← Chapters

စီနီယာအစ်ကိုဆုန့်က ထန်မိန်ကျွင်းကို ကြိုက်နေတာလား

Vol. 8 Ch. 80

စီနီယာအစ်ကိုဆုန့်က ထန်မိန်ကျွင်းကို ကြိုက်နေတာလား

Vol. 8 Ch. 80

“မိုက်မဲတဲ့သားလား” ကျန်းဆန်းဖုန်းနှင့် ကျန်းဝူကျိတို့သည် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်သွားကြသည်ချေ။ ဆုန့်ချင်းရှူး တစ်ယောက် ဘာများ လုပ်နေပါလိမ့်။

ဆုန့်ယွမ်ချောင်၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှပေ။ သူက ခေါင်းခါရမ်းကာ ဆိုသည်မှာ။

“ချင်းရှူးက ဝမ်အန်းဘုရားကျောင်းကိုသွားပြီး ဂိုဏ်းကြီးလေးဂိုဏ်းကလူတွေကို ကယ်ထုတ်ဖို့ ဆုံးဖြတ်ထားတာလေ။ ကျွန်တော်တို့ကတော့ အရင်ဆုံး ကိုယ့်ဂိုဏ်းကို အရင်ကာကွယ်ပြီးမှ သူတို့ကို သွားကယ်မယ်လို့ စဉ်းစားထားတာကို ချင်းရှူးက မမျှော်လင့်ဘဲ ဝမ်အန်းဘုရားကျောင်းကို တစ်ယောက်တည်း သွားခဲ့တယ်။ ကံကောင်းတာက သူ သိပ်မဝေးသေးခင်မှာပဲ ခုနစ်ယောက်မြောက်ညီလေးက တွေ့သွားလို့ ကျွန်တော်တို့ နောက်က လိုက်သွားနိုင်ခဲ့တာပါ” ဟု ဆို၏။

“ဒါပေမဲ့ လမ်းမှာ ရုယန်မင်းသားအိမ်တော်က သိုင်းပညာရှင်တွေနဲ့ ထိပ်တိုက်တိုးမယ်လို့ မထင်ထားခဲ့ဘူး။ အဲဒီနန်းတွင်းလက်ပါးစေတွေထဲမှာ သိုင်းပညာရှင် အများအပြားပါသလို ယွမ်စစ်တပ်က စစ်သား ရာဂဏန်းလည်း ပါတယ်။ ကျွန်တော်တို့ လူနည်းစုက သူတို့ကို မယှဉ်နိုင်ဘဲ ခဏတာ လူစုကွဲသွားခဲ့ရတယ်။ ကျွန်တော်နဲ့ ချင်းရှူးပဲ အတူတူ ကျန်ခဲ့တယ်။ အဲဒီနောက်မှာ တခြားသူတွေကို လိုက်ရှာနေရတာကြောင့် အချိန်နှောင့်နှေးသွားခဲ့ရတာပါ” ဟု ဆက်ပြောပေသည်။

“ကျွန်တော်တို့ လူစုပြန်တွေ့တဲ့အချိန်မှာ ခြောက်ယောက်မြောက်ညီလေး ဒဏ်ရာအပြင်းအထန် ရနေတာကို တွေ့လိုက်ရတယ်။ သူက သတိမေ့မြောနေတာ တစ်လလောက်ရှိပြီဖြစ်ပြီး နိုးလာတာ နာရီဝက်တောင် မပြည့်သေးတော့ သူ့ရဲ့အတွင်းအားက အပြည့်အဝ ပြန်မကောင်းသေးဘူး။ အဲဒီယွမ်စစ်တပ်က လူယုတ်မာတွေရဲ့ လက်ချက်ကြောင့် သူ့ရဲ့ခြေထောက် ကျိုးသွားခဲ့ရတယ်။ ကံကောင်းလို့ ဒုတိယညီလေးနဲ့ စတုတ္ထညီလေးတို့ရဲ့ ကာကွယ်မှုကြောင့် သူတို့ ထွက်ပြေးနိုင်ခဲ့လို့ ဒဏ်ရာတွေ ဒီထက်မပြင်းထန်ခဲ့တာပါ” ဟု ဆိုလေသည်။

“အခြေအနေအရ ကျွန်တော်တို့က ခြောက်ယောက်မြောက်ညီလေးကို အနီးနားက ဆေးခန်းတစ်ခုမှာ အနားယူဖို့ အပ်နှံခဲ့ပြီး တပည့်ငါးယောက်ကိုလည်း စောင့်ရှောက်ဖို့ ထားခဲ့ရတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ ဖုန်တောထဲကနေ အမြန်ပြန်လာခဲ့ပေမဲ့ နောက်ကျသွားခဲ့ရတယ်။ အကယ်၍ ဝူကျိတို့သာ ရောက်မလာခဲ့ရင် ကျွန်တော်တို့ ဝူတန်ဂိုဏ်းဟာ တကယ်ကို အန္တရာယ်ရှိသွားနိုင်ပါတယ်” ဟု ပြောကြားချေသည်။

ဆုန့်ယွမ်ချောင်၏ လေသံမှာ မိမိကိုယ်ကိုယ် အပြစ်တင်မှုများဖြင့် ပြည့်နှက်နေပေသည်။ ဆုန့်ချင်းရှူး၏ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် ယင်းလိထင်မှာ ဒဏ်ရာအပြင်းအထန် ရရှိကာ ခြေထောက်ကျိုးသွားခဲ့ရသဖြင့် မိမိကိုယ်ကိုယ် အပြစ်တင်နေခြင်း ဖြစ်ပေသည်။ ဤဒဏ်ရာမှာ ပြန်လည်ကောင်းမွန်ရန် လပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။

ဟုတ်ကဲ့ သူ၏လေသံထဲတွင် ကျန်းဝူကျိနှင့် အခြားသူများကို ကျေးဇူးတင်သည့် စိတ်များလည်း ပါရှိနေပေသည်။ ခုနက စကားပြောနေကြစဉ်မှာပင် သူတို့သည် အဖြစ်အပျက် တစ်ခုလုံးကို သိရှိသွားကြပြီး ခုန်းရှန်းက ကျန်းဆန်းဖုန်းကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ကာ အောင်မြင်သွားခဲ့သည်ကို ကြားလိုက်ရသဖြင့် ချွေးအေးများပင် ပြန်သွားကြရ၏။

အကယ်၍ ဆုန့်ချင်းရှူး၏ လုပ်ရပ်ကြောင့် ဆရာမှာ လုပ်ကြံခံရပြီး ဒဏ်ရာရခဲ့လျှင် သို့မဟုတ် ဝူတန်ဂိုဏ်းပင် ပျက်စီးသွားခဲ့လျှင် ဆုန့်ယွမ်ချောင်မှာ အသက်ရှင်နေဖို့ မျက်နှာရှိတော့မည် မဟုတ်ပေ။

ကျန်းဆန်းဖုန်းမှာမူ ဤအကြောင်းကို နားထောင်ပြီးနောက် များစွာ စိတ်ထဲမထားပေ။ သူက8ခေါင်းငြိမ့်ကာ ဆိုသည်မှာ။

“လိထင် အသက်အန္တရာယ် မရှိတာပဲ ကောင်းပါတယ်။ အရိုးကျိုးတာက ရက်တစ်ရာလောက် ကုသလိုက်ရင် ပြန်ကောင်းသွားမှာပါ။ နောက်မှ သူ့ကို သွားခေါ်ပြီး ဒီမှာပဲ သေသေချာချာ အနားယူခိုင်းလိုက်ပါ” ဟု ဆို၏။

ဆုန့်ယွမ်ချောင်နှင့် အခြားသူများမှာလည်း တူညီစွာ သဘောတူလိုက်ကြပေသည်။ စင်စစ်တွင် ယင်းလိထင်၏ ဒဏ်ရာမှာ ပြန်လည်ကောင်းမွန်နိုင်သေးသောကြောင့်သာ ဖြစ်ပေသည်၊ မဟုတ်ပါက ဆုန့်ယွမ်ချောင်သည် ဆုန့်ချင်းရှူးကို ရိုက်သတ်မိပေလိမ့်မည်။

ကျန်းဆန်းဖုန်းက ဆက်၍ ဆိုသည်မှာ။

“ဒီတစ်ကြိမ်မှာ ချင်းရှူးရဲ့ လုပ်ရပ်က အနည်းငယ် စိတ်လိုက်မာန်ပါ ဖြစ်သွားပေမဲ့ သူက သိုင်းလောကရဲ့ တရားမျှတမှုအတွက် စဉ်းစားခဲ့တာဆိုတော့ သူ့ကို အပြစ်တွေ အများကြီး မတင်သင့်ပါဘူး” ဟု ဆိုလေသည်။

ဆုန့်ချင်းရှူး တကယ် ဘာတွေ တွေးနေလဲဆိုတာကို ကျန်းဆန်းဖုန်းက ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ သူက ပြုံးလျက် ဆုန့်ချင်းရှူးကို လက်ယမ်းခေါ်လိုက်ပေသည်။ ဆုန့်ချင်းရှူးမှာ အလျင်အမြန် လာရောက်ကာ ဦးညွှတ်လျက် ဆရာဖိုးဖိုး ဟု ဆိုလိုက်၏။

ကျန်းဆန်းဖုန်းက ပြုံး၍ ခေါင်းငြိမ့်ကာ “ချင်းရှူး မင်းမှာ သူရဲကောင်းစိတ်ဓာတ် ရှိတာက ကောင်းတဲ့ ကိစ္စပါ။ ဒါပေမဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင် အမြဲတမ်း သေသေချာချာ စဉ်းစားသင့်တယ်။ စိတ်လိုက်မာန်ပါ လုပ်တာက အကျိုးထက် အပြစ်ကို ပိုဖြစ်စေတတ်တယ်။ ဒီတစ်ကြိမ်တော့ ဖိုးဖိုးက မင်းကို အပြစ်မတင်တော့ဘူး။ နောက်ကျရင် မင်းရဲ့ ခြောက်ယောက်မြောက် ဦးလေးကို တောင်းပန်ပြီး အကြောင်းစုံကို သေသေချာချာ ရှင်းပြလိုက်ပါ” ဟု ဆိုလေသည်။

ဆုန့်ချင်းရှူးသည် ဤစကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားပြီး အလျင်အမြန်ပင် “ဟုတ်ကဲ့ ဆရာဖိုးဖိုး” ဟု ဆိုလိုက်၏။

စင်စစ်တွင် သူ၌ သူရဲကောင်းစိတ်ဓာတ် မရှိခြင်း မဟုတ်သော်လည်း ကိုးဆယ်ရာခိုင်နှုန်းမှာ ကျိုးကျစ်လော့အတွက် ဖြစ်ပေသည်။ သူသည် ကျိုးကျစ်လော့ အရှက်ရမည်ကို စိုးရိမ်ခဲ့သော်လည်း အရာအားလုံး လွဲချော်ကုန်ကာ ယင်းလိထင်ကိုပင် ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သဖြင့် သူ၏ရင်ထဲတွင် အတော်လေး အပြစ်မကင်းသလို ခံစားနေရခြင်းပင်။

သို့သော် ထိုသို့ ခံစားနေရသည့်ကြားမှ ဆုန့်ချင်းရှူးမှာ ကျိုးကျစ်လော့အကြောင်းကိုသာ တွေးနေမိဆဲ ဖြစ်ပေသည်။ လွန်ခဲ့သောတစ်ကြိမ်က ကျန်းဝူကျိ၏ အပြင်းအထန် အရိုက်ခံရပြီးကတည်းက ဆုန့်ချင်းရှူးက “ကျိုးကျစ်လော့က မင်းနဲ့ မင်္ဂလာမဆောင်ရသေးဘူးလေ။ ငါသာ ငါ့အသက်ကို ရင်းပြီး သူမကို ကယ်ခဲ့ရင် သူမက ငါ့အပေါ်မှာ အမြင်ကောင်းသွားနိုင်တာပဲ မဟုတ်လား” ဟု တွေးနေမိခဲ့ခြင်း ဖြစ်၏။

ထိုအချက်ကြောင့်ပင် ဆုန့်ချင်းရှူးသည် သူ၏ဖခင်နှင့် ဦးလေးများ၏ သဘောထားကိုပင် ဂရုမစိုက်တော့ဘဲ မိမိကိုယ်မိမိ ထုတ်ကြွားပြလိုစိတ် ပြင်းပြနေခဲ့ခြင်း ဖြစ်ပေသည်။

ပြောရလျှင် ဤကိစ္စအတွက် ကျန်းဝူကျိမှာလည်း တာဝန်အနည်းငယ် ရှိပေသည်။ ဆုန့်ချင်းရှူးကဲ့သို့ ရိုးအပြီး သိပ်မတော်သော သူတစ်ယောက်အဖို့ ထိုစကားများမှာ တကယ်ကို ကြောက်စရာကောင်းလောက်အောင် လှုံ့ဆော်မှု ဖြစ်စေခဲ့ပေသည်။

ဆရာက ဆုန့်ချင်းရှူးကို အပြစ်မတင်သည်ကို မြင်သောအခါ ဆုန့်ယွမ်ချောင်မှာ စိတ်အေးသွားရသော်လည်း ယင်းလိထင်အတွက်မူ အမြဲတမ်း အားနာနေမိဆဲ ဖြစ်ပေသည်။

အမှန်အတိုင်း ပြောရလျှင် ဆုန့်ယွမ်ချောင် ပြောသည်မှာ မှန်သော်လည်း သူသည် ဆုန့်ချင်းရှူး၏ ရည်ရွယ်ချက်က ကောင်းမွန်သည်ဟု ထင်မြင်မိသဖြင့် သူ့ကို ပြင်းပြင်းထန်ထန် မဆူခဲ့ခြင်း ဖြစ်ပေ၏။

ကျန်းဝူကျိကမူ ဘေးမှနေ၍ နှာခေါင်းရှုံ့လိုက်မိပေသည်။ ဆုန့်ချင်းရှူး ဘာတွေ တွေးနေလဲဆိုတာ သူ ကောင်းကောင်း သိသည်ချေ။ ဒီကောင်က ကျိုးကျစ်လော့ကို မျက်စိကျနေတာပဲ ငါ မသိဘူးလို့ ထင်နေတာလား။

ဒီလို အခြေအနေမျိုးမှာ ဆုန့်ချင်းရှူးကို အလွယ်တကူ လွှတ်ပေးလို့ မဖြစ်ချေ။

ထို့ကြောင့် ကျန်းဝူကျိက ပြုံးလျက်

“စီနီယာအစ်ကိုဆုန့်က တကယ်ပဲ ဆရာဖိုးဖိုးရဲ့ မြေးပီသပါတယ်။ ဒီလို သူရဲကောင်းစိတ်ဓာတ်မျိုးက တကယ်ကို စစ်မှန်လှတယ်။ သူ့ရဲ့ သူရဲကောင်းစိတ်ဓာတ်က ဆရာဖိုးဖိုးထက်တောင် မလျော့ဘူးပဲ။ ဝူတန်ဂိုဏ်းရဲ့ အနာဂတ်က တကယ်ကို တောက်ပနေပြီလို့ ထင်ရတယ်” ဟု ဆို၏။

ဤစကားမှာ ချီးကျူးစကားကဲ့သို့ ကြားရသော်လည်း ဆုန့်ချင်းရှူး၏ နားထဲတွင်မူ အလွန်ပင် နေရခက်လှပေသည်။

ဆုန့်ချင်းရှူးမှာ အရှက်မရှိသူတစ်ယောက် မဟုတ်ပေ။ သူ လူကယ်ရခြင်း၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်ကြောင်း သူကိုယ်တိုင် အသိဆုံး ဖြစ်ပေသည်။ ကျန်းဝူကျိ၏ အလွန်အကျွံ ချီးကျူးမှုက သူ့ကို မျက်နှာနီမြန်းသွားစေသည်။

ဆုန့်ချင်းရှူးသည် ကျန်းဝူကျိအပေါ် အမြင်မကြည်လင်ဘဲ ရှိနေခဲ့ပြီး အထူးသဖြင့် ကျန်းဝူကျိက ကျိုးကျစ်လော့နှင့် သူ၏ ရင်းနှီးသော ပတ်သက်မှုကို ပြောပြခဲ့ပြီးနောက်တွင် ကျန်းဝူကျိကို ပို၍ပင် မုန်းတီးနေခဲ့ခြင်း ဖြစ်ပေသည်။

ယခုအခါ ကျန်းဝူကျိ၏ စကားများက ဆုန့်ချင်းရှူးကို တစ်ကိုယ်လုံး နေရခက်သွားစေသဖြင့် သူက အလျင်အမြန်ပင် “ကျွန်တော် မခံယူရဲပါဘူး မခံယူရဲပါဘူး” ဟု ဆိုလိုက်၏။

ယွီလျန်ကျိုးက ပြုံးလျက် ဝူကျိ မင်းက ချင်းရှူးကို ချီးကျူးလွန်းနေပါပြီ။ ဒီတစ်ကြိမ်မှာ မင်းသာ မရှိရင် ငါတို့ ဝူတန်ဂိုဏ်းဟာ တကယ်ကို အန္တရာယ်ရှိသွားမှာ။ မင်းကသာ အကြီးမားဆုံး သူရဲကောင်းပါ ဟု ဆိုလိုက်ပေသည်။

“ဪ ဒုတိယဦးလေးကလည်း ဒီစကားတွေက အရမ်း ဝေးကွာလွန်းနေပါပြီ။ ကျွန်တော်ကလည်း ဝူတန်ဂိုဏ်းသားတစ်ယောက်ပဲလေ။ ဝူတန်ကို ကူညီတာက သဘာဝကျပါတယ်။ ပြောနေစရာတောင် မလိုပါဘူး မဟုတ်လား” ဟု ကျန်းဝူကျိက ပြုံးလျက် လက်ယမ်းပြလိုက်ပေသည်။ ထို့နောက် ဆုန့်ချင်းရှူးကို ကြည့်ကာ မေးလိုက်သည်မှာ။

“ဒါပေမဲ့ ကျွန်တော်မျိုးမှာလည်း အနည်းငယ် စူးစမ်းချင်တာ ရှိတယ်။ စီနီယာအစ်ကိုဆုန့်က စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူ မဟုတ်ဘူးလို့ ကျွန်တော် ထင်တာပဲ။ ဂိုဏ်းကြီးလေးဂိုဏ်းက ဝမ်အန်းဘုရားကျောင်းမှာ အကျဉ်းကျနေတာဆိုတော့ စီနီယာအစ်ကိုဆုန့်က ဘယ်သူ့ကို အရမ်း စိတ်ပူနေလို့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ဖြစ်သွားရတာလဲ” ဟု မေး၏။

ဤစကားမှာ မေးခွန်းတစ်ခုကဲ့သို့ ကြားရသော်လည်း ဆုန့်ယွမ်ချောင်နှင့် အခြားသူများမှာလည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ ဆုန့်ချင်းရှူးကို စိုက်ကြည့်လိုက်ကြသည်။

သူတို့သည်လည်း တစ်ခုခု လွဲနေသည်ဟု ခံစားနေကြရပေသည်။ ဆုန့်ချင်းရှူးသည် အတိတ်က စိတ်လိုက်မာန်ပါ လုပ်ရပ်မျိုးကို တစ်ခါမျှ မလုပ်ခဲ့ဖူးချေ။ ယခုတစ်ကြိမ် သူ၏ စိတ်လိုက်မာန်ပါ ဖြစ်မှုမှာ အနည်းငယ် ထူးခြားနေခြင်းကြောင့်ပင်။

ဆုန့်ချင်းရှူးမှာ ထိုမေးခွန်းကြောင့် မျက်နှာနီမြန်းသွားပြီး မည်သို့ ဖြေရမည်ကို တွေးနေမိပေသည်။ ကျန်းဝူကျိက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူက လွှတ်ခနဲ ပြောလိုက်သည်မှာ။

“အော့မေ့ဂိုဏ်းနဲ့ တခြားဂိုဏ်းတွေက ငါတို့ရဲ့ မိတ်ဆွေတွေပဲလေ။ ငါတို့က မကူညီဘဲ မနေနိုင်ဘူးလေ” ဟု ဆို၏။

“ဪ..... အော့မေ့ဂိုဏ်းကိုး” ဟု ကျန်းဝူကျိက နားလည်သွားသည့် အမူအရာမျိုး ပြသကာ ဆုန့်ယွမ်ချောင်နှင့် အခြားသူများကို ကြည့်၍ အကျယ်ကြီး ရယ်မောလိုက်ပြီး

“ဦးကြီးတို့နဲ့ ဦးလေးတို့ အားလုံးက အသက်ကြီးကုန်ကြပြီဆိုတော့ လူငယ်တွေရဲ့ စိတ်ကူးလေးတွေကို မေ့ကုန်ကြပြီ ထင်တယ်။ ကျွန်တော် ထင်တာတော့ စီနီယာအစ်ကိုဆုန့်က အော့မေ့ဂိုဏ်းက မိန်းကလေးတစ်ယောက်ကို မျက်စိကျနေလို့သာ အဲဒီလောက်အထိ အသည်းအသန် သွားကယ်ချင်နေတာ ဖြစ်ရမယ်” ဟု ဆိုလေသည်။

“ဟမ်” ဆုန့်ယွမ်ချောင်နှင့် အခြားသူများမှာ အနည်းငယ် ကြောင်သွားကြပြီးနောက် ဆုန့်ချင်းရှူးကို ကြည့်ကာ “ချင်းရှူး ဒါ တကယ်ပဲလား” ဟု မေးလိုက်ကြပေသည်။

ဤသည်ကို ကြားသောအခါ ဆုန့်ချင်းရှူး၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။ သူသည် နတ်သမီးလေးတစ်ပါး လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ လှပသော ကျိုးကျစ်လော့၏ လှုပ်ရှားမှု တိုင်းကို ပြန်လည် မြင်ယောင်လာကာ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ရှက်သွေးဖြာသွားတော့ပေသည်။

ဤနေရာတွင် ရှိနေသော သူအများစုမှာ အတွေ့အကြုံ ရှိသူများ ဖြစ်ကြပေသည်။ ဆုန့်ချင်းရှူး၏ အမူအရာကို မြင်လိုက်ရသောအခါ သူတို့သည် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ယုံကြည်သွားကြပြီး ဒါ အမှန်ပဲလား ဟု တွေးနေမိကြသည်ချေ။

ကျန်းဆန်းဖုန်းကမူ အကျယ်ကြီး ရယ်မောလိုက်ပြီး

“လူငယ်တစ်ယောက်က မိန်းကလေးတစ်ယောက်ကို ကြိုက်တာက မဆိုးပါဘူး။ အော့မေ့ဂိုဏ်းကလည်း အိမ်ထောင်ပြုတာကို မတားမြစ်ထားသလို ငါတို့ ဝူတန်မှာလည်း အဲဒီလို စည်းကမ်း မရှိပါဘူး။ အကယ်၍ ချင်းရှူးက အော့မေ့ဂိုဏ်းက မိန်းကလေးတစ်ယောက်ကို မျက်စိကျနေတယ်ဆိုရင် ဖိုးဖိုးက မင်းအတွက် တောင်းဆိုပေးပါ့မယ်။ ဘာလို့ တစ်ယောက်တည်း အလွမ်းဝေနေရမှာလဲ” ဟု ဆို၏။

ကျန်းဆန်းဖုန်းမှာ အလွန်ပင် စိတ်ထား ပွင့်လင်းသူ ဖြစ်ပေသည်။ မိန်းကလေးတစ်ယောက်ကို ကြိုက်တာက သဘာဝပဲ မဟုတ်လား။ ဒီအရွယ်ရှိနေတဲ့ သူတစ်ယောက်က ချောမောတဲ့ မိန်းကလေးတွေကို စိတ်မဝင်စားဘူးဆိုရင်တော့ သူက တခြား ထူးခြားတဲ့ ဝါသနာ ရှိနေလို့ ဖြစ်ရမည်။

ဤစကားကို ကြားရသောအခါ ဆုန့်ချင်းရှူး၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားတော့ပေသည်။ သူက “ကျန်းဝူကျိနဲ့ ကျိုးကျစ်လော့တို့မှာ ပတ်သက်မှု အချို့ ရှိနေရင်တောင် သူတို့ မင်္ဂလာမဆောင်ရသေးဘူးပဲ။ ငါသာ ဆရာဖိုးဖိုးကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုလိုက်ရင် အရာအားလုံး အဆင်ပြေသွားမှာ မဟုတ်လား။ အဲဒီအချိန်ကျရင် ကျန်းဝူကျိ မင်း ဘာလုပ်နိုင်မှာလဲ” ဟု တွေးနေမိပေသည်။

ဤသို့ တွေးမိသောအခါ ဆုန့်ချင်းရှူးသည် ကျန်းဆန်းဖုန်းကို ဒူးထောက်၍ တောင်းဆိုရန် ပြင်လိုက်တော့သည်။

သို့သော် သူ၏အကြံကို ကျန်းဝူကျိက ကြိုတင် မြင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ စကားမပြောမီမှာပင် ကျန်းဝူကျိက ပြုံးလျက်

“ဒါဆိုရင်တော့ စီနီယာအစ်ကိုဆုန့်နဲ့ ကျွန်တော်က ယောက်ဖတွေလို့တောင် ပြောလို့ ရတာပေါ့။ အော့မေ့ဂိုဏ်းက ကျိုးကျစ်လော့လေးနဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေ ဖြစ်သလို တစ်ယောက်ကိုတစ်ယောက်လည်း အရမ်း ချစ်ကြတယ်ဆိုတာ လူတိုင်း သိကြတာပဲ။ အခု စီနီယာအစ်ကိုဆုန့်ကလည်း အော့မေ့ဂိုဏ်းက တခြားမိန်းကလေးတစ်ယောက်ကို မျက်စိကျနေပြီဆိုတော့ ကျွန်တော်တို့ အတူတူ မင်္ဂလာဆောင်ကြတာပေါ့။ ဒါဟာ ငါတို့ ဝူတန်နဲ့ အော့မေ့အတွက် မင်္ဂလာရှိတဲ့ ကိစ္စနှစ်ခု ဖြစ်လာမှာပါ” ဟု ဆို၏။

“တောက်...... ကျန်းဝူကျိ မင်း ကတော့” ဟု ဆုန့်ချင်းရှူးမှာ ဒူးထောက်ရန် ဟန်ပြင်နေဆဲ ဖြစ်သော်လည်း ကျန်းဝူကျိ၏ စကားများကြောင့် သူ၏ သွေးများမှာ ဒေါသကြောင့် ဆူပွက်သွားရပေသည်။

သူသည် ငတုံး မဟုတ်ပေ။ ကျန်းဝူကျိက သူ၏ရှေ့တွင် ကျိုးကျစ်လော့အကြောင်းကို တမင်တကာ ပြောပြခဲ့စဉ်ကတည်းက ကျန်းဝူကျိသည် သူ၏ရည်ရွယ်ချက်ကို သိမြင်ထားကြောင်း သူ သိရှိခဲ့သည်။ ယခု ဆရာဖိုးဖိုးနှင့် လူအုပ်ကြီးရှေ့တွင် ဤသို့ တမင်တကာ ပြောဆိုခြင်းမှာ သူ၏ နောက်ဆုတ်လမ်းကို ပိတ်လိုက်ခြင်းပင် ဖြစ်ပေသည်။

“ငယ်သူငယ်ချင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ် ဟုတ်လား။ ငါကသာ အခု ကျိုးကျစ်လော့ကို ကြိုက်တယ်လို့ ပြောလိုက်ရင် လူတိုင်းက ငါ့ကို အရှက်မရှိဘဲ မင်းရဲ့မိန်းမကို လုယူဖို့ ကြိုးစားနေတယ်လို့ ထင်ကုန်ကြတော့မှာ မဟုတ်လား”

ဆုန့်ချင်းရှူး၏ မျက်နှာမှာ စိမ်းဖန့်သွားတော့ပေသည်။ ကျန်းဝူကျိ၏ နှုတ်ထွက်စကားမှာ သာမန်ထက် ပို၍ ရက်စက်လှကြောင်း သူ နားလည်သွားခဲ့ပြီ။

ကျန်းဆန်းဖုန်းကမူ စပ်စုလိုသော မျက်နှာဖြင့် “ကျိုးကျစ်လော့လေး ဟုတ်လား။ ဝူကျိ မင်းက ကျောက်မိန်လေးကိုလည်း အရမ်း ချစ်တာ မဟုတ်လား” ဟု မေးလိုက်သည်။

ကျန်းဆန်းဖုန်း ဤသို့ မေးသည်ကို မြင်သောအခါ ကျန်းဝူကျိက မျက်နှာပင်မပျက်ဘဲ

“ဒီမြေးလေးက အချစ်ကြီးတာ မှန်ပေမဲ့ ကျေးဇူးတရားကိုတော့ မမေ့တတ်ပါဘူး။ ဒီကျိုးကျစ်လော့လေးဟာ တစ်ချိန်က ဟန်မြစ်ထဲက လှေပေါ်က မိန်းကလေးပဲလေ။ ဆရာဖိုးဖိုးပဲ သူမကို အော့မေ့ဂိုဏ်းဆီကို ပို့ပေးခဲ့တာ မဟုတ်လား။ မမှတ်မိတော့ဘူးလား” ဟု ဆို၏။

ကျန်းဝူကျိ၏ စကားကို ကြားသောအခါ ကျန်းဆန်းဖုန်းသည် ရုတ်တရက် သတိရသွားပြီး ခေါင်းငြိမ့်ကာ “ဪ ဒါကြောင့်မို့လို့ မင်းက ငယ်သူငယ်ချင်းတွေလို့ ပြောတာကိုး။ အဲဒီ မိန်းကလေးကိုး။ ဒါဆိုရင်တော့ နားလည်ပေးလို့ ရတာပေါ့” ဟု ဆိုလိုက်ပေသည်။

ကျန်းဝူကျိ၏ အချစ်ကြီးသော စိတ်နေစိတ်ထားနှင့် ပတ်သက်၍မူ ကျန်းဆန်းဖုန်းမှာ လုံးဝ စိတ်ထဲမထားပေ။ ဇနီး သုံးလေးယောက် ယူကြသော သူများစွာ ရှိနေသည်ပဲ မဟုတ်လား။ ကျန်းဝူကျိသည် မင်ဂိုဏ်းချုပ် ဖြစ်နေပြီ ဖြစ်ရာ ဤသို့ လုပ်ဆောင်ခြင်းမှာ ထူးဆန်းသော ကိစ္စမဟုတ်ဘဲ အလွန်ပင် သဘာဝကျလှပေသည်။

ငယ်သူငယ်ချင်း ကိစ္စနှင့် ပတ်သက်၍လည်း ကျန်းဆန်းဖုန်းမှာ ကောင်းစွာ သိရှိထားပေသည်။ ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့မှာ ငယ်စဉ်ကတည်းက တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပြီး ကျိုးကျစ်လော့သည် ရောဂါသည် ကျန်းဝူကျိကို အစာပင် ကျွေးခဲ့ဖူးသေးသည်ခ။ ထိုအချက်ကြောင့်ပင် ကျန်းဝူကျိက မမေ့နိုင်ဘဲ ငယ်သူငယ်ချင်း သံယောဇဉ် ဖြစ်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည်။

သူကိုယ်တိုင်ပင်လျှင် ငယ်စဉ်က ကော်ရှန့်နှင့် တွေ့ဆုံခဲ့ပြီး သူမကို တစ်ဘဝလုံး မမေ့နိုင်ဘဲ ရှိနေခဲ့သည် မဟုတ်လား။ ၎င်းမှာ အလွန်ပင် သဘာဝကျလှပေသည်။

အဘိုးကြီးကျန်း၏ စိတ်မှာ အမြဲတမ်း ပွင့်လင်းနေဆဲ ဖြစ်ပေသည်။

ကျန်းဆန်းဖုန်းက အနည်းငယ် ခေါင်းငြိမ့်ကာ ပြုံးလျက် “ဒါဆိုရင်လည်း ကောင်းတဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်မှာပါ” ဟု ဆိုလိုက်ပေသည်။

ကျန်းဆန်းဖုန်းက ပြောပြောဆိုဆိုနှင့် ဆုန့်ချင်းရှူးကို ထပ်မံ ကြည့်ကာ ပြုံးလျက် မေးလိုက်သည်မှာ

“ချင်းရှူး မင်းကရော ဘယ်မိန်းကလေးကို မျက်စိကျနေတာလဲလို့ ငါ သိချင်မိတယ်။ ပြီးတော့ အဲဒီ မိန်းကလေးကရော မင်းကို ပြန်ချစ်ရဲ့လား” ဟု မေး၏။

“ဒါကတော့” ဟု ဆိုကာ ဆုန့်ချင်းရှူး၏ မျက်နှာမှာ တောင့်တင်းသွားရပေသည်။ သူက “ငါ ဘယ်လို ဖြေရမှာလဲ..... ငါ့ရင်ထဲမှာ ကျိုးကျစ်လော့ တစ်ယောက်ပဲ ရှိတာလေ။ ငါကသာ အခု ကျိုးကျစ်လော့လို့ တိုက်ရိုက် ပြောလိုက်ရင် မင်းတို့ အားလုံးက ငါ့ကို ဘယ်လို မြင်ကြမလဲ” ဟု တွေးနေမိသည်။

ဆရာဖိုးဖိုး ဒါက... ကျွန်တော်... ဟု ဆုန့်ချင်းရှူးမှာ အတော်ကြာအောင် စကားပြောနေသော်လည်း အမည်တစ်ခုကို မပြောနိုင်ဘဲ ရှိနေပေသည်။ ကျိုးကျစ်လော့မှလွဲ၍ အခြားသော အော့မေ့တပည့်များကို သူ များစွာ မသိရှိသဖြင့် တစ်ခုခုကို လျှောက်ပြော၍လည်း မရပေ။ သီလရှင် မြဲ့ကြွယ်လို့ ပြောရမှာလား။ ၎င်းမှာ ဟာသတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ကျန်းဝူကျိက ရုတ်တရက် ပြုံးလျက်

“ကျွန်တော် ခန့်မှန်းကြည့်မယ်။ စီနီယာအစ်ကိုဆုန့်က ကျွန်တော်တို့ ဝူတန်ရဲ့ အတော်ဆုံး လူငယ်တပည့်ပဲလေ။ အော့မေ့ရဲ့ အတော်ဆုံး လူငယ်တပည့် ဖြစ်တဲ့ ထန်မိန်ကျွင်းကို မျက်စိကျနေတာလား” ဟု ဆို၏။

“ဘယ်သူ..... ထန်မိန်ကျွင်း ဟုတ်လား” ဟု ဆုန့်ချင်းရှူးမှာ မျက်လုံးများ ပြူးသွားပြီး ဆဲဆိုမိတော့မတတ် ဖြစ်သွားရပေသည်။

“ဒီထန်မိန်ကျွင်းက အသက် သုံးဆယ်ကျော်နေပြီလေ။ ငါက သူမကို ကြိုက်ရမှာလား။ မင်း ငါ့ကို နောက်နေတာလား” ဟု စိတ်ထဲမှ ကြုံးဝါးနေမိတော့သည်။

All Chapters