← Chapters

ဒီကောင်လေးက လုံးဝပျက်စီးသွားပြီ

Vol. 1 Ch. 451

ဒီကောင်လေးက လုံးဝပျက်စီးသွားပြီ

Vol. 1 Ch. 451

အချိန်သည် တရိပ်ရိပ် ကုန်ဆုံးနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ကျန်းရီ၏ စွမ်းအားကို မြှင့်တင်ရန်အကြံသည် ချောမွေ့နေခဲ့သည်။ ကျီထင်ယွီသည် သူ့အား ဘာမှမလုပ်နိုင်သေးပေ။ လင်းရွှယ်တို့လူစုမှာလည်း လှုပ်ရှားလာခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ သိုင်းခန်းမသည် ကျန်းရီနှင့် စာရင်းရှင်းလိမ့်မည်။ သူတို့သည် အရူးများမဟုတ်လေရာ အဘယ်ကြောင့် ဝင်ပါရမည်နည်း။ သူတို့အနေနှင့် အေးအေးလူလူထိုင်၍ ပွဲကြည့်နေနိုင်သည် မဟုတ်ပါလော။

ထို့ကြောင့် ဤလများသည် အလွန်အမင်း တိတ်ဆိတ်နေခဲ့သည်။ ရှားယွိမြို့မှာ ပို၍ပင် တိတ်ဆိတ်သေးချေသည်။ ကျန်းရီသည် ကောင်းကင်ကျောက်တုံးများ၏ အဆီအနှစ်ကို အာရုံစိုက်၍ စုပ်ယူနေခဲ့သည်။ လွန်ခဲ့သောညတွင် ကောင်းကင်ကျောက်တုံးတစ်ရာကျော် သူစုပ်ယူပြီးသွားခဲ့သည်။ တတိယကြယ်အတွင်းရှိ အတွင်းအားတို့မှာ ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

သူသည် ကျင့်ကြံနေရာမှ အပြင်ထွက်၍ ယာ့ဇီသားရဲနှင့် ကျန်းရှောင်နူအား ကျင့်ကြံခြင်းကို ခေတ္တရပ်ထားခိုင်းလိုက်သည်။ သူသည် အဆင့်တက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဤကဲ့သို့သော အချိန်မျိုးတွင် အမှားဖြစ်၍မရပေ။ ရန်သူများ ရုတ်တရက်တိုက်ခိုက်လာပါက ကျန်းရှောင်နူနှင့် ယာ့ဇီသားရဲမှ အချိန်ဆွဲထားနိုင်လိမ့်မည်။

အရာရာကို ကြိုတင်ပြင်ဆင်ပြီးနောက်တွင် ကျင့်ကြံခြင်းကို ပြန်စလိုက်သည်။ ကောင်းကင်ကျောက်တုံးများ တစ်တုံးပြီးတစ်တုံး ကုန်ဆုံးသွားသည်နှင့်အမျှ တတိယကြယ်အတွင်းမှ အတွင်းအားတို့မှာလည်း လျင်မြန်စွာ တိုးလာနေသည်။ တဖြည်းဖြည်းနှင့် တတိယကြယ်မှာလည်း စတင်ကြီးလာခဲ့သည်။ ကျန်ကြယ်ခုနှစ်လုံးအတွင်းမှ အတွင်းအားများ အားလုံးသည် တတိယကြယ်အတွင်းသို့ အစွမ်းကုန် တိုးဝင်သွားနေကြပြီး တတိယကြယ်အား ပိုမိုကြီးလာစေသည်။

ရှားယွိမြို့အထက် ကောင်းကင်ယံသည် အရောင်စတင်ပြောင်းလာခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများအားလုံးသည် မြို့တွင်းသို့ ရူးသွပ်စွာ တိုးဝင်သွားနေကြသည်။ မြို့တွင်းတွင် အေးစက်စက် လေပြင်းတစ်ချက် ဝှေ့တိုက်သွားခဲ့ပြီး ကောင်းကင်ထက်တွင် အဖြူရောင်တိမ်တိုက်တို့ စုစည်းလာနေကြသည်။ ပတ်ဝန်းကျင်၏ အလှည့်အပြောင်းကို ကျင့်ကြံသူများမဟုတ်သည့် သာမန်လူတို့ကတောင် ခံစားမိလေသည်။

ရှားယွိမြို့အတွင်းတွင် သာမန်ပြည်သူ အမြောက်အများ ရှိလေရာ ထိုသူတို့သည် လက်ရှိအခြေအနေကြောင့် ထိတ်လန့်ကြောက်ရွံ့ကုန်ကြသည်။ သာမန်လူတို့အမြင်တွင် ကောင်းကင်နှင့်မြေကြီး၏ မူမမှန်မှုသည် နတ်ဘုရားတို့၏ အပြစ်ပေးမှုဖြစ်သည်။

ကောင်းကင်ဘုံကိုးဆင့်တွင် နောက်ထပ်ကြယ်တစ်လုံးသည် လင်းလက်လာခဲ့သည်။ ကောင်းကင်အလင်းတန်းကိုးခုထဲမှ ရောင်စဉ်တစ်ခုသည် တိမ်ထုကိုကျော်ဖြတ်၍ ရှားယွိမြို့ တော်ဝင်နန်းတော်အတွင်းသို့ ကျဆင်းကာ ပျောက်ကွယ်သွားခဲ့သည်။

"နတ်ဘုရားကိုယ်ထင်ပြပြီ...မြန်မြန်အရိုအသေပေးကြလေ"

"မြင့်မြတ်တဲ့ နတ်ဘုရားအရှင်...ရှားနိုင်ငံနဲ့ ပြည်သူတွေကို ကောင်းချီးပေးပြီး ကာကွယ်ပေးပါ..."

"..."

သာမန်လူများသာမက ကျင့်ကြံသူများနှင့် စစ်သည်များပါ ကြောက်လန့်နေကြသည်။ ရှားယွိမြို့ထဲရှိ လူများသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ထိုင်ချကုန်ကြသည်။

ကြယ်စွမ်းအင်၏ ဖိအားသည် ကမ္ဘာတစ်ခုလုံးအား ဖျက်စီးပစ်တော့မယောင် ထင်ရလေသည်။ သို့သော်လည်း ထိုအလင်းတန်း ကျဆင်းလာပြီးသည့်နောက် နန်းတော်ထဲတွင် ပေါက်ကွဲမှုဖြစ်ရန်နေနေသာ အပ်ကျသံပင် မကြားရပေ။ အယောက်တစ်ရာသော စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် အစောင့်ရဲမက်တို့မှာ လှုပ်ရှားခြင်းမပြုကြပေ။ နန်းတော် မည်သို့မှ ဖြစ်မသွားသည်မှာ သေချာသည် မဟုတ်ပါလော။

နန်းတော်ထဲတွင် ရှားနိုင်ငံ၏ ကိုယ်စားအုပ်ချုပ်သူ၊ ကာကွယ်သူ ကျန်းရီရှိနေသည်။

ကျန်းရီနှင့်ပတ်သက်၍ ဒဏ္ဍာရီများစွာ ရှိခဲ့သည်။ ယခု သူသည် နတ်ဘုရားကိုပါ ဆင်းသက်လာစေရန် လုပ်နိုင်နေပြီလော။ လူထုသည် ထိတ်လန့်နေကြရာမှ စိတ်လှုပ်ရှားပျော်ရွှင်လာကြသည်။ လက်ရှိအချိန်တွင် ကျန်းရီသာ သူတို့အား သေခိုင်းပါက သူတို့ လိုလိုလားလားပင် သေပေးလိုက်မည်ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး၏ မူမမှန်မှု ထပ်မံထွက်ပေါ်လာလျှင် နယ်မြေတစ်ခုလုံး တုန်လှုပ်သွားကြသည်။

လူအများစုသည် ကျန်းရီ၏ မြန်မြန်ဆန်ဆန် စွမ်းအားကြီးလာမှုမှာ ယခင်ကောင်းကင်နှင့်မြေကြီး မူမမှန်မှုနှစ်ခုနှင့် ဆက်စပ်နေသည်ဟု သံသယဝင်နေခဲ့ကြသည်။ ယခု မူမမှန်မှု နောက်တစ်ကြိမ် ထပ်ဖြစ်လာပြန်ရာ သူ့စွမ်းအားသည် နောက်ထပ်မြင့်တက်သွားပြန်ပြီမှန်း အလိုလို သိလိုက်ကြသည်။

လင်းရွှယ်တို့လူစုမှာ ထိတ်လန့်လွန်း၍ သွေးဆုတ်ကုန်ကြသည်။ သုံးလသာ ကုန်သေးသော်လည်း ကျန်းရီ၏အင်အားမှာ ထပ်မံတိုးတက်သွားပြန်ပြီဖြစ်သည်။ သုံးနှစ်ပြည့်သွားပါက သူတို့အကုန်လုံး စုပေါင်းလျှင်တောင် ကျန်းရီကို နိုင်ပါဦးမည်လော။

သိုင်းခန်းမ၏ အကြီးအကဲနှစ်ယောက်မှာလည်း မှင်တက်နေကြသည်။ တစ်ဖက်တွင် ကျီထင်ယွီမှာ မထင်မှတ်ထားလောက်အောင် တည်ငြိမ်နေသည်။ သူမသည် အလွန်အေးအေးဆေးဆေး ရှိနေပြီး သူမ၏ကိုယ်ပိုင်အဆောင်တွင် ဂီတတူရိယာတို့ အပျော် တီးခတ်နေခဲ့သည်။

ရွှေယို့လန်သည် ချင်ထန်ကုန်းဗိမ္မာန်တွင် ရပ်နေခဲ့သည်။ သူမ၏ မျက်ဝန်းများတွင် ဝမ်းနည်းသည့် အရိပ်အယောင်တို့ ရှိနေခဲ့သည်။ ကျန်းရီ သုံးစွဲသည့် ကောင်းကင်ကျောက်တုံး ပမာဏများလေလေ သူ့အနာဂတ်အပေါ် ထိခိုက်မှု ပိုကြီးမားလေလေ ဖြစ်သည်။ ကောင်းကင်ကြယ်ကိုးလုံး၏ စွမ်းအင်များ ကျဆင်းလာအောင် ကျန်းရီ မည်သို့လုပ်မှန်း သူမမသိသော်ငြား ကျန်းရီသည် မြောက်များလှသော ကောင်းကင်ကျောက်တုံးအရေအတွက်ကို အသုံးပြုလိုက်ပြီမှန်း သူမသေချာနေသည်။ သူသည် မသန်မစွမ်း ဖြစ်သွားသည့်တိုင်အောင် ကောင်းကင်ကျောက်တုံးများကို ဆက်အသုံးပြုနေလောက်သည်။

နတ်သမီးတောင်ထွတ်၏ မျှော်စင်ထက်တွင် နတ်ဆိုးဧကရီသည် မျက်လုံးများ ဖွင့်လာ၍ တောင်ဘက်အရပ်သို့ ကြည့်လိုက်သည်။ သူမသည် သက်ပြင်းအသာချ၍ ရေရွတ်မိသည်။

"ဒီကောင်လေးရဲ့ အနာဂတ်က လုံးဝပျက်စီးသွားပြီ။ တတိယကြယ်က အသွင်ပြောင်းသွားပေမယ့် သူ့အကန့်အသတ်ကို ရောက်သွားပြီ..."

**

"ဝိုး...အခုလေးတင် ဘာဖြစ်သွားတာလဲ။ ငါဘာလို့ ကြောက်သလို ခံစားနေရတာလဲ"

ရှားယွိမြို့ တော်ဝင်နန်းတော်သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ချမ်ဝမ်ကွမ်သည် အားအနည်းဆုံးသူဖြစ်သည်။ ကောင်းကင်ကြယ်ကိုးလုံး၏ ဖိအားကြောင့် သူသည် အောက်သို့ လဲကျ၍ အသိစိတ်လွတ်သွားခဲ့သည်။ ယခုလေးတင် သူပြန်နိုးလာခဲ့ခြင်းဖြစ်ပြီး အလန့်တကြား တဖွဖွ ရေရွတ်နေခဲ့သည်။

ကျန့်ဝူရွှမ်း၊ ယွင်ဖေး၊ စုလောရွှယ်နှင့် ကျန်းယွင်ဟိုင်တို့သည် တစ်ဦးနှင့်တစ်ဦး အံ့အားသင့်စွာ ကြည့်မိလိုက်ကြသည်။ ကျန်းရှောင်နူတစ်ယောက်သာလျှင် တည်ငြိမ်နေခဲ့သည်။ သူမ၏စိတ်ထဲတွင် ကျန်းရီသည်သာ အတော်ဆုံးလူဖြစ်သည်။ တစ်နေ့တွင် သူရုတ်တရက် နတ်ဘုရားဖြစ်သွားလျှင်တောင် သူမအံ့သြမိမည် မဟုတ်ချေ။ သူ့အတွက် သူမပျော်ပေးမိရုံသာ ရှိလိမ့်မည်။

"ထပ်ပြီးတော့လား"

ရွှယ်လော့နန်းဆောင်၏ အရှေ့ဘက် နန်းရင်ပြင်တွင် အိပ်စက်နေသော ယာ့ဇီသားရဲသည် အလန့်တကြား နိုးလာခဲ့သည်။ သူသည် နန်းဆောင်အား တုန်လှုပ်စွာကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးကြီးများတွင် လေးစားမှုများ ပြည့်နေလေသည်။ ကျန်းရီနောက် စိတ်ပါလက်ပါ လိုက်လျှင် သူ့တွင် အဆင့်တက်ရန် အခွင့်အရေး ရှိလာနိုင်သည်ဟု စုန်းနတ်ဘုရား ပြောခဲ့ဖူးသည်။ ယခု အဆင့်တက်ရန် အခွင့်အရေးမှာ သေချာသလောက် ရှိနေပုံ ရသည်။

"ဟူး..."

ကျန်းရီသည် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ သူသည် ဒန်တျန်းအတွင်းရှိ အဝါရောင် အလင်းတို့ တောက်ပနေသည့် ကြယ်စက်လုံးအား ကြည့်လိုက်ပြီး စိတ်အေးစွာ ခေါင်းငြိမ့်လိုက်သည်။ ကြယ်သုံးလုံး အသွင်ပြောင်းသွားခဲ့ချေပြီ။ နောက်ဆုံးတွင် ဗာဂျရာအဆင့်သို့ သူရောက်သွားခဲ့ပြီဖြစ်သည်။

ဗာဂျရာအဆင့်...

သူအနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ လွန်ခဲ့သော လပိုင်းကမှ ဗာဂျရာအဆင့် လူတစ်ယောက်ကို သူသတ်ခဲ့သော်လည်း မှော်စွမ်းအားဖြင့် သူသတ်ခဲ့ခြင်းဖြစ်သည်။ ယခု သူ့အတွင်းအားမှာ ဗာဂျရာအဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်ပြီး အလယ်အလတ်အဆင့် တာအိုတစ်မျိုးကိုလည်း သူနားလည်ထားပြီးပြီဖြစ်သည်။ သူသည် အစစ်အမှန် ဗာဂျရာအဆင့် လူတစ်ယောက် ဖြစ်သွားခဲ့ချေပြီ။

"မဟုတ်သေးဘူး...ဗာဂျရာအဆင့်တွေက လေပေါ်ပျံနိုင်တယ်။ ငါက မပျံနိုင်သေးဘူး"

ကျန်းရီ၏ မျက်လုံးများ မဲမှောင်သွားခဲ့သော်လည်း စိတ်ဓာတ်မကျမိပေ။ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကို သုံးလျှင် သူပျံနိုင်လုနီးပါး ဖြစ်နေဆဲသာ မဟုတ်ပါလော။ သူသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထို့နောက် သူ့ကိုယ်တွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိမရှိ စတင်စစ်ဆေးလိုက်သည်။

သေချာစစ်ဆေးပြီးနောက် အမှားအယွင်း မရှိသဖြင့် သူပို၍ ကျေနပ်သွားရသည်။ သူသည် အနီရောင်အတွင်းအားတစ်စကို လက်ဝါးပြင်ထံသို့ ပို့ဆောင်လိုက်ပြီး ကောင်းကင်ကိုးဆင့်နဂါးမီးလျှံအဖြစ် ပြောင်းကြည့်လိုက်သည်။ အခန်းတွင်းမှ အပူချိန်သည် ချက်ချင်းမြင့်တက်လာခဲ့သည်။

"အာ...ပထမကြယ်ထဲက အနီရောင်အတွင်းအားက မီးလျှံတွေအဖြစ် ပြောင်းလဲနိုင်တယ်။ ဒုတိယကြယ်ထဲက လိမ္မော်ရောင်အတွင်းအားက တခြားထူးဆန်းတဲ့ စွမ်းအားတွေအဖြစ် ပြောင်းလဲနိုင်နေမလား။ တတိယကြယ်ထဲက အဝါရောင်အတွင်းအားကရော ဘယ်လိုမျိုး အသုံးဝင်တာလဲ"

ကျန်းရီသည် အကြံတစ်ခု ရသွားခဲ့သည်။ သူသည် ပထမကြယ်၏ နည်းလမ်းအတိုင်း ဒုတိယကြယ်ထဲမှ လိမ္မော်ရောင်အတွင်းအားကို လက်ဝါးပြင်သို့ ပို့ဆောင်၍ မည်သို့သော မီးလျှံမျိုးထွက်လာမည်လဲဟု စမ်းသပ်လိုက်သည်။

လိမ္မော်ရောင်အတွင်းအားသည် မည်သို့မှ ပြောင်းလဲမသွားခဲ့ပေ။ သူ့လက်မှ အလင်းရောင်လေးတောင် ထွက်မလာချေ။ သူသည် လိမ္မော်ရောင်အတွင်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး တတိယကြယ်ထဲမှ အဝါရောင်အတွင်းအားကို စမ်းသပ်ကြည့်ရန် ပြင်လိုက်သည်။

ထိုခဏတွင် သူမမျှော်လင့်ထားခဲ့သည့် အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အဝါရောင်အတွင်းအား ဒန်တျန်းထဲမှ ထွက်လာသောအခါ ကျန်းရီသည် ၎င်းကို သွေးကြောများရှိရာသို့ ရွေ့လျားစေလိုက်သည်။ သို့သော် အဝါရောင် အတွင်းအားသည် ထိန်းချုပ်မှုလွတ်သွားသည့်အလား သူ့သွေးကြောများတစ်လျှောက် ရူးသွပ်စွာ တိုးဝင်သွားခဲ့သည်။ အဝါရောင်အတွင်းအား ဖြတ်သွားရာ လမ်းတစ်လျှောက်ရှိ သူ့သွေးကြောများ စုတ်ပြဲကုန်ကြသည်။

"ဖူး..."

ကျန်းရီ၏ အမြင်အာရုံသည် အမှောင်အတိကျသွားခဲ့ပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ ဤကဲ့သို့ အရေးကြးီသည့် အချိန်တွင် ထိုအတွင်းအားကို သူ့ကိုယ်ထဲမှ ထုတ်နိုင်ရန် သူအတင်းကြိုးစားလိုက်သည်။ ၎င်းသာ သူ့ကိုယ်ထဲတွင် လျှောက်ပြေးနေပါက သူ့သွေးကြောများအားလုံး ပျက်စီးကုန်ပေလိမ့်မည်။

ဗုန်း...

အဝါရောင်အတွင်းအားသည် သူ့ကိုယ်ထဲမှ ထွက်ပြီးသည်နှင့် သူ့ဘေးရှိ နံရံထံ ထိမှန်သွားခဲ့သည်။ နန်းတော်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး နံရံများ ပြိုကျကုန်သည်။ အပြင်တွင် စောင့်နေကြသော လူများမှာ တုန်လှုပ်သွားကြသည်။

ဝှစ်...ဝှစ်...

ကျန့်ဝူရွှမ်းတို့လူစုသည် အလျင်အမြန် ပြေးဝင်လာကြသည်။ သွေးများဆက်တိုက်အန်နေသော ကျန်းရီကို မြင်သော် သူတို့အားလုံး ထိတ်လန့်ကုန်ကြသည်။ ကျန်းရီသည် သူတို့အုပ်စုအား မြင်သောအခါမှ စိတ်အေးသွားခဲ့ပြီး မေ့မျောသွားခဲ့သည်။

ကျန်းရီ သတိလစ်မသွားခင်တွင် ရွှေယို့လန်၊ နတ်ဆိုးဧကရီနှင့် ကျူးကော့ချမ်ယွမ်တို့၏ စကားများ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ ထိုခဏတွင် ပြဿနာကို သူသဘောပေါက်သွားခဲ့သည်။ သူသည် ကောင်းကင်ကျောက်တုံးများကို အလွန်အကျွံ သုံးစွဲမိ၍ တစ်ခုခု မှားယွင်းသွားခဲ့ပြီဖြစ်သည်။

***

All Chapters