← Chapters

ဉာဏ်ကြီးရှင်

Vol. 1 Ch. 450

ဉာဏ်ကြီးရှင်

Vol. 1 Ch. 450

"နှစ်တစ်ဝက်"

အကြီးအကဲစန်းနှင့် အကြီးအကဲလုသည် နားမလည်နိုင်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အကြီးအကဲစန်းသည် မနေနိုင်ဘဲ မေးလိုက်မိသည်။

"နတ်မိမယ်ကျီ...ဒီနှစ်တစ်ဝက်ဆိုတာ ဘယ်လိုအဓိပ္ပါယ်များလဲ"

ကျီထင်ယွီ၏ ယခင်အစီအစဉ်သည် အကြီးအကဲနှစ်ဦးကို လက်ဖျားခါစေခဲ့သည်။ အထူးသဖြင့် အကြီးအကဲစန်း ကျူးကော့ချမ်ယွမ်ကို တိုက်ခိုက်ခဲ့စဉ်ကဖြစ်သည်။ သူသည် တိုက်ပွဲအကြီးအကျယ်ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ကျူးကော့ချမ်ယွမ်အား သတ်ရန် တိုက်ကွက်တစ်ခုသာ လိုအပ်ခဲ့ပြီး ခြေရာလက်ရာ လုံးဝမကျန်ခဲ့ပေ။

အရေးအကြီးဆုံးမှာ ကျီထင်ယွီ၏ အစီအစဉ်များသည် တစ်ခုနှင့်တစ်ခု အချိတ်အဆက် မိနေခဲ့သည်။ ကျူးကော့ချမ်ယွမ်၏ သေဆုံးမှုမှာ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ကျန်းရီအား ရှန်ဝူမြို့တော်အတွင်းသို့ မျှားခေါ်ရန်ဖြစ်လေသည်။

အစပိုင်းတွင် သူမ၏ အစီအစဉ်များမှာ လက်တွေ့ဖြစ်မလာနိုင်ဟု သူတို့နှစ်ယောက် တွေးခဲ့ကြသည်။ ကျီထင်ယွီသည် ရှားထင်ဝေ့ လျှိုယွိအားဖမ်းရန် လူများမစေလွှတ်လောက်ဟု တွက်ချက်ခဲ့ပြီး ကျန်းရီအား ရှန်ဝူမြို့အတွင်း အောင်အောင်မြင်မြင် မျှားခေါ်နိုင်ခဲ့သည်။ ကျန်းရီသေချာပေါက် သေလိမ့်မည်ဟု သူတို့ထင်ထားခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် သူနိုင်သွားခဲ့သည်။ တစ်ဖက်တွင် ကျန်းရီသည် အင်အားကြီးလွန်းနေသော ရှန်ဝူနိုင်ငံကို အထိနာစေခဲ့သည့်အတွက် သိုင်းခန်းမအတွက် ပျော်စရာဇာတ်သိမ်းပင် ဖြစ်သည်။

ရှန်ဝူနိုင်ငံကိစ္စ ပြီးသွားသည့်အခါ အစီအစဉ်မှာ ပြီးဆုံးသွားပြီဟု သူတို့နှစ်ယောက် ထင်ခဲ့မိပြန်သည်။ ကျီထင်ယွီတွင် နောက်ထပ်အစီအစဉ်များ ရှိနေဦးမည်ဟု သူတို့မတွေးမိခဲ့ပေ။ သူမသည် အရာရာကို ကြိုမြင်နေနိုင်သကဲ့သို့ပင်။ ကျီထင်ယွီ ခန့်မှန်းခဲ့သလိုပင် ချမ်ရွှယ်တို့လူစု ရှန်ဝူနိုင်ငံသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် သူမသည် ချမ်ရွှယ်တို့အားသတ်ရန် လူတစ်စုကို ခြုံခိုစောင့်ဆိုင်းခိုင်းပြီးပြီဖြစ်သည်။

အစီအစဉ်တိုင်းသည် အသေးစိတ်ကအစ ပြီးပြည့်စုံခဲ့သည်။

ယွင်ဖေးသည် မတော်တဆ လွတ်မြောက်သွားခဲ့ပြီး ရှားထင်ဝေ့သည် ကျန်းရီကို မသတ်နိုင်ခဲ့သော်လည်း အကြီးအကဲနှစ်ဦးသည် ဆယ်ကျော်သက် အရွယ်နှင့် မယုံကြည်နိုင်စရာကောင်းအောင် လှပသော ကျီထင်ယွီ၏ အစွမ်းအစတို့ကို လုံးဝအထင်ကြီးသွားခဲ့သည်။ သူမသည် ထက်မြက်လွန်းသည်။ ကျန်းရီသည် အနှစ်တစ်သောင်းတွင် တစ်ယောက်သာ ထွက်ပေါ်လာတတ်သည့် သိုင်းပါရမီရှင်ဆိုလျှင် ကျီထင်ယွီသည် အနှစ်တစ်သောင်းတွင် တစ်ယောက်သာရှိမည့် ဉာဏ်ကြီးရှင်ဖြစ်သည်။

"အဲ့စကားကို ဖြစ်အောင်လုပ်ဖို့ သက်သေရှိတယ်"

ကျီထင်ယွီသည် ချိုသာစွာ ပြုံးလိုက်သည်။ သူမသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲမှ မြေပုံတစ်ခု ထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ အကြီးအကဲနှစ်ယောက်သည် အလျင်အမြန် ရှေ့တိုးလာကြသည်။ ကျီထင်ယွီသည် သွယ်လျသော လက်ချောင်းများဖြင့် တစ်နေရာသို့ ညွှန်ပြကာ ရွှင်မြူးစွာ ပြောလာခဲ့သည်။

"ကျန်းရီရဲ့ အကြီးမားဆုံး မဟာမိတ်က ဘယ်သူလဲ။ သူမပဲလေ။ ကျွန်မတို့ ပြဿနာရဲ့ အရင်းမြစ်ကို ပစ်မှတ်ထားပြီး ဒီတစ်ယောက်ကို ရှင်းလိုက်မယ်ဆို မိုးပြာနဂါးအင်ပါယာက ချက်ချင်း ချီတက်ပြီး ကျန်းရီကို သွားသတ်လောက်တယ်မလား"

"နတ်ဆိုးဧကရီ"

ကျီထင်ယွီ၏ လက်သည် တောင်စဉ်သုံးထောင်နေရာသို့ ထောက်ထားကြောင်းမြင်လျှင် အကြီးအကဲနှစ်ဦးမှာ ပို၍ နားမလည်နိုင်ဖြစ်သွားကြသည်။ အကြီးအကဲစန်းသည် ထပ်မေးလိုက်သည်။

"နတ်မိမယ်ကျီ...ကျန်းရီရဲ့ အထောက်အပံ့က နတ်ဆိုးဧကရီပဲ မဟုတ်ဘူးလေ။ ရွှေယို့လန်၊ ဇင်ဘုရားကျောင်းက မကောင်းဆိုးဝါးအိုကြီးနဲ့ ငွေပန်းပွင့်အဘွားအိုတို့ ရှိသေးတယ် မဟုတ်လား"

"သူတို့ကို စိုးရိမ်ဖို့ မလိုဘူး"

ကျီထင်ယွီသည် ခေါင်းယမ်း၍ ပြောလာသည်။

"ရွှေယို့လန်နဲ့ ဘုန်းကြီးအိုကြီးက သိုင်းခန်းမအကြောင်း သိသင့်သလောက်သိထားတယ်။ သူတို့ ကျန်းရီကို ကူညီတယ်ဆိုပေမယ့် သူတို့အသက်ကိုရင်းပြီး ကူညီမှာ မဟုတ်ဘူး။ သူတို့က သူတို့ ကိုယ်တိုင်ပဲမှ မဟုတ်ဘဲ သူတို့နောက်မှာ ရွှေယွဲ့လျန်မျှော်စင်နဲ့ ဇင်ဘုရားကျောင်းလည်း ရှိနေသေးတယ်။ သူတို့အဖွဲ့အစည်းအတွက် ဘာကအကောင်းဆုံးဆိုတာ သူတို့ထည့်တွက်ရဦးမယ်လေ။ ငွေပန်းပွင့်အဘွားအိုက ထည့်တွက်ဖို့အတွက် အားနည်းလွန်းတယ်။ ကျွန်မတို့ နတ်ဆိုးဧကရီကို ဖယ်ရှားနိုင်ရင် ကျန်းရီက အစွယ်မရှိတဲ့ကျားပဲ၊ သူ့ကို ကြိုက်သလို လုပ်လို့ရပြီ"

"နတ်မိမယ်ကျီပြောတာ အဓိပ္ပါယ် ရှိတယ်"

အကြီးအကဲလုသည် ခေါင်းငြိမ့်၍ ထောက်ခံလိုက်သည်။ သို့သော် အလျင်အမြန်ပင် သူ့စိုးရိမ်မှုကို ထုတ်ပြောလာခဲ့သည်။

"ပြဿနာက သူမက အရမ်းအင်အားကြီးလွန်းနေတာပဲ။ ခေါင်းဆောင်ခန်းမသခင်တောင် သူမကို သတ်နိုင်မှာ မဟုတ်ဘူး"

"သူမကို သတ်ဖို့ မလိုပါဘူး။ နယ်မြေကနေ သူမထွက်သွားအောင် လုပ်ဖို့ပဲလိုတာ"

ကျီထင်ယွီသည် လက်ချောင်းလေးများ လှုပ်ရှားသွားခဲ့ပြီး အရှေ့ပင်လယ်ရှိရာသို့ ညွှန်ပြလာခဲ့သည်။

"ဒီရက်တွေမှာ ကျွန်မ မှတ်တမ်းဟောင်းတွေ ရှာကြည့်ထားတယ်။ နှစ်ဝက်ကြာရင် အရှေ့ပင်လယ်မှာ သားရဲစီးကြောင်းရှိတယ်။ သားရဲစီးကြောင်းကို ရှင်တို့ကြားဖူးတယ်မလား။ ကျွန်မတို့ ကြားဝင်ပြီး ဒီသားရဲစီးကြောင်းကို ပိုကြီးအောင်လုပ်လိုက်ရင် နတ်ဆိုးဧကရီ ထွက်သွားဖို့ စိတ်ပါသွားမယ် မထင်ဘူးလား"

"သားရဲစီးကြောင်း"

အကြီးအကဲနှစ်ဦး ရေရွတ်မိလိုက်ကြသည်။ သားရဲစီးကြောင်းကို သူတို့သိသည်။ သမိုင်းတွင် အရှေ့ပင်လယ်မှ သားရဲစီးကြောင်းနှင့်ပတ်သက်၍ အထောက်အထားအတော်များများ ပါလေသည်။ သားရဲစီးကြောင်းဆိုသည်မှာ ပင်လယ်ရေအောက်မှ ပင်လယ်နတ်ဆိုးသားရဲမှန်သမျှ စိတ်ဖောက်၍ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကြခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာက အရှေ့ပင်လယ်တွင် ကောင်းကင်ကြယ်တာရာနယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည့် သားရဲစီးကြောင်းတစ်ခု ဖြစ်ပွားခဲ့သည်။ မရေမတွက်နိုင်သော ပင်လယ်နတ်ဆိုးသားရဲများသည် ရူးသွပ်သွားသည့်အလား တစ်ကောင်နှင့်တစ်ကောင် အငြိုးတကြီး သတ်ဖြတ်ကြသည်။ ထိုရက်များတွင် အရှေ့ပင်လယ်ပြင်မှ ပင်လယ်ရေများမှာ သွေးရောင်လွှမ်းနေပြီး ပင်လယ်နတ်ဆိုးသားရဲ အလောင်းများ မျောနေခဲ့သည်။ မြင်ကွင်းသည် အလွန်ခြောက်ခြားစရာ ကောင်းခဲ့သည်။

ထိုသားရဲစီးကြောင်းတွင် ပင်လယ်နတ်ဆိုးသားရဲ ဘုရင်အဆင့်များလည်း ဝင်တိုက်ခိုက်ကြသည်။ မြောက်ဘက်လျန်နိုင်ငံ ပင်လယ်ရေ နယ်နိမိတ်အတွင်းတွင် နယ်မြေမှ ထိပ်သီးသိုင်းသမားတို့သည် ပင်လယ်နတ်ဆိုးသားရဲ ဘုရင်အမြောက်အများ၏ ခွေးရူးကိုက်သလို သတ်ဖြတ်ပွဲကို မျက်ဝါးထင်ထင် တွေ့ခဲ့ကြရသည်။ ထိုစဉ်က နယ်မြေမှ သိုင်းသမားတို့သည် ထိုပင်လယ်နတ်ဆိုးသားရဲဘုရင်များ နယ်မြေကို သွေးလွှမ်းစေမည်ကို ကြောက်လန့်ခဲ့ကြရသည်။ ဂိုဏ်းအများစုတွင် ထိုဖြစ်ရပ်၏ မှတ်တမ်းများ ရှိနေလောက်သည်။

နှစ်တစ်ဝက်ကြာလျှင် အရှေ့ပင်လယ်တွင် သားရဲစီးကြောင်းရှိလာမည်ဟု ကျီထင်ယွီ မည်သို့ခန့်မှန်းလိုက်သနည်း။ ထို့ပြင် သားရဲစီးကြောင်းနှင့် နတ်ဆိုးဧကရီအကြား မည်သို့ဆက်နွယ်နေသနည်း။ သားရဲစီးကြောင်း ဖြစ်ပြီးလျှင် မည်သည့်အကြောင်းအရင်းကြောင့် နတ်ဆိုးဧကရီ နယ်မြေမှ ထွက်သွားမည်နည်း။

ကျီထင်ယွီသည် အကြီးအကဲနှစ်ဦး၏ မေးခွန်းထုတ်သလိုအကြည့်များကို မြင်သော် အသာအယာ ပြုံးလိုက်သည်။ သူမသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးမှ ချိုသာစွာ ပြောလာခဲ့သည်။

"ကျွန်မ မှတ်တမ်းတော်တော်များကို လေ့လာထားပြီးပြီ။ နတ်ဆိုးဧကရီက သာမန်မြေခွေးမဟုတ်ဘူး၊ ကောင်းကင်မြေခွေးမျိုးနွယ်ကပဲ။ ကောင်းကင်ကြယ်တာရာနယ်မြေရဲ့ နှစ်ထောင်ချီ သမိုင်းတွေကို လေ့လာကြည့်လိုက်တော့ ကောင်းကင်မြေခွေးနဲ့ ပတ်သက်တာ ဘာမှမတွေ့ခဲ့ရဘူး။ ဒါကြောင့် နတ်ဆိုးဧကရီ၏ အပြင်တစ်နေရာကလာတာလို့ ကျွန်မကောက်ချက်ချတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရှေ့ဘက်မှာ ကောင်းကင်မြေခွေးနယ်မြေလို့ခေါ်တဲ့ နယ်မြေတစ်ခုရှိနေတယ်"

"ကောင်းကင်မြေခွေးနယ်မြေ"

အကြီးအကဲစန်းသည် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။

"ကောင်းကင်မြေခွေးနယ်မြေ တကယ်ရှိတယ်။ ဒါပေမယ့် နတ်ဆိုးဧကရီ ကောင်းကင်မြေခွေးနယ်မြေက ဟုတ်တာမဟုတ်တာနဲ့ ဒီကိစ္စဘယ်လိုပတ်သက်လို့လဲ"

ကျီထင်ယွီ၏ မျက်နှာထက်မှ အပြုံးမှာ ပိုပီပြင်လာခဲ့သည်။ သူမသည် ပြုံးယောင်သန်းနေသော မျက်လုံးများနှင့် သေချာစွာ ပြောလာခဲ့သည်။

"ကောင်းကင်မြေခွေးနယ်မြေက အုပ်ချုပ်သူက ကောင်းကင်မြေခွေးဂိုဏ်းပဲ။ လူသားတွေအပါအဝင် အဲ့နယ်မြေမှာရှိတဲ့ သက်ရှိမှန်သမျှက ကောင်းကင်မြေခွေးတွေရဲ့ ကျေးကျွန်တွေပဲ။ ဒါကြောင့် အပြင်လောကက လူသားကျင့်ကြံသူတွေက ကောင်းကင်မြေခွေးဂိုဏ်းနဲ့ ပတ်သက်ပြီး မကျေနပ်ကြဘူး"

"ကောင်းကင်မြေခွေးဂိုဏ်းရဲ့ အဖွဲ့ဝင်တွေက သူတို့နယ်မြေကနေ အပြင်ထွက်လေ့မရှိကြဘူး။ ထွက်မိရင် စွမ်းအားမြင့် လူသားကျင့်ကြံသူတွေက သူတို့ကို သတ်ဖြတ်တာ ဒါမှမဟုတ် ဝိဉာဉ်သားရဲအဖြစ် ပြောင်းပစ်တာမျိုး ကြုံရတတ်တယ်။ နယ်မြေမှာ နတ်ဆိုးဧကရီကျော်ကြားလာတော့ သူမက နတ်ဆိုးသားရဲဘုရင်အဆင့်မှာပဲ ရှိသေးပြီး လူသားအသွင် မရသေးဘူး။ လူသားအသွင်မရသေးတဲ့ ကောင်းကင်မြေခွေးတစ်ကောင်က အကြောင်းအရင်း အထွေအထူးမရှိဘဲ ကောင်းကင်မြေခွေးနယ်မြေက ထွက်လာမယ်လို့ ရှင်တို့ထင်လား"

"အင်း...နတ်မိမယ်ကျီပြောတာ ကျိုးကြောင်းဆီလျော်တယ်"

အကြီးအကဲစန်းသည် ခေါင်းငြိမ့်၍ ဆက်ပြောလာခဲ့သည်။

"နတ်မိမယ်ကျီ ဆိုလိုတာက နတ်ဆိုးဧကရီက ကောင်းကင်မြေခွေးနယ်မြေမှာ ရန်သူတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရပြီး သူမရဲ့ မွေးရပ်မြေကနေ ကောင်းကင်ကြယ်တာရာနယ်မြေကို ထွက်ပြေးလာခဲ့ရတယ်။ သူမက ဒီမှာကျင့်ကြံပြီး သူမအားကောင်းလာမယ့် တစ်နေ့ကို စောင့်နေတယ်။ ပြီးရင် သူမက ပြန်သွားပြီး လက်စားချေမှာပေါ့"

အကြီးအကဲလုသည် ဝင်ပြောလာခဲ့ပြန်သည်။

"ဒီခန့်မှန်းချက်တွေ အားလုံးက မှန်နေတယ်ဆိုရင်တောင် သားရဲစီးကြောင်း ပြီးတဲ့နောက် နတ်ဆိုးဧကရီ ကောင်းကင်မြေခွေးနယ်မြေကို ထွက်သွားမယ်လို့ နတ်မိမယ် ဘယ်လိုအာမခံမလဲ"

"ဒါကြောင့် သားရဲစီးကြောင်းကို ကျွန်မတို့ ပိုကြီးအောင် လုပ်ရမယ်လို့ ပြောတာပေါ့"

ကျီထင်ယွီသည် စဉ်းလဲသော မြေခွေးမလေးတစ်ကောင်ပမာ ရယ်လိုက်ပြီး အရှေ့ပင်လယ်နေရာသို့ ညွှန်ပြလိုက်သည်။

"အရှေ့ပင်လယ်က အရမ်းအန္တရာယ်များတယ်။ နတ်ဆိုးဧကရီရဲ့ အင်အားနဲ့ဆိုရင်တောင် ပင်လယ်ကို ဘေးကင်းကင်း ဖြတ်နိုင်ဖို့ မလွယ်ဘူး။ ဒီသားရဲစီးကြောင်းက သမိုင်းမှာ အကြီးဆုံးဖြစ်လာရင် ပင်လယ်နတ်ဆိုးသားရဲတွေ ပိုပြီးသေကြေကြ၊ ထိခိုက်ဒဏ်ရာရကုန်ကြတော့မယ်။ နတ်ဆိုးဧကရီမှာ နှစ်တွေအများကြီး မကျန်တော့ဘူး။ နောက်တစ်ကြိမ် သားရဲစီးကြောင်းကို သူမစောင့်မယ်ဆိုရင် ကောင်းကင်ကြယ်တာရာနယ်မြေတင် သူမသေသွားနိုင်တယ်"

"ပြောင်မြောက်လိုက်တာ"

အကြီးအကဲစန်းနှင့် အကြီးအကဲလုသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြသည်။ နှစ်ယောက်လုံးသည် တိတ်တဆိတ် အံ့အားသင့်ကြရသည်။ ကျီထင်ယွီ၏ အစီအစဉ်အားလုံးသည် အဓိပ္ပါယ် ရှိလှသည်။ ထိုအရာများမှာ လက်တွေ့မဖြစ်နိုင်ဟု ထင်ရသော်လည်း မှန်ကန်လာကြောင်း သူတို့ကိုယ်တိုင် ကြုံဖူးခဲ့ပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် နတ်ဆိုးဧကရီသာ အမှန်တကယ် ထွက်သွားခဲ့ပါက သူတို့နှစ်ယောက် သူမကို လုံးဝလေးစားသွားပြီဖြစ်သည်။

တကယ်တမ်းတွင် နတ်ဆိုးဧကရီ နေရာတွင်ရှိနေ၍ ဤစကားဝိုင်းကို ကြားသွားပါက ကျီထင်ယွီအား သူမကိုယ်တိုင်လည်း လေးစားသွားလောက်သည်။

အကြီးအကဲနှစ်ယောက်သည် အချိန်အတော်ကြာ နှုတ်ဆိတ်၍ ကျီထင်ယွီ၏ အစီအစဉ်ကို သေချာပြန်စဉ်းစားနေခဲ့ကြသည်။ နောက်ဆုံးတွင် နှစ်ယောက်သားသည် အံကြိတ်၍ ခေါင်းငြိမ့်လိုက်ကြသည်။ အကြီးအကဲစန်းသည် ကျီထင်ယွီအားကြည့်၍ ပြောလိုက်သည်။

"နတ်မိမယ်ကျီ...ကျုပ်တို့ကို လိုတာသာပြော၊ နတ်ဆိုးဧကရီထွက်သွားမယ်ဆို ဘယ်လိုအရင်းအနှီးမဆို ထိုက်တန်တယ်။ ကျန်းရီသေမှဖြစ်မယ်"

"အဲ့ဒါက သိပ်အရေးမကြီးပါဘူး"

ကျီထင်ယွီသည် မြေပုံအား သိမ်းလိုက်ပြီး ပြန်ထိုင်၍ ကျက်သရေရှိစွာ ပြုံးလိုက်သည်။

"အကြီးအကဲတို့နှစ်ယောက် နှစ်တစ်ဝက်ပြည့်တဲ့အထိ စိတ်အေးအေးထားပြီးသာစောင့်ပါ။ သားရဲစီးကြောင်းအချိန်ရောက်ရင် ထင်ယွီလှည့်ကွက်သေးသေးလေး လုပ်ဖို့ပဲလိုတာ၊ ဒီသားရဲစီးကြောင်းရဲ့ အတိုင်းအတာက ဆယ်ဆ၊ အဆတစ်ရာလောက် ကြီးသွားစေရမယ်။ အရှေ့ပင်လယ်တစ်ခုလုံး သွေးနီရောင်လွှမ်းနေမှာ...ဘယ်လိုတောင် ကြည့်ကောင်းလိုက်မယ့် မြင်ကွင်းလဲ"

ကျီထင်ယွီ၏ လှပသော မျက်နှာလေးကိုကြည့်နေရင်း အကြီးအကဲနှစ်ယောက်မှာ ကြက်သီးများပင် ထလာမိသည်။ သူမသည် အဆိပ်ရှိနှင်းဆီတစ်ပွင့်ဖြစ်သည်။ ထိုနှင်းဆီ၏ ရနံ့ကို ရှူရှိုက်မိရုံမျှနှင့်ပင် သေသွားနိုင်လေသည်။

***

All Chapters