ဆုန့်ချင်းရှူးအပေါ် ပြင်းထန်သော ရိုက်ခတ်မှု
Vol. 7 Ch. 62
ယွီလျန်ကျိုးနှင့် ကျန်းစုန်းရှီးတို့အပါအဝင် ဝူတန်မျိုးဆက်သစ်များမှာလည်း 'ငါတို့ ဝူတန်ဂိုဏ်းကို ကောင်းကင်ဘုံက စောင့်ရှောက်နေခြင်းဖြစ်လိမ့်မည်။ ဝူကျိသည် ငယ်ရွယ်သော်လည်း ကြီးမြတ်သော အမှုကိစ္စများကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ရာ ဆုန့်ချင်းရှူးမှာလည်း သူနှင့်မခြား ထူးချွန်သူတစ်ဦး ဖြစ်ပေသည်။ ထိုကဲ့သို့သော သူရဲကောင်းစိတ်ဓာတ်မျိုးမှာ ငါတို့မျိုးဆက်နဲ့ အမှန်တကယ်ပင် ထိုက်တန်လှပေသည်' ဟု တွေးတောကာ စိတ်သက်သာရာ ရသွားကြကုန်သည်။
သို့ရာတွင် ထိုနေရာ၌ရှိနေသော လူအများထဲ၌ ကျန်းဝူကျိ တစ်ဦးတည်းသာလျှင် ဆုန့်ချင်းရှူးသည် ကျိုးကျစ်လော့အပေါ် စွဲလန်းရူးသွပ်နေသောကြောင့်သာ ထိုသို့ပြောဆိုနေခြင်းဖြစ်ကြောင်း သိရှိနေပေသည်။ သူရဲကောင်းစိတ်ဓာတ်နှင့် ပတ်သက်၍မူ ဆုန့်ချင်းရှူးတွင် လုံးဝမရှိဟု မဆိုလိုသော်လည်း ကျိုးကျစ်လော့နှင့် ယှဉ်နိုင်လောက်သည့် အဆင့်အထိ မရောက်ရှိသေးချေ။
ကျန်းဝူကျိက ပြုံးလျက် "စီနီယာအစ်ကိုဆုန့်က စီနီယာဦးလေးရဲ့ သားပီပီ ချီးကျူးစရာကောင်းတဲ့ သူရဲကောင်းစိတ်ဓာတ် ရှိတာပဲလေ။ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကြောင့် ဘယ်တော့မှ ယိမ်းယိုင်မသွားဘူး။ ဒီဂျူနီယာညီလေးကတော့ တကယ်ပဲ အထင်ကြီးမိပါတယ်" ဟု ဆိုလိုက်သည်။
ထိုစကားများမှာ ချီးကျူးစကားများဖြစ်သည်မှာ သိသာလှသော်လည်း ဆုန့်ချင်းရှူးအဖို့ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရသည်။ ကျိုးကျစ်လော့ကို ကယ်တင်လိုသော စိတ်စောနေခြင်းနှင့် ပေါင်းစပ်ကာ သူသည် အောင့်သက်သက်ဖြင့်သာ ပြုံးပြနိုင်ပြီး ကျန်းဝူကျိကို နှုတ်ဆက်ကာ မည်သည့်စကားမျှ ထပ်မံမပြောဆိုတော့ချေ။
ဆုန့်ယွမ်ချောင်က ခဏမျှ စဉ်းစားပြီးမှ "ငါတို့ရဲ့ အတွင်းအားတွေ ပြန်ကောင်းလာဖို့ အနည်းဆုံး ရက်အနည်းငယ်တော့ ကြာဦးမယ်။ ယွမ်မင်းဆက် အစိုးရက ဒေါသထွက်ပြီး ကျန်တဲ့ ဂိုဏ်းကြီး လေးဂိုဏ်းကို ပစ်မှတ်ထားမလားဆိုတာ ငါတို့ မသိနိုင်ဘူး။ သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး သွားကယ်ဖို့ ကြိုးစားရမှာပဲ" ဟု ဆိုသည်။
အားလုံးက ခေါင်းငြိမ့် ထောက်ခံကြသည်။ ထိုစဉ် ကျန်းစုန်းရှီးက ရုတ်တရက် "အစ်ကိုကြီး၊ ငါတို့ ကြားခဲ့ရတဲ့ သတင်းကို မေ့သွားပြီလား" ဟု မေးမြန်းလိုက်၏။
ကျန်းစုန်းရှီး၏ စကားကို ကြားသောအခါ ဆုန့်ယွမ်ချောင်သည် ရုတ်တရက် တုန်လှုပ်သွားပြီး ယွီလျန်ကျိုးနှင့် အခြားသူများလည်း တုန်လှုပ်သွားကြသည်။
ကျန်းဝူကျိက စပ်စုလိုသောစိတ်ဖြင့် "ဘယ်လိုသတင်းကို ကြားခဲ့တာလဲဟင်" ဟု မေးလိုက်သည်။
ကျန်းစုန်းရှီးက "မွန်ဂိုစစ်ဗိုလ်တစ်ယောက် ပြောနေတာကို ငါတို့ မတော်တဆ ကြားခဲ့တာ။ ဂိုဏ်းချုပ်ဆရာကြီးရဲ့ သိုင်းပညာကို ကြောက်တဲ့အတွက် သူတို့က အရင်ဆုံး ရှောင်လင်ဂိုဏ်းကို ဖျက်ဆီးမယ်၊ ဝူတန်ဂိုဏ်းကို ခြိမ်းခြောက်မယ်၊ အဲဒီနောက်မှ ဝူတန်ဂိုဏ်းကို တဖြည်းဖြည်း တိုက်ခိုက်မယ်လို့ ကြံစည်နေကြတာပဲ" ဟု ပြောပြပေသည်။
ယွီလျန်ကျိုးက မျက်မှောင်ကြုတ်လျက် "ငါ တွက်ကြည့်သလောက်ဆိုရင် ငါတို့သတင်းရထားတာ တစ်ပတ်ကျော် ကြာသွားပြီ။ သူတို့ ရှောင်လင်ဂိုဏ်းကို စပြီး တိုက်ခိုက်နေလောက်ပြီ" ဟု ဆိုသည်။
ကျန်းဝူကျိသည် အခြေအနေအားလုံးကို သိရှိနေသူ ဖြစ်ပေသည်။ ဤကိစ္စမှာ အခြေအနေတစ်ရပ်မျှသာ ဖြစ်သောကြောင့် သူက "အဖိုးနဲ့ ဝူတန်ဂိုဏ်းက အရေးကြီးဆုံးပဲ။ စီနီယာဦးလေးတို့နဲ့ ဂျူနီယာဦးလေးတို့ အားလုံး ဒီမှာ နှစ်ရက်လောက် အနားယူပြီးမှ ဝူတန်ဂိုဏ်းကို အတူတူပြန်ပြီး သတင်းပို့ကြပါ။ ကျွန်တော်ကတော့ မင်ဂိုဏ်းသားတွေကို ခေါ်ပြီး ကူညီပေးဖို့ ရှောင်လင်ဂိုဏ်းကို သွားလိုက်မယ်" ဟု အကြံပြုလိုက်သည်။
ဟင်.....
ကျန်းဝူကျိ၏ စကားကို ကြားသောအခါ ဆုန့်ယွမ်ချောင်နှင့် အခြားသူများမှာ အတန်ငယ် အံ့အားသင့်သွားကြသည်။
၎င်းတို့သည် ကျန်းဝူကျိနှင့် ဤကိစ္စကို မဆွေးနွေးရခြင်းမှာ ကျန်းဝူကျိသည် ဂိုဏ်းကြီး လေးဂိုဏ်းနှင့် ရန်သူဖြစ်ခဲ့ဖူးပြီး မင်ဂိုဏ်းသားများသည်လည်း ထိုဂိုဏ်းများအပေါ် ကောင်းသော အမြင်မရှိကြသည်ကို သိနေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ယခုအချိန်တွင် မင်ဂိုဏ်းဘက်မှ အကူအညီ ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ ကျန်းဝူကျိအနေဖြင့် ၎င်းတို့နှင့် သွေးသားတော်စပ်မှုကြောင့် ကြားညှပ်ပြီး အကျပ်ရိုက်မည်ကို စိုးရိမ်သောကြောင့်သာ ဘာမျှမပြောဘဲ နေခဲ့ကြခြင်း ဖြစ်ပေသည်။ ယခုမူ ကျန်းဝူကျိကိုယ်တိုင်က ဦးဆောင်၍ ကူညီရန် ကမ်းလှမ်းလာလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားခဲ့ကြချေ။
ဆုန့်ယွမ်ချောင်တို့၏ အံ့အားသင့်နေသော မျက်နှာများကို မြင်သောအခါ ကျန်းဝူကျိက ပြုံးလျက် "ဒါက အံ့သြစရာ ဘာရှိလို့လဲ။ မင်ဂိုဏ်းနဲ့ ဂိုဏ်းကြီးတွေဟာ အခုကစပြီး ပြန်လည်သင့်မြတ်သွားပြီလို့ ကျွန်တော် ပြောပြီးပြီပဲ။ အားလုံးရဲ့ ရည်မှန်းချက်က မွန်ဂိုတွေကို မောင်းထုတ်ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ပဲလေ။ အဲဒီလိုဆိုရင် ကျွန်တော်တို့အားလုံးဟာ တစ်ဘက်တည်းသားတွေပဲပေါ့။ ကျွန်တော်က ကူညီပေးတာ ဘာမှမမှားပါဘူး" ဟု ဆိုလိုက်သည်။
ကျန်းဝူကျိ၏ စကားကြောင့် ဝူတန်သူရဲကောင်း လေးဦးစလုံးသည် အလွန်ပင် စိတ်လှုပ်ရှားသွားကြပြီး ကျန်းဝူကျိကို ပိုမို၍ လေးစားမိကြသည်။
"ဝူကျိကတော့ တကယ့်ကို လိမ္မာတဲ့ကလေးပဲ"
ဆုန့်ယွမ်ချောင်က ကျေနပ်စွာ ခေါင်းငြိမ့်လျက် "ဒါဆိုရင် အချိန်မဆွဲနဲ့တော့။ မင်းတို့ အခုပဲ ထွက်သွားကြတော့။ ငါတို့ကတော့ နှစ်ရက်လောက် အနားယူပြီးမှ ထွက်လာခဲ့မယ်။ ဘာပဲဖြစ်ဖြစ် သတိထားဖို့တော့ မမေ့နဲ့ဦး" ဟု မှာကြားလေသည်။
"စိတ်ချပါ စီနီယာဦးလေး။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်"
ကျန်းဝူကျိက ပြုံးလျက် ခေါင်းငြိမ့်ပြသည်။ သူသည် မိမိကို သူစိမ်းကဲ့သို့ မဆက်ဆံသော ဝူတန်မိသားစုဝင်များနှင့် အလွန်ပင် ရင်းနှီးလှပေသည်။
သို့ရာတွင် ဘေးနားရှိ ဆုန့်ချင်းရှူးမှာမူ တွေဝေငေးမောနေသည်။ သူသည် ကျိုးကျစ်လော့ကို ကယ်တင်ရန်သာ စဉ်းစားနေခြင်း ဖြစ်သည်။ ယခုမူ အခြေအနေက မည်သို့ဖြစ်သွားသနည်း။ တစ်စုက ရှောင်လင်ဂိုဏ်းကို သွားမည်၊ နောက်တစ်စုက ဝူတန်ဂိုဏ်းကို ပြန်မည်။ ထိုသို့ဆိုလျှင် ကျိုးကျစ်လော့က မည်သို့ဖြစ်မည်နည်း။
ဆုန့်ချင်းရှူးက စိုးရိမ်တကြီးဖြင့် "အဖေ...... ဝမ်အန်းဘုရားကျောင်းထဲမှာ ရှိနေတဲ့ ဂိုဏ်းကြီး လေးဂိုဏ်းက လူတွေကော ဘယ်လိုလုပ်မှာလဲ" ဟု မေးလိုက်သည်။
ဆုန့်ယွမ်ချောင်က မျက်မှောင်ကြုတ်လျက် "သိုင်းလောကက မိတ်ဆွေတွေကို ကယ်ဖို့က အရေးကြီးပေမယ့် ဂိုဏ်းချုပ်ဆရာကြီးက ဘာထက်မဆို ပိုအရေးကြီးတယ်။ မင်းက ဝမ်အန်းဘုရားကျောင်းထဲမှာရှိတဲ့ လူတွေကိုပဲ စိတ်ပူပြီး မင်းရဲ့ အဘိုးဆရာကြီးကို ပစ်ထားတော့မှာလား" ဟု ငေါက်လိုက်သည်။
"ဒါ... ကျွန်တော်မျိုး မဝံ့ရဲပါဘူး"
ဆုန့်ချင်းရှူးသည် မည်သို့ ပြန်ပြောရဲပါမည်နည်း။ သူသည် ကူကယ်ရာမဲ့စွာ ခေါင်းငြိမ့်လိုက်ရတော့သည်။
သို့သော် ကျန်းဝူကျိက ပြုံးလျက် "စီနီယာအစ်ကိုဆုန့်၊ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ ရှောင်လင်ဂိုဏ်းကို ကူညီပြီးရင် ဝူတန်ဂိုဏ်းမှာ ပြန်ဆုံကြမယ်။ အားလုံးအဆင်ပြေတယ်ဆိုရင် ဂိုဏ်းကြီးတွေက လူတွေကို ကယ်ဖို့ ဝမ်အန်းဘုရားကျောင်းကို အတူတူ သွားကြတာပေါ့။ ယွမ်စစ်တပ်ရဲ့ ရည်ရွယ်ချက်က သူတို့ကို အညံ့ခံခိုင်းဖို့ဆိုတော့ ပျော့ပျောင်းတဲ့ နည်းလမ်းတွေကိုပဲ သုံးမှာပါ။ အချိန်တိုအတွင်းမှာ သူတို့ အန္တရာယ်မရှိနိုင်ပါဘူး" ဟု ဆိုသည်။
ကျန်းဝူကျိက ယခုကဲ့သို့ ဂိုဏ်းကြီး လေးဂိုဏ်းကို ကယ်တင်မည့်အကြောင်းကို ပြန်လည်ပြောဆိုလိမ့်မည်ဟု ဆုန့်ချင်းရှူး မမျှော်လင့်ထားခဲ့ချေ။ ခဏမျှ ဆုန့်ချင်းရှူးသည် မိမိ၏ ဂိုဏ်းတူညီလေးလည်းဖြစ်သော ဤမင်ဂိုဏ်းချုပ်မှာ အတော်ပင် သဘောကောင်းလှသည်ဟု ထင်မြင်ကာ ကျန်းဝူကျိအပေါ် အနည်းငယ် လေးစားစိတ် ဝင်သွားမိသည်။
သို့ရာတွင် ကျန်းဝူကျိ၏ နောက်ထပ်ပြောလိုက်သော စကားတစ်ခွန်းက သူ၏ စိတ်ခံစားချက်များကို လုံးဝ ရိုက်ချိုးလိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျန်းဝူကျိက ပြုံးလျက် "နောက်ပြီး အော့မေ့ဂိုဏ်းက မိန်းကလေးကျိုးကျစ်လော့လည်း ဟိုမှာ ရှိနေတာပဲလေ။ ကျစ်လော့နဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေ ဖြစ်တဲ့အပြင် တစ်ဦးနဲ့တစ်ဦးလည်း လျှို့ဝှက် ကတိသစ္စာပြုထားပြီးသားပါ။ ကျွန်တော် တခြားသူတွေကို ဂရုမစိုက်ရင်တောင် ကျစ်လော့ကိုတော့ ဘယ်လိုလုပ် ပစ်ထားနိုင်မှာလဲ" ဟု ဆိုလိုက်လေသည်။
တောက်.... ဘာတွေလဲဟ......
ဆုန့်ချင်းရှူးသည် ချက်ချင်းပင် စိတ်ဓာတ်ကျသွားသည်။ ကျန်းဝူကျိက မိမိကို ထိုကဲ့သို့ စကားမျိုး ပြောလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
သူ၏ ရင်ထဲတွင် နတ်သမီးတစ်ပါးကဲ့သို့ မြတ်နိုးတန်ဖိုးထားရသော ကျိုးကျစ်လော့သည် ဤမိစ္ဆာဂိုဏ်းချုပ်နှင့် ငယ်သူငယ်ချင်းများ ဖြစ်နေရုံသာမက လျှို့ဝှက် ကတိသစ္စာများပင် ပြုထားကြသည်တဲ့လား။
ခါးသီးသော ခံစားချက်၊ မသက်မသာဖြစ်မှုနှင့် မွန်းကျပ်မှုတို့က ဆုန့်ချင်းရှူးကို ဝါးမြိုသွားပြီး တစ်ကိုယ်လုံး အင်အားချည့်နဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုစကားများမှာ အမှန်တရားဖြစ်ကြောင်းကို သူ လုံးဝ သံသယမဖြစ်မိချေ။ အဘယ်ကြောင့်ဆိုသော် ကွမ်မင်တောင်ထိပ်တွင် ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့၏ အခြေအနေကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
ကျန်းဝူကျိက မျက်စိမှိတ်ကာ အသေခံရန် ပြင်ဆင်နေချိန်တွင် ကျိုးကျစ်လော့သည် ဓားဖြင့် မထိုးရက်ဘဲ မျက်လုံးထဲ၌ ချစ်ခြင်း၊ ပျော်ရွှင်ခြင်း၊ တွန့်ဆုတ်ခြင်းနှင့် ရုန်းကန်နေရခြင်းများကို ဆုန့်ချင်းရှူးကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
ထိုစဉ်ကတည်းက ကျန်းဝူကျိနှင့် ကျိုးကျစ်လော့တို့ကြားတွင် တစ်ခုခုရှိနေနိုင်သည်ဟု ဆုန့်ချင်းရှူး သံသယဝင်ခဲ့ပြီး ဖြစ်သည်။
ယခုမူ အတည်ပြုချက် ရရှိသွားပြီဖြစ်ရာ သူ၏ မျှော်လင့်ချက်များ အားလုံး ပျက်သုဉ်းသွားရချေပြီ။ သူ၏ နတ်သမီးလေးသည် အခြားသူတစ်ဦးအား ကတိသစ္စာပြုထားခဲ့ပြီဖြစ်ရာ သူက မည်သူနည်း။ ကျိုးကျစ်လော့မှာ သူ နှစ်သက်နေသည်ကိုပင် သိရှိခြင်းမရှိရာ သူသည် ရှုံးနိမ့်သွားသော လူတစ်ယောက်အဖြစ်ပင် သတ်မှတ်၍ မရနိုင်တော့ချေ။
သူသည် ဘာကိုမျှ မခံစားနိုင်တော့ဘဲ ထုံထိုင်းသွားရသည်။
ဆုန့်ချင်းရှူး၏ မျက်နှာသည် အလွန်ပင် ညှိုးငယ်သွားပြီး လောကကြီးတစ်ခုလုံးကို မကျေနပ်သော မျက်ဝန်းများဖြင့် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျမတတ် ထိုင်ချလိုက်တော့သည်။
မိမိ၏ စကားများက ဆုန့်ချင်းရှူးကို ထိုမျှလောက် ထိခိုက်သွားစေသည်ကို မြင်သောအခါ ကျန်းဝူကျိသည် အလွန်ပင် ကျေနပ်သွားမိသည်။
'အရှက်မရှိတဲ့ကောင်၊ ကျိုးကျစ်လော့ကို မင်းက မက်မောချင်သေးတယ်ပေါ့။ ငါကသာ သူမရဲ့ နှလုံးသားတံခါးကို ဖွင့်နိုင်တဲ့သူပဲ၊ မင်းက ဘာမို့လို့လဲ' ဟု ကျန်းဝူကျိက စိတ်ထဲမှ ကြိတ်၍ ဆိုလိုက်သည်။
အမှန်စင်စစ် ဆုန့်ချင်းရှူးသည် ကောင်းမွန်သော ပညာသင်ကြားမှုများကို ရရှိခဲ့သူဖြစ်ပြီး သိုင်းပညာနှင့် ရုပ်ရည်မှာလည်း မျိုးဆက်သစ်များထဲတွင် ထိပ်တန်းက ဖြစ်ပေသည်။ သို့ရာတွင် သူသည် အတွေ့အကြုံနည်းပါးပြီး စိတ်ဓာတ်မခိုင်မာသည့်အပြင် ပရိယာယ်လည်း မကြွယ်ဝသောကြောင့် နောင်တွင် ကံကြမ္မာဆိုးနှင့် ကြုံရမည့်သူ ဖြစ်သည်။
ထို့ကြောင့် ကျန်းဝူကျိက ယခုကဲ့သို့ ပြုမူခြင်းမှာ ဆုန့်ချင်းရှူးကို လျင်မြန်စွာ ရင့်ကျက်လာစေရန် ရိုက်ခတ်မှုတစ်ခု ပေးလိုက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ သူ့အပေါ် ကျေးဇူးပြုခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
အရေးကြီးဆုံးအချက်မှာ ဤကျေးဇူးပြုခြင်းသည် တစ်ကြိမ်တည်းနှင့် ပြီးဆုံးသွားမည် မဟုတ်ချေ။ စိတ်ထားကောင်းသော ကျန်းဝူကျိသည် ဆုန့်ချင်းရှူး၏ ရှေ့မှောက်တွင် ကျိုးကျစ်လော့ကို နမ်းပြခြင်း၊ ၎င်းတို့၏ မင်္ဂလာဆောင်သို့ ဖိတ်ကြားခြင်း သို့မဟုတ် ကလေးရလာလျှင် ဖေဖေကြီးအဖြစ် သတ်မှတ်ပေးခြင်း စသည်ဖြင့် ဆုန့်ချင်းရှူး၏ စိတ်ဓာတ်ကို အစဉ်တစိုက် ရိုက်ခတ်မှုများ ပေးသွားရန် ပြင်ဆင်ထားပေသည်။ ၎င်း၏ အဓိက ရည်မှန်းချက်မှာ ဆုန့်ချင်းရှူးကို စိတ်ပိုင်းဆိုင်ရာ လျင်မြန်စွာ ရင့်ကျက်လာစေရန် ရည်ရွယ်၍ လေ့ကျင့်ပေးလိုခြင်းသာ ဖြစ်ပေသည်။
ဂိုဏ်းချုပ်ကြီး၏ ကျေးဇူးတရားမှာ တစ်သက်စာနှင့် ဆပ်၍ ကုန်နိုင်မည် မဟုတ်ဘဲ မျိုးဆက်များစွာအထိ အတိုးရနေမည် ဖြစ်ပေသည်။
သို့သော် ကျန်းဝူကျိသည် သဘောထားကြီးသူဖြစ်ရာ ဆုန့်ချင်းရှူးထံမှ အလွန်အကျွံ ကျေးဇူးတင်စကားများကို မလိုအပ်ချေ။ သူသည် လူပြက်တစ်ယောက်ကဲ့သို့ ဟန်ဆောင်မှုကင်းကင်း နေပေးလျှင်ပင် ကျေနပ်လှပါပြီ။
ဆုန့်ယွမ်ချောင်မှာမူ ဂိုဏ်းချုပ်ဆရာကြီးနှင့် ဝူတန်ဂိုဏ်း၏ အခြေအနေကို စိုးရိမ်နေရသောကြောင့် အခြားအရာများကို များများစားစား မစဉ်းစားနိုင်ချေ။ ကျန်းဝူကျိနှင့် ဆုန့်ချင်းရှူးတို့ ယဉ်ယဉ်ကျေးကျေး စကားပြောနေကြသည်ကိုသာ ကြားရသဖြင့် သူသည် စိတ်အေးသွားမိသည်။ အစောပိုင်းက ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့လုနီးပါး ဖြစ်ခဲ့သောကြောင့် သူ စိုးရိမ်ခဲ့ရသော်လည်း ယခုမူ အခြေအနေများ ပြေလည်သွားပြီ ဖြစ်သည်။
ဝူတန်ဂိုဏ်းသားများထဲတွင် အထက်မြက်ဆုံးဖြစ်သော ကျန်းစုန်းရှီးပင်လျှင် ဘာကိုမျှ သတိမထားမိချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် ကျန်းဆန်းဖုန်းအတွက် စိုးရိမ်နေကြသောကြောင့် ဖြစ်သည်။ ဝူတန်သူရဲကောင်း ခုနစ်ဦးစလုံးသည် တကယ့်ကို သစ္စာရှိပြီး သူရဲကောင်းပီသသော တပည့်ကောင်းများ ဖြစ်ကြပေသည်။ အဘိုးကြီးကျန်းသည် တပည့်များကို သင်ကြားပြသရာတွင် အမှန်တကယ်ပင် တော်လှန်လှပေသည်။
ကျန်းဝူကျိသည် လူလွှတ်၍ စူးစမ်းစေရာ ကျောက်မိန်နှင့် ယွမ်စစ်တပ်တို့ လုံးဝ ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် ၎င်းတို့သည် ပြန်လည် တိုက်ခိုက်လိမ့်မည် မဟုတ်ကြောင်း အတည်ပြုပြီးမှ စိတ်အေးလက်အေးဖြင့် ထွက်ခွာခဲ့သည်။
ကျန်းဝူကျိနှင့် မင်ဂိုဏ်းသားများသည် စိမ်းလန်းသော မိုးမခစံအိမ်မှ ထွက်ခွာလာပြီးနောက် ရှောင်လင်ဂိုဏ်းရှိရာသို့ အတူတူ ချီတက်သွားကြလေတော့သည်။