← Chapters

ခန္ဓာကိုယ်က ရေသောက်မြစ်၊ အတွင်းအားက ရင်းမြစ်၊ စိတ်ဝိဉာဉ်က အခြေခံ

Vol. 1 Ch. 452

ခန္ဓာကိုယ်က ရေသောက်မြစ်၊ အတွင်းအားက ရင်းမြစ်၊ စိတ်ဝိဉာဉ်က အခြေခံ

Vol. 1 Ch. 452

ကျန်းရီသည် သုံးရက်နှင့်သုံးညတိုင်တိုင် မေ့မျောနေခဲ့သည်။ တော်ဝင်မိသားစု၏ အကောင်းဆုံးဆေးဝါးများ အကူအညီကြောင့် ပျက်စီးသွားသော သွေးကြောများမှာ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ ၎င်းတို့ ပျက်စီးသွား၍လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ရှိမလာနိုင်ပေ။

သို့သော်လည်း စုလောရွှယ်တို့ လူစုမှာ အလွန်အမင်း ထိတ်လန့်နေခဲ့သည်။ ကျန်းရီသည် သူတို့အားလုံး၏ ကျောထောက်နောက်ခံဖြစ်သည်။ ကျန်းရီ တစ်ခုခုဖြစ်သွားပါက သူတို့ကမ္ဘာကြီး ပြိုလဲသွားပေလိမ့်မည်။ ကျင့်ကြံနေရင်းမှ အဘယ်ကြောင့် ဤသို့ဖြစ်လာရသနည်း။ ဤအဖြစ်အပျက်သည် ကောင်းကင်ကိုးဆင့်မှ ကောင်းကင်အလင်းတန်းနှင့် သက်ဆိုင်နေသည်လော။

သူတို့ ဘာလုပ်ရမည်မှန်း ဘယ်သူမှ မသိကြပေ။ သုံးရက်နှင့် သုံးညအချိန်သည် သူတို့အားလုံးအား မွန်းကြပ်စေသည်။ အထူးသဖြင့် စုလောရွှယ်နှင့် ကျန်းရှောင်နူသည် တစ်ရေးမှပင် အိပ်စက်အနားယူခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ကျန်းရီ နိုးလာလာချင်းတွင် သူ့အိပ်ရာဘေးမှ မျက်လုံးနီနီများနှင့် လူတစ်စုကို မြင်လိုက်ရသည်။ သူသည် အလျင်အမြန် ပြောလိုက်သည်။

"မင်းတို့အားလုံး ပြန်ပြီးနားလိုက်ကြဦး။ ငါအဆင်ပြေတယ်။ အပင်ပန်းလွန်သွားရုံလေးပဲ...ရက်နည်းနည်းလောက် နားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်"

တစ်ယောက်မှ တုတ်တုတ်ပင် မလှုပ်ကြပေ။ ချမ်ဝမ်ကွမ်သည် မမျိုသိပ်နိုင်တော့ဘဲ မေးလာခဲ့သည်။

"အစ်ကိုကြီး...မင်းတကယ်အဆင်ပြေရဲ့လား။ အဲ့ဒီကောင်းကင်ကိုးဆင့်က လာတဲ့ အလင်းတန်းကြောင့် မင်းဒီလိုဖြစ်သွားတာလား"

"ကောင်းကင်ကိုးဆင့်ကလာတဲ့ အလင်းတန်း"

ကျန်းရီသည် နားမလည်စွာ ရေရွတ်လိုက်သည်။ ကြယ်သုံးလုံး၏ အသွင်ပြောင်းမှုသည် ကောင်းကင်ကြယ်များ၏ စွမ်းအားကို လှုံ့ဆော်နိုင်မှန်း သူလုံးဝ မသိခဲ့ချေ။ လူစု၏စကားကို နားထောင်ပြီးနောက် သူတစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်။ ကြယ်စက်လုံးများ အသွင်ပြောင်းသည့် အချိန်တိုင်းတွင် ထူးဆန်းသည့် စွမ်းအင်တစ်မျိုးက အမှန်တကယ် အကူအညီ ပေးခဲ့သည်။

"ပြန်ကြတော့...ငါတကယ် အဆင်ပြေတယ်။ ငါတွေးစရာလေးတွေရှိလို့ အချိန်နည်းနည်း လိုနေရုံပဲ"

ကျန်းရီ အတင်းတောင်းဆိုသောအခါမှ လူစုသည် အခန်းအသီးသီးသို့ ပြန်သွားကြသည်။ စုလောရွှယ်သာလျှင် ရပ်၍ကျန်ခဲ့သည်။ သူမသည် သူ့အားမျက်လုံးနီနီများနှင့် ကြည့်နေခဲ့ပြီး ထွက်သွားရန် ခေါင်းမာနေခဲ့သည်။ ကျန်းရီပြန်စိုက်ကြည့်လိုက်သောအခါမှ နှုတ်ခမ်းကိုက်၍ ထွက်သွားခဲ့သည်။

"ငါ ကောင်းကင်ကျောက်တုံးတွေ သုံးတာများသွားလို့ တစ်ခုခု မှားသွားခဲ့ပြီ"

ကျန်းရီသည် သက်ပြင်းချလိုက်သည်။ သူသည် ထူးဆန်းသည့် ကောင်းကင်အလင်းတန်းကို မတွေးနိုင်သေးဘဲ ဒန်တျန်း၏ ပြဿနာကို အရင်တွေးရသည်။ အဝါရောင်အတွင်းအားသည် ဒန်တျန်းထဲမှ ထွက်လာသည်နှင့် ထိန်းချုပ်မှုလွတ်ထွက်သွားကာ သူ့သွေးကြောများကို ဖျက်စီးပစ်ခဲ့သည်။ အခြေအနေမှာ အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံးကို ရင်ဝယ်ပိုက်ထားရသည်နှင့် ပမာတူသည်။ သူ့ရန်သူများနှင့် တိုက်ခိုက်နေချိန်တွင် ထိုအတွင်းအားသာ ရုတ်တရက်ထဖောက်ပါက သူသေပြီဖြစ်သည်။

"ခန္ဓာကိုယ်က ရေသောက်မြစ်၊ အတွင်းအားက ရင်းမြစ်၊ စိတ်ဝိဉာဉ်က အခြေခံ"

ကျန်းရီသည် ကြယ်တံခွန်ကျွန်း၏ စာကြည့်တိုက်ထဲတွင် တွေ့ခဲ့ရသော လျှို့ဝှက်မှတ်တမ်းတစ်ခုကို သတိရသွားခဲ့သည်။ ထိုစာအုပ်သည် ရွှေယွဲ့လျန်မျှော်စင်မှ စီနီယာတစ်ယောက် ချန်ထားခဲ့သည့် ကျင့်ကြံခြင်း၏ အနှစ်သာရများဖြစ်သည်။ ထိုစဉ်က သူနားမလည်ခဲ့ပေ။ ယခု ပြန်စဉ်းစားကြည့်သော် နတ်ဆိုးဧကရီ၊ ရွှေယို့လန်နှင့် ကျူးကော့ချမ်ယွမ်တို့ သူ့အား ကောင်းကင်ကျောက်တုံးများ မသုံးစွဲရန် တားမြစ်ခဲ့သည့် အကြောင်းအရင်းကို သူနားလည်သွားခဲ့ပြီဖြစ်သည်။

ကောင်းကင်ကျောက်တုံးများကိုသုံး၍ ကျင့်ကြံခြင်းသည် လူတစ်ဦး၏ အတွင်းအားကို အချိန်တိုအတွင်း အလွန်မြင့်မားသည့်အဆင့်ရောက်အောင် တိုးမြှင့်ပေးနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ အင်အားကြီးအဖွဲ့အစည်းများသည် သိုင်းသမားများအား ကောင်းကင်ကျောက်တုံးများနှင့် ကျင့်ကြံပေးကြသည်။ ဥပမာအားဖြင့် မိုးပြာနဂါးအင်ပါယာနှင့် အခြားသော တော်ဝင်မိသားစုများသည် ကောင်းကင်ကျောက်တုံးများ တူးဖော်ကြပြီး သိုင်းသမားများကို တိတ်တဆိတ် လက်သပ်မွေးမြူကြသည်။

နတ်ဆိုးဧကရီ ပါဝင်ခဲ့သော ကြယ်ကောင်းကင်မြို့မှ တိုက်ပွဲတွင် မိုးပြာနဂါးအင်ပါယာမှ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် အယောက်တစ်သောင်းခန့် ထွက်ပေါ်လာခဲ့သည်။ ထိုသူတို့မှာ မိုးပြာနဂါးအင်ပါယာ တော်ဝင်မိသားစုမှ တိတ်တဆိတ် လေ့ကျင့်ပေးထားကြသူများဖြစ်သည်။ ထိုအထဲတွင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် အယောက်တစ်ထောင်ခန့် ပါဝင်သော်လည်း ထိုအယောက်တစ်ထောင်တွင် မည်သူမှ ဗာဂျရာအဆင့်သို့ မရောက်ခဲ့ကြပေ။

ခန္ဓာကိုယ်က ရေသောက်မြစ်၊ အတွင်းအားက ရင်းမြစ်၊ စိတ်ဝိဉာဉ်က အခြေခံ...

လူ့ခန္ဓာကိုယ်သည် အလွန်အံ့ဖွယ်ရာကောင်းလှသည်။ လူ့ခန္ဓာသည် အရာအားလုံး၏ အသက်ဝိဉာဉ်ဖြစ်သည်။ လူ့ခန္ဓာကိုယ်သေးသေးလေးသည် မရေမတွက်နိုင်သော စွမ်းအင်ပမာဏကို သယ်ဆောင်နိုင်သည်၊ ကျောက်တုံးများကိုဖြိုခွဲနိုင်သည်၊ တောင်တစ်လုံးကိုရွှေ့၍ ပင်လယ်ထဲပစ်ချနိုင်သည်။

နတ်ဆိုးသားရဲများသည် ဧကရာဇ်အဆင့်သို့ရောက်ပြီးနောက် အဘယ်ကြောင့် လူသားအသွင်သို့ ပြောင်းနိုင်သနည်း။ အကြောင်းအရင်းမှာ လူသားခန္ဓာကိုယ်သည် ကျင့်ကြံရန်အတွက် အသင့်တော်ဆုံးဖြစ်သည့်အတွက် ဖြစ်သည်။

ကျန်းရီသည် ရွှေယွဲ့လျန်မျှော်စင်၏ စီနီယာတစ်ဦးချန်ရစ်ခဲ့သော မှတ်တမ်းမှ စာပိုဒ်တစ်ခုကို မှတ်မိခဲ့သည်။

'လူသားခန္ဓာက သဘာဝရဲ့ ဖန်တီးမှုပဲ။ လူသားခန္ဓာက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်ပြီး အတွင်းအားအဖြစ် ပြောင်းလဲနိုင်တယ်။  အဲ့ဒီအတွင်းအားတွေက လူ့ခန္ဓာကိုယ်ရဲ့ သွေးကြောတွေအတိုင်း လှည့်ပတ်စီးဆင်းပြီးတော့ နောက်ဆုံးမှာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေအဖြစ် ပြောင်းလဲသွားတယ်'

တာအိုသည် လောက၏ အစွမ်းထက်ဆုံး စည်းမျဉ်းဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေပြင်ကြားရှိ ဆန်းကြယ်သည့် တည်ရှိမှုအသင်္ချေ၏ အနှစ်သာရလည်းဖြစ်သည်။ တာအိုကို နားလည်ရန်အတွက် လူ့ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံကို နားလည်ရန် မဖြစ်မနေလိုအပ်သည်။

ခန္ဓာကိုယ်၊ အတွင်းအားနှင့် စိတ်ဝိဉာဉ်တို့သည် လူသားခန္ဓာဖွဲ့စည်းပုံ၏ အခြေခံများဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီတိုင်းသည် အရေးကြီးပြီး ၎င်းတို့သည် ယှဉ်တွဲ၍ အဆင့်တူတစ်ခုတွင် တည်ရှိကြသည်။ ထိုအထဲမှ တစ်စုံတစ်ရာ မှားယွင်းသွားသည်နှင့် လူ့ခန္ဓာဖွဲ့စည်းပုံတွင် ကြီးလေးသည့်ပြဿနာများ ရှိလာနိုင်သည်။

ယခု ကျန်းရီ၏ အတွင်းအားတွင် အမှားဖြစ်လာခဲ့ပြီဖြစ်သည်။

သူသည် ပြင်ပစွမ်းအင် အကူအညီနှင့် အတွင်းအားပမာဏကို အလျင်စလို မြှင့်တင်ခဲ့သည်။ သို့သော် အတွင်းအား တိုးမြင့်လာသော်လည်း သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ်၏ စွမ်းအားမှာ မတိုးတက်ခဲ့ပေ။ အလွယ်ပြောရလျှင် သူ့ခန္ဓာကိုယ်ကို ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားတို့ဖြင့် သန့်စင်ပျိုးထောင်ခြင်း မပြုရသေးပေ။

တစ်နည်းအားဖြင့် သူ့အတွင်းအားသည် သူ့ခန္ဓာကိုယ်၊ စိတ်ဝိဉာဉ်တို့နှင့် တန်းတူမရှိတော့ပေ။ အခြေခံအုတ်မြစ် သုံးခုထဲမှ တစ်ခုသည် အလွန်အင်အားကြီးလာသည့်အတွက် ခန္ဓာကိုယ်ဖွဲ့စည်းပုံအား ထိခိုက်သွားခဲ့သည်။ ထို့ကြောင့်အဝါရောင်အတွင်းအားကို ကျန်းရီ မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်သည်။

"လူကြီးတွေရဲ့ စကားကို နားမထောင်ရင် ဒုက္ခရောက်လိမ့်မယ်ဆိုတဲ့ စကား တော်တော်မှန်တာပဲ။ ငါအခု ဘာလုပ်ရမလဲ"

ကျန်းရီ ခေါင်းကိုက်လာခဲ့သည်။ ကောင်းကင်ကျောက်တုံးများကို ဆက်လက်အသုံးပြု၍ ကျန်ကြယ်စက်လုံးများကို အသွင်ပြောင်းပစ်မည်ဟု ယခင်က သူတွေးခဲ့သည်။ ပြန်တွေးကြည့်လျှင် သူတော်တော် အရူးထခဲ့ခြင်းဖြစ်သည်။ သူသာ ကောင်းကင်ကျောက်တုံးများကိုသုံး၍ ဆက်လက်ကျင့်ကြံမိလျှင် သူ့ကိုယ်မှာ တစ်စစီ ပေါက်ကွဲသွားလောက်သည်။

ထို့ကြောင့် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းမရှာနိုင်လျှင် သူ့အတွင်းအားကျင့်ကြံဆင့်မှာ မြင့်တက်နိုင်တော့မည်မဟုတ်။ တစ်နည်းအားဖြင့် သူ့အနာဂတ်သည် အမှန်တကယ် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုသည်မှာ အနာဂတ်သာ ဖြစ်သည်။ ကျန်းရီ သိပ်ဂရုမစိုက်ပေ။ သူစိတ်ပူသည့် အဓိကအရာမှာ လက်ရှိပြဿနာဖြစ်သည်။ တတိယကြယ်စက်လုံးအတွင်းရှိ အတွင်းအား၏ အနည်းငယ် လှုပ်ရှားမှုလေးကပင် သူ့အား ကံဆိုးမိုးမှောင် ကျသွားစေနိုင်သည်။ ဤပြဿနာကို သူသေချာမဖြေရှင်းနိုင်လျှင် အဝါရောင်အတွင်းအားသည် သူ့အသက်အား အချိန်မရွေး နှုတ်ယူနိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံး အမြဲဖြစ်နေလိမ့်မည်။

"တခြားနည်းလမ်း မရှိတော့ဘူး။ ဆေးပင်တစ်ချို့ရှာပြီး ငါ့ခန္ဓာကိုယ်ကြံခိုင်မှုကို အရင်မြှင့်တင်ပြီးမှ အခြေအနေကို ကြည့်ရမယ်"

မျှော်လင့်ချက်မဲ့နေသော အချိန်တွင် တတ်နိုင်သမျှကိုသာ လုပ်ရမည်။ ကျန်းရီသည် ရွေးချယ်စရာမရှိဘဲ ခန္ဓာကိုယ်နှင့်သွေးကြောများ သန်မာလာအောင်သာ အရင်လုပ်ရတော့သည်။ သို့မှသာ တတိယကြယ်အတွင်းမှ အားပြင်းသော အတွင်းအားကို ထိန်းနိုင်ပေလိမ့်မည်။

ကျန်းရီသည် လိုအပ်သည်တို့ကို စဉ်းစားလိုက်ပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။ နောက်နှစ်ရက်အကြာတွင် သူအတော်လေး ပြန်ကောင်းသွားပြီဖြစ်ရာ စုလောရွှယ်နှင့် ချမ်ဝမ်ကွမ်အားတွေ့၍ ခန္ဓာကိုယ်ကို သန်မာစေသည့် ဆေးပင်များ ရှာပေးရန် ညွှန်ကြားလိုက်သည်။ သူ့တွင် ကောင်ကင်ကျောက်တုံး အမြောက်အများ ရှိနေလေရာ ဆေးပင်များ ဝယ်ယူရန် တတ်နိုင်လေသည်။

ဈေးကွက်တွင် ရှိနေသည့် ခန္ဓာကိုယ် ကြံံခိုင်စေနိုင်သော ဆေးပင်ဟူသမျှသည် ဝယ်ယူခံရပြီး ရှားယွိမြို့ထံသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။ နောက်ကွယ်တွင် ချမ်ဝမ်ကွမ် ရှိနေလေရာ လူအများစုမှာ ဆေးပင်များ ရောက်ရှိသွားမည့် နေရာကို ရှာတွေ့ကြမည်မဟုတ်ပေ။

ကျန်းရီသည် ထပ်မံ၍ တံခါးပိတ်ကျင့်ကြံခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ဆေးပင်များ၏ စွမ်းအင်ကိုသာ သူစုပ်ယူခဲ့သည်။ တကယ်တမ်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်စေရန် ဆေးပင်များကို မှီခိုခြင်းမှာ ကောင်းကင်ကျောက်တုံးများကို အသုံးပြု၍ အတွင်းအားကို မြှင့်တင်ခြင်းမှာ မခြားနားမှန်း သူကောင်းကောင်းကြီးသိနေသည်။

အတိုင်းထက်အလွန် ဖြစ်လာလျှင် ဘယ်အရာမှ မကောင်းပေ။ လိုအပ်သည်ထက် ပိုမိုသွားသော အရာတိုင်းသည် ဘေးထွက်ဆိုးကျိုးတု့ိကိုသာ ဖြစ်လာစေနိုင်သည်။

သို့သော် ဤအခြေအနေတွင် သူဘာလုပ်နိုင်မည်နည်း။ သူ့ဒန်တျန်းအတွင်းမှ ကြယ်သဏ္ဍာန်စက်လုံးများနှင့် သူကျင့်ကြံနေသော ကျင့်စဉ်သည် သမိုင်းတွင် တစ်ခါမှ မရှိခဲ့သည့် အရာများဖြစ်သည်။ စမ်းသပ်မှုနှင့် မှားယွင်းမှုများမှ တစ်ဆင့်သာ သူသင်ယူနိုင်သည်။ သူ့လက်ရှိအခြေအနေနှင့် ပတ်သက်၍ အကူအညီတောင်းနိုင်မည့်သူ တစ်ယောက်မှမရှိပေ။

တစ်လအတွင်း သူသန့်စင်စုပ်ယူခဲ့သည့် ဆေးပင်အရေအတွက်နှင့် သူစားခဲ့သည့် အဆင့်မြင့် ဆေးလုံးအရေအတွက်ကို ကျန်းရီကိုယ်တိုင်ပင် မမှတ်မိတော့ချေ။ အချိန်တိုအတွင်း၌ သူ့ခန္ဓာကိုယ် သန်စွမ်းလာခဲ့သည်။

သူ့ခန္ဓာကိုယ်သည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တစ်ဦး၏ အနေအထားသို့ ရောက်သွားသောအခါမှ သူစိတ်အေးနိုင်သည်။ တတိယကြယ်အတွင်းမှ အဝါရောင် အတွင်းအားကို သူထိန်းချုပ်နိုင်သွားခဲ့ပြီဖြစ်သည်။ သူ့သွေးကြောများသည်လည်း အတွင်းအား၏ သက်ရောက်မှုဒဏ်ကို ခံနိုင်သွားခဲ့ချေပြီ။

သူ့အနာဂတ်သူ ဖျက်စီးခြင်းတဲ့...

ကျန်းရီ နောင်တ မရပါချေ။ သူဘာဆက်လုပ်ရမည်ကိုသာ သူစိတ်ပူမိသည်။

အတွင်းအား၏ စွမ်းအင်သည် အကန့်အသတ် ရှိသည်။ သူဉာဏ်အလင်းရထားသော အလယ်အလတ်အဆင့်တာအို တိုက်ကွက်မှာလည်း ဗာဂျရာပဉ္စမအဆင့်ခန့်နှင့်သာ နှိုင်းယှဉ်နိုင်သည်။ သူ့စွမ်းရည်ကို မြှင့်တင်ရန် အခြားနည်းလမ်းများ သူရှာရမည်။ မဟုတ်ပါက ဗာဂျရာအမြင့်ဆုံးအဆင့်သို့ ရောက်နေသည့် လင်းဂိုဏ်း၏ ဘိုးဘေးကြီးပါဝင်သော ဗာဂျရာအဆင့် လူတစ်အုပ်နှင့် သူမည်သို့ တိုက်ခိုက်နိုင်မည်နည်း။

တာအိုဖြင့် တိုက်ခိုက်ရမည်လော။

အဆင့်မြင့်တာအိုများကို သူနားမလည်နိုင်လျှင် ထိုနည်းလမ်းမှာ လုံးဝ မဖြစ်နိုင်ပေ။

ကောင်းကင်ဖျက်မီး...

အချိန်တိုအတွင်း ကောင်းကင်ကိုးဆင့် နဂါးမီးလျှံထက် ပိုမိုအားကောင်းသည့် မီးလျှံများကို သူထုတ်ဖော်နိုင်လိမ့်မည်မဟုတ်။ အခြားမှော်ပညာတို့မှာမူ ပို၍ပင် အားကိုးမရနိုင်ပေ။

ကောင်းကင်ဖျက်မီးကျင့်စဉ်အကြောင်းကို တွေးနေရင်းမှ ကျန်းရီမျက်လုံးများ ဝင်းလက်လာခဲ့သည်။ တစ်စုံတစ်ခုကို သူတီးတိုးရေရွတ်လိုက်မိသည်။

"မီးလျှံတွေ...ဟုတ်သားပဲ။ မီးလျှံထုတ်ဖော်တာကို တခြားတစ်ဆင့်ရောက်သွားအောင် ငါကြိုးစားကြည့်လို့ရတယ်။ ကျင်းရှန်နိုင်ငံရဲ့ ဝိဉာဉ်ပျောက်တောင်ကြားမှာ အရမ်းအားကောင်းတဲ့ တမလွန်လောကရဲ့ တစ္ဆေမီးလျှံဆိုတာ ရှိတယ်မဟုတ်လား။ မီးလျှံစုပ်ယူတဲ့ နည်းလမ်းကို ငါသေချာနားလည်ပြီး တမလွန်လောကရဲ့ တစ္ဆေမီးလျှံနဲ့ ကျင့်ကြံနိုင်မယ်ဆိုရင်...အဲ့ဒီဗာဂျရာအဆင့်လူတစ်အုပ်ကို ငါမီးနဲ့ရှို့လို့ ရလောက်တယ်"

***

All Chapters