လောကငရဲ
Vol. 1 Ch. 445
ကျန်းရီသည် ဘယ်တုန်းကမှ ဟာသမပြောဖူးမှန်း သွေးဆာနေသည့်နတ်ဆိုးဟူသည့် နာမည်က သက်သေဖြစ်သည်။ သူ့အတွက် လူတစ်ယောက်ကို သတ်ခြင်းနှင့် လူတစ်သောင်းကိုသတ်ခြင်းမှာ ထမင်းစားရေသောက်သည့်အလား တူညီစွာ လွယ်ကူလှသည်။ သူသည် ဆယ့်ရှစ်နှစ် မပြည့်သေးသော်လည်း သူသတ်ခဲ့သည့် လူအရေအတွက်မှာ ဤနေရာမှ လူတိုင်း သတ်ခဲ့ဖူးသည်ထက် ပိုမိုများပြားလောက်သည်။
ထို့ကြောင့် ကျန်းစွန်းယန်သည် ကြောက်လန့်နေခြင်းဖြစ်သည်။ သူသည် သူ့ညီအစ်ကိုများ၊ အကြီးအကဲများနှင့် တိုက်ရိုက်မျိုးဆက်များ အားလုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် အလွန်ဒေါသထွက်စွာ အော်ပြောလာခဲ့သည်။
"ဘယ်သူ လုပ်တာလဲ။ အခုချက်ချင်း ရှေ့ထွက်ခဲ့။ မင်းတကယ်ပဲ တစ်ဂိုဏ်းလုံးသေအောင် လုပ်မလို့လား။ ကြိုးကိုင်သူကို သိရတာနဲ့ ငါတို့အားလုံးကို လွှတ်ပေးမယ်လို့ အရှင်ကျန်းပြောတယ်လေ။ အရှင်ကျန်းက အထင်ကရပုဂ္ဂိုလ်ပဲ...သူ့စကားကို သူတည်မှာပဲ"
ဒုန်း...
ကျန်းစွန်းဂိုဏ်း၏ အကြီးအကဲတစ်ဦးသည် မြေပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်သည်။ သူသည် ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။
"ကျုပ်ပါ...လျှိုယွိကို ခေါ်လာခဲ့တာ ကျုပ်ပါ"
ဝှစ်...
သူရှင်းပြ၍ မဆုံးသေးခင် ဘေးဘက်မှ တစ်စုံတစ်ဦးသည် အဆိပ်အပ်ဖြင့် လှမ်းပစ်လာခဲ့သည်။ အပ်သည် အကြီးအကဲ၏ နားထင်အား စိုက်ဝင်သွားခဲ့ပြီး ထိုလူမှာ ချက်ချင်းသေဆုံးသွားခဲ့သည်။
ဝှစ်...ဝှစ်...ဝှစ်...
လူတိုင်းသည် အဆိပ်အပ်ပစ်လိုက်သောသူအား ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။ တစ်ဖက်လူကို သူတို့မြင်သော် လူတိုင်းဆွံ့အသွားကြသည်။ ထိုသူမှာ မမျှော်လင့်ထားစွာ ကျန်းစွန်းဝူကျိ ဖြစ်နေခဲ့သည်။
ဝှစ်...
ကျန်းစွန်းယန်မှလွဲ၍ လူတိုင်း ကျောက်ရုပ်ဖြစ်နေကြသည်။ ကျန်းစွန်းယန်သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွား၍ လက်ကိုမြှောက်ကာ ကျန်းစွန်းဝူကျိအား ရိုက်ချလိုက်သည်။
"ကျေးဇူးကန်းတဲ့သား...မင်းဘာလုပ်နေတယ်ဆိုတာကို သိရောသိရဲ့လား။ တစ်ဂိုဏ်းလုံးကို သေစေချင်နေတာလား"
စတေးခံရန် လိုလားသည့် တစ်စုံတစ်ယောက် ရှိလာသောကြောင့် ကျန်းစွန်းယန်တွင် ရှင်သန်ရန် မျှော်လင့်ချက် ရှိလာခဲ့သည်။ သို့သော် ကျန်းစွန်းဝူကျိသည် ထိုလူအား သတ်ပစ်ခဲ့သည်။ ကျန်းစွန်းယန် ဒေါသမထွက်မိဘဲ နေနိုင်ပါမည်လော။
"ဟက်...သူက ကျန်းစွန်းဂိုဏ်းကို အန္တရာယ်ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ဒီကိစ္စက သူအမိန့်ပေးတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ခင်ဗျားဂိုဏ်းရဲ့ အဲ့အကြီးအကဲက ဒီလောက်သတ္တိရှိမှာ မဟုတ်ဘူး"
ကျန်းရီသည် မဲ့ပြုံးပြုံး၍ ကျန်းစွန်းယန်၏ ပုခုံးအား လက်တစ်ဖက်ဖြင့် ကိုင်ကာ ဘေးသို့ ဆွဲဖယ်လိုက်သည်။ ထို့နောက် သူသည် ကျန်းစွန်းဝူကျိအား တည်ငြိမ်လှသော မျက်လုံးများနှင့်ကြည့်၍ စကားစလိုက်သည်။
"သခင်လေးဝူကျိ...မင်းက မင်းသခင်ကို တော်တော်လေး ကာကွယ်ပေးချင်ပုံရတယ်။ မင်းတို့တစ်ဂိုဏ်းလုံးကို ငါတကယ်မသတ်ရဲဘူးလို့ ထင်နေတာလား"
"ဟားဟား"
ကျန်းစွန်းဝူကျိသည် ဝါးပိုက်ငယ်တစ်ခုကို ပါးစပ်မှ ဖယ်လိုက်ပြီး ကျန်းရီအား ကောက်ကျစ်စွာကြည့်၍ ပြုံးလိုက်သည်။
"ကျန်းရီ...မင်းမလုပ်ပါဘူး။ အပြစ်မရှိတဲ့သူတွေကို မင်း ဘယ်တုန်းကမှ မသတ်ဖူးဘူး။ မင်း ငါ့အဖေကို သတ်ရင်သတ်မယ်၊ ဂိုဏ်းက သိုင်းသမားတွေ အကုန်လုံးကို သတ်ရင်သတ်လိမ့်မယ်...ဒါပေမယ့် မိန်းမတွေနဲ့ ကလေးတွေကိုတော့ မင်းသတ်မှာ မဟုတ်ဘူး။ ငါမင်းအကြောင်းတွေ အကုန်စုံစမ်းထားတာမို့ မင်းကို ကောင်းကောင်းနားလည်တယ်...မင်းငါ့ကို လိမ်လို့မရဘူး"
"အိုး..."
ကျန်းရီ၏ မျက်လုံးများသည် မှေးစင်းသွားခဲ့ပြီး လှောင်ရယ်သံနှင့် ပြောလိုက်သည်။
"မင်းငါ့ကို ကောင်းကောင်းသိတဲ့ပုံပဲ။ ဟက်...မိန်းမတွေနဲ့ ကလေးတွေကို ငါမသတ်ဘူးဆိုရင်တောင် မင်းရဲ့အဖေ၊ မင်းရဲ့ဦးလေးတွေနဲ့ မင်းရဲ့ညီနောင်တွေ သေမှာကို ကြည့်နေဖို့ မင်းပြင်ဆင်ပြီးပြီလား"
"မတတ်နိုင်ဘူးလေ"
ကျန်းစွန်းဝူကျိသည် သက်ပြင်းချရင်း ပြန်ဖြေလာခဲ့သည်။
"ကြိုးကိုင်သူရဲ့ နာမည်ကို ငါထုတ်ပြောလိုက်ရင် တစ်လအတွင်း ငါတို့တစ်ဂိုဏ်းလုံး အမြစ်ပြတ် သုတ်သင်ခံရမယ်။ ငါမပြောရင် အနည်းဆုံးတော့ ကျန်းစွန်းဂိုဏ်းမှာ အသက်ရှင်သူတစ်ချို့တော့ ကျန်မယ်မလား"
"အင်း...မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်။ ဒီလိုဆိုမှတော့ မင်းမသေခင် ကျန်းစွန်းဂိုဏ်းကလူတွေ မင်းကြောင့် ဘယ်လိုအသတ်ခံရတယ်ဆိုတာ မင်းကိုမြင်ခွင့်ပြုရမှာပေါ့။ အမှားလုပ်တဲ့သူအတွက် အကျိုးဆက်ဆိုတာ ရှိစမြဲပဲလေ"
ကျန်းရီသည် တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်ပြီး စစ်သူကြီးထိုက်ရှစ်ကိုကြည့်၍ အမိန့်ပေးလိုက်သည်။
"ကျန်းစွန်းဂိုဏ်းရဲ့ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်အားလုံးကို သတ်လိုက်။ စစ်သူကြီးထိုက်ရှစ်...ခင်ဗျားမသတ်ရဲရင် ခင်ဗျားရဲ့ တစ်ဂိုဏ်းလုံးကို ကျုပ်သတ်မယ်"
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းစွန်းဂိုဏ်းမှ လူများအားလုံး မျက်နှာများ ဖြူဖျော့ကုန်ကြသည်။ သို့သော်လည်း မည်သူမှ မခုခံရဲသလို မသေခင် တိုက်ခိုက်သွားခြင်းလည်း မပြုရဲကြပေ။ ကျန်းရီ၏ အင်အားသည် ကြောက်စရာကောင်းလှသည်။ သူတို့ ခုခံပါက ကျန်းစွန်းဂိုဏ်းတစ်ခုလုံး တကယ်အသတ်ခံရလောက်သည်။ ကျန်းရီသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များကိုသာ သတ်ဖြတ်ရန် အမိန့်ပေးခဲ့လေရာ အတော်လေး သက်ညှာထားပြီး ဖြစ်သည်။ ကျန်းစွန်းဂိုဏ်းသား အများစုမှာ ခရမ်းရောင် နန်းတော်ရှင် အဆင့်များသာဖြစ်သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များမှာ အယောက်တစ်ရာစွန်းရုံလေးသာ ရှိလေသည်။
"အမတ်ချုပ်...ခွင့်လွှတ်ပါ။ သူတို့ကိုသတ်"
စစ်သူကြီးထိုက်ရှစ်သည် အံကြိတ်၍ အမိန့်ပေးလိုက်သည်။ နန်းတွင်းရဲမက်များသည် တိုက်ပွဲဝင် တစ်ဖက်သွားဓားတို့ကို ဝှေ့ယမ်း၍ ကျန်းစွန်းဂိုဏ်းမှ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အဆင့်များ၏ လည်တိုင်များကို ခုတ်ဖြတ်လိုက်ကြသည်။
ခေါင်းတစ်ရာကျော်သည် လွင့်ပျံကျလာခဲ့ပြီး ဦးခေါင်းမဲ့အလောင်းတို့မှာ သွေးများ စီးကျရင်း ကျန်ရစ်ခဲ့လေသည်။ မြင်ကွင်းသည် အလွန်ရက်စက် ခြောက်ခြားဖွယ် ကောင်းလှသည်။ ကျန်းစွန်းဂိုဏ်းမှ အမျိုးသမီးများသည် အလိုလို အော်ဟစ်မိကြပြီး ကလေးငယ်များမှာ စတင်ငိုယိုကြလေသည်။ အမတ်ချုပ်အိမ်တော်မှာ လောကငရဲသဖွယ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ဒုန်း...
အမတ်ချုပ်ကျန်းစွန်းသည် ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့်၌သာ ရှိသေးသည်။ သူသည် သေခြင်းတရားထံမှ ကပ်သီလေး လွတ်မြောက်သွားခဲ့သော်လည်း သူ့တစ်ကိုယ်လုံးသည် ပျော့ခွေ၍ မြေပေါ်လဲကျသွားခဲ့သည်။ ကျန်းစွန်းဂိုဏ်း၏ နေဝင်ချိန်ရောက်ပြီဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။ အနည်းဆုံးတော့ ကျန်းစွန်းဂိုဏ်းသည် ရှန်ဝူနိုင်ငံ၏ ဂိုဏ်းကြီးခုနှစ်ဂိုဏ်းစာရင်းမှ ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။
ထို့ပြင် ဤနှစ်များအတွင်း ကျန်းစွန်းဂိုဏ်းသည် မရေမတွက်နိုင်သော ဂိုဏ်းကြီး၊ ဂိုဏ်းငယ်ဟူသမျှကို ရန်စထားမိခဲ့သည်။ နံရံယိုင်နဲ့လျှင် လူတိုင်းတွန်းကြမည်မှာ သဘာဝပင်။ သူတို့တစ်ဂိုဏ်းလုံးကို ကျန်းရီ အမြစ်ပြတ် မသုတ်သင်ခဲ့လျှင်တောင် ဤကပ်ဘေးမှ ကျန်းစွန်းဂိုဏ်း ရှင်သန်နိုင်မည်လားဆိုသည်မှာ ကောင်းကင်ဘုံ၏ အလိုအတိုင်းသာဖြစ်သည်။
ကျန်းစွန်းဝူကျိ၏ မျက်နှာသည် အလွန်ကြောက်စရာကောင်းနေပြီး သွေးရူးသွေးတန်း အော်ဟစ်လိုက်လာသည်။
"ကျန်းရီ...ငါမကောင်းဆိုးဝါး ဝိဉာဉ်ဖြစ်သွားရင်တောင်မှ မင်းကို အလွတ်မပေးဘူး"
ကျန်းရီသည် ခံစားချက်မရှိသည့် မျက်နှာဖြင့် ရပ်ကြည့်၍သာ နေခဲ့သည်။ ကျန်းစွန်းဝူကျိ ကျိန်စာတိုက်နေချိန်တွင်တောင် သူသည် ဘာမှမကြားသကဲ့သို့ပင် ရပ်နေခဲ့သည်။ သို့သော်လည်း စိတ်ထဲတွင် ကြားရသည့်အသံကြောင့် သူ့မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
"ငါ့တူ...ငါတို့ဂိုဏ်းမှာ စိတ်ဝိဉာဉ်ရှာဖွေခြင်း ကျင့်စဉ်ဆိုတာ ရှိတယ်။ အဲ့ဒါကိုသုံးပြီး ကျန်းစွန်းဝူကျိရဲ့ စိတ်ဝိဉာဉ်ကို မင်းရှာကြည့်နိုင်တယ်"
"မလိုတော့ပါဘူး...အရမ်းနောက်ကျသွားပြီ"
ကျန်းရီသည် ကျန့်ရီမင်အား ကြည့်၍ ခေါင်းခါပြလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး လေထဲရှိ ယာ့ဇီသားရဲ၏ ကျောထက်သို့ သူရောက်သွားခဲ့သည်။
တစ်ချိန်တည်းတွင် ကျန်းစွန်းဝူကျိသည် ပါးစပ်ထဲမှ အနက်ရောင်သွေးများကို အန်ထုတ်လိုက်ပြီး မြေပြင်ပေါ် လဲကျသေဆုံးသွားခဲ့သည်။ ကျန်းစွန်းဂိုဏ်းမှ အကြီးအကဲအား အဆိပ်အပ်ဖြင့် သူပစ်လိုက်ချိန်တည်းက သူ့ပါးစပ်ထဲတွင် ရှိနေသော အဆိပ်ဆေးလုံးကို သူမျိုချခဲ့ပြီးသားဖြစ်သည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးပြုခဲ့သောကြောင့် ထိုအချက်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် ကျန်းစွန်းဝူကျိ၏ စိတ်ဝိဉာဉ်ကို ရှာဖွေရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။
"ကျန်းစွန်းဂိုဏ်းက လူတွေအကုန် နားထောင်"
ကျန်းရီသည် အောက်မှလူများကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ငါ့နာမည်က ကျန်းရီ...မင်းတို့ဂိုဏ်းက လူတွေကို စစ်သူကြီးထိုက်ရှစ် သတ်ခဲ့တာဆိုပေမယ့် သူ့ကိုခိုင်းတာ ငါပဲ။ ဒါကြောင့် မင်းတို့ရဲ့ အငြိုးအတေးတွေကို ငါ့ဆီတိုက်ရိုက် ပုံချနိုင်တယ်။ မင်းတို့ရဲ့ဂိုဏ်းက ငါ့ကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားခဲ့တယ်။ ဒီတစ်ကြိမ်လည်း ကျန်းစွန်းဝူကျိက ငါ့ကို ထောင်ချောင်ဆင်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်...ဒါကြောင့် မင်းတို့ဂိုဏ်းက စွမ်းအားမြင့်တဲ့လူတွေကို ငါသတ်လိုက်တယ်။ ငါအပါအဝင် အမှားလုပ်တဲ့ လူတိုင်းအတွက် အကျိုးဆက်ဆိုတာရှိတယ်။ ဒါကြောင့် အနာဂတ်မှာ မင်းတို့ဂိုဏ်းက ငါ့ကိုလက်စားချေချင်ရင် ငါဘာဆင်ခြေမှမပေးဘူး။ ငါကျန်းရီက အပြစ်ကင်းတဲ့သူကို မသတ်ဘူး...ဒါပေမယ့် မင်းတို့ ငါ့ကို ရန်စရဲတယ်ဆိုရင်တော့ မင်းတို့ကိုယ်တိုင် သေဆုံးဖို့ကိုလည်း ပြင်ဆင်ထားသင့်တယ်"
စကားဆုံးသည်နှင့် ကျန်းရီသည် ချမ်ကွေ့အား ခေါင်းငြိမ့်ပြလိုက်ပြီး ယာ့ဇီသားရဲအား စီးနင်း၍ တောင်ဘက်အရပ်သို့ ပျံသန်းသွားခဲ့သည်။ ယခု အရာအားလုံး ရှင်းသွားပြီဖြစ်ပြီး သူဆက်လက်စုံစမ်းလျှင်တောင် ဘာမှတွေ့တော့မည် မဟုတ်ပေ။ မိန်းမစိုးလင်း သေသွားခဲ့ပြီဖြစ်ပြီး ရှားထင်ဝေ့မှာ မသေသေးလျှင်တောင် အချိန်တစ်ခုကြာသည်အထိ ပြန်ထွက်လာဦးမည် မဟုတ်ပေ။ ကျန်းပိုင်လီနှင့်လည်း ထပ်မတွေ့ချင်သောကြောင့် ရှန်ဝူမြို့တွင် သူဆက်နေစရာအကြောင်းလည်း မရှိတော့ချေ။
ကျူးကော့ချမ်ယွမ်အား သေစေသူမှာ ရှားထင်ဝေ့မဟုတ်ပေ။ ကျန်းစွန်းယန်သည်လည်း ဘာမှမသိချေ။ အရာရာအား အလွန်ဉာဏ်များသည့် တစ်စုံတစ်ဦးက နောက်ကွယ်မှ ကြိုးကိုင်ထိန်းချုပ်သွားခဲ့ခြင်း ဖြစ်သည်။ ကျန်းရီသည် လျှိုယွိ၏ မျှားခေါ်လာခြင်း ခံရပြီးနောက် ရှားထင်ဝေ့နှင့် တိုက်ပွဲတွင် နိုင်သွားခဲ့သော်လည်း ကြိုးကိုင်သူလည်း အနိုင်ရသွားခဲ့လေသည်။
သူနှင့်ရှားထင်ဝေ့အကြား တိုက်ပွဲတွင် မှားသည်မှန်သည်ဟူ၍ မရှိပေ။ အနိုင်ရသူသာ သမိုင်းရေးနိုင်သည့်အတွက် ဤလောကတွင်ရှိသည့် တရားမျှတမှုဆိုသည်မှာလည်း မစစ်မှန်ပေ။
လျှိုယွိသည် နတ်ဆိုးသားရဲများကြောင့် မတော်တဆ ဒဏ်ရာရသွားခဲ့ပြီး ကျူးကော်ချမ်ယွမ်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။ ကျူးကော့ချမ်ယွမ်အား ဝိဉာဉ်သားရဲတောင်တွင် သတ်ဖြတ်ပြီးနောက် လျှိုယွိသည် လမ်းတစ်လျှောက်တွင် ရုတ်ရုတ်သဲသဲဖြစ်အောင် ဖန်တီးရင်း ကျောင်းအုပ်ချီတို့လူစုအား ရှန်ဝူနိုင်ငံသို့ မျှားခေါ်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် ရှန်ဝူမြို့သို့ မရောက်ခင် ရှန်ဖျင်းမြို့သို့ ဝင်လိုက်သေးသော်လည်း ကြားတွင် ပိုသောလိုသော အချိန်ဟူ၍ မရှိခဲ့ပေ။
အရာရာသည် ပြီးပြည့်စုံစွာ အစီအစဉ်ကျနေခဲ့ပြီး သဲလွန်စတစ်ခုတစ်လေတောင် မကျန်ခဲ့ပေ။ ထိုအနက်ရောင်နှင့် လူထူးဆန်းကို သူတို့ရှာနိုင်လျှင်တောင် ဘာသတင်းမှ ရလိမ့်မည်မဟုတ်ပေ။
ကျန်းရီသည် အရာအားလုံးကို အစီအစဉ်ချသောသူ မည်မျှဉာဏ်ကောင်းသည်ကို မသိပေ။ ထို့ပြင် ဤပရိယာယ်မှာ လင်းရွှယ်၏ စနက်လား၊ သို့မဟုတ် ထိုနတ်မိမယ်ကျီ၏ လက်ချက်လား ဆိုသည်ကိုလည်း သူမသိပေ။
လက်ရှိအချိန်တွင် သူသည် ယာ့ဇီသားရဲပေါ်တွင် ရပ်နေပြီ သေးသထက်သေး၍ ကျန်ခဲ့သော ရှန်ဝူမြို့ကို ကြည့်နေခဲ့သည်။ များမကြာမီ ကာလတွင် ထိုမမြင်ရသောလက်၏ ကြိုးကိုင်မှုကြောင့် သူသေဆုံးသွားကောင်း သွားနိုင်လေသည်။
***