← Chapters

မိန်းမလှလေး

Vol. 1 Ch. 447

မိန်းမလှလေး

Vol. 1 Ch. 447

ကျန်းရီ ဝိဉာဉ်သားရဲ သင်တန်းကျောင်း၏ ကျောင်းအုပ်ဖြစ်လာမည်ဟု ဘယ်သူကမှ မျှော်လင့်မထားကြပေ။ ထိုသတင်းအား ကြေငြာလိုက်သောအခါ နယ်မြေတွင် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။

အတိတ်တွင် ကျန်းရီသည် ရှားနိုင်ငံ၏ ကိုယ်စားအုပ်ချုပ်သူ ဖြစ်ခဲ့သော်လည်း ထိုရာထူးမှ အာရုံထားရန်ပင် မထိုက်တန်ဟု လူတိုင်းခံစားခဲ့ကြရသည်။ ရှားနိုင်ငံသည် ဖျက်ဆီးခံရလုနီးပါး ဖြစ်နေသည့်နိုင်ငံဖြစ်သည်။ သုံးနှစ်ပြည့်သည်နှင့် ရှားနိုင်ငံမှာ ပျောက်ကွယ်သွားလိမ့်မည်။ ထို့ကြောင့် လူအများ၏အမြင်တွင် ရှားနိုင်ငံ၏ ကိုယ်စားအုပ်ချုပ်သူမဆိုထားနှင့်၊ ဘုရင်မသည်တောင် ဟာသတစ်ခုထက် မပိုခဲ့ပေ။

သို့သော် ကျန်းရီ ဝိဉာဉ်သားရဲ သင်တန်းကျောင်း၏ ကျောင်းအုပ်ဖြစ်လာသောအခါတွင် အခြေအနေမှာ မတူညီတော့ပေ။ ထို့ပြင် သူသည် ထိုရာထူးကို ရှန်ဝူမြို့တော်မှ တိုက်ပွဲအပြီးတွင် ရရှိခဲ့ခြင်း ဖြစ်သည်။ ဝိဉာဉ်သားရဲ သင်တန်းကျောင်းသည် သင်တန်းကျောင်းကြီးသုံးခုထဲမှ တစ်ခုဖြစ်ပြီး ဂိုဏ်းအသီးသီးမှ မျိုးဆက်များ တက်ရောက်နေသော ကျောင်းဖြစ်သည်။ ၎င်းသည် ဆင်းရဲ၍နိမ့်ကျသော ဂိုဏ်းများမှ လူငယ်များအတွက် မြင့်မြတ်တော်ဝင်သည့် နယ်မြေလည်း ဖြစ်သည်။ ထူးချွန်သည့် ဝိဉာဉ်သားရဲတစ်ကောင်ကို မပိုင်ဆိုင်ချင်သောသူ ရှိပါမည်လော။ ဝိဉာဉ်သားရဲကို ပိုင်ဆိုင်ချင်သူတိုင်းသည် ဝိဉာဉ်သားရဲသင်တန်းကျောင်းသို့ ဝင်ရောက်နိုင်ရန် အရင် ကြိုးစားကြရသည်။

ကျန်းရီသည် မိန်းမစိုးလင်းကို သတ်ဖြတ်၍ ရှားထင်ဝေ့နှင့် ကျန်းပိုင်လီကို ဒဏ်ရာရစေခဲ့သည်။ သူသည် နယ်မြေ၏ အင်အားအကြီးဆုံးသူ ဆယ်ယောက်ထဲတွင် ပါနေပြီဟုပင် ပြောနိုင်လေသည်။ ဝိဉာဉ်သားရဲသင်တန်းကျောင်း၏ ကျောင်းအုပ်ရာထူးကို ထည့်တွက်လျှင် သူ့အဆင့်အတန်းသည် မိုးပြာနဂါးသင်တန်းကျောင်းမှ ကျောင်းအုပ်ယွိနှင့် တူညီနေပြီဖြစ်သည်။

ဆယ့်ရှစ်နှစ်တောင် မပြည့်သေးသော လူငယ်လေးသည် နယ်မြေ၏ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများနှင့် ရင်ဘောင်တန်းနိုင်နေခဲ့လေပြီ။ ကျန်းရီ၏ ရန်သူများဖြစ်စေ၊ သူစိမ်းများဖြစ်စေ လူတိုင်းသည် ထိုအချက်ကို မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။

သူတို့အားလုံးသည် လူငယ်များဖြစ်သည်။ သို့သော် ကျန်းရီသည် သူတို့အဖေများ၊ အဖိုးများထက်ပင် အင်အားကြီးသည်။ သူတို့ လက်မခံနိုင် ဖြစ်နေပါမည်လော။

***

"မင်းတို့ ပြန်တော့မလို့လား"

ဝိဉာဉ်သားရဲ သင်တန်းကျောင်း၏ အနောက်ဘက်ခြံဝင်းတစ်ခုအတွင်းတွင် ကျန်းရီသည် ကျန့်ရီနှင့် ချမ်ဝမ်ကွမ်အား စိုးရိမ်စွာကြည့်၍ မေးလိုက်သည်။ သို့သော် သူသည် ယခင်အမေးကို လျင်လျင်မြန်မြန်ပင် သူ့ဟာသူ ဖြေလိုက်သည်။

"မဖြစ်ဘူး...အန္တရာယ်များတယ်။ ဒီအချိန်မှာ ရှန်ဝူနိုင်ငံက မငြိမ်မသက် ဖြစ်နေတယ်။ မင်းတို့ဂိုဏ်းတွေက ရှန်ဝူနိုင်ငံမှာ သြဇာရှိတယ်ဆိုပေမယ့် ယွင်ဖေးတောင် ရှန်မိနိုင်ငံထဲမှာ တိုက်ခိုက်ခံရသေးတာပဲ မဟုတ်လား"

ချမ်ဝမ်ကွမ်သည် စိုးရိမ်စွာ ပြန်ဖြေလာခဲ့သည်။

"အဲ့ဒီမငြိမ်မသက် ဖြစ်နေတာကြောင့်ပဲ ငါတို့ပြန်ရမှာ...ငါတို့ လူအများကြီး ခေါ်လာခဲ့တာ၊ ရှန်ဝူနိုင်ငံမှာ ပုန်ကန်မှုထဖြစ်ရင် ငါတို့ဆီမှာ လူအင်အားနည်းနေလိမ့်မယ်။ ချမ်ရွှယ်တို့ ပြန်သွားရင် အဲ့ဒီအခြေအနေကို ဖာထေးနိုင်လောက်တယ်"

ကျန့်ဝူရွှမ်းသည်လည်း ခေါင်းငြိမ့်၍ ပြောလာခဲ့သည်။

"ငါနဲ့ ယွင်ဖေးရဲ့ လက်ထပ်ပွဲကို ထပ်အချိန်မဆွဲသင့်တော့ဘူး။ ငါပြန်ရောက်တာနဲ့ သတို့သမီးကိုခေါ်ဆောင်ဖို့ လူလွှတ်ရမှာ...သူမ ငါ့ဘေးနားမရှိရင် ငါစိတ်ချလက်ချ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး"

"မဖြစ်ဘူး"

ကျန်းရီသည် ခိုင်ခိုင်မာမာ ငြင်းလိုက်သည်။

"ချမ်ရွှယ်တို့ ပြန်နိုင်တယ်။ ဒါပေမယ့် မင်းတို့နှစ်ယောက်က ငါ့အနားမှာပဲ နေရမယ်။ သတို့သမီးကြိုဖို့အတွက် အရမ်းကြီးခမ်းနားနေဖို့ မလိုဘူး။ လက်ဖွဲ့ပစ္စည်းတွေ ပို့ဖို့ပဲ လူလွှတ်လိုက်...ယွင်ဖေးကို ခေါ်လာဖို့ ငါ ငွေပန်းပွင့်ဘွားဘွားကို ပြောလိုက်မယ်။ ပြီးရင် ရှားယွိမြို့မှာ မင်းတို့နှစ်ယောက်အတွက် လက်ထပ်ပွဲကျင်းပပေးမယ်။ ငါ့မသိစိတ်ကို ယုံစမ်းပါ...မင်းတို့နှစ်ယောက် ပြန်သွားရင် တစ်ခုခုဖြစ်မှာ သေချာသလောက်ပဲ"

ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ကျန့်ဝူရွှမ်းမှ ပြန်ပြောလာခဲ့သည်။

"ကောင်းပြီ...ရှန်ဝူမြို့က အခုဆို တော်တော်ဗရမ်းဗတာ ဖြစ်နေလောက်တယ်။ ဒီကိစ္စကို သတိကြီးကြီးထားပြီး ကိုင်တွယ်မှဖြစ်မှာ...ငါတော့ ယွင်ဖေးကို စိတ်ပျက်စေမိပြီ"

"စိတ်ပျက်စရာ မဖြစ်စေရဘူး။ ငါတို့ပြန်ရောက်ရင် ငါလည်း လောရွှယ်နဲ့ လက်ထပ်မယ်။ ငါတို့မင်္ဂလာပွဲကို အတူကျင်းပလို့တောင် ရသေးတယ်"

ကျန်းရီသည် လက်တစ်ဖက်ကာပြ၍ ပြန်ပြောလိုက်သည်။ ထို့နောက် သူ့အကြည့်သည် ချမ်ဝမ်ကွမ်အပေါ် ကျရောက်သွားခဲ့သည်။

"ဝမ်ကွမ်...မင်းရော ကောင်မလေးတစ်ယောက်ရှာလိုက်ရင် ဘယ်လိုလဲ။ ငါတို့ အတူတူ လက်ထပ်ပွဲ ကျင်းပလို့ရတယ်"

"ငါလား"

ချမ်ဝမ်ကွမ်သည် ခေါင်းခါ၍ စိတ်ဓာတ်ကျစွာ ပြန်ပြောလာသည်။

"ငါလည်း အဲ့လိုလုပ်ချင်တာပေါ့။ ဒါပေမယ့် ငါသဘောကျတဲ့သူက ငါ့ကို စိတ်ဝင်စားပုံမရဘူး။ ငါမချစ်တဲ့သူနဲ့ဆိုရင် ဘာလို့လက်ထပ်နေတော့မှာလဲ"

"ဒါဆို ဒီကိစ္စပြီးပြီ။ ဦးလေးတို့ အကူအညီရအောင် ချမ်ရွှယ်တို့ကို ပြန်လွှတ်လိုက်တော့။ ဝူရွှမ်း...သတို့သမီး ကြိုဆိုဖို့ စစ်သည်တွေ ချက်ချင်းလွှတ်ပေးဖို့ ဦးလေးကျန့်ကို ငါစာပို့ပြီး အသိပေးလိုက်မယ်။ သူတို့ကို ငွေပန်းပွင့်ဘွားဘွားက ရှားယွိမြို့အထိ ကိုယ်တိုင်လိုက်ပို့ပေးလိမ့်မယ်။ သုံးရက်ကြာရင် ရှားယွိမြို့ကို ငါတို့ပြန်ကြမယ်"

ကျန်းရီသည် ဆုံးဖြတ်ချက်ချပြီးနောက် ကိစ္စတို့ စီစဉ်ရန် ထွက်သွားခဲ့သည်။ သူသည် ကျောင်းအုပ်ချီကို သွားရှာ၍ လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။

"ကျောင်းအုပ်ချီ...ကျောင်းအုပ်ရာထူးကို ကျွန်တော်လက်ခံလိုက်တယ်ဆိုပေမယ့် သင်တန်းကျောင်းနဲ့ ပတ်သက်တာမှန်သမျှ ကျောင်းအုပ်ချီပဲ တာဝန်ယူရမှာ။ ရှင်းအောင်ပြောရရင် သင်တန်းကျောင်းမှာ ကျွန်တော်အကြာကြီးနေဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်က အမည်ခံကျောင်းအုပ်ပဲ။ တကယ့်ကျောင်းအုပ်က ကျောင်းအုပ်ချီပဲလုပ်ပါ...ပြဿနာတစ်ခုခုရှိလာရင်တော့ ကျွန်တော်ချက်ချင်းပြန်လာပါ့မယ်"

"ဒါက..."

ကျောင်းအုပ်ချီသည် တွေဝေသွားသော်လည်း ခေါင်းကိုသာ ငြိမ့်ပြနိုင်သည်။ သူမနှင့် အခြားဒုကျောင်းအုပ်များသည် ဤတုံ့ပြန်မှုကို မျှော်လင့်ထားကြပြီးဖြစ်သည်။ ကျန်းရီသည် သူ့တွင် အချိန်မရှိသောကြောင့် သင်တန်းကျောင်းမှ ကိစ္စရပ်များတွင် ဘယ်သောအခါမှ ဝင်ပါလိမ့်မည် မဟုတ်ပေ။ သူတို့ တတ်နိုင်သည်မှာ ကျန်းရီ၏ဂုဏ်သရေနှင့် အင်အားကို မှီခို၍ သင်တန်းကျောင်းအတွက် အထောက်အပံ့ ရရန်သာ ဖြစ်သည်။

ကျန်းရီ ကျောင်းအုပ်ဖြစ်နေလျှင် သူမသေသရွေ့ သင်တန်းကျောင်းကို မည်သူမှ ထိရဲမည် မဟုတ်ပေ။ မိန်းမစိုးလင်း၏ သေဆုံးမှုက သာဓကဖြစ်သည်။ ထို့ကြောင့် သူတို့ စိတ်အေးသွားကြသည်။

ချမ်ရွှယ်တို့သည် ထိုနေ့တွင်ပင် ပြန်သွားကြသည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်အတွက် ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းတွင်နေသည်ထက် ကျန်းရီနှင့်နေခြင်းက ပိုမိုဘေးကင်းလေသည်။ ထို့ကြောင့် သူတို့သခင်လေးများအတွက် သူတို့မစိုးရိမ်ကြပေ။

သုံးရက်ကြာပြီးနောက်တွင် ကျန်းရီတို့လူစုသည် ရှားယွိမြို့သို့ ထွက်ခွာခဲ့ကြသည်။ ဒုကျောင်းအုပ် အမြောက်အများလည်း ရှိနေရာ ဝိဉာဉ်သားရဲသင်တန်းကျောင်းအတွက် ပြဿနာကြီးကြီးမားမား မရှိလောက်ပေ။ ယာ့ဇီသားရဲနှင့် သွားပါက ရှားယွိမြို့နှင့် ဝိဉာဉ်သားရဲသင်တန်းကျောင်းမှာ တစ်ရက်ခရီးသာ ကွာဝေးသည်။ ထို့ကြောင့် ပြဿနာရှိလာလျှင်လည်း ကျန်းရီထံ သူတို့ချက်ချင်းအကြောင်းကြားနိုင်သည်။

ကျန်းရီသည် အားလုံးအား စကြဝဠာနန်းတော်အတွင်း ထည့်လိုက်သည်။ သို့သော် ဤတစ်ခေါက်တွင် လူတဟ်ယောက် အပိုပါလာခဲ့သည်။ ထိုသူမှာ ကျန်းယွင်ဟိုင်ဖြစ်လေသည်။ ကျန်းယွင်ဟိုင်သည် ကျန်းရီအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို ကြောက်သော်လည်း ကျန်းရီသည် သူ့အား ဇွတ်အတင်း ခေါ်ဆောင်လာခဲ့သည်။ ထို့ကြောင့် မတတ်သာဘဲ သူလိုက်လာခဲ့ရလေသည်။

ကျန်းရီနှင့် ကျန်းရှောင်နူသည် ယာ့ဇီသားရဲကိုစီး၍ ရှားယွိမြို့သို့ ပြန်လာခဲ့ကြသည်။ ဤတစ်ခေါက်တွင် ကျန်းရှောင်နူသည် ယခင်တစ်ကြိမ်ကထက် မြန်ဆန်စွာ ပြန်ကောင်းလာခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က သူမနိုးလာခဲ့ရာ ကျန်းရီနှင့် စုလောရွှယ်မှာ အလွန်ဝမ်းသာသွားခဲ့သည်။

မူလက ယာ့ဇီသားရဲသည် ကျန်းရီမှလွဲ၍ တခြားသူများ သူ့အား စီးနင်းမည်ကို လက်မခံခဲ့ပေ။ ယခု ၎င်း၏ ချွင်းချက်စာရင်းတွင် ကျန်းရှောင်နူတစ်ယောက် ထပ်တိုးလာခဲ့ပြီဖြစ်သည်။ မြေအောက်လောကတွင် ကျန်းရှောင်နူသည် သူနှင့်ကျန်းရီအား ကယ်ခဲ့သည်။ သူမ၏ ကြောက်စရာကောင်းလှသော စွမ်းအားသည် ယာ့ဇီသားရဲအား ထိတ်လန့်ကြောက်ရွံ့စေသည်။ ထို့ကြောင့် ကျန်းရီသည် သူမကို သူ့ကျောထက်ခေါ်လာချိန်တွင် ယာ့ဇီသားရဲမှာ ဘာမှမပြောရဲခဲ့ပေ။

ကျန်းရီသည် ကျန်းရှောင်နူအား သူအဖော်ပြုပေးချိန်မှာ အလွန်ရှားပါးသည့်အတွက် အပြစ်ရှိသလို ခံစားနေခဲ့ရသည်။ တိုက်ဆိုင်စွာပင် သူမအား တစ်ရက်အဖော်ပြုပေးရန် သူ့တွင် အချိန်ရလာခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် တစ်လမ်းလုံး မကျင့်ကြံကြဘဲ ကျန်းရှောင်နူနှင့်အတူ အောက်မှ မြစ်များ၊ တောင်တန်းများကို ငေးကြည့်၍ အဖော်ပြုပေးလာခဲ့သည်။

ကျန်းရှောင်နူသည် မည်သည့်စကားမှမဆိုဘဲ ကျန်းရီ၏ ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေရင်း ချိုမြိန်စွာ ပြုံးနေခဲ့သည်။ ကျန်းရီ စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေအတွင်း ဝင်ရောက်သွားသော လများတွင် ကျန်းရှောင်နူသည် အာရုံစိုက်၍ မရပ်မနား ကျင့်ကြံနေခဲ့သည်။ ထိုအတောအတွင်း သူမ၏ကိုယ်သည် လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့သည်။ သူမ၏ ရင်အစုံမှာ သိသိသာသာ ကြီးထွားလာခဲ့ပြီး အသားအရေမှာ ယခင်ကလို အဝါရောင်မသမ်းတော့ဘဲ ဖြူဖွေးနူးညံ့လာခဲ့သည်။ ထို့ကြောင့် ကျန်းရှောင်နူအား အနီးကပ် မြင်လိုက်ရသောအခါ ကျန်းရီ မှင်တက်သွားခဲ့သည်။

"သခင်လေး...ဘာဖြစ်လို့လဲ။ ရှောင်နူ့မျက်နှာပေါ် တစ်ခုခုရှိနေလို့လား"

ကျန်းရှောင်နူသည် သူမအား မှင်တက်စွာ ငေးကြည့်နေသော ကျန်းရီကို မြင်သွားခဲ့သည်။ သူမ၏ စွဲဆောင်မှုရှိသော မျက်နှာလေးမှာ ရဲခနဲဖြစ်သွားပြီး အူကြောင်ကြောင်လေးနှင့် ကိုယ့်မျက်နှာကိုယ် ပြန်ကိုင်မိသွားသည်။

ကျန်းရီသည် သတိဝင်သွားခဲ့ပြီး ကျန်းရှောင်နူ၏ ခေါင်းလေးအား အလိုလို ပုတ်ပေးမိသွားသည်။

"ဟင့်အင်း...ဘာမှမရှိဘူး။ ငါတို့ရှောင်နူလေးတောင် ကြီးပြင်းလာပြီး မိန်းမလှလေးတစ်ယောက် ဖြစ်လာပြီဆိုတာ သဘောပေါက်သွားလို့ပါ"

"တကယ်လား"

ကျန်းရှောင်နူ၏ မျက်လုံးလေးများ တောက်ပသွားခဲ့ပြီး သူမ၏ မျက်နှာလေးမှာ ပိုနီသွားခဲ့သည်။ သူမသည် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်မိသည်။ သို့သော် သူမမျက်လုံးများမှာ လျှင်မြန်စွာပင် မှိန်ဖျော့သွားခဲ့ပြီး သူမတစ်ဦးတည်းသာ ကြားနိုင်သည့် လေသံနှင့် ရေရွတ်လိုက်မိသည်။

"ရှောင်နူပိုလှလာတော့ရော ဘာအသုံးဝင်မှာလဲ။ သခင်လေးမှ ရှောင်နူ့ကို မလိုချင်တာ...."

အာ...

ကျန်းရီ တုန်လှုပ်သွားခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် သူသည် ပတ်ဝန်းကျင်ကို စောင့်ကြည့်ထောက်လှမ်းလာခဲ့ရသည်။ ထို့ကြောင့် သူသည် အနက်ရောင်အတွင်းအားကိုသုံး၍ အကြားအာရုံကို မြှင့်တင်ထားခဲ့လေရာ ကျန်းရှောင်နူ ပြောသမျှကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ရုတ်တရက် သူ့နှလုံးသားသည် ဗြောင်းဆန်သွားခဲ့သည်။ သူသည် ကျန်းရှောင်နူအား ငယ်စဉ်ကတည်းက သူ့ညီမလေးလိုသာ သဘောထားခဲ့သည်။ သူမကို သူမည်သို့လက်ထပ်နိုင်မည်နည်း။ ယခု အခြေအနေကို ကြည့်လျှင် သူမကို သူလက်မထပ်ပါက သူမတစ်သက်လုံး အိမ်ထောင်ပြုမည့်ပုံ မပေါ်ပေ။

ကျန်းရီသည် ခေါင်းပင်ကိုက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး သူ့အတွေးများသည် ဟိုရောက်ဒီရောက် ဖြစ်နေခဲ့သည်။ သူပင် မသိလိုက်ဘဲ ရှားယွိမြို့သို့ ရောက်သွားခဲ့လေရာ ထိုကိစ္စကို အသာဘေးဖယ်ထားရုံသာ သူတတ်နိုင်သည်။ ကောင်းကင်ကျောက်တုံးများဖြင့် ကျင့်ကြံ၍ တတိယကြယ် အသွင်ပြောင်းပြီးမှသာ ထိုကိစ္စများကို သူစဉ်းစားတော့မည်။

ကျန်းရီပြန်ရောက်လာသောကြောင့် ရှားယွိတစ်မြို့လုံး ပျော်ရွှင်သွားကြသည်။

ရှန်ဝူမြို့တော်မှ တိုက်ပွဲသည် ရှားနိုင်ငံမှ ပြည်သူများကို မျှော်လင့်ချက်လည်း ရှိလာစေသလို ပျော်ရွှင်ခြင်း၊ ဂုဏ်ယူခြင်းတို့ကိုလည်း ခံစားရစေသည်။ ရှန်ဝူနိုင်ငံသည် အလွန်အင်အားကြီးသည် မဟုတ်လော။ ထိုနှစ်က ရှားနိုင်ငံ စစ်သည်သိန်းချီကို သူတို့အပြတ်ရှင်းခဲ့သည် မဟုတ်ပေလော။ သူတို့သည် ကျားတစ်ကောင်ကဲ့သို့ ပြုမူ၍ ရှားနိုင်ငံအား အမြဲဖိနှိပ်ခဲ့သည်။ ယခု ကျန်းရီတစ်ဦးတည်းနှင့် ရှန်ဝူနိုင်ငံတစ်ခုလုံးကို ရင်ဆိုင်ရန် လုံလောက်နေပြီဖြစ်သည်။

ကျန်းရီသည် လူအုပ်ကိုလျစ်လျူရှု၍  စကြဝဠာနန်းတော်ထဲမှ လူတိုင်းကို ထုတ်ပေးလိုက်ပြီး တံခါးပိတ်ကျင့်ကြံရန် ခြေလှမ်းလိုက်သည်။ သို့သော် စစ်သူကြီးလုသည် အပြေးတစ်ပိုင်း ရောက်လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်သတင်းကို ပြောကြားလာခဲ့သည်။ ရှန်ဝူမြို့တော်သို့ အပြန်လမ်းတွင် ချယ်ရွှယ်တို့လူစုမှာ အနက်ရောင်ဝတ် လူထူးဆန်း၏ ချုံခို တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ မိသားစုနှစ်ခုမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်တစ်ကျော်သည် တစ်ယောက်မကျန် အသတ်ခံလိုက်ရသည်။

***

All Chapters