← Chapters

ကြိုးကိုင်သူ

Vol. 1 Ch. 443

ကြိုးကိုင်သူ

Vol. 1 Ch. 443

"မြန်မြန်လေး...မြန်မြန်လေး"

ရှန်ဝူတစ်မြို့လုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သည်။ စစ်သည်များအားလုံးသည် ဟိုမှသည်မှ ရွေ့လျားနေကြပြီး ဂိုဏ်းကြီးများမှ သိုင်းပညာရှင်များသည်လည်း အငြိမ်မနေရပေ။ သူတို့သည် မြေကြီးအောက် တစ်မီတာအထိတူး၍ လျှိုယွိအား တစ်မြို့လုံးအနှံ့ မြေလှန်ရှာနေကြသည်။

ရှားထင်ဝေ့၏ သေရေးရှင်ရေးမှာ မသိရဘေးဘဲ မိန်းမစိုးလင်းသည် သေဆုံးသွားခဲ့သည်။ ကျန်းပိုင်လီမှာလည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ ထိုအချက်တို့ကြောင့် လူတိုင်းမှာ အလွန်အမင်း ကြောက်လန့်နေကြသည်။ လျှိုယွိကို မိနစ်သုံးဆယ်အတွင်း မရှာနိုင်လျှင် တစ်မြို့လုံး သွေးဖြင့်အဆေးခံရလိမ့်မည်။ လက်ရှိအချိန်တွင် ကျန်းရီကို မည်သူက တားဆီးနိုင်ပါမည်နည်း။

ကျန်းစွန်းဂိုဏ်း၊ လုံဂိုဏ်း၊ ယင်းဂိုဏ်းနှင့် ထိုက်ရှစ်ဂိုဏ်းတို့မှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ သူတို့၏ သိုင်းသမား အားလုံးသည်လည်း အပြင်ထွက်ကြရသည်။ သူတို့သည် သတင်းများမှန်မမှန်ကိုပင် မစစ်ဆေးနိုင်ဘဲ ကိုယ်ပိုင်စစ်တပ်များနှင့် အိမ်ပေါက်စေ့ လိုက်လံရှာဖွေကြသည်။ မရင်းနှီးသောသူ သို့မဟုတ် သံသယဝင်စရာကောင်းသောသူတို့တွေ့တိုင်း ထိုလူတို့အား အရင်ဆုံးဖမ်း၍ စစ်ဆေးကြသည်။

ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းမှာလည်း အပြင်ထွက်ရှာကြရသည်။ သို့သော် ခေါင်းဆောင်နှစ်ဦးသည် ထွက်မရှာကြဘဲ တောင်ဘက်နန်းမြို့ရိုးအထက်ရှိ အဆောက်အဦး တစ်ခုထဲတွင် ကျန်းရီအား အဖော်ပြုနေကြသည်။ ကျန်းရီ စကားမပြောသေးလျှင် နှစ်ဦးသားမှာလည်း နှုတ်ဆိတ်နေကြလေသည်။ သို့သော်လည်း သူတို့သည် ကျန်းရီအား အထင်ကြီးအံ့အားသင့်သည့် အကြည့်များဖြင့်ကြည့်ရင်း သက်ပြင်းတချချ ဖြစ်နေကြသည်။

လွန်ခဲ့သောတစ်နှစ်က ဆောင်းဦးကာလတွင် ဖြစ်သည်။

နိုင်ငံအဆင့်ပြိုင်ပွဲပြီးသည့်နောက် ကျန်းရီ ပထမဆုံး လုပ်သည်မှာ ရှန်ဝူနိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့၏ အဖေများဖြစ်သော ကျန့်ရီမင်နှင့် ချမ်ကွေ့တို့သည် ကျန်းရီ၏ အနာဂတ်မှာ အကန့်အသတ်မဲ့သည်ဟု ခံစားမိခဲ့ကြသည်။ အနာဂတ်တွင် သူသည် အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပြီး ဗာဂျရာအဆင့်သို့ပါ ရောက်ရှိသွားလိမ့်မည်ဟု သူတို့ထင်ခဲ့ကြသည်။

မမျှော်လင့်ထားစွာ တစ်နှစ်ဟူသော အချိန်အတောအတွင်းတွင် ကျန်းရီသည် တစ်ဦးတည်းတိုက်ခိုက်ရင်း ပြန်လာခဲ့ပြန်သည်။ ရှားထင်ဝေ့မှ အင်အားအကုန်ထုတ်သုံးခဲ့သော်လည်း ကျန်းရီသည် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ သူသည် ဗာဂျရာအဆင့် လူသုံးဦးကို အနိုင်ယူခဲ့သည့်အပြင် မိန်းမစိုးလင်းကိုပါ သတ်နိုင်ခဲ့သည်။

သူတို့သည် ကျန်းရီမည်မျှ အစွမ်းရှိကြောင်း မသိသော်လည်း ကျန်းရီသည် ဤတစ်ကြိမ်တွင်လည်း မီးလျှံများကို အသုံးပြုခဲ့ကြောင်း သူတို့သတိထားမိခဲ့သည်။ ယခုအကြိမ် မီးလျှံများသည် ကမ္ဘာ့မီးလျှံများနှင့် ဆင်တူသော်လည်း ကမ္ဘာ့မီးလျှံများထက် အဆပေါင်းများစွာ ကြောက်စရာ ကောင်းလေသည်။ မဟုတ်ပါက သူ့အနေနှင့် ဗာဂျရာအဆင့် လူတစ်ယောက်ကို သတ်နိုင်ရန် မဖြစ်နိုင်ချေ။ သို့သော်လည်း ထိုမီးလျှံများသည် မီးဝိဉာဉ်ကျောက်တုံးမှ ထွက်ပေါ်လာသော မီးလျှံများလောက် မပြင်းထန်ပေ။ ကျန်းရီသည် မီးလျှံများကို အသုံးပြုရာတွင် ကျွမ်းကျင်သည်။ လူတိုင်းသည် အလွန်အားကောင်းသော မီးလျှံများကို သူ တစ်နေရာရာမှ ရရှိခဲ့ခြင်းဖြစ်လိမ့်မည်ဟု ထင်ကြသည်။

မည်သို့ပင်ဖြစ်ခဲ့ပါစေ...မိန်းမစိုးလင်းသည် သေသွားခဲ့ပြီဖြစ်သည်။ သူ၏ ဆောက်တည်ရာမဲ့စွာ အော်ဟစ်သံများကို လူတိုင်း ကြားလိုက်ကြရသည်။ ဤသည်မှာ ငြင်းမရသည့်အချက်ဖြစ်သည်။ ဗာဂျရာပဉ္စမအဆင့်သို့ ရောက်နေပြီဖြစ်သော ရှားထင်ဝေ့မှာလည်း ခြေထောက်များ မီးလောင်သွားခဲ့သည်။ ထို့ကြောင့် မည်သို့ အနိုင်ရခဲ့သည်ဖြစ်စေ၊ ကျန်းရီ နိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ့တွင် ဗာဂျရာပဉ္စမအဆင့် လူတစ်ဦးကို သတ်နိုင်သည့် အစွမ်းအစ ရှိနေပြီဖြစ်သည်။

ဆယ့်ရှစ်နှစ်တောင် မပြည့်သေးသည့် လူငယ်လေးသည် နယ်မြေအနှံ့ ကျော်ကြားနေသည့် အင်အားကြီးပုဂ္ဂိုလ်များကို သတ်နိုင်ခဲ့သည်။

ထိုအချက်သည် ကျန့်ရီမင်နှင့် ချမ်ကွေ့အား အံ့အားသင့်စေသည်။ သူတို့၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နေခဲ့သည်။ သုံးနှစ်ကာလသည် လိုသေးသည်။ ကျန်းရီသာ ဤပုံစံနှင့် ဆက်လက်တိုးတက်နေလျှင် အချိန်ကျလာသည်နှင့် သူသည် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။

ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည် ကျန်းရီ၏ ညီအစ်ကိုများ ဖြစ်ကြသည်။ ကျန်းရီ နယ်မြေကို ပေါင်းစည်း၍ ကိုယ်ပိုင်အင်ပါယာ တည်ထောင်လျှင် သူတို့ဂိုဏ်းများသည် ကျန်းရီ၏မျက်နှာကြောင့် နယ်မြေ၏ ထိပ်တန်းဂိုဏ်းများ ဖြစ်လာပေလိမ့်မည်။

ဝမ်ကွမ်ရဲ့ လူကဲခတ်အတတ်က တကယ်ကို ထူးချွန်တာပဲ...လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာကို သူခန့်မှန်းခဲ့တာ တကယ့်ကို တိကျတယ်...

ချမ်ကွေ့၏ မျက်နှာထက်တွင် ဂုဏ်ယူမှုတို့ အထင်းသားပေါ်လွင်နေသည်။ ချမ်ဝမ်ကွမ်သည် ကျန်းရီကို အမြဲထောက်ပံ့ခဲ့ပြီး ချမ်ကွေ့ကလည်း သူ့သား၏ အမြင်အာရုံကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ ကျန့်ရီမင်သည်လည်း ကျန်းရီကို လေးစားသည့် မျက်လုံးများဖြင့် ကြည့်ရင်း ခေါင်းငြိမ့်နေလိုက်သည်။ အင်အားကြီးသူတို့သည် အခြားသူများ လေးစားခြင်းကို ခံရသည်မှာ သဘာဝပင်။

"ဦးလေးတို့..."

ကျန်းရီသည် ရှားထင်ဝေ့ ရောက်နေနိုင်သည့်နေရာကို စဉ်းစားနေရာ စိတ်လွတ်နေခဲ့သည်။ ၎င်းသည် မည်သို့သော တာအိုအမျိုးအစားပေနည်း။ ရှားထင်ဝေ့သည် တကယ်ကြီး လေဟာနယ်အက်ကွဲကြောင်းအတွင်း ဝင်ရောက်၍ ထွက်ပြေးသွားနိုင်သည်။ ကျန်းရီသည် အတွေးများနေရာမှ သတိဝင်လာခဲ့ပြီး သူ့ရှေ့မှ လူနှစ်ယောက်ကို ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

"ကျောင်းအုပ်ကျူးကော့ရဲ့ သေဆုံးမှုက ရှားထင်ဝေ့ရဲ့လက်ချက်လို့ ဦးလေးတို့ထင်လား"

ကျန်းရီ၏ 'ဦးလေး'ဟု အမည်တပ်ပုံကို ကြားလိုက်လျှင် ကျန့်ရီမင်နှင့် ချမ်ကွေ့တို့ ပြုံးသွားကြသည်။ ချမ်ကွေ့သည် တွေးတွေးဆဆနှင့် အလေးအနက် ပြန်ဖြေလာခဲ့သည်။

"ငါ့အထင်တော့...သံသယဝင်မိတယ်။ ငါ့ရထားတဲ့ သတင်းအချက်အလက်တွေအရတော့ ကျောင်းအုပ်ချီတို့အဖွဲ့ကို ကြားဝင်နှောင့်ယှက်တာ ရှန်ဝူနိုင်ငံက မဟုတ်ဘူး။ သူတို့က လျှို့ဝှက်အစောင့်တွေဆိုတဲ့ ဖြစ်နိုင်ချေတော့လည်း ရှိတာပေါ့။ ရှား...အဲ...မင်းကြီးက အရူးမဟုတ်ရင် လျှိုယွိကို ရှန်ဝူမြို့ထဲ အဝင်ခံမှာ မဟုတ်ဘူး။ ဘယ်လိုပဲဆိုဆို သူရှန်ဝူမြို့ထဲဝင်လာရင် ရှန်ဝူနိုင်ငံက ခေါင်းခံရမယ့် ကိစ္စ ဖြစ်သွားပြီလေ"

ကျန့်ရီမင်သည်လည်း ခေါင်းငြိမ့်၍ ထောက်ခံလိုက်သည်။

"ငါလည်း အဲ့လိုပဲထင်တယ်။ လျှိုယွိက နယ်ရုပ်တစ်ရုပ်ဆိုတာ အသိသာကြီးပဲ။ ဒါက မင်းကြီးရဲ့လက်ချက်ဆိုရင် လျှိုယွိအသက်ရှင်နေဦးမှာလား၊ ဝိဉာဉ်သားရဲတောင်မှာတင်  စကားမပြောနိုင်တဲ့ အလောင်းဖြစ်သွားလောက်ပြီ"

"အမှန်ပဲ"

ကျန်းရီသည်လည်း သံသယဝင်နေခဲ့သည်။ ရှားထင်ဝေ့သည် ထက်မြက်သော အုပ်ချုပ်သူဖြစ်သည်။ သူသည် ဤသို့ မိုက်မဲလိမ့်မည်မဟုတ်။ ထို့ကြောင့် ကျန်းရီသည် မျက်မှောင်ကျုံ့၍ မရှင်းလင်းသည်ကို မေးလိုက်သည်။

"ရှားထင်ဝေ့ မဟုတ်ရင် ရှန်ဖျင်းမြို့စား ကိစ္စကိုရော ဘယ်လိုရှင်းပြမလဲ။ အဲ့ဒီ ထူးဆန်းတဲ့ လူတွေကရော...ဒီနေရာကို စောင့်တဲ့ တပ်မှူး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာကရော...ရှန်ဝူနိုင်ငံမဟုတ်ရင် ဘယ်သူတွေက ဒီလို ပရိယာယ်ကို အကောင်အထည်ဖော်နိုင်တဲ့ အစွမ်းအစရှိမလဲ"

ချမ်ကွေ့၏ မျက်ဝန်းများသည် ပတ်ဝန်းကျင်သို့ ဝေ့ဝဲသွားခဲ့ပြီး အပြင်သို့ စိုးရိမ်တကြီး ကြည့်လိုက်သည်။ ကျန်းရီသည် နေရာတစ်ဝိုက်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကာ ပြောလိုက်သည်။

"ဦးလေးချမ်...ဒီမှာ ဘယ်သူမှ မရှိပါဘူး။ အပြင်မှာလည်း ယာ့ဇီသားရဲ ရှိနေတော့ ဘယ်သူမှ မလာရဲဘူး...စိတ်ထဲရှိတဲ့အတိုင်း ပြောပါ"

ချမ်ကွေ့သည် စိတ်အေးသွားသည့်ပုံနှင့် ပါးဖောင်းဖောင်းကြီးမှ လေပူများ မှုတ်ထုတ်ရင်း ပြောလာခဲ့သည်။

"မင်းငါ့ကိုယုံရင် ငါထင်တာကို ပြောပြမယ်...ငါ့တူ"

ကျန်းရီသည် ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့၊ ပြောပြပါ...ဦးလေး"

"ဒီကိစ္စကို မင်းကြီးလုပ်တာ မဟုတ်ဘူးလို့ ငါပြောရဲတယ်"

ချမ်ကွေ့သည် စိတ်ပါလက်ပါ ဆက်ပြောလာခဲ့သည်။

"ဒါက ရှန်ဝူနိုင်ငံကို ခြောက်ချတဲ့ အကြံအစည်ပဲ။ သူတို့ပစ်မှတ်က မင်း၊ ရှားထင်ဝေ့၊ မိန်းမစိုးလင်းနဲ့ မင်းရဲ့အ...လော့ကဲအရှင် တိုက်ခိုက်ကြပြီး ရလဒ်ကနေ သူတို့အကျိုးအမြတ် ယူကြလိမ့်မယ်။ ဒါကြောင့် ရှားနိုင်ငံနဲ့ ရှန်မိနိုင်ငံကလွဲရင် တခြားအင်အားစုတွေအကုန် သံသယရှိသူစာရင်းထဲ ပါတယ်။ ကျင်းရှန်နိုင်ငံက အင်အားအကြီးအကျယ် လျော့ကျနေတာမို့ တခြားသူတွေကို ရန်စရဲမှာ မဟုတ်သေးဘူး၊ ဒါကြောင့် သူတို့ကို စာရင်းထဲက ဖယ်လိုက်လို့ရတယ်"

"မြောက်ဘက်မန့်နိုင်ငံနဲ့ လျန်နိုင်ငံက နည်းပရိယာယ်တွေ၊ အကွက်ချတာတွေကို မနှစ်မြို့ဘဲ ကြမ်းကြမ်းတမ်းတမ်း ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရတာကိုပဲ သဘောကျတယ်။ လျှိုယွိက နှစ်သုံးဆယ်ကျော် သူလျှိုလုပ်နေခဲ့တာ...လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတောအတွင်း နှစ်နိုင်ငံလုံးမှာ ထက်မြက်လွန်းတဲ့ အကြံပေးမရှိဘူး။ ဒါကြောင့် နှစ်နိုင်ငံလုံးကို ပယ်လိုက်လို့ရတယ်။ ရွှေယွဲ့လျန်မျှော်စင်၊ ဇင်ဘုရားကျောင်းနဲ့ သင်တန်းကျောင်းကြီးတွေက ဒီလိုလုပ်နိုင်တဲ့ အစွမ်းအစ မရှိဘူး။ ဒါကြောင့် သံသဝင်စရာက အင်အားစုကြီးတစ်ခုပဲ ကျန်တော့တယ်"

"မိုးပြာနဂါးအင်ပါယာလား"

ကျန်းရီ၏ ကိုယ်သည် ဆတ်ခနဲ ဖြစ်သွားခဲ့ပြီး မျက်လုံးများ အေးစက်လာခဲ့သည်။ မိုးပြာနဂါးအင်ပါယာသည် နည်းပရိယာယ်များ သုံးရသည်ကို အလွန်သဘောကျပြီး နိုင်ငံခြောက်ခုအချင်းချင်း တိုက်ခိုက်ခိုင်းကာ လူသူအင်အား စုဆောင်းနေခဲ့သည်။ ဤအခိုက်အတန့်တွင် သူတို့သာ ကျန်းရီနှင့် ရှန်ဝူနိုင်ငံကို တိုက်ခိုက်ခိုင်းလျှင် မည်သည့်ဘက်မှ အနိုင်ရသည်ဖြစ်စေ သူတို့အတွက် ကောင်းသည့်အရာဖြစ်သည်။

ငတ်ပြတ်နေတာ ကုလားအုတ်သည် မြင်းတစ်ကောင်ထက် ကြီးသေးသည်။

မိုးပြာနဂါးအင်ပါယာသည် နှစ်တစ်သောင်းကျော် အင်အားပြန်လည် စုဆောင်းနေခဲ့သည်။ သူတို့တွင် ဖုံးကွယ်ထားသော အင်အားမည်မျှရှိမည်ကို ဘယ်သူမှ မသိကြပေ။ မည်သည့်ဂိုဏ်းက သူတို့လက်အောက်ခံဖြစ်ကြောင်း လင်းရွှယ်သာလျှင် သိလိမ့်မည်။ လင်းရွှယ်မည်မျှ ထက်မြက်မှန်း ကျန်းရီကိုယ်တိုင် တွေ့ကြုံဖူးလေသည်။ ဤကိစ္စသာ သူမ၏ အကြံအစည် ဖြစ်ပါလျှင် အရာအားလုံး အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။

"အင်း"

ချမ်ကွေ့သည် ခေါင်းငြိမ့်လိုက်သည်။ သို့သော် သူ့မျက်နှာသည် မသာမယာ ဖြစ်နေဆဲ ဖြစ်သည်။

"ငါ့တူ...မိုးပြာနဂါးအင်ပါယာက သံသယ ဝင်စရာအကောင်းဆုံးပဲ။ ဒါပေမယ့် အရမ်းအင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုကို မင်းမေ့ခဲ့ပြီ"

" အရမ်းအင်အားကြီးတဲ့ အဖွဲ့အစည်း"

ကျန်းရီသည် တွေဝေသွားခဲ့သည်။ ချမ်ကွေ့သည် အားကောင်းသည့် အဖွဲ့အစည်းအားလုံးကို ဖယ်ထုတ်လိုက်ပြီ မဟုတ်ပေလော။ ဘယ်လိုနည်းဖြင့် နောက်ထပ်အဖွဲ့အစည်းတစ်ခု ရှိလာရသနည်း။ သူ့မျက်လုံးများ မှေးစင်းသွားပြီးနောက် ကျန်းရီသည် ထိတ်လန့်အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

"သိုင်းခန်းမ"

"အမှန်ပဲ"

ချမ်ကွေ့သည် ခေါင်းငြိမ့်ရင်း ဆက်ပြောလာခဲ့သည်။

"နယ်မြေမှာ အင်အားအကြီးဆုံး အဖွဲ့အစည်းဆိုရင် မိုးပြာနဂါးအင်ပါယာလည်း မဟုတ်ဘူး၊ နိုင်ငံခြောက်ခုလည်း မဟုတ်ဘူး။ အဲ့ဒါက သိုင်းခန်းမပဲ...လွန်ခဲ့တဲ့နှစ်နှစ်က တော်တော်လေး ထက်မြက်တဲ့ နတ်မိမယ်ကျီဆိုတာ သိုင်းခန်းမမှာ ပေါ်ထွက်လာတယ်လိုု့ ငါကြားတယ်။ သူမက ဖြစ်နိုင်ချေတွေ အကုန်လုံးကို တွက်ချက်နိုင်ပြီး ကြောက်စရာကောင်းတဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်တယ်လို့ ပြောကြတယ်။ ဒီကိစ္စကို သူမအကွက်ချပြီး သိုင်းခန်းမရဲ့ အဖွဲ့ဝင်တွေ အကောင်အထည်ဖော်တယ်ဆိုရင် အရာအားလုံး ကျိုးကြောင်းသင့်သွားပြီ"

"နတ်မိမယ်ကျီ..."

ကျန်းရီသည် ရင်းနှီးနေသည့် မျိုးရိုးနာမည်ကို ကြားလိုက်သောအခါ ဆတ်ခနဲ ဖြစ်သွားခဲ့သည်။ ထူးခြားစွာ လှပသည့် မျက်နှာနှင့် ပုံရိပ်တစ်ခုသည် သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် အလျင်အမြန် မေးခွန်းထုတ်လိုက်သည်။

"ဦးလေး...နတ်မိမယ်ကျီရဲ့ နာမည် အပြည့်အစုံက ဘာလဲ"

"ငါတို့လည်း မသေချာဘူး"

ချမ်ကွေ့သည် ခေါင်းယမ်းလိုက်သည်။

"အပြင်လူတွေက အိပ်မက်ပင်လယ်ချောက်နက်ကို မဝင်နိုင်ဘူး။ ငါတို့ဂိုဏ်းရဲ့ သတင်းပေးက ပထမအဆင့် သိုင်းခန်းမခွဲရဲ့ ခန်းမသခင်နေရာအထိပဲ ရအောင်ယူနိုင်ခဲ့တယ်။ နတ်မိမယ်ကျီက အရမ်းထက်မြက်တယ်ဆိုတာပဲ သူသိတာ...တုကူးယန်တောင် သူမစကားကို နားထောင်တယ်တဲ့"

ကျန်းရီ၏စိတ်သည် ပို၍ သံသယ များလာခဲ့လေရာ ဆက်မေးလိုက်သည်။

"အိပ်မက်ပင်လယ်ချောက်နက်က ဘယ်နေရာမှာလဲ"

"အိပ်မက်ပင်လယ်ချောက်နက်က သိုင်းခန်းမရဲ့ ဌာနချုပ်ပဲ။ ဂိုဏ်းတော်တော်များများ ဒါကိုသိကြတယ်။ အဲ့ဒါ ဘယ်နေရာမှာ ရှိလဲဆိုတာတော့ ငါတို့မပြောနဲ့...ရှားထင်ဝေ့တောင် သိမှာမဟုတ်ဘူး"

ချမ်ကွေ့သည် မျက်နှာပျက်ပျက်နှင့် ရှင်းပြလာခဲ့သည်။ သူသည် ကျန်းရီအားကြည့်၍ စိတ်ပူစွာ သတိပေးလိုက်သေးသည်။

"ငါ့တူ...သိုင်းခန်းမကို သတိထားပါ။ သိုင်းခန်းမက မြင်ရသလောက် မရိုးရှင်းဘူး"

***

All Chapters