ကျန်းဆန်းဖုန်း၏ အံ့ဩခြင်း
Vol. 8 Ch. 72
ထိုအခိုက်တွင် အာအာက နှာခေါင်းရှုံ့လျက် "မင်ဂိုဏ်းချုပ် ကျန်း၊ ခင်ဗျားက မင်ဂိုဏ်းချုပ် ဖြစ်နေပြီးတော့ ဝူတန်ဂိုဏ်းရဲ့ ကိစ္စတွေကိုပါ ဝင်စွက်ဖက်ချင်တာလား" ဟု လှောင်ပြောင်လိုက်လေသည်။
ကျန်းဝူကျိကလည်း အလျှော့မပေးဘဲ "မင်းကလည်း အနောက်ဘက်ဒေသ မိုးကြိုးဂိုဏ်းက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီးတော့ ယွမ်နန်းတော်ရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်နေတာပဲ မဟုတ်လား" ဟု ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်၏။
အာအာမှာ ခဏမျှ စွံ့အသွားပြီးမှ "ငါတို့ အနောက်ဘက်ဒေသ မိုးကြိုးဂိုဏ်းက မွန်ဂို မဟာခန်မင်းဆီမှာ ခိုလှုံခဲ့တာ ကြာပြီ။ အခုလည်း ယွမ်နန်းတော်ရဲ့ လက်အောက်မှာပဲ ရှိတာ။ ဒါက ဘာမှားလို့လဲ" ဟု ဆိုလေသည်။
ကျန်းဝူကျိက "ငါ့အဖေက ဝူတန်တပည့် ဖြစ်ခဲ့တာကြောင့် ငါကလည်း ဝူတန်ဂိုဏ်းသားပဲပေါ့။ ငါက ဝူတန်ဂိုဏ်းကိုယ်စား ရှေ့ထွက်တာ ဘာများ မှားနေလို့လဲ" ဟု ချေပလိုက်သည်။
ထို့နောက် အာအာ ပြန်မပြောနိုင်မီ ကျန်းဝူကျိက ဆက်လက်၍ "တကယ်တော့ ငါတို့ရဲ့ အခြေအနေက ဆင်တူပါတယ်လေ။ ငါက ဝူတန်အတွက် လုပ်ပေးတာက ငါ့အဖေဟာ ဝူတန်က ကျန်းချွေ့ဆန်း ဖြစ်နေလို့ပဲ။ မင်းက ယွမ်နန်းတော်အတွက် လုပ်ပေးနေတာကတော့ ယွမ်နန်းတော်ကို မင်းအဖေအဖြစ် အသိအမှတ်ပြုထားလို့ပဲ မဟုတ်လား။ နှစ်ယောက်စလုံးကတော့ ကိုယ့်အဖေကိုယ်စား လုပ်ပေးနေကြတာဆိုတော့ တကယ်ပဲ တူညီနေကြတာပေါ့" ဟု ကဲ့ရဲ့လိုက်လေသည်။
"ဟားဟားဟားဟား"
ကျန်းဝူကျိ၏ ပြန်လည် ချေပစကားကို ကြားရသောအခါ ကျိုးတျန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဂိုဏ်းချုပ် ပြောတာ သိပ်ကောင်းတယ် ။ ရှောင်လင်ဂိုဏ်းက သစ္စာဖောက်တွေရဲ့ အဆက်အနွယ်တွေက အခုတော့ ယွမ်နန်းတော်ကိုတောင် အဖေခေါ်နေကြပြီလား။ တကယ့်ကို အသုံးမကျတဲ့ ခွေးတစ်အုပ်ပဲ။ အရှက်မရှိလိုက်တာ။ ဂိုဏ်းချုပ်ဆရာကြီးကျန်းရဲ့ ရှေ့မှာတောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲသေးတယ်၊ တကယ့်ကို မျက်နှာပြောင်တဲ့ကောင်တွေပဲ" ဟု လှောင်ပြောင်ပြောဆိုလိုက်သည်။
အာအာသည် ထိုစကားများကြောင့် ဒေါသအလွန်ထွက်သွားပြီး ရှေ့သို့ တိုးလာကာ ကျန်းဝူကျိကို ပြင်းထန်သော မိုးကြိုးလက်ဝါးဖြင့် ရိုက်နှက်လိုက်တော့သည်။
သို့သော် ကျန်းဝူကျိက မိမိ၏ အတွင်းအားများကို စုစည်းကာ ကိုးပါးနေဝန်း အလင်းစွမ်းအင်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်လေသည်။
“ဘုန်း.....”
ကျန်းဝူကျိ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားသော်လည်း ခြေတစ်လှမ်းမျှ မရွေ့ပေ။ အာအာမှာမူ ပြင်းထန်သော အားတစ်ခုကြောင့် နောက်သို့ လွင့်ထွက်သွားတော့သည်။ အာတာနှင့် အာဆန်းတို့မှာ ထိုအခြင်းအရာကို မြင်ပြီး ထိတ်လန့်သွားကာ အလျင်အမြန်ပင် အာအာကို ဝိုင်းဝန်းပြီးထိန်းလိုက်ရသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိမည့်ဘေးမှ သက်သာသွားလေသည်။
သို့သော်လည်း အာအာ၏ လက်မောင်းမှာ ကျိုးသွားသကဲ့သို့ ပြင်းထန်စွာ နာကျင်နေပြီး သူ၏ အိုမင်းနေသော မျက်နှာထက်တွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
ကျန်းဝူကျိက ဤမျှ ငယ်ရွယ်သော်လည်း နက်နဲလှသော အတွင်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝ မထင်ထားမိပေ။ ထိုတိုက်ချက်မှာ သူပင်လျှင် မခုခံနိုင်လောက်အောင် ပြင်းထန်လှပေသည်။
ရွှမ်မင်အဘိုးကြီးနှစ်ဦးသည် အာအာရှုံးနိမ့်သွားသည်ကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်ကြသည်။
ကျန်းဝူကျိ၏ သိုင်းပညာမှာ အလွန်မြင့်မားကြောင်းနှင့် သူတို့နှစ်ဦး ပေါင်းတိုက်လျှင်ပင် ရှုံးနိမ့်ခဲ့ကြောင်း အရင်ကတည်းက ပြောထားပြီးဖြစ်သည်။ ဤသည်ကို အာအာက မယုံကြည်သဖြင့် ယခုတော့ ထိုက်တန်သော အကျိုးဆက်ကို ခံစားရပြီ မဟုတ်ပါလား။
ရွှမ်မင်အဘိုးကြီးနှစ်ဦးနှင့် ထိုသူများမှာ ရုယန်မင်းသား နန်းတော်မှ ဖြစ်ကြသော်လည်း ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ စိတ်ဓာတ်မှာမူ ထူးခြားသည်။ တစ်ယောက်က ကာမဂုဏ်မက်မောပြီး နောက်တစ်ယောက်က အရက်ကို နှစ်သက်သည်။ သူတို့သည် မင်းသားခိုင်းသည်ကို လုပ်ဆောင်ကြသော်လည်း အခြားသူများ၏ အသက်ကိုမူ ဂရုမစိုက်ကြပေ။ ယခုအခါ အာအာ အခက်တွေ့နေသည်ကို မြင်ရသည်မှာ သူတို့အတွက်မူ ဝမ်းသာစရာသာ ဖြစ်နေလေသည်။
ကျန်းဝူကျိက "အရမ်း လောနေတာလား။ ကျွန်တော့်ကို အဖိုးက သိုင်းပညာ အရင်သင်ပေးဖို့ လိုသေးတယ်လို့ ပြောပြီးသားလေ။ မင်းသမီးက ဒီလောက်လေးတောင် မျက်နှာသာမပေးနိုင်ဘူးလား" ဟု လှောင်ပြောင်ပြောဆိုလိုက်၏။
ကျောက်မိန်က ကျန်းဝူကျိ၏ မျက်နှာကို မည်သို့ မထောက်ထားဘဲ နေပါမည်နည်း။ သူမက ချက်ချင်းပင် "မင်ဂိုဏ်းချုပ် ကျန်းက ဖြောင့်မတ်တဲ့သူတစ်ယောက်ပဲ၊ ဒီလောက်တော့ မျက်နှာသာပေးရမှာပေါ့" ဟု ပြောလိုက်သည်။
ထို့နောက် အာအာကို ကြည့်ကာ "နင်က ဂိုဏ်ချုပ်ဆရာကြီးကျန်း ရဲ့ ရှေ့မှာတောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲသေးတယ်လား။ နောက်ဆုတ်စမ်း" ဟု မာန်မဲလိုက်လေသည်။
အာအာ၏ မျက်နှာမှာ ခရမ်းရောင် သန်းသွားသည်။ ပထမဆုံး ကျန်းဝူကျိ၏ ထိုးနှက်မှုကို ခံရပြီး ယခု ကျောက်မိန်၏ အဆူအဆဲကိုပါ ခံလိုက်ရသဖြင့် တကယ့်ကို သည်းခံရခက်နေလေသည်။
သို့သော် ကျောက်မိန်၏ အမိန့်ကိုမူ သူ မလွန်ဆန်ရဲပေ။ သူ၏ မျက်လုံးများထဲမှ မကျေနပ်ချက်များကို မျိုသိပ်ကာ ခေါင်းငုံ့လျက် "ဟုတ်ကဲ့ပါ" ဟုသာ ပြောလိုက်ရတော့သည်။
ကျိုးတျန်က အနည်းငယ် နားမလည်နိုင်ဘဲ "ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ရဲ့ သိုင်းပညာနဲ့ဆိုရင် ဒီလူတွေကို ရှင်းပစ်ဖို့က မခဲယဉ်းပါဘူး။ ဘာလို့ ထပ်သင်နေဦးမှာလဲ" ဟု မေးမြန်းလိုက်၏။
ကျန်းဝူကျိက ပြုံးလျက် "ဒါက ဝူတန်ဂိုဏ်းပဲလေ။ ငါက ဝူတန်ရဲ့ သိုင်းပညာနဲ့ပဲ ဒီလူတွေကို နှိမ်နင်းပြရမယ်။ ဒါမှ ဝူတန်ရဲ့ သိုင်းပညာဟာ အနောက်ဘက်ဒေသက ဂိုဏ်းတွေ မယှဉ်နိုင်တဲ့အရာဆိုတာ သူတို့ သိသွားမှာပေါ့" ဟု ပြောလိုက်သည်။
အာအာသည် ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးထဲတွင် နာကျည်းသော လူသတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။ သို့သော် ကျောက်မိန်၏ အဆူအဆဲကို ခံထားရသဖြင့် ဘာမျှ မပြောရဲဘဲ မကြာမီပြုလုပ်မည့် သိုင်းပြိုင်ပွဲတွင် ဤကောင်လေးကို မသန်မစွမ်းဖြစ်အောင် လုပ်ပစ်မည်ဟုသာ စိတ်ထဲမှ တေးထားလိုက်လေသည်။
သူက ကျန်းဝူကျိကို ငယ်ရွယ်သေးသူဟုသာ မှတ်ယူထားပြီး ကံကောင်း၍ ပညာအချို့ ရထားသော်လည်း သူ့ကို မကျော်နိုင်ဟု ထင်နေခြင်း ဖြစ်သည်။ ဤသည်မှာ သူ သိုင်းလောကအလယ်၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ယုံကြည်ချက်ပင် ဖြစ်၏။ ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ စကားကိုပင် သူ အလေးမထားဘဲ ထိုသူများမှာ လူငယ်တစ်ယောက်ကို မနိုင်ဘဲ မင်းသမီးကို ဖမ်းဆီးခွင့်ပြုခဲ့သဖြင့် တကယ့်ကို အသုံးမကျသူများဟုသာ သတ်မှတ်ထားလေသည်။
နှောင့်ယှက်သူများ မရှိတော့သောအခါ ကျန်းဝူကျိက "အဖိုး၊ ဒီမြေးတပည့်က လမ်းတစ်လျှောက်လုံးမှာ အဖိုးဆီကနေ သိုင်းပညာ အချို့ သင်ယူချင်တဲ့ စိတ်ကူးရှိခဲ့တာပါ။ ဒီနေ့မှာပဲ အခုလို ပညာတောင်းယူခွင့် ရလိမ့်မယ်လို့ မထင်ထားမိပါဘူး" ဟု ဝမ်းသာအားရ ပြောဆိုလိုက်သည်။
ကျန်းဝူကျိသည် မိမိ၏ ရင်ထဲမှ စကားစစ်စစ်ကို ပြောခြင်း ဖြစ်သည်။ ကျန်းဆန်းဖုန်းသည် မိမိအပေါ်တွင် လုံးဝ သံသယရှိမည် မဟုတ်ကြောင်း သူ သိထားပေသည်။
ကျန်းဆန်းဖုန်းသည် သူ၏ မုတ်ဆိတ်ဖြူကို သပ်လျက် ခပ်ဖွဖွ ပြုံးကာ "ဒီအဘိုးကြီးက မကြာသေးခင်ကမှ ထိုက်ကျိလက်ဝါးသိုင်း လို့ အမည်ရတဲ့ လက်ဝါးသိုင်းတစ်ခုကို တီထွင်ထားတာ။ အခုထိတော့ ဘယ်သူ့ကိုမှ မပြရသေးဘူး။ ဒီနေ့တော့ မြေးလေးဝူကျိကိုပဲ သင်ပေးရတော့မှာပေါ့။ မင်းက မင်းရဲ့ ဦးလေးတွေထက်တောင် အရင်ဦးသွားပြီ" ဟု ပြောလေသည်။
ကျန်းဆန်းဖုန်း၏ လေသံမှာ အလွန် အေးဆေးလှပြီး ပြုံးရွှင်နေသဖြင့် အရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသည့်နှယ်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် ဤမျှ တည်ငြိမ်သော စိတ်ဓာတ်ကို ထားရှိနိုင်သဖြင့် လူအများမှာ သိုင်းလောက၏ ပညာရှင်ကြီးတစ်ဦး၏ အရှိန်အဝါကို မချီးကျူးဘဲ မနေနိုင်ကြပေ။
သို့သော် သိုင်းပညာသင်ကြားခြင်းကို လူအများရှေ့တွင် ပြုလုပ်၍ မရပေ။ ထို့ကြောင့် အဖိုးနှင့် မြေးဖြစ်သူတို့သည် ဆန်းချင်းခန်းမမှ ထွက်ခွာ၍ အခြားတစ်နေရာသို့ သွားရောက်ခဲ့ကြသည်။
ကျိုးတျန်သည် ကျန်းဝူကျိနှင့် ကျန်းဆန်းဖုန်းတို့ အထဲသို့ ဝင်သွားသည်ကို မြင်သောအခါ နုံအစွာဖြင့် လိုက်သွားရန် ကြိုးစားသော်လည်း ရန်ရှောင်က တားဆီးလိုက်လေသည်။
ကျိုးတျန်က ဒေါသတကြီးဖြင့် "မင်း ဘာလုပ်တာလဲ။ ငါ့ကို ဂိုဏ်းချုပ်ကို စောင့်ရှောက်ဖို့တောင် တားတာလား" ဟု ပြောလိုက်သည်။
ရန်ရှောင်ကမူ ဒေါသမထွက်ဘဲ ရယ်မောလျက် "ညီအစ်ကိုကျိုးရဲ့ သစ္စာရှိမှုနဲ့ ဉာဏ်ပညာ ကြီးမားမှုကို အားလုံးက သိကြပါတယ်။ ညီအစ်ကိုက ဂိုဏ်းချုပ်ဆရာကြီးကျန်းက မင်ဂိုဏ်းချုပ်ကို အန္တရာယ်ပြုမှာ စိုးရိမ်လို့ပေါ့၊ ပြီးတော့ ဂိုဏ်းချုပ်ဆရာကြီးကျန်းကို အနိုင်ယူနိုင်တဲ့ အရည်အချင်းရှိတယ်လို့လည်း ယုံကြည်နေတာပဲ။ တကယ်ပဲ စာပေရော သိုင်းပညာပါ ထူးချွန်တဲ့သူမို့လို့ ဒီညီငယ်ကတော့ အလွန် လေးစားမိပါတယ်" ဟု ပြောလိုက်လေသည်။
ရန်ရှောင်၏ စကားကို ကြားရသောအခါ ကျောက်မိန်မှာ အသံထွက်အောင် ရယ်မောလိုက်တော့သည်။ သူမသည် စိမ်းလန်းသောမိုးမခစံအိမ်တွင် အကျဉ်းကျနေစဉ်က ကျန်းဝူကျိမှအပ အခြားသူများကို သိပ်မတွေ့ခဲ့ရပေ။ ယခုမူ မင်ဂိုဏ်း၏ ဘယ်လက်ရုံးသံတမန်နှင့် ထူးခြားဆန်းပြားသောပုဂ္ဂိုလ်ငါးဦးအနက်မှ ကျိုးတျန်တို့မှာ ဤမျှ ရယ်စရာကောင်းလိမ့်မည်ဟု မထင်ထားမိပေ။
အိတ်ကြီးရဟန်း ရွှေပုတေ့နှင့် အခြားသူများလည်း ရယ်မောကြလေသည်။ ကျိုးတျန်နှင့် ရန်ရှောင်တို့မှာ နေ့တိုင်း စကားများနေကျဖြစ်ပြီး အမြဲတမ်း ရန်ရှောင်ကသာ သူ့ကို စနောက်လေ့ရှိရာ အလွန် ရယ်စရာကောင်းလှပေသည်။
ကျိုးတျန်သည် မိမိ အမှားလုပ်မိမှန်း သိသွားသော်လည်း အရှုံးမပေးလိုဘဲ "ဂိုဏ်းချုပ်ဆရာကြီးကျန်းက မင်ဂိုဏ်းချုပ်ကို သိုင်းပညာသင်ပေးမှာကို ငါက မသိဘဲ နေမလား။ ယွမ်နန်းတော်ကလူတွေက အရှက်မရှိဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှာ စိုးရိမ်လို့ပါ" ဟု ဆင်ခြေပေးလေသည်။
ရန်ရှောင်ကလည်း အလွတ်မပေးဘဲ "ဒါဆိုရင် ညီအစ်ကိုကျိုးက ဂိုဏ်းချုပ်ဆရာကြီးကျန်း မနိုင်တဲ့ ယွမ်နန်းတော်က သိုင်းပညာရှင်တွေကို ညီအစ်ကိုက နိုင်မယ်လို့ ထင်နေတာလား" ဟု ရယ်မောရင်း မေးလိုက်ပြန်သည်။
ကျိုးတျန်မှာ လုံးဝ အဖြေရခက်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းကာ "ဒီကောင်စုတ်.....ငါ ခဏလေး ဝေဝါးသွားတာပါ၊ ဟုတ်ပြီလား။ မင်းကတော့ ငါ့ကိုပဲ အမြဲ နှိပ်ကွပ်နေတော့တာပဲ" ဟု ဆဲဆိုလိုက်လေသည်။
ထိုသို့ပြောရင်း ရန်ရှောင်ကို လက်သီးဖြင့် လွှဲထိုးလိုက်၏။
ရန်ရှောင်ကမူ လက်တစ်ဖက်ဖြင့်ပင် ခုခံလိုက်ပြီး နှစ်ဦးသား စနောက်ရင်း ခဏတာ သိုင်းကစားနေကြလေသည်။
ကျန်းဆန်းဖုန်းသည် ကျန်းဝူကျိကို ထိုက်ကျိလက်ဝါးသိုင်းအကြောင်း ရှင်းပြနေပြီ ဖြစ်သည်။
ကျန်းဆန်းဖုန်းက ထိုက်ကျိလက်ဝါးသိုင်း၏ အနှစ်သာရများကို အရင်ပြောပြရာ ကျန်းဝူကျိက အလေးအနက် နားထောင်လေသည်။ သူ၏ မွေးရာပါ သိုင်းပညာပါရမီမှာ အလွန်မြင့်မားသည့်အပြင် ယခုအခါ ကိုးပါးနေဝန်း အလင်းစွမ်းအင်နှင့် စကြဝဠာ ရွှေ့ပြောင်းခြင်းတို့ကို တတ်မြောက်ထားသဖြင့် မည်သည့် သိုင်းပညာကိုမဆို အလွယ်တကူ နားလည်နိုင်စွမ်း ရှိနေပြီပင်။
ကျန်းဆန်းဖုန်း ပြောပြပြီးသောအခါ "ဝူကျိ၊ ဘယ်လောက် မှတ်မိသွားလဲ" ဟု မေးမြန်းလိုက်သည်။
ကျန်းဝူကျိ၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်သွားသည်။ သူက "အဖိုး ၊ ဘယ်လောက်အထိ လေ့ကျင့်နိုင်သွားပြီလဲလို့ မေးတာလား။ ခြောက်ပုံ ခုနစ်ပုံလောက်တော့ ရှိမယ် ထင်ပါတယ်" ဟု ပြန်ပြောလိုက်၏။
ထိုသို့ ပြောပြီးနောက် သူ၏ အတွင်းအားကို လှည့်ပတ်ကာ ထိုက်ကျိလက်ဝါးသိုင်းကို ဖြည်းညှင်းစွာ ကစားပြလေသည်။ ထိုသိုင်းကွက်မှာ အလွန် နူးညံ့သိမ်မွေ့ပုံရသော်လည်း နက်နဲသော စွမ်းအားများ ပါဝင်နေပေသည်။
သိုင်းကွက်များမှာ အနည်းငယ် အဆင်မပြေသေးသော်လည်း ကျန်းဆန်းဖုန်း ပြသခဲ့သော အနှစ်သာရများနှင့် လှုပ်ရှားမှုများအရ သူသည် ထိုက်ကျိလက်ဝါးသိုင်း၏ ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်းခန့်ကို ကစားပြနိုင်နေပြီ ဖြစ်သည်။
ကျန်းဆန်းဖုန်းသည် ဤသည်ကို မြင်သောအခါ မျက်နှာအမူအရာပင် ပြောင်းလဲသွားပြီး အလွန်ပင်အံ့သြ သွားကာ စိတ်ထဲမှ ရေရွတ်မိလေသည်။
"ဘုရား.....ဘုရား.....။ တကယ့် ထူးဆန်းအံ့ဖွယ်ပါပဲလား "
သူက ကျန်းဝူကျိကို ခုနက ပြောပြလိုက်သည့် စကားများအနက်မှ မည်မျှ မှတ်မိသလဲဟု မေးခဲ့ခြင်းသာ ဖြစ်သော်လည်း ကျန်းဝူကျိက အားလုံးကို မှတ်မိရုံသာမက တတ်မြောက်လုနီးပါး ဖြစ်နေသည်ကို မမျှော်လင့်ထားမိပေ။
ဤမျှ မြန်ဆန်လှသော လေ့ကျင့်မှု အရှိန်အဟုန်ကြောင့် ဂိုဏ်းချုပ်ဆရာကြီးကျန်း မှာ လုံးဝ ဆွံ့အသွားရတော့သည်။
---