နှစ်တစ်ဝက်
Vol. 1 Ch. 449
ကျန်းရီ၏ အစီအစဉ်သည် ချောမွေ့နေခဲ့သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်သို့ ရောက်နေကြသူမှန်သမျှ နန်းတွင်းထဲမှ နှင်ထုတ်ခံရသည်။ အားနည်းသည့် အစေခံအချို့နှင့် ကုန်းကုန်းအနည်းငယ်သာ ကျန်ရစ်ခဲ့ကြသည်။ ထိုအထဲမှ ကျန်းရီသည် အသက်ကြီးသူများနှင့် စုဂိုဏ်းကို ဆယ်နှစ်အထက် အလုပ်အကျွေးပြုခဲ့သူများကိုသာ ချန်ထားခဲ့သည်။ ထိုသို့ လုပ်ခြင်းကြောင့် နန်းတော်ထဲတွင် သူလျှိုရှိနိုင်ချေကို အနိမ့်ဆုံးသို့ လျှော့ချပြီးသား ဖြစ်သွားသည်။
စုလောရွှယ် နန်းတက်ခါစက ရှားယွိမြို့မှလူတိုင်း စိတ်မအေးနိုင်ခဲ့ကြပေ။ မှူးမတ်၊ အရာရှိ အမြောက်အများသည် အင်အားကြီးအဖွဲ့အစည်း အသီးသီး၏ လာဘ်ထိုးခံထားကြရသည်။ ထိုအရာရှိတို့သည် နန်းတွင်းထဲတွင် သူလျှိုအမြောက်အများ ထားခဲ့ကြသည်။ သို့သော်လည်း ကျန်းရီ၏ အမိန့်ကြောင့် စုလောရွှယ် အသစ်ခေါ်ထားခဲ့သည့် အစေခံများနှင့် ကုန်းကုန်းများအားလုံး နှင်ထုတ်ခံလိုက်ရသည်။ နန်းတော်အား ရဲမက်များပင် စောင့်ကြပ်ခွင့် မရှိတော့ပေ။ ယုံကြည်ရသည့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်တစ်ရာသာ နန်းတော်ဂိတ်တံခါးကို စောင့်ကြပ်ရန် အလှည့်ကျ တာဝန်ယူထားကြရသည်။
ထိုလူတစ်ရာသည် နန်းတော်ထဲသို့ ခိုးဝင်ကြမည့် သူခိုးသူဝှက်များကို တားဆီးရန် တာဝန်ယူထားကြရသည်။ နန်းတော်၏ လုံခြုံရေးကိုမူ ယာ့ဇီသားရဲက တာဝန်ယူထားသည်။ ယာ့ဇီသားရဲနှင့် ရင်ဆိုင်ရပါက စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အယောက်တစ်သောင်းပင် အသုံးမဝင် ဖြစ်သွားလိမ့်မည်။
ကျန်းရီ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်ပြီးနောက် စုလောရွှယ်သည် အရာအားလုံးကို ထပ်မံစစ်ဆေးလိုက်ပြီး မင်္သကာစရာကောင်းသည့် လူများကို ဖယ်ရှားလိုက်သည်။ နန်းတွင်းတွင် လူတစ်ထောင်မက ရှိခဲ့သော်လည်း အကြိမ်ကြိမ်စီစစ်ပြီးနောက်တွင် လူသုံးရာခန့်သာ ကျန်ရစ်ခဲ့သည်။
စုဂိုဏ်း၏ အဖွဲ့ဝင်များ အားလုံးနီးပါးမှာ သေဆုံးသွားကြပြီဖြစ်သည်။ စုလောရွှယ်သည် မိန်းမတစ်ယောက်ဖြစ်ရာ ကိုယ်လုပ်တော်များယူရန် မလိုအပ်ပေ။ ထို့ကြောင့် နန်းတွင်းထဲတွင် သခင်ဖြစ်သူများမှာ အနည်းငယ်သာရှိသည်။ ထိုသခင်များကို အလုပ်အကျွေးပြုရန် လူသုံးရာမှာ လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
စုလောရွှယ်သည်လည်း အပြင်မထွက်တော့ပေ။ သူမသည် နေ့စဉ်နေ့တိုင်း နန်းတော်၏ အစွန်နားရှိ ညီလာခံခန်းမတွင် မှူးမတ်များ၊ စစ်သူကြီးများနှင့် တွေ့ဆုံသည်။ အုပ်ချုပ်ရေးပြဿနာများကို ဆွေးနွေးဆုံးဖြတ်ပြီးသည်နှင့် သူမသည် ချက်ချင်းလူစုခွဲစေသည်။ နန်းတော်ထဲသို့ ခွင့်ပြုချက်မရဘဲ ဝင်လာသူရှိပါက ကျန်းရီ၏အမိန့်အတိုင်း ချက်ချင်းအသတ်ခံရလေသည်။
ကျန်းရှောင်နူသည် တံခါးပိတ်ကျင့်ကြံနေသည်။ ကျန့်ဝူရွှမ်းသည်လည်း တံခါးပိတ်ကျင့်ကြံနေသည်။ ကျန့်လင်းအာမှာလည်း ကျင့်ကြံနေသည်။ ချမ်ဝမ်ကွမ် တစ်ဦးသာ အားယားနေသောကြောင့် ချမ်ဂိုဏ်း၏ စီးပွားရေးလုပ်ငန်းများကို စတင်ကြီးကြပ်သည်။ ချမ်ဂိုဏ်းမှ လူတစ်ယောက်သာ နန်းတော်အတွင်း ဝင်ထွက်ခွင့် ရှိလေသည်။ သူသည် အပြင်မှ သတင်းတို့ကို ယူလာပေး၍ ချမ်ဝမ်ကွမ်၏ ညွှန်ကြားချက်များကို ပြန်ယူသွားရသည်။
ကျန့်ရီမင်နှင့် ချမ်ကွေ့သည် ရှားနိုင်ငံသို့ မလာရန် ရွေးချယ်ခဲ့ကြသည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် ရှားနိုင်ငံတွင် ရောက်နေပြီဖြစ်ရာ အနာဂတ်အတွက် နောက်ဖေးတံခါးပေါက် ရှိနေပြီးသားဖြစ်သည်။ သူတို့လို မိသားစုကြီးများသည် ဥမှန်သမျှကို ခြင်းတစ်ခြင်းထဲ အကုန်ထည့်ထားရန် မဖြစ်နိုင်ပေ။ သူတို့တွင် အခြားအစီအစဉ်များရှိကြသည်။ သူတို့သည် အရံအစီအစဉ်များအတိုင်း ပိုင်ဆိုင်မှုများကို စတင် ပြောင်းရွှေ့ကြသည်။
နယ်မြေတစ်ခုလုံးသည် ပြန်လည်ငြိမ်းချမ်းလာခဲ့သည်။ ငြိမ်းချမ်းလွန်း၍ ခြောက်ခြားစရာပင် ကောင်းနေလေသည်။
ရှားထင်ဝေ့သည် တစ်ကြိမ်မှ ပြန်ထွက်ပေါ်မလာခဲ့ပေ။ သူသေဆုံးသွားခြင်း သို့မဟုတ် ပြန်ကုစားရန်အတွက် တစ်နေရာရာတွင် ပုန်းအောင်းနေခြင်းသာ ဖြစ်လိမ့်မည်။ ကျန်းပိုင်လီရှိနေသော ရှန်ဝူနိုင်ငံသည် ထင်သလောက် မငြိမ်မသက် မဖြစ်ခဲ့ပေ။ မိုးပြာနဂါးအင်ပါယာနှင့် ရှောင်လုံဝမ်တို့သည်လည်း ကျန်းရီ၏ ပြဿနာအား ဘာမှဝင်မပြောကြပေ။ မသိလျှင် ဘာမှမဖြစ်ခဲ့သည့်အလား။
မည်သို့ပင်ဖြစ်စေ တစ်ယောက်ယောက်ကို အပြစ်တင်ရန် ခက်ခဲလှသည်။ လျှိုယွိသည် တရားခံအစစ်ဖြစ်သည်။ ရှန်ဝူမြို့တွင် ကျူးကော့ချမ်ယွမ်အတွက် ကျန်းရီလက်စားချေပေးသည်မှာ ဖြစ်သင့်သောအရာဖြစ်သည်။ လျှိုယွိသည် ရှန်ဝူနိုင်ငံ၏ လမ်းများထက် ဟိုဟိုဒီဒီ လျှောက်ပြေးနေခဲ့သည်။ သို့သော် ရှန်ဝူနိုင်ငံသည် အရေးယူခြင်း တစ်စုံတစ်ရာ မရှိခဲ့ဘဲ လျှိုယွိကို ရှန်ဝူမြို့တော်အတွင်း ဝင်ခွင့်တောင်ပြုလိုက်သေးသည်။ ကျန်းရီကို မည်သူက အပြစ်တင်နိုင်မည်နည်း။
ရွှေယွဲ့လျန်မျှော်စင်နှင့် ဇင်ဘုရားကျောင်းမှာလည်း နှုတ်ဆိတ်နေခဲ့သည်။ ခါတိုင်းလိုဆိုပါက ကျန်းရီကို ထောက်ပံ့ကြောင်း သူတို့ကြေငြာသင့်နေပြီဖြစ်သည်။ သို့သော် ရှောင်လုံဝမ်တို့ ကိုယ်တိုင်က နှုတ်ဆိတ်နေလေရာ သူတို့လည်း ပြဿနာရှာမနေတော့ပေ။
နတ်ဆိုးဧကရီသည် တောင်စဉ်သုံးထောင်တွင် အမြဲတံခါးပိတ်၍ ကျင့်ကြံနေခဲ့သည်။ မြေခွေးလေးလည်း အပြင်သို့ ထွက်လာခြင်းမရှိပေ။ ဤပြဿနာကို နတ်ဆိုးဧကရီ မသိသည်လား၊ မသိချင်ယောင်ပင် ဆောင်နေသည်လား ဘယ်သူမှ မသိကြပေ။
အရာရာသည် ပုံမှန်အတိုင်းသာဖြစ်သည်။ လူတို့သည် ကိုယ့်ဘဝကို ဆက်လျှောက်လှမ်းနေကြသည်။ သိုင်းသမားတို့က ကျင့်ကြံနေကြပြီး အပျော်အပါးမက်သူတို့က မိန်းမများရှာ၍၊ သောက်စားပျော်ပါး၍ ကောင်းဆဲပင်။ သို့သော် လူတို့တွေ့ဆုံချိန်တိုင်း ဆွေးနွေးမှုခေါင်းစဉ်မှာ ကျန်းရီအကြောင်းသာ ဖြစ်သည်။ အချို့က မနာလိုဖြစ်ကြသည်၊ အချို့က သူ့အား လေးစားကြသည်၊ သူတို့၏ ယောက်ျားကို ကျန်းရီမှလွဲ၍ တခြားဘယ်သူမှ မဖြစ်စေချင်ကြသည့် သူများလည်း ရှိလေသည်။
ကျန်းရီသည် ထိုအရာအားလုံးကို မသိကျိုးကျွန်ပြုထားခဲ့သည်။ သူသည် ရွှယ်လော့နန်းဆောင်၏ အခန်းတစ်ခုထဲတွင် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သူထွက်မလာပါက စုလောရွှယ်တောင် ထိုအခန်းထဲ ဝင်မသွားနိုင်ပေ။
ကောင်းကင်သွေးကြော၏ တစ်ဝက်ကျော်ခန့်ကို တူးဖော်ပြီးသွားခဲ့ပြီး ကောင်းကင်ကျောက်တုံး များစွာ ရရှိခဲ့သည်။ ကောင်းကင်ကျောက်တုံး အရေအတွက်မှာ အနည်းဆုံး တစ်ထောင်အထက် ရှိလေရာ ကျန်းရီ အချိန်တစ်ခုကြာ ကျင့်ကြံနိုင်ရန် လုံလောက်လေသည်။ သူသည် တတိယကြယ်အတွင်းရှိ အတွင်းအား ပြည့်လာအောင် ကျင့်ကြံနေခြင်းဖြစ်သည်။ တတိယကြယ် အသွင်ပြောင်းရန်အတွက် ကောင်းကင်ကျောက်တုံး တစ်ရာဝန်းကျင်ခန့်သာ သူအသုံးပြုရန် လိုအပ်တော့သည်။ ထို့နောက်တွင် သူ့အတွင်းအားသည် ဗာဂျရာအဆင့်တစ်ယောက်နှင့် တန်းတူဖြစ်သွားလိမ့်မည်။ အလယ်အလတ်အဆင့် တာအိုတစ်ခုကို သူနားလည်ထားပြီးပြီဖြစ်သည်။ သူ့အတွင်းအားသာ လိုအပ်သည့်ပမာဏသို့ ရောက်သွားလျှင် ဗာဂျရာအဆင့်သို့ သူ အမှန်တကယ် ရောက်ရှိသွားပြီဟု ဆိုနိုင်လိမ့်မည်။
ကျန်းရီသည် ကောင်းကင်ကျောက်တုံးများဖြင့် ဆက်လက်ကျင့်ကြံနေခဲ့သည်။ သူဆာလောင်သည့်အချိန်တွင် အခန်းအတွင်းသို့ စားစရာလာပို့ခိုင်းသည်။ သူပင်ပန်းသည့်အချိန်တွင် ကြမ်းပြင်ပေါ် ဒီအတိုင်းလှဲချ၍ အိပ်စက်သည်။ သူပျင်းလာလျှင် မှော်ကျင့်စဉ်တို့ကို လေ့လာသည်။ သူသည် စက္ကန့်တိုင်းအား သူ့အင်အားတိုးတက်လာစေရန် အသုံးချနေခဲ့သည်။
အန္တရာယ်သည် လက်တစ်ကမ်းအလိုတွင် ရှိနေသည်ဟု သူခံစားနေရသည်။ ထိုနတ်မိမယ်ကျီသည် သူ့အား အချိန်များများစားစား ပေးမည်မဟုတ်။ သူ့အင်အား တိုးတက်လာသည်နှင့်အမျှ သူအသက်ရှင်ရန် အခွင့်အလမ်းက ပို၍တိုးတက်လာသည် မဟုတ်ပါလော။
လဝက်ခန့်အကြာတွင် ငွေပန်းပွင့်အဘွားအို ရောက်လာခဲ့သည်။ သူမသည် ယွင်ဖေးအား သူမနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ ကျန်းရီသည် ချွင်းချက်ထား၍ ယွင်ဖေးအား ကြိုဆိုရန် တစ်ရက်အပြင်ထွက်ခဲ့သည်။ ငွေပန်းပွင့်အဘွားအိုသည် ကျန်းရီထံမှ သတိပေးချက်နှင့် သတင်းကို ရလျှင်ရခြင်း လိုအပ်သည်တို့ကို စီစဉ်ခဲ့သည်။ သူမသည် ရက်အနည်းငယ်အတွင်း ကျန့်ဂိုဏ်း၏ သတို့သမီး ခေါ်ဆောင်မည့်စစ်တပ် ရောက်လာမည့်အကြောင်းနှင့် ယွင်ဖေး၏ မင်္ဂလာပွဲအကြောင်းကို သတင်းအမှား လွှင့်လိုက်သည်။ ထို့နောက် သူမနှင့် ယွင်ဖေးသည် ဘယ်သူမှ မသိစေဘဲ ညဉ့်လယ်တွင် ချက်ချင်းထွက်ခွာခဲ့သည်။ ယွင်ချင်းထျန်းနှင့် ယွင်ရှန်းတို့နှစ်ဦးသာ ဤအကြောင်းကို သိလေသည်။
သူတို့သည် လမ်းတစ်လျှောက် မြေအောက် ငါးထောင်ကီလိုမီတာ အကွာမှ ခရီးဆက်ခဲ့သည်။ ထို့ကြောင့် ဘယ်သူမှ သူတို့အား ခြေရာမခံနိုင်ဘဲ ဘေးကင်းစွာ ရောက်ရှိလာခဲ့သည်။
ကျန်းရီနှင့် စုလောရွှယ်တို့၏ လက်ထပ်ပွဲ ရွှေ့ဆိုင်းမှုကြောင့် ကျန့်ဝူရွှမ်းတို့မှာ ခမ်းခမ်းနားနား လက်မထပ်နိုင်ခဲ့ပေ။ သူတို့သည် ငွေပန်းပွင့်အဘွားအို၊ ကျန်းယွင်ဟိုင်နှင့် သူတို့သူငယ်ချင်းတစ်စု၏ ရှေ့မှောက်တွင်ပင် ရိုးရှင်းသော လက်ထပ်ပွဲတစ်ခု ကျင်းပခဲ့သည်။
စုလောရွှယ်သည် သူမကိုယ်တိုင်ပါ ရိုးရိုးရှင်းရှင်း လက်ထပ်ရန် ရည်ရွယ်ခဲ့သော်လည်း ကျန်းရီမှ လက်မခံခဲ့ပေ။ သူမအတွက် မတရားဟု သူခံစားရသည်။ သူသည် သူ့အင်အား အစွမ်းကုန်မြင့်တက်သွားပြီး သူတို့ကို သူကာကွယ်ပေးနိုင်သည်မှာ သေချာအောင် အရင်လုပ်ချင်သည်။ ထို့နောက်မှ စုလောရွှယ်အား ခမ်းနားစွာ သူလက်ထပ်မည်။
ယွင်ဖေးသည် မတရားဟု မခံစားခဲ့ရပေ။ သူမသည် လက်ရှိအခြေအနေ၏ အရေးကြီးမှုကို ကောင်းကောင်းနားလည်သည်။ ကျန့်ဝူရွှမ်းနှင့် အတူရှိနိုင်သရွေ့ သူမပျော်ပါသည်။ ချမ်ဝမ်ကွမ်သည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး မင်္ဂလာဦးညတွင် ကြင်စဦးမောင်နှံအား စနောက်ရန် ကြံစည်ခဲ့သည်။ သို့သော် ကျန့်ဝူရွှမ်း၏ ကန်ထုတ်ခြင်း ခံလိုက်ရလေသည်။
နောက်တစ်နေ့တွင် ကျန်းရီသည် သူ၏ တံခါးပိတ်ကျင့်ကြံခြင်းကို ပြန်စတင်လိုက်သည်။ ငွေပန်းပွင့်အဘွားအိုသည်လည်း တိတ်တဆိတ်သာ ပြန်သွားခဲ့သည်။ ရွှယ်လော့နန်းဆောင်တွင် မျက်နှာပန်းရောင်သန်းနေသည့် သတို့သမီးတစ်ဦး တိုးလာသည်မှတစ်ပါး အရာအားလုံးသည် ပုံမှန်သာဖြစ်သည်။ ကျန့်ဝူရွှမ်းသည် ယွင်ဖေးအား ရက်အနည်းငယ် အဖော်ပြုပေးပြီးနောက် နှစ်ယောက်လုံး တံခါးပိတ်ကျင့်ကြံကြသည်။
ယွင်ဖေးသည် အထူးလက်ဖွဲ့ကို လက်ခံရရှိခဲ့သည်။ ၎င်းမှာ စုန်းနတ်ဘုရား၏ မှော်ကျင့်စဉ်ဆယ်ခုနှင့်အတူ ဝင်္ကပါ အစီအရင်များနှင့် ပတ်သက်သည့် စာအုပ်အထူကြီးများ ဖြစ်သည်။ စုန်းနတ်ဘုရားသည် ယွင်ဂိုဏ်းမှ မျိုးဆက်များကို သင်ကြားပေးရန် အဆင်ပြေသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ထိုကျင့်စဉ်များကို တစ်ဦးတည်း အပိုင်သိမ်းမည် မဟုတ်ပေ။
စုလောရွှယ်၏ အုပ်ချုပ်မှုအောက်တွင် ရှားနိုင်ငံသည် တစ်နေ့ထက်တစ်နေ့ သာယာဝပြောလာခဲ့သည်။ လာမည့် နှစ်အနည်းငယ်အတွင်း ပြဿနာကြီးကြီးမားမား မရှိပါက ရှားနိုင်ငံသည် အတိတ်က ကြွယ်ဝမှုတို့ကို ပြန်လည်ထိန်းသိမ်းနိုင်လိမ့်မည်။
သို့သော် ကံဆိုးစွာပင် ကျန်းရီ၏ ဘဝကို မအေးချမ်းစေချင်သည့် တစ်စုံတစ်ယောက် ရှိနေသည်။
"နတ်မိမယ်ကျီ...ကျုပ်တို့ လူတွေ အားလုံးကို ကျန်းရီ ရှင်းထုတ်လိုက်ပြီ။ တော်ဝင်နန်းတော်က တားမြစ်နယ်မြေဖြစ်သွားပြီ...ကျန်းရီနဲ့ ပတ်သက်ပြီး ဘာသတင်းမှလည်း မရတော့ဘူး"
အိပ်မက်ပင်လယ်ချောက်နက်၏ ခန်းမကျယ်ထဲတွင် သိုင်းခန်းမ၏ ခေါင်းဆောင်အကြီးအကဲနှစ်ဦးထဲမှ တစ်ဦးဖြစ်သော အကြီးအကဲစန်းသည် သက်ပြင်းချ၍ အားမရစွာ ပြောလိုက်သည်။
"ယွင်ဖေးအပါအဝင် ကျန်းရီနဲ့ ပတ်သက်တဲ့သူမှန်သမျှ နန်းတော်ထဲ ရောက်သွားကြပြီ။ ကျုပ်တို့လူတွေ ကျန်းယွင်ဟိုင်ကို သတ်ဖို့ကြိုးစားတဲ့အချိန်က အရမ်းနောက်ကျသွားပြီ။ ကျန်းရီက လုံခြုံရေးကို တိုးမြှင့်လိုက်တာကြောင့် လုပ်ကြံလို့ မရတော့ဘူး။ အင်အားသုံးပြီး တိုက်ခိုက်ရုံကလွဲပြီး သူ့ကိုသတ်ဖို့ တခြားနည်းမရှိတော့ဘူး"
"ဒီကောင်လေးက တော်တော်ဉာဏ်ကောင်းတာပဲ"
ကျန်သော အကြီးအကဲလုသည်လည်း သက်ပြင်းချ၍ ပြောလာသည်။
"သူ အဲ့ဒီမီးလျှံကို ဘယ်ကရလာတာလဲ။ ပြီးတော့ အဲ့ဒီမီးလျှံက ကုန်သွားမယ့်ပုံလည်း မပေါ်ဘူး။ ကောင်လေးက တော်တော်တော့ ထူးဆန်းသား...သူ့အင်အားက ဘာလို့ဒီလောက်မြန်မြန် တိုးတက်နေတာလဲ။ ကျုပ်တို့ နောက်နှစ်နှစ်သာ စောင့်ရမယ်ဆိုရင် ခေါင်းဆောင်ခန်းမသခင်တောင် သူ့ကို အနိုင်မယူနိုင်တော့မှာ စိုးရတယ်"
"ဘာတွေ အလျင်လိုနေကြတာလဲ"
ကျီထင်ယွီသည် မျက်လွှာအသာချ၍ တည်ငြိမ်စွာ ပြောလာခဲ့သည်။ သူမသည် လက်ဖက်ရည် တစ်ခွက်ကို ကိုင်၍ လက်ဖက်ရည်အား ငြင်ငြင်သာသာ မှုတ်နေခဲ့သည်။ သူမ၏မျက်နှာမှာ မထင်ထားလောက်အောင် တည်ငြိမ်နေသည်။ သူမ၏ ကိုယ်ဟန်မှာ သိမ်မွေ့တင့်တယ်နေသည်။ လက်ဖက်ရည်အား တစ်ငုံသောက်လိုက်ပြီးမှ သူမသည် မျက်နှာမော့လာ၍ ချိုသာစွာ ပြောလာခဲ့လေသည်။
"အလျင်လိုလေလေ အချည်းနှီးဖြစ်လေလေပဲ။ နှစ်ဝက်...နှစ်တစ်ဝက်ကြာရင် ကျန်းရီသေစေရမယ်လို့ ကျွန်မကတိပေးတယ်"
***