← Chapters

ကျန်းဝူကျိ : ငါ အမဲသားမစားဘူး

Vol. 8 Ch. 76

ကျန်းဝူကျိ : ငါ အမဲသားမစားဘူး

Vol. 8 Ch. 76

ကျန်းဝူကျိသည် သူတို့၏ တုံ့ပြန်မှုများကို လျစ်လျူရှုကာ ဆက်လက်ပြောကြားလေသည် "ဟိုးရှေးရှေးတုန်းက ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာရှင်ကြီးတစ်ယောက် ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက နည်းနည်းတော့ ထူးဆန်းပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးတယ်၊ လူအများစုက သူ့ကို မုန်းကြပြီး သိုင်းလောကရဲ့ လူယုတ်မာလို့ ခေါ်ကြပေမဲ့ ဘယ်သူမှ သူ့ကို မသတ်နိုင်ခဲ့ကြဘူး”

“တစ်နေ့မှာတော့ ဒီသိုင်းပညာရှင်ကြီးဟာ ထမင်းစားဖို့အတွက် တည်းခိုခန်းတစ်ခုကို သွားခဲ့တယ်၊ တည်းခိုခန်းပိုင်ရှင်နဲ့ စကားပြောရင်း သိုင်းပညာရှင်ကြီးအကြောင်း ရောက်သွားကြတာပေါ့၊ တည်းခိုခန်းပိုင်ရှင်က သူ့ရှေ့မှာရှိနေတဲ့သူဟာ သူပြောနေတဲ့ သိုင်းပညာရှင်ကြီးမှန်း မသိဘဲ နာမည်ဆိုးကျော်ကြားလှတဲ့ အဲဒီလူယုတ်မာကို အားရပါးရ ဆဲဆိုနေတော့တာပဲ”

“အဲဒီအချိန်မှာပဲ တည်းခိုခန်းပိုင်ရှင်ရဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာတယ်၊ အခြေအနေကို မြင်တာနဲ့ သူငယ်ချင်းဖြစ်သူက ထိတ်လန့်သွားရတော့တာပဲ၊ ဘာလို့လဲဆိုတော့ သူက အဲဒီသိုင်းပညာရှင်ကြီးနဲ့ တစ်ကြိမ်တွေ့ဖူးပြီး သူ ဘယ်လောက်အထိ ရက်စက်တတ်တယ်ဆိုတာ သိနေလို့ပေါ့၊ တည်းခိုခန်းပိုင်ရှင်ကတော့ ဘာမှမသိဘဲ အဲဒီလိုဆဲဆိုနေတာဟာ သူ့အသက်ကို သူ စွန့်လွှတ်နေတာနဲ့ အတူတူပဲလေ"

တိုက်ပွဲဖြစ်ပွားတော့မည့် အခြေအနေတွင် ရှိနေသော လူအုပ်ကြီးသည် ဘာကိုမျှ ဂရုမစိုက်သကဲ့သို့ ပုံပြင်ပြောနေသော ကျန်းဝူကျိ၏ စကားများကို အလိုအလျောက် နားထောင်မိသွားကြသည်။ ကျန်းဝူကျိ၏ ဆွဲဆောင်မှုရှိသော ပြောဟန်ကြောင့် လူတိုင်းမှာ မိမိတို့၏ ပြဿနာများကို ခဏတာ မေ့လျော့သွားပြီး ပုံပြင်ထဲသို့သာ အာရုံရောက်နေကြတော့သည်။

ကျန်းဝူကျိက ဆက်ပြောသည် "တည်းခိုခန်းပိုင်ရှင်ကတော့ ရှေ့ကလူဟာ မြင့်မြတ်တဲ့သူတစ်ယောက်လို့ ထင်ပြီး အမဲသားခေါက်ဆွဲတစ်ပွဲကို ကိုယ်တိုင်ချက်ပြုတ်ပေးခဲ့တယ်၊ ဒါကိုမြင်တဲ့ သူငယ်ချင်းဖြစ်သူက ချက်ချင်းဒူးထောက်ပြီး တည်းခိုခန်းပိုင်ရှင်ရဲ့ အသက်ကို ချမ်းသာပေးဖို့ သိုင်းပညာရှင်ကြီးကို အသနားခံတော့တာပေါ့၊ သိုင်းပညာရှင်ကြီးကတော့ အသာအယာပြုံးပြီး 'ငါ မင်းတို့နဲ့ အလောင်းအစားတစ်ခု လုပ်မယ်၊ မင်းနိုင်ရင် မင်းတို့နှစ်ယောက်လုံးကို လွှတ်ပေးမယ်၊ မင်းရှုံးရင်တော့ နှစ်ယောက်လုံး သေရမယ်၊ လောင်းကြေးကတော့ ဒီအမဲသားခေါက်ဆွဲပွဲထဲမှာ ကြက်သွန်မြိတ် ပါလား ၊ မပါဘူးလားဆိုတာပဲ' လို့ ဆိုလိုက်တယ်"

"တည်းခိုခန်းပိုင်ရှင်ရဲ့ သူငယ်ချင်းဟာ မငြင်းရဲဘဲ တုန်တုန်ရင်ရင်နဲ့ သဘောတူလိုက်ရတယ်၊ ခဏအကြာမှာတော့ ခေါက်ဆွဲပွဲ ရောက်လာတယ်၊ သူတို့နှစ်ယောက် ကြည့်လိုက်တဲ့အခါ အဲဒီခေါက်ဆွဲပွဲထဲမှာ အမဲသားနဲ့ ခေါက်ဆွဲကလွဲလို့ ကြက်သွန်မြိတ် တစ်စလေးတောင် မပါတာကို တွေ့လိုက်ရတယ်၊ အဲဒီတော့မှ သူငယ်ချင်းဖြစ်သူက သက်ပြင်းချနိုင်တော့တာပေါ့"

ဤသို့ကြားရသောအခါ လူအုပ်ကြီးသည်လည်း တည်းခိုခန်းပိုင်ရှင်အတွက် မသိမသာ ချွေးပြန်သွားမိကြသည်။ သိုင်းပညာရှင်ကြီးသည် ပြိုင်ဘက်ကင်းသူဖြစ်၍ မည်မျှပင် ထူးဆန်းပါစေ စည်းကမ်းကိုတော့ လိုက်နာပေလိမ့်မည်၊ တည်းခိုခန်းပိုင်ရှင်လည်း သေရမည်မဟုတ်ဟု တွေးကာ စိတ်အေးသွားကြသည်။

မမျှော်လင့်ဘဲ ကျန်းဝူကျိက ဆက်လက်ပြောကြားသည် "ရလဒ်ကတော့ ခဏလောက် ကြောင်ကြည့်နေပြီးနောက်မှာတော့ သိုင်းပညာရှင်ကြီးက သူတို့နှစ်ယောက်လုံးကို ချက်ချင်း သတ်ပစ်လိုက်တာပဲ"

“ဘာဖြစ်တယ်.......”

ကျိုးတျန်က အရင်ဆုံး ဒေါသထွက်သွားပြီး ဆဲဆိုလေသည် "ဒါ ဘာသိုင်းပညာရှင်ကြီးလဲ၊ တရားမျှတမှုတောင် မရှိဘူးလား၊ တည်းခိုခန်းပိုင်ရှင်ကို အနိုင်ကျင့်ရအောင် သူက ဘယ်လိုသူရဲကောင်းလဲ၊ သူတကယ်သတ္တိရှိရင် ငါ ကျိုးတျန်နဲ့ လာတိုက်ခိုင်းလိုက်၊ ငါ သူ့ကို မနိုင်ရင်တောင် သူ့အသားကို နှစ်ဖဲ့လောက် ဖြစ်အောင် ကိုက်ပစ်ဦးမယ်"

လူအုပ်ကြီးသည်လည်း ရင်ထဲတွင် မွန်းကြပ်သွားကြသည်။ ခုနကတင် စိတ်အေးသွားကာမှ လူတွေသေသွားပြီဟု သိလိုက်ရသဖြင့် ဒေါသထွက်ကုန်ကြခြင်း ဖြစ်၏။ ကျောက်မိန်ဘက်မှ လူများပင်လျှင် ဤသူသည် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်၏ အရှိန်အဝါ လုံးဝမရှိဟု ဆဲဆိုနေကြတော့သည်။

ကျန်းဝူကျိက "သူတို့ကို သတ်လိုက်တဲ့အချိန်မှာ အဲဒီသိုင်းပညာရှင်ကြီးက စကားတစ်ခွန်း ပြောသွားခဲ့တယ်" ဟု ဆိုသည်။

"သူ ဘာပြောသွားတာလဲ"

လူတိုင်းက ကျန်းဝူကျိကို စိုက်ကြည့်ကာ သူ ဘာပြောခဲ့သည်ကို သိချင်နေကြသည်။

ကျန်းဝူကျိက တည်ငြိမ်စွာဖြင့် "သူက 'ငါ အမဲသားမစားဘူး' လို့ ပြောပြီး သတ်ပစ်လိုက်တာ" ဟု ဆိုလိုက်လေသည်။

“ငါ အမဲသားမစားဘူး ဟုတ်လား........”

လူတိုင်း ကြောင်သွားကြသည်။ ဤသည်မှာ ဘာကိုဆိုလိုသနည်း။ သိုင်းပညာရှင်ကြီးသည် ဥပဒေကို လေးစားပြီး နွားသတ်ခြင်းကို ခွင့်မပြုကြောင်း သိနေ၍လား။

ကျောက်မိန်နှင့် အချို့သော ထက်မြက်သူများသာလျှင် ဤအကြောင်းပြချက်ကို ချက်ချင်း နားလည်လိုက်ကြသည်။

ကျောက်မိန်က အသာအယာပြုံးကာ - "ဒါဆို ကျန်းဂိုဏ်းချုပ် ပြောချင်တာက အဲဒီသိုင်းပညာရှင်ကြီးဟာ စည်းကမ်းမရှိဘူး၊ စည်းမဲ့ကမ်းမဲ့ နေတတ်တယ်၊ ပြီးတော့ အခု ရှင်လုပ်နေသလိုမျိုး သူလုပ်ချင်တာကိုပဲ သူလုပ်တယ်လို့ ဆိုလိုတာ မဟုတ်လား" ဟု မေးလိုက်သည်။

ကျောက်မိန်၏ စကားကို ကြားပြီးနောက်တွင်မှ လူအုပ်ကြီးသည် ဘာဖြစ်နေသည်ကို နားလည်သွားပြီး ပေါက်ကွဲကုန်ကြတော့သည်။

ကျောက်မိန်ဘက်မှ သိုင်းပညာရှင်များမှာ အလွန်ဒေါသထွက်သွားကြသည်။ ကျန်းဝူကျိ ဘာလို့ပုံပြင်ပြောနေတာလဲဟု သူတို့ တွေးနေခဲ့ကြခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်မူ ဤအကြောင်းကြောင့် ဖြစ်နေသည် မဟုတ်ပါလား။

ကျန်းဝူကျိ၏ ရည်ရွယ်ချက်မှာ ပုံပြင်ပြောရန် မဟုတ်ဘဲ သူသည် စည်းကမ်းများကို လိုက်နာမည်မဟုတ်ကြောင်း၊ သူ သတ်ချင်လျှင် သတ်မည်ဖြစ်ပြီး သူတို့ ဘာတတ်နိုင်သလဲဟု ပြောလိုခြင်း ဖြစ်သည်။

ဤသည်မှာ ပေါ်ပေါ်တင်တင် ရန်စလိုက်ခြင်းပင်။

ရွှမ်မင်အဘိုးကြီးနှစ်ဦးပင်လျှင် စိတ်မထိန်းနိုင်တော့ပေ။ ဤသည်မှာ အလွန်စော်ကားလွန်းပြီး မောက်မာလွန်းလှသည်။

သို့သော် သူတို့ မမျှော်လင့်ထားသည့် အချက်မှာ ကျန်းဝူကျိသည် သူတို့ ထင်ထားသည်ထက် ပို၍ လွန်ကဲသော အပြုအမူကို လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

ကျန်းဝူကျိက အသာအယာပြုံးကာ "မင်းသမီးလေး ခန့်မှန်းတာ မှန်ပါတယ်၊ စကားပုံအတိုင်းပဲ မကောင်းမှုကို အမြစ်ပြတ်အောင် ချေမှုန်းရမယ်၊ အနက်ရောင် ကျောက်စိမ်းဆီကိုလည်း ရပြီဆိုတော့ ဒီလူတွေကို ထားနေစရာ မလိုတော့ဘူး၊ သူတို့တွေအားလုံးဟာ ငါ့ရဲ့ တတိယဦးလေးကို ဒုက္ခပေးခဲ့တဲ့ လူသတ်သမားတွေပဲ၊ အားလုံး သေသင့်တယ်" ဟု ဆိုလိုက်လေသည်။

စကားဆုံးသည်နှင့် ကျန်းဝူကျိ၏ ပုံရိပ်မှာ ချက်ချင်းပင် ပြေးထွက်သွားပြီး ခုန်းရှန်းကို သတ်ရန် ပြေးဝင်သွားတော့သည်။

ခုန်းရှန်းမှာ ထိတ်လန့်သွားရသည်။ ကျန်းဝူကျိက သူ့ကို သတ်ရန် ကြိုးစားနေဆဲ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် 'ငါ မင်းကို မခြိမ်းခြောက်ရသေးဘူးလေ' ဟုပင် အော်ဟစ်ချင်နေမိသည်။

ကံမကောင်းစွာဖြင့် သူ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ ကျန်းဝူကျိ၏ ပုံရိပ် ဖြတ်သန်းသွားပြီးနောက် ရွှမ်မင်အဘိုးကြီးနှစ်ဦးသည် ခုန်းရှန်းနှင့် ပိုနီးသဖြင့် သူ့ကို ကယ်တင်ရန် ချက်ချင်း ပြေးဝင်လာကြသည်။

မမျှော်လင့်ဘဲ ကျန်းဝူကျိ၏ ပုံရိပ်မှာ ချာခနဲ လှည့်သွားကာ ထိုလူနှစ်ဦးကို ရှောင်တိမ်းပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော အာအာ ထံသို့ ဦးတည်သွားလေသည်။

မှန်ပေသည်၊ ဤသည်မှာ ဟန်ပြသက်သက်သာ ဖြစ်သည်။

ရွှမ်မင်အဘိုးကြီးနှစ်ဦးသည် မူလက ခုန်းရှန်းကို ကာကွယ်ရန် ပြင်ဆင်ထားသော်လည်း ကျန်းဝူကျိ၏ လှည့်စားမှုကို ခံလိုက်ရသဖြင့် အချိန်မီ ပြန်မရောက်နိုင်တော့ပေ။

ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခု လင်းလက်သွားပြီး ဖန့်သုန်းပိုင် ဖြစ်သော အာတာ သည် ချက်ချင်း ဓားကို ဆွဲထုတ်ကာ ကျန်းဝူကျိကို တားဆီးလိုက်သည်။

သို့သော် သူ၏ သိုင်းပညာမှာ မြင့်မားသော်လည်း ကျန်းဝူကျိ၏ ပြိုင်ဘက်မဟုတ်ပေ။ ရွှမ်မင်အဘိုးကြီးနှစ်ဦး ရောက်မလာမီ ကျန်းဝူကျိသည် ကိုယ်ကို လှည့်ကာ အာတာ၏ ဓားချက်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် တိမ်လွှာလှေကား သိုင်းပညာကို အသုံးပြုကာ အပေါ်သို့ ခုန်တက်ပြီး အာအာ၏ ဘေးသို့ ရုတ်တရက် ဆင်းသက်လိုက်လေသည်။

အာတာသည် ကျန်းဝူကျိ၏ ကိုယ်ဖော့သိုင်းမှာ ဤမျှအထိ ဆန်းကြယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ သတိထားမိသည့် အချိန်တွင် ကျန်းဝူကျိသည် သူ၏ ခြေထောက်တွင် အတွင်းအားများ စုစည်းကာ အာအာ၏ ဦးခေါင်းကို ကန်လိုက်ချေပြီ။

အာတာ၏ ဓားသည်လည်း အလှပြရုံ မဟုတ်ပေ။ သူသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဓားကို ထိုးသွင်းလိုက်သော်လည်း ကျန်းဝူကျိကို တားဆီးရန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကျန်းဝူကျိ၏ ကန်ချက်က အာအာ၏ ဦးခေါင်းကို ကြေမွသွားစေပြီး အာအာမှာ ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားလေသည်။

“ဝှစ်......”

အာတာ၏ ဓားချက်မှာ ထိုအချိန်တွင် ရောက်ရှိလာသည်။ ကျန်းဝူကျိသည် ကျန်းဆန်းဖုန်းထံမှ ရရှိထားသော ဓားကို ဆွဲထုတ်လိုက်ကာ ထိုက်ကျိဓားသိုင်းကို အသုံးပြု၍ နူးညံ့မှုဖြင့် မာကျောမှုကို အနိုင်ယူလျက် အာတာ၏ ဓားချက်ကို ခုခံလိုက်သည်။ ထို့နောက် သူ၏ ဘယ်ဘက်လက်တွင် လက်ညှိုးအားများ စုစည်းကာ အဝေးမှနေ၍ ထိုးနှက်လိုက်လေသည်။

ထိုအချိန်တွင် ရွှမ်မင်အဘိုးကြီးနှစ်ဦးသည် ခုန်းရှန်းကို ဂရုမစိုက်တော့ဘဲ ကျန်းဝူကျိထံသို့ ပြေးဝင်လာကြသည်။ ကျန်းဝူကျိ၏ လက်ညှိုးစွမ်းအားမှာ လေထုကို ဖြတ်သန်းသွားပြီး ခုန်းရှန်း၏ အချက်အခြာနေရာကို ထိမှန်သွားလေသည်။

ခုန်းရှန်း၏ ခန္ဓာကိုယ်မှာ တွန့်လိမ်သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူသည် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ်မျှ လူးလိမ့်သွားပြီးနောက် နောက်ဆုံးထွက်သက်ကို ရှူရှိုက်လိုက်ရတော့သည်။

အာတာ၏ ဓားချက်များသည် အံ့ဩစရာကောင်းသော အရှိန်ဖြင့် တရစပ် ထွက်ပေါ်လာသည်။ ကျန်းဝူကျိသည် ထိုက်ကျိဓားသိုင်း အကွက်အနည်းငယ်ဖြင့် အေးဆေးစွာ ခုခံလိုက်ပြီးနောက် ရွှမ်မင်အဘိုးကြီးနှစ်ဦး တိုက်ခိုက်မလာမီ ခြေလှမ်းတစ်လှမ်း ဆုတ်ကာ ဟာကွက်ပြလျက် ဘေးသို့ ရှောင်လိုက်သည်။ အာတာ၏ ဓားချက်မှာ လွဲချော်သွားပြီး သူက ချက်ချင်းပြန်လှည့်ကာ ထိုးလိုက်သော်လည်း ကျန်းဝူကျိ၏ ပုံရိပ်မှာ ခုန်ထွက်သွားကာ ကျန်းဆန်းဖုန်းတို့အနီးသို့ ပြန်ရောက်သွားချေပြီ။ သူသည် ရွှမ်မင်အဘိုးကြီးနှစ်ဦး၏ တိုက်ကွက်များကို အကွက်စေ့စေ့ ရှောင်တိမ်းသွားခဲ့သည်။

ဤစွမ်းဆောင်ရည်ကြောင့် ရွှမ်မင်အဘိုးကြီးနှစ်ဦး၊ အာတာနှင့် ကျောက်မိန်ဘက်မှ သိုင်းပညာရှင်များမှာ အကြီးအကျယ် မျက်နှာပျက်သွားကြရသည်။

ရုယန်မင်းသားအိမ်တော်၏ အင်အားအရှိဆုံး သိုင်းပညာရှင်များက ဝိုင်းရံထားပါလျက်နှင့် ကျန်းဝူကျိကို ဤမျှ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးလိုက်ရသည်လား။ ထို့ပြင် သူက အာအာနှင့် ခုန်းရှန်းတို့ကိုပါ သတ်သွားခဲ့သေးသည်။

ဤသည်မှာ ဗြောင်ကျကျ တိုက်ခိုက်ခြင်းပင် ဖြစ်ရာ ရုယန်မင်းသားအိမ်တော်မှ လူများမှာ စိတ်ပျက်အားငယ်ကုန်ကြသည်။

အခြားတစ်ဖက်တွင်မူ မင်ဂိုဏ်းသားများမှာ တစ်ခဲနက် ကြွေးကြော်ကာ အောင်ပွဲခံနေကြပြီး ကျန်းဝူကျိအပေါ် ထားရှိသော သူတို့၏ ကြည်ညိုလေးစားမှုမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

စင်စစ်တွင် ကျန်းဝူကျိ၏ လုပ်ရပ်မှာ သူ၏ ရဲစွမ်းသတ္တိနှင့် ရက်စက်မှု၊ ဆန်းကြယ်သော သိုင်းပညာများနှင့် အခြားသူများထက် များစွာ သာလွန်သော ကိုယ်ဖော့သိုင်းတို့ကြောင့် ဖြစ်သည်။ နောက်ဆုံးတွင်မူ သူ၏ ခိုင်မာသော အခြေခံကြောင့်သာ ဖြစ်ပေ၏။

သူ၏ ကိုယ်ဖော့ပညာမှာ ရွှမ်မင်အဘိုးကြီးနှစ်ဦး နှင့် အာတာတို့ထက် သာလွန်သဖြင့် သူသည် ဟန်ပြလှည့်စားကာ အာအာကို အလွယ်တကူ သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ လက်ညှိုးသိုင်းမှာ အဝေးမှ လူကို ဒဏ်ရာရစေနိုင်ပြီး သူ၏ အတွင်းအားမှာလည်း အာတာထက် များစွာ သာလွန်သဖြင့် အာတာနှင့် ရင်ဆိုင်နေစဉ်မှာပင် လက်ညှိုးစွမ်းအားဖြင့် ခုန်းရှန်းကို သတ်နိုင်ခဲ့ခြင်းပင်။ အကယ်၍ သူ၏ အတွင်းအားမှာ အာတာနှင့် တန်းတူသာဆိုလျှင် ဤသို့ မည်သို့မျှ လုပ်နိုင်မည် မဟုတ်ပေ။

အာတာနှင့် ပတ်သက်၍မူ သူ၏ လျင်မြန်သော ဓားချက်များမှာ အံ့ဩစရာ ကောင်းသော်လည်း ထိုက်ကျိဓားသိုင်းမှာ ထိုကဲ့သို့သော မာကျောမှုများကို နူးညံ့မှုဖြင့် အနိုင်ယူရန်အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ မည်မျှပင် မြန်ပါစေ ကျန်းဝူကျိအပေါ်တွင်တော့ အလုပ်မဖြစ်ပေ။ ထို့ကြောင့်ပင် အာတာသည် မည်သည့် အားသာချက်ကိုမျှ မရရှိခဲ့ခြင်း ဖြစ်သည်။

ကျန်းဝူကျိသည် သူ၏ အစွမ်းထက်လှသော သိုင်းပညာများကို အစွမ်းကုန် အသုံးချကာ နာမည်ကျော် သိုင်းပညာရှင်ကြီး အများအပြားကို သူ၏ လက်ဖဝါးပေါ်တွင် ကစားခဲ့သည်ဟုပင် ဆိုရပေတော့မည်။

All Chapters