← Chapters

ထန်ထျန်း၏ နည်းလမ်းများ

Vol. 12 Ch. 133

ထန်ထျန်း၏ နည်းလမ်းများ

Vol. 12 Ch. 133

ကောင်းကင်ယံတွင် ကြီးမားလှသော လက်ဝါးကြီးတစ်ဖက် စုစည်းလာသည်။

ဆံပင်နီနှင့် လူသန်ကြီးက လက်ကို ဖြည်းညှင်းစွာ အောက်သို့ ဖိချလိုက်သည်နှင့် ထိုလက်ဝါးကြီးမှာ ကောင်းကင်ယံမှ ဝုန်းခနဲ ပြုတ်ကျလာတော့သည်။

တစ်ပြိုင်နက်တည်းမှာပင် ထန်ထျန်းက သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံး တင်းကျပ်စွာ ပိတ်ဆို့ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ ရှောင်တိမ်းရန် လမ်းမရှိတော့ဘဲ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော လက်ဝါးကြီး သူ့ကိုယ်ပေါ်သို့ ကျရောက်လာသည်ကိုသာ ကြည့်နေရတော့သည်။

"ဘုန်း"

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တောတောင်တွေ တုန်ခါသွားသည်။

ကြီးမားလှသော သစ်ပင်များစွာ လဲပြိုသွားပြီး ထန်ထျန်းနှင့် လီဟုန်ရှိခဲ့သော နေရာတွင် မီတာ ဆယ်ဂဏန်းမက နက်ရှိုင်းသော လက်ဝါးရာကြီး တစ်ခု ပေါ်လာတော့သည်။

အစမှ အဆုံးထိ ထန်ထျန်းနှင့် လီဟုန်တို့မှာ စကားတစ်လုံးပင် ပြောခွင့်မရလိုက်ပေ။

"နင်ကလည်း ဘာလို့ ဒီလောက်အထိ ဆူညံအောင် လုပ်နေတာလဲ"

အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ဆံပင်နီလူသန်ကြီးကို တစ်ချက်ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။ "ဒီတစ်ခေါက် ဝင်လာတဲ့ ကျင့်ကြံသူ တွေက ကျွန်မတို့တင် မဟုတ်ဘူးနော်။ တခြားလူတွေ သတိထားမိသွားရင် မလိုအပ်ဘဲ ပြဿနာတွေ တက်နေဦးမယ်။"

လူသန်ကြီးက ဟားဟားရယ်လျက် "ခြင်္သေ့က ယုန်ကို ဖမ်းရင်တောင် အစွမ်းကုန် ထုတ်သုံးရတယ်ဆိုတာ ငါ့ရဲ့ အကျင့်ပဲ

အဲဒီကောင်လေးမှာ တခြားနည်းလမ်းတွေ ရှိနေမလား ဘယ်သူသိမှာလဲ၊ တခါတည်း ရိုက်သတ်လိုက်တာက အရှင်းဆုံးပဲ။"

အမျိုးသမီး ကျင့်ကြံသူက ခေါင်းခါလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။

သို့သော် ၎င်းတို့၏ အခြားအဖော်တစ်ဦးဖြစ်သော ဆံပင်နက်နှင့် လူငယ်ကမူ မျက်မှောင်ကြုတ်နေမိသည်။

"တစ်ခုခုတော့ မှားနေပြီ"

လူသန်ကြီး မှင်တက်သွားကာ "ဘာမှားနေလို့လဲ"

လူငယ်က လေသံတိုးတိုးဖြင့် "အဲဒီလူငယ်က ပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူပဲ။ ဒီလောက်အထိ အစအနမကျန် ပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး

ပြီးတော့ သက်ရှိတစ်ယောက် သေဆုံးသွားတဲ့ အငွေ့အသက်မျိုးကိုလည်း ငါမရလိုက်ဘူး

သူတို့က ရုတ်တရက်ကြီး လေထဲကို ပျောက်ကွယ်သွားသလိုမျိုးပဲ"

လူသန်ကြီး ကြောင်အမ်းသွားပြီးနောက် အမျိုးသမီးနှင့် အကြည့်ချင်းဖလှယ်ကာ လက်ဝါးရာကြီး၏ အစွန်းသို့ ပျံဆင်းသွားကြသည်။

အောက်သို့ ငုံ့ကြည့်လိုက်ရာ မြင်ကွင်းမှာ ကြည့်မကောင်းလှပေ၊ အရာအားလုံးမှာ စက္ကူတစ်ချပ်လို ပြားချပ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ထန်ထျန်း ရပ်ခဲ့သော နေရာတွင်မူ မည်သည့်အရာမှ ရှာမတွေ့ပေ။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

လူသန်ကြီး၏ လေသံမှာ အံ့သြတုန်လှုပ်နေသည်။ "ငါက သူ့ဘေးက ဟင်းလင်ပြင်ကို ပိတ်ဆို့ထားတာလေ၊ သူ ဘယ်လိုလုပ်ပြီး..."

သို့သော် သူ၏ စကားမဆုံးသေးမီမှာပင် မျက်နှာမှာ ရုတ်တရက် ပျက်သွားတော့သည်။

"မကောင်းတော့ဘူး"

လူသန်ကြီးက ဟိန်းဟောက်လိုက်သဖြင့် ကျန်နှစ်ဦးလည်း သတိကြီးကြီး ထားလိုက်ကြသည်။

၎င်းတို့ သုံးဦးလုံးမှာ မကောင်းသော ခံစားချက် တစ်ခုကို ခံစားလိုက်ရခြင်းပင်။

သို့သော် ၎င်းတို့ လှုပ်ရှားရန် မပြင်နိုင်သေးမီမှာပင် မြေကြီးမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။

နောက်တစ်ခဏတွင် ကြီးမားလှသော ကျောက်တိုင်ကြီး ဆယ်ဂဏန်းခန့်မှာ မြေကြီးထဲမှ ထိုးထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံအထိ ရောက်သွားသည်။

ထို့နောက် ကျောက်တိုင်ထိပ်များမှာ တစ်ခုနှင့်တစ်ခု ဆုံစည်းသွားပြီး ကြီးမားလှသော ကျောက်အကျဉ်းထောင် ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ၎င်းတို့သုံးဦးကို ပိတ်လှောင်လိုက်တော့သည်။

လေးလံကာ ကြောက်မက်ဖွယ်ကောင်းသော အော်ရာ ကြောင့် ၎င်းတို့၏ ဝိညာဉ်များမှာပင် ဖိနှိပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

"အမြန် ထွက်ကြ"

လူသန်ကြီးက အော်ဟစ်လိုက်ပြီး ခြေကုန်တင်ကာ ထိုအကျဉ်းထောင်ထဲမှ ထွက်ရန် ကြိုးစားသည်။

သို့သော် သူ အစွန်းသို့ မရောက်မီမှာပင် ကြီးမားလှသော ကျောက်ရုပ်ထုကြီး တစ်ခုမှာ မြေအောက်မှ ဝုန်းခနဲ ထွက်ပေါ်လာပြီး ကြီးမားလှသော လက်သီးဖြင့် သူ့ကို လှမ်းထိုးလိုက်သည်။

လူသန်ကြီး၏ မျက်လုံးများမှာ တင်းမာသွားပြီး နောက်မဆုတ်ဘဲ အတိဒုက္ခဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့် အော်ရာ ကို အကုန်ထုတ်ကာ ထိပ်တိုက် ရင်ဆိုင် လိုက်သည်။

"ဘုန်း"

နှစ်ဖက်လုံး တိုက်ရိုက် ထိတွေ့သွားကြပြီး ကျောက်သားရုပ်ထု၏ လက်သီးမှာ ပွင့်ထွက်သွားကာ လက်မောင်းတစ်ခုလုံး တစ်စစီ ကြွေကျသွားသည်။

"ကိုယ့်အဆင့်ကိုယ် မသိဘူး"

လူသန်ကြီးက ဂုဏ်ယူစွာ ပြုံးလိုက်ရင်း အကျဉ်းထောင်ထဲမှ ထွက်ရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် သူ၏ အပြုံးမှာ မျက်နှာပေါ်တွင်ပင် အေးခဲသွားတော့သည်။

မြေကြီးမှာ ရူးသွပ်စွာ တုန်ခါလာပြီး ရှေ့က ရုပ်ထု လဲကျသွားသည်နှင့် နောက်ထပ် ရုပ်ထု ၅ ခုမှာ ထပ်မံ ထလာပြန်သည်။ ၎င်းတို့က ကြီးမားသော လက်သီးများကို ပြိုင်တူ ဝှေ့ယမ်းကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ဖြင့် သူ့ကို ထိုးနှက်လိုက်ကြသည်။

"ဘုန်း... ဘုန်း.... ဘုန်း....."

ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာပြီး မြေကြီး တုန်ဟည်းသွားသည်။

ရုပ်ထု ၄ ခုကို လူသန်ကြီးက ဖျက်ဆီးနိုင်ခဲ့သော်လည်း ပဉ္စမမြောက် ရုပ်ထု၏ လက်သီးက သူ့ကို အဝေးသို့ လွင့်စင်သွားအောင် ရိုက်ချလိုက်သဖြင့် တော်တော်နှင့် ပြန်မထနိုင် ဖြစ်သွားသည်။

လူသန်ကြီး၏ မျက်နှာမှာ ပြာနှမ်းသွားပြီး မျက်တောင်များပင် တုန်ယင်နေသည်။

အကြောင်းမှာ သူ၏ မြင်ကွင်းထဲတွင် အလားတူ ရုပ်ထုပေါင်း ၂၀ ခန့် ထပ်မံ ပေါ်လာသောကြောင့် ဖြစ်သည်။

ဘယ်သူလဲ

ဘယ်သူက ဒီလောက် ကြောက်စရာကောင်းတဲ့ နည်းလမ်းကို သုံးနိုင်တာလဲ

ဒါ... ခုနက လူငယ်ပဲလား

ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက ပေါင်းစည်းခြင်းအဆင့်ပဲ ရှိတာလေ

ခဏချင်းမှာပင် လူသန်ကြီး၏ ဦးနှောက်ထဲတွင် အတွေးပေါင်းစုံ ဝင်လာတော့သည်။

သူ စဉ်းစားနေစဉ်မှာပင် ကျန်နှစ်ဦးကလည်း အလားတူ တိုက်ခိုက်မှုများကို ကြုံတွေ့နေရသည်။

ဆံပင်နက်လူငယ်က ဒုတိယလှိုင်းမှ ရုပ်ထုများကို ဖျက်ဆီးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပိုမိုများပြားလာသော ရုပ်ထုများကြောင့် နောက်သို့ ဆုတ်ပေးလိုက်ရသည်။

အမျိုးသမီး ကျင့်ကြံသူမှာမူ သတိလက်လွတ် ဖြစ်သွားသဖြင့် လက်သီးတစ်ချက် တည့်တည့်ထိမှန်ကာ မြေကြီးထဲသို့ စိုက်ဝင်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။

သို့သော် သူမ ချက်ချင်း ပြန်ထွက်လာပြီး ကျန်နှစ်ဦးနှင့် ကျောချင်းကပ် ရပ်လိုက်ကြသည်။ သူမ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

"ဒါတွေက ဘာတွေလဲ"

သူမက အော်ဟစ်မေးမြန်းလိုက်သည်။

ဆံပင်နက်လူငယ်မှာ မျက်မှောင်ကြုတ်လျက် မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာကာ ဤအစီအရင်၏ အားနည်းချက်ကို လိုက်ရှာနေသည်။

သို့သော် ဝမ်းနည်းစရာမှာ တစ်ဖက်လူက ၎င်းတို့ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ပေးပုံမရပေ။

ကြီးမားလှသော ကျောက်လက်ဝါးကြီး တစ်ဖက်က ၎င်းတို့၏ ခေါင်းပေါ်တွင် ထပ်မံ စုစည်းလာပြန်သည်။

၎င်း၏ အရွယ်အစား၊ အော်ရာ နှင့် ပုံစံမှာ ဆံပင်နီလူသန်ကြီး အစောပိုင်းက ထုတ်သုံးခဲ့သော တိုက်ကွက်နှင့် လုံးဝ တစ်ပုံစံတည်းပင်

သူ၏ တိုက်ကွက်နှင့် ဆင်တူနေသော လက်ဝါးကြီးကို ကြည့်ကာ လူသန်ကြီးက မျက်လုံးများ ပြူးကျသွားပြီး မယုံကြည်နိုင်သော လေသံဖြင့် ဟစ်အော်လိုက်သည်။ "တကယ်ပဲ..."

စကားမဆုံးမီမှာပင် ကျောက်လက်ဝါးကြီးမှာ ဝုန်းခနဲ ကျလာပြီး ၎င်းတို့ သုံးဦးကို ပြင်းထန်စွာ ဖိချလိုက်တော့သည်။

"ဘုန်း"

ယခင်ကထက် ပိုမိုပြင်းထန်သော တုန်ခါမှုကြီး ဖြစ်ပေါ်လာပြီး လက်ဝါးကြီးမှာ မြေအောက်ထဲအထိ နက်ရှိုင်းစွာ စိုက်ဝင်သွားကာ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့် ကျင့်ကြံသူ သုံးဦးလုံးကို အောက်တွင် ဖိထားလိုက်သည်။

သို့သော် ဤအခြေအနေမှာ ကြာရှည်မခံပေ၊ ၎င်းတို့မှာ မည်သို့ပင်ဆိုစေ အတိဒုက္ခဖြတ်ကျော်ခြင်း နှောင်းပိုင်း အဆင့် ကျင့်ကြံသူ များ မဟုတ်ပါလား။

မကြာမီမှာပင် ကျောက်လက်ဝါးကြီးမှာ ပေါက်ကွဲသွားပြီး လူသုံးဦး၏ ပုံရိပ်မှာ ပြန်လည် ပေါ်ထွက်လာသည်။

သို့သော် ယခုအခါတွင် ၎င်းတို့၏ မျက်နှာများမှာ အလွန်ပင် ကြည့်မကောင်းတော့ပေ၊ အထူးသဖြင့် အားအနည်းဆုံးဖြစ်သော အမျိုးသမီး၏ မျက်နှာမှာ ဖြူလျော်နေပြီ ဖြစ်သည်။

ခုနက လက်ဝါးကြီးမှာ အစီအရင်၏ အထောက်အပံ့ ပါဝင်နေသဖြင့် ၎င်းတို့မှာ အားအင်အမြောက်အမြား သုံးပြီးမှသာ ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

"မင်းက ဘယ်သူလဲ"

လူသန်ကြီးကလည်း စတင်ကြောက်ရွံ့လာပြီ ဖြစ်သည်။ တစ်ဖက်လူ၏ နည်းလမ်းများမှာ အမျိုးမျိုး ပြောင်းလဲနေပြီး ပြင်းအားမှာလည်း မသေးလှပေ။

၎င်းပြင် တိုက်ကွက်များမှာ ရက်စက်ပြီး တစ်ခုပြီးတစ်ခု တရစပ် လာနေသဖြင့် ၎င်းတို့ကို အသက်ရှူဖို့ပင် အချိန်မပေးပေ။

အကြောက်ရွံ့ဆုံး အချက်မှာ ယခုထိ တစ်ဖက်လူက မည်သူမှန်း ၎င်းတို့ အတည်မပြုနိုင်သေးခြင်းပင်။

"ပုန်နေတဲ့ လိပ်လိုကောင် ... သတ္တိရှိရင် ထွက်လာခဲ့စမ်း ငါနဲ့ လူချင်း တည့်တည့် တိုက်ရဲလား"

လူသန်ကြီးက ရန်စသော အမူအရာဖြင့် အော်ဟစ်နေသည်။ အကြောင်းမှာ ဤအတိုင်းသာ ဆက်သွားပါက ၎င်းတို့မှာ လုံးဝ အရှုံးပေးရတော့မည်ကို သူ သိနေသောကြောင့် ဖြစ်သည်။

သို့သော် ဝမ်းနည်းစရာမှာ တစ်ဖက်လူထံမှ မည်သည့် တုံ့ပြန်မှုမှ မရှိခြင်းပင်။

ကျောက်တိုင်ကြီး ဆယ်ဂဏန်းခန့်မှာ ရုတ်တရက် အလင်းမှိန်မှိန်လေးများ ထွက်ပေါ်လာပြီး အစီအရင်အတွင်း၌ ထူးဆန်းသော နိယာမ အော်ရာ တစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် ကောင်းကင်ယံတွင် ပျံ့လွင့်နေသော ကျောက်စလေးများမှာ တစ်စုံတစ်ခု၏ ညွှန်ကြားမှုဖြင့် စုစည်းသွားကာ ကြီးမားသော သံကြိုး ပေါင်း ရာနှင့်ချီအဖြစ် ပြောင်းလဲသွားသည်။ ထိုသံကြိုးများမှာလည်း ကျောက်တိုင်များကဲ့သို့ပင် အလင်းများ ဖြာထွက်နေသည်။

လူသုံးဦးမှာ မကောင်းတော့ကြောင်း သိလိုက်သဖြင့် အစွမ်းကုန်သုံး၍ ထွက်ပြေးရန် ကြိုးစားကြသည်။

သို့သော် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့ ခြေထောက်အောက်ရှိ မြေကြီးမှာလည်း ပြောင်းလဲသွားပြီး သက်ရှိတစ်ခုကဲ့သို့ ၎င်းတို့ကို မြေပြင်ပေါ်တွင် တင်းကျပ်စွာ ဆွဲကပ်ထားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေကြီးနှင့် သံကြိုးများမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားပြီး အစီအရင်တစ်ခုလုံးနှင့် ပေါင်းစည်းသွားတော့သည်။

ထိုထူးဆန်းသော နိယာမ အော်ရာ များက သံကြိုးများမှတစ်ဆင့် လူသုံးဦး၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် သက်ရောက်လာပြီး ၎င်းတို့၏ ကျင့်ကြံခြင်း စွမ်းအားအားလုံးကို ပိတ်ဆို့လိုက်ကာ ဝိညာဉ်ပင် ထွက်မပြေးနိုင်အောင် ချုပ်နှောင်လိုက်တော့သည်။

မည်သို့ပင် ရုန်းကန်စေကာမူ အချည်းနှီးသာ ဖြစ်သည်။

ထိုအချိန်မှသာ လူရိပ်တစ်ခုက ကောင်းကင်ယံတွင် ဖြည်းညှင်းစွာ ပေါ်လာပြီး ၎င်းတို့ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။

၎င်းမှာ ထန်ထျန်းပင် ဖြစ်သည်။

"မင်းတို့က... ဘယ်သူတွေလဲ"

ထန်ထျန်းက အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်သည်။

All Chapters