← Chapters

နောက်ဆုံးအနိုင်ရသူ

Vol. 1 Ch. 448

နောက်ဆုံးအနိုင်ရသူ

Vol. 1 Ch. 448

ကျန်းရီ၏ မသိစိတ်မှာ သွေးထွက်အောင် မှန်ကန်လေသည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ် ပြန်လိုက်သွားလျှင် သူတို့နှစ်ယောက် သေရမည်မှာ သေချာလေသည်။

ချမ်ရွှယ်တို့ အဖွဲ့တွင် စုစုပေါင်း အယောက်တစ်ရာ့သုံးဆယ် ပါဝင်သည်။ အားလုံးမှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များ ဖြစ်ကြပြီး စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်မှာ ဆယ့်ငါးယောက်ပါဝင်သည်။

ထိုလူစုတွင် အရည်အချင်းရှိသူများသာ ပါဝင်သည်။ သူတို့အဖွဲ့သည် စစ်သည်တစ်သောင်းခန့်ပါသော သာမန်စစ်တပ်တစ်ခုကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ပြီး မြို့ငယ်တစ်ခုကို ဖျက်စီးနိုင်ရန် လုံလောက်သည်။ သို့သော်လည်း အယောက်တစ်ရာ့သုံးဆယ်သော သူတို့သည် ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်း၏ ပိုင်နက်ဖြစ်သော ရှန်ဝူနိုင်ငံအတွင်းတွင် တစ်ယောက်မကျန် အသတ်ခံလိုက်ရသည်။ ထိုသတင်းကို အကြောင်းကြားရန်ပင် တစ်ယောက်မှ မရှင်ခဲ့ပေ။ တိုက်ပွဲပြင်းထန်မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များ သတိထားမိသွားခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ထိုသတင်းကို ယခုအချိန်ထိ ဘယ်သူမှ မသိရလောက်သေးပေ။

ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့ ထိုသတင်းကိုကြားသော် မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ ထိုလူများသည် သူတို့ပိုင်သည့် အထူးတပ်ဖွဲ့၏ အင်အားတစ်ဝက်ခန့်ဖြစ်သည်။ ထိုအထဲတွင် သူတို့၏ ဆွေမျိုးတော်စပ်သူများ၊ ဂိုဏ်းအကြီးအကဲများ ပါဝင်သည်။ အချို့ဆိုလျှင် သူတို့ငယ်စဉ်တည်းက ကြည့်ရှုစောင့်ရှောက်ခဲ့ကြသော အကြီးအကဲများဖြစ်ပြီး အချို့မှာ ဦးလေးဟု သူတို့ခေါ်ကြရသည့် လူများ ဖြစ်လေသည်။

"ယွင်ဖေး၊ ကျူးကော့ချမ်ယွမ်၊ ချမ်ရွှယ်...လူထူးဆန်း..."

ကျန်းရီသည် သတင်းကို ကြားပြီးနောက် နှုတ်ဆိတ်သွားခဲ့သည်။ သူ့စိတ်သည် လျင်မြန်စွာ လှုပ်ရှားနေပြီး မကြာသေးမီက အဖြစ်အပျက်များကို သေချာခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ ထိုသူတို့အားလုံးမှာ တစ်ခုခုနှင့် ပတ်သက်နေသည်ဟု သူအလိုလို ခံစားနေမိသည်။

အချိန်တစ်ခုကြာသော် သူ့မျက်လုံးများ ရေခဲတမျှ အေးစက်သွားခဲ့သည်။ ဤပြဿနာများ နောက်ကွယ်မှ ကြိုးကိုင်သူကို သူခန့်မှန်းမိသွားပြီဖြစ်သည်။

သိုင်းခန်းမ...

ထိုလူထူးဆန်းသည် ယွင်ဖေးနှင့် ကျူးကော့ချမ်ယွမ်ကို သတ်ချင်သည်က မထူးဆန်းပေ။ သို့သော် ချမ်ရွှယ်တို့ လူစုကိုပါ သတ်ချင်လာလျှင် ထူးဆန်းသွားပြီဖြစ်သည်။ အထက်ပါ ပစ်မှတ်သုံးခုတွင် ထပ်တူညီနေသည့်အချက်မှာ တစ်ခုသာရှိသည်။ သူတို့အားလုံးသည် အနောက်ဘက်ပင်လယ်ပြင်မှ ပြန်လာခဲ့ကြခြင်းဖြစ်သည်။

အနောက်ပင်လယ်ပြင်တွင် ဘာရှိသနည်း။ မြေအောက်လောက၊ ကြောက်မက်ဖွယ် နေနက်မိစ္ဆာနွယ်နှင့် ဖုတ်ကောင်များ ဖြစ်ကြသည်။

ထိုမြေအောက်လောကသည် တမလွန်လောက မဟုတ်ပေ။ ထိုနေရာတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေပြီး အဆိုပါ လျှို့ဝှက်ချက်အား တစ်စုံတစ်ယောက်က လောကကို မသိစေလိုပေ။ ထို့ကြောင့် မြေအောက်လောကအကြောင်း သိနေသူမှန်သမျှ သေရပေမည်။

အနက်ရောင်နကျယ်ကောင်များ ကိစ္စကို နတ်မိမယ်ကျီက ကြံစည်ထားခြင်းဖြစ်သည်ဟု ရွှေယို့လန်ပြောခဲ့သည်။ သူမ၏ ရည်ရွယ်ချက်မှာ ကျန်းရီကို မျှားခေါ်၍ နေနက်မိစ္ဆာနွယ်၏အစွမ်းကို အသုံးချကာ သူ့ကိုသတ်ရန်ဖြစ်သည်။

နတ်မိမယ်ကျီသည် ထိုနေရာတွင် နေနက်မိစ္ဆာနွယ်များ ရှိနေသည်ကို သိရာ မြေအောက်လောက အကြောင်းကိုလည်း သိပေလိမ့်မည်။ ထိုမြေအောက်လောကသည်လည်း သိုင်းခန်းမနှင့် ဆက်စပ်နေပုံရသည်။

သိုင်းခန်းမ မည်မျှ အင်အားကြီးသည်ကို ဘယ်သူမှမသိပေ။ သို့သော် သူတို့သည် သူတို့၏ နယ်ရုပ်တစ်ရုပ်ကို ဝိဉာဉ်သားရဲသင်တန်းကျောင်းလို နေရာမျိုးတွင် လွယ်လွယ်ကူကူ ထားနိုင်သည်။ သိုင်းခန်းမဌာနချုပ်သခင်၏ အစွမ်းမှာ တိုင်းတာ၍ပင်မရဟု ကောလဟာလရှိသည်။ ကျူးကော့ချမ်ယွမ်ကို သတ်သည့်သူမှာ သူဆိုပါက အရာအားလုံး အဓိပ္ပါယ်ရှိသွားပြီဖြစ်သည်။

ရှန်ဝူနိုင်ငံသည် ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်း၏ ပိုင်နက်ဖြစ်သော်လည်း ချမ်ရွှယ်တို့အဖွဲ့မှာ သူတို့ပိုင်နက်တွင် လျှို့ဝှက်စွာ အသတ်ခံလိုက်ရသည်။ မိုးပြာနဂါးအင်ပါယာတွင် ထိုသို့သော အစွမ်းအစမရှိဟု ကျန်းရီယုံကြည်သည်။

သို့သော် သိုင်းခန်းမတွင် ထိုသို့သောအစွမ်းအစ ရှိလေသည်။

နယ်မြေရှိ မြို့တိုင်းတွင် သိုင်းခန်းမခွဲတစ်ခုစီ ရှိသည်။ သိုင်းခန်းမထဲတွင် လူဘယ်နှစ်ယောက် ရှိကြောင်းနှင့် သူတို့၏ ထိန်းချုပ်မှု ခံရသော ဂိုဏ်းမည်မျှရှိကြောင်းကို ဘယ်သူမှ မသိကြပေ။

ရှန်ဝူမြို့တော်တွင် ရှိစဉ်က ချမ်ကွေ့၏ လေသံကို နားထောင်ကြည့်လျှင် သူသည်လည်း သိုင်းခန်းမနှင့် ပတ်သက်၍ သိပ်မသိကြောင်း ကျန်းရီပြောနိုင်သည်။ သမိုင်းစချိန်တည်းက တည်ရှိခဲ့ပြီး နယ်မြေ၏ နေရာလပ်မကျန် ဖြန့်ကျက်ထားနိုင်သော အစွမ်းအစတစ်ခုတည်းကပင် သိုင်းခန်းမ မည်မျှ အင်အားကြီးကြောင်း ပြနေလေသည်။ သူတို့အတွက် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် လူတစ်ရာခန့်ကို သတ်ရန်မှာ ထမင်းစားရေသောက်သလိုကို လွယ်ကူပေလိမ့်မည်။

"သိုင်းခန်းမကို ဝင်ပြီးရင် ပြန်ထွက်ဖို့မလွယ်တော့ဘူး။ ပင်လယ်ရေထဲ မြုပ်သွားသလိုပဲ ပြီးရင် ကောင်းကင်ဘုံကနေ ငရဲဖြစ်လာလိမ့်မယ်"

ကျန်းရီသည် တစ်ခါက ကျူးကော့ချမ်ယွမ်ပြောခဲ့သည့် စကားကို သတိရသွားခဲ့သည်။ သိုင်းခန်းမသည် ဂုဏ်ထူးဆောင် အကြီးအကဲ အမြောက်အများကို စည်းရုံးခဲ့သည်။ အဆုံးတွင် သူတို့အားလုံး ပျောက်ကွယ်သွားကြသည်။ ကျူးကော့ချမ်ယွမ် သိသည်မှာ ထိုလူများအားလုံး ပျောက်ကွယ်သွားသည့် အချက်တစ်ခုသာ ဖြစ်သည်။ သူမသိသော အကြောင်းအရာများ မည်မျှ ရှိသေးသနည်း။

"သိုင်းခန်းမရဲ့ အင်အားက မင်းစိတ်ကူးနိုင်တာထက်တောင် ကြီးသေးတယ်"

သူသည် ကောင်းကင်တောင်ပံမြို့ သိုင်းခန်းမခွဲမှ ခန်းမသခင်၏ စကားကို သတိရသွားခဲ့သည်။ ကျန်းရီ၏ အသားအရောင်မှာ ဖြူဖျော့လာခဲ့သည်။ ဤတစ်ကြိမ်တွင် အင်အားအလွန်ကြီးသော ရန်သူကို သူရန်စမိခဲ့ပြီဖြစ်သည်။ မိုးပြာနဂါးအင်ပါယာ၏ ဘိုးဘေးကြီး၊ ရှောင်လုံဝမ်တို့ လူစုထက် အဆပေါင်းများစွာ အင်အားကြီးသည့် ရန်သူဖြစ်သည်။

အရေးအကြီးဆုံးမှာ သိုင်းခန်းမသည် အမှောင်ထဲတွင်ဖြစ်သည်။ ကျန်းရီသည် သိုင်းခန်းမ၏ ဌာနချုပ် ဘယ်နေရာတွင် ရှိမှန်းပင်မသိပေ။ စစ်သည်အများကြီးကို ခေါ်ဆောင်၍ သိုင်းခန်းမခွဲများကို တစ်ခုပြီးတစ်ခု ဖျက်စီးရန်လည်း မဖြစ်နိုင်ချေ။ ထို့ပြင် သိုင်းခန်းမခွဲများမှာ မြို့တိုင်းတွင် ရှိနေသည်။ နယ်မြေတစ်ခုလုံးကို သူသိမ်းပိုက်ရမည့် သဘောပင်။

အမှောင်ထဲတွင် ပုန်းအောင်းနေသော ရန်သူများသည် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ မကောင်းဆိုးဝါးဟု ထင်ရလောက်အောင် ထက်မြက်သည့် ဉာဏ်ရည်ကို ပိုင်ဆိုင်သော နတ်မိမယ်ကျီကိုလည်း သူထည့်တွက်ရဦးမည်။ ယွင်ဖေး၊ ကျူးကော့ချမ်ယွမ်နှင့် ချမ်ရွှယ်တို့၏ မတော်တဆမှုများကို ကြည့်လျှင် သူမသည် မရေမတွက်နိုင်သော ပရိယာယ်၊ ထောင်ချောက်များကို ကြီးကြပ်နိုင်စွမ်းရှိသည့် တကယ့်အကြံဉာဏ်သမားဖြစ်မှန်း သူပြောနိုင်သည်။

မတော်တဆမှု သုံးခုဖြစ်ခဲ့သော်လည်း ခြေရာလက်ရာ တစ်ခုမှ မကျန်ခဲ့ပေ။ သိုင်းခန်းမအပေါ် ဤမျှမသင်္ကာဖြစ်နေသည်မှာ နယ်မြေတစ်ခုလုံးတွင် သူနှင့် ရွှေယို့လန်တို့သာ ရှိလောက်သည်။

အမှောင်ထဲတွင် ပုန်းနေသော ရန်သူသည် လေဟာနယ်ထဲတွင် ရှိနေသည့် မကောင်းဆိုးဝါးတစ်ကောင်နှင့် ပမာတူသည်။ ထိုမကောင်းဆိုးဝါးသည် မည်သည့်အချိန်တွင် အစွယ်တို့ကိုဖြဲ၍ လူတို့ကို ကိုက်ဖြတ်ပစ်မည်မှန်း ဘယ်သူမှ မသိကြပေ။ ထိုကဲ့သို့သော ခံစားချက်သည် အလွန်ခံရခက်သည်။

ထိုခဏတွင် ကျန်းရီသည် လူအားလုံးကို ခေါ်ဆောင်၍ ကောင်းကင်ကြယ်တာရာနယ်မြေမှ ထွက်ပြေးသွားသင့်သည်ဟု ခံစားနေရသည်။ ဤတစ်ကြိမ်ရန်သူသည် သူ့အတွက်တောင် ကြောက်စရာကောင်းလွန်းလှသည်။ သူနှင့်ပတ်သက်သူတိုင်း အသတ်ခံရ၍ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားမည်ကို သူကြောက်မိပါသည်။

သို့သော်လည်း သူသည် လက်တွေ့မကျသော အတွေးများကို အလျင်အမြန် ဖယ်ရှားလိုက်သည်။ စုလောရွှယ်သည် သူမ၏ တိုင်းသူပြည်သားများကို ဘယ်သောအခါမှ စွန့်ပစ်သွားမည်မဟုတ်သလို သူကိုယ်တိုင်လည်း ရှားနိုင်ငံအပေါ် သံယောဇဉ်တွယ်နေပြီဖြစ်သည်။ ယခုဆိုလျှင် ဝိဉာဉ်သားရဲသင်တန်းကျောင်းပါ ထပ်တိုးလာခဲ့ပြန်သည်။ သူထွက်သွားခဲ့မည်ဆိုပါက သူ့အသိတရားသည် သူ့ဘဝတစ်လျှောက်လုံး အေးချမ်းနိုင်မည်မဟုတ်။

ဘဝတစ်လျှောက်လုံး အပြစ်ရှိသလို ခံစားရင်း သူနေမသွားနိုင်ပေ။ ထို့ကြောင့် သူသည် ယုံကြည်ချက်အားလုံးကို ပြန်စုစည်းလိုက်ပြီး မသေမချင်း တိုက်ခိုက်သွားမည်ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်သည်။

"ငွေပန်းပွင့်ဘွားဘွားဆီ အကြောင်းကြား၊ သတို့သမီးလာကြိုမယ့် စစ်တပ်ကို စောင့်မနေဘဲ ယွင်ဖေးကို အခုခေါ်လာခဲ့ဖို့။ ပြီးတော့ နတ်မိမယ်ကျီကို သတိထားနေပါလို့ မျှော်စင်သခင်မရွှေဆီ အကြောင်းကြား၊ နောက်တစ်ခုက ဝမ်ကွမ်၊ ဝူရွှမ်း၊ မင်းတို့အားလုံး နန်းတော်ထဲကနေ အပြင်လုံးဝမထွက်ရဘူး။ အမိန့်ကို ဖီဆန်ရင် ငါနဲ့သေခန်းရှင်ခန်းဖြတ်တာနဲ့ အတူတူပဲ"

ကျန်းရီ၏ အမိန့်များသည် ပြင်းထန်လွန်းနေသည်။ သို့သော် သူ့အမိန့်တို့သည် ပြတ်သားလွန်းသောကြောင့် မည်သူမှ မေးခွန်းမထုတ်နိုင်အောင် ကာကွယ်ပြီးသား ဖြစ်သွားသည်။ သူသည် စုလောရွှယ်ထံ လှမ်းကြည့်လိုက်ပြီး တစ်ဆက်တည်း ပြောလိုက်သည်။

"လောရွှယ်...ကိုယ်တို့လက်ထပ်ပွဲကို ရွှေ့ဆိုင်းရမယ်။ ကိုယ်တံခါးပိတ်ကျင့်ကြံတော့မှာမို့ ကောင်းကင်ကျောက်တုံးတွေ အလုံအလောက် ပြင်ဆင်ထားပါ။ ရှောင်နူ...မင်းလည်း ချက်ချင်းတံခါးပိတ်ကျင့်ကြံသင့်တယ်"

ဝှစ်...

ကျန်းရီ၏ လက်ထဲမှ စကြဝဠာနန်းတော် လင်းလက်လာခဲ့ပြီး လေထဲတွင် ယာ့ဇီသားရဲ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ယာ့ဇီသားရဲအား ကျန်းရီ အမိန့်ပေးသည့်အသံ ထွက်ပေါ်လာခဲ့သည်။

"နတ်ဆိုးသားရဲဘုရင်...ကျွန်တော် တံခါးပိတ်ကျင့်ကြံပြီး မှော်ကျင့်စဉ်တွေကို လေ့လာတော့မယ်။ ကျွန်တော်ကျင့်ကြံနေတဲ့ အချိန်မှာ နန်းတော်ကို ခင်ဗျား စောင့်ကြပ်ရမယ်။ လှုပ်ရှားမှုတိုင်းကို သတိထားပါ...မင်္သကာစရာကောင်းတဲ့ တစ်ယောက်ယောက် နန်းတော်ထဲဝင်တာနဲ့ သတ်ပစ်နိုင်တယ်"

အမိန့်တစ်သီတစ်တန်းကြီး ထွက်ပေါ်လာပြီးနောက် ကျန်းရီ၏လေသံထဲမှ စိုးထိတ်မှုကို လူတိုင်းခံစားမိလိုက်ကြသည်။ အခြေအနေသည် သူတို့ထင်ထားခဲ့သည်ထက် ပိုမိုပြင်းထန်နေပုံရသည်။

"ငါ့အဖေနဲ့ ကျန်တဲ့သူတွေရော ဘယ်လိုလုပ်မလဲ"

ချမ်ဝမ်ကွမ်သည် စိုးရိမ်စွာ မေးလာခဲ့သည်။

ချမ်ရွှယ်တို့အဖွဲ့ အသတ်ခံလိုက်ရသောကြောင့် ရှန်ဝူမြို့တော်တွင် ယောက်ယတ်ခတ်နေကြသည်။ ချမ်ဝမ်ကွမ်၏အမြင်တွင် ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းအား ရှင်းပစ်ချင်နေသော တစ်စုံတစ်ယောက် ရှိနေသည်။ ကျန့်ဝူရွှမ်းမှာလည်း စိတ်ပူနေခဲ့သည်။

ကျန်းရီသည် ခဏ တွေးလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"နည်းလမ်းနှစ်ခုရှိတယ်။ ပထမတစ်နည်းက မင်းတို့ဂိုဏ်းတွေ ရှန်ဝူမြို့မှာဆက်နေဖို့ပဲ။ တစ်ချိန်တည်းမှာ လူငယ်မျိုးဆက်တွေကို နေရာအနှံ့ ဖြန့်ကျက်ပစ်လိုက်...မင်းတို့ဂိုဏ်းတွေကို အမြစ်ပြတ်သုတ်သင်ချင်တဲ့ အဖွဲ့အစည်းမရှိဘူးလို့ ငါယူဆတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပစ်မှတ်က အစတည်းက ချမ်ရွှယ်တို့အဖွဲ့ ဖြစ်နေလို့ပဲ။ နောက်တစ်နည်းက မင်းတို့ဂိုဏ်းတွေ ရှားယွိမြို့ကို ရွှေ့လာဖို့ပဲ။ ဒါပေမယ့် ဒီနည်းကိုရွေးရင် ငါသေတာနဲ့ မင်းတို့ဂိုဏ်းတွေပါ ဖျက်စီးခံရလိမ့်မယ်။ ဒီအကြောင်းကို ဦးလေးတို့ဆီ အသိပေးပြီး သူတို့ကြိုက်တဲ့နည်းလမ်းကို ရွေးခိုင်းလိုက်"

"ကောင်းပြီ..."

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့ ခေါင်းကိုယ်စီ ငြိမ့်လိုက်ကြသည်။ သူတို့နှစ်ယောက် ကျန်းရီနောက်လိုက်လျှင်တောင် သူတို့ဂိုဏ်းများကိုပါ ဆွဲထည့်၍ မဖြစ်ပေ။ ဂိုဏ်းများကို ပြောင်းရွှေ့လိုက်လျှင် ကျန်းရီသေသည်နှင့် သူတို့ဂိုဏ်းများပါ ပျက်စီးရပေလိမ့်မည်။

"စစ်သူကြီးလု"

ကျန်းရီသည် လမ်းလျှောက်ရင်း စစ်သူကြီးလုအား အော်ခေါ်လိုက်သည်။

"ဒီနေ့ကစပြီး ဘယ်ရဲမက်မှ နန်းတော်ထဲ ရှိနေဖို့ မလိုဘူး။ နန်းတွင်းအစေခံတစ်ချို့နဲ့ ကုန်းကုန်းတစ်ချို့ပဲ ချန်ထားခဲ့၊ ပြီးတော့ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် ရောက်နေတဲ့ အစေခံတွေနဲ့ ကုန်းကုန်းတွေကို မလိုအပ်ဘူး။ ငါ့အမိန့်ကို ကြေငြာလိုက်၊ တော်ဝင်နန်းတော်ကို ယာ့ဇီသားရဲ စောင့်ကြပ်နေတယ်။ နန်းတော်ထဲ အမိန့်မရဘဲ ဝင်တဲ့သူမှန်သမျှ ချွင်းချက်မရှိ အသတ်ခံရမယ်"

သိုင်းခန်းမတွင် ပုန်းကွယ်နေသည့် နယ်ရုပ်အမြောက်အများ ရှိသည်မဟုတ်လော။ အပြင်လူများအားလုံးကို သူဖယ်ရှားရန်သာ လိုအပ်သည်။ နတ်မိမယ်ကျီ မည်မျှပင် ပရိယာယ် ထောင်ချောက်များ သုံးနိုင်ပါစေ၊ သူမကျန်းရီကို သတ်ချင်လျှင် အင်အားသုံး ဝင်ရောက်မှသာ ရလိမ့်မည်။

သူ့တွင် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများ ရှိသည်။ အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်ဖြစ်သည့် ယာ့ဇီသားရဲနှင့် ကျန်းရှောင်နူလည်း နန်းတော်ထဲတွင် ရှိနေသည်။ ထို့ကြောင့် နန်းတော်တွင် ဗာဂျရာ ပဉ္စမအဆင့် လူသုံးယောက် ရှိသည်ဟု ဆိုနိုင်လေသည်။

သုံးနှစ်အချိန်မှာ မပြည့်သေးပေ။ မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီး သူတို့အား ပေါ်ပေါ်ထင်ထင် လာရောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ အမှောင်ထဲမှ အကောက်ကြံရသည်ကို ကြိုက်သောသူများ လာလျှင်လည်း လာသမျှလူတိုင်းကို သူသတ်ပစ်မည်။ သိုင်းခန်းမတွင် ကောင်းကင်ဧကရာဇ်အဆင့် မရှိလျှင် သို့မဟုတ် သူတို့သည် နတ်ဆိုးဧကရီအား မကြောက်ခြင်း မဟုတ်လျှင် နန်းတော်သည် နောက်နှစ်နှစ်ကြာအောင် ဘေးကင်းပေလိမ့်မည်။

စုလောရွှယ်၊ ချမ်ဝမ်ကွမ်နှင့် ကျန်လူတို့သည် ကျန်းရီ၏အမိန့်ကို နားထောင်ပြီးသော် မျက်လုံးများ တောက်ပလာကြသည်။ အချိန်မှာ နှစ်နှစ်ခန့်ကျန်သေးသည်။ ကျန်းရီသာ ကြီးကြီးမားမား အဆင့်တက်နိုင်ခဲ့လျှင် နောက်ဆုံးအနိုင်ရမည့်သူမှာ ဘယ်သူမှန်း ပြောရန်ခက်လေသည်။

***

All Chapters