ကျောင်းအုပ်
Vol. 1 Ch. 446
ရှန်ဝူမြို့တော်မှ တိုက်ပွဲသည် နယ်မြေတွင် ဆူညံမှုများစွာ ဖြစ်စေခဲ့သည်။
အင်အားစုကြီးများ၏ ယခင်က စိုးရိမ်ပူပန်မှုများသည် ယခုအခါ ကြောက်ရွံ့မှုများအဖြစ် ချက်ချင်းပြောင်းလဲသွားကြသည်။ ကျန်းရီသည် ယာ့ဇီသားရဲကိုစီး၍ ရှန်ဝူမြို့တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင်လုပ်ခဲ့သည်။ သူသည် မိန်းမစိုးလင်းအား အပြတ်ရှင်း၍ ရှားထင်ဝေ့နှင့် ကျန်းပိုင်လီအား ထိခိုက်ဒဏ်ရာ ရစေခဲ့သည်။
အင်အားစုအသီးသီးမှ ကင်းထောက်တို့သည် ရှားထင်ဝေ့သည် ဗာဂျရာပဉ္စမအဆင့်သို့ ရောက်နေကြောင်း ပြန်၍ လျှောက်တင်ကြသည်။ ကျန်းပိုင်လီသည် အတော်ဆုံး သိုင်းသမားဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး နယ်မြေတွင် ကျော်ကြားပြီးသားသူဖြစ်သည်။ ယာ့ဇီသားရဲသည် အင်အားကြီးသော်လည်း နတ်ဆိုးဧကရာဇ်အဆင့် မရောက်သေးလေရာ လူသားအသွင်မပြောင်းနိုင်သေးချေ။ ထို့ကြောင့် ၎င်း၏အင်အားမှာ အကန့်အသတ်ရှိလေသည်။ လက်ရှိအချိန်တွင် ၎င်း၏အင်အားမှာ ဗာဂျရာ ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်ခန့်တွင် ရှိလောက်သည်။ ယာ့ဇီသားရဲသာ နတ်ဆိုးဧကရာဇ်အဆင့် ရောက်သွားလျှင် ၎င်း၏ အင်အားမှာ မယုံနိုင်စရာ အနေအထားသို့ ပြောင်းလဲသွားပေလိမ့်မည်။
ကျန်းရီ အသုံးပြုခဲ့သော နည်းလမ်းများကို ထည့်မတွက်ဘဲ ရလဒ်ကိုသာ ကြည့်လျှင် တစ်ခုတော့ သေချာလေသည်။ ကျန်းရီတွင် ဗာဂျရာအဆင့် လူသုံးဦးကို ရင်ဆိုင်နိုင်သည့် အစွမ်းအစ ရှိနေပြီဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် ဗာဂျရာ ပဉ္စမအဆင့် လူသုံးဦးကို ထိပ်တိုက်ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။
ထိုသို့ကောက်ချက်ချလိုက်နိုင်သည်နှင့် နယ်မြေတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
ဗာဂျရာ ပဉ္စမအဆင့်နှင့် ထိုထက်မြင့်သော သူတို့မှာ လောလောလတ်လတ် ထည့်ပေါင်းထားသည့် ရှားထင်ဝေ့အပါမှ ဆယ်ယောက်သာရှိသည်။ ရွှေယို့လန်၊ ဇင်ဘုရားကျောင်းမှ ဘုန်းတော်ကြီး၊ ကျူးကော့ချမ်ယွမ်နှင့် ငွေပန်းပွင့်အဘွားအိုတို့ကို ဖယ်ထုတ်လိုက်လျှင် မိုးပြနဂါးအင်ပါယာမှ ဘိုးဘေးကြီး၊ မြောက်ဘက်မန့်နိုင်ငံမှ ရှောင်လုံဝမ်၊ မြောက်ဘက်လျန်နိုင်ငံမှ ရှားတိ၊ မိုးပြာနဂါးသင်တန်းကျောင်းမှ ကျောင်းအုပ်ယွိ၊ ကျန်းပိုင်လီနှင့် ရှားထင်ဝေ့တို့ ခြောက်ယောက်သာ ကျန်လေသည်။
ယခု ရှားထင်ဝေ့ အသက်ရှင်မရှင်သည် မသေချာသေးပေ။ ကျန်းပိုင်လီမှာလည်း ဒဏ်ရာအပြင်းအထန်ရသွားရာ အချိန်တစ်ခုအတောအတွင်း ပြန်ကောင်းဦးမည် မဟုတ်သေး။ ကျန်းရီသာ မြောက်ဘက်လျန်နိုင်ငံ၊ မိုးပြာနဂါးသင်တန်းကျောင်း၊ မြောက်ဘက်မန့်နိုင်ငံနှင့် နောက်ဆုံး ကြယ်ကောင်းကင်မြို့သို့ သွားရောက်ကာ ဗာဂျရာအဆင့် လူများအားလုံးကို သတ်ဖြတ်လိုက်ပါလျှင် နယ်မြေတစ်ခုလုံးသည် သူတို့ မျိုးရိုးနာမည်များကို ကျန်းဟု ပြောင်းလဲပစ်ရတော့မည့် အခြေအနေဖြစ်နေသည်။
ကျောင်းအုပ်ယွိသည် ထိတ်လန့်လာခဲ့ပြီး ကြယ်ကောင်းကင်မြို့သို့ ချက်ချင်းထွက်သွားခဲ့သည်။ ကျင်းရှန်နိုင်ငံမှ စစ်သေနာပတိချုပ်အိုကြီးမှာလည်း ကြယ်ကောင်းကင်မြို့သို့ ဆင့်ခေါ်ခံရသည်။ လင်းရွှယ်သည် မည်သို့ကြိုတင်ကာကွယ်ကြမည်ကို ဆွေးနွေးနိုင်ရန် ရှောင်လုံဝမ်နှင့် ရှားတိတို့ကိုပါ ဆင့်ခေါ်လိုက်သည်။
သုံးနှစ်ကတိ ပြုလုပ်ခဲ့သည့်အချိန်မှစ၍ တစ်နှစ်ကျော်သာ ကုန်ဆုံးသေးသော်လည်း ကျန်းရီ၏အင်အားမှာ ဤအဆင့်အထိတောင် ရောက်လာခဲ့သည်။ ကျန်းရီသာ နောက်နှစ်နှစ် ဆက်ကျင့်ကြံလိုက်လျှင် ကောင်းကင်ဧကရာဇ်အဆင့်အထိပါ ရောက်သွားလေမည်လော။ မည်သူမှ မခန့်မှန်းနိုင်ကြပေ။ သူတို့တွင် အစီအစဉ်ကောင်း မရှိပါက သုံးနှစ်ပြည့်သည့်အခါတွင် သူတို့အားလုံး ဖြစ်သမျှကို လည်စင်းခံရလိမ့်မည်။
***
ဝှစ်...
အလွန်ကြီးမားသော သားရဲကြီးတစ်ကောင်သည် ဝိဉာဉ်သားရဲတောင်ထွတ်ပေါ်တွင် ရှိသော ဝိဉာဉ်သားရဲသင်တန်းကျောင်းထံသို့ ပျံသန်းလာခဲ့သည်။ ကျောင်းမှ ဆရာများသည် ဝိဉာဉ်သားရဲ တစ်ကောင်၏ အရှိန်အဝါကို ခံစားမိသောကြောင့် အပြင်သို့ ချက်ချင်းပြေးထွက်လာကြသည်။ တစ်ဖက်လူတို့မှာ ကျန်းရီနှင့် ယာ့ဇီသားရဲဖြစ်နေကြောင်း တွေ့ရသောအခါတွင် သူတို့အားလုံး မျက်ရည်များဝိုင်းသည်အထိ ပျော်သွားကြသည်။
ကျန်းရီ၏ အပြန်ခရီးသည် လေးငါးရက်ခန့် ကြာမြင့်ခဲ့သည်။ ထိုအချိန်ပမာဏသည် ရှန်ဝူမြို့တော်မှ ဖြစ်ရပ်တို့ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားရန် လုံလောက်လေသည်။ ထို့ကြောင့် ရှန်ဖျင်းမြို့တွင် ကျန်ရစ်ခဲ့သော ကျောင်းအုပ်ချီတို့ လူစုမှာ ရရှိခဲ့သည်မှာလည်း သဘာဝပင်။ သူတို့သည် အပြန်လမ်းတွင်သာရှိကြသေးသော်လည်း သင်တန်းကျောင်းသို့ သတင်းပြန်ပို့ပြီးကြပြီဖြစ်သည်။
ယခု ကျန်းရီပြန်ရောက်လာပြီဖြစ်ရာ သင်တန်းကျောင်းသည် ဆူညံသက်ဝင်လာခဲ့သည်။ ကျန်းရီသည် ရှန်ဝူမြို့အတွင်းသို့ တစ်ကိုယ်တော် ဝင်သွား၍ လျှိုယွိ၏ ခေါင်းကို ယူလာခဲ့ရုံသာမက တရားခံဟု ယူဆရသော မိန်းမစိုးလင်းကိုပါ သတ်ခဲ့သေးသည်။
သတင်းသည် အလွန်စိတ်တက်ကြွစေရာ ဘာလုပ်ရမှန်းမသိဖြစ်နေကြသည့် ဆရာများနှင့် ကျောင်းသားများမှာ ယုံကြည်ချက်များ ပြန်ရှိလာကြသည်။ ကျူးကော့ချမ်ယွမ် သေဆုံးသွားသောအခါက သူတို့အားလုံး ကြောက်လန့်ခဲ့ကြရသည်။ အင်အားစုကြီးတစ်ခုခုမှ သင်တန်းကျောင်းကို လာရောက်တိုက်ခိုက်၍ ဝိဉာဉ်သားရဲများ ယဉ်ပါးအောင် လေ့ကျင့်နည်း စာတမ်းများကို လာရောက်လုယူသွားမည်ကို သူတို့စိုးရိမ်ခဲ့ကြရသည်။ ထိုသို့ဖြစ်လာလျှင် သင်တန်းကျောင်းသည် သွေးချောင်းစီးရပေလိမ့်မည်။
ယခု ကျန်းရီသည် သင်တန်းကျောင်းအတွက် လက်စားချေပေးခဲ့သည့်အပြင် သာဓကတစ်ခုကိုလည်း ပြသပေးခဲ့သည်။ ဝိဉာဉ်သားရဲ သင်တန်းကျောင်းကို ရန်စရဲသူတိုင်းသည် ကျန်းရီ၏ရူးသွပ်မှုကို ရင်ဆိုင်ရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ယာ့ဇီသားရဲသည် ဝိဉာဉ်သားရဲ သင်တန်းကျောင်း၏ တောင်ဘက်ဂိတ်တံခါးအနီး မြေကွက်လပ်တွင် ဆင်းသက်လိုက်သည်။ ကျန်းရီသည် မှောင်မည်းနေသည့် မျက်နှာထားနှင့် ယာ့ဇီသားရဲ၏ ကျောထက်မှ ခုန်ဆင်းလာခဲ့သည်။ သူသည် ယာ့ဇီသားရဲကို စကြဝဠာနန်းတော်အတွင်း ပြန်သိမ်းလိုက်ပြီး စုလောရွှယ်၊ ချမ်ဝမ်ကွမ်နှင့် တခြားသူများကို ထုတ်ပေးလိုက်သည်။ ထို့နောက် သူသည် သင်တန်းကျောင်းကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့သည့် ဒုကျောင်းအုပ်ကိုကြည့်ကာ မေးလိုက်သည်။
"ကျောင်းအုပ်ရဲ့ ရုပ်အလောင်း ဘယ်မှာလဲ။ ကျွန်တော်သွားပြီး အရိုအသေပေးချင်တယ်"
"သူက ကျောင်းအုပ်ရဲ့ခြံဝင်းထဲမှာပါပဲ"
ကျန်းရီ မှာထားခဲ့သည့်အတိုင်း အနှီဒုကျောင်းအုပ်သည် ကျူးကော့ချမ်ယွမ်အား မမြှုပ်နှံသေးဘဲ ခေါင်းတလားတစ်ခုအတွင်းထည့်၍ ကျန်းရီပြန်အလာကို စောင့်နေခဲ့သည်။ ရာသီဥတုသည် အတော်အေးသည့်ဘက်တွင် ရှိလေရာ ရုပ်အလောင်းမှာ ပုပ်မသွားခဲ့ပေ။
ကျန်းရီသည် ရှေ့ဆုံးမှနေ၍ အတွင်းဆောင်များ ရှိရာသို့ လျှောက်လာခဲ့သည်။ ကျူးကော့ချမ်ယွမ်၏ ကိုယ်ပိုင်ခြံဝင်းသည် အဖြူရောင်ပိုးစများ၊ အနက်ရောင်အဝတ်များ၊ ဖယောင်းတိုင်များ၊ အမွှေးတိုင်တို့ဖြင့် ပြည့်နေခဲ့သည်။ ခြံဝင်း၏ အလယ်တွင် နက်မှောင်နေသည့် ခေါင်းတလားကြီးတစ်ခု ရှိလေသည်။ အသက်ကြီးကြီး ဆရာမများသည် ငိုရင်း ရွှေစက္ကူ ၊ ငွေစက္ကူများကို မီးရှို့ပေးနေကြသည်။
ဒုန်း...
ကျန်းရီသည် ဒူးထောက်ထိုင်ချ၍ လျှိုယွိ၏ ဦးခေါင်းကို မီးဝိဉာဉ်ပုလဲအတွင်းမှ ထုတ်လိုက်ပြီးနောက် တလေးတစားနှင့် ကန်တော့လိုက်သည်။ စုလောရွှယ်၊ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည်လည်း ကျန်းရီ၏နောက်တွင် ဒူးကိုယ်စီထောက်၍ အရိုအသေပေးကြသည်။ စုလောရွှယ်၏ မျက်လုံးများမှာ နီရဲနေခဲ့သည်။ ကျူးကော့ချမ်ယွမ်သည် သူမအား အမြဲဂရုစိုက်ခဲ့သည်။ သူမတွင် ကျောင်းအုပ်ချီ၏ အထောက်အပံ့တစ်ခုတည်းသာ ရှိပါက သင်တန်းကျောင်းမှ ပျက်စီးဆိုးသွမ်းနေသည့် သခင်လေးများကြောင့် သူမဒုက္ခရောက်နေသည်မှာ ကြာပြီဖြစ်သည်။
"ကျောင်းအုပ်...လျှိုယွိရဲ့ခေါင်းကို ကျွန်တော်ယူလာခဲ့တယ်။ ကျောင်းအုပ်အခု အေးအေးချမ်းချမ်း အနားယူနိုင်ပါပြီ"
ကျန်းရီ၏ မျက်လုံးများမှာ ပူဆွေးမှုများ ပြည့်နေသည်။ သူသည် ကိုးကြိမ်တိုင်တိုင် အရိုအသေပေးလိုက်ပြီး သူတစ်ဦးတည်းသာ ကြားနိုင်သည့် အသံနှင့် တီးတိုးပြောလိုက်သည်။
"ကျောင်းအုပ်...ဒီကိစ္စရဲ့ ကြိုးကိုင်သူက ရှားထင်ဝေ့နဲ့ မိန်းမစိုးလင်း မဟုတ်လောက်ဘူး။ ဒါပေမယ့် ကျောင်းအုပ်စိတ်ချပါ...ကျွန်တော် ဒီကိစ္စကို ရအောင်စုံစမ်းပြီး ကျောင်းအုပ်နဲ့ထိုက်တန်တဲ့ တရားမျှတမှုရအောင် လုပ်ပေးပါ့မယ်"
***
ရက်အနည်းငယ်ကြာပြီးနောက် ကျောင်းအုပ်ချီတို့ လူစု ပြန်ရောက်လာခဲ့သည်။ လူတိုင်းသည် ကျူးကော့ချမ်ယွမ်အား နောက်ဆုံးအကြိမ် နှုတ်ဆက်စကားဆိုကြပြီး ယခင်ကျောင်းအုပ်အားလုံးကို မြှုပ်နှံရာ အတွင်းဆောင်နယ်နိမိတ်အတွင်းရှိ အာဇာနည်ဗိမ္မာန်တွင် မြှုပ်နှံလိုက်ကြသည်။
ကျူးကော့ချမ်ယွမ်၏ ကိစ္စများအားလုံးကို ဖြေရှင်းအပြီးတွင် ကျောင်းအုပ်ချီသည် ဒုကျောင်းအုပ်အားလုံးကို စုရုံးစေပြီး ကျန်းရီအားရှာ၍ ကျောင်းအုပ်ရာထူးကို လက်ခံပါရန် တောင်းဆိုကြလေသည်။ ဝိဉာဉ်သားရဲ သင်တန်းကျောင်းတွင် ဗာဂျရာအဆင့် ကျောင်းအုပ် မရှိတော့သော်လည်း အဖိုးမဖြတ်နိုင်သည့် သားရဲများကို ယဉ်ပါးအောင် လေ့ကျင့်နည်း မှတ်တမ်းများ ရှိနေသည်။ ထို့ပြင် ဝိဉာဉ်သားရဲအဆောင် တံဆိပ်ပြားများကို ကျောင်းအုပ်ကသာလျှင် ပြုလုပ်နိုင်သည်။
ထို့ပြင် ဝိဉာဉ်သားရဲသင်တန်းကျောင်းတွင် အဖိုးတန် ရှေးဟောင်းကျောက်စာတိုင်ကြီးများ ပိုင်ဆိုင်ထားသေးသည်။ နယ်မြေမငြိမ်မသက်ဖြစ်နေသည့် လက်ရှိအချိန်တွင် အားကောင်းသည့် ကျောင်းအုပ်တစ်ဦးပါ မရှိလျှင် ဝိဉာဉ်သားရဲသင်တန်းကျောင်းသည် ပျက်စီးရန် သေချာသလောက်ပင်။
ဒုကျောင်းအုပ်အားလုံးသည် ကျောင်းအုပ်ရာထူးကို လိုချင်ကြသော်လည်း ထိုရာထူးကို တာဝန်ယူနိုင်ရန် သူတို့တွင် အရည်အချင်းမရှိကြောင်း သိကြလေသည်။ လူစု၍ သေချာဆွေးနွေးပြီးနောက် ကျန်းရီအား ကျောင်းအုပ်လုပ်ခိုင်းရန် သူတို့ဆုံးဖြတ်လိုက်ကြသည်။
"မဖြစ်နိုင်ပါဘူး"
ကျန်းရီသည် နှစ်ခါပြန်တောင် မစဉ်းစားဘဲ ချက်ချင်းငြင်းလိုက်သည်။
"ကျောင်းအုပ် ကျွန်တော့်ကို ဒုကျောင်းအုပ်ရာထူးပေးတည်းက ကျွန်တော်ငြင်းလိုက်ပြီးသားပါ။ ကျွန်တော်က ငယ်လွန်းတော့ ဘယ်သူမှ လက်ခံနိုင်ကြမှာမဟုတ်ဘူး။ ကျောင်းသားတွေ ဘယ်လိုမြင်ကြမလဲ။ ကျောင်းသားတစ်ချို့ဆို ကျွန်တော့်ထက်တောင် အသက်ကြီးကြသေးတယ်မလား"
"ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူးဟုတ်လား"
ကျောင်းအုပ်ချီသည် ခပ်ယဲ့ယဲ့ပြုံး၍ ပြောလာခဲ့သည်။
"ကျန်းရီ မင်းမှာ ဘယ်လိုဂုဏ်ပုဒ်တွေရှိလဲဆိုတာ မင်းမသိဘူးလား။ ကျောင်းသားတွေမပြောနဲ့၊ ဆရာတွေနဲ့ ငါတို့လို အရူးအိုကြီးတွေတောင် လက်နှစ်ဖက်လုံးမြှောက်ပြီး လိုလိုလားလား လက်ခံကြတယ်။ ကျောင်းအုပ်လုပ်နိုင်မယ့် အရည်အချင်း မင်းကလွဲပြီး တခြားဘယ်သူ့မှာ ရှိသေးလို့လဲ"
"ဟူး..."
ကျန်းရီသည် သက်ပြင်းချ၍ ပြောလိုက်သည်။
"တကယ်တော့ ဒါက ကျွန်တော့်ရဲ့ အရံ အကြောင်းပြချက်ပါ။ ကျွန်တော် အားလုံးကို ဖုံးကွယ်မထားချင်ဘူး။ ကျွန်တော့်မှာ ရန်သူတွေ အများကြီးရှိတယ်၊ သုံးနှစ်ပြည့်ရင် ကျွန်တော်ကိုယ်တိုင် အသက်ရှင်ပါ့မလားတောင် မသေချာဘူး။ ကျောင်းအုပ်ရာထူးကို ကျွန်တော် လက်ခံလိုက်ရင် သင်တန်းကျောင်းအတွက် ဆုတ်ယုတ်ဖို့ပဲရှိတာပါ"
မိုးပြာနဂါးအင်ပါယာ၊ ရှန်ဝူနိုင်ငံ၊ ကျင်းရှန်နိုင်ငံ၊ မြောက်ဘက်မန့်နိုင်ငံ၊ မြောက်ဘက်လျန်နိုင်ငံ၊ မိုးပြာနဂါးသင်တန်းကျောင်း၊ ဆူးပန်းပွင့်ပြာသင်တန်းကျောင်းနှင့် အထက်ပါ အဖွဲ့အစည်း အားလုံးထက် ပို၍အင်အားကြီးသည့် သိုင်းခန်းမ...
ထိုအဖွဲ့အစည်းများအားလုံး၏ ဖိအားအောက်တွင် ကျန်းရီမွန်းကြပ်နေခဲ့သည်။ အနက်ရောင်နကျယ်ကောင်များကိစ္စ၊ ကျူးကော့ချမ်ယွမ်၏ သေဆုံးမှု၊ သူ့အား မွန်းကြပ်အောင်လုပ်နေသည့် ကြိုးကိုင်သူ...အရာအားလုံးမှာ ပဟေဠိဖြစ်နေသည်။ သူဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မည်ကိုပင် သူမသိပေ။ သင်တန်းကျောင်းကို ဝန်ထုပ်ဝန်ပိုး သူမည်သို့ပေးရဲမည်နည်း။
"ဟက်..."
ကျောင်းအုပ်ချီသည် မချိပြုံးပြုံး၍ နာကျင်နေသည့် အမူအရာနှင့် ပြောလာခဲ့သည်။
"ကျန်းရီ...မင်းကျောင်းအုပ်ရာထူးကို လက်ခံလိုက်ရင် မင်းမသေသေးသရွေ့ သင်တန်းကျောင်းက ရှင်သန်နိုင်လိမ့်မယ်။ မင်းလက်မခံရင် နှစ်ဝက်အတွင်း သင်တန်းကျောင်း ပျက်စီးသွားလိမ့်မယ်လို့ ငါအာမခံတယ်၊ သင်တန်းကျောင်းမှာ မင်းတစ်သက်လုံး မနေရင်ပေါ့။ ဒီရာထူးကို မင်းလက်မခံရင် သင်တန်းကျောင်းကို ငါတို့ဖျက်သိမ်းလိုက်မယ်...အားလုံး ကိုယ့်လမ်းကိုယ် လျှောက်ကြမယ်။ ဒါပေမယ့် တမလွန်ကကျောင်းအုပ်သာ ဒီအကြောင်းကိုသိရင် သူငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မှာ မဟုတ်ဘူး"
"ဟုတ်တယ်၊ ကျန်းရီ...မင်းကျောင်းအုပ်မလုပ်ရင် ငါလည်း ဒုကျောင်းအုပ်ဆက်မလုပ်တော့ဘူး။ ဒီနေရာမှာပဲ ငါတို့သေဖို့ စောင့်နေတော့မယ်"
"အမှန်ပဲ"
"ကျောင်းအုပ်ကျူးကော့...ကျွန်တော်တို့အားလုံး အပြစ်ရှိပါတယ်။ နှစ်တစ်သောင်းကြာ တည်မြဲခဲ့တဲ့ ဝိဉာဉ်သားရဲသင်တန်းကျောင်းက ကျွန်တော်တို့လက်ထဲမှာ ပျက်စီးသွားတော့မယ်..."
"..."
ကျန်ဒုကျောင်းအုပ်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် မှတ်ချက်ပေးကြလေသည်။ ကျန်းရီသည် ကျူးကော့ချမ်ယွမ်၏ မျက်နှာအိုအိုကို မြင်ယောင်မိသောအခါတွင် စိတ်မကောင်းဖြစ်သွားရပြန်သည်။ နောက်ဆုံးတွင် သူသည် အံကြိတ်၍ မတ်တပ်ရပ်ကာ ခပ်ကျယ်ကျယ် ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ။ ကျွန်တော်ကျောင်းအုပ်လုပ်မယ်။ ကျန်းရီဆိုတဲ့ ကျွန်တော် အသက်ရှိသရွေ့ ဘယ်သူကမှ သင်တန်းကျောင်းထဲကို ခြေတစ်လှမ်း မကျူးကျော်စေရဘူး"
***