ချွင်းချက်မရှိ အကုန်အသတ်ခံရမယ်
Vol. 1 Ch. 444
ချမ်ကွေ့ သတိမပေးခင်တည်းက ကျန်းရီသည် သိုင်းခန်းမအား သတိထားနေပြီးသားဖြစ်သည်။ သိုင်းခန်းမသည် မြင်ရသလောက် မရိုရှင်းမှန်း သူသိသည်။ ကြယ်ကောင်းကင်မြို့အပြင်ဘက်တွင် တိုက်ခိုက်ရန် အသင့်ဖြစ်နေသော စစ်တပ်ခြောက်ခုသည် သိုင်းခန်းမ ဌာနချုပ်သခင်၏ စကားတစ်ခွန်းမျှနှင့် ပြန်လည်တပ်ဆုတ်သွားခဲ့သည်ဟူသော အချက်ဖြင့်ပင် သူနားလည်သွားခဲ့သည်။
နိုင်ငံအဆင့်ပြိုင်ပွဲသည် နိုင်ငံခြောက်ခု၏ အင်အားကို လျှော့ချရန် ကြံစည်ထားသည့် ပရိယာယ်ဖြစ်ကြောင်း ထင်ရှားနေသော်လည်း သိုင်းခန်းမဌာနချုပ်သခင်၏ စကားကြောင့် နိုင်ငံခြောက်ခုသည် ရွေးချယ်စရာမရှိဘဲ ဝင်ပြိုင်နေရသည်မှာ ယနေ့တိုင် ဖြစ်သည်။
သိုင်းခန်းမသည် နယ်မြေစတင် တည်ရှိခဲ့ချိန်တည်းက ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ထက်တိုင် တည်ရှိနေသေးသည်။ အင်ပါယာများ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားခဲ့ပြီး နယ်မြေတစ်ခုလုံးကို အုပ်စိုးနိုင်သည့် ပါရမီရှင်များ အမြောက်အများလည်း ရှိခဲ့ဖူးသည်။ သို့သော် သိုင်းခန်းမသည် ဆက်လက်တည်ရှိနိုင်ခဲ့သည်။ ထိုအချက်တစ်ခုတည်းကပင် သိုင်းခန်းမ မည်မျှအင်အားကြီးကြောင်း ထင်ရှားသည်။
ရွှေယို့လန်သည် စိတ်ချင်းဆက်သွယ်၍ မှာကြားခဲ့သေးသည်။
"ငါ့အထင်တော့ မင်းကို နေနက်မိစ္ဆာနွယ် ဖမ်းဆီးသွားတဲ့ ကိစ္စက သိုင်းခန်းမရဲ့လက်ချက် ဖြစ်နိုင်ချေရှိတယ်။ မင်းသတိထားနေတာ ကောင်းလိမ့်မယ်။ ဒီအချိန်အပိုင်းအခြားအတွင်း သိုင်းခန်းမမှာ ထက်မြက်တဲ့ နတ်မိမယ်တစ်ယောက် ပေါ်ထွက်လာတယ်။ သူမက သူမတူလောက်အောင် ဉာဏ်ရည်မြင့်မားတယ်။ သူမရဲ့ ထောင်ချောက်တွေထဲ ကျမသွားဖို့ မင်းသတိထားမှရမယ်"
ကျန်းရီသည် ရွှေယို့လန် ထွက်ခွာမသွားခင်က မှာကြားခဲ့သည်ကို ပြန်သတိရသွားခဲ့ပြီး မျက်နှာသွေးဆုတ်သွားခဲ့သည်။ နေနက်မိစ္ဆာနွယ် ကိစ္စကို သိုင်းခန်းမက ကြံစည်ခြင်းဆိုပါလျှင် ကျူးကော့ချမ်ယွမ်နှင့် ယွင်ဖေးတို့၏ မတော်တဆမှုများ အားလုံးသည် သိုင်းခန်းမ၏ လက်ချက် ဖြစ်နိုင်ချေ များလေသည်။
"နတ်မိမယ်ကျီ"
ကျန်းရီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့ပြီး ချမ်ကွေ့ကိုကြည့်၍ လေးလေးနက်နက် ပြောလိုက်သည်။
"ဦးလေးချမ်...ကျွန်တော့်ကို အသေးစိတ်စုံစမ်းပေးပါ။ ဒီနတ်မိမယ်ကျီက ကျီထင်ယွီလားဆိုတာ"
"ကျီထင်ယွီ...ကောင်းပြီ။ ငါအတတ်နိုင်ဆုံး ကြိုးစားကြည့်ပေးမယ်"
ချမ်ကွေ့သည် ခေါင်းငြိမ့်လာခဲ့သည်။ ကျန်းရီသည် တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ပုံရိပ်တစ်ခုသည် အပြေးရောက်လာခဲ့ပြီး အဆောက်အဦး အပြင်ဘက်တွင် ဒူးထောက်လိုက်သည်။
"အရှင်ကျန်း၊ ဂိုဏ်းချုပ်နဲ့ သခင်ကြီးချမ်...လျှိုယွိကို ကျွန်တော်တို့ တွေ့ပါပြီ။ ဒါပေမယ့်...သူသေနေပါပြီ"
"သေပြီဟုတ်လား"
ကျန်းရီ၊ ချမ်ကွေ့နှင့် ကျန့်ရီမင်တို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အလောတကြီး မေးလိုက်ကြသည်။
"အလောင်းကို ဘယ်မှာတွေ့တာလဲ"
ကျန့်ဂိုဏ်းမှ သိုင်းသမားသည် ခဏရပ်လိုက်ပြီး ပြန်ဖြေလာခဲ့သည်။
"အမတ်ချုပ်ရဲ့ အိမ်တော်မှာပါ"
"ကျန်းစွန်းယန်..."
ကျန့်ရီမင်နှင့် ချမ်ကွေ့သည် ပြိုင်တူ အလန့်တကြား ရေရွတ်လိုက်ကြသည်။ ကျန်းရီသည် နေရာမှ ပျံသန်းသွားလိုက်ပြီး ကျန့်ဂိုဏ်းမှ သိုင်းသမားကို အမိန့်ပေးလိုက်သည်။
"လမ်းပြပေး..."
ကျန့်ဂိုဏ်းသားသည် ရှေ့မှ ခပ်မြန်မြန် ပြေးသွားခဲ့သည်။ ကျန်းရီသည် နောက်မှလိုက်သွားခဲ့ပြီး အနောက်ဘက်မှ ကျန့်ရီမင်နှင့် ချမ်ကွေ့လည်း ပါလာခဲ့သည်။ ယာ့ဇီသားရဲသည် ဟိန်းသံတစ်ချက်ပြု၍ ကောင်းကင်မှ ဖြည်းဖြည်းချင်း လိုက်လာခဲ့သည်။
လမ်းများထက်တွင် စစ်သည်တို့ ပြည့်နေခဲ့ပြီး သူတို့သည် ကျန်းရီတို့ လူစုအား မြင်သည်နှင့် ဘေးသို့ အလျင်အမြန် ဖယ်ပေးကြသည်။ သူတို့သည် ကျန်းရီ စိတ်ရူးပေါက်၍ သူတို့အား ထသတ်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
မကြာခင်တွင် ရှန်ဝူနိုင်ငံ၏ အထင်ကရ ပုဂ္ဂိုလ်များ အစုံအလင်ရောက်နေသည့် အိမ်တော်ကြီးတစ်ခုထံသို့ ကျန်းရီရောက်သွားခဲ့သည်။ ကျန်းစွန်းယန်သည်လည်း ကျန်းစွန်းဂိုဏ်းသားများနှင့်အတူ အိမ်ပြင်ထွက်၍ စောင့်နေခဲ့သည်။ ကျန်းစွန်းဂိုဏ်းသည် ကျန်းရီလျှောက်လာသည်ကို မြင်လျှင် အလျင်အမြန် ဖျစ်ညှစ်ပြုံး၍ ဦးညွှတ်လိုက်သည်။
"ကျန်း...အရှင်ကျန်း...ကျုပ်ရဲ့ဂိုဏ်းကို တစ်စုံတစ်ယောက်က ချောက်ချဖို့ ကြံနေပါတယ်။ လျှိုယွိနဲ့ ဘာမှမပတ်သက်ပါဘူးလို့ ဒီအဘိုးကြီးက သူ့ခေါင်းကို အာမခံထားပြီး ပြောရဲပါတယ်"
"ပါးစပ်ပိတ်ထား..."
ကျန်းရီသည် မာန်အပြည့်နှင့် လျှောက်သွားလိုက်သည်။ သူသည် ကျန်းစွန်းယန်အား တစ်ချက်လေးပင် ငဲ့မကြည့်ဘဲ ကျန့်ဂိုဏ်းသားကိုသာ မေးလိုက်သည်။
"အလောင်းဘယ်မှာလဲ။ ငါ့ကို ခေါ်သွားပေး..."
ကျန့်ဂိုဏ်းသားသည် ရှေ့မှ အလျင်အမြန် ဝင်သွားခဲ့ပြီး ကျန်းရီသည် အနောက်မှ ခြေလှမ်းကျဲကျဲနှင့် လိုက်သွားခဲ့သည်။ ချမ်ကွေ့နှင့် ကျန့်ရီမင်တို့ အိမ်ထဲဝင်မည်အပြုတွင် သူတို့နားထဲသို့ စကားတစ်ခွန်း ဝင်ရောက်လာခဲ့သည်။
"ငါ့ညီအစ်ကိုနှစ်ယောက်...ခဏနေရင် ကောင်းတာတစ်ခုခု ကူပြောပေးပါ။ ဒီအဘိုးကြီးက ဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ရှစ်ဆယ်ရာခိုင်နှုန်းကို ပေးပါ့မယ်"
ချမ်ကွေ့နှင့် ကျန့်ရီမင်သည် တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ မည်သို့မှ မတုံ့ပြန်ဘဲ ဝင်သွားကြသည်။ ကျန်းစွန်းဂိုဏ်းသည် တော်ဝင်မိသားစုနှင့် ဆွေမျိုးတော်စပ်သည့်အတွက် အမြဲမောက်မာခဲ့သည်။ သူတို့သည် ကျန်းဂိုဏ်းနှင့် ပူးပေါင်း၍ အခြားဂိုဏ်းများကို ဖိနှိပ်ကာ သူတို့ဂိုဏ်းနှစ်ခု၏ စီးပွားရေးလမ်းကြောင်းများကို ပေါ်ပေါ်ထင်ထင်ရော၊ မသိမသာပါ လုယူသွားလေ့ရှိသည်။
သူတို့နှစ်ယောက်အနေနှင့် ကျန်းစွန်းဂိုဏ်း နိမ့်ကျချိန်တွင် ဝိုင်း၍ မဖိနှိပ်ခြင်းကပင် တော်လှပြီဖြစ်သည်။ အဘယ့်ကြောင့် ကျန်းစွန်းယန်ကို ကူညီပေးရမည်နည်း။ ထို့ပြင် ကျန်းစွန်းဂိုဏ်းအတွက် သူတို့ပြောပေးလျှင် ကျန်းရီ သူတို့ကို မည်သို့မြင်မည်နည်း။
လျှိုယွိ၏အလောင်းသည် ကျန်းစွန်းဂိုဏ်း၏ လျှို့ဝှက်ခန်းတစ်ခုထဲတွင် ဖြစ်သည်။ ကျန်းရီသည် မိနစ်သုံးဆယ်အတွင်း လျှိုယွိကို ရှာမတွေ့လျှင် ရှန်ဝူမြို့ကို သွေးဖြင့်ဆေးပစ်မည်ဟု ပြောထားလေရာ ရှန်ဝူနိုင်ငံ၏ စစ်တပ်သည် သာမန်ကာလျှံကာ မလုပ်ရဲဘဲ ဂိုဏ်းကြီးများ၏ အိမ်တော်များကိုပါ သေချာ ရှာဖွေခဲ့ကြသည်။
မြို့တောင်ဘက်ဂိတ်တံခါး၏ တပ်မှူး၊ ကျန်းကျန့်သည် ကျန်းစွန်းဂိုဏ်းမှ ဖြစ်နေသောကြောင့် စစ်သူကြီးတစ်ဦးသည် တပ်စုတစ်စုကို ဦးဆောင်၍ ကျန်းစွန်းဂိုဏ်းကို လာရောက်ရှာဖွေခဲ့သည်။ သူတို့အား ကျန်းစွန်းဂိုဏ်းက ရှာဖွေခွင့် မပြုသော်လည်း ထိုစစ်သူကြီးသည် အင်အားသုံး ဝင်ရောက်ခဲ့ရာ လျှိုယွိ၏ အလောင်းအား လျှို့ဝှက်အခန်းတစ်ခုထဲတွင် ရှာတွေ့ခဲ့သည်။
လျှိုယွိသည် အဆိပ်စား၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။ ကျန်းရီသည် လျှိုယွိ၏ အလောင်းအစစ် ဟုတ်မဟုတ် စစ်ဆေးပြီးနောက် သူ၏ဓားကို ထုတ်၍ လျှိုယွိ၏ခေါင်းအား ဖြတ်ကာ မီးဝိဉာဉ်ပုလဲအတွင်း ပစ်ထည့်လိုက်သည်။ သူသည် ခြေလှမ်းကျဲကြီးများနှင့် ထွက်လာခဲ့ပြီး ထိုက်ရှစ်ဂိုဏ်းမှ စစ်သူကြီးအား ငဲ့ကြည့်လိုက်သည်။
"ကျန်းစွန်းဂိုဏ်းက လူတွေ အကုန်လုံးကို ဖမ်းလိုက်၊ တစ်ယောက်လွတ်ရင် မင်းရဲ့ထိုက်ရှစ်ဂိုဏ်းက လူဆယ်ယောက်ကို ငါသတ်မယ်"
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းစွန်းဂိုဏ်းသားများအားလုံး သွေးဆုတ်သွားကြသလို ထိုက်ရှစ်ဂိုဏ်းသားများလည်း ဖြူဖျော့ကုန်ကြသည်။ ထိုက်ရှစ်ဂိုဏ်းမှ စစ်သူကြီးသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ဖြစ်သည်။ သူသည် ခံ့ညားလှသော သံချပ်ကာကို ဝတ်ဆင်ထားသော်လည်း ရှန်ဝူနိုင်ငံရှိ သူ့ရာထူးမှာ ထင်သလောက် အရေးပါပုံ မရပေ။ သူ့မျက်နှာထားသည် ခဏလေးအတွင်း အမျိုးမျိုး ပြောင်းလဲသွားခဲ့ပြီး အော်ဟစ်လိုက်သည်။
"နန်းတွင်းရဲမက်တို့...ငါ့စကားကို နားထောင်ပြီး အမတ်ချုပ်ရဲ့ အိမ်တော်တစ်ခုလုံးကို ပိတ်လိုက်ကြ"
"မင်းလုပ်ရဲလား"
ကျန်းစွန်းယန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှာ ဒေါသကြောင့် ရဲရဲနီနေသည်။
"ဖျန်း"
ကျန်းရီ၏လက်သည် သွေးစွန်းနေသော မီးနဂါးဓားကို ကိုင်ထားဆဲဖြစ်သည်။ သူသည် ဓားအပြားလိုက်ဖြင့် ကျန်းစွန်းယန်၏ မျက်နှာကို ရိုက်လိုက်လေရာ ကျန်းစွန်းယန် လွင့်ထွက်သွားခဲ့သည်။
သူ့မျက်လုံးများသည် ကျန်းစွန်းဂိုဏ်းသားများ အားလုံးအား ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ စကားဆိုလိုက်သည်။
"ငါ မေးခွန်းနည်းနည်းပဲ မေးမှာ၊ မင်းတို့က ဖြေဖို့ လိုအပ်တယ်လို့ မထင်ရင် မင်းတို့အကုန်လုံးရဲ့ နောက်ဆုံးခရီးကို ငါပို့ပေးမယ်"
"သူတို့အကုန်လုံးကို ချုပ်ထား"
ထိုက်ရှစ်ဂိုဏ်းမှ စစ်သူကြီးသည် အံကြိတ်၍ အော်ဟစ်လိုက်သည်။ လူတို့သည် မိမိကိုယ်တိုင်ထက် သူငယ်ချင်းတစ်ယောက် သေရမည်ကိုသာ ရွေးချယ်တတ်ကြသည်။ ကျန်းစွန်းဂိုဏ်း မပြောနှင့်၊ ကျန်းရီကို ရန်စသူတိုင်း အလားတူ ကံကြမ္မာမျိုးနှင့် တွေ့ကြုံသွားရနိုင်သည်။ သူသည် လက်ရှိအချိန်တွင် ရှန်ဝူမြို့၏ အာဏာရှင် ဖြစ်နေသည် မဟုတ်ပါလော။
စစ်သူကြီးထိုက်ရှစ် အမိန့်ပေးလိုက်သည်နှင့် သူ့လက်အောက်မှ လူများသည် ကျန်းစွန်းဂိုဏ်းမှ လူများကို စတင်ဖမ်းဆီးကြသည်။ ကျန်းစွန်းဂိုဏ်းသားများ အားလုံးမှာ ကျန်းစွန်းဂိုဏ်း၏ အရှေ့ဘက်မြေကွက်လပ်တွင် ကြိုးချည်ထားခြင်း ခံရသည်။ နန်းတွင်းရဲမက်များသည် ယဉ်ကျေးကြပြီး ကျန်းစွန်းဂိုဏ်းသားများကို မနှိပ်စက်ရဲကြပေ။
ကျန်းစွန်းဂိုဏ်းသည် ရှန်ဝူနိုင်ငံ၏ နံပါတ်တစ်ဂိုဏ်းဖြစ်သည်။ သူတို့ထံတွင် မျိုးဆက်အမြောက်အများ ရှိလေရာ ကျယ်ပြောလှသော မြေကွက်လပ်မှာ ခဏအတွင်း ပြည့်သွားခဲ့သည်။ အမျိုးသမီးများသည် အော်ဟစ်နေကြပြီး ကလေးများမှာ ငိုယိုနေကြသည်။ နေရာတစ်ခုလုံးမှာ မုန့်ဈေးတန်းအလား ဆူညံနေသည်။
ရှပ်...ရှပ်...ရှပ်...
စစ်သည်တစ်စုသည် သခင်လေးနှစ်ယောက်ကို ဖမ်းခေါ်လာခဲ့သည်။ ထိုအထဲမှတစ်ယောက်သည် အဆက်မပြတ် အော်ဟစ်လာခဲ့သည်။
"ငါ့ကို လွှတ်စမ်း"
ကျန်းရီသည် ဝေ့ကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။ သူ့မျက်လုံးများသည် အခြားသောသခင်လေးအားကြည့်၍ စကားစလိုက်သည်။
"ကျန်းစွန်းဝူကျိ...ငါတို့ မတွေ့တာတောင် အတော်ကြာသွားပြီ"
ဖမ်းဆီးခံလာရသည့် သခင်လေးနှစ်ယောက်တွင် တစ်ယောက်မှာ ကျန်းစွန်းဂိုဏ်း၏ ဂိုဏ်းချုပ်လောင်း၊ ကျန်းစွန်းဝူကျိဖြစ်လေသည်။ ကျန်းစွန်းဝူကျိသည် ကျန်းရီကို မြင်သောအခါ မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်လာခဲ့သည်။ သူသည် အံကြိတ်၍ နှုတ်ဆိတ်နေခဲ့သည်။
ကျန်းရီသည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့အား စိတ်ရှုပ်လာစေသည့် ရှေ့မှ ဗရမ်းဗတာ မြင်ကွင်းကိုကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"စစ်သူကြီးထိုက်ရှစ်...အသံထွက်ရဲတဲ့သူရှိရင် မတုံ့ဆိုင်းဘဲ သတ်ပစ်လိုက်"
"..."
အသံများ လုံးဝပျောက်ကွယ်သွားခဲ့သည်။ သို့သော် ၎င်းမှာ ကျန်းရီ၏ စကားများမှာ ကြောက်စရာ ကောင်းသောကြောင့် မဟုတ်ဘဲ သူမတော်တဆ ထုတ်လွှတ်မိသည့် လူသတ်ငွေ့ကြောင့် ကြောက်လန့်သွားကြခြင်းဖြစ်သည်။ ငိုယိုနေသည့် ကလေးများတောင် ကျန်းရီအား နတ်ဆိုးတစ်ကောင်သဖွယ် အလန့်တကြား ကြည့်လာကြသည်။
ကျန်းရီသည် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်၍ ကျန်းစွန်းယန်အားကြည့်ကာ ခြောက်ကပ်ကပ်လေသံနှင့် ပြောလိုက်သည်။
"အမတ်ချုပ်...အရင်က ဖြစ်ခဲ့တာတွေကို ကျုပ်ထည့်မပြောတော့ဘူး။ ဒီနေ့ကိစ္စမှာ စိတ်ကျေနပ်ရလောက်တဲ့ အဖြေတစ်ခု ခင်ဗျားပေးသရွေ့ ခင်ဗျားရဲ့ဂိုဏ်းကို ခက်ခဲအောင် မလုပ်ဘူး။ ခင်ဗျား ရှင်းပြစေချင်တယ်...ဘာလို့ ကျန်းစွန်းဂိုဏ်းရဲ့သမက်က လျှိုယွိကို မြို့ထဲဝင်ခွင့်ပေးလိုက်တာလဲ။ ပြီးတာနဲ့ သူဘာလို့ ကိုယ့်ကိုယ်ကို သတ်သေသွားတာလဲ။ ပြီးတော့ လျှိုယွိဘာလို့ ခင်ဗျားအိမ်က လျှို့ဝှက်အခန်းထဲ ရောက်နေတာလဲ။ ကျုပ်သိသလောက်တော့...သာမန်ဂိုဏ်းသားတွေက ဒီလိုလျှို့ဝှက်အခန်းကို သိစရာအကြောင်း မရှိဘူး ထင်တာပဲ"
"ငါ...ငါ..."
ကျန်းစွန်းယန်သည် ဘာမှကို တကယ်မသိသောကြောင့် ငိုချင်လာခဲ့သည်။ သူမည်သို့ ရှင်းပြရမည်နည်း။ သူသည် ခေါင်းယမ်း၍ သူ့ဂိုဏ်းသားများကို ဝေ့ကြည့်ကာ အော်မေးလိုက်သည်။
"လျှိုယွိကို လျှို့ဝှက်အခန်းထဲ ခေါ်သွားတာ ဘယ်သူလဲ။ ကိုယ့်ဟာကိုယ် ချက်ချင်းရှေ့ထွက်ခဲ့"
နေရာတစ်ခုလုံးသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်ဆဲပင်။ ကျန်းစွန်းယန်သည် ဒေါသထွက်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်လာခဲ့သည်။ သူသည် ကိုယ်ပိုင်ဓားကို ဆွဲထုတ်၍ ဓားရိုးအား ကျန်းရီထံ ကမ်းပေးကာ ပြောလာခဲ့သည်။
"ကျန်းရီ...မင်းသတ်ချင်ရင် ငါ့ကိုသာ သတ်လိုက်ပါ။ ဒီအဘိုးကြီးက တကယ်ဘာမှမသိပါဘူး။ မင်းက သဘောထားကြီးကြီးနဲ့ ငါ့ဂိုဏ်းသားတွေကို ချမ်းသာပေးလို့ရမလား"
"ဟမ့်"
ကျန်းရီသည် နှာမှုတ်၍ ကျန်းစွန်းဂိုဏ်းသားများအားလုံး၏ မျက်နှာများကို ဝေ့ကြည့်လိုက်သည်။
"ဘယ်သူလုပ်တာလဲ။ မင်းတို့ ဘာလို့ ထွက်မလာရဲတာလဲ။ ကျောင်းအုပ်ကျူးကော့ကို သတ်တဲ့ နောက်ကွယ်က ကြိုးကိုင်သူကိုပဲ ငါသိချင်တာ...တစ်ယောက်မှ ထွက်မပြောရင်တော့ ငါတောင်းပန်တယ်...မင်းတို့ ကျန်းစွန်းဂိုဏ်းတစ်ခုလုံး ချွင်းချက်မရှိ အသတ်ခံရမယ်"
***