← Chapters

အကြီးစားအောင်မြင်မှုအဆင့် အစစ်အမှန်နဂါးဓားဆန္ဒ၊ ပုန်းကွယ်နေသောနဂါး(၂)။

Vol. 27 Ch. 318

အကြီးစားအောင်မြင်မှုအဆင့် အစစ်အမှန်နဂါးဓားဆန္ဒ၊ ပုန်းကွယ်နေသောနဂါး(၂)။

Vol. 27 Ch. 318

"မင်းက ဟိုရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးယောက်ရဲ့ လက်တွဲဖော်များလား…"

ကင်းမြီးကောက်ဖြူသခင်သည် ရုတ်တရက် ကောလာဟလတစ်ခုကို သတိရလိုက်သည်။

အင်မော်တယ်ရှားမြို့တော်မှ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးဦးတွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်ဟု သတင်းထွက်နေသော လက်တွဲဖော်တစ်ဦး ရှိသည် ဟူ၍ပင်။

ဆိုရလျှင်၊ ဤအမျိုးသမီးများ၏ ပံ့ပိုးမှုဖြင့် ကောင်းကင်သို့ လှမ်းတက်နိုင်ခဲ့သော ယောက်ျားတစ်ယောက်ပင် ဖြစ်ချေ၏။

သို့သော်၊ ယခုအခြေအနေအရ ရယ်စရာကောင်းလှချေသည်။ အရင်းအမြစ်မရှိ မခိုင်လုံသော ကောလာဟလတစ်ခုဆိုသည်မှာ ထင်ရှားနေပေသည်။

ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူများက သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို မည်သို့ နှစ်သက်ကြပါမည်နည်း။ ယင်းသည် ပြင်ပလောကအား လှည့်စားနိုင်ရန် အင်မော်တယ်ရှားဂိုဏ်းမှ တမင်ဖြန့်ကျက်ထားသော မီးခုံးဗုံးတစ်ခုသာ ဖြစ်ပေသည်။

ထင်ရှားသည်မှာ၊ ထို အမျိုးသမီးကျင့်ကြံသူ သုံးဦး၏ လက်တွဲဖော်သည် ရွှေအမြုတေဆရာသခင် တစ်ဦးဖြစ်ပြီး၊ ထို့အပြင် ရွှေအမြုတေနှောင်းပိုင်း ကျင့်ကြံသူတစ်ဦးပင် ဖြစ်ချေသည်။

ထိုကဲ့သို့သော လူမျိုးသာလျှင်၊ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးဦးကို လက်ထပ်နိုင်မည့် ဖြစ်နိုင်ခြေ ရှိသည် မဟုတ်လော။

သို့သော်၊ သူတို့သည် ကောလာဟလကို ယုံကြည်မိခဲ့ပြီး၊ အင်မော်တယ်ရှားဂိုဏ်းသို့ မဆင်မခြင် ရောက်လာခဲ့မိကြသည်။

ရလဒ်အနေဖြင့်၊ သူတို့၏ အပေါင်းအပါတစ်ဦး အသတ်ခံလိုက်ရလေပြီ။

"ဂုဏ်သရေရှိ မိတ်ဆွေ.."

"ရိုးရိုးသားသား ပြောရရင်.. ဒီတစ်ခါ ငါတို့ မှားသွားတယ်…"

"အသိပေးခြင်းမရှိဘဲ မင်းရဲ့ နယ်မြေထဲ ဝင်ရောက်လာမိပါတယ်…"

"ငါတို့ကို မျက်နှာသာပေးပြီး… ဘာမှမဖြစ်ခဲ့သလို ဒီကိစ္စကို ကျော်သွားလို့ ရမလား…"

ကင်းမြီးကောက်နီသခင်၏ မျက်နှာအမူအရာ တည်ကြည်သွားပြီး၊ သူ၏ အကြည့်သည် ကျိုးစွေ့အပေါ်တွင် မြဲမြံစွာ တည်ရှိနေသည်။

သူတို့တွင် ရွှေအမြုတေ ကျင့်ကြံသူလေးဦး ရှိသော်လည်း၊ တစ်စုံတစ်ရာကြောင့် သူတို့ အနိုင်ရရန် အခွင့်အရေး မရှိဟု သူ ခံစားနေရသည်။

ထင်ရှားသည်မှာ၊ သူတို့ရှေ့တွင် လူတစ်ယောက်တည်းသာ ရပ်နေသော်လည်း၊ သူသည် ကြီးမားသော စစ်တပ်ကြီးတစ်ခု၏ လျှပ်တစ်ပြတ်တိုက်ခိုက်ခြင်းကို ခံရတော့မည့်အလား ခံစားနေရသည်။

ဤအန္တရာယ်ရှိသော ကြိုတင်သိမြင်မှုက သူ၏ ယခင်ကမောက်မာမှုကို လျော့ပါးသွားစေခဲ့သည်။

သို့မဟုတ်ပါက၊ အပေါင်းအပါတစ်ဦး အသတ်ခံလိုက်ရပြီးသော အခြေအနေမျိုးတွင်၊ သူ ဤကိစ္စကို ဒီအတိုင်း ထားခဲ့မည် မဟုတ်ပေ။

"တိတ်စမ်း…"

"ငါ့ရဲ့ အင်မော်တယ်ရှားဂိုဏ်း နယ်မြေထဲ ခြေချရဲမှတော့… ရလဒ်တစ်ခုပဲ ရှိတယ်… သေဆုံးခြင်းပဲ.."

ကျိုးစွေ့သည် ရွှေအမြုတေ မိစ္ဆာကျင့်ကြံသူအုပ်စုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်သည် ပို၍ ပို၍ ပြင်းထန်လာပြီး၊ လက်ဆုပ်လက်ကိုင်ပြ၍ ရလောက်အောင်ပင် ဖြစ်နေသည်။

ကြောက်မက်ဖွယ် ရွှေအမြုတေ ဖိအားတစ်ခုသည် မိုင်တစ်ရာ ပတ်လည်ကို လွှမ်းခြုံထားလိုက်သည်။

ဤရွှေအမြုတေ မိစ္ဆာကျင့်ကြံသူလေးဦးသည် ဆူးပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားရပြီး၊ မရေမတွက်နိုင်သော ဓားချီများ လေထဲတွင် ရှိနေကာ သူတို့၏ အရေပြားကို အဆက်မပြတ် ခုတ်လှီးနေသကဲ့သို့ ခံစားရသည်။

ကြောက်မက်ဖွယ် နဂါးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေပြီး၊ လုံးဝ ချောင်ပိတ်မိနေသလို ခံစားလိုက်ရသည်။

"ရာရာစစ…"

"ငါတို့က မင်းနဲ့ ယဉ်ယဉ်ကျေးကျေး ပြောနေတာကို.. ငါတို့ မင်းကို ကြောက်နေတယ်လို့ တကယ် ထင်နေတာလား…"

"အားလုံးပဲ.. သူ့ကို အတူတူ တိုက်ကြစို့… ဒီခွေးမသားကို သတ်ကြ…"

"သူ့မှာ ခေါင်းသုံးလုံးလက်ခြောက်ဖက် ရှိတယ်လို့ ငါ မယုံဘူးကွ…"

ကင်းမြီးကောက်ပြာသခင် ချက်ချင်း ဒေါသထွက်သွားသည်။

သူသည် ချန်လန်ပင်လယ်ရှိ မရေမတွက်နိုင်သော အင်အားစုများကို တုန်လှုပ်စေခဲ့သော ဟေးရှားဂိုဏ်း၏ ဂုဏ်သရေရှိ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ့ရှေ့တွင် ရပ်နေသူမှာ ရွှေအမြုတေ အင်အားစုတစ်ခုမှ ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်။ သူ့အား မည်သို့ ကြောက်လန့်စေနိုင်ပါမည်နည်း။

ဤခွေးကောင်လေးကြောင့် သူ အမှန်တကယ် တုန်လှုပ်ကြောက်ရွံ့ခဲ့ရပါက၊ သတင်းပျံ့နှံသွားသည်နှင့် သေချာပေါက် အရှက်ရမည် မဟုတ်ပါလော။

ဝုန်း…။

အချိန်ဆိုင်းမနေတော့ဘဲ၊ သူသည် မုန်တိုင်းအလံအမည်ရှိ အလယ်အလတ်အဆင့် မှော်လက်နက်တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး၊ သူ၏ ရွှေအမြုတေ ကျင့်ကြံမှုစွမ်းအားကို ထည့်သွင်းကာ၊ မှော်လက်နက်ကို ချက်ချင်း နှိုးဆွလိုက်သည်။

သူ့ခန္ဓာကိုယ်ကို ဗဟိုပြုလျက်၊ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

ပတ်ဝန်းကျင်ရှိ လေစီးကြောင်းများသည် မရေမတွက်နိုင်သော ထက်ရှသည့် ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ကျိုးစွေ့ထံသို့ ပြေးဝင်သွားသည်။

ဤတိုက်ခိုက်မှုသည် မိုင်ဒါဇင်ပေါင်းများစွာ အချင်းဝက်ကို လွှမ်းခြုံထားပြီး၊ အဆုံးမရှိသော မုန်တိုင်းကို ဖြစ်ပေါ်စေကာ၊ အနီးတစ်ဝိုက်ရှိ ပန်းများ၊ မြက်ပင်များနှင့် သစ်ပင်များအားလုံးကို ပျက်စီးသွားစေသည်။

အံ့ဩဖွယ်ရာ အက်ကွဲကြောင်းများ မြေပြင်ပေါ်တွင် ပေါ်လာချေသည်။

"အဆိပ်မီးလျှံ…"

ကင်းမြီးကောက်ပြာသခင်သည်လည်း အလယ်အလတ်အဆင့် မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ ဤသည်မှာ သူ၏ အသက်ကယ်မှော်လက်နက် ဖြစ်သည်။ ၎င်းသည် အဆိပ်မီးလျှံ၏ စွမ်းအားကို အစပျိုးနိုင်ပြီး၊ ကြောက်မက်ဖွယ်အင်အားကို ထုတ်လွှတ်နိုင်သည်။

ရုတ်တရက်၊ ကြောက်မက်ဖွယ် အပြာရောင်မီးတောက်များ ဒါဇင်ပေါင်းများစွာ ပေါက်ကွဲထွက်လာပြီး၊ တစ်ခုစီသည် ကြီးမားသော ဖျက်ဆီးစွမ်းအား ပါဝင်သည်။ ထိမှန်ပါက၊ ပြာအဖြစ် မီးလောင်ကျွမ်းသွားရုံသာမက၊ သူတို့သည် သေစေနိုင်သော အဆိပ်သင့်ခြင်းကိုလည်း ခံရမည် ဖြစ်ပြီး၊ မုချ သေလမ်းသို့ မြန်းရပေလိမ့်မည်။

ဤမှော်ပစ္စည်းကို အသုံးပြု၍၊ သူသည် တစ်ချိန်က ကျွန်းတစ်ကျွန်းလုံးရှိ သက်ရှိများကို သတ်ဖြတ်နိုင်ခဲ့ပြီး၊ သိသာထင်ရှားသော ကြောက်မက်ဖွယ် ဖျက်ဆီးမှုကို ဖြစ်ပေါ်စေခဲ့သည်။

"သတ်…"

ကျိုးစွေ့၏ မျက်လုံးများ အေးစက်နေပြီး၊ သုံးပေရှည်သော ချင်းဖုန်းဓားကို ကိုင်ဆောင်လျက်၊ ထပ်မံ တိုက်ခိုက်လိုက်သည်။

အစစ်အမှန် နဂါးဓားသိုင်း ပဉ္စမပုံစံ၊ ပုန်းအောင်းနေသောနဂါး…။

အစစ်အမှန်နဂါးဓားဆန္ဒကို အကြီးစားအောင်မြင်မှုအဆင့်အထိ မြှင့်တင်ပြီးမှသာ ဤဓားကွက်ကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။

ဤဓားကွက်ကို ဖော်ဆောင်လိုက်သည်နှင့်၊ ဓားဆန္ဒသည် တိတ်ဆိတ်ပြီး မမြင်နိုင်တော့ဘဲ၊ လေဟာနယ်ထဲသို့ ပေါင်းစပ်သွားတော့သည်။

ထိုအခိုက်အတန့်တွင်၊ စစ်မှန်သော နဂါးသည် ၎င်း၏ အသက်ရှူသံကို လုံးဝ ပျောက်ကွယ်သွားစေသကဲ့သို့ ဖြစ်နေပြီး၊ ရန်သူအနေဖြင့် အာရုံခံရန် ခက်ခဲစေသည်။

အဘယ်ကြောင့်ဆိုသော်၊ စစ်မှန်သော နဂါးသည် လွှမ်းမိုးသော အာဏာရှင်သဘာဝနှင့် ဘုရင်တစ်ပါး၏ အမူအရာကို ပိုင်ဆိုင်ထားရုံသာမက၊ စိတ်ဆန္ဒအတိုင်း ကြီးနိုင်သေးနိုင်သောစွမ်းရည်၊ ပေါ်ခြင်းပျောက်ခြင်း၊ တိမ်များကို ရှူသွင်းခြင်းနှင့် မြူခိုးများကို မှုတ်ထုတ်ခြင်း၊ တန်ခိုးအာနုဘော် ကြီးမားသော စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

၎င်းသည် စစ်တပ်ထောင်ချီကို ဖယ်ရှားနိုင်ရုံသာမက၊ ဟင်းလင်းပြင်ထဲတွင်လည်း ပုန်းအောင်းနိုင်စွမ်း ရှိသည်။

နဖူးတွေ့ဒူးတွေ့ မြင်နေရသည်ထက်၊ ပုန်းအောင်းနေသော နဂါးက အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။

ဤဓားဆန္ဒ သည် ထိုအရည်အသွေးများ အားလုံးကို ပေါင်းစပ်ထားခြင်း ဖြစ်၏။

ဘန်း…။

မမြင်ရသော ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး၊ အစစ်အမှန် နဂါးတစ်ကောင် ကိုယ်‌ပျောက်သွားသကဲ့သို့ ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားကာ ကင်းမြီးကောက်စိမ်းသခင်နှင့် ကင်းမြီးကောက်ပြာသခင်တို့ကို သတ်ဖြတ်ရန် စိတ်ကူးမယဉ်နိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် သွားရောက်လိုက်တော့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

ကင်းမြီးကောက်စိမ်းသခင်နှင့် ကင်းမြီးကောက်ပြာသခင်တို့ ချက်ချင်း မှင်တက်သွားကြသည်။ ရှေ့မှ ဓားကျင့်ကြံသူ ရုတ်တရက် လှုပ်ရှားလိုက်သည်ကို သူတို့ မြင်လိုက်ရပြီး၊ ဓားအလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

ထို့နောက်၊ မမြင်ရသော ဓားအလင်းတန်းတစ်ခုသည် သူတို့၏ ကာကွယ်ရေး အတားအဆီးများကို ဖောက်ထွင်းကာ သူတို့ထံ ရောက်ရှိလာတော့သည်။

ဘုန်း…။

ဓားတစ်ချက်တည်းနှင့်၊ သူတို့၏ ခေါင်းများ လွင့်စင်သွားပြီး၊ သွေးများ စမ်းရေပန်းကဲ့သို့ ပန်းထွက်လာကာ၊ မြေပြင်ကို အနီရောင်များ ပက်ဖြန်းလိုက်တော့သည်။

မြေပြင်ပေါ်ရှိ ခေါင်းများသည် မျက်လုံးများ ပြူးကျယ်လျက်၊ အဆုံးမရှိသော ကြောက်ရွံ့မှု၊ တုန်လှုပ်မှုနှင့် ရှုပ်ထွေးမှုများကို ဖော်ပြနေချေသည်။

သူတို့၏ သေဆုံးမှုအကြောင်း တစ်စုံတစ်ရာ သဲလွန်စပင် မရရှိကြပုံ ရသည်။ နောက်ဆုံးထွက်သက်သည် ဓားအလင်းတန်းတစ်ချက်နှင့် ပြီးဆုံးခဲ့ရချေသည်။

“ငိုးတဲ့မှ.. ဒီဓားကျင့်ကြံသူ…”

ဤမြင်ကွင်းကို ကြည့်ပြီး၊ ကင်းမြီးကောက်နီသခင်နှင့် ကင်းမြီးကောက်ဖြူသခင်တို့ ကြောက်လန့်တကြား ဖြစ်သွားကြသည်။

သူတို့၏ ဆံပင်များ ထောင်ထနေပြီး၊ ရဲဘော်များ ကြက်ကလေးများကဲ့သို့ သတ်ဖြတ်ခံလိုက်ရကာ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်သည်ကို ကြည့်နေကြရသည်။

ဆက်လက်တိုက်ပွဲဝင်လိုစိတ်များ တစ်ပြားသားမျှပင် မကျန်ရစ်တော့ချေ။

ကင်းမြီးကောက်နက်သခင်၏ သေဆုံးမှုကို ရန်သူ၏ မျှော်လင့်မထားသော တိုက်ခိုက်မှုကြောင့်ဟု ဆိုရလျှင်ပင်၊ ယခုသည်မှာမူ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုပင် မဟုတ်ပါလော။ ထို့အပြင်၊ ဓားတစ်ချက်တည်းဖြင့် ခေါင်းများ အဖြတ်ခံလိုက်ရခြင်း..။

ယင်းသည် တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်သက်သက်ပင်။

အကြီးစားအောင်မြင်မှုအဆင့် ဓားဆန္ဒကို ကျွမ်းကျင်ပိုင်နိုင်ထားသော ဓားကျင့်ကြံသူတစ်ဦးသည် ပြိုင်ဘက်ကင်းသည်ဟု မဆိုလိုသော်လည်း၊ လက်တွေ့တွင် ကျင့်ကြံသူအနည်းငယ်သာ သူတို့၏ လမ်းကို ပိတ်ဆို့နိုင်သည်။

ထို့ကြောင့်ပင်၊ ကောင်းကင်ဓားဂိုဏ်းသည် ချန်လျန်ပင်လယ်ဒေသတွင် အလွန်ကျော်ကြားပြီး၊ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြောက်ရွံ့နိုင်စေခဲ့ခြင်းပင် ဖြစ်သည်။

အထူးသဖြင့်၊ သူတို့ကဲ့သို့ မိစ္ဆာကျင့်ကြံသူများအတွက်၊ ကောင်းကင်ဓားဂိုဏ်းမှ ဓားကျင့်ကြံသူတစ်ဦးနှင့် ဆုံတွေ့ပါမူ၊ ယှဉ်ပြိုင်ရန်အသာထား ကြောက်လန့်တကြား ထွက်‌ပြေးရပေမည်။

မိစ္ဆာနက်လွတ်မြောက်ခြင်းပညာရပ်…။

တစ်ခဏချင်းမှာပင်၊ ကင်းမြီးကောက်နီသခင်နှင့် ကင်းမြီးကောက်ဖြူသခင်တို့သည် တုံ့ဆိုင်း‌မနေတော့ဘဲ ဟေးရှားနန်းတော်၏ အထွတ်အထိပ် လွတ်မြောက်ခြင်းပညာရပ်ကို ချက်ချင်း အသက်သွင်းလိုက်ကြတော့သည်။

ဤလွတ်မြောက်ခြင်းပညာရပ်ကို ဖော်ဆောင်လိုက်သည်နှင့်၊ သူတို့သည် မိစ္ဆာနက်အ‌ငွေ့များအဖြစ် ချက်ချင်း ပြောင်းလဲသွားနိုင်ပြီး မျက်စိတစ်မှိတ်အတွင်း မိုင်ရာပေါင်းများစွာ ထွက်ပြေးနိုင်သည်။

ရန်သူ လိုက်မီချင်လျှင်ပင်၊ မဖြစ်နိုင်သလောက်ပင်။

ဤသည်မှာ ဟေးရှားနန်းတော်၏ အဆုံးစွန်ဆုံးသော လွတ်မြောက်ခြင်းပညာရပ် ဖြစ်၏။

မရေမတွက်နိုင်သော လမ်းမှန်ကျင့်ကြံသူများသည် သူတို့ ထွက်ပြေးသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။

အုန်း…။

သို့သော် ဤအခိုက်အတန့်တွင်၊ မိစ္ဆာနက်အငွေ့အဖြစ် ပြောင်းလဲပြီး ထွက်ပြေးရန် ကြိုးစားလိုက်သောအခါ၊ သူတို့သည် မမြင်နိုင်သော အတားအဆီးတစ်ခုကို ချက်ချင်း ဝင်တိုက်မိပြီး လုံးဝ ရပ်တန့်သွားရသည်။

မိစ္ဆာနက်အငွေ့များ ပြယ်လွင့်သွားပြီး၊ လူနှစ်ဦး၏ ပုံရိပ်များကို ဖော်ပြလိုက်တော့သည်။

"ဒါ လေဟာနယ်ကို ပိတ်လှောင်ထားတဲ့ တတိယအဆင့် အစီအရင်ရဲ့ စွမ်းအားပဲ…"

"မင်း တတိယအဆင့်အစီအရင်ကို ဘယ်အချိန်တုန်းက အသက်သွင်းလိုက်တာလဲ.."

ကင်းမြီးကောက်နီသခင်နှင့် ကင်းမြီးကောက်ဖြူသခင်တို့၏ မျက်နှာများ စိမ်းဖန့်သွားသည်။

သူတို့၏ မိစ္ဆာနက်လွတ်မြောက်ခြင်းပညာရပ်ကိုလည်း အစီအရင်ဖြင့် ဖိနှိပ်ထားနိုင်သည်။

အထူးသဖြင့်၊ လေဟာနယ်ကို ပိတ်လှောင်ထားနိုင်သော တတိယအဆင့်အစီအရင်၏ စွမ်းရည်ဖြင့်၊ အစွမ်းအထက်ဆုံး‌သော လွတ်မြောက်ခြင်းပညာရပ်ပင်လျှင် ဟန့်တားခံရနိုင်သည်။

ယခုအခါ၊ သူတို့သည် အိုးထဲကလိပ်များကဲ့သို့ ဖြစ်နေပြီး၊ ထွက်ပြေးစရာလမ်း လုံးဝ မရှိတော့ပေ။

All Chapters