစည်နေကြမှတော့ လောင်းကြေးကို ထပ်တိုးရလိမ့်မယ်။”
လီကျန်းအကယ်ဒမီ ကျောင်းအုပ်ကြီး အော်ယန်ထန်က ပြောလိုက်သည်။
“ကျောင်းမြေ ၆,၀၀၀ မူ။ လျှို့ဝှက်သံသတ္တုတွင်း တစ်ခုနဲ့ ငွေသား ၅ သောင်း ဆိုတာ ကျုပ်တို့ ပေးနိုင်တဲ့ အမြင့်ဆုံးပမာဏပဲ။ ဒီထက်ပိုပြီး ထပ်ထည့်ဖို့ဆိုရင် တခြားနည်းလမ်းတွေ သုံးရလိမ့်မယ်။”
လီဝမ်ဟွေ့က ပြောလိုက်သည်။
“ငွေသားပမာဏကို ၅ သောင်းကနေ ၁ သိန်းအထိ တိုးပေးရမယ်။”
အော်ယန်ထန်နှင့် ကျူးဝူယာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြောလိုက်သည်။
“ကျုပ်တို့ဘက်က လောင်းကြေးကို ငွေသား ၅ သောင်း ထပ်တိုးပေးရမယ်ဆိုရင် ခင်ဗျားတို့ဘက်ကလည်း ထပ်တိုးရမယ်။ တကယ်လို့ ခင်ဗျားတို့ ရှုံးရင် ကျောင်းမြေ ၁,၅၀၀ မူ ပေးရမယ့်အပြင် ကျန်ရှိနေသေးတဲ့ ကျောင်းမြေ ၄,၀၀၀ မူ အားလုံးကိုပါ ကျုပ်တို့ဆီ လွှဲပေးရမယ်။”
သူတို့အနေဖြင့် လီဝမ်ဟွေ့ လုံလောက်အောင် မသေသေးဟု ခံစားရသဖြင့် ရေထဲကန်ချပြီး ကျောက်တုံးနှင့်ပါ တွဲချည်ကာ အောက်ဆုံးထိ နစ်သွားအောင် လုပ်မည့် အကြံအစည်ပင် ဖြစ်သည်။
ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ ပိုင်ဆိုင်သော ကျန်ရှိနေသည့် လယ်မြေ ၄,၀၀၀ မူ ဆုံးရှုံးသွားပါက လီဝမ်ဟွေ့အနေဖြင့် တော်ဝင်သင်္ချိုင်းဂူကို စောင့်ရှောက်ဖို့ပင် စဉ်းစားမနေသင့်တော့ပေ။ သံခြေချင်းခတ်ပြီး မြို့တော်သို့ ပြန်ကာ အပြစ်ပေးခံရဖို့သာ ပြင်ဆင်ထားသင့်သည်။
“သဘောတူတယ်။”
လီဝမ်ဟွေ့ ပြောလိုက်သည်။
အော်ယန်ထန်က ပြောလိုက်သည်။
“သက်သေအဖြစ် စာချုပ်ချုပ်ကြတာပေါ့။”
ထို့နောက် ကွမ်ရှီးပြည်နယ်ရှိ တက္ကသိုလ်ကြီးသုံးခုမှ ကျောင်းအုပ်ကြီးများသည် ပူးတွဲစာချုပ်တစ်ခုပေါ်တွင် လက်မှတ်ရေးထိုးပြီး လက်ဗွေနှိပ်လိုက်ကြသည်။ လူပေါင်းထောင်ချီ၏ ရှေ့မှောက်တွင် ကြောက်မက်ဖွယ်ကောင်းသော လောင်းကစားပွဲကြီး စတင်သွားပြီဖြစ်သည်။
လောင်းကြေးမှာ လီဝမ်ဟွေ့၏ အနာဂတ်ဖြစ်ပြီး စင်ပေါ်တက် ကစားရမည့်သူမှာ တုပိုင် ဖြစ်သည်။
ပရိသတ်အားလုံး အသက်အောင့်ထားကြပြီး တင်းမာနေသော အခြေအနေကို ခံစားနေကြရသည်။ ဤအဖွဲ့အစည်းသုံးခုသည် ဤမျှအထိ အစွန်းရောက်သွားကြလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ အမှန်တကယ့်ကို ကြက်သီးထစရာပင်။
တစ်ချိန်တည်းမှာပင် ကွမ်ရှီးပြည်နယ်ရှိ အရပ်ဘက် စစ်ဘက် အရာရှိများနှင့် မိန်းမစိုးဂိုဏ်းကြား ပဋိပက္ခသည်လည်း ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာခဲ့ပြီး မနက်ဖြန် တိုက်ပွဲတွင် အဆုံးအဖြတ် ခံယူကြတော့မည် ဖြစ်သည်။
ဤသည်မှာ သုံးဖက်လုံးမှ အရှုံးခံနိုင်ခြင်း မရှိသော လောင်းကစားပွဲကြီး ဖြစ်သည်။
**--**--**--**--**--**--**--**
နေအိမ်သို့ ပြန်ရောက်သောအခါ လီဝမ်ဟွေ့သည် ချက်ချင်း အမိန့်ပေးလိုက်သည်။
“တစ်ယောက်ယောက်။ နန်နင်းစီရင်စုက အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးဆီသွားပြီး အတော်ဆုံး စစ်သည်တွေနဲ့ လေးသမားတွေကိုခေါ်လာခဲ့။ နန်နင်းမှာရှိတဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ လျှို့ဝှက်ကျွမ်းကျင်ပညာရှင်တွေကိုလည်း ချက်ချင်း လှုပ်ရှားခိုင်းလိုက်။”
“ဟုတ်ကဲ့။”
အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်သည် အမိန့်ကို ချက်ချင်း လက်ခံပြီး ထွက်ခွာသွားလေသည်။
လီဝမ်ဟွေ့သည် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင်များကို သူ့ကိုယ်သူနှင့် တုပိုင်ကို ကာကွယ်ရန် ဆင့်ခေါ်ခြင်း မဟုတ်ဘဲ ကျန်းရန်မင်နှင့် လျူဝူဟွမ်းတို့ကို ကာကွယ်ရန် ဆင့်ခေါ်ခြင်း ဖြစ်သည်။
ဤနှစ်ဦးသည် မနက်ဖြန် အောင်ပွဲအတွက် သော့ချက်များ ဖြစ်ကြသည်။ သူတို့ကသာ တရားမျှတမှုကို စွဲကိုင်ထားမည့်သူများ ဖြစ်သည်။ လော့ဝမ်နှင့် ကွေ့တုန်းယန်တို့ကမူ ဟန်ဆောင်မျက်နှာဖုံးကို စွန့်ခွာသွားကြပြီဖြစ်ရာ မနက်ဖြန်တွင် ယနေ့ထက်ပင် ပို၍ အရှက်မဲ့လာကြပေလိမ့်မည်။
မနက်ဖြန် စစ်မြေပြင်တွင် တုပိုင် တစ်ယောက်တည်း တိုက်ခိုက်ရမည် မဟုတ်ပေ။ ကွင်းအတွင်းနှင့် အပြင်ဘက်ရှိ လူတိုင်းသည် ဤတိုက်ပွဲထဲသို့ မျောပါသွားကြပေလိမ့်မည်။
နေ့လယ်ပိုင်းသာ ရှိသေးသော်လည်း အစားအစာ အနည်းငယ် စားသောက်ပြီးနောက် တုပိုင်သည် လီဝမ်ဟွေ့ကို နှုတ်ဆက်လိုက်သည်။
“ကျောင်းအုပ်ကြီး... ကျွန်တော် သွားပြင်ဆင်လိုက်ပါဦးမယ်။”
“ကောင်းပြီ။” လီဝမ်ဟွေ့ ပြန်ဖြေလိုက်သည်။
တုပိုင်သည် သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ ချက်ချင်း ထိုင်ချလိုက်ပြီး မျက်လုံးများမှိတ်ကာ အနားယူလိုက်သည်။
မနက်ဖြန် ပန်းချီပြိုင်ပွဲတွင် တုပိုင်သည် အနိုင်ရရန်အတွက် ကျန်းရန်မင်နှင့် လျူဝူဟွမ်းတို့ကိုသာ အနိုင်ယူရန် လိုအပ်သည်။
ဤနှစ်ဦးသည် လုံးဝ တရားမျှတသူများ ဖြစ်သည်။ အကယ်၍ တုပိုင်၏ ပန်းချီကားက ချွေ့ဖူထက် သာလွန်ပါက သူတို့က သေချာပေါက် တုပိုင်ကို အနိုင်ပေးကြပေလိမ့်မည်။
ထို့အပြင် ကျန်းရန်မင်၌ ဆုံးဖြတ်ပိုင်ခွင့် အာဏာအရှိဆုံး ဖြစ်သည်။ အကယ်၍ လော့ဝမ်နှင့် ကွေ့တုန်းယန်တို့က တုပိုင်ကို အမှတ်အလွန်နည်းပါးစွာ ပေးဖို့ ကြိုးစားလျှင် ကျန်းရန်မင်နှင့် လျူဝူဟွမ်းတို့ကလည်း ချွေ့ဖူကို အမှတ်အလွန်နည်းပါးစွာ ပြန်ပေးနိုင်သည်။
မည်သို့ပင်ဖြစ်စေ သူတို့က အရှက်မဲ့နေကြပြီ ဖြစ်သည်။
သို့သော် တုပိုင်၏ ပန်းချီကားက ချွေ့ဖူထက် ညံ့ဖျင်းနေပါက လျူဝူဟွမ်းနှင့် ကျန်းရန်မင်တို့သည် တုပိုင်ကို လုံးဝ မျက်နှာလိုက်မည် မဟုတ်ပေ။
ထို့ကြောင့် တုပိုင်သည် နာမည်ကျော် ရှေးဟောင်းတရုတ်ပန်းချီကား တစ်ချပ်ကို ရွေးချယ်ပြီး ကူးယူရမည်။
ချင်းမင်ပွဲတော်ကာလ မြစ်ကမ်းဘေးမြင်ကွင်းပန်းချီကားလိပ်သည် နျူကလီးယားဗုံးအဆင့်ရှိသော လက်ရာမွန်ဖြစ်သော်လည်း ကြီးမားလွန်းပြီး ကူးယူရန် အလွန်ခက်ခဲလှသည်။
အိပ်မက်ထဲတွင်ပင် တုပိုင် ကူးယူနိုင်မည် မဟုတ်ပေ။ ထို့အပြင် ပန်းချီကားထဲတွင် ပါဝင်သော ပြန်လျန်မြို့သည် ဤကမ္ဘာ၏ သမိုင်းတွင် မရှိခဲ့ပေ။
ဟန်ရှီးကျိုက်၏ ညစာစားပွဲ ဧကရာဇ်ထိုက်ကျုံး တိဘက်သံတမန်ကို လက်ခံတွေ့ဆုံခြင်း နှင့် ကူခိုင်ကျစ်၏ လော့မြစ်နတ်သမီး ကဲ့သို့သော ပန်းချီကားများသည် အခြားသော ရှေးဟောင်းတရုတ်သမိုင်း၏ ခြေရာများ ပါဝင်နေသဖြင့် လက်ခံနိုင်ဖွယ် မရှိပေ။
ထို့ကြောင့် တုပိုင်၏ ရွေးချယ်စရာများတွင် ဖူချွန်းတောင်တန်းတွင် နေထိုင်ခြင်း နှင့် မြင်းတစ်ရာ ပန်းချီသို့မဟုတ် ချီပိုင်ရှီ၏ ပုစွန်ပန်းချီတို့သာ ကျန်ရှိတော့သည်။
ပထမဦးစွာ ချီပိုင်ရှီ၏ ပုစွန်ပန်းချီမှာ မဖြစ်နိုင်သဖြင့် ချက်ချင်း ဖယ်ထုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤပန်းချီကားသည် အပေါ်ယံတွင် ရိုးရှင်းလွန်းပြီး သက်ရောက်မှု အားနည်းကာ ကျွမ်းကျင်မှု အလွန်လိုအပ်သောကြောင့် ဖြစ်သည်။
ထိုပန်းချီကားသည် သက်ရှိနှင့်တူသော အရည်အသွေးကို လိုအပ်ပြီး တုပိုင်အနေဖြင့် တစ်ညတည်းနှင့် ကျွမ်းကျင်အောင် မလုပ်နိုင်ပေ။
မြင်းတစ်ရာ ပန်းချီသည်လည်း ထိုနည်းလည်းကောင်းပင်။
ထို့ကြောင့် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ဖူချွန်းတောင်တန်းတွင် နေထိုင်ခြင်းပန်းချီကားသာ ဖြစ်သည်။ ထိုပန်းချီကားသည် ချင်းမင်ပွဲတော်ကာလ မြစ်ကမ်းဘေးမြင်ကွင်းနှင့် မယှဉ်နိုင်သော်လည်း လုံလောက်အောင် ရှုပ်ထွေးပြီး ကြီးမားသော သက်ရောက်မှု ရှိသည်။
နောက်တစ်နေ့ ပန်းချီပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပန်းချီကားကို ဆုံးဖြတ်ပြီးနောက် တုပိုင်သည် အိပ်မက်ထဲသို့ ချက်ချင်းဝင်ရောက်ကာ ဖူချွန်းတောင်တန်းတွင် နေထိုင်ခြင်း ပန်းချီကားကို စတင်ကူးယူ လေ့လာလေတော့သည်။
သို့သော် အိပ်မက်ထဲ ရောက်သောအခါ သင်ယူလေ့လာနေရသည့် မြင်ကွင်းမဟုတ်ဘဲ မနက်ဖြန် ဖြစ်ပျက်မည့် အရာများကို ကြိုတင်အိပ်မက် မက်နေခြင်း ဖြစ်သည်။
အိပ်မက်ထဲတွင် မနက်ဖြန်ပြိုင်ပွဲအတွက် တုပိုင်သည် ဖူချွန်းတောင်တန်းတွင် နေထိုင်ခြင်း ပန်းချီကားကို ဖန်တီးခဲ့ပြီး ပရိသတ်ကို နောက်တစ်ကြိမ် အံ့အားသင့်စေကာ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။
သို့သော် အရပ်ဘက်အရာရှိအုပ်စုမှ ကွေ့တုန်းယန်နှင့် လော့ဝမ်တို့သည် တွန့်ဆုတ်ခြင်းမရှိဘဲ အပြစ်အနာအဆာများစွာကို ထောက်ပြကာ အမှတ်အလွန်နည်းပါးစွာ ပေးခဲ့သည်။ ချွေ့ဖူထက် အမှတ် ၂၀ တိတိ လျှော့ပေးခဲ့ခြင်း ဖြစ်သည်။
ကျန်းရန်မင်သည် ဒေါသထွက်သွားပြီး ချက်ချင်း လက်တုံ့ပြန်သည့်အနေဖြင့် တုပိုင်ကို ၉၉ မှတ် ပေးပြီး ချွေ့ဖူကို ၈၀ မှတ် ပေးလိုက်သည်။
ထို့ကြောင့် နောက်ဆုံးမျှော်လင့်ချက်သည် လျူဝူဟွမ်းအပေါ်တွင် ရောက်ရှိသွားသည်။
သို့သော် လျူဝူဟွမ်းသည် တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်နှာဖြူဖျော့ကာ မျှော်လင့်ချက်မဲ့သော စကားတစ်ခွန်းကို ပြောလိုက်သည်။
“ငါ မဲမပေးတော့ဘူး။”
ထိုသို့ဖြင့် တုပိုင် ရှုံးနိမ့်သွားပြီး မိန်းမစိုးဂိုဏ်းအကယ်ဒမီသည် တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲကြီးတွင် ရှုံးနိမ့်သွားလေသည်။
ဆက်လက်ဖြစ်ပေါ်လာသော ဆိုးကျိုးများမှာ ခန့်မှန်းရ လွယ်ကူသည်။ လီဝမ်ဟွေ့သည် သွေးချောင်းစီးစေသော တိုက်ပွဲကို စတင်ခဲ့ပြီး အော်ယန်ထန်၊ လော့ဝမ်၊ ကွေ့တုန်းယန်နှင့် ကျူးဝူယာတို့ကို သတ်ဖြတ်ပစ်လိုက်သည်။
ထို့နောက် သူသည် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။
မသေဆုံးမီ လီဝမ်ဟွေ့သည် တုပိုင်ကို မိန်းမစိုးဂိုဏ်း၏ အခြားအင်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော လီယွီထန်ထံ အပ်နှံခဲ့သည်။ သို့သော် တုပိုင် ယူနန်ပြည်နယ်သို့ မသွားရောက်နိုင်မီမှာပင် ချွေ့မိသားစု၏ စစ်သည်များက သူ့ကို သတ်ဖြတ်လိုက်ကြသည်။
လီဝမ်ဟွေ့ မရှိတော့သည့်နောက် ချွေ့မိသားစုသည် တွန့်ဆုတ်ခြင်းမရှိဘဲ တုပိုင်ကို သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။
ဤအိပ်မက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသဖြင့် တုပိုင် လန့်နိုးလာခဲ့သည်။
တားဆီးရန် နည်းလမ်းမရှာပါက ဤအိပ်မက်သည် သေချာပေါက် လက်တွေ့ဖြစ်လာပေလိမ့်မည်။ လျူဝူဟွမ်းက မဲမပေးဘဲ နေလိုက်ကာ တုပိုင်သည် ပြိုင်ပွဲကြီးတွင် ရှုံးနိမ့်လိမ့်မည်။ လီဝမ်ဟွေ့က လူသတ်ပွဲကျင်းပပြီးနောက် အဆိပ်သောက်သေမည်။ ထို့နောက် တုပိုင်သည် ချွေ့မိသားစုလက်ချက်ဖြင့် သေဆုံးရမည်။
အပိုင်း (၆၀) ပြီး။