← Chapters

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်း

Vol. 12 Ch. 130

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်း

Vol. 12 Ch. 130

လျူလီမြို့

မြို့၏ ဗဟိုချက် တွင် မည်းနက်နေသော မြေရိုင်းကုန်းမြေ တစ်ခု တည်ရှိသည်။

ဤနေရာတွင် ထူးဆန်းသော နိယာမစည်းမျဉ်းတစ်ခု လွှမ်းမိုးထားပုံရပြီး မြေပြင်ပေါ်တွင် မြက်တစ်ပင်မှ မပေါက်သလို မည်သည့်သက်ရှိမှလည်း မရှိပေ။

ထိုမြေရိုင်းကုန်းမြေ ၏ အလယ်တည့်တည့်တွင်မူ ကြီးမားလှသော တံခါးကြီးတစ်ခု တည် ရှိသည်။

တံခါးကြီးတစ်ခုလုံးကို အမည်မသိ အဖြူရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး မည်သည့် အဆက်အစပ်နှင့် အဟမျှ မရှိဘဲ တစ်သားတည်း ဖြစ်နေကာ သဘာဝအတိုင်း ဖန်တီးထားသကဲ့သို့ပင်။

ဤနေရာက လျူလီလျှို့ဝှက်နယ်မြေသို့ သွားရာ အဓိက တံခါးဝ ဖြစ်သည်။

နေမထွက်မီ အာရုဏ်တက်ကတည်းက ကျင့်ကြံသူ အမြောက်အမြားသည် ဤနေရာသို့ လူပင်လယ်ကြီးသဖွယ် စုဝေးလာကြသည်။

ကျင့်ကြံသူများကို သိသိသာသာ အုပ်စုနှစ်စု ခွဲခြား၍ မြင်တွေ့နိုင်သည်။

ပထမအုပ်စုမှာ ဝတ်စုံချင်း မတူညီသော်လည်း သူတို့ဂိုဏ်းအလိုက် တူညီသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် တပည့်များ ဖြစ်ကြသည်။ အများစုမှာ လူငယ်များဖြစ်ပြီး တစ်ဦးချင်းစီ၏ အော်ရာ မှာ အားကောင်းကာ မာန်တက်သော အမူအရာများ ရှိကြသည်။

၎င်းတို့က ဝူဒင်နန်းတော် လက်အောက်ခံ ဂိုဏ်းအသီးသီးမှ တပည့်များ ဖြစ်ကြသည်။

ဒုတိယအုပ်စုမှာမူ အလွန်ပင် ရှုပ်ထွေးလှသည်။

စွမ်းအားချင်း မတူညီသလို ဝတ်စုံနှင့် အသက်အရွယ်မှာလည်း အလွန်ပင် ကွာခြားလှသည်။

အချို့မှာ ကလေးငယ်လေးများကဲ့သို့ ရှိနေပြီး အချို့မှာမူ ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးကာ ခန္ဓာကိုယ်တစ်ခြမ်း မြေကြီးထဲ ရောက်နေပြီဖြစ်သော အဘိုးအိုများ ဖြစ်ကြသည်။

ထန်ထျန်းက ထိုဒုတိယအုပ်စု လူအုပ်ကြီးထဲတွင် ရှိနေသည်။

အနည်းငယ် လွတ်လပ်သော နေရာတစ်ခုတွင် ခဏမျှ ရပ်နေစဉ် ချီယွမ်က လူအုပ်ကြားမှ တိုးဝှေ့ထွက်လာခဲ့သည်။

"ကျောက်စိမ်းလေး ... အကုန်စီစဉ်ပြီးပြီ"

ချီယွမ်က ရှေ့သို့ လျှောက်လာပြီး ထန်ထျန်းအား ဝိုင်းစက်သော ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်သည်။

" ကျီယန်ဂိုဏ်းကလူတွေက လျူလီပင်လယ် ဝင်ပေါက်ကို ဖွင့်ပြီးတာနဲ့ ဒီကျောက်စိမ်းပြားကတစ်ဆင့် မင်းကို ဝင်ပေါက်နေရာ အကြောင်းကြားလိမ့်မယ်။

အဲဒီအချိန်ကျရင် မင်း တိုက်ရိုက်သွားရုံပဲ

မပျောက်စေနဲ့ဦး၊ ဒီကျောက်စိမ်းပြားက လျူလီပင်လယ်ထဲ ဝင်ဖို့ သက်သေခံ လက်မှတ်ပဲ"

ထန်ထျန်းက ခေါင်းညိတ်ကာ ၎င်းကို သိမ်းဆည်းလိုက်သည်။

ထို့နောက် ချီယွမ်က ဆက်ပြောသည်။ "နယ်မြေထဲက စည်းမျဉ်းတွေကိုတော့ မင်း သိထားပြီးသားပါ

မင်းအတွက်တော့ လျူလီပင်လယ် အပြင်က နေရာတွေက သိပ်အန္တရာယ် မရှိနိုင်ပါဘူး

ဒါပေမဲ့ သတိတော့ ထားဦး၊ သဘာဝအလျောက် ဖြစ်နေတဲ့ အစီအရင် တွေ ဒါမှမဟုတ် အတိဒုက္ခဖြတ်ကျော်ခြင်း အထွတ်အထိပ် သားရဲတွေနဲ့ တိုးရင် ကိုင်တွယ်ရ ခက်လိမ့်မယ်"

"နောက်ပြီး လျူလီပင်လယ်ထဲ ရောက်ရင် အရမ်းနက်တဲ့ နေရာတွေကို မသွားတာ အကောင်းဆုံးပဲ။ ပိုနက်လေလေ အန္တရာယ် ပိုများလေပဲ၊အင်မော်တယ် သားရဲတွေတောင် ရှိတတ်တယ်။

လောဘဇောတိုက်ပြီး ဇွတ်မတိုးနဲ့"

"ပြီးတော့ တခြားကျင့်ကြံသူတွေကိုလည်း အထူးသတိထား..."

ချီယွမ်က နယ်မြေအတွင်း သတိထားရမည့် အချက်အလက်များကို တတွတ်တွတ် မှာကြားနေတော့သည်။

ထန်ထျန်းက သူ၏ ဤကဲ့သို့သော ပုံစံမျိုးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

စိတ်ရှည်လက်ရှည် နားထောင်ပြီးနောက် ထန်ထျန်းက ပြုံး၍ ပြောလိုက်သည်။ "စိတ်ချပါ အစ်ကိုကြီး၊ ဘာပြဿနာမှ မရှိစေရဘူး

ကျွန်တော် သတိနဲ့ပဲ သွားမှာပါ"

ချီယွမ်က ခေါင်းညိတ်သော်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ "တကယ်တော့ မင်းရဲ့ အခု ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် လျူလီပင်လယ်အထိ သွားဖို့ မလိုပါဘူး။

လျူလီအိုင် တစ်ခုလောက် ရှာတွေ့ရင်ပဲ မင်းရဲ့ ကျင့်ကြံမှုကို ပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်အထိ တွန်းတင်ပေးဖို့ လုံလောက်နေပြီ"

"လျူလီပင်လယ်ကတော့..."

"ကျီယန်ဂိုဏ်းကလူတွေက အရမ်း မောက်မာ ကြတယ်

တကယ်ပြောတာ၊ မင်း အထဲရောက်ရင်တောင် သူတို့က မင်းကို အမျိုးမျိုး နှောင့်ယှက်မှာကို ငါ စိုးရိမ်မိတယ်"

ထန်ထျန်းက လေသံအေးအေးဖြင့် "ကျွန်တော့်မှာ ကိုယ်ပိုင် အစီအစဉ် ရှိပါတယ်

စိတ်ချပါ၊ ကျွန်တော် ဘာလုပ်ရမလည်း သိ ပါတယ်၊ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်လည်း မလုပ်ပါဘူး" ဟု ဆိုသည်။

ကောင်းကင် နတ်ဘုရားသားတော် ပါရမီ၊ ထူးခြားလှသော ခန္ဓာများနှင့် ထောင်ထျဲ့(အစားကြူး) လျှို့ဝှက်ကျင့်စဉ်များ ရှိနေသည့်အတွက် သူ၏ ရည်မှန်းချက်မှာ ပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်ရုံမျှ မဟုတ်ပေ။

လျူလီအိုင်က သူ၏ ရင်ထဲမှ ကြီးမားသော ရည်မှန်းချက်ကို မဖြည့်ဆည်းပေးနိုင်ပေ။

"ဒါဆိုရင်လည်း ဂရုစိုက်ပေါ့"

ချီယွမ်က ဆိုသည်။

၎င်းတို့က နယ်မြေအတွင်းရှိ အသေးစိတ်အချက်အလက်များကို ဆက်လက် စကားပြောနေကြပြီး နေမင်းကြီး စတင်ထွက်ပြူလာချိန်တွင် လျှို့ဝှက်နယ်မြေ တံခါးကြီးက တရားဝင် ပွင့်သွားတော့သည်။

ယခုအကြိမ် နယ်မြေပွင့်ချိန်မှာ ယခင်အတိုင်းပင် တစ်လဖြစ်သည်။

အချိန်မစေ့မီ လမ်းညွှန်ရာနေရာ သို့ သွားရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အပြင်သို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်သည်။

အကယ်၍ အချိန်မီ မရောက်ရှိပါက မည်သို့ဖြစ်မည်ကို မည်သူမျှ မသိနိုင်ပေ။

အကြောင်းမှာ နယ်မြေထဲတွင် ကျန်ရစ်ခဲ့ပြီးနောက် နောက်တစ်ကြိမ် နယ်မြေပြန်ပွင့်ချိန်တွင် အသက်ရှင်လျက် ပြန်ထွက်လာသည့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မရှိဖူးသောကြောင့် ဖြစ်သည်။

လူအုပ်ကြီးအား နယ်မြေစည်းကမ်းများကို အကျဉ်းချုပ် အသိပေးပြီးနောက် ပါဝင် သူများက တစ်ဦးပြီးတစ်ဦး စတင် ဝင်ရောက်သွားကြသည်။

ပထမဦးဆုံးအဖြစ် ကျီယန်ဂိုဏ်းမှ လူအုပ်ကြီးက တံခါးဝသို့ ခန့်ညားစွာ လှမ်းဝင်သွားသည်။

ထို့နောက် အခြားလက်အောက်ခံ ဂိုဏ်းသားများ ဝင်သွားကြပြီး နောက်ဆုံးမှ ကျန်ရှိသော တစ်ကိုယ်တော် ကျင့်ကြံသူ များ ဝင်ခွင့်ရသည်။

"သွားပြီ"

ထန်ထျန်းက ချီယွမ်ကို နှုတ်ဆက်လိုက်သည်။ "ဂိုဏ်းဘက်က ကိစ္စတွေကိုလည်း သတိထားကြည့်ပေးပါဦး

ကျွန်တော်တို့ တစ်လနေရင် ပြန်ဆုံကြမယ်"

ပြောပြီးသည်နှင့် သူက လီဟုန်ကို ခေါ်ကာ များပြားလှသော ကျင့်ကြံသူများကြားထဲတွင် ရောနှော၍ ထိုခန့်ညားထည်ဝါလှသော တံခါးကြီးအတွင်းသို့ လှမ်းဝင်လိုက်သည်။

တံခါးကို ဖြတ်ကျော်လိုက်ချိန်တွင် ထန်ထျန်းက ပြင်းထန်သော ဟင်းလင်းပြင် တုန်ခါမှု တစ်ခုကို သိသိသာသာ ခံစားလိုက်ရသည်။

နောက်တစ်ခဏတွင် မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားတော့သည်။

အဝေးသို့ ငေးကြည့်လိုက်ရာ ဤနေရာက အပြင်လောကနှင့် သိပ်မကွာခြားလှပေ။

သို့သော် ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာမူ အပြင်လောကထက် အဆပေါင်း ဆယ်ဂဏန်းမက ပိုများနေသည်

သန့်စင်လှသော ဝိညာဉ်စွမ်းအင် အမြောက်အမြားက အသက်ရှူလိုက်တိုင်း ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး သွေးကြောများမှတစ်ဆင့် ဒန်တျန် အတွင်းသို့ ချက်ချင်း ပေါင်းစပ်သွားသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးရှိသဖြင့် လူအများမှာ အရင်းအနှီး အမြောက်အမြား ပေး၍ ဝင်ရောက်ချင်ကြခြင်း ဖြစ်သည်။ ဤနေရာတွင် သာမန် ကျင့်ကြံနေရုံမျှနှင့်ပင် အကျိုးကျေးဇူးမှာ အပြင်ထက် အဆပေါင်းများစွာ သာလွန်သည်။

ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်ရတနာများနှင့် အဖိုးတန်လှသော လျူလီဝိညာဉ်စမ်းရေများ ရှိနေသည်ကိုမူ ပြောနေရန်ပင် မလိုတော့ပေ။

သို့သော် ဤနေရာက သန့်စင်သော ဝိညာဉ်စွမ်းအင်လောက ဖြစ်နေကြောင်း ထန်ထျန်း မကြာမီ သတိပြုမိသည်။

ဤကမ္ဘာကို ပိုမိုမြင့်မားသော အဆင့် (အင်မော်တယ် အဆင့်) သို့ မတက်လှမ်းနိုင်အောင် ထူးဆန်းသော စည်းမျဉ်းတစ်ခုက ဖိနှိပ်ထားပုံရသည်။

ထို့ကြောင့် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်နှင့် အောက်ကလူများသာ ဝင်နိုင်ခြင်း ဖြစ်သည်။

တက်လှမ်းခြင်း အဆင့်မှာမူ အင်မော်တယ် စွမ်းအား နှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။

သို့သော် လျူလီပင်လယ် အနက်ပိုင်းတွင် အင်မော်တယ် သားရဲများ ရှိနေသည်ဟူသော အချက်မှာမူ ကိုယ်တိုင်မြင်မှသာ အဖြေသိရပေလိမ့်မည်။

စဉ်းစားနေစဉ်အတွင်း ကျင့်ကြံသူ အမြောက်အမြားမှာ ကံကောင်း မှုများ ရှာဖွေရန်အတွက် အဝေးရှိ တောတောင်များဆီသို့ ပျံသန်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

တစ်လအတွင်းတွင်မူ ၎င်းတို့က ဤနေရာသို့ ပြန်လာပြီး လျူလီမြို့သို့ ပြန်ကြရမည် ဖြစ်သည်။

"ငါတို့လည်း သွားကြရအောင်"

ထန်ထျန်းက လီဟုန်ကို ပြောလိုက်ပြီးနောက် လမ်းကြောင်းတစ်ခုကို ရွေးကာ ပျံသန်းထွက်လာခဲ့သည်။

လီဟုန်ကလည်း နောက်မှ ကပ်လိုက်လာသည်။

လျှို့ဝှက်နယ်မြေ၏ ဟင်းလင်းပြင်မှာ အလွန်ကျယ်ပြောလှသည်။ ခဏမျှ အရှိန်ပြင်းပြင်း ပျံသန်းပြီးနောက်တွင် ပတ်ဝန်းကျင်၌ အခြားကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရတော့ပေ။

ထန်ထျန်းက အရှိန်လျှော့လိုက်ပြီး အောက်ဘက်ရှိ တောအုပ်ကို အကဲခတ်နေမိသည်။

ရုတ်တရက် လျင်မြန်သော အရိပ်တစ်ခုက သူ၏ အာရုံကို ဖမ်းစားလိုက်သည်။

၎င်းမှာ ဆွတ်ဆွတ်ဖြူနေသော ယုန်ကလေးတစ်ကောင် ဖြစ်သည်။ ခန္ဓာကိုယ်မှာ ဝဖိုင့်နေပြီး မြေပြင်ပေါ်တွင် ခုန်မနေဘဲ သစ်ပင်ထိပ်များပေါ်တွင် ကူးလူးပျံသန်းနေသည်။

၎င်းသည် ခြေလက် ပေါ့ပါးလှပြီး တစ်ချက်ခုန်လိုက်ရုံဖြင့် မီတာ ဆယ်ဂဏန်းမက ဝေးကွာသော နေရာသို့ ရောက်သွားသည်။

ထန်ထျန်း စဉ်းစားလိုက်ပြီးနောက် ကိုယ်ရောင်ဖျောက်ကာ ပျောက်ကွယ်သွားသည်။

နောက်တစ်ခဏတွင် သူက သစ်ပင်ကြီးတစ်ပင်၏ ထိပ်ပေါ်တွင် ရောက်နေပြီး လက်ထဲတွင် အဖြူရောင် အရာလေးတစ်ခုကို ကိုင်ထားသည်။

၎င်းမှာ ခုနက ယုန်လေးပင် ဖြစ်သည်။

မကြာမီ လီဟုန်လည်း လိုက်ပါ ဆင်းသက်လာသည်။

"ဒါက သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိပဲ"

ထန်ထျန်းက ယုန်ဖြူလေးကို ကိုင်ကာ အံ့သြတကြီး ကြည့်နေမိသည်။

ဤကဲ့သို့သော သက်ရှိမျိုးကို သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

ယုန်ဖြူလေးမှာ အလွန် ရိုးအပုံရပြီး ဝိုင်းစက်သော မျက်လုံးလေးများဖြင့် ထန်ထျန်းကို ကြည့်နေကာ အပြစ်ကင်းစင်သော ပုံစံလေးဖြင့် ချစ်စရာကောင်းနေသည်။

ထန်ထျန်းက လက်ဖြင့် တစ်ချက် ညှစ်လိုက်ရာ ယုန်ကလေးမှာ လက်ထဲတွင် ပေါက်ကွဲသွားပြီး အလွန်သန့်စင်ကာ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်လုံးလေး တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ထန်ထျန်းသည် ထိုဝိညာဉ်စွမ်းအင်လုံးကို တိုက်ရိုက် မျိုချလိုက်သည်။

ချက်ချင်းပင် ဝိညာဉ်စွမ်းအင် အမြောက်အမြားက သူ၏ ဝမ်းဗိုက်အတွင်း ပေါက်ကွဲထွက်လာပြီး ဒန်တျန်အတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။

သူ၏ ပေါင်းစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံခြင်းမှာ အနည်းငယ်မျှ တက်လှမ်းသွားကြောင်း သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ခဏအကြာတွင် ထန်ထျန်း မျက်လုံးဖွင့်လိုက်ရာ မျက်ဝန်းထဲ၌ အံ့သြမှုများ အရိပ်ထင်နေသည်။

ဤယုန်ကလေးမှာ ရွှေအူတိုင် အဆင့်ခန့်သာ ရှိသော်လည်း ဤမျှ များပြားသော ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနိုင်သည်။

ဒါဆိုရင် ပိုမြင့်တဲ့ အဆင့်ရှိတဲ့ သားရဲတွေနဲ့ ဝိညာဉ်စမ်းရေတွေက ဘယ်လောက်တောင် ထိရောက်မလဲ

"စပြီး ရှာဖွေကြစို့"

ထန်ထျန်းက ပြောလိုက်သည်။

All Chapters