← Chapters

ငါ့ကို ခြိမ်းခြောက်ရဲတယ်လား၊ ဒါဆိုရင် ငရဲကိုသာ သွားပေတော့

Vol. 8 Ch. 75

ငါ့ကို ခြိမ်းခြောက်ရဲတယ်လား၊ ဒါဆိုရင် ငရဲကိုသာ သွားပေတော့

Vol. 8 Ch. 75

ကျန်းဝူကျိသည် အာအာကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာဖြင့် ဆိုလေသည် "ကြည့်စမ်း၊ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က မင်းရဲ့ညီလေးဟာ အသုံးမကျဘူးလို့ ပြောနေပြီ၊ မင်း ဒေါသမထွက်ဘူးလား"

အာအာသည် ဒေါသအလိပ်လိုက် ထွက်သွားရလေသည်။ သူသည် လုကျန့်ခဲ့ကို ကြည့်ကာ ဆဲဆိုလိုက်သည် "ဒီကောင်စုတ်၊ မင်း ဘာပြောလိုက်တာလဲ"

လုကျန့်ခဲ့၏ မျက်နှာမှာ ပျက်သွားပြီးနောက် ခက်ထန်စွာဖြင့် "ဒီကောင်က သူတို့ကို အရင်ဆုံး အသုံးမကျဘူးလို့ ခေါ်တာလေ၊ ဒါကို မင်းက ငါ့ကိုလာပြီး ဆဲနေတာလား၊ ငါလုကျန့်ခဲ့က အနိုင်ကျင့်ရလွယ်တဲ့သူလို့ မင်းထင်နေတာလား"

ထိုအခါမှ အာအာသည် ကျန်းဝူကျိကို ဒေါသတကြီး ကြည့်လိုက်ပြန်သည်။

ကျန်းဝူကျိက အာအာကို ငတုံးတစ်ယောက်ကဲ့သို့ ကြည့်ကာ "မင်းက တကယ်ပဲ မိုက်မဲနေတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား၊ ငါက မင်းတို့ဘက်ကမှ မဟုတ်တာ၊ သူတို့ကို ငါဆဲတာ ဘာမှားလို့လဲ၊ ပြီးတော့ သူတို့က ငါ့ရဲ့ ပြိုင်ဘက်တွေမှ မဟုတ်တာ၊ အသုံးမကျဘူးလို့ ပြောတာ ဘာပြဿနာရှိလို့လဲ၊ သူတို့ ငါ့ကို အနိုင်ယူနိုင်လို့လား။ တကယ်တော့ ဒီခွေးအိုကြီး လုကျန့်ခဲ့ကမှ မင်းတို့နဲ့အတူ ရုယန်မင်းသား အိမ်တော်က ဖြစ်ပါလျက်နဲ့ မင်းရဲ့ညီငယ်နှစ်ယောက်ကို အသုံးမကျဘူးလို့ ပြောတာလေ၊ ဒါဟာ သူတို့ကို စော်ကားတာတင် မဟုတ်ဘူး၊ မင်းကိုလည်း အထင်မကြီးသလို အနောက်တိုင်း ကုန်းထုံဂိုဏ်းကိုလည်း မျက်နှာသာမပေးတာပဲ၊ ဒါကို စိတ်မနာဘူးလား"

အာအာ၏ မျက်လုံးများမှာ နီမြန်းလာတော့သည်။ ကျန်းဝူကျိ၏ စကားများကို ကြားပြီးနောက် လုကျန့်ခဲ့အပေါ် သူ၏ မကျေနပ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားချေပြီ။ သူက ဆဲရေးလိုက်သည်။

"ခွေးအိုကြီးလု၊ မင်း ငါ့ရဲ့ အနောက်တိုင်း ကုန်းထုံဂိုဏ်းကို ဘယ်လိုတောင် စော်ကားရဲတာလဲ၊ မင်းကို ငါသတ်မယ်"

စကားပင် မဆုံးသေးမီ ဒေါသချောင်းချောင်း ထွက်နေသော အာအာသည် လုကျန့်ခဲ့ထံသို့ လက်ဝါးတစ်ချက် ရိုက်သွင်းလိုက်လေသည်။

လုကျန့်ခဲ့၏ မျက်နှာမှာ ပျက်သွားသော်လည်း ကျန်းဝူကျိက ဤမျှအထိ လျှာအရိုးမရှိ စကားတတ်လိမ့်မည်ဟု သူ မထင်ထားမိပေ။ သို့သော် သူသည် အာအာကို ကြောက်ရွံ့ခြင်းမရှိဘဲ "သူများ ခိုင်းဖတ်ဖြစ်နေတဲ့ ငတုံး" ဟု လှောင်ပြောင်လိုက်သည်။

သူက ပြောပြောဆိုဆိုနှင့် အေးစက်လှသော အတွင်းအားများကို စုစည်းကာ ရွှမ်မင်နတ်လက်ဝါးဖြင့် ချက်ချင်း ပြန်လည် တိုက်ခိုက်လိုက်လေသည်။

“ဘုန်း.....”

အေးစက်သော လက်ဝါးစွမ်းအားမှာ အာအာ၏ လက်မောင်းသို့ တိုက်ရိုက် စိမ့်ဝင်သွားရာ အာအာသည် တစ်ကိုယ်လုံး တုန်ခါကာ နောက်သို့ လွင့်ထွက်သွားတော့သည်။

လုကျန့်ခဲ့မှာလည်း နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။ အာအာ၏ ဒေါသတကြီး ရိုက်လိုက်သော လက်ဝါးချက်မှာလည်း ပြင်းထန်လှပေရာ သူ၏ လက်ဝါးမှာ အနည်းငယ်မျှ ထုံကျဉ်သွားသော်လည်း ဒဏ်ရာ မရရှိခဲ့ပေ။

အာအာ၏ သိုင်းပညာမှာ မနိမ့်ကျသော်လည်း လုကျန့်ခဲ့၏ အဆင့်ထက်မူ တစ်ဆင့် နိမ့်နေသေးကြောင်း ထင်ရှားလှပေသည်။

အာအာသည် တစ်ကိုယ်လုံးသို့ အေးစိမ့်သော စွမ်းအားများ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ အသက်အန္တရာယ် မရှိသော်လည်း ပြန်လည် နာလန်ထူရန် အနည်းဆုံး တစ်လ၊ နှစ်လခန့် အချိန်ယူရပေလိမ့်မည်။ သူသည် အလွန်ပင် ထိတ်လန့်သွားမိသည်။ လုကျန့်ခဲ့၏ သိုင်းပညာမှာ ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ မထင်ထားခဲ့သော်လည်း အလျှော့ပေးမည့်သူ မဟုတ်ပေ။ သူသည် လုကျန့်ခဲ့ကို ဝါးစားမတတ် စိုက်ကြည့်နေတော့သည်။

ကျိုးတျန်က လက်ခုပ်တီးကာ ရယ်မောလျက် "ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မင်းသားနန်းတော်က ခွေးတွေ အချင်းချင်း အရင်ကိုက်နေကြပြီ၊ ဒါဟာ တကယ်ကို ကြည့်လို့ကောင်းတဲ့ မြင်ကွင်းပဲ၊ ဟေ့... ဟဲပိဝိန့်၊ မင်းရဲ့ စီနီယာကတော့ သူ့ရဲ့ စွမ်းအားတွေကို ထုတ်ပြနေပြီ၊ မင်းလည်း ပြိုင်ဘက်တစ်ယောက်လောက် ရှာလိုက်ပါဦးလား"

ဟဲပိဝိန့်သည် သူ၏ အရက်ဘူးကို ကိုင်ကာ တိတ်တဆိတ် သောက်နေခြင်း ဖြစ်သည်။ သူသည် ကျိုးတျန်၏ စကားကို ကြားသောအခါ ကြောင်တောင်တောင် ဖြစ်သွားပြီးမှ ခေါင်းခါကာ "ငါကတော့ မရှာပါဘူး၊ ဘယ်သူမှလည်း ငါ့ကို လာပြီး မစကြသေးဘူး" ဟု ပြန်ပြောလေသည်။

ကျောက်မိန်က ဒေါသတကြီးဖြင့် "မင်းတို့ ဘာတွေ လုပ်နေကြတာလဲ၊ ငါတို့ကို လူတွေ ရယ်အောင် လုပ်နေကြတာလား" ဟု ငေါက်ငမ်းလိုက်သည်။

လုကျန့်ခဲ့၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ဦးညွှတ်ကာ ပြောသည် "မင်းသမီးလေး... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ဒီ အနောက်တိုင်းက လူရမ်းကား ဘုန်းကြီးက အရင် စတိုက်တာပါ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး"

"မင်းက သူ့ကို ဒီလိုအခြေအနေ ရောက်အောင် ရိုက်ထားပြီးတော့မှ ဘာမှမဆိုင်ဘူးလို့ ပြောတာလား"

ကျောက်မိန်က လုကျန့်ခဲ့ကို စိုက်ကြည့်ကာ "သူ့ကို မင်းဆီမှာ အပ်ထားမယ်၊ သူ့ဒဏ်ရာတွေကို ပျောက်အောင် ကုပေးလိုက်၊ မဟုတ်ရင် မင်းကိုပဲ အပြစ်ရှာရလိမ့်မယ်" ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ"

လုကျန့်ခဲ့သည် မငြင်းဆန်ရဲဘဲ ခေါင်းငြိမ့်ကာ သဘောတူလိုက်ရုံသာ ရှိတော့သည်။

မိမိ၏ လက်အောက်ငယ်သားများကို ဆုံးမပြီးနောက် ကျောက်မိန်သည် ကျန်းဝူကျိကို လှည့်ကြည့်လိုက်သည်။ ဆီးနှင်းများ ဖုံးလွှမ်းနေသကဲ့သို့ အေးစက်နေသော သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် အပြုံးများဖြင့် ဝေဆာသွားတော့သည်။ သူမက "ကျန်းဂိုဏ်းချုပ်... ကျွန်မတို့ ရုယန်မင်းသားအိမ်တော်ဟာ လက်အောက်ငယ်သားတွေရဲ့ ဘေးကင်းရေးကို အလေးအနက်ထားပါတယ်၊ ပြီးတော့ ကျွန်မကလည်း ရှင်နဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်၊ ရှင့်ရဲ့ လဲလှယ်ရေး အခြေအနေကို ကျွန်မ သဘောတူပါတယ်"

မိတ်ဆွေဖြစ်မယ် ဟုတ်လား၊ ဘယ်လိုပုံစံနဲ့ မိတ်ဆွေဖြစ်မှာလဲ။

ကျန်းဝူကျိသည် ထိုသို့ တွေးမိသွားသော်လည်း အပြင်သို့ ထုတ်မပြောပေ။ သူက ပြုံးလျက် - "အကောင်းဆုံးပေါ့၊ ကျွန်တော်လည်း မင်းသမီးလေးနဲ့ မိတ်ဆွေဖြစ်ရတာ ဝမ်းသာပါတယ်၊ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အဆင်ပြေပါတယ်လေ" ဟု ဆိုလိုက်သည်။

ကျောက်မိန်မှာ သူ၏ စကားထဲတွင် တစ်ခုခု လွဲချော်နေသလို ခံစားလိုက်ရသော်လည်း အတိအကျမူ မပြောနိုင်ပေ။ ကျန်းဝူကျိက သူမကို နူးညံ့သော်လည်း အနည်းငယ် ထက်မြက်သော၊ မြတ်နိုးခြင်းနှင့် လိုလားခြင်းများ ပါဝင်နေသော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ကျောက်မိန်၏ ရင်ထဲတွင် ပျော်ရွှင်မှုများစွာ ဖြစ်ပေါ်လာပြီး ကျန်းဝူကျိက သူမကို ဤထက်ပို၍ ကြာကြာ ကြည့်နေစေချင်မိသည်။

မှန်ပေသည်၊ ဤမျှ လူအုပ်ကြီး၏ ရှေ့တွင် ကျောက်မိန်သည် အချစ်နှင့် အမုန်းကို ရဲရဲဝံ့ဝံ့ ဖော်ပြတတ်သူ ဖြစ်သော်လည်း အလွန်အကျွံ မလုပ်ရဲပေ။ ထို့ကြောင့် သူမသည် အာဆန်းနှင့် ခုန်းရှန်းတို့ကို ပြန်လည် ရရှိရန်အတွက် ကျန်းဝူကျိအား အနက်ရောင်ကျောက်စိမ်းဆီကို ပေးလိုက်လေသည်။

အာဆန်းမှာ ဒွါရ ခုနစ်ပေါက်မှ သွေးများ ထွက်နေပြီး ပြင်းထန်သော နာကျင်မှုကို ခံစားနေရကာ ဒဏ်ရာ အကြီးအကျယ် ရရှိနေသော်လည်း သူ၏ ရက်စက်သော ဗီဇမှာမူ ပြောင်းလဲခြင်း မရှိပေ။ ကျောက်မိန်၏ လက်အောက်ငယ်သားများက သူ့ကို လူနာတင်ထမ်းစင်ဖြင့် သယ်ဆောင်သွားရန် ပြင်နေကြသည်။

ကျန်းဝူကျိ၏ ဘေးမှ ဖြတ်သွားစဉ် အာဆန်းက ခက်ထန်စွာဖြင့် "ကျန်းဝူကျိ... ငါ့ဒဏ်ရာတွေ ပျောက်တာနဲ့ တစ်လောကလုံးက ဝူတန်တပည့်တွေနဲ့ မင်ဂိုဏ်းသားတွေကို လိုက်ရှာပြီး ယွီတိုက်ယန်လိုပဲ အားလုံးကို ဒုက္ခိတတွေ ဖြစ်အောင် လုပ်ပစ်မယ်၊ အဲဒီအခါမှာလည်း သူတို့ကို ကယ်ဖို့ အနက်ရောင်ကျောက်စိမ်းဆီ ကို မင်း ရနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့" ဟု ဆိုလိုက်လေသည်။

အာဆန်းမှာ ဒဏ်ရာ ပြင်းထန်လှပေသည်။ သာမန်လူသာဆိုလျှင် တစ်သက်လုံး ဒုက္ခိတဖြစ်သွားနိုင်သော်လည်း သူ၏ လက်ထဲတွင် အနက်ရောင်ကျောက်စိမ်းဆီ ရှိနေသည်။ သူသည် တစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲခန့် အနားယူလိုက်ရုံဖြင့် လုံးဝ ပြန်လည် ကောင်းမွန်လာနိုင်ပေလိမ့်မည်။ ဤသည်မှာ အစွမ်းထက်သော ဆေးဝါးကြောင့် ရရှိလာမည့် အကျိုးကျေးဇူး ဖြစ်သည်။

သို့သော် သူ၏ ယခု ခြိမ်းခြောက်မှုက ကျန်းဝူကျိ၏ စိတ်ကို အနည်းငယ် လေးလံသွားစေသည်။

ကျန်းဝူကျိသည် ကလဲ့စားချေရန် နှောင့်နှေးခြင်း မရှိသလို နောင်ရေးအတွက်လည်း စိုးရိမ်ပူပန်မှု မထားချင်သူ ဖြစ်ရာ သူက လှောင်ပြုံးပြုံးကာ "ငါ့ကို ခြိမ်းခြောက်ရဲတယ်.....ဟုတ်လား၊ ဒါဆိုရင် ငရဲကိုသာ သွားပေတော့၊ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ငါ့ကို ခြိမ်းခြောက်လို့ မရဘူး၊ ငါ ကျန်းဝူကျိဟာ ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှုကိုမှ အလျှော့ပေးမှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။

ထိုသို့ ဆိုကာ ကျန်းဝူကျိသည် ရှေ့သို့ တိုးသွားပြီး သူ၏ အင်အားအားလုံးကို စုစည်းကာ အာဆန်း၏ ဦးခေါင်းထံသို့ ခုနစ်ချက်ဒဏ်ရာ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေတော့သည်။

အာဆန်းမှာ ထိုအချိန်တွင် ဒဏ်ရာ အပြင်းအထန် ရရှိနေသဖြင့် မည်သို့ ရှောင်တိမ်းနိုင်ပါအံ့နည်း။

သူ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ ကျန်းဝူကျိက ဤအချိန်တွင် ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့သော်လည်း တုံ့ပြန်ရန် အချိန်မရတော့ပေ။ ကျန်းဝူကျိ၏ လက်သီးမှာ သူ၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားချေပြီ။

“ဂျွတ်.....”

ကြက်သီးဖြန်းဖြန်းထသွားစေသည့် အရိုးကြေမွသံကြီး ထွက်ပေါ်လာသည်။ အာဆန်း၏ ဦးခေါင်းတစ်ခြမ်းမှာ ချိုင့်ဝင်သွားပြီး သူသည် ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားလေသည်။ လူနာတင်ထမ်းစင်မှာလည်း လုံးဝ ကြေမွသွားပြီး အာဆန်း၏ အလောင်းမှာ မြေပြင်ပေါ်သို့ ကျသွားကာ ဦးနှောက်များမှာလည်း သွေးနီရောင်များ ရောနှောကာ စီးထွက်လာတော့သည်။ သူသည် အကြိမ်အနည်းငယ်မျှ တွန့်လိမ်သွားပြီးနောက် လုံးဝ အသက်ပျောက်သွားခဲ့ချေပြီ။

"မင်း... ကျန်းဝူကျိ၊ မင်းက သတ်တောင် သတ်ရဲတယ်လား"

ကျန်းဝူကျိ၏ လုပ်ရပ်ကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ကျောက်မိန်ဘက်မှ သိုင်းပညာရှင်များမှာမူ ပို၍ပင် ဒေါသထွက်သွားကြသည်။

သူတို့သည် အာအာနှင့် အဆင်မပြေကြသော်လည်း ကျန်းဝူကျိက အာဆန်းကို လူပုံအလယ်တွင် သတ်ပစ်လိုက်ခြင်းမှာ ရုယန်မင်းသား နန်းတော်ကို စော်ကားလိုက်ခြင်းပင်။ သစ္စာရှိသော လက်အောက်ငယ်သားများအနေဖြင့် ဤသည်ကို မည်သို့ သည်းခံနိုင်ပါအံ့နည်း။

ကျောက်မိန်သည်လည်း ထိတ်လန့်သွားမိသည်။ ကျန်းဝူကျိက ဤမျှ ရက်စက်စွာ သတ်ဖြတ်ရဲလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

သို့သော် ထို့နောက်တွင် သူမ တွေးမိသည်မှာ အာဆန်း သေရခြင်းမှာလည်း အလကားသက်သက် မဟုတ်ပေ။ သူက ကျန်းဝူကျိကို ခြိမ်းခြောက်ရဲသည် မဟုတ်ပါလား။ သူက ကျန်းဝူကျိကို ဆုံးဖြတ်ချက် မပြတ်သားတဲ့ သူတော်စင်လေးလို့ တကယ်ပဲ ထင်နေတာလား။

ဤလူသည် ကမ္ဘာပေါ်ရှိ အဓိက ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ ရှေ့တွင် ရှန်းယွီထုံကို ရိုက်သတ်ခဲ့ပြီး ဟွာရှန်းဂိုဏ်းသားများစွာကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ရက်စက်သောသူ ဖြစ်သည်။ ဤလူသည် ဂိုဏ်းကြီးခြောက်ဂိုဏ်းလုံးကို တစ်ကိုယ်တည်း နှိမ်နင်းခဲ့ပြီး နာမည်ကျော် သိုင်းပညာရှင်များကို သူတို့၏ မိဘများကို တစာစာ အော်ဟစ်တမ်းတအောင် ရိုက်နှက်ခဲ့သည့် ကြောက်စရာကောင်းသောသူ ဖြစ်သည်။ သူသည် ဥပဒေမဲ့ပြီး စည်းကမ်းမဲ့လှသော လူတစ်ယောက်သာ ဖြစ်၏။

အာဆန်းကဲ့သို့သော အသိဉာဏ်မဲ့သည့် ဘုန်းကြီးက ကျန်းဝူကျိကို ခြိမ်းခြောက်ရဲသည်လား။ ကျန်းဝူကျိကို မဆိုထားနှင့်၊ ကျောက်မိန်ကိုယ်တိုင်ပင် အနည်းငယ် မကျေမနပ် ဖြစ်မိသည်။

အကယ်၍ ဤသို့သော မိုက်မဲပြီး ဆိုးသွမ်းသည့် ဘုန်းကြီးကြောင့် သူမနှင့် ကျန်းဝူကျိကြားတွင် အက်ကြောင်းဖြစ်သွားမည်ဆိုပါက ကျောက်မိန်သည် သူ့ကို ကြိုးပေးပြီး သူ၏ အလောင်းကိုပင် ကြာပွတ်နှင့် ရိုက်ပစ်ချင်မိပေလိမ့်မည်။

ထိုအချိန်တွင် ကျောက်မိန်၏ လက်အောက်ငယ်သားများမှာ အလွန် ဒေါသထွက်နေကြသည်။ လုကျန့်ခဲ့နှင့် ဟဲပိဝိန့်တို့ပင်လျှင် မျက်နှာပျက်နေကြတော့သည်။ သူတို့သည် အာဆန်းကို ဂရုမစိုက်သော်လည်း ကျောက်မိန်ကိုမူ ဂရုစိုက်ကြသည်။ ကျောက်မိန်သည် ကျန်းဝူကျိနှင့် အပေးအယူ လုပ်ထားကာမှ ယခု ကျန်းဝူကျိ၏ လုပ်ရပ်မှာ ကျောက်မိန်နှင့် ပြုလုပ်ထားသော သဘောတူညီချက်ကို ဂရုမစိုက်ကြောင်း ထင်ရှားနေသဖြင့် ဤသည်ကို သူတို့ သည်းမခံနိုင်ကြခြင်း ဖြစ်သည်။

လုကျန့်ခဲ့က ခက်ထန်သော မျက်နှာဖြင့် ပြောသည် "ကျန်းဝူကျိ... မင်းက မင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီးတော့ လူပုံအလယ်မှာ သဘောတူညီချက်ကို ချိုးဖောက်တယ်၊ မင်းမှာ စည်းကမ်း ဆိုတာရော ရှိရဲ့လား"

"မလောပါနဲ့ဦး၊ မင်းတို့ကို ပုံပြင်တစ်ပုဒ်လောက် ပြောပြရင် ဘယ်လိုလဲ"

ကျန်းဝူကျိက ခပ်ဖွဖွ ပြုံးလျက် လုကျန့်ခဲ့နှင့် အခြားသူများကို ကြည့်ကာ ဆိုလိုက်သည်။

ပုံပြင်ပြောမယ် ဟုတ်လား၊ ဘယ်သူကများ မင်းရဲ့ ပုံပြင်ကို နားထောင်ချင်မှာလဲ။ အခြေအနေတွေက တင်းမာနေပြီလေ။

ဤစကား ထွက်လာသောအခါ လုကျန့်ခဲ့နှင့် အခြားသူများသာမက ကျန်းဆန်းဖုန်းနှင့် မင်ဂိုဏ်းသားများပင်လျှင် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ဘာတွေ ဖြစ်ကုန်တာလဲ။

All Chapters